-6-

Background color
Font
Font size
Line height

Recommended Somg- You & I by Park Bom

" ဟေး ရစ်ခီ ငါ့ဘက်ကိုပစ်လိုက် ..."

" ဆွန်းအွန်း ဒီဘက်ဟ.. ငေးမနေနဲ့! "

" ဟိုတစ်ယောက် ငါ့ကိုပေး ငါ့ကိုပေး! !"

မေဂျာအလိုက်စု၍ခရီးထွက်ခြင်းတွင် ဟိုဘက်အခန်း ၊ ဒီဘက်အခန်းမှကျောင်းသားများ စုပေါင်း၍ကစားကြသည့်သဲသောင်ပြင်ဘောလီဘောပွဲမှာ မပါမဖြစ်ဖြစ်ပြီး ထိုကစားပွဲများမှာ ဆရာများ၏ရှေ့တွင်တော့ အပျော်တမ်းဟုသာဆိုကြသော်လည်း နောက်ကွယ်တွင်တော့ ဘယ်အတန်းနိုင်မည် ၊ အမှတ်ဘယ်လောက်နှင့်နိုင်မည် ၊ သရေကျမည် စသည့်လောင်းကြေးများလည်းပါဝင်သဖြင့် အကြိတ်အနယ်ရှိလှကာ ယှဥ်ပြိုင်သည့်အတန်းများသည်လည်း သူ့ထက်ငါအပြိုင်ပင် အမှတ်ရရေးအတွက် ကြိုးပမ်းနေကြပါတော့သည် ။

" ဟေ့ကောင်တွေ ​လုပ်ကြဟ.. !! "

ပထမနှစ်၏ ဆက်ရှင်အေတွင်တော့ အသင်းခေါင်းဆောင်အဖြစ် ဘတ်စကတ်ဘောအသင်း၏ခေါင်းဆောင်ဖြစ်သည့် ဂယူဘင်းကပဲတာဝန်ယူထားကာ ကင်မ်ဂယူဘင်းတို့ကစားပွဲဆိုသည်နှင့် ထုံးစံအတိုင်းပင် သူ့အသင်းသားများအား အားမရစွာနှင့် ကွင်းဘေးကနေလက်ခုပ်တီး၍ ဆော်သြနေပြီး အားမလိုအားမရဖြစ်နေပါတော့သည် ။

ဂယူဘင်းက ကျန်သည့်အချိန်ဆိုရင်တော့ သူငယ်ချင်းချစ်သူလောင်းလျာလေးဖြစ်သောရစ်ခီရှန်ကို ဘယ်လိုနေနေ အလျှော့ပေးသော်လည်း အခုလိုအချိန်မျိုးဆိုရင်တော့ ဆော့ချင်သလိုမဆော့ချင်သလိုလုပ်နေတတ်သည့်ကောင်အား ကွင်းထဲသို့ဝင်၍ပင် နပန်ကျင်းပစ်လိုက်ချင်ပြီဖြစ်ပါသည် ။

" ဟေ့ကောင် ရစ်ခီရှန် .. ဘောလုံးက မင်းကြီးတော်ကြီးမဟုတ်ဘူးဟ ရှောင်ပဲရှောင်မနေနဲ့ !!!"

" ကျစ်! ! မျက်ခွက်မှန်သွားရင် မင်းတာဝန်ယူမှာလား.. ။ "

" အေး ယူမှာမို့လို့ သေချာသာကစားစမ်းပါ ။ "

သူတစ်ခွန်းကိုယ်တစ်ခွန်းအော်လိုက်ပြီးသည့်နောက်တွင်တော့ဂယူဘင်း၏ စကားအဆုံးမှာပင် ရစ်ခီရှန်က ခနဲ့ဟန်နှင့်ပြုံးလိုက်ပြီးနောက်တွင်တော့ သူ့မျက်နှာနားသို့ ရောက်လာသည့်ဘောလုံးအား ပိုက်ကိုကျော်၍ပုတ်ချလိုက်ပါတော့သည် ။

ကင်မ်ဂယူဘင်းဆီက တာဝန်ယူခံချင်လွန်းလို့ ကြိုးစားပမ်းစားဆော့ပြရတော့မှာပဲ.. ။

" ဝိုး  ဆက်ရှင်အေ ဆက်ရှင်အေ "

" လုပ်ထားဟ !!"

ထို့နောက်တွင်တော့ အကြိတ်အနယ်ရှိခဲ့သည့်တစ်နာရီနီးပါးကြာမြင့်ခဲ့သော သဲသောင်ပြင်ဘောလီပွဲကစားပွဲ၏ရလဒ်မှာ ဂယူဘင်းတို့၏ဆက်ရှင်က အပြတ်အသတ်အနိုင်ရသွားခဲ့ကာ သူဆို့အဖွဲ့က တစ်ခန်းလုံးစာအတွက်လောင်းကြေးများကိုပါ ရရှိသွားခဲ့ကြပါတော့သည် ။

..

" ကမ်းပေ့!!!!"

ခရီးတွင်လိုက်ပါလာကြသူများအားလုံးမှာ အသက်ပြည့်ပြီးပြီဖြစ်သောကျောင်းသားများဖြစ်ကြသော်လည်း ဆရာများကတော့ ထိန်းသင့်တန်ထိန်းနေကြဆဲသာဖြစ်ရာ ဆရာများအလစ်ကိုချောင်းပြီးမှ ဆိုဂျူပုလင်းများကို ခိုး၍မှာယူကြသူများကတစ်ဖွဲ့ .. ၊ ဆရာများ၏စကားကိုနားထောင်ကာ ဟိုတယ်ကကျွေးသည့်ညစာက ဘူ​ဖေးစနစ်နှင့် ရသည်ကိုအကြောင်းပြ၍ ဆယ်ရက်စာဗိုက်ထဲသို့ အပြည့်အသိပ်ကြို၍ထည့်နေကြသူများအဖွဲ့ဖြင့် ဟိုတယ်၏စားသောက်ခန်းထဲတွင် သူတို့ကျောင်းသားများအုပ်စုနှင့်သာ ပြည့်နှက်နေပါတော့သည် ။

