အပိုင်း { ၃၂ }

Background color
Font
Font size
Line height

Unicode

နောက်တစ်နေ့မနက် နေစေးနဲ့ဘွားတို့အားလုံးဟာ အချိန်မရွေးတစ်ဖက်ကကျူးကျော်လာနိုင်တဲ့တိုက်ပွဲကြောင့် အားလပ်ချိန်မရှိတဲ့အထိ ဆွေးနွေးတိုင်ပင်နေကြတယ်။
နေစေးတို့စကားပြောနေတဲ့မနီးမဝေးရှိ ကွပ်ပျစ်မှာ ခွန်စိုင်းထိုင်နေပြီး သွားလာလှုပ်ရှားနေတဲ့တပ်သားတွေကိုလိုက်လံကြည့်နေသည်။ သူ့အနေနဲ့ ဘာကိုကူညီပြီးလုပ်ပေးနိုင်မလဲမသိတဲ့အပြင် ဒီမှာသူနဲ့သိကျွမ်းသူဆိုလို့ တစ်ဦးတစ်ယောက်မှမရှိတာကြောင့် ခွန်စိုင်းထိုင်နေယုံသာတတ်နိုင်သည်။

တဖက်မှာ အလုပ်လုပ်နေတဲ့ နေစေး ဟာ သူ့အလုပ်မှာသာအာရုံရှိနေသော်လည်း တစ်ဖက်မှာထိုင်နေတဲ့ ခွန်စိုင်းကိုတစ်ချက်တစ်ချက်လှမ်းကြည့်တတ်သည်။ ဒါကိုမြင်တော့ တခ်မူးဟာ နေစေးရဲ့တဖက်လူအပေါ်အကြည့်တွေကိုလိုက်စပ်စုကာ တပ်စခန်းမှာလာပြီးအချောင်ခိုတဲ့ ခွန်စိုင်းကိုပို၍အမြင်မကြည်လာပေ..တကယ်တော့ တခ်မူးက မနေ့ညက နေစေးပြောတာခံလိုက်ရတာကြောင့်သာ ကိုယ်ကိုကိုယ့်ရှက်ပြီးသူများကိုအပြစ်တင်နေခြင်းပင်။

" ကျုပ်တို့ဒီလိုပဲ စီစဥ်ကြတာပေါ့။ ကျုပ်ဒီနေ့ လုံဝမ်ကိုပြန်ပြီးစီစဥ်စရာရှိတာ စီစဥ်မယ်။ "

နေစေးက ဘွား ဖက်လှည့်ကာ..။

" ဘွား မင်းက ငြိမ်းချမ်းရေးဖထီးဆီသွားပြီးငါပြောထားသလိုစီစဥ်ခဲ့လိုက်ချည်။ "

" အေး "

ပြီးနောက် မော့ ကိုကြည့်ကာဆက်ပြောသည်။

" မော့ မင်းကဒီမှာနေခဲ့ပြီး တခ်မူးနဲ့ ဒီကအခြေအနေကိုစောင့်ကြည့်ထား။ တစ်ခုခုထူးခြားတာနဲ့ ကျုပ်တို့ဆီချက်ချင်းသတင်းပို့ "

နေစေး ပြောတော့ မော့ က သိပ်အလိုမကျပေ။ ဘာကြောင့်ဆို ပထမတစ်ခါတုန်းက ခွန်စိုင်းကိုစောင့်ရှောက်ဖို့ နေစေးပေးတဲ့တာဝန်ကိုမကျေပွန်ခဲ့တာကြောင့် စိုင်းလုံတို့နဲ့တိုက်မယ့် ဒီတိုက်ပွဲကိုတော့ မော့ ပါဝင်ချင်သည်။

" ကျုပ်ဒီတိုင်းစခန်းမှာငြိမ်မနေချင်ဘူး ဦးဆောင်သူ။ ကျုပ်ငြိမ်းချမ်းရေးဖထီးဆီသွားမယ် ဘွားကိုစခန်းမှာထားလိုက် "

မော့ ဟာ ပုံမှန်အချိန်တွေမှာသာ စစနောက်နောက်နဲ့နေတတ်ပေမယ့် သူစိတ်ဆတ်ပြီးဒေါသထွက်နေချိန်ဆိုလျှင် သူ့ရဲ့ကျွမ်းကျင်မှု့က မျက်တောင်တစ်ခတ်အတွင်းမှာပဲလူသတ်နိုင်၏။ ပြောရလျှင် နေစေးက မော့စိတ်ကိုသိနေတာကြောင့်ပင်။

နေစေး က တခ်မူးရှိနေတာကြောင့် သူတို့ရှေ့ကမြေပုံကိုသိမ်းစေပြီး ခါးထောက်ကာ။

" မော့ မင်းကျုပ်နဲ့လိုက်ခဲ့ "

ထိုသို့ပြောပြီး နေစေးထွက်သွားတော့ မော့ကနောက်ကလိုက်သွားသည်။ ဘွားက မော့နဲ့နေစေးကိုကြည့်ပြီး သူ့လူဆိုးလေးဂျစ်ကန်နေတာကိုသာစိုးရိမ်နေမိသည်။ သူတို့သူငယ်ချင်း ဦးဆောင်သူဟာ ဘယ်တော့အခါမှ အကြောင်းပြချက်မရှိပဲတစ်စုံတစ်ရာကိုမလုပ်ဘူးဆိုတာ ဘွား သိသည်လေ။

နေစေးနဲ့မော့တို့ထွက်သွားသည့်တိုင် တခ်မူးက နေစေးတို့သွားတဲ့နောက်ကိုအကဲခတ်ကြည့်နေတာကို ဘွား မြင်တာကြောင့် မျက်မှောင်ကျုံ့၍တင်းမာတဲ့မျက်နှာထားနှင့်။

" မင်းမှာလုပ်စရာတာဝန်မရှိဘူးလား တခ်မူး "

အဲ့တော့မှ တခ်မူးပြာယာခတ်သွားပြီး ခေါင်းညှိမ့်ကာထွက်သွားတော့သည်။ ဘွားက တခ်မူးရဲ့ပုံစံကိုကြည့်ရင်းသိပ်သဘောမကျပေ။

