Polaroid Blessings 3

Background color
Font
Font size
Line height

Suggested song: past lives by Sapient dream

🌻 •*⁠ .⁠✧ ・ ∘⁠ ˚⁠˳⁠ ° ~ 。⁠ ☆

မြောက်စံအိမ်ကြီးထဲတွင်ဖြစ်သည်။

လှေကားဖြူဖြူတွေပေါ် အပြေးတစ်ပိုင်းတက်နေသော အထိန်းတော်မင်၏ ခြေလှမ်းတွေသည် ခပ်စိပ်စိပ်နှင့်လျင်မြန်လှသည်။ နေ့လည်စာသုံးဆောင်ချိန်ရောက်လာပြီဖြစ်သော်ငြား နာရီအတော်ကြာသည်အထိတိုင်အပေါ်ထပ်ရှိအခန်းထဲမှ ဆင်းမလာသော မမလေးကင်မ်ကြောင့် စိုးရိမ်ခြင်းမမည်သောစိတ်ပူခြင်းတစ်ခု ဖြစ်တည်လာရပါသည်။

အလျင်လေးလှမ်းလိုက်သောကြောင့် မမလေးကင်မ်၏အခန်းရှေ့မှောက်ရောက်လာခဲ့ပြီပင်။

"မမလေးကင်မ် နေ့လည်စာသုံးဆောင်ရန် အချိန်ရောက်နေတာကြာပါပြီရှင့်။ အမြန်ထွက်လာပြီး သုံးဆောင်တော်မူပါ။ "

လေတိုးသံပင်မကြားရသော မြောက်စံအိမ်ကြီးတွင် အထိန်းတော်မင်၏ အသံတစ်ခုသာပျံ့လွင့်လျက်ရှိပြီး ကင်မ်သည် တစ်ခွန်းမျှပြန်ဖြေကြားခြင်းမရှိခဲ့ချေ။

"မမလေးကင်မ် ကျွန်မပြောတာကြားရဲ့လားရှင့်"

ဒုတိယတစ်ကြိမ်သည်လည်း ပထမအကြိမ်လိုပင် အခန်းတွင်းမှ တိတ်ဆိတ်မြဲသာ...။ စိတ်စောနေသော အထိန်းတော်မင်ဟာ အခန်းထဲကိုယ်တိုင်ကိုယ်ကျဝင်ခေါ်ရန် ဆုံးဖြတ်လိုက်တော့သည်။

"မမလေးကင်မ်ရှင့်..."

သို့ပေသည့် အထိန်းတော်မင်မြင်လိုက်ရသည်က မမလေးကင်မ်မရှိသော ဗလာဖြစ်နေသည့်အခန်းညိုလေးသာ။ ဘုရင်ခံကင်မ်က မမလေးအားအပြင်မထွက်ရအမိန့်ထုတ်ထားတာကို မမလေးက ဘယ်အရပ်ဆီကိုများ ခြေဦးလှည့်သွားပါ၏။ ဘုရင်ခံကင်မ်ပေးသည့် အပြစ်ဒဏ်ခံရမည်အား ကြောက်ရွံတာက တစ်ကြောင်း,မမလေးကင်မ်ကို စိတ်ပူတာကတစ်ကြောင်းမို့ အထိန်းတော်မင်တစ်ယောက် မွှန်ပြာထူပူစွာပင် ခေါင်းနားပန်းကြီးသွားမိသည်။

မမလေးကင်မ် ဘယ်ရောက်သွားပါလိမ့်?
မမလေးရဲ့ဖြစ်တည်မှုက အစစ်အမှန်ဆိုတာကိုသာ အပြင်လောကရှိလူတွေသိသွားရင် အတောမသတ်နိုင်တဲ့လောဘတွေ....မပြီးဆုံးနိုင်တဲ့ရန်ပွဲတွေဖြစ်လာတော့မှာ ...။

အထိန်းတော်မင်သည် ပြလောင်ခတ်သွားသော်ငြား အတွေ့အကြုံရှိသူပီပီ စိတ်ကိုအတတ်နိုင်ဆုံးအေးအေးထားပြီး မြောက်စံအိမ်ဝင်းထဲမှာ ပတ်ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ကင်မ်ရဲ့ ဖြစ်တည်မှုက လူသားမှန်သမျှ လောဘတက်လောက်ချင်စရာ ဖြစ်တည်မှုမျိုး။
နိဗ္ဗာန်လို ဖြစ်တည်မှုမျိုးဆိုပေမယ့်
နိဗ္ဗာန်ကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် လူသားအပေါင်းဟာ
ငရဲကျရလိမ့်မယ်။

______________________

ခမ်းနားထည်ဝါလှသည့် မြောက်စံအိမ်ကြီးရဲ့ ရှေ့မနီးမဝေးတွင် မကြာသေးခင်ကမှ စိုက်ပျိုးထားပြီး အပွင့်တွေဝေဝေဆာဆာပွင့်နေသော နေကြာခင်းတစ်ခင်းရှိသည်။