ထိုကဲ့သို့ မေဂျာကျောင်းသားများအချင်းချင်းကိုပင် နှစ်ဖွဲ့ကွဲကာထွက်နေသည့်အထဲတွင် ဆရာမနိုင်နှစ်ဆောင်ပြိုင်တပည့်မျိုးဖြစ်သည့် ဂယူဘင်းတို့က မည်သည့်အဖွဲ့ထဲပါဝင်မည်လဲဆိုတာကိုတော့ဖြင့် ပြောနေစရာကိုမလိုပါချေ ။

ဆရာများ၏အလစ်ကို ပထမနှစ်ချင်းတူသော်လည်း သူတို့ထက် တစ်နှစ်ငယ်နေသည့်အတွက် သောက်ခွင့်မရသေးသည့် ဖိုးသခွားလေးဂွန်းဝုက မသောက်ရအညှော်ခံကာ သူတို့နားလာကပ်၍ထိုင်ကာ စောင့်ပေးနေပြီး စီနီယာထယ်ရယ်ဟျောင်းကတော့ အတန်းဖော်များ ၊ ယမကာ၏အရသာကို စမ်းသပ်ချင်နေကြသည့် ဂယူဘင်းတို့ကဲ့သို့ဂျူနီယာများအတွက် ဆရာများဘက်ကမရိပ်မိစေရန်  ရေခဲများနှင့်ရော၍အအေးပုံစံပြင်ပေးသည့်တာဝန်ကို ယူထားခဲ့ပါတော့သည် ။

" ဟျောင်း ကျွန်တော့်ကိုတစ်ခွက်ပေးပါဦး .. ။ "

ဂယူဘင်းမှာတော့ သူ့အားမျက်ထောင့်နီကြီးနှင့် မကြိုက်သလိုကြည့်နေသည့် ရစ်ခီ့၏အကြည့်များအား မျက်ကွယ်ပြု၍ ထယ်ရယ်ဟျောင်း၏အနားတွင်ကပ်၍ တစ်ခွက်လောက် ၊ တစ်ခွက်လောက်နှင့်တောင်းပြီးသောက်နေသည်မှာ ဒီတစ်ခွက်နှင့်ဆိုလျှင် ခြောက်ခွက်မြောက်ပင်ရှိပြီဖြစ်သည် ။ နဂိုကတည်းက သောက်လေ့သောက်ထမရှိသည့် အူရိုင်းလေးပေမို့ ရေခဲစပ်ထားသော်လည်း အရည်လေးများဝင်သွားသည်နှင့်တင် သူ့ခေါင်းထဲတွင်တော့ရိပ်ခနဲ ရိပ်ခနဲများဖြစ်လာပြီဖြစ်လေသည် ။

ရစ်ခီရှန်ကလည်း သူ့နည်းတူစကားနားမထောင်တတ်သောကျောင်းသားအမျိုးအစာယထဲတွင် ထိပ်ဆုံးကပါဝင်သော်လည်း ဂယူဘင်းတို့လိုတော့ ခိုးသောက်သည့်အထဲတွင်မပါဝင်ဘဲ သူတို့လုပ်နေသည့်လုပ်ရပ်များကိုပင် သကောင့်သားက " ကလေးကလားတွေလုပ်နေတယ် " ဟုပင်ဝေဖန်သွားပါသေး၏ ။

ထို့နောက် ကျောင်းသားများအားလုံးစားသောက်ပြီးစီးကြသည့်အခါတွင်တော့ အခြားသောဧည့်သည်များ​ကို အနှောင့်အယှက်ပြုမိမည်စိုးသည်ဟူသော အကြောင်းပြချက်ဖြင့် ဆရာများက တစ်ဖွဲ့လုံးအား ဟိုတယ်၏အပြင်ဘက်တွင် သီးသန့်ပြင်ဆင်​ပေးထားသည့်နေရာသို့ လူစုခိုင်းကြလေရာ tripပီသအောင် မီးပုံပွဲလုပ်ရအောင်ဆိုသည့် ကျောင်းသားခေါင်းဆောင်၏စကားကြောင့် မိန်းကလေးများမပါဝင်သည့်မီးပုံပွဲအား သူတို့မေဂျာတူယောကျ်ားလေးများဖြင့်သာ ပြင်ဆင်ဖြစ်ကြပါတော့သည် ။

" မင်းမူးနေပြီလား.. ။ "

" မူးပါဘူး.. "

ရစ်ခီမှာ အစက "မသောက်ပါနဲ့" ဟုပြောနေသည့်သူ့စကားကို နားမထောင်သည့်ကောင်အား အမြင်ကတ်ကတ်နှင့်ပစ်ထားလိုက်ရန်ရည်ရွယ်ထားသော်လည်း တစ်ဝိုင်းထပ်ဆက်နေပြီဖြစ်သည့်စီနီယာများ၏အကြားတွင် မျက်လုံးကမပွင့်တော့ဘဲ ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည့်ကောင်အား ဘေးကနေရပ်မကြည့်နိုင်တော့သည့်အဆုံးတွင်တော့ ကျစ်တစ်ချက်စုတ်သပ်၍ အမူးပါးမဝသေးသည့်ကောင်ကို လူအုပ်ထဲမှဆွဲထုတ်လာရပါတော့သည် ။

သူတို့ကို ဒီလိုအချိန်လေးပဲဆိုပြီး ဆရာတွေက လွှတ်ထားပေးတာမဟုတ်ဘဲ သူတို့အနောက်ကနေ လှည့်ပတ်ပြီးစောင့်ကြည့်နေတာကို ဆိုဂျူခိုးသောက်ကြသည့်အဖွဲ့ကမသိရှာတာ အတော်လေးကိုသနားဖို့ကောင်းလှပါသည် ။