နေစေး က မော့ကိုခေါ်သွားပြီးတစ်နေရာရောက်တော့ရပ်ကာ မော့နဲ့မျက်နှာချင်းဆိုင်ရပ်၍ပြောသည်။

" မင်းအချိန်တိုင်း ကျုပ်ပေးတဲ့တာဝန်ကိုဘာလို့ငြင်းဆန်နေတာလဲ မော့ "

" အဲ့တာမင်းကို ကျုပ်မေးရမှာ။ ကူးရယ်တို့ရွာမှာပြောတော့ ကျုပ်အတွက်တာဝန်ကြီးတစ်ခုရှိတယ်ဆို အခုကျုပ်တာဝန်က ဒီနယ်စပ်စခန်းကိုစောင့်ကျပ်ဖို့လား? ဒီလိုမျိုး ဘာမှမလုပ်ရဘဲထိုင်နေရမယ့်အရာမျိုးတော့ကျုပ်မလုပ်ချင်ဘူး "

နေစေးကသူ့သူငယ်ချင်းရဲ့ စိတ်မကြည်လင်ပဲထင်ရာပြောနေခြင်းကို သက်ပြင်းချလျှက်။

" ကျုပ်မင်းကိုပေးတဲ့တာဝန်အတိုင်းမင်းနေပါ။ အခုမင်းကိုပေးထားတဲ့ တာဝန်က ကျုပ်တို့စခန်းအတွက်အကြီးမားဆုံးတာဝန်ပဲ.."

" .....ဘာကိုပြောတာလဲ? "

" ကျုပ်ပြောမယ်.... "

နေစေးက မော့ နားနားသို့တီးတိုးပြောပြီးနောက်။

" ကျုပ်နားလည်ပြီ "
.......

နေစေးနဲ့မော့တို့ပြန်ထွက်လာတဲ့အချိန် ဘွား က ခွန်စိုင်းဘေးမှာထိုင်ပြီးအကြမ်းရေသောက်နေရင်းစကားစမည်ပြောနေ၏။ မော့က ဘွား ဘေးမှာထိုင်၍ နေစေးက ခွန်စိုင်းဘေးမှာဝင်ထိုင်တော့ ခွန်စိုင်းက အလိုက်သိစွာနှင့် အကြမ်းရေငှဲ့ပေးလာသည်။

" စိုင်းဟွမ် "

" ဟင် "

မနက်ခင်းနေရောင်ခြည်ရဲ့အလင်းရောင်က သူတို့ထိုင်နေတဲ့ အပင်အောက်သို့သစ်ရွက်တွေကြားကတစ်စတစ်လေတိုးထွက်လာပြီး ခွန်စိုင်းရဲ့နူးညံ့ဖြူဖွေးလှတဲ့မျက်နှာလေးထပ်သို့ကျရောက်ပုံက နေစေးစိတ်ထဲမှာ ခွန်စိုင်းဟာပို၍တောက်ပနေသလိုခံစားရသည်။

နေစေးက ခွန်စိုင်းကိုကြည့်ပြီး တည်ငြိမ်စွာနဲ့ပင်။

" ကျုပ်ဒီနေ့ လုံဝမ်ကိုပြန်သွားဖို့ရှိတယ်။ "

" ဒီနေ့ ချက်ချင်းကြီးလား "

" ဟုတ်တယ်။ ကျုပ်အရေးပေါ်ဒီနေ့သွားမှဖြစ်မှာမို့။ စိတ်တော့မပူပါနဲ့ ကျုပ်မရှိရင်တောင် စခန်းမှာ မော့ ကျန်နေမှာရော်။ ခင်ဗျားလေး လိုအပ်တာသူ့ဆီပြောလို့ရတယ်"

ခွန်စိုင်းကခေါင်းလေးတစ်ညှိမ့်ညှိမ့်နဲ့ ဘွားဘက်ကြည့်ကာ။

" ဘွား လည်းလိုက်သွားမှာလား "

" မလိုက်ဘူး။ သူ့က ဖထီးတို့ဆီ ကျုပ်နဲ့အတူထွက်ပြီး ၂ ရက်ခရီးသွားမှာ ကျုပ်တစ်ယောက်တည်းလုံဝမ်ပြန်မှာ "

" တစ်ယောက်တည်းဆိုတော့....အဆင်ပြေပါ့မလား။ လမ်းမှာ "

" ကျုပ်အတွက်စိတ်မပူလေနဲ့ ဒီလမ်းခရီးက ကျုပ်နေချင်းပြန်ရင်တောင် အချိန်အများကြီးပိုနေဦးမှာရော် "

" အင်းပါ။ အဲ့ဒါဆိုလည်း လမ်းမှာဂရုစိုက်ဦးနော် "

ဒီနယ်မြေဟာ နေစေးလက်ထဲမရောက်ခင်တစ်ချိန်က တိုက်ပွဲများစွာဖြစ်ပျက်နေသော်လည်း နှစ်တွေကူးပြောင်းကြာပြီးနောက် နေစေးတို့တပ်ဖွဲ့တိုက်သိမ်းယူကာငြိမ်းချမ်းတဲ့နယ်မြေအဖြစ်ပြောင်းလဲခဲ့သည်။

ထိုအချိန်ကတည်းက သာမန်သူပုန်အနည်းငယ်မှလွဲပြီး ယခုလိုတိုက်ပွဲခေါ်သံမရှိခဲ့ပေ။ ထို့ကြောင့် နေစေးက အခုလိုမျိုးသူ့နယ်မြေကိုမက်မောပြီးသူ့အားမထီသလိုလုပ်တာကိုဘယ်နည်းနဲ့မှ လက်ခံမည်မဟုတ်။

အရင်ကတိုက်ပွဲကင်းတာမို့အေးချမ်းပေမယ့် လက်ရှိမှာ အချိန်မရွေးဖြစ်လာနိုင်တဲ့တိုက်ပွဲကြောင့် စခန်းကလူတွေအားလုံးကတိုက်ခိုက်ဖို့အသင့်ဖြစ်နေကြတာ ခွန်စိုင်းတွေ့နေရသည်။ သူ့ရှေ့မှာရှိတဲ့ နေစေးရဲ့ပုံစံကအရာရာကိုကြိုတင်တွက်ချက်ထားသလိုတည်ငြိမ်နေပေမယ့် ချစ်ရသူကိုစိတ်ပူနေတဲ့ခွန်စိုင်းအတွက်ကတော့ ရင်ပူနေတာတော့အမှန်ပင်။ ဒါပေမယ့် ဒီအခြေအနေမှာ ခွန်စိုင်းဘက်က နေစေးကိုကူညီနိုင်တာဟာ သူ့ကိစ္စတွေနှောင့်နှေးခြင်းကင်းအောင်နေခြင်းပဲ။