ထိုနေကြာခင်းထဲတွင်တော့ နေကြာတွေကို အသက်တမျှချစ်မြတ်နိုးသည့် အမျိုးသမီးလေးတစ်ဦးရှိသည်။
ထိုအမျိုးသမီးရဲ့အလှတရားဟာ မြင်သူတိုင်းက ချစ်ခင်စုံမက်သွားစေနိုင်တဲ့အထိ လှရက်လွန်းသည့် အဖိုးအနဂ္ဃထိုက်သည့် လှပခြင်းတရားမျိုး။
သို့သော် ထိုမျှလောက် တန်ဖိုးကြီးသည်ကိုတော့ သိသူရှားသည်။

အနှီအမျိုးသမီးသည် နေကြာခင်းထဲတွင် ထိုင်ကာ နေကြာတွေကို အနီးကပ်မြင်နေရာခြင်းအား နှစ်ခြိုက်နေပုံပေါ်သည်။ ဖြူဖွေးညီညာနေသော သွားလေးတွေ စီတန်းပေါ်လာသည်အထိ လင်းလဲ့တောက်ပစွာ ပြုံးရယ်နေတော့၏။

"Jennie ရေ...."

မိမိ၏ အမည်နာမအား ခေါ်ဝေါ်ခြင်းခံရတာမို့ သူမသည် အသံလာရာကို လှည့်ကြည့်နားစွင့်လိုက်သည်။ ထိုအခါ သူမ၏သူငယ်ချင်းကို မြင်ရပါ၏။

"ဘယ်တွေပျောက်နေလဲလို့လိုက်ရှာနေတာ နင်က ဒီနေကြာခင်းထဲရောက်နေတာကိုး။ ငါ့မှာလည်း နင်နေကြာကြိုက်မှန်းသိတော့ စံအိမ်တစ်ခုလုံးမှာရှိတဲ့နေကြာခင်းတွေအနှံ့လိုက်ရှာရတာပဲ။ နောက်ဆုံးတော့ နင်က ဒီရောက်နေတယ်"

"ဘာဖြစ်လို့လဲ ကိစ္စတစ်ခုခုရှိလို့လား?"

Jennie သည် အပြုံးနုနုတစ်ပွင့်နှင့် ချိုသာစွာမေးသည်။

"ဘာမှတော့မရှိပါဘူး ငါကနင်ဒီအတိုင်းပျောက်နေလို့။ "

သူငယ်ချင်းမ၏ အဖြေကို ကြာရသည့်အခါ Jennie သည် သူမကိုစိတ်ပူပေးခြင်းအား သဘောကျမိသလို ဖြည်းဖြည်းချင်းခေါင်းရမ်းပြီး ရယ်သွမ်းသွေးပါ၏။

"နင်ဟာလေ....ငါက နေကြာတွေရှိတဲ့နေရာက လွဲပြီးဘယ်မှမသွားပါဘူး။
သွားခွင့်လည်း မရှိဘူးလေ"

"အေးပါ ဘယ်လိုပဲဖြစ်ဖြစ် နင်ရှိနေရင် ပြီးသာပဲ။ သွားပြီနော် Jennie "

"အေး။ ဂရုစိုက်သွားဦး"

သူမကို ကျောခိုင်းလျက်ထွက်သွားသည့် သူငယ်ချင်းမ၏ ကျောပြင်တဖြည်းဖြည်းဝေးကွာသွားသည်အား Jennie ခပ်ပြုံးပြုံးလေးကြည့်နေခဲ့သည်။

လေပြင်းတစ်ချက်အဝှေ့မှာ နေကြာတွေနီးတူ သူမရဲ့ ဆံနွယ်နက်တို့သည်လည်း ယိမ်းနွဲ့သွားပါ၏။ ထိုနောက်မှာတော့သူမသည် နေကြာတွေကိုသာဆက်၍ ခပ်ဖွဖွကလေး အသာအယာထိနေခဲ့သည်။

Jennie ဟာလည်း မမလေးကင်မ်နည်းတူ နေကြာပန်းတွေကို သိပ်ချစ်မြတ်နိုးတယ်။

ထိုစဉ်အထိန်းတော်ကင်မ်သည် အပူတပြင်းဖြင့် အိမ်တော်အနှံ့လိုက်ရှာနေရာမှ နေကြာခင်းဆီအရောက်တွင် နေကြာခင်းထဲရှိအရိပ်ကလေးတစ်ခုကို တွေ့လိုက်ရသဖြင့် စိတ်အစဉ်မှာ စမ်းရေအေးအေးလေးပက်ဖြန်းလိုက်သလို အေးချမ်းသွားသည်။

ထို့နောက် ချက်ချင်းပင် အနှီအရိပ်ကလေးအား လှမ်းခေါ်ပါ၏။

"မမလေးကင်မ်!!!!"

ရုတ်ချည်းဆိုသလို ပဟေဠိအပိုင်းအစတွေနှင့် လှည့်ကြည့်လာသော Jennie ၏ မျက်ဝန်းနက်တွေ.....။
.
.
.
.
.
.
.
.
.
.

