Mood song:Love Story by indilia
____________________
ပရိဘောဂရယ်လို့ရေရေရာရာမရှိတဲ့ အခန်းကျယ်ထဲ နေရာယူနေသည့်လေထုက အေးစက်ခြောက်ခြားဖွယ်ရာကောင်းလှသည်။ အခန်း၏ ထိပ်စွန်းနားရှိအပေါ်မျက်နှာကျက်နှင့် ကပ်လျက်ရှိနေသောပြတင်းကျဉ်းလေးမှ အပြင်ဘက်လမ်းမပေါ်သွားလာနေကြသော လူအထွေထွေ၏ ခြေလှမ်းတွေကို မြင်နေရသည်။ ထိုအချက်ကြောင့် ဤအေးစက်နေသောအခန်းငယ်သည် မြေအောက်ခန်းတစ်ခုဖြစ်သည်ဆိုတာ ပေါ်လွင်ထင်ရှားသွားပါ၏။
လန်ချားသံတွေ ကားသံတွေ လူတွေရဲ့စကားပြောသံဗလုံးဗထွေးတွေကို ရောပြွန်းကြားနေရသည်။
မြေအောက်ခန်း၏ အရှေ့မျက်နှာစာတွင်ရှိသည့် ခပ်ကျယ်ကျယ်နှစ်ဆင့်စင်ပေါ်တွင် တင်ထားသည်က ဖယောင်းတိုင်အမည်းတင်ထွန်းထားသော လူအရိုးခေါင်းတွေ.....စူးရှလှိုင်းထွေးသောရနံ့နှင့် တလူလူသင်းပျံ့မွှေးကြိုင်နေသော အမွှေးတိုင်တွေ.....ကိုးကွယ်သည့်နတ်ဘုရားကို ကပ်လှူထားသည့်အရာတွေသည်လည်း အကုန်အစိမ်းသားတွေချည်း။
ထိုနှစ်ဆင့်စင်ကျယ်ပေါ်မှာ တင်ထားသည့်အရာတွေအား မျက်လုံးထောင့်စွန်းမှ ဖြတ်ကနဲလှမ်းကြည့်လိုက်မယ်ဆိုရင်တောင် ကောင်းသောခံစားချက်ကိုပေးနိုင်မည်မဟုတ်ချေ။
မှောင်မည်းမည်းအခန်းကျယ်ကို အမည်းရောင်ဖယောင်းတိုင်တွေဆီမှအလင်းတွေနဲ့ ဖြိုခွင်းထားပြီး တစ်ချက်တစ်ချက်ရနေတဲ့ အမွှေးတိုင်နံ့က စိတ်ကိုတစ်မျိုးအရိုင်းဆန်စေသည်။
"ပါးစပ်ပြောပုံပြင်က အမှန်ဆိုတာ အသင့်အသက်နဲ့ရင်းပြီး အာမခံရဲသလား"
"ခံရဲပါတယ် ဝန်ကြီးမင်း။
လူသားနဲ့နတ်သမီးပေါင်းစပ်ပြီး မွေးလာတဲ့ကလေးမက ရောဂါတွေကိုအကုန်အစင်ပျောက်ကင်းစေနိုင်ရုံသာမက သေသူကိုပါပြန်ရှင်စေနိုင်စွမ်းရှိပါတယ်"
"ကြားရတာ သိပ်ဝမ်းသာတယ်"
သူ့ရှေ့မှာ ဒူးတုပ်ခစားနေတဲ့ အောက်လမ်းနတ်ဆရာမကို ဝန်ကြီးချုပ်Jeonဟာကျေနပ်အားရခြင်းတို့ ပျော်ဝင်နေသော ညစ်ကျယ်ကျယ်မဲ့ပြုံးတစ်ပွင့်ကို ပြုံးရင်းကြည့်နေတယ်။
"ထိုကလေးမဟာ နိဗ္ဗာန်လိုအလှတရားမျိုး....ဒါမှမဟုတ်ရင် ငရဲလိုအလှတရားမျိုးရှိပါတယ်။ ထိုကလေးမရဲ့ လည်ပင်းနောက်ဘက်မှာလည်း တယောပုံမွေးရာပါအမှတ်ပါရှိပါတယ်"
"ဒီလိုဆိုရင်တော့ ရှာရတာသိပ်ခက်မယ့်ပုံမပေါ်လေဘူး။
အသင်....!!"
"ဟုတ်ကဲ့ ဝန်ကြီးမင်း အမိန့်ရှိပါ"
နတ်ဆရာမရဲ့နာခံသံဟာ အခန်းကျယ်ထဲ ကြည်လင်ပြတ်သားစွာပြန့်လွင့်လာတယ်။ ထိုနည်းတူပဲ ဝန်ကြီးချုပ်Jeonရဲ့ အမိန့်သံဟာလည်း နောက်ဆုတ်မယ့်အရိပ်အယောင်မရှိဘဲ ပြတ်သားခိုင်မာစွာ....
"အခုချိန်ကစပြီး လူသားနဲ့နတ်သမီးနဲ့ပေါင်းပြီး မွေးလာတဲ့ကလေးမကို မြေလျှိုးမိုးပျံချောင်ကျိုချောင်ကြားပါမကျန် လိုက်ရှာပေတော့"
"အမိန့်အတိုင်းဖြစ်စေရပါ့မယ်"
အခန်းတွင်းရှိကျောချမ်းဖွယ်ရာအငွေ့အသက်သည်အတိုင်းအထက်အလွန်ပင်။ ဝန်ကြီးချုပ်Jeonရဲ့ ချောမောလှပသောမျက်နှာနုနုလေးနဲ့မှ မလိုက်မဖက်စွာ နှုတ်ခမ်းထောင့်စွန်းတွင် ပွင့်လန်းနေသော ညစ်ကျယ်ကျယ်မဲ့ပြုံးတစ်ပွင့်ကြောင့် အခန်းတွင်းရှိလေထုသည် ဆတိုးလို့ကြက်သီးထဖွယ်ရာဖြစ်သွားပါသည်။
တရိပ်ရိပ်တလူလူလွင့်နေသော ဖယောင်းတိုင်မီးစတွေကို Jeonကြည့်ရင်း သူ့ရဲ့အသည်းနှလုံးသည် တဖြည်းဖြည်းနဲ့ မာကျောခက်ထန်သောကျောက်တုံး ဖြစ်လာသလိုခံစားရသည်။
မဟုတ်တာ....သူဒါတွေကို လုပ်ခဲ့တယ်ဆိုတာ ချစ်ရသူအမျိုးသမီးလေးကို ကယ်တင်ချင်တာကြောင့်ပဲ။ သူ့မှာအသည်းနှလုံးရှိလို့ပဲ ဒီနည်းလမ်းကို ရွေးချယ်ခဲ့တာပေါ့။
တစ်ခုပဲ....
