TeenFic.Net Stories that stay with you ♥

အပိုင်း (၈) : ခေတ်သစ်

ဝှစ်!



သည်းထန်စွာကျဆင်းနေသော မိုးရေတို့အား လေပြင်းကအဖော်ပြုသည်။ လူထွားကြီးထံတွင် အကစားခံနေရသည့်နှယ် ရွက်တိုင်သုံးခုနှင့် ရွက်လှေမှာ ရေလှိုင်းများကြား လူးလွန့်နေသည်။




အယ်လ်ဂျာဝေလ်ဆန်၏မျက်လုံးအတွင်းမှ ကြက်သွေးနီရောင်အလင်းစမှာ ပျောက်ကွက်သွားပြီဖြစ်သည်။ သူ့ကိုယ်သူ ကုန်းပတ်ပေါ်တွင် မည်သည်မှ ပြောင်းလဲမရှိဘဲ ဆက်လက်ရပ်နေသေးကြောင်း တွေ့ရှိသွားသည်။



ချက်ခြင်းပင် သူ့လက်ဖဝါးထဲရှိ ဆန်းကြယ်သည့်သဏ္ဌာန်နှင့် ဖန်ပုလင်းမှာ ကွဲအက်သွားပြီး အတွင်းမှ ဆီးနှင်းတို့မှာ မိုးရေနှင့်အတူ အရည်ပျော်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းမှာတွင် ထိုအံ့ဩစရာကောင်းသည့် ရှေးဟောင်းပစ္စည်းတည်ရှိခဲ့ကြောင်း သက်သေတို့မှာ ပျောက်ကွက်သွားတော့သည်။




ခြောက်ထောင့်ရှိသော သလင်းကျောက်သဖွယ်နှင်းပွင့်တစ်ခု အယ်လ်ဂျာ၏လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ ထို့နောက် ထိုနှင်းပွင့်မှာ လျင်လျင်မြန်မြန်ပင် ဖျော့တော့လာပြီး အသားထဲစုပ်ယူခံလိုက်ရသည့်နှယ် အပြီးတိုင် ပျောက်ကွယ်သွားသည်။ အယ်လ်ဂျာ တစ်ခုခုကို တွေးတောနေသည့်နှယ် မသိမသာခေါင်းညိတ်လိုက်သည်။ သူ ငါးမိနစ်တိတိတွေတွေကြီးရပ်ကာ တိတ်ဆိတ်နေခဲ့သည်။



တစ်ဖက်သို့လှည့်လိုက်ပြီး အခန်းဆီသို့သွားလိုက်သည်။ ဝင်ခါနီးတွင် အလားတူလျှပ်စီးသင်္ကေတနှင့် ဝတ်ရုံကိုဝတ်ထားသော လူတစ်ယောက် အခန်းထဲမှ ထွက်လာသည်။



အဆိုပါ ရွှေ့ရောင်ဖျော့ဖျော့ဆံပင်များနှင့် ယောကျာ်းကရပ်သွားပြီး အယ်လ်ဂျာအား ကြည့်လိုက်သည်။ သူ၏ညာဖက်လက်သီးအား ရင်ဘတ်တွင်ကပ်၍ ပြောလိုက်သည် "မုန်တိုင်းသင့်အား အဖော်ပြုပါစေ"



အယ်လ်ဂျာတူညီသောစကား တူညီသောအပြုအမူအား ပြန်လုပ်ပြလိုက်သည်။ သူ၏ အချိုးအစားပြေပြစ်သော ခက်ထန်သည့် မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေချေ။



အယ်လ်ဂျာနှုတ်ဆတ်ပြီးနောက်အခန်းထဲသို့ဝင်သွားပြီး စင်္ကြန်အဆုံးနားတွင် တည်ရှိသောမာလိန်မှူးအခန်းဆီသို့ ဆက်သွားလိုက်သည်။



အံ့ဩစရာကောင်းစွာပင် လမ်းတစ်လျှောက် သူမည်သည့်သင်္ဘောသားနှင့်မျှ မဆုံချေ။ တစ်နေရာလုံးမှာ သင်္ချိုင်းသဖွယ် တိတ်ဆိတ်နေသည်။