ရစ်ခီကတော့ ကျောင်းပြန်ရောက်သည်နှင့် တစ်အုပ်စုလုံးအမှတ်လျှော့ခံရတော့မည့်အရေးကိုတွေး၍ ရယ်ချင်နေပါသော်လည်း ထိုအုပ်စုထဲတွင် သူ၏ငတုံးလေးကလည်းပါနေရာ အပြာ့်အဝပင်မလှောင်ပြောင်ရဲချေ ။

ထိုအစား အချိန်ရှိတုန်းမှာပင် ဂယူဘင်းအား ထိုအုပ်စုထဲမှ အဆဲခံပြီးတော့သာ ဆွဲထုတ်လာခဲ့ပါတော့သည် ။

ထိုအခါ အမူးသမားကင်မ်ဂယူဘင်းတို့က သူ့လက်ကိုဆွဲကာခေါ်လာသည့် ရစ်ခီ့၏လက်များကိုပင် ပုတ်ချကာ ပုလင်းဆက်ထောင်နေကြသည့်အဖွဲ့ဆီ​ကိုသာ ထပ်သွားရန်ခြေလှမ်းပြင်နေတာကြောင့် ဘယ်လိုမှတားမရသည့်အဆုံးတွင် ရစ်ခီမှာ သူ့ထက်ပင်ကိုယ်လုံးကြီးသည့် သကောင့်သားအား ပခုံးကနေထမ်းကာမချီလာရပါတော့သည် ။

" ကျစ်... သေအောင်စားထားတာလားမသိဘူး ။ လေးလိုက်တာ ... "

နှစ်ယောက်လုံး၏အရပ်များကမတိမ်းမယိမ်းများဖြစ်သော်လည်း ရစ်ခီ့ထက်စာလျှင် ဂယူဘင်းက ပို၍လူကောင်ထွားသည့်အထဲတွင်ပါဝင်ပြီး အခုလို အစားအသောက်များနင်းကန်စားထားသည့်အခါတွင်တော့ ပို၍ပင်နင့်နေပါတော့သည် ။

သို့ရာတွင် တော်သေးသည်တစ်ခုက သူတို့၏အခန်းက အခြားသူများကဲ့သို့ အပေါ်ထပ်များတွင်မဟုတ်ဘဲ ပထမထပ်မှာသာဖြစ်တာမို့ ငိုက်ကျနေသည့်ခြေတံရှည်နှင့်ဂယူဘင်း၏ကိုယ်ကြီးကိုအရမ်းမသယ်လိုက်ရဘဲနှင့်အခန်းထဲသို့ ရောက်သွားနိုင်ခဲ့ပါတော့သည် ။ သို့ပါသည့်တိုင်အောင် ကမ်းခြေကနေ အခန်းထဲအထိ သယ်လာရသေးသည့်အကျိုးဆက်ကတော့ ပါးလျလျရစ်ခီ၏လက်ပျဥ်တစ်ခုလုံးက အတော်လေးကို နာကျင်နေတော့ကာ အခန်းထဲရောက်သည်နှင့် သကောင့်သားအား ကုတင်ပေါ်တွင်ပစ်တင်လိုက်ပြီး အောင့်မျက်သွားသည့်ပခုံးများကိုသာ ထုနေရပါတော့သည် ။

" ရှန် ချွမ် ရွေ့! ! လူဆိုးကောင် "

ချစ်စွာသောသူငယ်ချင်းကောင်မှာ သူ့အား ဆရာများ၏မျက်စိအောက်မှလွတ်ရန်အတွက် သယ်လာပေးသည်မှအားမနာ.. အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်မှအလူးအလဲနှင့် ကုန်းရုန်းပြီးထလာကာ ရစ်ခီ့ဘက်ကို လက်ညှိုးထိုး၍ အော်လာပါလျှင် ရစ်ခီမှာ ပခုံးနှစ်ဖက်အား လက်နှင့်အသာဖိနှိပ်နေရာမှ အနောက်ကို ပြန်၍လှည့်ကြည့်လိုက်ရပါတော့သည် ။

" မူးရင်လည်း အေးဆေးအိပ်စမ်းပါကွာ.. "

" ဘာ အိပ်ရမယ် ! ! မအိပ်ဘူးမင်းပြောလို့ကိုမအိပ်ဘူး... ။ "

ခုနကအမြင်ကတ်ကတ်နှင့် ကုတင်ခြေရင်းမှစောင်များကို ဘယ်နေရာလုံလုံဟူသည့်သဘောဖြင့် ဆွဲခြုံပေးထားသော်လည်း သကောင့်သားကတော့ ထိုစောင်များကိုခြေထောက်နှင့်ရောလက်နှင့်ပါ တွန်းကန်နှင့်ပြီးဖြစ်ကာ စောင်ပုံထဲမှထွက်လာ၍ ရစ်ခီ့အားရန်တွေ့နေပါတော့သည် ။

သူ့ထက်လပိုင်းမျှငယ်သည့်ဂယူဘင်းသည် အိမ်တွင်အကြီးဆုံးသားဖြစ်သည်နှင့်အမျှ အငယ်လေးများကို အလျှော့ပေးရသည်တွင် သူငယ်ချင်းဖြစ်သည့်သူ့အပေါ်ကိုတော့ မသိမသာနှင့်ရော သိသိသာသာနှင့်ပါ ဆိုးချင်ပါသည် ။ ဒါကလည်း ဂယူဘင်းအနေနှင့် အိမ်ကအငယ်များအပေါ်တွင် သည်းခံနေသမျှကို သူ့အားမသိမသာနှင့် အမြဲတမ်းအလိုလိုက်သည့်ရစ်ခီ့အပေါ်မှာ ဖွင့်ချတာမျိုးဖြစ်သဖြင့် ရစ်ခီကတော့သဘောကျပါသည် ။

