တစ်ခါတစ်လေ လွမ်းတယ်
လွမ်းရတဲ့အထဲ နာကျင်မှုတွေမပါချင်ဘူး
ဘဝကတိုတောင်းပါတယ်...
သံသရာလမ်းကမဆုံးနိုင်ဘူး
ကျွန်မအချစ်တွေပဲ ပေးချင်တယ်...
ရုံးအတွင်း အချစ်နာနာထနေကြသော ဝင်းအောင်နှင့်မနော်ဇာအောင်တို့အတွဲရဲ့ မြင်ကွင်းကနေ သက်သာရာရစေမည့် အကြောင်းတစ်ခုပေါ်လာသည်။ အဲ့အကြောင်းကတော့ ….
ယဉ်လင်းသူနှင့် မေအောင် ဖုန်းပြောနေကြသည်…
''ကိုမေအောင် ဒီစနေနေ့ အလုပ်ပိတ်တယ်မလားဟင်''
''ဟုတ်မသူသူ ပိတ်တယ်''
''တခြားဘာကိစ္စများရှိသေးလဲ''
''ထွေထွေထူးထူးမရှိပါဘူးမသူသူ ဘာလို့လဲ''
''ဒါဆို ဟန်ကျတာပေါ့ရှင် ကျွန်မတို့ မိသားစု ဇင်းကျိုက်တောင်သွားကြမလို့လေ အဲ့တာကိုမေအောင့်ကို လိုက်စေချင်တယ်… မေမေကလည်း မောင်မေအောင်ပါရင် ကောင်းမှာပဲလို့ပြောနေရှာတယ်''
မေအောင် အားနာလို့ ဘယ်လိုငြင်းရမလဲတွေးနေတုန်း အန်တီကလဲခေါ်တယ်ဆိုတော့ သူနည်းနည်းပိုစဉ်း စားလိုက်သည်။ သူပါရင် အန်တီအတွက် အဆင်ပြေမယ်ဆိုပြီး ဆရာဝန်စိတ်ဓါတ်လေးဖြင့်
''အော်ဟုတ် ဝန်ထုတ်ဝန်ပိုးမဖြစ်ရင်လိုက်ခဲ့ပါ့မယ် ဇင်းကျိုက်တောင်က တန်းခိုးကြီးတယ်ပြောတယ် ဖူးရတာပေါ့ ခုလိုလိုက်ရဖို့ နည်းတဲ့ကံမှမဟုတ်တာ…''
''သိပ်ဟုတ်တာပေါ့ရှင် မွန်ပြည်နယ်ထဲက လူတွေတောင် ဇင်းကျိုက်တောင် လူတိုင်းမရောက်ဖူးရှင့် ခရီး ဘာမှထွေထွေထူးထူးယူစရာလုပ်စရာမလိုပါဘူး ဒါပေမယ့် စောစောလေးတော့ထရမယ်နော်''
''ရပါတယ်မသူသူ ထပါ့မယ် ပြီးမှကားပေါ်ပြန်အိပ်တာပေါ့ ဟားဟား''
''ဒါပေါ့ ဒါဆိုကျွန်မနောက်မှပြန်ဆက်မယ်နော်''
''ဟုတ်မသူသူ''
မေအောင်နှင့် ခရီးတိုလေးသွားရမှာယဉ်လေးသူအတွက် ထီဆုကြီးပေါက်သလိုပင်။ သူအရမ်းပျော်နေသည်။ စိတ်ထဲကလည်း ပျော်လိုက်တာ မောင် ရယ်ဆိုပြီး ပြောလိုက်မိလေသည်။ မေအောင်လည်း ဒီရောက်တော့ တန်ခိုးကြီးဘုရားတွေဖူးချင်မိသည်။ ကျိုက်ထီးရိုးတော့သူရောက်ဖူးသည်။ မြို့ထဲကဘုရားတွေလည်း သူအကုန်တော့မဖူးဖြစ်သေး မပြန်ခင်တော့သွားမယ်တွေးထားပြီး မရောက်ဖြစ် ပျင်းနေတာဖြစ်သည်။ ခုတော့ ဇင်းကျိုက်တောင်ကိုတက်ရမှာဆိုတော့ သူ့အတွေးမှာတော့ တန်ခိုးကြီးဘုရားမှာ သူချယ်ရီနဲ့ အမြန်ဆုံးပြန်ဆုံဖို့ဆုတောင်းရမည် ဆိုသည့်အတွေးဖြင့် သူ့စိတ်ထဲ အားတွေရှိလာသည်။
=================
ကိုလင်းနောင်ကားဆိုက်လာတော့ မေအောင် အဆောင်ထဲကနေထွက်လာသည်။ မနက် ၃ နာရီလောက်သာရှိဦးမည်….