--------

စကားပြောပြီးမကြာခင်မှာ နေစေး နဲ့ ဘွားတို့မြင်းကိုယ်စီပေါ်တတ်၍စတင်ထွက်လာခဲ့သည်။ နေစေး ထွက်မလာခင်မှာ ခွန်စိုင်းရဲ့လုံခြုံမှု့အတွက် မော့ကိုအစစအရာရာမှာကြားထားပြီးဖြစ်လို့ ယုံ​ကြည်စိတ်ချစွာပင်ထွက်လာခဲ့သည်။ နေစေးနဲ့ဘွားတို့သွားရမယ့်နေရာကတစ်နေရာဆီဆိုပေမယ့် လမ်းတစ်ဝက်လောက်ထိသင့်တာကြောင့် အတူတူခရီးဆက်၏။

" နေစေး ကျုပ်မသိလို့တစ်ခုလောက်မေးစမ်းပါရစေ "

" ဘာများတုန်း "

" ကျုပ်သိတဲ့နေစေးက တော်ရုံလူကိုယုံကြည်ဖို့မဆိုထားနှင့် ကိုယ့်ဒူးတောင် ကိုယ်ယုံသူမဟုတ်ဘူး။ အခုကျတော့ နောင်ကြီးကိုစခန်းကိစ္စလျှို့ဝှက်ချက်တွေကအစ ပြောပြတဲ့အထိယုံကြည်တာလား? "

ဘွား မေးတဲ့မေးခွန်းကြောင့် ဘာရယ်မဟုတ် နေစေးသဘောကျမှု့လေးဖြစ်ပေါ်လာသည်။

" မင်းပြောသလိုပဲ ကျုပ်အခုချိန်ထိ ကိုယ့်ဒူးတောင်မယုံတဲ့လူစားမျိုးပဲ ဒါပေမယ့်..... ကျုပ်သူ့ကိုယုံတယ်။ "

" ဘာကြောင့်လဲ? "

ဘွား သိချင်စွာမေးကြည့်၏။

" ပြောရရင် နောင်ကြီးခွန်စိုင်းကဧည့်သည်လေးမဟုတ်လား အချိန်တန်ရင်အိမ်ပြန်ချိန်ရောက်လာမှာရော မင်းမစိုးရိမ်ဘူးလား။ အကယ်၍ သူ့မြို့ကြီးပြန်ရောက်သွားချိန် ကျုပ်တို့ရဲ့လျှို့ဝှက်ချက်တွေမပေါ်သွားနိုင်ဘူးလား?"

" ဟုတ်တာပေါ့။ သူ့မြို့ကြီးပြန်ရောက်သွားရင်တော့ဘယ်ပြောတတ်မလဲ..သို့ပေသိ ကျုပ်ကအိမ်ပြန်ခွင့်ပေးဦးမှလေရော် "

" ဘယ်လို?"

နေစေးရဲ့အဖြေစကားက ဘွား အတွက်ခန့်မှန်းကခက်စေ၏။ နေစေးကဘွားရဲ့တုန့်ပြန်ပုံကိုကြည့်ပြီး * ဒါ့ကြောင့် ဘွား က မော့နဲ့မနီးစပ်နိုင်တာ ဟု စိတ်ထဲတွေးကာပြုံးမိသည်။

" သူကျုပ်ကိုချစ်သည် မချစ်သည် ဆိုတာ မသိခင်ကတည်းက ကျုပ်သူ့ကိုနှစ်သက်မြတ်နိုးနေခဲ့တာ ဘွား .. သူကျုပ်ကိုချစ်တယ်ပြောပြီးတဲ့အချိန်ကစလို့ သူက ကျုပ်အပိုင်ပဲ။ ကျုပ်တစ်ယောက်တည်းရဲ့အပိုင်။ ကျုပ်အတွက်တော့သူကနွေးထွေးတယ်။ သနားကြင်နာတတ်တယ်။ လူတစ်ဖက်သားအပေါ်အားနာတာလည်းလွန်ရော။ အဆိုးဆုံးက မြို့ကြီးသားတစ်ယောက်ဖြစ်ပြီး သူသိပ်ရိုးသားလွန်းတယ်။ "

ဘွား တစ်ယောက်နေစေးနဲ့ကြီးပြင်းလာတဲ့အချိန်ကစ အခုထိ နေစေးစကားအရှည်ကြီးပြောတာမြင်ဖူးသည်မှာ ပထမဦးဆုံးပေမို့နားထောင်ပေးနေသည်။ နေစေးဆက်ပြော၏။

" ကျုပ်ချစ်တဲ့အမျိုးသားလေးက အရောင်တွေစွန်းထင်းမှု့မရှိတဲ့ အဖြူထည်လေးမို့ ကျုပ်ပိုမြတ်နိုးတယ်..နောက်ပြီး ကျုပ်သူ့ကိုဘယ်နည်းနဲ့မှ လက်လွတ်အဆုံးရှုံးခံမှာမဟုတ်ဘူး။ "

နှုတ်ခမ်းတစ်ဖက်ကော့တတ်ယုံမျှပြုံးပြီး ရယ်ရိပ်မြူးနေတဲ့ နေစေးကြောင့် ဘွား ကိုယ်တိုင်လည်းပြုံးသည်။ နေစေးဆိုတဲ့လူမျိုးက လိုချင်တာရှိရင် ရအောင်ယူတတ်သူဆိုတာ သူသိပြီးသားပင်။ ဘွား အခုလိုမေးခွန်းတွေမေးနေတယ်ဆိုတာလည်း ခွန်စိုင်းအပေါ်ထားတဲ့ နေစေးရဲ့ချစ်ခြင်းနဲ့ ယုံကြည်မှု့ကိုသိချင်တာကြောင့်ပါပဲ။

