Final (Unicode)

Background color
Font
Font size
Line height

"လွမ်း...~~"

ကျွန်တော်လှည့်ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ချစ်ရပါသော စေ။ အဆင်ပြေပါသည်ဟုဆိုနေသည့်ကြားက စိတ်ပူစွာရောက်ရှိလာပါသောသူ။ ကျွန်တော့်အတွက် ဆိုပါလျှင် အေးစက်စက် စေ သည်ကား အငွေ့ပျံသွားသည့်နှယ် ပြောင်းလဲသွားတတ်သူ။

ကျွန်တော် ငေးကြည့်နေဆဲမှာပင် ပြင်ဆင်ထားသည့်ကျွန်တော့်ဆံပင်အား မထိရက်စွာ သပ်တင်ပေးလိုက်ရင်း...

"အဆင်ပြေရဲ့လား..."

"အဆင်ပြေပါတယ်..။ စိတ်မပူပါနဲ့လို့ပြောထားသားပဲ..."

"ကိုယ်သိပေမယ့် ပူနေတဲ့စိတ်ကိုတော့ ကိုယ်ထိန်းမရဘူးလေကွာ..."

"ကဲပါ။ အားလုံးအဆင်ပြေသွားမှာပါ။ မြန်မြန်အဆုံးသတ်လိုက်ပြီး ခန့်တို့ ပြပွဲဆီ လိုက်သွားရအောင်.."

"အင်း...."

"ကဲ..၊ ကျွန်တော် လုပ်နိုင်ပါတယ်။ မယုံဘူးလား..."

"ယုံတာပေါ့..."

ယုံပါသည်ဟုဆိုသော်လည်း ကျွန်တော့်အား စိတ်ပူစွာ ကြည့်နေဆဲဖြစ်သည်ကြောင့် ထိုင်နေသည့်ခုံပေါ်မှ ဆင်းလိုက်ရင်း စေ အား အသာဖက်လိုက်မိသည်။

"စိတ်မပူပါနဲ့...။ အားလုံးပြီးဆုံးသွားတော့မှာပါ။ စေ ရဲ့ဘေးကနေ ထွက်ခွါသွားတာမျိုး လုံးဝမရှိစေရပါဘူး..."

ထိုအခါမှ သက်ပြင်းချလိုက်သံနှင့်အတူ ကျွန်တော့်အား ပြန်လည်ပွေ့ဖက်လာ၏။

"သွားရအောင်..."

"အင်း..."

ယနေ့ ကျွန်တော် သတင်းစာရှင်းလင်းပွဲလုပ်ရန်စီစဥ်ထားသည်။ အကြောင်းသည်ကား အနုပညာအလုပ်များမှ ရပ်နားတော့မည်ဖြစ်ကြောင်း အသိပေးခြင်းပင်...

အဓိကအကြောင်းရင်းသည်ကား အနုပညာလောကအတွင်း သိုသိုသိပ်သိပ်မနေလိုခြင်းကြောင့်ဆိုလျှင်ပိုမှန်လိမ့်မည်။

ကျွန်တော် စေ ၏အနားတွင်သာ အေးအေးလူလူနေချင်တော့သည်လေ..။ ကျွန်တော် စေ နှင့်ထပ်မခွဲလိုတော့ပါ။

သို့သော် Ent တွင်တော့ ဆက်လက်လုပ်ကိုင်ပေးဖြစ်လိမ့်မည်။

ကျွန်တော် စင်ပေါ်တက်သွားတော့ ကင်မရာမီးပေါင်းများစွာ တဖျတ်ဖျတ်လက်သွားကြပြီး သတင်းထောက်များက မေးခွန်းများမေးရန် တာဆူနေကြ၏။

ကျွန်တော် နေရာတကျထိုင်၍အပြီး မေးခွန်းများမေးရန် ခွင့်ပြုလိုက်ချိန်တွင်မူ မေးခွန်းများ အလုအယက်မေးလာကြတော့သည်။