သို့ပါသော်လည်း ရစ်ခီ့အနေနှင့် အမြဲတမ်းစိတ်ထင့်နေရသည့်အချက်မှာလည်း ထိုအချက်သာဖြစ်နေခဲ့ပါသည် ။ သူ့အားသဘောကျသည်ဟု တဖွဖွပြောနေခဲ့သည့်ဂယူဘင်းသည် သူ့ကိုတကယ်ပဲချစ်သူရည်းစားတစ်ယောက်လိုသဘောကျ၏လော သို့တည်းမဟုတ် ငယ်သံယောဇဥ်များကြောင့် သူ့အပေါ်အလိုလိုက်တတ်သည့်ရစ်ခီ့အား မြတ်နိုးကာတွယ်တာအားကိုးသည့်စိတ်ကို ချစ်သည့်စိတ်ဟု အထင်မှားနေသလောဆိုသည်ကို ရစ်ခီက ဂယူဘင်းကိုကြည့်လိုက်မိတိုင်းအတွေးများနေရပါတော့သည် ။

ဂယူဘင်း၏စိတ်ကို သေချာမသိသေးသော်လည်း သူ့ဘက်ကတော့ ရှင်းပါသည် ။ ဂယူဘင်းအား ငယ်သံယောဇဥ်ကြောင့်ရော ၊ သူငယ်ချင်းဆိုသည့်အချက်ကြောင့်ရောကြောင့် သဘောကျသည်မဟုတ်ဘဲ ဟိုးပိစိအရွယ်ကတည်းက ကင်မ်ဂယူဘင်းက သူ့အပိုင်ဖြစ်ကိုဖြစ်လာမည်ဟူသည့်စိတ်ဖြင့် အနားတွင်နေလာခဲ့သည်ဖြစ်ရာ ရစ်ခီ့၏စိတ်ကတော့ ပြတ်သားပါသည် ။

တစ်ယောက်ယောက်ကဖြင့် ' မင်းက ဂယူဘင်းကို သူငယ်ချင်းအမည်ခံပြီး သူငယ်ချင်းကို ကြံနေသလား'

ဟုမေးလာလျှင်လည်း သူ့အနေနှင့်

" ဟုတ်တယ် "

ဟုသာဖြေရမည်ဖြစ်ပြီး

"အကြံကြီးလိုက်တာ"

ဟုဝေဖန်လာလျှင်လည်း လုံးဝမငြင်းဆိုဖြစ်ဘဲ

"သေချာတာပေါ့"

ဟု ခပ်ပြတ်ပြတ်ဖြေဆိုနိုင်သည်အထိကို ရစ်ခီရှန်၏စိတ်တို့က ပြတ်သားလွန်းမကပြတ်သားပါသည် ။

" ချွမ်ရွေ့လို့.. "

" ဘာလဲ! "

" ငါ့လည်ချောင်းထဲမှာ ပူနေသလိုပဲ.. ။ ရေ ရေသောက်ချင်တယ်... ။ "

" ဇာတ်လမ်းကစလာပြီ... ။ "

ရစ်ခီမှာ အစကတော့ သကောင့်သားအား မူးချင်မူး ၊ ရူးချင်ရူးပါစေ ပစ်ထားလိုက်မည်ဟု တေးထားခဲ့သော်လည်း မျက်လုံးက လုံးဝမပွင့်တော့ဘဲ သူ့အနီးအနားကို လက်ဖြင့်လိုက်စမ်းကာ ရေရှာနေသည့်ပုံစံအားမြင်ရသည့်အခါတွင်တော့ ဒီအတိုင်းထိုင်၍မကြည့်ရက်တော့သည်ကြောင့် ကုတင်ဘေးမှ အခန်းထဲတွင် အသင့်ပါသည့် ရေခဲသေတ္တာအသေးလေးထဲမှ ရေခဲရေဘူးအား ထုတ်ယူ၍ ပေးလိုက်ပါတော့သည် ။

" ဖြည်းဖြည်းသောက်.. သီးနေ-"

" အဟွတ်..."

သူ့စကားပင်မဆုံးလိုက်ပါ... ။သူကမ်းပေးလိုက်သည့် ရေဘူးကလက်ထဲသို့ရောက်သွားသည်နှင့် သောက်စရာခွက်ကိုတောင်မယူတော့ဘဲ အငမ်းမရမော့သောက်သည့်ကင်မ်ဂယူဘင်းတို့က ချက်ချင်းပင်ထသီးလေပြီး သောက်လက်စရေတို့သည်ပင် အနားတွင်ရပ်နေသည့် ရစ်ခီ့၏မျက်နှာအား တာ့်တည့်ပင် လာ၍စင်ပါတော့သည် ။

" အာ ကင်မ်ဂယူဘင်းတို့ကတော့ ညစ်ပတ်လိုက်တာ... "

" ဆောရီး ဟီးဟီး.. "

" မူး​နေလို့သာပဲ ဒါမျိုးကျရယ်ရမှန်းသိတယ်.. ။ "

သူရွဲ့ကာပြောလိုက်လျှင်ပဲ ဂယူဘင်းက ရစ်ခီ့မျက်နှာရှိရာသို့ လက်နှင့်လာစမ်းပြန်ကာ သူ့အင်္ကျီလက်များဖြင့် တဖွဖွလာသုတ်ပေးနေသည်ကြောင့် ရစ်ခီမှာလည်း ငါးကင်နံ့တို့ထောင်းနေအောင်နံနေသည့်အင်္ကျီလက်ဖြင့်ပင် မျက်နှာတစ်ခုလုံးကို အသုတ်ခံလိုက်ရပါတော့သည် ။

" သုတ်လို့ဝပြီလား...။ ဝရင်လည်း အိပ်တော့ မနက်ကျစောစောထရမှာ.. "

" အင်း...ချွမ်ရွေ့ "

မျက်နှာနှစ်ခုက နီးကပ်နေသည့်အနေအထားတွင် ဂယူဘင်းကပြုံးနေရင်းဖြင့် သူ့မျက်နှာနားကို တိုးကပ်လာပါလျှင် ရစ်ခီမှာ စိတ်တို့လှုပ်ရှားလာ၍ ကမန်းကတမ်းပင် မျက်လုံးများကို မှိတ်လိုက်မိပါတော့သည် ။