.
.
.
.
.
.
.
.
🌻🎻♡。⁠*⁠♡♡⁠。✧⁠*⁠。

နေခြည်နွေးနွေးအောက် တောက်ပလင်းလက်နေကြသော နေကြာပန်းတွေကြားမှာ ပိတုန်းရောင်ဆံနွယ်တို့ ဖြာကျလွှမ်းခြုံလျက်ရှိသော ကျောပြင်ငယ်တစ်ခုကို မြင်တွေ့နေရသည်။ နံ့သာရောင် ဂါဝန်ရှည်အပျော့သားလေးသည် နေကြာပန်းပင်တွေနှင့် ထိတွေ့တိုးခွေ့ကာ ယိမ်းကနေကြသည်။

ဘုရားသခင်က သေချာဂရုတစိုက်ထုဆစ်ထားသလို အချိုးအဆစ်ကျသည့် လက်ချောင်းသွယ်လျလျလေးတွေဟာ နေကြာပန်းပင်တွေကို ထိတွေ့ဆော့ကစားသွားလျက် ကောင်းချီးပေးသနား‌နေသလို...။

အင်မတန်ကို ကျော့ရှင်းလှပမည်ထင်ရသော အနှီအမျိုးသမီး၏ မျက်နှာသည် ပိတုန်းရောင်ဆံနွယ်စတို့၏ ခရီးကျူးဖုံးကွယ်ခြင်းခံရသည်။

ချယ်သည် နေကြာပန်းခင်းထဲပြေးလွှားနေသော ထိုအမျိုးသမီးငယ်၏ မျက်နှာကို ထင်ထင်ရှားရှားမြင်နိုင်ရန်ကြိုးစားကြည့်ပါ၏။

သေးငယ်ပြီးကောက်ကြောင်းပြေပြစ်သော ခါးသွယ်သွယ်လေးအား ချယ်တစ်နေရာရာတွင် ရင်းနှီးဖူးခဲ့သလိုပင်။ အနှီအမျိုးသမီးက သူရိန်နေမင်းသာဆို ချယ်သည် နေမင်းကိုငေးကြည့်ရသော နေကြာပန်းငယ်လေးတစ်ပွင့် ဖြစ်ချေရော့မည်။

ထိုအမျိုးသမီးငယ်သည် ချယ့်ကိုလှည့်ကြည့်သည်။
မှတ်ဉာဏ်ထဲစွဲထင်၍ ကျန်ရစ်ခဲ့သည်မှာ နီစွေးနေသော ကကြီးပုံသဏ္ဍန်နှုတ်ခမ်းဖူးလေးသာ....။.

နောက်ပြီးတော့ လှပစွာ လျှို့ဝှက်အပ်သော
ထိုအပြုံး....။
..
.
.
.
.
.
.

.

.
☘️

ညတုန်းကမြင်မက်ခဲ့သော အိမ်မက်ဆီခရီးထွက်နေသည့် ချယ့်အတွေးလှေသည် ဇူဟာ၏ ပြင်းပြင်းထန်ထန်ဆိုးသည့် ချောင်းဆိုးသံကိုကြားရပြီးနောက်မှာ တိမ်းမှောက်သွားခဲ့၏။

ဖြူဖတ်ပြီးသွေးရောင်မရှိသည့်ပုံပေါက်နေသော ဇူဟာ့မျက်နှာသေးသေးလေးသည် ချယ့်စိတ်အစဉ်ကို မီးဟုန်းဟုန်းတောက်ပူလောင်သွားစေရန်အလို့ငှာ လုံလောက်ခဲ့ပါသည်။ လွန်ခဲ့သောတစ်ပတ်က ချယ်သည်ဇူဟာ့အတွက် တိုင်းရင်းဆေးသွားဝယ်ပေးခဲ့သည်။ ဆေးသောက်ပြီးတစ်ရက်နှစ်ရက်လောက် သက်သာသွားသေးသော်ငြား နောက်ပိုင်းမှာတော့ အခြေအနေဟာ မသက်သာသွားသည့်အပြင် ပိုဆိုးလာသည်မှာ ယခုမြင်တွေ့နေရသည့်အတိုင်းပါပင်။

ဇူဟာသည် ကုတင်အနွမ်းလေးပေါ်တွင် ဖျားနာနေမကောင်းဖြစ်လျက် လဲလျောင်းနေပြီး ချယ်ကတော့ ဇူဟာ့နံဘေးနားထိုင်ကာ အရိပ်တကြည့်ကြည့်လုပ်နေရသူပင်။

"ဇူဟာ မသက်သာသေးတာလား?"

"မဟုတ်ပါဘူး သက်သာနေပါပြီ..."