သူကယ်တင်ချင်တဲ့ အမျိုးသမီးကတော့ သူ့အိမ်သူသက်ထားဟုတ်မနေ။
"ရှာတွေ့တယ်ဆိုတဲ့အသံပဲ ငါကြားချင်တယ်။ မဟုတ်ရင် မင်းရဲ့ခေါင်းနဲ့ကိုယ် မြဲဖို့အာမ,မခံနိုင်ဘူး"
"ဟုတ်-ဟုတ်ကဲ့ပါ"
ဟုတ်သည်။
သူဟာ တစ်ယောက်သောသူအတွက်မှအပ အခြားလူတွေအပေါ် စိမ်းသက်ရက်စက်ခဲ့သည်ချည်း။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
✷☆✯❄️✯☆✷
ချယ့်ရဲ့ ပြက္ခဒိန်စာမျက်နှာတွေပေါ် ခြယ်မှုန်းတဲ့ခပ်ညိုညိုကြည်နူးခြင်းတွေဟာ ကင်မ်ဂျီဆူးနဲ့အတူအိမ်ပြန်ခွင့်ရတဲ့နေ့ရက်တွေကို ဆိုလိုတယ်။ ခြေလှမ်းနုနုလေးတွေကို ခပ်ဖြေးဖြေးလှမ်းရင်း မြတ်နိုးရသူရဲ့ မျက်နှာလေးကိုခိုးငေးခွင့်ရတာဟာ ချယ့်အတွက်တော့နေကြာတွေကို တမေ့တမောငေးနေရသလို သိပ်လှတဲ့သမယတွေပဲ။
အခုလည်း ရက်စွဲတွေပေါ်နေရာယူနေကြဖြစ်တဲ့ ကြည်နူးမှုလေးတွေကို မပျောက်ပျက်သွားစေချင်တဲ့အတွက် ချယ့်ရဲ့ခြေလှမ်းတွေဟာ အညိုရောင်ဖြစ်တည်မှုရှိရာ အရပ်ဆီမပြေးရုံတမယ်နှင်နေရတယ်။
အရင်နေ့တွေတုန်းကဆို ချယ်ဟာ စက္ကန့်တိုင်းကို ပျော်ရွှင်နှစ်လိုစွာ တစိမ့်စိမ့်ခံစားရင်း အသွားလမ်းကိုရော အပြန်လမ်းကိုပါ ပုံမှန်လေးနှင်နေကြ။
သို့ပေသည့် ယခုအခါတွင်မူ ဇူဟာ့ဆေးစစ်ချက်အဖြေကိုနှစ်ယောက်အတူသွားယူရန် အလုပ်သမားတန်းလျားကို သွားပြီးကာမှ တစ်ယောက်တည်းပဲသွားယူလိုက်တယ်ဟု ပြောသောဇူဟာ့ကြောင့် ချယ့်မှာစိတ်ဆိုးခဲ့ရသေးသည်။ သို့သော် ရောဂါမရှိပါဘူးဟုဇူဟာပြောသောကြောင့် ချယ်စိတ်အေးသွားပြီး အပြုံးညိုပိုင်ရှင်အတွက်အကြိုတော်လုပ်ရန် ခြေလှမ်းတွေဦးတည်လာခဲ့သည်ပင်။
တစ်စစမှိုင်းညို့ရီဝေလာနေပြီး လောကကြီးကို တဖြည်းဖြည်းဝါးမြိုလာသည့် အမှောင်ထုကိုကြည့်ခြင်းအားဖြင့် အချိန်လင့်တော့မည်ဆိုတာ သိနေသည်။
အပြုံးညိုပိုင်ရှင်များ သူမ,လာအကြိုကို စောင့်မျှော်နေသေးလေသလား။
ဖြစ်နိုင်ချေတော့သိပ်မရှိချေ။ ဘာလို့ဆို လာကြိုရန်မအားကြောင်း မနေ့ကချယ်ပြောပြပြီးပြီမို့။
ထိုကဲ့သို့ပင်ဖြစ်လင့်ကစား ရင်ထဲကမျှော်လင့်ချက်အလင်းစသေးသေးလေးကို မည်ကဲ့သို့အမည်တပ်ရပါ့။ မျှော်လင့်နေသည်မဟုတ်...အတိအကျသိနေသလို...ချယ်လာကြိုမည်အား ကင်မ်ဂျီဆူးသေချာပေါက် စောင့်နေလိမ့်မည်ဆိုတာကို...။
တွေ့ပါပြီ။
ဆိုင်ရှေ့လေးမှာ ဟိုကြည့်ဒီကြည့်နဲ့ မျှော်တော်ယောင်လုပ်နေပုံရသော နှလုံးအိမ်ထဲက နေကြာပန်းတွေရဲ့ ပိုင်ရှင်အမျိုးသမီးလေးကို။
"ဆူး...."
"ဟယ်...ချယ်လာတာပဲ။ ပြောတော့ မလာနိုင်တော့ဘူးဆို..."
"အင်း အစကတော့ လာမကြိုနိုင်တော့ဘူးထင်ထားတာပဲ။ဒါပေမယ့် ထွက်လာလိုက်တာ ဆူးကစောင့်နေသေးတာပဲ"
"လာကြိုမယ်ထင်လို့ စောင့်နေတာပေါ့ရှင်"
"ချယ်လည်း ဆူးစောင့်နေဦးမယ်ထင်လို့ လာကြိုတာ..."