**ရုတ်တရက်ကြီး အနုပညာအလုပ်တွေရပ်တော့မယ်ဆိုတာ ဘာကိုဆိုလိုတာလဲခင်ဗျ..**

**ရပ်နားရတဲ့ အကြောင်းအရင်းလေးများသိခွင့်ရှိမလား...**

**ဝမ်းနည်းနေတဲ့ fan လေးတွေကို ဘယ်လိုဖြေရှင်းချက်မျိုးပေးပါမလဲ ခင်ဗျ**

"ပထမဆုံး ကျွန်တော့်ရဲ့ Fan လေးတွေကို တောင်းပန်ချင်ပါတယ်။ အခုအချိန်အထိ ကျွန်တော့်ကိုချစ်ခင်ပေးပြီး အားပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

ရပ်နားရတဲ့အကြောင်းအရင်းကတော့ ကျွန်တော် အေးအေးလူလူ အနားယူချင်ပြီမလို့ပါ။ အနုပညာသက်တမ်း ခြောက်နှစ် နီးပါးအတွင်း ကျွန်တော်ကြိုးစားနိုင်သမျှ ကြိုးစားခဲ့ပြီးပါပြီ။

အခုအချိန်မှာတော့ ကျွန်တော့် ဘဝအတွက် အချိန်ပေးချင်ပြီမလို့ပါ။

အနုပညာအလုပ်တွေရပ်နားပြီဆိုပေမယ့် Ent မှာတော့ managing director အဖြစ်ဆက်ရှိနေမှာပါ...

Fan လေးတွေဆီကလုံးဝပျောက်ကွယ်သွားတာမဟုတ်လို့ အရမ်းဝမ်းမနည်းကြပါနဲ့လို့။ ကျွန်တော့်သံစဥ်တွေရဲ့နောက်မှာ ကျွန်တော်ရှိတာမလို့ fan လေးတွေနဲ့အတူ ဆက်ရှိနေမှာပါ..."

*အခုရပ်နားရတဲ့အကြောင်းအရင်းက Ent နဲ့အဆင်မပြေလို့ဆိုတာ မှန်ပါသလားခင်ဗျ..*

"အာ.. မဟုတ်ပါဘူး..။ သတင်းအမှားတွေပါ။ ကျွန်တော်ပြောခဲ့သလိုပဲ Ent မှာ managing director အဖြစ် ဆက်ရှိနေမှာပါ..."

*ဒါဆို နှုတ်ဆက်တဲ့အနေနဲ့ ဖန်တီးခဲ့ဖူးတဲ့ သံစဥ်တွေထဲက အလှအပဆုံး သံစဥ်တစ်ပုဒ်ကို ရွေးပေးခဲ့ရရင် ဘယ်ဟာကိုရွေးပေးခဲ့မလဲ.."

"အင်း...  Smooth of Kind ပေါ့။ ကျွန်တော် ဖန်တီးခဲ့သမျှထဲမှာ အနွေးထွေးဆုံးနဲ့ အလှပဆုံးလို့ မြင်မိပါတယ်.."

*အခုတလော royal company ဥက္ကဌ နဲ့ပုံတွေ တက်နေတဲ့အပေါ်ကိုရော ဘယ်လိုဖြေရှင်းချင်ပါသလဲ..*

*နှစ်ယောက်က ဘယ်လိုဆက်ဆံရေးမျိုးလဲဆိုတာ သိပါရစေ..*

*အခု social media တွေမှာပြောနေကြတာတွေက အမှန်တွေပဲလား...*

နောက်တစ်ကြိမ်ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရပြန်ပါပြီ။ သို့သော်  ဒီတစ်ခါတော့ ကျွန်တော်ပိုင်ဆိုင်သမျှအားလုံးရင်းကာ ရင်ဆိုင်သွားမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်သည်။

သို့ပေသိ စိတ်ပူမိသည်ကား စေ...

Company ဥက္ကဌတစ်ယောက်အနေနှင့် ဤအခြေအနေက စေ ကိုထိခိုက်သွားစေနိုင်သည် မဟုတ်လား...