သန်မာချင်ယောင်အရမ်းဆောင်သည့် ဇူဟာ့အကျင့်တို့ကို ချယ်အလွတ်ရနေပြီးသားမို့ ရိုးမယ်ဖွဲ့ကာ ပြောမနေချင်တော့ပေ။ ရီဝေမှုန်မှိုင်းနေသည့် ဇူဟာ့မျက်ဝန်းမှေးတွေသည် အမှန်တရားကို လှစ်ဟပြနေသည်။

ချယ်သည် စိတ်မသက်မသာဖြစ်လာသည်မို့ သက်ပြင်းရှည်တစ်ချက်ကို ပူပူနွေးနွေးထုတ်လွှတ်သည်။ 

"အရင်တစ်ပတ်တုန်းကတည်းက နေပြန်ကောင်းပြီလို့ထင်ခဲ့တာ အခုချောင်းကပြန်ဆိုးလာပြန်ပြီ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်သင့်တာပေါ့ရှင်"

"ဂရုမစိုက်အားတာချယ်အသိပဲလေ လူစားလဲချိန်မှာ ကျွန်မကတခြားလူတွေလိုမနားနိုင်ဘဲ တခြားအလုပ်တွေရှိသေးတယ်မဟုတ်လား။ အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ချိန်မရှိတာပါ"

"ဘယ်လောက်ပဲအလုပ်များပါစေပေါ့ ကိုယ့်ကျန်းမာရေးလောက်ဘယ်ဟာက အရေးကြီးမှာလဲ"

ချယ်၏စိတ်အစဉ်အလိုမကျဖြစ်လာတာမို့ မျက်ခုံးတန်းလှလှတွေဟာ တွန့်ချိုးလျက်သား...။ နာကျင်မှုတွေကို မချိတင်ကဲခံစားနေရသည့် ဇူဟာ့မျက်ဝန်းတွေကို ရင်ဆိုင်နိုင်စွမ်းမရှိတော့သည်မို့ မြို့ထဲသွားပြီးတိုင်းရင်းဆေးသွားဝယ်ရန်ဆုံးဖြတ်လိုက်ပါသည်။

ဇူဟာသည် ခုနက ချယ့်ရဲ့မေးခွန်းကို ခပ်နွမ်းနွမ်းဆိုရင်းခွန်းတုံ့ပြန်သည်။

"အရေးကြီးတာပေါ့ရှင်....ကျွန်မလေ ဘဲလေးအကစင်ပေါ်မှာ ကဖူးချင်သေးတယ်ချယ်ရဲ့"

ထိုတစ်ခဏမှာတော့ ဇူဟာရဲ့နွမ်းဖျော့ဖျော့မျက်ဝန်းတွေဟာ တောက်ပပြိုးပြက်ခြင်းနှင့်အတူ အနာဂတ်ဆီခရီးထွက်သွားပါသည်။

မျက်ဝန်းတွေထဲမှာ မျှော်လင့်ချက်တွေ ကျောက်စူးရစ်တွယ်လာသည်။

ဖျားနာမှုတွေကိုအလူးအလဲခံစားနေရသည့် မျက်ဝန်းအိမ်တို့သည် တစ်ခဏချင်းမှာပင် အသွင်သစ်ပြောင်းသွားခဲ့ပြီး သစ်လွင်လှပသော မျက်လုံးလေးတွေဖြင့်ဇူဟာသည် စိတ်ကူးထဲ၌ ဘဲလေးအကကို ကနေပုံရပါသည်။

သို့သော် ထိုသစ်လွင်လှပမှုတွေသည် ပစ္စုပ္ပန်ကို ပြန်ရောက်လာသည့်အခါ အခိုးအငွေ့တွေလို အငွေ့ပျံ့လွင့်စင်သွားပါ၏။

"နေမကောင်းရင် ကဖို့မပြောနဲ့ မတ်တပ်တောင်ရပ်နိုင်မှာမဟုတ်ဘူး။ ကျွန်မဆေးသွားဝယ်ပေးမယ် ဟုတ်ပြီလား"

"ကျွန်မမှာ ပိုက်ဆံမရှိဘူးချယ်ရဲ့ အခုတလော ခြိုးခြံချွေတာနေရတာ"

"ဇူဟာ့မှာ ပိုက်ဆံမရှိလည်း ကိစ္စမရှိပါဘူး ချယ်စိုက်မှာပေါ့"

"အပန်းကြီးပါလိမ့်မယ်ချယ်ရယ်"

"အပန်းမကြီးရပါဘူးရှင်ရယ် ....လိမ်လိမ်မာမာနဲ့သာ ဟောဒီ့ကချယ့်ပြန်အလာကို စောင့်မျှော်တော်မူနေပါရှင့်"

"ချယ့်အလိုတော်အတိုင်းပါပဲ"

ထိုသို့နှင့် ဇူဟာ့အတွက် တိုင်းရင်းဆေးဝယ်ရန် မြို့ထဲရှိဈေးထဲသို့ဦးတည်၍ထွက်လာခဲ့ပါ၏။ 

စားပွဲပေါ်ရှိ နေကြာတွေညှိုးနေလေပြီလားဟု သိချင်စိတ်ဖြင့် မျက်လုံးထောင့်စွန်းမှ ချယ်လှမ်းကြည့်လိုက်သည်။

အင်း........နေကြာတွေညှိုးနေပြန်ပါပြီ။
.
.
.
.
.
.
.
.
.
.
.
.
.