ကားကမှန်လုံ တောင်းအိတ် လိုမျိုး ဖြစ်သည်။ ကားကို ကိုလင်းနောင်ကမောင်းပြီး သူ့အဖေက မေအောင်ကို ရှေ့ကတက်ခိုင်းလိုက်သည် နောက်ခန်းမှာတော့ ယဉ်လင်းသူနှင့် အဖေအမေ အတူတူထိုင် ကြပြီး နောက်ထဲမှာတော့ တပည့်လေး ၁ ယောက်နှင့် ကောင်မလေးတစ်ယောက်ပါလေသည်။ ယဉ်လင်းသူအမလင်မယားကတော့ ကလေး က ၅ နှစ်သားလေးမို့အိမ်မှာနေခဲ့ကြတယ်လို့ပြောလေသည်။
ကားပေါ်မှာ ယဉ်လင်းသူအဖေက မေအောင့်ကို မိဘတွေက ဘာလုပ်ကြလဲ ကျန်းမာရေးကောင်းကြလား ဆိုပြီး မိသားစုအကြောင်းများမေးလေသည်။ မေအောင်လည်း မေးသမျှကို ကောင်းမွန်စွာပြန်ဖြေပေးသည်။ ထို့နောက် ယဉ်လင်းသူအကြောင်းရောက်သွားသည်။ ယဉ်လင်းသူက စီးပွားရေးကိုနိုင်နင်းကြောင်း ချီးမွမ်း ခန်းဖွင့်ကြလေသည်။ သူ့ကိုအိမ်ထောင်ပြုဖို့လည်း တိုက်တွန်းနေရတယ် တစ်ချိန်လုံး အိမ်နဲ့ဆိုင်ကို ကြည့်ပြီး ဘယ်မှလဲမသွား ဒီအလုပ်ထဲပဲနေရင် ကြာရင်အပျိုကြီးဖြစ်မယ်ဆိုပြီးပြောကြလေသည်… ယဉ်လင်းသူက ကိုလင်းနောင်ကိုသူ အရင်ယူခိုင်းပါဆိုပြီး လမ်းကြောင်းလွဲလိုက်ရာ ကိုလင်းနောင်က အောင်မလေး လင်းနောင်ကရွေးနေတာ နင်သာ ရည်စားအရင်ထားပါဦး….ဆိုပြီး ပြန်စလိုက်ရာ အားလုံးရီကြလေသည်။
ထို့နောက်ရောက်တတ်ရာရာများ ပြောဆိုရင်း နှင့် ဇင်းကျိုက်ရှိ ယဉ်လင်းသူဖခင် ဦးလင်းရဲ့ မိတ်ဆွေအိမ် ကိုဝင်ပြီး နားကြလေသည်။ ကားပေါ်ကဆင်းတော့ ယဉ်လင်းသူနား ကိုလင်းနောင်ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်…
''မေအောင့်နောက်စိကတော်တော်လှလား''
''ဘာ…အကိုနော် ''