ငါ ဘယ်လိုပြန်ဖြေရှင်းသင့်သလဲ...

ကျွန်တော် စင်အောက်တွင် စိတ်ပူစွာ စောင့်ကြည့်နေပါသော စေ အား နွမ်းလျစွာ ကြည့်မိသည်။

ငါ ဘာလုပ်သင့်လဲ စေ...

စေ သည်ကား အပြုံးနုနုပြုံးရင်း ခေါင်းငြိမ့်ပြ၏။ သဘောသည်ကား ဝန်ခံစေလိုခြင်း...

ဒါပေမယ့် စေ.. ဒီကိစ္စက မင်းကို...

ကျွန်တော်ကြည့်နေဆဲပင် နှုတ်ခမ်းလေးလှုပ်ရုံဖြင့် ပြောလာသည်ကား...

••ကိုယ့်ကို ယုံ...••

နှုတ်ခမ်းလေးလှုပ်ရုံ ပြောလာသော်လည်း စေပြောသည်အား အတိအကျသိလိုက်၏။

ကောင်းပြီ စေ...။ မင်း​ ကိုငါ အကြွင်းမဲ့ယုံတယ်...

ကျွန်တော် စေ အား ကြည်နူးစွာ ပြုံးပြလိုက်သည်။ ထို့နောက် သတင်းထောက်များဘက်သို့လှည့်လိုက်ကာ...

"အားလုံး အမှန်တွေပါပဲ .."

ထိုအခါ ရှင်းလင်းပွဲလုပ်နေသည့်ခန်းမကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ တစ်ယောက်တစ်ပေါက်ပြောဆိုသံများဆူညံလာကာ Laptop များဖြင့် အသည်းအသန် သတင်းရေးတင်ကြ၏။

ကံကြမ္မာနတ်သမီးရေ.. ဒီတစ်ခါရော ခင်ဗျား ဘယ်လို ကံကြမ္မာရေးမလဲ သိချင်မိတယ်...

*ဘယ်အချိန်ကတည်းက စတွဲခဲ့တာပါလဲ..*

*ပရိတ်သတ်တွေအပေါ် လျှို့ဝှက်ခဲ့တာလား...*

*ဒီအခြေအနေအတွက် ဘယ်လိုဖြေရှင်းချက်ပေးချင်ပါသလဲ..*

"အမှန်အတိုင်းပြောရရင် fan တွေအပေါ်လျှို့ဝှက်ထားခဲ့တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ ကျွန်တော့်ကို ပိုင်ဆိုင်ခဲ့တာ သိပ်မကြာသေးလို့ပါ...

နောက်ပြီး လူတစ်ယောက်ကို တစ်ယောက်ချစ်မြတ်နိုးတာဟာ အပြစ်မဟုတ်တဲ့အတွက် ဘာမှဖြေရှင်းစရာမရှိပါဘူး.."

ထိုအခိုက် ခန်းမကြီးတစ်ခုလုံး ခေတ္တမျှ ငြိမ်သက်သွားခဲ့၏။

// အချိန်ပြည့်တော့မှာမလို့ မြန်မြန်လေးမေးစေချင်ပါတယ် ခင်ဗျာ..//

ဘေးမှ စီစဥ်သူကလောဆော်လိုက်တော့ နောက်တစ်ဖန် အလုအယက်မေးလာကြ၏။

*ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးနိုင်မလား..*

*ဥက္ကဌ မင်းစေရာက သူနှစ်သက်တဲ့သူက ယောကျ်ားလေးလို့ ကြေငြာထားပြီးဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအချိန်ကတည်းက တွဲခဲ့ကြတာလား..*

*အစောကဖြေသွားတုန်းက တွဲတာမကြာသေးဘူးလို့သိရပါတယ်။ ဘယ်လိုဖြစ်တာလဲ ခင်ဗျ...*

ကျွန်တော် အံ့သြသွားမိသည်။ စေ က အစောကြီးကတည်းက အသိပေးထားပြီးသားတဲ့လား...