✩🎻☆♪♪⁠~✧♪
တိမ်ညိုတွေ ကောင်းကင်ပြာပင်လယ်ပြင်ထံမှာ ရွက်လွှင့်နေကြပြန်သည်။

မိုးနံ့သင်းသော လေပြေလေးတွေ ချယ့်အနားက ဖြတ်သန်းတိုက်ခတ်သွားပုံမှာ အရမ်းကို အေးချမ်းချိုမြလှစွာ...။

သစ်ရွက်ကြွေတို့သည် လေပြေရူးနှင့်အတူလိုက်ပါစီးနင်း၍ မြေပြင်ထက်ကို ကြွေကျမြေခလာကြသည်။

နေကြာတွေခဏတာလောက်ပဲဖြစ်ဖြစ်အေးချမ်းစေရန်အလို့ငှာ တိမ်ညိုတွေသည် ‌သူရိန်နေမင်းကို ဖုံးအုပ်ပေးထားကြပါ၏။

မကြာခင်မှာပင် နေကြာတွေအပေါ် မိုးစက်တွေနှင့်အတူ တိမ်ညိုတွေပါ ပြိုကျတော့မည်ထင်သည်။

တိုင်းရင်းဆေးထုတ်တွေဆီမှ ဆေးနံ့သည် ချယ့်နှာဖျားထိပ်ကို လာရောက်ကလူကျီစားသည်။ ဆေးနံ့တွေကိုချယ်မကြိုက်သော်ငြား ဇူဟာ့ကိုသာ နေကောင်းသွားအောင်လုပ်ပေးနိုင်မည်ဆိုလျှင် အဆင်ပြေပါသည်။

ခုနတုန်းက ဆေးဆိုင်ပိုင်ရှင်အဒေါ်ကြီး စကားများနေသည်အား အားနာပါးနာနှင့် နားထောင်ပေးခဲ့ရသေးသည်။ ဒီ့ထက်ပိုနှောင့်နှေးကြန့်ကြာလို့မဖြစ်တော့သည်မို့ မိုးစက်တွေမပြိုခင်လေး ဇူဟာ့ဆီအမြန်ရောက်ရန် ချယ်,တာဆူနေတော့သည်။  

ထိုခဏချင်းအခိုက်မှာပင် ချယ့်ရဲ့အာရုံဆီသို့ အလွန်ရင်းနှီးသော တယောသံပျံလွင့်လာသည်။

ဝဲရင်ထဲရှိနှလုံးခုန်သံတွေ ဟစ်ကြွေးအော်မြည်လာသည်။

မှောင်ရီသောအခိုက်အတန့်တစ်ခုမှာ နားဆင်ခဲ့ရသည့် ဤတယောသံအား တစ်လကြာသည်အထိတိုင် ချယ်တမ်းတဆွတ်ကျင်မိနေခဲ့ပါသည်။  လွမ်းဆွေးချင်ဖွယ်ထိုတယောသံအား ချယ့်အရိုးထဲထိစွဲနေအောင် မှတ်မိနေခဲ့ရပါသည်။ ဒါပေမယ့် ဒီတယောသံကို ဘာလို့ဈေးထဲမှာကြားရတာပါလိမ့်...

တယောသံလာရာအရပ်မျက်နှာကို ရှာရန်ချယ်သည်ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ဝေ့ဝဲကြည့်လိုက်သည်။

လေပြေတစ်သုတ်ဟာ ရွှေဝါရောင်ဆံနွယ်တွေကြားထဲကိုတိုးဝှေ့တိုက်စားသွားကြပါ၏။

တစ်ခုသောနေရာမှာ လူတစ်စုအုံအုံကြွကြွဖြစ်နေကြပြီး တယောသံကိုနားထောင်နေကြပုံရသည်။ ချယ်လည်း ထိုလူစုလူဝေးဆီ သိချင်စိတ်နှင့်လျှောက်လှမ်းလိုက်လေသည်။

အမျိုးသမီးလေးတစ်ယောက် တယောတီးနေခြင်းဖြစ်သည်။ ကန်ရေပြင်လိုမျက်လုံးကြည်ကြည်လေးတွေ...နှင့်ထိုအမျိုးသမီးငယ်သည် အတော်ကိုပင် ငယ်ရွယ်နုပျိုပုံရသည်။ ပြုံးယောင်ယောင်သန်းနေသည့် ကကြီးပုံသဏ္ဍန်နီစွေးစွေးနှုတ်ခမ်းပါးတွေ...။ ဖြောင့်စင်းနေသည့် နှာတံနှင့် အပြစ်အနာအဆာကင်းသော နို့နှစ်ရောင်အသားအရေ....။

နတ်ပြည်‌ပေါ်ကနေ တယောတစ်လက်နှင့် ပြုတ်ကျလာသည့် နတ်မိမယ်လေးများလား..?