" နောင်ကြီးခွန်စိုင်းက မင်းကိုချစ်တယ်ဆိုတာ ကျုပ်တို့လိုဘေးလူကတောင်မြင်နိုင်ပါတယ်ကွာ "

ထိုစကားရဲ့တုန့်ပြန်မှု့ကိုတော့ နေစေးအပြုံးနဲ့သာ တုန့်ပြန်ရင်း ခရီးဆက်ခဲ့ကြသည်။

* အမှန်ပဲ။ ခွန်စိုင်းလေး ကျုပ်ကိုဘယ်လောက်ထိချစ်လဲဆိုတာ ကျုပ်အသိဆုံးပဲ..ဒါပေမယ့် သူကျုပ်ကိုချစ်တယ်ဆိုတဲ့အချက်ကို ကျုပ်ယုံကြည်တာနဲ့ ကျုပ်အနားကခဏတာဖြစ်စေ တဘဝစာဖြစ်စေ ထွက်ခွာခွင့်ပြုနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်မဟုတ်ဘူး *

-----------

နေစေးတို့ထွက်သွားပြီးနောက် ခွန်စိုင်းဟာသူ့ဘဝရှေ့ရေးအတွက်တစ်စုံတစ်ခုကိုတွေးတောနေသည် ။ တချို့အရာတွေကဖြစ်လာမှာမို့ကြိုတင်အသိပေးခြင်းကလုံလောက်တဲ့ဖြေရှင်းချက်ဖြစ်လိမ့်မည်လို့တွေးမိသည်။
ထို့ကြောင့် ခွန်စိုင်းသည် နေစေးတဲအိမ်လေးထဲသို့ဝင်၍ ခဏအကြာပြန်ထွက်လာသည်။

" မော့ "

တခ်မူးနဲ့အတူ တပ်သားတွေကိုလေ့ကျင့်ရေးဆင်းပေးနေတဲ့ မော့ ဆီလျှောက်လာခဲ့သည်။ ခွန်စိုင်းခေါ်သံကြားတော့ တခ်မူးမျက်နှာကမှောင်မိုက်ကာအလိုမကျသလိုနဲ့လှမ်းကြည့်နေစဥ် မော့ ကတော့ ခွန်စိုင်းဆီချက်ချင်းသွားလိုက်သည်။

" နောင်ကြီးဘာလိုအပ်လို့လဲ "

" အားနာပေမယ့် ကိုယ့်ကိုတစ်ခုလောက်ကူညီပေးပါလား"

" ပြောပါနောင်ကြီး "

" ဒီစာလေးကိုမြို့ကစာကြည့်တိုက်ဆီပို့ပေးလို့ရမလား"

ထို့သို့ပြောပြီးခွန်စိုင်းသူ့လက်ထဲကပို့စာအိတ်လေးကို မော့ဆီကမ်းပေးလိုက်သည်။ မော့ က စာအိတ်လေးကိုယူပြီး။

" ကိစ္စမရှိဘူး ကျုပ်အခုပဲသွားပို့ခိုင်းလိုက်မယ် "

" ကျေးဇူးတင်ပါတယ် မော့ "

" မလိုပါဘူးနောင်ကြီးရယ် နေစေး ကျုပ်ဆီမှာနောင်ကြီးကိုသေချာအပ်သွားတာ ဒါကျုပ်တာဝန်ပါ "

ဒါကိုတော့ ခွန်စိုင်းခေါင်းညှိမ့်ပြီးသာအသိမှတ်ပြုလုပ်သည်။

" ဟိုလေ တပ်စခန်းမှာကိုယ်လုပ်ပေးနိုင်တာတစ်ခုခုရှိရင်လည်းပြောပါ..ကိုယ်ကဘယ်ကစကူညီရမလဲမသိဖြစ်နေတာ "

" အဲ့ဒါတော့စိတ်မပူနဲ့ "

ဒါကိုပြောသူက တခ်မူးဖြစ်သည်။ သူက မော့တို့စကားပြောရာဆီရောက်လာပြီးဝင်ပြောခြင်း။

" ကျွန်တော်တို့ဆီရောက်မှတော့ညီအကိုလိုပဲလေ အတူတူဝိုင်းဝန်းလုပ်ကိုင်ကြရတာပေါ့နော့ "

" ကိုယ်လုပ်ပေးနိုင်တာရှိရင်ကူညီပေးပါမယ် "

မော့ က တခ်မူးကိုကြည့်ပြီးမျက်နှာမှာအေးစက်စွာနဲ့သတိပေးတဲ့အကြည့်နဲ့ကြည့်လိုက်တော့ တခ်မူးကသူဘာမှားသွားလဲမသိစွာနောက်သို့တိုးသွားသည်။

" အဲ့ဒါဆို နောင်ကြီးသွားနားတော့လေ မနေ့ကလည်းခရီးပန်းလာတော့ကောင်းကောင်းအနားယူတာပိုအဆင်ပြေတယ်နော့ "

" အဲ့တာဆို ကိုယ်သွားလိုက်ဦးမယ် ။ ဒီက ငါ့ညီ တကယ်လို့ကိုယ်နိုင်တာရှိရင် ခေါ်ခိုင်းလို့ရပါတယ် "

" ဟုတ်..ကဲ့ "

ပြောပြီးတာနဲ့ ခွန်စိုင်းလည်းအားနေတာကြောင့် နေစေး
တဲထဲဝင်ပြီး စာသွားရေးတော့သည်။ ခွန်စိုင်း လုံဝမ်ရွာရောက်ပြီးအစပိုင်းရက်တွေသာ စာရေးခြင်းလုပ်ဖြစ်ပြီး အဲ့နောက်ပိုင်းဘာစာမှမရေးဖြစ်ခဲ့ပေ။ အခုတော့ အချိန်နည်းနည်းအားနေတာနဲ့ ရေးတော့မည်။

ခွန်စိုင်း တဲဘက်ထွက်သွားတော့ မော့ က တခ်မူးဘက်လှည့်ကာ အေးစက်စွာနှင့်။

" အဓိကနဲ့သာမညကိုမင်းခွဲခြားတတ်ဖို့လိုတယ်။နောက်တစ်ခုက နောင်ကြီးခွန်စိုင်းရဲ့အလိုက်သိမှု့ကိုအခွင့်ကောင်းယူဖို့မစဥ်းစားနဲ့! .