မာလိန်မှူးအခန်းဆီသို့သွားရာတံခါးပေါက်အနောက်ရှိ ကြမ်းပြင်ပေါ်တွင် နူးညံ့သောအညိုရောင် ကောဇောတစ်ချပ်ခင်းထားသည်။ အခန်းတစ်ဖက်တစ်ချက်စီတွင် စာအုပ်စင်နှင့် ဝိုင်ပုလင်းစင်တို့ရှိသည်။ မှိတ်တုပ်မှိတ်တုပ် ဖယောင်းတိုင်မီးအောက်တွင် စာအုပ်များ၏ ဝါဖန့်ဖန့်အဖုံးများနှင့် အနီရင့်ရင့်ဝိုင်ပုလင်းများမှာ ကျောချမ်းစရာကောင်းလှသည်။



စားပွဲပေါ်တွင် ဖယောင်းတိုင်နှင့်အတူ မှင်ပုလင်း ၊ ငှက်မွှေးကလောင်တံ ၊ သံနက်ရောင်အဝေးကြည့်မှန်ပြောင်းနှင့် ကြေးဝါဖြင့်လုပ်ထားသည့် စက်ဝိုင်းခြမ်းရှိသည်။



စားပွဲနောက်တွင်ထိုင်နေသည်မှာ ဦးခေါင်းခွံပုံပါသည့် မာလိန်မှူးဦးထုပ်အား ဆောင်းထားသည့် အသားဖြူဖြူနှင့် သတ်လတ်ပိုင်းယောကျာ်းတစ်ဦးပင်။ အယ်လ်ဂျာသူ့ထံတိုးကပ်သွားသည်နှင့် ထိုသူက ခြိမ်းခြောက်ဟန်ဖြင့် ပြောသည် " ငါလက်ခံမှာမဟုတ်ဘူး"



"ခင်ဗျားလုပ်နိုင်မယ်လို့ ငါယုံတယ်" အယ်လ်ဂျာအေးဆေးစွာပြောလိုက်သည်။ အေးဆေးလွန်းသည်မှာ မိုးလေဝသအကြောင်း ပြောနေသကဲ့သို့နှယ်။



"မင်း..." မထင်မှတ်ထားသည့် အဖြေကြောင့် ထိုယောကျာ်းမှာ အံ့ဩသွားသည့်ပုံပင်။



ထိုအချိန်တွင် အယ်လ်ဂျာ‌အရှေ့သို့ သာသာကိုင်းလိုက်ကာ သူတို့နှစ်ယောက်ကြား စားပွဲသာခြားတော့သည်အထိ ရုတ်တရက်အခန်းတစ်ဖက်ဆီသို့ ပြေးထွက်သွားသည်။



ပါး!



အယ်လ်ဂျာပုခုံးအားချုပ်လိုက်ပြီး သူ၏ညာဖက်လက်ကို ဆန့်တန်းကာ ထိုယောကျာ်းအား လည်ပင်းညှစ်လိုက်သည်။



ထိုသူတုံ့ပြန်ချိန်မရှိစေရန် အရူးအမူးအားထပ်ထည့်ကာ လည်ပင်းညှစ်သည်နှင့်အမျှ မျက်စိမှောက်ဖွယ်ကောင်းသော ငါးအကြေးခွံတို့ အယ်လ်ဂျာလက်အောက်ပိုင်းတွင် ပေါ်လာသည်။



ဖောင်း!



ဖျက်ခနဲကွဲအက်သံနှင့်အတူ ထိုယောကျာ်း၏ခန္ဓာကိုယ်မှာ အမခံလိုက်ရပြီး ထိုသူ့မျက်လုံးတို့ ပြူးကျယ်သွားသည်။



သူ၏ခြေထောက်တို့ ဒေါသတကြီး တွန့်ခါပြီးနောက် မကြာခင်တွင် လှုပ်ရှားမှုတို့ ကင်းမဲ့သွားတော့သည်။ သူ၏မျက်ဆံတို့မှာ ရည်ရွယ်ချက်မရှိစိုက်ကြည့်ရင်း စတင်ပြူးကျယ်လာသည်။ သူ့ဘောင်းဘီတို့ တဖြည်းဖြည်းစိုစွတ်လာသည်နှင့်အတူ သူ့ခြေထောက်ဆီမှ အနံ့ဆိုးထွက်ပေါ်လာသည်။



ထိုသူအားပင့်မထားရင်း အယ်လ်ဂျာခါးကိုကိုင်းကာ နံရံဆီသို့လျှောက်သွားလိုက်သည်။



ဘန်း! ထိုလူအားဒိုင်းကာအနေဖြင့်သုံးကာ နံရံအား ချိုးဖျက်လိုက်သည်။ သူ၏ကြွက်သားများလွန်စွာဖောင်းကြွနေသည့် လက်မောင်းမှာ ကြောက်ရွံ့စရာကောင်းလှသည်။