ထို့နောက်နှစ်ဦးသားကြားထဲ တိတ်ဆိတ်သွားသော လေထုထဲတွင် ရင်ခုန်သံခပ်နွေးနွေးတို့သာနေရာယူလာကြသည်။
နေကြာတွေပွင့်နေကြ ဤရပ်ဝန်းငယ်ငယ်ဟာ သူမနဲ့အတူဆို ခါတိုင်းလိုနွေးထွေးငြိမ်းချမ်းမြဲပင်။ ချယ်သာ ကဗျာအလင်္ကာတွေ သီကုံးတတ်ခဲ့မည်ဆိုလျှင် ချယ့်ရဲ့ညိုညစ်ညစ်စာမျက်နှာတွေထက် အပြုံးညိုအကြောင်းတွေသာ တစ်သီတစ်သန်းကြီးနေရာယူပါလိမ့်မည်။
အခုလည်း ဆူးကချယ်လာကြိုမယ်မှန်းသိလို့ဆက်စောင့်နေခဲ့တာတဲ့လေ....နေမင်းကြီးနဲ့နေကြာပန်းလေးဆိုတော့ စိတ်ချင်းနီးတာ အဆန်းတော့မဟုတ်ပါ။
"ဆူး,ချယ့်ကို လက်ဆောင်ဝယ်ပေးချင်လို့စောင့်နေတာ။ ချယ့်နဲ့ချယ့်အဘွား အိမ်မှာပျင်းရင် သီချင်းလေးနားထောင်လို့ရအောင်လို့ဆိုပြီး ဓာတ်ပြားစက်လေးတစ်ခုလောက်ဝယ်ပေးမလားလို့စဉ်းစားနေတာ"
"မဟုတ်တာ ဆူးရယ်....ဓာတ်ပြားစက်ဈေးက နည်းနည်းနောနောမှမဟုတ်တာ။ ဆူးလည်း ပြန်ထောက်ပံ့ရမယ့် အဖေရှိသေးတယ်မဟုတ်လား"
အပြုံးညိုပိုင်ရှင်ဆီက စကားပြန်မလာပါ။ အနှီအခိုက်အတန့်မှာ ရေရေရာရာမသိတဲ့ ဝမ်းနည်းခြင်းလှိုင်းတံပိုးတွေက ချယ်ကို တိုးတိုက်ကြတာအမှန်။
အပြုံးညိုတို့ဖြစ်တည်ရာသောင်ပြင်ကလာတဲ့ ဝမ်းနည်းခြင်းလှိုင်းတံပိုးတွေ.....။
"ဆူးကဒီအတိုင်း ချယ့်ကိုလက်ဆောင်ပေးချင်ရုံပါ။ မငြင်းပါနဲ့လားချယ်..."
သိမ်ငယ်ခြင်းတို့ရောယှက်သော အသံသေးသေးလေးသည် ချယ့်ထံပါး ခပ်တိုးတိုးဆွတ်ပျံ့၏။
အပြုံးညိုတွေပွင့်နေကြ နှုတ်ခမ်းပါးက သိမ်ငယ်ကြောင်းတွေ အစမချီသော်ငြား ချယ်သိနေသည်....ချယ်ရိပ်စားမိနေသည်။
အိုကွယ်...သိမ်ငယ်စရာမလိုပါဘဲ။
အပြုံးတိုင်း၏ နောက်ကွယ်မှာ ပုံပြင်တစ်ပုဒ်စီရှိသည်ဟု ချယ်ကြားဖူး၏။
အပြုံးညိုတွေရဲ့နောက်ကွယ်မှာ ပြည်ဖုံးကားချထားတဲ့ ပုံပြင်ဘယ်နှစ်ပုဒ်ရှိပါသနည်း။
"ဆူးသဘောပါ။ ဓာတ်ပြားစက်ပဲဝယ်ပေးပေး ဘာပဲဝယ်ပေးပေး အကုန်ဆူးသဘော"
တိမ်ညိုတွေရစ်ဆိုင်းနေသည်အား ဖုံးကွယ်ထားသော မျက်ဝန်းအိမ်တို့သည် ချယ့်စကားကိုကြားပြီးနောက် အတန်ငယ်ရွှင်လာဟန်တူ၏။ တစ်ဆက်တည်း ပါလာသည်က နှုတ်ခမ်းထောင့်စွန်း၌ ခပ်ရေးရေးလေးပွင့်အာလာသော ပန်းညိုတစ်ပွင့်။
"ဒါဆို မမှောင်ခင် သွားကြရအောင်လေချယ် ဒီညမိုးရွာမယ့်ပုံပေါ်တယ် မိုးအေးအေးလေးနဲ့ သီချင်းနားထောင်ရရင် ခံစားချက်က နိဗ္ဗာန်တမျှပဲနော်"
"ဒါဆိုလည်း နိဗ္ဗာန်ကိုခံစားလို့ရအောင် ကူညီပေးတဲ့ ဆူးကို ချယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်...."
အင်း.....ဆည်းဆာဆမ်းသည့်အပြုံးညိုတွေ...သိပ်ကိုလှနေပြန်ပါပြီ။
.
.