ကျွန်တော် တအံ့တသြကြည့်လိုက်မိတော့ ကြည်နူးစွာ ပြုံးပြနေသော စေ...

မင်း အားလုံး စီစဥ်ထားခဲ့ပြီးသားပဲ စေ...

"ဒီကိစ္စက ပြောရရင် အရှည်ကြီးပါ။ အရှင်းဆုံးပြောရရင်တော့ ကျွန်တော် ဖြေခဲ့သလိုပဲ အကြောင်းအမျိုးမျိုးကြောင့် သူကျွန်တော့်ကို ပိုင်ဆိုင်ခွင့်ရတာ သိပ်မကြာသေးပါဘူး.."

//တောင်းပန်ပါတယ်ခင်ဗျာ..။ အချိန်ပြည့်သွားပါပြီ..//

သတိပေး စကားသံနှင့်အတူ ဘေးမှ ကောင်လေးက ကျွန်တော့်အား လာခေါ်၏။ ကျွန်တော် ခန်းမထဲမှ ထွက်သွားသည်အထိ သတင်းထောက်များက တစ်ယောက်တစ်ပေါက်ဖြင့် အလုအယက်အော်မေးနေကြဆဲဖြစ်လေသည်။

သို့ပါသော်ငြား အရာရာဖြေရှင်းနှင့်ပြီးဖြစ်သည်ကြောင့် စင်အောက်သို့သာ ဆင်းလာခဲ့လိုက်သည်။

စင်အောက်ရောက်တော့ စေ က အဆင်သင့်စောင့်ကြိုနေ၏။

"ပင်ပန်းသွားခဲ့ပြီ.."

"အင်း...။ သွားရအောင်.. ။ နောက်ကျနေလိမ့်မယ်..."

"အင်း..."

ကျွန်တော် အခုချိန်တွင် မည်သည့်သတင်းမှကြည့်မနေချင်ပါ။ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ လက်ခံကြသည်ဖြစ်စေ၊ လက်မခံကြသည်ဖြစ်စေ ၊ ကျွန်တော့် ဘဝတစ်ခုလုံး ပုံအပ်ပြီး အသက်ရှင်နေသ၍ အတူရှိနေချင်သူက စေ တစ်ယောက်တည်းဖြစ်၍သာ...

ယခုအချိန်တွင် စေ မျက်နှာကိုသာ ကြည့်ပြီး စေ စကားကိုသာ နားထောင်ချင်မိပါသည်။

"ကျွန်တော် တစ်နေရာ သွားချင်သေးတယ်.."

"ဘယ်ကိုလဲ.."

ကျွန်တော်သွားချင်ခဲ့သည့် တစ်နေရာဆိုသည်ကား ကျွန်တော့်အတွက် စေ ကိုကယ်တင်ပေးခဲ့သည့် ရဲရင့်ဆီသို့သာ...

သူ့ဆီရောက်တော့ သူ့အတွက် ဝယ်လာပေးတဲ့ ပန်းစည်းလေးကို ချပေးလိုက်ရင်း...

"နောက်ကျနေပြီမှန်းသိပေမယ့် တောင်းပန်ပါရစေ...

တောင်းပန်ပါတယ်....

အကို့အသက်ကိုစတေးပြီး ကယ်တင်ပေးခဲ့တဲ့ စေ ကို ကျွန်တော့် ဘဝကြီးနဲ့ရင်းပြီး ကာကွယ်သွားပေးပါ့မယ်။

ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုတွေကိုပဲ ခံစားစေတော့မှာမလို့ စိတ်ချလက်ချ အနားယူလိုက်ပါတော့...

တောင်းပန်ပါတယ်...
ပြီးတော့... ကျေးဇူးတင်ပါတယ်..."

လေတဖြူးဖြူးတိုက်နေ၍ စေ က အင်္ကျီထူ လာထပ်ပေး၏။

"သွားရအောင် အေးတယ်။ပြီးတော့ နောက်ကျနေလိမ့်မယ်..."