''ဟာ နင့်ကြည့်ရတာ နောက်စိတောင်ကြိမ်းတယ် ဝင်ရင်လဲဝင်''ဆိုပြီး သူတို့ချင်းသိသည့်အကြောင်းကိုစ လိုက်ရာ ယဉ်လင်းသူ နှုတ်ခမ်းလေးကိုက်ပြီး ကိုလင်းနောင်ကိုကြည့်ပြီး လှည့်ဝင်သွားလေသည်။ မေအောင်လည်း ယဉ်လင်းသူနှုတ်ခမ်းလေးကိုက်နေတာကိုမြင်တော့ မယဉ်လင်းသူက ဒီတိုင်းဆိုရင် ယဉ်ယဉ်လေးနဲ့ချောသား ခုလိုကျတော့လည်း အပြစ်ကင်းတဲ့ကလေးလေးကျနေတာပဲ တော်တော်ကို လှရက်တာပဲ ဆိုပြီးတွေးမိသွားလေသည်။ ယဉ်လင်းသူလည်း သူကအထဲအရင်ဝင်လာပြီး စိတ်ထဲတွင် ငါ့ကိုမေအောင့်ကို စိတ်ဝင်စားနေတာ ကိုလင်းနောင် ရိတ်မိနေတာလား သူစစနေတာ တော်တော်များနေပြီး ဒုက္ခပါပဲ ရှက်လိုက်တာ… ငါကလဲငါပဲ ကိုမေအောင့်လက်ချောင်းလေးတွေကိုလဲ ငါ့မျက်စိထဲလှနေတယ် သူ့နားသီးလေးကိုမြင်တော့လဲ မထူမပါးလေးနဲ့ ချစ်ဖို့ကောင်းတယ်ဆိုပြီးကြည့်မိတာကိုမှ မိရတယ်လို့။ သိဘူးကွယ် ရှက်တယ် ဆိုပြီး တစ်ယောက်ထဲတွေးနေရင်း မနေတတ်ဖြစ်နေသည်။
မနက်စာများအဲ့အိမ်မှာပဲစားပြီး တောင်ပေါ်မှာစားဖို့ သက်သက်လွတ် အာလူးဟင်း မျှစ်ခရမ်းသီးရုမ်းပတေသီးများနှင့် အသားတုဖြင့်ချက်ထားသည့် သီးစုံဟင်း၊ တာလဘောဟင်းအပြင် ကတက်ခြောက်ကိုမီးဖုတ်သုတ်ထားသည့်အသုပ် နှင့် တို့စရာအပြင် ခရမ်းချဉ်သီးငပိချက်တို့ထည့် ထားသည့် ထမင်းခြင်းကြီးတစ်ခြင်းကို ကိုင်ပြီး လမ်းပြတစ်ဦးနှင့်အတူတူ တောင်ခြေရွာကနေ စတက်ကြလေသည်။ အစကမေအောင်သည် လူကြီးတွေကို တက်နိုင်ပါ့မလားတွေးမိပေမယ့် သူတို့ကအေးဆေးပေဖြစ်လေသည်။ မေအောင်နှင့်ယဉ်လင်းသူက အရှေ့နောက်တက်နေတာမို့။
''မသူသူ ဦးနဲ့ အန်တီတို့က အေးဆေးပဲနော် ဒီလောက်မတ်တဲ့ ကျောက်လှေကားတွေကို သာသာယာယာပဲ''
''ဟုတ်တယ်ကိုမေအောင် သာယာဆို နှစ်တိုင်း ကျွန်မမွေးနေ့မတိုင်ခင်ဆို ဇင်းကျိုက်တောင်ဘုရားဖူးနေ ကြလေ အဲ့တော့ အကျင့်ရနေကြပြီး ကျောက်လှေကားမတ်တာက ဒီနားတင် ဟိုးအပေါ်ရောက်ရင် တောလမ်းဖြစ်သွားရော ခုလောက်မမတ်တော့ဘူး''
''ဟုတ်လား ဒါနဲ့ နှစ်တိုင်းတက်ကြတာလား''