မင်းအတွက်ပြောနေတာလို့မှတ်ယူထား!"

" ဟုတ်ကဲ့ခေါင်းဆောင် "

မော့ တခ်မူးကိုစကားဆက်မပြောချင်တာကြောင့်လေ့ကျင့်ကွင်းဘက်သွားတာ ခွန်စိုင်းပေးတဲ့စာကို သူယုံကြည်ရတဲ့တပ်သားတစ်ယောက်ထံပေးကာပို့ခိုင်းလိုက်သည်။

တခ်မူးက အရင်ကဆိုလျှင် နယ်စပ်စခန်းမှာ သူခေါင်းဆောင်ဖြစ်တာမို့ ဘယ်တပ်သားကမှ သူ့စကားနားမထောင်ပဲမနေရဲချေ။ အခုလိုသူ့ကိုတစ်ယောက်ယောက်ကြောင့် ငေါက်ဖို့ဆိုတာဝေးစွ။ ဒါ့ကြောင့် သူမကျေမချမ်းဖြစ်နေတော့သည်။ လူကဲခေတ်မညံ့တဲ့ မော့ က တခ်မူးရဲ့မျက်စိမျက်နှာကိုကြည့်ပြီး နေစေး ဘာကြောင့် ဒီတာဝန်ကိုသူ့ဆီ ပေးခဲ့သလဲနားလည်လို့သွားသည်။

* ငါလိုကောင်က မြွေပွေး ခါးပိုက်ပိုက်မိသလိုတော့အဖြစ်မခံဘူး အဲ့မြွေးပွေကို တစ်ခါတည်းအရည်ကြိုသောက်ပြစ်မယ်!! *
____________________

နေစေး လုံဝမ်ရွာသို့ပြန်ရောက်တဲ့အခါ နယ်စပ်စခန်းမှာတုန်းကစီစဥ်ခဲ့တာတွေနဲ့ကဲဲပါးစွာအစီစဥ်သစ်တွေစတင်အကောင်ထည်ဖော်တော့သည်။

သူ့အနေနဲ့ ရန်သူ့ဦးနှောက်လောက်မပြေးဘူးဆိုရင် ဒီနယ်မြေမှာဦးဆောင်သူဆိုတဲ့ ဂုဏ်ပုဒ်ကိုငယ်ရွယ်စွာနဲ့မချုပ်ကိုင်ထားနိုင်။ သို့သော် တဖက်ရန်သူက သူ့အားအထင်သေး၏။ နေစေးကလည်း ထိုအချက်ကိုဆုတ်ကိုင်စွာပင် ခြေတလှမ်းအသာစီးယူမည်!။

နေစေး လုံဝမ်ရောက်နေပြီဆိုတဲ့သတင်းကြားတာနဲ့ အဖ ချက်ချင်းတပ်စခန်းဆီရောက်ချလာသည်။

အဖ တစ်ယောက် နေစေးရဲ့သတင်းပို့တာတွေကြောင့်အကြောင်းအရာအားလုံးနှင့် ရွာအတွက်သစ္စာဖောက်သူအားအလွန်ဒေါသထွက်နေသော်လည်းသူတို့ကိုလက်ရှိမှာသည်းခံနေယုံပဲရှိမည်။ ဘာကြောင့်ဆိုလျှင် ဒီသစ္စာဖောက်တွေရဲ့စီရင်ချက်အား ဦးဆောင်သူသာလျှင် ချမှတ်ပေမည်။

" အဖ "

အဖ ရောက်လာတဲ့အချိန်မှာ နေစေးဟာ တပ်ဖွဲ့တွေအင်အားစုစည်းချိန်ဖြစ်လို့ သူကိုယ်တိုင်သည်လည်းမနားမနေပေ။ နေစေး အဖနဲ့အတူလမ်းလျှောက်ပြီးစကားစမြည်ပြောသည်။

" နယ်စပ်မှာအခြေအနေဘယ်လိုရှိလဲ "

" လက်ရှိမှာသူတို့ဘက်က ကျုပ်တို့ကိုတိုက်ဖို့အခွင့်ကောင်းစောင့်နေတာထက် သူတို့ကိုယ်တိုင်ကအင်အားမလုံလောက်သေးတာလို့ကျုပ်ထင်တယ်။ ဒါပေမယ့်စိတ်မပူပါနဲ့အဖ ကျုပ်ဘွားကို ဖထီးဆီလွတ်ထားပါတယ် "

" ဒီနယ်မြေမှာ သူတို့လိုလောဘသားကောင်တွေရှိလို့စစ်ဖြစ်လိုက်တိုင်း ရွာငယ်တွေရဲ့ဖျက်စီးသေဆုံးခြင်းတွေပိုများတယ်။ သို့ပေသိ ရေရှည်အတွက် ကျုပ်တို့ဒီလိုကောင်တွေကိုလွတ်ထားလို့ကောင်းတာမရှိဘူးရော် "

" ကျုပ်နားလည်ပါတယ်အဖ။ "

အဖ က နေစေးကိုကြည့်ပြီး နေစေးရဲ့ခန့်မှန်းလို့မရတဲ့အတွေးတွေကြောင့် သူ့သား အကောင်းဆုံးအရာကိုရွှေးချယ်မယ်လို့မျှော်လင့်နေသည်။ တကယ်ပင် စစ်ဖြစ်လိုက်တိုင်း တောသူတောင်သားတွေရဲ့အသက်အိုးအိမ်တွေပျက်စီးဆုံးရှုံးခြင်းနဲ့ စစ်ဘေးရှောင်ရင်းခံစားရတဲ့ဒုက္ခကို အဖ တို့ကိုယ်တိုင်ခံစားဖူးသူတွေမဟုတ်ပါလား။

အဖ နဲ့နည်းတူ နေစေးသည်လည်း ဒီလိုပျက်စီးခြင်းဒုက္ခတွေကိုတခြားသူတွေဆီမကူးစက်စေရန်အစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။