"ဆူးကို ချယ်ပြောစရာရှိတယ်"
အပြင်ဘက်မှာခပ်ဖွဲဖွဲကျနေသည့် မိုးစက်တို့၏အသံကို ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဓာတ်ပြားဆိုင်၏ ရပ်ဝန်းထဲတွင် ချယ့်ရဲ့အသံအေးအေးလေးသည် ဆူးရဲ့နားစည်ထံ ပျံလွင့်လာပုံမှာ ချိုသာလှစွာ.....။
ဆိုင်ရောက်ကတည်းက အကောင်းဆုံးဓာတ်ပြားစက်ကိုရွေးနေသည်မှာ နာရီဝက်လောက်ပင်ကြာရောထင့်။
မကြာမီ မိုးဆုံးဆုံးချုပ်တော့မည့်အကြောင်းများ စကားပါးလေမလို့လား.....။
"မှတ်မိသေးလားဟင် ....ကင်မ်စံအိမ်မှာ အလုပ်နေရာတစ်ခုရှိလာလို့ ချယ့်ကိုမေးခဲ့တာကို"
"မှတ်မိတာပေါ့ချယ်...ဘာလဲ...ဆူးအတွက်သင့်တော်မယ့် အလုပ်နေရာတစ်ခုရှာတွေ့ထားလို့လား"
"ဟုတ်တယ်။ဒါပေမယ့် ဆူးကအခုအလုပ်အတည်တကျရှိနေပြီဆိုတော့ ကင်မ်စံအိမ်ကနေရာကို မလိုတော့ဘူးထင်ပါရဲ့"
"အတွေးမစောနဲ့ဦးလေချယ်ရယ်....အရင်ဦးဆုံးပြောကြည့်ပါဦးလား"
ဓာတ်ပြားစက်တစ်ခုကို အသေအချာအကဲခတ်နေရင်း ချယ့်ကိုလှည့်မကြည့်ဘဲ ပြောလာတဲ့ပုံလေးတောင်မှ သိပ်ကိုမြတ်နိုးဖွယ်ကောင်းလွန်းလှတယ်။ ကျောပြင်ပေါ်ဖြာကျနေတဲ့ ဆူးရဲ့ဆံနွယ်တွေရဲ့ညှို့ဓာတ်က ပြင်းလွန်းသောပဲ...။
ဘေးတစ်စောင်းမြင်နေရတဲ့ ခပ်ကော့ကော့မျက်တောင်ဖျားလေးထံ ယီးလေးခိုတဲ့ချယ့် စိတ်ဝိညာဉ်တွေ အိမ်ပြန်မလာတော့တာကြာပေါ့။
ကန်ရေပြင်လိုမျက်ဝန်းအိမ်ကြည်ကြည်လေးထဲ ခုန်ချမိရင်း အသက်ရှူမဝခဲ့ချိန်တွေလည်း များပေါ့ကျွန်မအချစ်ရယ်.....။
"သန်ဘက်ခါကျရင် ဘုရင်ခံကင်မ်ရဲ့ ၅၂နှစ်ပြည့်မွေးနေ့လေ..။ပွဲမှာတယောထိုးမယ့်လူလိုနေလို့ အဲ့တာဆူးများ....."
မျက်ဝန်းအိမ်ကြည်တောက်တောက်လေးတွေ အတန်ငယ်တုန်လှုပ်သွားပါသည်။ စက္ကန့်ဝက်လောက်သာကြသည်မို့ ချယ်သတိမထားမိလောက်ဘူးထင့်။
ဆူးဟာ သူမရဲ့မူပိုင်အပြုံးညိုတစ်ပွင့်ကို နှုတ်ခမ်းလွှာထက်ငြိမ်းချမ်းစွာ ချိတ်ဆွဲရင်း....ချယ်နဲ့ဖြည်းဖြည်းချင်းအကြည့်ချင်းဆုံလာတယ်။
"ဆူးလက်ခံပါတယ်။ ဒါပေမယ့် စံအိမ်ကြီးထဲရောက်ရင် လမ်းပျောက်မှာစိုးလို့ ချယ်က ဆူးအနားအမြဲတမ်းနေပေးရမယ်နော်"
"စိတ်ချပါရှင်....ဆူးအနားက ထွက်သွားမှာမဟုတ်ပါဘူး"
မနေ့ကရော ဒီနေ့အတွက်ရော မနက်ဖြန်ပေါင်းများစွာအတွက်မှာ ချယ်ကရှင့်ဘေးနားအမြဲတမ်းရှိနေမှာပါဆူး...
ချယ့်ရဲ့ဆူးနံဘေးမှာပေါ့....
.
.
.
.
.
.
.
.
.
.
.
ပန်းနုရောင်သမ်းနေတဲ့ နှုတ်ခမ်းပါးတွေကို သူမ,မရင်းနှီးတာမို့ ခပ်ရဲရဲနှုတ်ခမ်းနီတစ်တောင့်ကို ယူပြီး နှုတ်ခမ်းလွှာတွေကိုရဲဆေးတင်လိုက်တယ်။
ကျော့ရှင်းလှပသည့် လည်တိုင်ထက်နေရာယူထားသည်က သာမန်လူတွေအိမ်မက်မမက်နိုင်သည့် တန်ဖိုးကြီးသည့် ပုလဲကုံးဆွဲကြိုးတစ်ကုံး။
သိပ်လှသည့်မျက်ဝန်းတွေမှာတော့ အေးစက်ခြင်းပုံရိပ်တွေ ပျံ့ကျဲလျက်....နှုတ်ခမ်းတို့ထက်၌လည်း ပန်းတွေမပွင့်ခဲ့တာ မည်မျှလောက်ကြာပြီမှန်းမသိတော့။
သူမက နှုတ်ခမ်းတစ်စုံကိုရဲဆေးတင်လိုက်သော်ငြား မှန်ထဲကတစ်ဆင့်မြင်နေရသည့် သူမကိုယ်တိုင်ရဲ့ အေးစက်စက်ပုံရိပ်ကို မနှစ်မြို့လှပါ။
ရင်ဝက ပေါက်ကွဲလုလုမီးတောင်တစ်ခုလို ပူလောင်ခြင်းတွေကြောင့် လည်ပင်းမှာဆွဲထားတဲ့ ပုလဲဆွဲကြိုးကို ဒေါမာန်ကြီးစွာ ဆွဲဖြတ်ပစ်လိုက်တယ်။
ကြွေပြားခင်းကြမ်းပြင်အား ပုလဲလုံးတို့ထိရိုက်သံ တစ်တောက်တောက်ဟာ အခန်းကျယ်ထဲ ရုတ်ချည်းဆိုသလိုပျံနှံ့သွားတယ်။
အမှန်တော့.......