"အင်း..."

လွမ်းထွက်သွားတော့မှ...

"ကျေးဇူးတင်ပါတယ် ရဲရင့်...

မင်းက ငါ့ရဲ့ အချစ်ရဆုံး သူငယ်ချင်းကောင်းတစ်ယောက်ပါ..."

ထို့နောက်လွမ်းနောက်သို့ ခပ်မြန်မြန်လိုက်ကာ ရဲရင့်အား နှုတ်ဆက်ခဲ့လိုက်တော့သည်။

°°°°°°°°°°
ပြခန်းရှိ ရုံးခန်းတစ်ခုတွင် ခန့်နှင့် ကိုထွဋ်တို့ Laptop မှ တစ်ဆင့် လွမ်းရဲ့ live အားကြည့်နေကြ၏။

"နောက်ဆုံးတော့ ကိုရိပ်တို့ အခက်အခဲတွေပြီးဆုံးသွားခဲ့ပြီ.."

"အင်း...။ fan တွေကလည်း လက်ခံကြသားပဲ...။ အဆင်ပြေသွားပြီ.."

"အနုပညာအလုပ်နားလိုက်လို့တော့ မကျေနပ်ကြဘူး.."

"သူလည်း အေးအေးဆေးဆေးနေချင်ရှာမှာပေါ့။ ကြုံခဲ့ရတဲ့အခက်အခဲတွေက နည်းတာမှမဟုတ်ပဲ.."

"အင်း..."

"ကိုယ်တို့ရော ကြေငြာကြမလား..."

"ကျွန်တော်တို့က အထူးတလည် ကြေငြာနေစရာမှမလိုတာ.."

"ဒါပေမယ့် ဒီကလေးငယ်က ကိုယ့်အပိုင်ဖြစ်ကြောင်းကြေငြာချင်တာ.."

"ပိုပြီ.."

ကျွန်တော် ကိုထွဋ်အား မျက်စောင်းဝင့်ကာပြောတော့ ကိုထွဋ်က သဘောတကျရယ်၏။ထို့နောက် ဘေးသို့တိုးလာပြီး ကျွန်တော့်အား ထွေးပိုက်လာခဲ့သည်။

ထို့နောက် ပုခုံးလေးပေါ် မေးစေ့လေးတင်ကာ live မှ comment များအား ဆက်ဖတ်နေ၏။

ကျွန်တော်အခုထိမယုံနိုင်သေးသည်ကား ကျွန်တော် အမှန်တစ်ကယ်ပင် ချစ်ရသော ကိုထွဋ်ကို ပိုင်ဆိုင်ခဲ့ပြီတဲ့လေ...

°°°°°°°
"မ ဒီကိုလာကြည့်.."

"ဟင်.."

ဇွဲ က tablet ကိုကြည့်ကာ အသည်းအသန်ခေါ်နေ၍ ရတီသွားကြည့်လိုက်မိသည်။

"ကိုရိပ် live"

"သြော်..အဲ..၊ သတင်းထောက်တွေဘယ်လိုသိကုန်တာလဲ.."

"fan တွေကတစ်ဆင့်နေမှာပေါ့.."

"OMG ! ကိုရိပ် ဝန်ခံလိုက်ပြီ.."

"...."

live ကိုစိတ်ဝင်တစားကြည့်ရင်း စိတ်လှုပ်ရှားနေပါသော ဇွဲ နှင့် ရတီ..။ မျက်တောင်မခတ်တမ်းကြည့်နေကြပုံက ဘယ်လောက် စိတ်ပူနေကြမှန်းသိသာသည်။

"အဆင်ပြေသွားပြီ မ.."

"....."

"fan တွေ လက်ခံကြတယ်..."

"ကလေးတွေက ပျော်တောင်ပျော်နေကြသေးပါလား..."

"အဆင်ပြေသွားပြီ..."

"အင်း..."