ရင်းနှီးနေသောအနှီတယောသံကို ထိုအမျိုးသမီးငယ်သည် အဘယ့်ကြောင့်တီးခတ်တတ်နေသည်မှန်း ချယ်မသိပါ။ ချယ်အတန်ငယ်စိတ်ရှုပ်ထွေးသွားမိသော်လည်း သာယာငြိမ့်ညောင်းသောတယောသံကြောင့် စိတ်အစဉ်ပြန်လည်ကြည်လင်လာရသည်။ အကြင်သူကို လွမ်းဆွတ်တမ်းတနေသလို ဒဏ်ရာတွေနှင့်လှပစွာ ရှတနာကျင်နေသည့် တယောသံစဉ်....။

တစ်လောကလုံးမိုးရိပ်ဆင်နေသည့်အချိန်မှာ ဆွေးတရီရီပြုံးယောင်သန်းနေသော ထိုအပြုံးညိုလေး.....။

တိမ်တွေပြိုမှာ ကောင်းကင်ဆီကမဟုတ်ဘဲ ထိုနှုတ်ခမ်းပါးတွေဆီကများလား..?

ထိုကဲဲ့သို့သာဆိုရင် နှလုံးသားပန်းကြွေတွေဟာ ချယ့်ကိုတောင်အသိမပေးဘဲ ညှိုးခွေပါ‌ရော့မယ်။

တယောထိုးခြင်းပြီးဆုံးသွားသည့်အခါ လူစုကြီးသည် အနှီအမျိုးသမီးရှေ့ရှိ တယောထည့်သည့်အိတ်အခွံထဲသို့  အကြွေစေ့‌တွေဝိုင်းဝန်းထည့်ပေးကြသည်။ ရေစက်တစ်စက်ချင်းစီစုပေါင်းကာ ကျယ်ပြောလှသည့်ပင်လယ်ပြင်ကြီးဖြစ်ပေါ်လာသည့်အတိုင်း အကြွေစေ့တစ်စေ့နှစ်စေ့မှစကာ အကြွေစေ့တို့သည် တယောထည့်သည့်အိတ်အပြည့်ဖြစ်သွားကြ၏။
ထိုလူတွေပြန်သွားပြီးသည့်ထိတိုင် ချယ်မပြန်သေးပါ။ မျက်စိရှေ့မှ အလွန်လှပသော အမျိုးသမီးငယ်ကို ဆွံအငေးစိုက်လျက် ကြည့်နေမိသည်။

ကန်ရေပြင်လိုမျက်လုံးကြည်ကြည်လေးတွေမှာ နွေးထွေးမှုတစ်ခုခုကိုများ ထည့်သွင်းရောစွက်ထားလေသလား။

မိုးရိပ်ဆင်နေသည့် နှုတ်ခမ်းပါးတို့နဲ့ဆန့်ကျင်စွာ နွေး‌ထွေးလိုက်လေခြင်း....။

"ဒီမှာရှင့်...."

ထိုအမျိုးသမီးငယ်ဟာ ချယ့်ရှေ့ရောက်လာပြီး နီစွေးစွေးကကြီးပုံနှုတ်ခမ်းတို့ လှုပ်ခတ်ပွင့်ဟသွားချိန်ကျမှ ချယ်သတိဝင်တော့သည်။
အနွေးဓာတ်တွေနဲ့တကွ ချယ့်ကို ညင်ညင်သာသာကြည့်နေပြန်လေသည်။

"ရှင်!ကျွန်-ကျွန်မလား?"

"ဟုတ်ပါတယ်ရှင့် ဟို ‌စိတ်မရှိရင်လေ..."

မဝံ့မရဲပန်းပွင့်လေးတစ်ပွင့်သည် နီစွေးစွေးနှုတ်ခမ်းသားတို့ထက်နေရာယူရင်း ကိုင်ဆောင်လာသော တယောအိတ်လေးသည် ချယ့်ရှေ့ကို တိုး‌‌လာပါ၏။

ဒီတစ်ခေါက်များတော့ ထိုနှုတ်ခမ်းလွှာတို့ဆီက တိမ်တွေမပြိုဘဲ ကောင်းချီးတရားတွေပြိုကျလာမည်ထင်သည်။

သူမကို ချယ်ငေးနေမိသည်မှာ ဘယ်လောက်ကြာသွားပြီမှန်းမသိလိုက်ချေ။ ရွှေအိုရောင်ဆံနွယ်တွေကို သယ်ဆောင်သွားမည့်လေပြေတစ်သုတ်ရောက်လာချိန်ကျမှ ချယ်သတိဝင်တော့သည်။

"အော်..... ဟုတ်ကဲ့ဟုတ်ကဲ့"

ချယ်လည်း ဆေးဆိုင်မှပြန်အမ်းလိုက်သည့်အကြွေစေ့လေးတွေကို ထည့်လိုက်သည့်အခါ အနှီအမျိုးသမီးငယ်သည် နွေးထွေးပျူငှာစွာ ချယ့်ကိုပြုံးပြသည်။

ထိုနီစွေးစွေးနှုတ်ခမ်းတွေက တကယ်ကို ကောင်းကင်ဘုံရဲ့ တိမ်ညိုအစိတ်အပိုင်းတွေနဲ့ ဆေးရောင်ကွန့်ထားကြတာ....