နှုတ်ခမ်းတွေကို ရဲဆေးတင်နေပေမယ့် သူမတကယ်တမ်းလိုချင်ခဲ့တာ ပန်းနုရောင်ခြယ်နှုတ်ခမ်းသားတွေပဲမဟုတ်လား။
'ကျွီ....'ကနဲ မြည်လာတဲ့အခန်းတံခါးပွင့်သံကို သူမနားစွင့်နေလိုက်တယ်။ အခန်းဝကို မျှော်ကြည့်ခြင်းမရှိ....မည်သူဖွင့်ဝင်လာသည်ဆိုတာကို သိလိုခြင်းမရှိ....ကြိုဆိုခြင်းလည်းမရှိ။
ဘာလို့ဆို ဘယ်သူဆိုတာကို သိနေတာမို့.....။
မီးအိမ်အလင်းရောင်ခပ်ဝါဝါသာ လွှမ်းခြုံထားတဲ့ အခန်းထဲ ဖြန့်ကျက်လာတဲ့ ကိုယ်သင်းနံ့တစ်ခုကို မနှစ်မြို့လိုက်တာ.....။
"ယဉ်ကျေးမှုလေးတော့ရှိသင့်တယ် jeon။ တံခါးခေါက်ပြီးမှဝင်လာသင့်တယ်"
"မင်းနဲ့ငါ့ကြားမှာ လိုတာလည်းမဟုတ်ဘဲနဲ့"
ဒါဟာ ဝန်ကြီးချုပ် ဂျွန်ဆောင်းမင်နဲ့ သူ့ရဲ့ဇနီး လာလီဆာတို့ကြားက ရေခဲလိုအေးစက်စက်ဆက်ဆံရေးပဲ။
အချစ်နဲ့မဟုတ်ဘဲ အာဏာတွေနဲ့ တည်ဆောက်ယူခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုမှာ နွေးထွေးမှုတွေမရှိ။ မလိုဘူးဟု နှစ်ဦးသားစလုံးခပ်ပြတ်ပြတ်တွေးခဲ့သည်လည်း ပါမည်ထင်၏။
လူ့လောကထဲရောက်လာကတည်းက ငွေပုံပေါ်အခန့်သားတက်ထိုင်နေခဲ့ရတဲ့ ဘဝတွေမို့ ကြီးလာတော့လည်း ကိုယ့်ခြေထောက်အောက်မှာရှိတဲ့ ငွေပုံကို တည်တံ့စေရန်အတွက် မိဘတွေရဲ့ စကားတစ်ခွန်းနဲ့ပြီးခဲ့ရတဲ့နှစ်ဦးသား။
သူတို့ကြားမှာ အချစ်မလို....နွေးထွေးမှုမလို...နားလည်မှုမလို....
ဂုဏ်ပုဒ်တွေသာလိုသည်။
"သန်ဘက်ခါကျရင် ကင်မ်အိမ်တော်မှာဘုရင်ခံကင်မ်ရဲ့ မွေးနေ့ပွဲကျင်းပမှာ..."
ဂျွန်ဆောင်းမင်ဟာ စကားကိုလိုရင်းပဲပြောသည်။
"ငါမလိုက်ဘူး"
လီဆာကလည်း ခပ်ပြတ်ပြတ်ပင်။
စကားပြောနေတယ်ဆိုသော်ငြား အခုထိတစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးမပြောကြ...အကြည့်တစ်ချက်ဆုံခြင်းမရှိဘဲ လီဆာဟာ မှန်တင်ခုံရှေ့ထိုင်နေဆဲဖြစ်ပြီ မှန်ထဲက သူမပုံရိပ်ကိုသူမကြည့်ဆဲ။
ဂျွန်ဆောင်းမင်ဟာလည်း ပြတင်းပေါက်ကို ဦးတည်ချက်မရှိငေးနေဆဲ။
"မလိုက်ခဲ့လို့ရမယ်ထင်လို့လား လောကကြီးက နင်ဖြစ်ချင်တိုင်း ဖြစ်မှာမဟုတ်ဘူးလေ။ အခုထိနားမလည်သေးတာ စိတ်ပျက်လိုက်တာ"
"ဂျွန်ဆောင်းမင်....နင့်မှာ ငါ့ကိုဒီလိုပြောခွင့်မရှိဘူး။ဘောင်ကျော်မလာစမ်းနဲ့ ငါမရှိရင် နင့်ရာထူးမြဲမယ်ထင်နေသလား"
"ကင်မ်အိမ်တော်ကို နင်လိုက်ခဲ့ရမယ် ငါနောက်တစ်ခါထပ်ပြောမှာမဟုတ်ဘူး။"
ကြမ်းပြင်ပေါ်ပြန့်ကျဲကျနေသည့်ပုလဲလုံးတွေအား တွန်းတိုက်သွားတဲ့ ဝန်ကြီးချုပ်ဂျွန်ဆောင်းမင်ရဲ့ ခြေသံဟာ လီဆာနဲ့တဖြည်းဖြည်းချင်းဝေးကွာသွားတယ်။
နောက်ဆုံးတော့ သူမဘဝမှာ ကျန်ခဲ့တာဘာတွေလဲ.....
အထီးကျန်မှုတွေပဲမဟုတ်လား။
.
.
.
.
.
.
.
.
.
.
.
.
.