စိတ်လှုပ်ရှားစွာပြောနေပုံက ဇွဲသည်လည်း အတော်စိတ်ပူခဲ့ဟန်တူသည်။ အခုတော့ ကိုရိပ်တို့ရဲ့ စမ်းသပ်မှုကြီးအမှန်ပင်ပြီးဆုံးသွားခဲ့လေပြီ...

ပင်ပန်းသွားပြီ ကိုရိပ်၊ အထူးသဖြင့် ကိုစေ..။ တောင့်ခံနိုင်ခဲ့ပါတယ်....

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လူကြီးတွေနဲ့ တွေ့ရအောင်..."

"ဟင်..."

"နော်..."

"ဒီကိစ္စနဲ့ ဘာမှ မပတ်သက်ဘူးလေ.."

"နော်.. မ..။ ကျွန်တော် မ ကိုစိတ်မချတော့ဘူး..။ party တွေတက်ရင် ကျွန်တော် သဝန်တိုနေရတာ ရူးတော့မလို့ပဲ.."

"ဖြစ်ရလေ.. ဇွဲ ရာ..."

"နော် မမ ။ ဒေါ်လေး တို့ကလည်း တွေ့ချင်နေပြီ.."

"ဟောတော် မြန်လိုက်တာ.."

"hee hee.."

ချွဲတတ်လွန်းသော ဇွဲအား ခေါင်းလေး အသာထုလိုက်တော့ ကျွန်မပုခုံးလေးပေါ် ခေါင်းလေးတိုးဝှေ့ရင်း ချွဲနေရှာ၏။

များသောအားဖြင့် သူလေးက အရာရာဖြည့်ဆည်းပေးနေတတ်သော်လည်း တစ်ခါတစ်ခါ အငယ်ဆိုသည့် ဥာဥ်ဆိုးလေးပေါ်လာတတ်သည်ကြောင့် ချွဲတတ်သေးသည်။

သို့ပါသော်လည်း ကျွန်မမှာမူ အနှီကောင်လေးအား ရင်နှင့်အမျှ ချစ်ရပါသည်။

°°°°°°°°°
"စိမ့်..."

"ဟင်.."

"ခန့် ရော.."

"ပြခန်းထဲမှာ ပန်းချီကားတွေ လိုက်စစ်နေတယ်.."

"ကိုစေ တို့ရောက်ပြီ.."

"ဟင် .. ဟုတ်လား..။ စိမ့် သွားပြောလိုက်မယ်.."

စိမ့် သွားပြောလိုက်တော့ ခန့် နဲ့ ကိုထွဋ်တို့က လွမ်းတို့အား လာကြိုကြသည်။ ထို့နောက် စကားတပြောပြောဖြင့် ပြခန်းထဲခေါ်သွားကြလေ၏။

စိမ့် လိုက်သွားရန် ပြင်တော့ ကိုဘုန်းကပါ ဘေးမှ အသာလိုက်လာ၏။

"စိမ့်..."

"ဟင်..."

"ကိုယ်.. စိမ့် ကိုချစ်တယ်...."

"ရှင်...."

"ကိုယ် စိမ့် ကိုချစ်တယ်။ ညီမလေး တစ်ယောက်လို မထိရက်မကိုင်ရက် ချစ်ခဲ့ပေမယ့် ကိုယ် စိတ်မချနိုင်တော့ဘူး...

စိမ့် တစ်ခြားယောကျ်ားလေးဆီ ပါသွားဖို့မပြောနဲ့ စိမ့် ကိုအကြည့်လေးနဲ့ကြည့်တာတောင် ကိုယ် သဝန်တိုတယ်...

တစ်ခြားတစ်ယောက်ဆီ ပါသွားရင်ဆိုတဲ့အတွေး​ပေါ်လာတိုင်း ကိုယ်ရူးတော့မလိုပဲ...

အရမ်း အလောတကြီး ဖြစ်နေမှန်းသိပေမယ့်..၊ စိမ့်... ၊ ကိုယ့်ကို လက်ခံပေးပါလား..."