"ဒီကမိန်းမပျိုလေးရဲ့ အမည်နာမကိုများ ကျွန်မသိခွင့်ရှိလေမလား?"

မျက်စိရှေ့က နတ်မိမယ်လေးဘက်ကစကားစလာတော့ ချယ်ဝမ်းသာကြည်ရွှင်စွာ ပြန်ဖြေမိပါသည်။

"ပတ်ချယ်ယောင်းလို့ ခေါ်ပါတယ်ရှင့် ။အဲ့ဒီ့ဘက်ကရော"

"ကင်မ်ဂျီဆူးပါ..."

"တွေ့ရတာဝမ်းသာပါတယ်"

"ဆူးရောပါပဲ....

ဒါနဲ့ ရှင့်ရဲ့ရွှေအိုရောင်ဆံနွယ်လေးတွေက သိပ်လှတာပဲနော်."

ထိုအခိုက်အတန့်မှာ ဝေဟင်ညိုထက်အပြင်းရွက်လွင့်နေသည့်က မဲနယ်ရောင်တိမ်စိုင်တွေ ရုတ်ချည်းဆိုသလို ရပ်တန့်သွားပါသည်။

တိုက်ခတ်နေသည့် မိုးနံ့သင်းသင်းလေပြေရူးတို့သည်လည်း အလားတူပင် ရပ်တန့်နေကြလေသည်။

နှစ်တစ်ထောင်ကြာမှ တစ်ခါသာပွင့်သည့် နွယ်နီနတ်ပန်းလိုအပြုံးမျိုးဟာ မျက်စိရှေ့က အမျိုးသမီးငယ်ထံမှာတော့ ဝေဝေဆာဆာကို ပွင့်လန်းခဲ့လေသည်။
.
.
.
.
.
.
.
.
.
.
.
.
.
。⁠:゚🎻∘⁠˚⁠˳⁠°:⁠。☆゚⁠.⁠🌻*⁠・⁠。゚∘

ထိုနေ့ကလည်း ချယ်ထိုအမျိုးသမီးလေးနဲ့ စတွေ့သည့်နေ့တုန်းကလိုမျိုး ဝေဟင်ယံထက်မှာတိမ်စိုင်တို့ ညိုမှိုင်းနေခဲ့ပါသည်။ မိုးဖွဲစက်ကလေးတွေသည် ချယ့်ကိုယ်ပေါ်ကို ခပ်စိပ်စိပ်ကျသည်။ အရမ်းအလွန်အကျွံမစိုစွတ်ဘူးဆိုသော်ငြား ချယ့်ရဲ့ အဝါဖျော့ဖျော့ဂါဝန်ပေါ်မှာ မိုးစက်ရာတွေထင်ကျန်နေပါ၏။

စုထားဆောင်းထားသည့် ပိုက်ဆံထဲမှအနည်းငယ်ကို ယူပြီးချယ်လာမိသည့်နေရာကတော့ လူအနည်းငယ်ရှင်းသည့် လမ်းကြား‌ငယ်တစ်ခုထဲမှာရှိသည့် ပန်းဆိုင်လေးဆီသို့....။

ဒီနေ့သည် အထွေအထူးနေ့ကြီးရက်ကြီးရယ်မဟုတ်ပါ။ သို့သော်ငြား အဘွားကို ပန်းလက်ဆောင်ပေးချင်သည်မို့ အညိုရောင်ပန်းဆိုင်လေးရှိရာဆီ ချယ်ဦးတည်လာခဲ့ပါသည်။

ပန်းဆိုင်ရဲ့ မှန်ကူကွက်လေးတွေနဲ့သစ်သားတံတားကို ဖွင့်လိုက်သည့်အခါ တံခါးအပေါ်မှာချိတ်ဆွဲထားသော ဆည်းလည်းမြည်သံလေးဟာ ချွင်ကနဲ....။
ဤဆိုင်လေးသည် ပန်းအမျိုးအစားအတော်ကိုစုံလင်လှသည့်အတွက် အဘွားကို ဘယ်ပန်းလက်ဆောင်ပေးရင်ကောင်းမလဲဆိုတာ ခေါင်းစားနေတော့သည်။

"ထပ်တွေ့ကြပြန်ပြီနော်"

အလွတ်ကျက်စရာမလိုဘဲ ရင်းနှီးနေသည့် ဆည်းလည်းသံလို အသံချိုချိုလေးဟာ နားစည်ထဲခပ်တိုးတိုးဆွတ်ပျံ့လာသည့်အခါ ဝဲဘက်ရင်အုံသည် စန္ဒရားသံတို့ကြောင့် တအုံ့နွေးနွေးဖြစ်လာရသည်။

"ဟုတ်ပါ့ရှင်....."