''အင်း.. ဒါကလေဘယ်လိုပြောရမလဲ ကျွန်မ ၇ နှစ်သမီးတုန်းက အရမ်းဖျားဖူးတယ်…မသက်သာတာနဲ့ ကိုမေအောင်နဲ့စတွေ့တဲ့ ဘုန်းကြီးကျောင်းက အရင်ဆရာတော်အိုကြီးကအိမ်ကြွလာပြီးပြောတယ်…. နင်တို့ သမီး ငါ့ရောင်း ငါ့မွေးစားသမီးလုပ်ခိုင်းတဲ့ ကျွန်မက သိုက်ကလာတာတဲ့ ခု သူ့ကိုလွမ်းလို့ ပြန်ခေါ်ဖို့ လုပ်နေတယ်လို့ပြောတာပဲ အဲ့တော့ အမေက ငိုတာပေါ့ နောက်ဆုံး ဒါဆို ဇင်းကျိုက်တောင်ကို မွေးနေ့မတိုင်ခင် အမြဲတက်ပြီး ဘုရားဖူးပေးနိုင်မလားဆိုပြီး မေးတယ်တဲ့ အဲ့တာကို ကတိပေးခဲ့တော့ အဲ့ကတိအတိုင်း မွေးနေ့မတိုင်ခင်အမြဲလာတယ် ကုသိုလ်လုပ်ကြတယ် ဆုတောင်းပေးတယ် အမျှဝေတယ် ပြီးတော့ ကတိပေးတယ်ဆိုတာကလဲ ဘုရားဖူးရတာပဲလေ အဲ့တော့ အရမ်းကြီးတော့ မခက်ပါဘူး… ပြီးတော့ အမေတို့ကဘဘုန်းပြောတာကိုဘာလို့ယုံလဲဆိုတော့ ကျွန်မတို့ကလေ အစကသာမန် အလယ်အလတ်လူတန်းစားပဲ အဖေက စက်ပြင်ဆိုင်လေဖွင့်ထားတယ် ကျွန်မမွေးတော့ လမ်းလျှောက် တတ်စအရွယ်မှာ အိမ်ထဲကပြေးထွက်သွားတယ်တဲ့ အဲ့တာလိုက်ဆွဲတော့ ထီလှည်းဆီအတင်းသွား မယ်လုပ်နေတာနဲ့ ထီတစ်စောင်ပဲထိုးပေးလိုက်မှ ငြိမ်သွားတယ်တဲ့ အဲ့ထီကပေါက်သွားတယ်လေ။ အဲ့ကနေ အဖေလဲဘာလုပ်လုပ်အလုပ်တွေအဆင်ပြေ စီးပွားတက်လာခဲ့ကြတယ်တဲ့…''
အဲ့အချိန်မှာ သူတို့ပြောတာကို နားထောင်ပြီးလိုက်လာတဲ့ ယဉ်လင်းသူအမေက
'' ဟုတ်တယ်သားရေ အန်တီတို့မှာ ထီတစ်စောင်ကို အငိုတိတ်အောင်ဆိုပြီးထိုးလိုက်တာ ရွေးတောင်မရွေးလိုက်ပါဘူး…အဲ့တုန်းက ပိုက်ဆံကလဲ ပိုတယ်သိပ်မရှိတော့ ထိုးဖို့စိတ်ကူးလဲမရှိဘူး အဲ ပေါက်ပြီးနောက်ပိုင်တော့ အကုန်အဆင်ပြေသွားတာပါပဲ… ဒါပေမယ့် အမေတို့ သမီးကိုချစ်တာ ခုလို စီးပွား တက်လို့မဟုတ်ဘူး သူ့ကိုယ်ဝန်စလွယ်ကတည်းက အမေလေဘာမှာ ကသိကအောင့်မဖြစ်ဘူး အကြီးတွေတုန်းက ဒုက္ခပေးတယ်မဆိုဘူး နာချိန်နာတယ် အဲ့လိုတော့ဖြစ်တယ်… ဟော သူ့ကျတော့ မွေးမယ်ဆိုတာတောင် မွေးချင်လားမသိဘူးဆိုပြီး လက်သည်ခေါ်လိုက်တာ ဟိုကိုင်ဒီကိုင်ပဲလုပ်ရသေး တယ် အမေရေ မွေးနေပြီလားတောင်မသိဘူးဆိုပြီး သူထွက်လာတာပဲ အမလေး သက်သာလိုက်တာ မပြောပါနဲ့''