"အရူးကြီး..."

"စိမ့်.. စိမ့် စိတ်မဆိုးပါနဲ့ကွာ..။ ကိုယ်တစ်ကယ်ပြောနေတာ..."

"စိမ့် စိတ်မဆိုးပါဘူး..."

"ဒါဆို စိမ့်ရော ကိုယ့်ကိုချစ်လား..."

"အရူးကြီးလို့ပြောလည်း မကြိုက်ဘူး..။ မချစ်ပဲနဲ့ ဒီလေါက် မျက်နှာသာပေးပါ့မလား..."

"ဒါဆို စိမ့် ကိုယ့်ကို ချစ်တယ်ပေါ့.."

"မသိဘူး..."

"စိမ့်ရာ.. ကိုယ့်ကို ရူးစေချင်လို့လား..."

ရှေ့ကနေ ခပ်သွက်သွက်လျှောက်သွားသော စိမ့်နောက်သို့အမှီလိုက်ရန် ခြေလှမ်းကိုအရှိန်မြှင့်လိုက်တုန်း ထိုကလေးမလေးက ရုတ်တရက်လှည့်လာ၏။

ရုတ်တရက်လှည့်လိုက်ခြင်းကြောင့် မျက်နှာနှစ်ခုနီးကပ်သွားစဥ် ထိုကလေးမလေးက ကျွန်တော့်ပါးအား ဖျတ်ခနဲ နမ်းလိုက်၏။ထို့နောက် လေသံတိုးတိုးလေးဖြင့် ပြောလာသည်ကား...

"ချစ်တယ်...~~"

ကျွန်တော်ကြောင်အနေဆဲမှာပင် ထိုကလေးမလေးက ပြခန်းထဲသို့ပြေးသွားရှာလေပြီ။

ကျွန်တော်သည်သာ ကိုယ့်ပါးလေးကို ကိုင်ထားမိရင်း ကျောက်ရုပ်ကြီးတစ်ခုနှယ် ကျန်ခဲ့လေ၏။

စိမ့် .. မင်း ကိုယ့်ကို ဘယ်လိုရူးအောင်ပြုစားလိုက်ရမလဲ သိပ်သိတာပဲကွာ....

°°°°°°°°

ခန့် ၏ ပန်းချီ ပြပွဲသည်ကား အောင်မြင်သည်ထက်ပိုခဲ့ပါသည်။ ပြပွဲသုံးရက်လုံး လူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့၏။ လာရောက်ကြည့်ရှုသူများတွင် ထိပ်တန်းပန်းချီဆရာများပါ ပါသည်ကြောင့် ခန့် တစ်ယောက် ဧည့်ခံနေရသည်။

လွမ်း သည်လည်း ပြခန်းတစ်လျှောက်ရှိ ပန်းချီကား တစ်ချပ်ချင်းစီတိုင်းအား သေချာစွာ ကြည့်ရှုနေမိသည်။

လှပမှု၊ နွေးထွေးမှု ၊ လွမ်းဆွတ်မှု စသည်ဖြင့် အသီးသီးသော ခံစားချက်များအား ထည့်သွင်းရေးဆွဲထားသည့် ပန်းချီကားများသည်ကား အသက်ဝင်သည်ထက် ပိုလေသည်။

"လွမ်း..."

အသံကြားသည်နှင့် ဘယ်သူလာသည်မှန်း သိလိုက်ပါပြီ။ ချစ်ရပါသော စေ...

"ကိုယ် လိုက်ရှာနေတာ..."

"ထားခဲ့တဲ့အလုပ်တွေက အဆင်ပြေရဲ့လား.."

"အင်း..."

စေ က ကျွန်တော်ကြည့်နေသည့် ပန်းချီကားအားလိုက်ကြည့်နေသည်။

"ဒါက...."

"အလွမ်း ဓာတ် တစ်ခုရတယ်မလား..."

"အင်း...."