သို့ရာတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်စွာပင် မူးနေသော်လည်း တုံးမြဲတုံးဆဲဖြစ်သည့်ကင်မ်ဂယူဘင်းတို့က နမ်းမလိုလိုနှင့် မျက်နှာကြီးအနားကပ်လာပြီးမှ ရစ်ခီ့၏ပခုံးထက်ကို မျက်နှာကိုမှောက်ချလိုက်ပါလျှင် စိတ်လှုပ်ရှားစွာနှင့်ပိတ်ထားခဲ့သည့် ရစ်ခီ့၏မျက်လုံးများကလည်း အလိုမကျစွာပင် ပွင့်လာရပါတော့သည် ။

သူ့ဘက်ကတော့ ဂယူဘင်းဘက်ကလာနမ်းရင်တောင် ဒီကောင်မူးလို့ လာနမ်းနေတာပါလေလို့ဖြည့်တွေးပြီး ခွင့်လွှတ်ပေးမလို့ တွေးထားပြီးသားပါ.. ။ အခုကျ ခပ်တုံးတုံးသူငယ်ချင်းဆိုတဲ့ကောင်က နမ်စတာမဟုတ်ဘဲ လာဖက်တာပါတဲ့လေ... ။

ကောင်းရော.. ။

" အင်း.. ငါမင်းကို ချစ်တယ်.. ။ ဘာလို့ ငါ့ရည်းစားမလုပ်ပေးနိုင်ရတာလဲ လူဆိုးကောင်.. "

" အိပ်တော့.. မင်းတအားမူးနေပြီ ။ "

" မူးစရာလား.. ငါမင်းကိုတကယ်ချစ်တာလို့ ရှန်ချွမ်ရွေ့ရဲ့... မင်းကဘာလို့ ငါ့ကိုပြန်မချစ်နိုင်ရတာလဲ ။ ငါကမင်းထက်လည်းချောပြီး မင်းထက်လည်းစာတော်တာကို မင်းကဘာလို့ငါ့ကို-.. "

ဂယူဘင်း၏စကားမဆုံးခင်ပင် ရစ်ခီမှာ မူးနေသည့်အချိန်များတွင်သာ ထွက်လာနိုင်သည့်စကားများကို မကြားလိုစွာနှင့် ဖြတ်၍ပြောလိုက်ပါတော့သည် ။ မျက်လုံးပင်မပွင့်တော့သည်အထိ မူးနေပြီဖြစ်သည့်ကောင်၏ စကားများကို သူ့အနေနှင့် အမှန်ယူလိုက်မိပါလျှင် အချိန်ကြာလာသည်နှင့်အမျှခံစားရမည့်သူမှာ သူသာဖြစ်မည်ဖြစ်ပြီး သူ့အနေနှင့် ဂယူဘင်းအား သူငယ်ချင်းတစ်ယောက်လိုယုံကြည်ပေးနိုင်သော်လည်း ချစ်သူတစ်ယောက်လိုတော့ဖြင့် မယုံကြည်နိုင်သေးပါချေ ။

ငယ်ငယ်တုန်းကလည်း သူ့ကို

" ငါကမင်းနဲ့ပဲ တစ်နှစ်ပတ်လုံးပေါင်းမှာမို့ တခြားသူငယ်ချင်းအသစ်မထားဘဲ ငါ့အနားမှာပဲနေနော် "

ဟုပြောခဲ့သည့် ဂယူဘင်းကြောင့် ရစ်ခီကသာ တစ်နှစ်ပတ်လုံးတွင် ဘယ်သူနှင့်မှ အဆက်အဆံမလုပ် ၊ မပေါင်းသင်းဘဲ ဂယူဘင်းအနားမှာပဲကပ်နေခဲ့ပေမယ့် ထိုစာသင်နှစ်မှာပဲ ဂယူဘင်းက အတန်းသားအားလုံးနှင့် သူငယ်ချင်းဖြစ်သွားခဲ့ပါသည် ။ ထို့အပြင် အလယ်တန်းနောက်ဆုံးနှစ်တုန်းကလည်း ရစ်ခီ့ကိုသာ

" မင်းရည်းစားထားရင် ငါမင်းကို သူငယ်ချင်းခန်းဖြတ်မှာ ။ ရည်းစားလုံးဝမထားနဲ့ "

ဟု ခြိမ်းခြောက်ခဲ့သော်လည်း ထိုစာသင်နှစ်မှာပဲ သူကတော့ အတန်းထဲက ကောင်မလေးတစ်ယောက်နှင့် တွဲသွားခဲ့ကာ စီနီယာတန်းကအစ်မတစ်ယောက်နှင့်လည်း အီစီကလီဖြစ်သွားခဲ့ပါသေးသည် ။

မင်းသိလား ဂယူဘင်း.. ။ ငါကမင်းစကားတိုင်းကို ယုံကြည်ခဲ့တယ် သေးသေးလေးကအစ.. ဒါပေမဲ့ မင်းက စကားအခွန်းတိုင်းကိုမလေးနက်ဘူး...ပေါ့ပျက်ပျက်နိုင်လွန်းတယ်.. ။ အဲ့တာကြောင့် ငါမင်းကို မယုံရဲတော့ဘူး.. ။ သူငယ်ချင်းတစ်ယောက်အနေနဲ့တော့ မင်းပေးတဲ့ကတိတိုင်းကို မင်းဘက်ကမတည်မှန်းသိ​နေခဲ့ရင်လည်း ငါ့ဘက်က ပြဿနာမရှိဘဲ အကြွင်းမဲ့ယုံပေးနိုင်ပေမယ့်လည်း ဒီတစ်ခါကတော့ မတူတော့ဘူး... ။  ချစ်တယ်ဆိုပြီးပြောလာတဲ့မင်းရဲ့စကားကိုယုံကြည်လိုက်ဖို့အတွက် ရင်းလိုက်ရမှာက အရင်လို ငါ့ရဲ့စိတ်တစ်ခုတည်းမဟုတ်တော့ဘဲ ငါ့နှလုံးသားတစ်ခုလုံးပါ ပါနေခဲ့ပြီ ။

" ကိုယ့်စိတ်ကိုယ်သေချာသိအောင်လုပ်ပြီးမှ အဲ့စကားပြောဟုတ်ပြီလား.. ။ အခုတော့အိပ်ပါတော့ကွာ .. "

" ချစ်တယ်လို့...ပြန်မချစ်ဘူးလား "

"..."