。♡♡。🤎🎻🤎。♡♡。
နက်ပြာရောင်စိန်ပွင့်တွေ ပက်ကြဲထားသလို ထွန်းလင်းတောက်ပနေသည့် ညနက်အလယ် လူ့ဘုံ၏တစ်နေရာမှာတော့ ကြယ်စင်တို့ထက် ပိုတောက်ပသော ဌာနီတစ်ခုရှိချေလေ၏။ နေကြာပန်းခင်းတွေဝန်းရံရာ ကင်မ်စံအိမ်၏ပရဝဏ်အတွင်းတွင် မီးများလင်းထိန်နေသည်။
တစ်မြိုလုံးနေရာအစုံတောင် လျှပ်စစ်မီးမရကြသေးပေမယ့် ရှိသမျှအကုန်လက်ဝါးကြီးအုပ်ထားသည့် ကင်မ်စံအိမ်သည်ကား မီးသီးရောင်တွေကြားထိန်လင်းလျက်။
ဘုရင်ခံကင်မ်၏ ၅၂နှစ်ပြည့်မွေးနေ့ပွဲကို တက်ရောက်လာကြသည့် အထက်တန်းလွှာတို့သည် စံအိမ်ကြီး၏ ဥယျာဉ်ဝန်းအတွင်းမှာရော ဧည့်ခန်းထဲမှာပါ ပျားပန်းခပ်မျှ ရိုးရိုးယွယွလှုပ်ရှားနေကြသည်။
ထိုလူအထွေထွေတို့၏ မျက်နှာတို့သည် ပိုက်ဆံဂုဏ်ရောင်တွေတောက်ပစွာ မာန်မာနတွေ ကြွရွဝင့်ထည်စွာ.....။
ဥယျာဉ်ဝန်းထဲတွင် စာပွဲထိုးတာဝန်ကိုယူရသလို အထိန်းတော်မင်ခိုင်းတာတွေကိုပါ လုပ်ပေးနေရပေမယ့် ချယ့်စိတ်အစဉ်ဟာ ကင်မ်ဂျီဆူးဆီ မလွင့်တဲ့အချိန်ရယ်လို တစ်စက္ကန့်ရယ်ပင်မရှိ။
ဆူးသည် ပွဲချိန်အလယ် ရောက်လျှင်စီစဉ်ထားသည့်အတိုင်း ဥယျာဉ်ထဲမှာ တယောထိုးပြဖျော်ဖြေရမည်ပင်။ ထိုအချိန်ရောက်ရန် လိုသေးသော်ငြား "ဘာလို့များမလာသေးတာပါလိမ့်"အစချီသော မေးခွန်းပေါင်းများစွာဟာ ချယ့်ညတာကို ခြယ်လှယ်သည်။
"ချယ်ရေ....ချယ်ပြောတဲ့တယောထိုးမယ့်သူဆိုတာ ရောက်လာပြီလား"
အနောက်ဘက်မှကြားရသော အထိန်းတော်မင်၏ တည်ကြည်လေးနက်သောအသံ။
ခန့်မှန်းရသလောက် အထိန်းတော်မင်လည်း တယောထိုးသူရောက်မလာသေးသည်အား အတန်ငယ်စိုးရိမ်ဟန် တူလေ၏။
"မလာသေးဘူးရှင့်....ကြည့်ရတာသူ မျက်စိလည်နေတာလား မသိဘူး။ ကင်မ်စံအိမ်ကို တစ်ခါမှရောက်ဖူးတဲ့လူမဟုတ်လို့လေ"
"မရောက်သေးလည်း ရပေမယ့် အခမ်းအနားစချိန်အလည်လောက်ရောက်လာရင်တော့ ရောက်ကိုရောက်မှဖြစ်မယ်နော်"
"ဟုတ်ကဲ့ စိတ်ချပါရှင်"
"အေးကွယ်....စိတ်ချလို့ရရင်ပြီးတာပဲ"
ခဏတာစကားပြောအပြီးမှာ အထိန်းတော်မင်ဟာ စိတ်ချသွားပြီဆိုသည့်အကြည့်နှင့် ထွက်သွားလေသည်။
_____________________
နေကြာတွေ ဘယ်အချိန်ကစပြီးညှိုးခဲ့ကြသလဲ
ချစ်ခြင်းတွေ ဘာရယ်ကြောင့်များ မှားယွင်းခဲ့ရလေသလဲ။
ဖူးစာရေးနတ်တွေက ခွဲခွာခြင်းနတ်တွေအဖြစ် အသွင်ပြောင်းလာတော့
ဒီရင်ခတ်ကြိုးတွေက အပြုံးညိုတွေနဲ့
ရိုးရိုးရှင်းရှင်းလေးပဲစခဲ့တာပါပဲ။
ဇာတ်သိမ်းခန်းမှာ နေကြာတွေညှိုးပေးရလိမ့်မယ်လို့
ဘယ်သူက ထင်မိမှာလဲ။
______________________
"ချယ်ရေ...."
"ဟယ်...ဆူး.... ရောက်လာပြီကိုး"
ဆယ်စုနှစ်အကျော်ကြာရင်းနှီးလာသည့် အသံတစ်ခုအဆုံးမှာ ပြန်လှည့်လာသောအထိန်းတော်မင်၏ ကျောပြင်။
အံဩမှင်သက်မှုတွေ ရုတ်ချည်းပြည့်နှက်လာတဲ့မျက်လုံးတွေထဲ နားမလည်နိုင်ခြင်းတွေလည်း တစ်ဖန်ရောယှက်လာပြန်တယ်။ အကြီးအကျယ်တုန်လှုပ်သွားသည့် မျက်ဆံတွေသည် ခြောက်ခြားဖွယ်ရာမဟုတ်သည့် ခြောက်ခြားစရာတစ်ခုအား ရင်ဆိုင်လိုက်ရသလိုမျိုး.....။
မမလေးကင်မ်ဘာလို့ပြန်လာရတာလဲ......
မမလေးကင်မ်...မမလေးကင်မ်ဟာ သိပ်ကိုမိုက်ရူးရဲဆန်တယ်။
ရွှေလှောင်အိမ်ထဲကနေ ခက်ခက်ခဲခဲလွတ်သွားတဲ့ ငှက်ငယ်ဟာ အဘယ့်ကြောင့် လှောင်အိမ်ထံပြန်လာရသလဲ။
ဒီပွဲမှာ မမလေးကင်မ်ကို လောဘတက်နေကြတဲ့လူတွေ ဘယ်လောက်တောင်များလိုက်သလဲ။
ဒါကိုသိလျက်နဲ့တောင် မမလေးကင်မ်က မီးပုံထဲအတင်းတိုးဝင်တဲ့ ပိုးဖလံကို အတုခိုးနေတာပဲ။
ရူးမိုက်လိုက်တာ မမလေးကင်မ်ရယ်....။
"အထိန်းတော်မင်ရေ...ချယ်ပြောတဲ့လူရောက်လာပြီ"
စိတ်ထဲ စိုးရိမ်ပူပန်ခြင်းတွေ လှိုင်းထန်နေခြင်းအားမရိပ်မိသွားစေရန် အလျင်အမြန်ထိန်းချုပ်ရသည်။ ထို့နောက် ချယ့်အနားကို ဘာမှမဖြစ်သလိုပြန်သွားလိုက်ပြီး....
"အော်....ရောက်လာပြီကိုး နောက်ကျတယ်နော်..."
"ဟုတ်ကဲ့ရှင့်...နောက်ကျမိလို့တောင်းပန်ပါတယ်။တွေ့ရတာဝမ်းသာပါတယ် ကင်မ်ဂျီဆူးလို့ခေါ်ပါတယ်ရှင့်...."