--------

နောက်တစ်နေ့မနက်မှာ ခွန်စိုင်းအစောကြီးနိုးနေပြီးနောက် စခန်းမှာ သူကူညီပြီးလုပ်ကိုင်ပေးနိုင်တာရှိလိုရှိငြား လျှောက်ပတ်ကြည့်နေတော့သည်။ တစ်နေရာအရောက်မှာ ခွန်စိုင်းမျက်လုံးတို့ပင့်ကာအတွေးတစ်ခုဝင်လာမိသည်။

ထိုနေရာကတော့ ချက်ပြုတ်နေရာပင်။

ဟုတ်သည် ခွန်စိုင်းဟာတခြားအရာတွေမှာသာ တပ်သားတွေကိုမကူညီနိုင်သော်ငြား ချက်ပြုတ်ရာမှာငယ်စဥ်ကသင်ကြားခဲ့တဲ့လက်ရာအနည်းငယ်ကြောင့် ဒီနေရာမှာတော့ သူကူညီနိုင်လောက်၏။ ထို့ကြောင့် ခွန်စိုင်း တပ်သားတွေမီးမွှေးဖို့ပြင်နေတဲ့နေရာသို့လျှောက်သွားလိုက်သည်။

" ဒီက ငါ့ညီတို့ "

ခွန်စိုင်းခေါ်လိုက်တော့ တပ်သားတွေအားလုံးက ခွန်စိုင်းကိုကြည့်လာကြသည်။

" ဟုတ်ကဲ့ ကျုပ်တို့ကိုဘာခိုင်းချင်လို့လဲ "

တပ်သားတွေက ခွန်စိုင်းဟာ နေစေးခေါ်လာတဲ့အထူးဧည့်သည်တွေဆိုတာသိပြီးနောက်မှာ နေစေး ကိုအမှားမပြုမိစေရန် သူ့ဧည့်သည်လေးအားဧည့်ဝတ်ကျေချင်ကြ၏။
တပ်သားပြောတာကို ခွန်စိုင်းကနှစ်လိုဖွယ်ပြုံးကာ။

" ကျံန်တော်ဘာမှမခိုင်းပါဘူး။ ဒီက ညီတို့ ထမင်းဟင်းချက်ပြုတ်မလို့လား "

" ဟုတ်တယ်ဗျ။ ကျုပ်တို့ချက်ပြုတ်မလို့။ "

" ဒါဆို ကျွန်တော်လည်းဝိုင်းကူညီပေးပါရစေ ကျွန်တော်ကအချက်အပြုတ်နည်းနည်းပါးပါးတတ်တော့ ကူညီပေးလို့ရပါတယ် "

" မလိုဘူး။ မလိုဘူး။ ဒါတွေက ကျုပ်တို့လုပ်နေကြတွေပါ ခင်ဗျားက ဧည့်သည် ဒါတွေကူလုပ်ပေးဖို့မလိုပါဘူး "

" ဧည့်သည်ဆိုပေမယ့်လည်း ကျွန်တော်တတ်နိုင်တဲ့ဘက်က ဒီက ညီအကိုတွေကိုကူညီချင်တာပါ "

ထမင်းဟင်းချက်ပြုတ်ဖို့တာဝန်ကျတဲ့တပ်သားတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးငြင်းရခက်နေ၏ ဒီလူက သူ့သဘောနဲ့သူ လာကူညီတာဆိုပေမယ့် ဒီလူ့ ခန္ဓာကိုယ်က သူ့တို့တစ်ဝက်စာတောင်ကြံခိုင်မယ့်ပုံစံမရှိတာမျက်မြင်ပင် သို့သော် ဒီလူကိုသူတို့ငြင်းရခက်နေသည်။

" ကျုပ်တို့တပ်သားတွေမှာ ထမင်းဟင်းချက်ပြုတ်ပေးဖို့မိန်းမတစ်ယောက်မရှိလို့အခက်တွေ့နေတာ မင်းကူညီပေးမယ်ဆိုတော့ပိုကောင်းသွားတာပေါ့ "

ခွန်စိုင်းတို့အားလုံးအသံလာရာကြည့်လိုက်တော့ စွပ်ကျယ်အနက်ရောင် ပြောက်ကျားဘောင်းဘီအပွ ၊ ဘွတ်ဖိနပ်အမည်း၊ဝတ်ထားပြီး ခါးမှာ ပစ်စတိုတစ်လက်ချိန်ထားသော တခ်မူးဖြစ်နေသည်။ တခ်မူးရဲ့မျက်နှာဟာ ခွန်စိုင်းကိုလျှောင်ပြောင်သရော်ပြုံးတွေနှင့် ရိသဲ့သဲ့အမူအယာတွေတွေ့နေရသည်။

" ဘယ်လိုလဲ? "

ခွန်စိုင်းသည် သူ့အားအမျိုးသမီးတစ်ယောက်နဲ့နှိုင်းယှဥ်ပြီးပြောနေတဲ့ တခ်မူးကိုမျက်မှောင်ကုတ်ကာစိတ်ခုပေမယ့် ကျော်သွားလိုက်သည်။

" ကောင်းပြီလေ။ ကျွန်တော် ဒီကညီအကိုတွေနဲ့အတူ ထမင်းဟင်းအတွက်ကူညီပြီးချက်ပြုတ်ပေးပါမယ်။"

" အို့ ဒါနဲ့ လူတိုင်းကနေ့တိုင်းထမင်းဟင်းစားကြတာဆိုတော့ နာမည်ခံယူရုံနဲ့ တစ်ရက်တလေပဲချက်ပြုတ်ရင်ဘယ်အဆင်ပြေမလဲ "

" ကိစ္စမရှိပါဘူး ကျွန်တော်နေ့တိုင်းကူပေးနိုင်ပါတယ် တခ်မူး "

" အဲ့တာဆိုရင်တော့ ဒီကဧည့်သည်တော်ကြီးကိုကျေးဇူးတင်ရတော့မှာပေါ့ဗျာ။ နောက်ဆုံးတော့ မင်းအကျင့်နဲ့လိုက်ဖက်တဲ့အလုပ်တစ်ခုမြန်မြန်တွေ့သွားတာအဆင်ပြေသွားတာပေါ့..မဟုတ်ရင် ကျုပ်တို့စခန်းက တပ်သားတွေရဲ့အာရုံကိုညှို့ယူပြစ်လိုက်ရင် ကျုပ်တို့တိုက်ရခိုက်ရခက်ခဲနေမှာစိုးတယ် "