သံရှည်ဆွဲကာ ဖြေလာသည့်အဖြေတစ်ခုနှင့်အတူ စေ မျက်နှာလေး ညှိုးကျသွားသည်။ ထို့နောက် ကျွန်တော့်အနောက်သို့ရောက်လာကာ အနောက်မှနေ၍ ကျွန်တော့်အား တင်းကြပ်စွာ သိုင်းဖက်လာခဲ့၏။

"ကိုယ် သူ့ခံစားချက်ကိုနားလည်တယ်..."

"တောင်းပန်ပါတယ်..."

ကျွန်တော်တောင်းပန်တော့ စေက ခေါင်းအသာယမ်းပြရင်း...

"ကိုယ်အပြစ်မတင်ပါဘူး..။ ကိုယ်မှားခဲဲ့တဲ့အမှားတွေပါ...

ဒါပေမယ့် ကိုယ်တစ်ကယ်လွမ်းနေခဲ့တာ...

ကိုယ့်​ရဲ့ အလွမ်းထုထည်​ကြီးကို မိုးစက်​လေး​တွေအဖြစ်​သွမ်းဖြိုးလိုက်​ခဲ့မယ်ဆိုရင်​.....
မင်းနှလုံးသား​လေး နစ်​မွန်းသွားမှာ​တောင်​စိုးရတယ်​...."

ကျွန်တော် ပြုံးမိသည်။ သိတာပေါ့။ ကျွန်တော် အတိတ်မေ့နေခဲ့တုန်းကတောင် စေ ရဲ့မျက်ဝန်းထဲက အလွမ်းတွေကို ကျွန်တော်မြင်ခဲ့သားပဲ...

"စေ..."

"ဟင်..."

"ကျွန်တော် ဖန်တီးခဲ့တဲ့ အလှပဆုံးအရာက ဘာလဲသိလား..."

"Smooth of Kind ဆို..."

"ဟင့်အင်း..."

"မဟုတ်ဘူးလား..။ interview တုန်းကဖြေခဲ့တာလေ.."

"မဟုတ်ဘူး..။ တစ်ကယ်တော့

ကျွန်​တော့်​ရဲ့ ဖန်​တီးမှု​တွေထဲက အလှပဆုံးတစ်​ခုကိုပြပါဆိုရင်​....
အဲ့တာ ခင်ဗျား​အ​ပေါ်​ပေးအပ်​ထားတဲ့ ....
ကျွန်​တော့်​ရဲ့ အချစ်​တွေပဲ​စေ..."

ထိုအခါ စေ တစ်ယောက် ကျွန်တော့်အား ဖက်ထားသော သူ၏လက်များအားပိုမို တင်းကြပ်စေလိုက်ပြီး...

"အရမ်း ချစ်တယ် လွမ်း..."

"ကျွန်တော်ရောပဲ..။ အရမ်းချစ်တယ်..."

တစ်ကယ်တော့ အချစ်စစ်မှန်ရင် စမ်းသပ်ခံရတတ်စမြဲပါ။ စမ်းသပ်မှုကိုအောင်မြင်သူတိုင်း လှပတဲ့အချစ်ကို ရရှိစမြဲပေါ့...

ကျွန်တော်တို့နှစ်ယောက်ကတော့ နွေးထွေးတဲ့အချစ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပါပြီ။

ခက်ခဲမှုတွေရဲ့အဆုံးမှာ နှစ်ယောက်လုံးရဲ့ရင်ထဲ ပဲ့တင်ထပ်လာတဲ့ ဆုံးဖြတ်ချက်တစ်ခုကတော့...

//ဘယ်တော့မှမခွဲဘူး လွမ်း..//
//ဘယ်တော့မှမခွဲဘူး စေ...//

°°°°°°°°°°°°°°
ပြီးပါပြီ..။
စစ်​မှန်​သော ချစ်​ခြင်းတို့ဖြင့်​လှပပါ​စေ...။

မြူနှင်းဖြူ ။

26.2.2020 (Sunday)


You are reading the story above: TeenFic.Net