ငါလည်းမင်းကိုချစ်ပါတယ်.. ဒါပေမဲ့ အခုလိုအချိန်မှာတော့ ပြန်ဖြေမှာမဟုတ်သေးဘူး.. ။

ရစ်ခီသည် စိတ်ထဲကနေဝန်ခံလိုက်သော်လည်း အပြင်ပန်းမှာတော့ သူ့စိတ်အမှန်အားထုတ်မပြောဖြစ်ဘဲ ဂယူဘင်း၏ ပွယောင်းယောင်းဖြစ်နေသည့်ဆံပင်များကိုသာ သပ်တင်ပေးနေလိုက်ပါတော့သည် ။ ထိုအခါ သူ့ပခုံးထက်တွင် မေးတင်ထားသည့် ဂယူဘင်း၏ခေါင်းက ချက်ချင်းပင်ထောင်လာကာ

" ရစ်ခီရှန်!!!" ဟုထ၍အော်လာပါတော့သည် ။

" အမူးပြေမှ ဆက်ပြောမယ်.. ။ ခုတော့အိပ်တော့ ညနက်နေပြီ ။ "

ရစ်ခီကပြောပြီးနောက်တွင်တော့ စကားဝိုင်းအားမဆက်လိုတော့ဟန်နှင့် ဂယူဘင်း၏နဖူးအား လက်ဖနောင့်နှင့်တွန်းချလိုက်ရာ နဂိုကတည်းက ခပ်ယိုင်ယိုင်ဖြစ်နေခဲ့သည့် ဂယူဘင်းသည် မွေ့ရာထက်သို့ ချက်ချင်းပင်လဲကျသွားပါတော့သည် ။ ထိုအခါတွင်မှ ရစ်ခီသည်လည်း ဂယူဘင်းအား ခုနကတည်းက ဖြန့်ထားသည့်စောင်ကို သေချာခြုံပေး၍ အဲကွန်းကိုပါ အအေးလျှော့ပေးပြီးမှ အမူးသမားတစ်ယောက် အမူးမပြေခင်မှာဘဲ နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်ပျော်နိုင်ရန်အတွက် အခန်းမီးကိုပိတ်ပေးခဲ့လိုက်ပါတော့သည် ။

" ကင်မ်ဂယူဘင်းတို့က မူးနေတာတောင် ချစ်ချင်စရာကောင်းနေတုန်းပဲ...။ "

..

" အဲ့တာကြောင့် မင်းတို့ကိုအခန်းအောင်းပြီး ဂိမ်းချည်းဆော့မနေနဲ့လို့ပြောတာပေါ့... ။ ကြည့်ကြဦး အခုကျ အားပြတ်တဲ့မျောက်အုပ်စုကြီးကျနေတာပဲ လေးကန်လို့... "

မနက်ခင်းတောင်တက်ခရီးစဥ်တွင် သူ့အ​နောက်မှယက်ကန်ယက်ကန်နှင့် ဟောဟဲဆိုက်နေသည့်ကျောင်းသားအုပ်စုအား ကြည့်ကာ အားကစားဆရာကအားမရစွာနှင့် အော်နေပါလျှင် သူတို့မှာလည်း လျှာထွက်မတတ်မောဟိုက်နေသည့်ကြားမှပင် အသက်ငါးဆယ်ရှိပြီဖြစ်သော်လည်း ရှေ့ဆုံးကနေတက်ကြွစွာပြေးနေသည့်ဆရာ့၏နောက်သို့ အမြန်ပင်​ပြေး၍လိုက်ကြရပါတော့သည် ။

နဂိုကတည်းက မြို့ပေါ်တွင်သာကြီးပြင်းလာ​ကြသည့်ကလေးများပီပီ လမ်းကိုပင်တစ်နေ့ကို မှတ်တိုင်ငါးခုပြည့်လောက်အောင်ပင်မလျှောက်တတ်ကြဘဲ အခန်းအောင်းကာဂိမ်းဆော့ရင်ဆော့ ၊ မဆော့ရင် စာဖတ်နေကြသူများမို့ အခုလိုအားမာန်အပြည့်အသုံးပြု၍ လမ်းလျှောက်ကာတောင်တက်ရသည့်ခရီးစဥ်တွင်တော့ တစ်ယောက်မှ မတက်ကြွနိုင်ကြတော့ပါချေ ။

" ဟူး.. မောလိုက်တာ "

" ရေသောက်ဦးမလား.. ။ "

ဂယူဘင်းမှာ မနက်လင်းကတည်းက သူ့ကိုစကားတစ်ခွန်းမှ မပြောသည့်ရစ်ခီ့ကြောင့် တောင်တက်ရာတွင် ဂွန်းဝုနှင့်သာ နှစ်ယောက်တွဲတက်ရပြီး သူ့တွဲဖက်ဖြစ်သည့်ပတ်ဂွန်းဝုတို့က အရင်ကတည်းက အားကစားလုပ်ရသည်ကို ကြိုက်နှစ်သက်သူပီပီ တောင်တက်ရာတွင်လည်း တက်ကြွနေကာ ညကသောက်ထားမိသည့်အရှိန်ကြောင့် ခေါင်းကိုက်ချင်ကာ ယိုင်နဲ့နေသည့်ဂယူဘင်းအားကြည့်ပြီး သကောင့်သားလေးက အရင်ကတည်းက " အားကစားမလုပ်တော့ ပင်ပန်းပြီပေါ့ " ဟုဆိုကာ ကျွတ်တသပ်သပ်နှင့် ခေါင်းတခါခါလုပ်ပြနေပါတော့သည် ။