သူစိမ်းတစ်ယောက်ကိုနှုတ်ဆက်သလို ခါးကိုကွေးညွှတ်ပြီးနှုတ်ဆက်နေသည့် မမလေးကင်မ်ရဲ့ ဟန်ဆောင်ကောင်းမှုကို အထိန်းတော်မင်ဩချရ၏။
မမလေးကင်မ်ရဲ့ မျက်ဝန်းတွေထဲ စူးစမ်းလို့ အကြောင်းအရင်း တစ်စုံတစ်ရာတွေ့မလား ရှာဖွေကြည့်မိသေးတယ်။
ပကတိကြည်လင်နေတဲ့ မျက်ဝန်းတွေမှာ ကြောက်ရွံ့ခြင်းတစ်စုံတစ်ရာမရှိသလို ဒီကိုပြန်လာရခြင်းအကြောင်းအရင်းကိုလည်း အထိန်းတော်မင်အစဖော်လို့မရခဲ့ဘူး။
"ကျွန်မလည်း တွေ့ရတာဝမ်းသာပါတယ်။ကင်မ်ဂျီဆူးကို လိုအပ်တာတွေပြောပြလိုက်ဦးနော်ချယ်...."
"ဟုတ်ကဲ့ပါ အထိန်းတော်မင်"
ပဟေဋိအပိုင်းအစတွေများစွာနဲ့ ပြိုလဲစွာထွက်ခွာသွားပြီဖြစ်တဲ့ အထိန်းတော်မင်ရဲ့ မျက်ဝန်းတွေကို ချယ်တို့မမြင်လိုက်ကြပါ။
တဆတ်ဆတ်တုန်လှုပ်နေတဲ့ နှုတ်ခမ်းသားတွေ... အေးစက်နေတဲ့လက်ဖျားတွေနဲ့ အထိန်းတော်မင်ဟာ မမလေးကင်မ်သာ လောဘကြီးတဲ့လူတွေလက်ထဲရောက်သွားရင် ဆိုတဲ့ ကြောက်ရွံ့မှု ကြီးစိုးလျက်....။
သူတို့က မမလေးကင်မ်ကိုအရှင်ထားမှာမဟုတ်ဘူး။
သတ်ပစ်ကြလိမ့်မှာ.....
သူတို့ကိုယ်ကျိုးအတွက် မမလေးကင်မ်ကိုသတ်ပစ်ကြလိမ့်မှာ...။
.......
"ချယ် ဆူးအတွက်ဂါဝန်ပြင်ပေးထားတယ်"
"ဂါဝန်??"
ကြည်မြဝိုင်းစက်တဲ့ မျက်ဝန်းလေးတွေကို ဝံ့ချီလို့ မေးလိုက်တဲ့တစ်ခဏမှာ ချယ့်နှလုံးသားဟာ ဘယ်နှကြိမ်မြောက်မှန်းမသိ သေရပြန်တယ်။
ဤမရဏတံခါးလေးဟာ သိပ်ကိုလှရဲ့။
ပိတုန်းရောင်ဆံနွယ်တွေကို ကပိုပယိုလေးထုံးထားတာမို့ ကျော့ကျော့ရှင်းရှင်း လည်တိုင်ထက် ခရီးကျူးသည့် ဆံနွယ်စတွေကို ခိုးငေးကြည့်ရတာအသက်ရှူကြပ်လာတယ်။
ဘာသားနဲ့ ထုထားလို့များ ဒီလောက်အထိတောင်လှနေရတာပါလိမ့်။
"ဂါဝန်ကဘာအတွက်လဲ"
ခပ်ငြိမ်ငြိမ်လေသံလေးတစ်ခု လေထုဆီတိုးဖောက်ဝင်လာတော့မှသာ မျက်လုံးဖွင့်လျက်သား အိမ်မက်မက်နေတဲ့ ကိုယ့်အဖြစ်ကိုယ် ချယ်အမှတ်ရတော့တယ်။ ပြုံးယောင်သန်းလျက် မေးနေတဲ့ ကင်မ်ဂျီဆူးရဲ့ မျက်နှာလှလှက နိဗ္ဗာန်တမျှပဲ။
"အင်းလေ....စင်ပေါ်တက်ရမှာဆိုတော့ တောက်တောက်ပြောင်ပြောင်နဲ့ လှပနေရမယ်လေ မဟုတ်ဘူးလား"
"ဟုတ်ပါ့ချယ်ရယ် ...အဝတ်အစားအနွမ်းတွေနဲ့စင်ပေါ်တက်လို့ ဘယ်ဖြစ်မလဲ"
ဆူးဟာ ခပ်အေးအေးလေးပြုံးရင်း ခေါင်းတငြိမ့်ငြိမ့်နှင့်တုံ့ပြန်ပါ၏။
ကင်မ်ဂျီဆူးဘာလုပ်သည်ပဲဖြစ်စေ မျက်တောင်လေးတစ်ချက်ခတ်ရင်တောင်မှ ချယ်ကအချစ်ပိုရတယ်။
မခမ်းနားတဲ့ အပြုအမူလေးတစ်ခုဆိုရင်တောင်မှ ရင်နဲ့ရင်းပြီးတန်ဖိုးထားမိတယ်။
အနှီအချင်းအရာတွေအကုန်လုံးကို သတိပြုမိသွားတဲ့အခိုက်ဟာ
ချယ့်ရင်ထဲမှာပျိုးထားတာ နေကြာတွေမဟုတ်ဘဲ အပြုံးညိုတွေဆိုတာကို သတိထားမိသွားတဲ့အခိုက်ပဲ။
.
.
.
.
.
.
.
.
.
.
.