''ဒါဆို မယဉ်လင်းသူက သမီးမြတ်လေးပဲ ကြားရတာဝမ်းသာပါတယ် ထူးလဲထူးဆန်းပါ့''
''အဲ့ တာ ဘဘုန်းက ကတိကိုတည်နော်ဆိုပြီး မပျံလွန်ခင်ကထပ်မှာသွားသေးတယ် ပြီးတော့ နင့်သမီးကို ပျော်အောင်လဲထား စိတ်မညစ်စေနဲ့ သူစိတ်ညစ်ရင် ပြန်ခေါ်လိမ့်မယ် ဆိုပြီးမှာသွားသေးတယ်''
မေအောင်စိတ်ထဲ သူမကြားဖူးတော့ တမျိုးတော့ဖြစ်သွားသည်။ တကယ်ကြီးလား ဒါမှမဟုတ် မယဉ်လင်းသူကို ပျော်အောင်ထားဖို့ သွယ်ဝိုက်ပြောနေတာများလားဆိုပြီး တွေးလိုက်မိသည်။ ဘယ်လိုပဲဖြစ် ဖြစ် မေအောင်က သူ ဘယ်သူ့ကိုမျှ စိတ်ညစ်အောင် မလုပ်တာမို့ သူ့အတွေးကြီးက ကြောင်တောင် တောင်နိုင်ပါတယ်ဆိုပြီးပဲတွေးလိုက်သည်။ ယဉ်လင်းသူအမေကဆက်ပြောနေသည်….
''ခုတော့ သူပျော်နေတာပဲ မောင်မေအောင်ရယ် အမေတို့ကတော့ ဘဘုန်းပြောတာကိုယုံတယ် သမီးကလဲ လိမ္မာတော့ အားလုံးပျော်ရတာပေါ့ကွယ်… ''
ယဉ်လင်းသူအမေနဲ့ပြောနေသည့်အကြောင်းကို ယဉ်လင်းသူကလမ်းကြောင်းလွဲချင်သည်။ သူ့အကြောင်း ကြီးသူ့ရှေ့ထားပြောနေတော့မနေတတ်။ သူကိုယ်တိုင်ပြောရင်တော့တော်သေးသည်။ ဒါပေမယ့် ပြောစရာလဲမကျန်တော့တာမို့…
''ကိုမေအောင်ရေ ဘုရားသမိုင်းသိလား''
''မသိဘူးအမ မယဉ်လင်းသူရောသိလား''
''ကျွန်မသိသလောက်ကဒီလိုကိုမေအောင်ရဲ့………………………………. ''
ဘုရားသမိုင်းဖြစ်စဉ်အကျဉ်းကို ပြောပြပြီးတော့ ယဉ်လင်းသူဆက်ပြောသည်…
''ကိုမေအောင် တို့များ ကျွန်မချက်တဲ့ညစာတုန်းက အများဆုံး ၂ ပန်းကန်ပဲ ခုတော့ သက်သက်လွတ်ဟင်းတွေနဲ့ကျတော့ တော်တော်လည်းစားနိုင်ပါလား….''