ချယ်အချိုသာဆုံးပြန်ဖြေလိုက်ပြီး ကင်မ်ဂျီဆူးအမည်ရသည့်အမျိုးသမီးကို အလှပဆုံးပြုံးပြမိပါသည်။ တိမ်စိုင်ညိုတွေရဲ့ ကောင်းချီးကိန်းဝပ်ရာ နှုတ်ခမ်းပါးတွေဟာလည်း ချယ့်အတွက်ရည်ရွယ်ကာ လှလှပပကော့တက်လာပါ၏။

"ချယ်ယောင်း ဒီကို ဘာလာလုပ်တာများလဲ"

"အဘွားကို ပန်းလက်ဆောင်ပေးချင်လို့လာတာပါ။ ဂျီဆူးရော?"

"ဆူးအိမ်က ပန်းအိုးထဲက နေကြာတွေညှိုးကုန်ပြီလေ အဲ့ဒါကြောင့်ပန်းလာဝယ်တာ"

"ဂျီဆူးက နေကြာတွေကို သဘောကျတာလား?ချယ်ရောပဲရှင့်"

"ဆူးတို့က အကြိုက်တူတာပဲ
ဒါနဲ့ ချယ်ယောင်းကအဘွားကို ဘယ်ပန်းကို လက်ဆောင်ပေးချင်တာလဲ..?"

"အဲ့ဒါရွေးရခက်နေတာရှင်...ပန်းတွေကအကုန်လှနေတယ်။ "

ဂျီဆူးဟာ ဝေခွဲရခက်နေပုံပေါ်သော ချယ့်ကို ငေးစိုက်ကြည့်ရင်း နီစွေးစွေးအပြုံးတစ်ပွင့်ကို ဆင်မြန်းပါသည်။ တစ်ပြိုင်တည်းမှပင် နွေးထွေးမှုတစ်မျိုးမျိုးရောစွက်ထားသော မျက်ဝန်းလဲ့လဲ့လေးတွေသည် ပန်းဆိုင်၏ အရပ်မျက်နှာအနှံ့ကို ဝေ့ဝဲကြည့်လိုက်သည်။

ပန်းဆိုင်လေး၏ ထောင့်စွန်းနားလေးရှိ အဝါရောင်နေကြာတွေဆီအရောက်မှာတော့ နီစွေးစွေးအပြုံးတို့ထဲ၌ ကျေနပ်နှစ်သက်ခြင်းတို့ပါ ဖြည့်စွက်ရောယှက်လာခဲ့လေ၏။

"နေကြာတွေကိုရွေးပါ့လား ချယ်ယောင်းအဘွားက နေကြာပန်းတွေကို မကြိုက်ဘူးလား"

"အဘွားက နေကြာတွေကိုဆိုသိပ်ချစ်ပါတယ်။ ဒါပေမယ့် အရင်တစ်‌ခေါက်က နေကြာတွေကိုပေးပြီးသားမို့ ဒီတစ်ခေါက်တော့ မတူတာလေးပေးချင်မိတာ"

"အာ....ချယ်ယောင်းကို ကြည့်ရတာဆုံးဖြတ်ရခက်နေတဲ့ပုံပဲ။ ဆူး ကူပြီးရွေးပေးရမလား"

"အကောင်းဆုံးပေါ့ရှင်"

"ဆူးကတော့ အဝါရောင်ကျူးလစ်တွေကို ရွေးချယ်စေချင်တယ်။ အဝါရောင်ကျူးလစ်တွေရဲ့အဓိပ္ပာယ်က ‘မျှော်လင့်ခွင့်မရှိတဲ့အချစ်’တဲ့လေ"

သာယာငြိမ့်ညောင်းလှသည့် ဂျီဆူး၏ စကားသံအဆုံးသတ်ရှိဆွဲသံသဲ့သဲ့တွင် အမည်မသိသော ပန်းပွင့်တွေ ဖူးပွင့်ဝေဆာလာကြသည်။

မျှော်လင့်ခွင့်မရှိတဲ့အချစ်  ?
တကယ်သာဆို....
နေကြာအတွက် နေမင်းကြီးတစ်စင်းဆိုပေမယ့်
နေမင်းကြီးအတွက်ကတော့ နေကြာလေးတစ်ပွင့်ပေသာမို့
အဲ့ဒီ့ပန်းစကားက နေကြာတွေရဲ့မူပိုင်ဖြစ်သင့်တာ....။

စူး☘️
TBC......

__________________

15ရက်ပဲနားမယ်ဆိုပြီးဘယ်နှစ်ရက်တွေ နားခဲ့မိမှန်းမသိလို့ တကယ်တောင်းပန်ပါတယ်ရှင်။

Update ကတော့ every Sunday ပါ😊🌻


You are reading the story above: TeenFic.Net