" မသောက်ဘူး...။ "

" ဟဲဟဲ အားပြတ်နေရင် ရစ်ခီဟျောင်းကို ခေါ်ပေးရမလား.. ။ "

" ဘာကိစ္စခေါ်မှာတုန်း..သူမရှိလည်း ငါကနေနိုင်တယ်.. ။ "

" ကျွန်တော့်တို့ရဲ့ဟျောင်းက ရစ်ခီဟျောင်းကိုမှ မ​​တွေ့ရရင် ငိုချတော့မှာလားလို့ပါဗျာ ဟားဟား .. မငိုပါနဲ့ တိတ် တိတ်"

လူကမှ မောရသည့်အထဲတွင် အနားတွင်လာထိုင်ကာ ပြုံးစိစိနှင့်ဂွန်းဝုကစလာသည့်အခါတွင်တော့ ဂယူဘင်းသည် လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီးမှ သူ့အားလာစနေသည့်ဂွန်းဝု၏လည်ပင်းအား လက်နှစ်ဖက်ကြားထဲတွင်ညှပ်ကာညှစ်ပစ်ရန် လက်လှမ်းလိုက်တုန်းမှာပင် သူ့အကြောင်းကိုသိနေသည့်ဂွန်းဝုက နေရာမှထပြေးသွားတာကြောင့် ဂယူဘင်းမှာလည်း နံဘေးမှရေဘူးကိုတဂွပ်ဂွပ်မော့သောက်လိုက်ပြီး နောက်မှ မောတာမမောတာအသာထား.. သူ့အားလာစသွားသည့်ဂွန်းဝုကိုပညာပေးရန်အတွက် သကောင့်သား၏အနောက်ကို အမြန်ပင်ပြေး၍ လိုက်သွားလိုက်ပါတော့သည် ။

" ရား.. ပတ်ဂွန်းဝု ရပ်စမ်း! !"

" မရပ်ပါဘူး ..ကျွန်တော်ရပ်လိုက်ရင်  ဟျောင်းက တကယ်လုပ်မှာပေါ့.. "

" မရပ်ရင် မိတဲ့အခါပိုလုပ်မှာ..ဟေ့ကောင်လာခဲ့!!!!"

နှစ်ယောက်တစ်တွဲဖြင့် အတန်းလိုက်စု၍တက်နေကြသည့်လူအုပ်ကြီးတွင် သူတို့က ဒယိမ်းဒယိုင်ဖြင့်တက်နေကြတာမို့ လူတန်းကြီး၏အနောက်တွင် တော်တော်လေးကိုကျန်ရစ်ခဲ့တာမို့ ဂွန်းဝုက သူတို့၏အရှေ့မှ လူများကိုကျော်၍ လှေကားထစ်များအတိုင်း တောင်ပေါ်သို့ပြေးတက်ပါလျှင် ဂယူဘင်းမှာလည်း သူ့ထက်ခြေလှမ်းနှစ်ဆနီးပါးမျှကျယ်သည့်ကောင်လေးနောက်သို့ မရမကပင်ပြေးလိုက်ရင်းဖြင့် လူရှုပ်ရှုပ်ကြားတွင် နှစ်ယောက်သားမှာ စိန်ပြေးလိုက်တမ်းကစားသလိုပင် ဖြစ်နေခဲ့ပါတော့သည် ။

ထိုအချိန်မှာပင် ထိုမြင်ကွင်းအား မရှုစိမ့်စွာကြည့်၍ မျက်မှောင်တို့တွန့်ချိုးသွားသည့်လူတစ်ယောက်သည်လည်း လူအုပ်ကြီး၏အလယ်ထဲတွင် ရှိနေခဲ့ပါသည် ။

" တစ်ညလုံးငါ့လက်ပေါ်မှာအိပ်သွားပြီးတော့ ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့ကောင်.. "

ရစ်ခီသည် သူ့ကိုတောင် မမြင်နိုင်ဘဲ သူတို့ရှေ့မှလှစ်ခနဲ ဖြတ်၍ပြေးတက်သွားကြသည့်နှစ်ယောက်အား မမှိန်မသုန်ဖြင့် စိုက်ကြည့်နေပြီးမှ မကျေမနပ်နှင့် ခပ်တိုးတိုးဆိုလိုက်ပါလျှင် သူ၏တွဲဖက်ဖြစ်သည့်ဘီခန်းက ကောင်မလေးသည်ချက်ချင်းပင် သူ့ဘက်သို့ လှည့်ကြည့်ပြီး မေးလာခဲ့ပါတော့သည် ။

" ဟမ် .. ရစ်ခီဘာပြောလိုက်တာ!"

" ဘာမှမဟုတ်ဘူး .. တက်နှင့်ပြီ ။ "

ရစ်ခီမှာ ခုနကမြင်ကွင်းကြောင့် စိတ်ကလုံးဝမကြည်တော့သည်တွင် သူ့အားစပ်စပ်စုစုလုပ်ချင်နေသည့် ကောင်မလေးအား လိုက်ချင်လိုက် ၊ မလိုက်ချင်နေဟူသည့်သဘောဖြင့် အပြတ်ပြောခဲ့လိုက်ပြီး သူသည်လည်း မလှမ်းမကမ်းမှ ပြေးတက်သွားနှင့်ပြီဖြစ်သည့် ဂယူဘင်းတို့၏နောက်သို့ အမြန်ပင်လိုက်သွားခဲ့လိုက်ပါတော့သည် ။

..