''ဟုတ်တယ်ဗျ စာလို့တော်တော်ကောင်းတယ် တောင်တက်လာခဲ့လို့လားမသိဘူးနော်''
''ဘုရားတန်ခိုးပေါ့ရှင်…. ကျွန်မကတော့အဲ့လိုပဲ ထင်တယ် ရောက်မှတော့ ဘုရားသေချာဖူး ဆုတောင်းကိုမေအောင်''
''ဟုတ်ကဲ့ မသူသူ''
ခဏနားပြီး စောစောပြန်ဆင်းခဲ့ပြီး မနက်ကဝင်သည့်အိမ်မှာပဲ ညစာစားပြီး ပြန်ခဲ့ကြလေသည်။ မေအောင့်ကို အရင်ပတ်ပို့ပြီး ယဉ်လင်းသူတို့ပြန်သွားကြလေသည်။ မေအောင်လည်း ပင်ပန်းပြီးအိပ် ပျော်သွားလေသည် နောက်နေ့ ၁၁ နာရီထိုးမှထလေသည်။
မေအောင် မပြန်ခင် တစ်လလောက်အလိုမှာ ယဉ်လင်းသူနှင့် မြို့ထဲက ဘုရားများ မုန့်ဆိုင်များ တော်တော်လေး ပတ်ပြီး သွားဖြစ်ခဲ့ ထိုင်ဖြစ်ခဲ့ကြသည်။ မေအောင့်စိတ်ထဲ ယဉ်လင်းသူကို အမတစ်ယောက်လို ခင်သည် ချစ်သည် အဲ့ထက် မြတ်နိုးသည် အဖိုးတန်ပစ္စည်းလေးလို အလှကြည့်ချင်သည် မထိရက်မကိုင်ရက်လိုစိတ်မျိုးဖြစ်သည်။ တဏှာစိတ်လုံးမရှိဘဲ ပကတိဖြူစင်သည်ကို သူသိသည်။
ယဉ်လင်းသူစိတ်ကတော့ မေအောင့်ကို ချစ်သည် သို့သော် သူ့ကိုယ်သူထိန်းသိမ်းသည် မေအောင် ဖွင့်မပြောဘဲ သူဖက်က ပြောလာအောင်လည်း မမြူဆွယ်ချေ။ ဒါပေမယ့် သူဝမ်းနည်းနေတာကိုတော့ သူသိသည်။ မေအောင်ပြန်တော့မှာကိုသိနေသည်မို့လည်း သူကောင်းကောင်းစားမဝင် အိပ်မရ မိုင်ထွေငေးမောဖြစ်လာသည်။
တစ်ရက်မှာတော့ မေအောင်ကိုရောက်ဖူးအောင် ဆိုပြီး ဘီလူးကျွန်းဖက်ကို ကားလေးမောင်းပြီး ၂ ယောက်သားသွားကြသည်။ကားပေါ်တွင်…
''မသူသူ မျက်တွင်းတွေကျလို့ နဲနဲပိန်သွားသလိုပဲ နေမကောင်းဘူးထင်တယ် ကားခဏရပ်ပါလား ကျွန်တော် လက်နဲ့ သွေးခုန်နှုန်းတိုင်းကြည့်ရအောင်''
''ကောင်းပါတယ် ကိုမေအောင်ရဲ့ ညဖက်စာဖတ်ဖတ်နေလို့ ညဉ့်နက်သွားတာမို့ပါ ခုလို စိတ်ပူပေးတာကျေးဇူးတင်ပါတယ်နော်''
''ဟာ ရပါတယ် မသူသူကလဲ ဒါနဲ့ နှာစေးနေတယ်ထင်တယ် အသံပြောင်းနေတယ်''
''ဟုတ်တယ်ကိုမေအောင် ''
''ဆေးပါလား ''
''ဆေးကကုန်နေတာ ကြာပြီး ထပ်မဝယ်ရသေးဘူး''
''ခုလဲပါမလာဘူးပေါ့''
''ဟုတ်တယ်''
''ဒါဆိုရင်ကားကိုရပ်လိုက် ကျွန်တော်မောင်းမယ် အမဘေးမှာထိုင် ပြီးတော့ ကျွန်တော်ဂျာကင်လေးအပေါ်ကခြုံထား''