。♡♡。🎻。♡♡。
"ဝန်ကြီးမင်းနဲ့ ဝန်ကြီးမင်းကတော်တို့ရောက်လာကြပြီကိုးး ကြိုဆိုပါတယ်ဗျာ ကြိုဆိုပါတယ်"
"မကြိုဆိုလို့မှလည်း မရတာကို ဘုရင်ခံကင်မ်ရယ် မဟုတ်ပေဘူးလား"
ဂျွန်ဆောင်းမင်က ရယ်ရယ်မောမောပြန်ပြောရင်းတုံ့ပြန်လိုက်ပေမယ့်လို့ အနှီစကားဟာ ဒီအတိုင်းစကားတစ်ခွန်းသာ မဟုတ်ဘူးဆိုတာ ဘေးလူတွေအကုန်သိသည်။
ဘုရင်ခံကင်မ်သည် မျက်နှာတစ်ချက်မပျက်စေဘဲ ဆက်ပြီးအရွှန်းဖောက်သည့်လေသံနှင့်....
"ဝန်ကြီးကတော် သိပ်ကိုလှတဲ့အကြောင်း ကျွန်တော်ကြားဖူးနားဝရှိပေမယ့် ကြားဖူးတဲ့စကားတွေထက် အဆပေါင်းများစွာ ပိုလှပြီးကျက်သရေရှိကြောင်း ဒီနေ့မျက်မြင်တွေ့လိုက်ရပါတယ်"
"ချီးကျူးတဲ့အတွက် ကျေးဇူးပါရှင်
အဲ့လောက်လည်း မဟုတ်ရပါဘူး"
သူမရဲ့ နီစွေးစွေးနှုတ်ခမ်းလွှာတို့အား ညင်သာစွာကော့တက်စေရင်း လီဆာဟာ ပါးနပ်စွာ တုံ့ပြန်တယ်။
ခမ်းနားထည်ဝါလှသည့် မီးဆိုင်းကြီးတွေအောက်မှာ လီဆာ့လိုပဲ အပြုံးတုတွေပါးနပ်စွာ ပန်ဆင်ထားရသူ ဘယ်နှစ်ယောက်ရှိသနည်း။
လီဆာ့လိုပဲ မိသားစုအတွက် အိမ်မက်တွေကို လက်လွှတ်လိုက်ရသူ ဘယ်နှစ်ယောက်ရှိသနည်း။
ရဲဆေးတင်ရန်အတွက် နှုတ်ခမ်းနီတောင့်တွေကို အားကိုးခဲ့ရသူ ဘယ်နှစ်ယောက်ရှိသနည်း။
ထို့နောက်လူကုံထံတွေ...ရာထူးကြီးတွေရဲ့ စကားဝိုင်းတစ်ခုကြားမှာ သူမလိုဂုဏ်သာရှိတဲ့ မိန်းမသားတစ်ဦးအတွက် ဝင်ဆံ့နိုင်မည့်နေရာမရှိ။
အချိန်ကြာလာလေ.....ဂျွန်ဆောင်းမင်ရဲ့ လက်ကိုတွဲထားသည့် သူမလက်ကိုသူမ ပြန်ရွံ့ရှာလာသလိုတောင် ရှိသည်။
"ကျွန်မဥယျာဉ်ထဲ ပတ်ကြည့်လိုက်ဦးမယ်နော် ကင်မ်စံအိမ်ရဲ့ ဥယျာဉ်က နတ်ပြည်တမျှပဲလို့ ကြားဖူးလို့ပါရှင်"
စကားဝိုင်းမှာရှိတဲ့လူတွေအကုန်လုံးအား အပြုံးချိုသာစွာနှင့် လီဆာအသိပေးလိုက်၏။
"သွားလေ ....စကားဝိုင်းကြားမှာ မင်း ပျင်းနေလောက်ရောပေါ့"
"အင်း"
လူကြားထဲမှာ သူမကိုချိုချိုသာသာဆက်ဆံပေးလို့ ဂျွန်ဆောင်းမင်အား ကျေးဇူးတင်ရမလိုတောင် ဖြစ်နေချေပြီ။ သူမကို ပြုံးပြီးကြည့်နေသော်ငြား ထိုအပြုံးတွေကို ဓားနဲ့မွှမ်းပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ၏။
နောက်ဆုံးတော့ ဂျွန်ဆောင်းမင်ရဲ့ လက်ကိုတွဲချိတ်ထားရသည့် အနေအထားမှ လွတ်သွားပြီမို့ လူကွယ်ရာရောက်မှ သက်ပြင်းချမိတော့သည်။
မီးရောင်ကြားမှာ လင်းလက်နေတဲ့ နှင်းဆီတွေ....ဒေစီတွေဟာ သိပ်ကိုလှပါသည်။ အမှန်တကယ်ကို နတ်ပြည်တမျှပင်။
ထိုကဲ့သို့ ပန်းခင်းတစ်လျှောက် အပျင်းပြေလမ်းလျှောက်လာရင်းနှင့်ပင် တစ်နေရာအရောက်မှာ ဒေစီတွေကို ငုံ့နမ်းနေသည့် ကောင်မလေးတစ်ယောက်နှင့် ဆုံလေ၏။
နီစွေးစွေးနှုတ်ခမ်းလွှာတွေ စိတ်လိုလက်ရ ကော့တက်ခဲ့တာ ငါးနှစ်တာအတွင်း ပထမဆုံးပင်။
အကောက်သားပြေသည့် ပခုံးကျောကျော်ဆံနွယ်တွေကို နားရွက်တစ်ဖက်နောက် ညှပ်သိမ်းထားသည်မို့ ထိုကောင်မလေး၏ ဘေးတစ်စောင်းမျက်နှာကို လီဆာလှမ်းမြင်နေရသည်။ လီဆာမြင်ရသည့် ဘေးတစ်စောင်းမျက်နှာတွင် ဒေစီတွေထက် ပိုလှသော အပြုံးတွေဖြစ်ထွန်းပါသည်။ အနှီကောင်မလေးသည် စားပွဲထိုးတွေနဲ့ ဆင်တူအဝတ်ကိုမြန်းထားတာမို့ ကင်မ်စံအိမ်ရဲ့ အလုပ်သမားတွေထဲကတစ်ယောက်ဆိုတာ လီဆာသိရှိလိုက်၏။
ထိုကောင်မလေးဟာ ပန်းခင်းဘေးနားကျုံ့ကျုံ့လေးထိုင်ချနေတာမို့ ကြောင်နက်လုံးလုံးလေးလိုပင်။
ဒေစီတွေကို သဘောတကျနမ်းရှိုက်နေတဲ့
You are reading the story above: TeenFic.Net