" ရစ်ခီစိတ်ဆိုးနေတုန်းလား.. ။ "

" ရစ်ခီ မင်းဘာကိုစိတ်ဆိုးနေတာလဲ .. ။ မနေ့ညက ငါသောက်မိလို့လား ။ "

" ရစ်ခီရှန် မင်းဘာဖြစ်နေတာလဲကွာ .. မနက်ကလည်း ငါ့ကိုတစ်ယောက်တည်းပစ်ထားပြီး ဟိုစော်နဲ့အတူသွားသေးတယ် ။ မင်းစိတ်ဆိုးနေတဲ့ အကြောင်းအရင်းကို ပွင့်ပွင့်လင်းလင်းပြောပြမှ ငါ့ဘက်ကမှားရင်တောင်းပန်ရမှာပေါ့ကွ.. ။ "

" မင်း!"

"...."

" မနေ့ညက ဘာဖြစ်ခဲ့လဲမသိဘူးလား...။ "

" ဘာဖြစ်ခဲ့လို့လဲ.. ။ ငါ့ဘက်ကတစ်ခုခုအမှားလုပ်မိလို့လား ။ "

" ထားလိုက်တော့ ဘာမှမဟုတ်ဘူး.. "

" ဘာမှမဟုတ်လို့ရမလား...။ မင်း ငါ့ကိုစိတ်ခုနေတယ်မဟုတ်လား ပွင့်ပွင့်လင်းလင်းပြောလေကွာ "

" မဟုတ်ဘူး... "

" ဘာမဟုတ်တာလဲ...။ "

" ဒီအတိုင်းပဲ.. မင်းစိတ်ကို မင်းသိဖို့ အချိန်ယူ​​ကြည့်လိုက်ဦးဂယူဘင်း.. ။ ငါ့ဘက်က မင်းကငါ့ကို သူငယ်ချင်းလို့ပဲခင်ရင်တောင် လက်ခံတာမို့ မင်းစိတ်ကိုယ်မင်းပြန်ဆန်းစစ်ကြည့်ဦး... "

" ဟင် ရုတ်တရက်ကြီး ဘာကိုစစ်ရမှာ? "

ဂယူဘင်းမှာ ရစ်ခီ့၏စကားအား နားမလည်လိုက်တာမို့ ပြန်ကြည့်လိုက်လျှင် ရစ်ခီ့၏မျက်ဝန်းများထဲမှ တစ်စုံတစ်ခုအပေါ် သေချာနေဟန်ရသည့်အရိပ်များကြောင့် ဂယူဘင်းမှာလည်း ထိုအခါတွင်မှ ရစ်ခီ့၏စိတ်အား ရေးရေးမျှ သဘောပေါက်လိုက်မိပါတော့သည် ။

" အာ.. မင်းကိုမနေ့က ငါဖွင့်ပြောမိပြန်တာလား ။ "

"...."

ထိုအခါ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဆိုသည့်စကားအတိုင်းပင် သူ့အမေးစကားအဆုံးတွင် ရစ်ခီကငြိမ်နေခဲ့တာမို့ ဂယူဘင်းသည်လည်း ခေါင်းထက်မှ အနည်းငယ်ပွနေခဲ့သည့်ဆံပင်များကို စိတ်ရှုပ်စွာနှင့် တစ်ချက်ဆွဲဖွလိုက်ရင်းဖြင့် ခြောက်ကပ်ကပ်ရယ်သံတစ်ချက်အား ပြုလိုက်မိပါတော့သည် ။

" ဘာလို့လဲ.. ။ ငါ့ကြောင့် မင်းအရမ်းစိတ်အနှောင့်အယှက်ဖြစ်ရလို့လား ။ "

" ဂယူဘင်း ဒီနေရာမှာ ငါတို့ချည်းရှိနေတာမဟုတ်ဘူး.. ။ စကားကိုတိုးတိုးပြော "

" ဘာလို့လဲဆိုတာမေးလို့ရမလား.. ။ ငါမင်းရဲ့ဘေးမှာ အမြဲရှိနေတာက မင်းအတွက် အနှောင့်အယှက်ဖြစ်နေတာလား.. ။ "

" မဟုတ်..ငါဆိုလိုချင်တာ အဲ့လိုမျိုးမဟုတ်ဘူး ဂယူဘင်း "

" ဒါဆိုဘာလို့လဲ ... ။ "

" မယုံရဲဘူး .. ။ ငါမင်းကို သူငယ်ချင်းတစ်ယောက်လိုခင်ပေမယ့် ရည်းစားတစ်ယောက်လိုကျ... "

" အာ.. မင်းကငါ့ကို အစကတည်းက မယုံနေတာဘဲချွမ်ရွေ့.. ။ ဟက်! ! ငါကိုက အမှတ်မရှိတာ မင်းလိုလူကိုမှ သဘောကျမိလို့လေ... "

" မင်းဘာပြောချင်တာလဲ.. ။ ငါပြောချင်တာကို မင်းတကယ်ကို သဘောမပေါက်ဘူးလား ။ "

" ဟက် ငါအဲ့လောက်မတုံးသေးပါဘူး.. ။ အခုက မင်းငါ့ကိုသွယ်ဝိုက်ပြီးငြင်းနေတာပဲလေ ။ "

" ဟမ်!!!"

" မင်းစကားကို ငါနားလည်ပြီမို့ နောက်တစ်ခါ ငါ့ဘက်ကနေစပြီး ဖွင့်ပြောမိတာမျိုးမရှိရအောင် ကြိုးစားပါ့မယ် ။ ဒါဆိုဒီလောက်ပဲ  "

ဂယူဘင်းမှာ ပြောပြီးနောက်တွင်တော့ နေရာမှချာခနဲပင်လှည့်၍ ထွက်လာခဲ့လိုက်ပါတော့သည် ။

ဤသို့ဖြင့် သူငယ်ချင်းနှင့် ချစ်ဇာတ်လမ်းတစ်ပုဒ်အား အစပျိုးခြင်းသည် ဤနေရာတွင်တစ်ခန်းရပ်လေသည်... ။

..

4800
RudyAhn2211
20/6/23
8:30PM








You are reading the story above: TeenFic.Net