ဆိုပြီးကားကိုရပ်ခိုင်းပြီးနေရာခြင်းချိန်းလိုက်လေသည်။ သူတို့ဘီလူးကျွန်းမှာ ဟိုဟိုဒီဒီ ဝေးဝေးလံလံသိပ်မသွားကြဘဲ ပြန်လာခဲ့လိုက်သည်။ မြို့ရောက်ရင် ဆေးဆိုင်တန်းသွားမယ်ဆိုပြီး ယဉ်လင်းသူကိုပြောလိုက်လေသည်။ ယဉ်လင်းသူလည်း သူ့အပေါ်ဂရုစိုက်ကြင်နာတဲ့မေအောင့်ကို အရမ်းကိုချစ်မိသွားလေသည်။
သို့နှင့် အပြန်လမ်းမှာ လမ်းဘေးနားလူ တစ်ယောက်လဲနေသည်ကိုတွေ့သည်နှင့် ကားရပ်ပြီးဆင်းထူမည်အလုပ် မေအောင်ကားပေါ်ကဆင်းသည်နှင့် သစ်ပင်နောက်ကလူတစ်ယောက် ထွက်လာပြီး ခေါင်းကိုရိုက်ချလိုက်သည်…မေအောင် မူးနောက်သွားသည် သတိမလွတ်ခင် ယဉ်လင်းသူ ကိုလည်း ယောက်ကျားတစ်ယောက် အဝတ်စဖြင့် နှာခေါင်းအားပိတ်လိုက်သည် ကိုတွေ့လိုက် လေသည်။
မေအောင် တွင်းနက်ကြီးထဲကျသွားသည် သူဘယ်လောက်ကျနေသည်မသိ အောက်ခြေကို ဘုတ်ခနဲကျသွားမှ သတိရသွားသည်….
''အားကျွတ်ကျွတ်''
မေအောင် လက်ကိုလက်ပြန်ကြိုးတုတ်ထားသည်။ ခြေထောက်ရောပဲဖြစ်သည်။ ပါစပ်ကိုလဲ အဝတ်ဖြင့်စည်းထားသဖြင့်အော်မရပေ။ ယဉ်လင်းသူကို ရောပဲဖြစ်သည်။ သူတို့နှစ်ယောက် တိုက်ခန်းတစ်ခုထဲရောက်နေသည်။ ပြတင်းတွေအကုန် သံပြားတွေဖြင့် အလုံပိတ်ထားသည်။ ယဉ်လင်းသူ ကုတင်ပေါ်တွင် မေ့မြောနေသည်။ မေအောင် ပုဇွန်ခုန်ခုန်ပြီး ယဉ်လင်းသူဆီသွားပြီး ခေါင်းဖြင့်တွန်းကာ နိုးလိုက်သည်…. တော်တော်လေးကြာမှာ ယဉ်လင်းသူ လှုပ်လာသည်…..
မေအောင့်ကိုမြင်တော့ ကြောက်လန့်ပြီး မျက်ရည်များဒလဟောကျလာသည်။ မေအောင် သူ့ပါးလေး ဖြင့်ပွတ်ပြီး မကြောက်ရန်ချော့ပေးလေသည်။ ထို့နောက် ကိုယ်လုံးချင်းကပ်ထားပြီး ကြောက်ကန်ကန်နေသည့် ယဉ်လင်းသူကို စိတ်ငြိမ်အောင် သူ့ခေါင်းလေးဖြင့် လိုက်ပွတ်ပေးနေသည်။ ခဏနေတော့ ယဉ်လင်းသူလည်း မေအောင့်ကိုသူ့ကို လက်ခြေကြိုးတုတ်ခံထားရတာကြောင့် ခွေးလေးကြောင်လေးတွေလို့ခေါင်းလေးဖြင့် တိုးဝှေ့နေတာကို သနားမိလားပြီး သူစိတ်ကိုငြိမ်ထားကာ ငိုပဲ ငိုနေတော့သည်။
ထိုစဉ်တံခါးဝုန်းခနဲပွင့်လာသည်....
======
You are reading the story above: TeenFic.Net