" ခင်ဗျားဘာစကားပြောတာလဲ!! "

ခွန်စိုင်းလုံးဝဒေါသထွက်သွားသည်။ ဒီလူ့စကားတွေက နားထောင်နေတဲ့သူ့ကိုသည်းခံနိုင်တဲ့အတိုင်းတာကျော်လွန်သွားပြီ။ ထိုအချိန်မှာ တခ်မူး ဟာ အဝေးက မော့ သူတို့ဆီလျှောက်လာတာတွေ့တာမို့ သူ့အပြုမှုကရိုကျိုးနေသည်းဟန်မူယာအားပြုပြင်ကာ ခွန်စိုင်းကိုစကားပြန်ပြော၏။

" ကျုပ်ကဒီတိုင်းကျေးဇူးတင်တယ်ဆိုတာကိုဖော်ပြတာပါဗျာ။ "

ထိုအချိန်မှာ မော့ က ခွန်စိုင်းတို့အနားရောက်လာသည်။

" နောင်ကြီးကဒီရောက်နေတာကိုး ကျုပ်ကမနက်စာစားဖို့နောင်ကြီးကိုလိုက်ရှာနေတာ "

ထိုသို့ပြောပြီး တခ်မူးကိုကြည့်ကာ။

" တခ်မူး က ဒီမှာဘာလုပ်နေတာလဲ "

" ဘာမှမလုပ်ပါဘူး ခေါင်းဆောင်။ ဒီက ဧည့်သည်လေးက ချက်ပြုတ်ရေးမှာဝိုင်းကူညီပေးမယ်ပြောနေလို့ ကျုပ်တားနေတာပါ ဒါပေမယ့် သူကလက်မခံဘူးလေ "

" ဟုတ်လား နောင်ကြီး "

ခွန်စိုင်းသည် တခ်မူးရဲ့မလောင်းမလဲပြောတတ်တဲ့အကျင့်ကြောင့် ကိုယ်တိုင်ပင်ပင့်သက်ရှိုက်မိ၏ ယောက်ကျားတစ်ယောက်၊ တပ်သားတစ်ယောက်ဖြစ်နေပါသော်လည်း ကောက်ကျစ်ယုတ်မာတဲ့စိတ်ဓာတ်ရှိနေသည်။ ခွန်စိုင်းက ဘာပြသာနာမှမဖြစ်ချင်တဲ့လူတစ်ယောက်မို့ တခ်မူးရဲ့အပြုအမှုတွေကိုမသိချင်ယောင်သာဆောင်ထားလိုက်တော့သည်။

" ဟုတ်တယ် မော့ ။ ကိုယ်လဲ စခန်းမှာရှိနေတဲ့အချိန်ပျင်းနေတာနဲ့ ဒီကညီအကိုတွေကိုကူညီပေးမလို့လေ။ "

" မလုပ်ရပါဘူး။ တော်ကြာနေ နောင်ကြီးအပူလောင်တာတွေ ထိခိုက်ရှရာဖြစ်တာတွေရှိလာခါမှ ကျုပ်ကို ဦးဆောင်သူက သူ့ဧည့်သည်ကိုဂရုမစိုက်ကောင်းလားဆူခံထိနေပါဦးမယ် "

မော့ စကားကြောင့် နှလုံးသားထဲက နေစေးရဲ့စိုးရိမ်ပူပန်နေတဲ့အမူအယာလေးတွေပေါ်လာခဲ့တော့ ခွန်စိုင်းကြည်နူးကာပြုံးမိသည်။

" မစိုးရိမ်ပါနဲ့။ ဒီအလုပ်က ကိုယ်တစ်ယောက်တည်းလုပ်တာမှမဟုတ်တာ။ ပြီးတော့ ယောက်ကျားတစ်ယောက်အနေနဲ့ ကိုယ်သန်မာပါတယ်ကွာ "

ခွန်စိုင်းရဲ့ပြုံးရယ်ကာ မော့အားစိတ်မပူစေရန်ပြောနေပုံက တကယ်ကိုအရိုးခံဖြူစင်မှု့ဖြင့်။ ခွန်စိုင်းရဲ့ခန္ဓာကိုယ်က ဒီကလူတွေနဲ့ယှဥ်ရင် အလွန်အားငယ်ပြီးသေးငယ်နေတယ်ဆိုတာ သိပါ့မလားပင်။

" ဒါပေမယ့်... "

" ကဲ ထားလိုက်ပါ။ ကိုယ်ကိုကိုယ်ဂရုစိုက်ပါမယ်ကွာ "

" ပြီးရောလေ။ ကျုပ်မတားတော့ပါဘူး။ တခ်မူး "

မော့ က တခ်မူးနဲ့တပ်သားတွေဘက်လှည့်ကာ။

" နောင်ကြီးခွန်စိုင်းက ကျုပ်တို့ရဲ့အရေးကြီးဧည့်သည် အဲ့အတွက် သူကူညီပေးမယ်ဆိုပေမယ့် အတိုင်းအတာကိုအားလုံးသိပါစေ "

" နားလည်ပါပြီခေါင်းဆောင် "

မော့ ရဲ့ချိန်းခြောက်မှု့အမိန့်ကြောင့် အားလုံးကခွန်စိုင်းကိုရှိန်နေမှာကိုတွေးမိပြီး ခွန်စိုင်းပြုံး၍သာခေါင်းခါမိပါသည်။ * တကယ်ပါ အက်ဒွက်သူငယ်ချင်းတွေက အက်ဒွက်နဲ့တထေရာတည်းပါပဲလား *

ထိုသို့ပြောပြီးနောက် ခွန်စိုင်းနဲ့ မော့ တို့ထွက်သွားကြသည်။ တခ်မူးသည် ခွန်စိုင်းတို့ထွက်သွားတာမြင်တာနဲ့ မျက်နှာပေါ်မှာတင်းမာမှု့တွေနဲ့ မကျေနပ်ချက်တို်ပြည့်နက်သွားတော့သည်။

* ငမော့ မင်းကဒီအချိန်မှာခေါင်းဆောင်ဆိုပြီး ငါ့သိက္ခာလာချနေတာပဲ မင်းရဲ့အာဏာဘယ်လောက်ကြာကြာခံနိုင်မလဲငါစောင့်ကြည့်မယ်! ! *

" ဖိုးသား "

" ဟုတ်ကဲ့"

" နောက်နေ့ကစပြီး မင်းငါ့နောက်လိုက်စရာမလိုတော့ဘူး။ "

" ဗျာ အဲ့တာဆို "

" မင်းကိုဒီချက်ပြုတ်နေရာမှာတာဝန်ယူပြီး ကျုပ်တို့ဧည့်သည်တော်ကို 'ဂရုစိုက်'ဖို့တာဝန်ပေးလိုက်မယ်.. ကျုပ်ပြောတာနားလည်တယ်မလား "

တခ်မူးနောက်လိုက်လုပ်လာတာကြာပြီးဖြစ်တဲ့ ဖိုးသားဟာ စကားရဲ့အဓိပ္ပါယ်ကိုသိလိုက်တာကြောင့် ယုတ်မာတဲ့အပြုံးကိုဆင်မြန်းကာ ။

" ကျုပ် နားလည်ပြီ တခ်မူး "

* မင်းကနောက်ခံအားကိုးပြီးအချောင်နေချင်နေတာမဟုတ်လား အဲ့တော့ ငါကလည်းမင်းကိုပညာနည်းနည်းပေးပြီး မင်းဘယ်လောက်ခံနိုင်ရည်ရှိလဲ ကြည့်ရတာပေါ့ *
_______________________________

ညသန်းခေါင်ယံအချိန် အေးချမ်းမှု့အတဖြစ်တဲ့ တပ်စခန်းတွင် ကင်းလှည့်နေတဲ့တပ်သားတွေရဲ့ခြေသံတွေနှင့် ပိုးမွှားကောင်တွေရဲ့အော်ဟစ်သံတွေသာကြားရပြီး တိတ်ဆိတ်လျှက်ရှိသည်။ ထိုအချိန်မှာ မော့ ဟာ သူ့လူယုံက တိတ်တဆိတ်ပေးလာတဲ့ နေစေးဆီက စာကိုဖွင့်ဖတ်နေ၏။

စာထဲမှာပါတဲ့အကြောင်းအရာဟာ ဒီတပ်စခန်းအတွင်းမှာ ရန်သူ့သူလျှိုရှိသည်ဟု ရေးသားထားပြီး အဲ့လူကို မော့ အားစောင့်ကြည့်စေချင်တာဖြစ်သည်။

စာဖတ်ပြီးအဆုံး မော့ က တပ်စခန်းထဲမှာရှိတဲ့လူတိုင်းရဲ့မျက်နှာနှင့်အပြုအမူတို့ကိုခွဲခြမ်းစစ်ဆေးတွေးတောနေသည်။ သူ့အနေနဲ့ သူလျှိုရဲ့အရိပ်အမြွတ်တစ်ယောက်မှမတွေ့မိသေးချေ ။ သို့သော် သူတို့ရဲ့အစီစဥ်အကောင်ထည်ဖော်နိုင်ဖို့ရာအတွက် သူလျှိုဘယ်သူလဲဆိုတာ မော့ တို့အရင်သိရမှဖြစ်မည်။

ထိုသို့တွေးကြည့်ပြီးနောက် မော့ က စာကိုမီးရှို့ပြီး တဲအပြင်ဘက်ကိုထွက်လာပြီးလမ်းထွက်လျှောက်သည်။

မော့ အတွေးလွန်ကာလမ်းလျှောက်လာရင်း အနောက်ဖက်တောထဲမှ ခြေသံတစ်သံကြာလိုက်ရတာကြောင့် မျက်မှောင်ကျုံ့လျှက် ။

" ဘယ်သူလဲ ! "

" ကျွန်တော်ပါ ခေါင်းဆောင် "

စကားသံအဆုံး တခ်မူးဟာ သူ့ဘောင်းဘီခါးပတ်ကိုဖယိုဖရဲကိုင်ပြီး တောထဲကထွက်လာခဲ့သည်။

မော့ က တခ်မူးကိုသေချာစေ့စပ်ကြည့်ပြီး။

" ဒီအချိန်ကြီး မင်းတောထဲဝင်ပြီးဘာလုပ်နေတာလဲ "

" အာ ကျုပ်ဒီဘက်ကင်းလှည့်ရင်းအပေါ့သွားချင်တာနဲ့ တောထဲခဏဝင်လိုက်တာ။ မထင်မှတ်ပဲ လူရိပ်တွေ့တယ်ထင်ပြီးအမြန်ထွက်လာလိုက်တာ ခေါင်းဆောင်ဖြစ်နေတယ် "

မော့ က တခ်မူးရဲ့စကားနဲ့ပုံစံကိုသေချာကြည့်ပြီး။

" နောက်တစ်ခါ ဒီလိုမျိုးထပ်မဖြစ်စေနဲ့..တောထဲမှာ အစောင့်ရှောက်နတ်တွေရှိတယ် မင်းတစ်ယောက်ကြောင့် သူတို့အမျက်ထွက်တာမျိုးဖြစ်လာရင်းအားလုံးဒုက္ခရောက်ကုန်လိမ့်မယ် "

" ဟုတ်ကဲ့ခေါင်းဆောင်။ ကျုပ်သူတို့ဆီခွင့်တောင်းပြီးမှ သွားတာပါ "

" မင်းကင်းလှည့်နေတာမလား။ သွားတော့ "

မော့ က အယူကြီးတာမဟုတ်ပေမယ့် ဒီအချိန်မှာစကားလမ်းကြောင်းကဒါပဲရှိတာမို့ပင်။ တခ်မူးက မော့ သွားခိုင်းလိုက်တာနဲ့ချက်ချင်းပျောက်သွားတော့သည်။ တခ်မူးနောက်ကျောကိုကြည့်ပြီး မော့ တစ်စုံတစ်ခုတွေးနေမိသည်။

_______________________________________________

# VOTE & CM PLEASE
# 25 - Auguest - 2022 - 5:00 PM
# MOEWATHAN 🦋

______________________________________________

Zawgyi... ။


You are reading the story above: TeenFic.Net