သစ်သားနံရံတွင် အပေါက်တစ်ပေါက်ပွင့်သွားပြီး ပင်လယ်နံ့နှင့်အတူ မိုးရေတို့ ကျဆင်းလာသည်။



အယ်လ်ဂျာထိုလူအား အခန်းမှသည် တောင်များနှင့်တူသည့် ရေလှိုင်းကြီးထဲသို့ တည့်တည့်ပစ်ချလိုက်သည်။



ကြီးမြတ်သော သဘာဝတရားက အရာအားလုံးကို ဝါးမြိုရင်း လေပြင်းတို့မှာ ဆက်လက်တိုက်ခိုက်နေဆဲ။



အယ်လ်ဂျာအဖြူရောင်လက်ကိုင်ပုဝါအားထုတ်ကာ သူ့ညာဖက်လက်အား သေချာစွာပွတ်လိုက်ပြီး ပင်လယ်ထဲသို့ပစ်ချလိုက်သည်။



သူနောက်ပြန်ဆုတ်ကာ အဖော်ရောက်လာမည်ကို စိတ်ရှည်စွာစောင့်နေလိုက်သည်။



ဆယ့်စက္ကန့်မပြည့်ခင်မှာပင် အစောပိုင်းကဆံပင်ရွှေရောင်နှင့်ယောကျာ်း ပြေးလာကာမေးသည် "ဘာဖြစ်သွားတာလဲ?"



" မာလိန်မှူးထွက်ပြေးသွားတယ်" အယ်လ်ဂျာစိတ်ရှုပ်နေသည့်ပုံစံဖြင့် အသက်ပြင်းပြင်းရှူရင်း ဖြေလိုက်သည်။ "သူ့ဆီမှာ သူ့ရဲ့စည်းကျော်သူစွမ်းအားတွေရှိသေးတာ ငါမသိလိုက်ဘူး"



"ချီးပဲ" ရွှေရောင်ဆံပင်နှင့် ယောကျာ်းညှင်သာစွာဆဲရေးလိုက်သည်။



သူ ပွင့်နေသည့်နေရာသို့ တက်သွားကာ အဝေးသို့လှမ်းကြည့်လိုက်သည်။ သို့သော် လှိုင်းတံပိုးများနှင့် မိုးရေတို့မှအပ ဘာမှကိုမမြင်ရချေ။



"မေ့လိုက်တော့ ခိုးရင်အပိုရလာတဲ့ပစ္စည်းပဲဟာ" ဆံပင်ရွှေရောင်နှင့် အမျိုးသားက လက်ကိုဝှေ့ယမ်းကာပြောလိုက်သည် "ငါတို့ဒီတူဒေါခေတ်က သရဲသင်္ဘောကို ရှာတွေ့ထားလို့ ဆုလာဘ်ရဦးမှာပဲ"



အကယ်၍သူက ပင်လယ်စောင့်ရှောက်သူဖြစ်နေပါစေ ယခုလိုရာသီဥတုအခြေအနေမျိုးတွင် ပင်လယ်ထဲ အလောတကြီးခုန်ချမှာ မဟုတ်ပေ။



"မုန်တိုင်းဆက်တိုက်နေဦးမယ်ဆိုရင် "မာလိန်မှူး" အသက်ရှင်မှာ မဟုတ်ဘူး" အယ်လ်ဂျာ သဘောတူစွာဖြင့် ခေါင်းငြိမ့်ပြရင်း ပြောလိုက်သည်။ သစ်သားနံရံမှာ သိသာသည့်အရှိန်ဖြင့် သူ့ဘာသာပြန်လည် ပြင်ဆင်နေသည်။



သူနံရံအားကြည့်ရင်း ခေါင်းကိုလှည့်ကာ အလိုအလျောက် ပဲ့တိုင်နှင့် ရွက်တိုင်တို့အား ကြည့်မိသည်။



ဤသစ်သားပျဥ်ပြားများနောက်တွင် မည်သည့်အရာများဖြစ်ပျက်နေကြောင်း သူသေချာသိပါ၏။



ကုန်းချုပ် ၊ ကုန်းနှစ် ၊ ခရူအဖွဲ့နှင့် သင်္ဘောသားတို့ရှိမနေပေ။ ဤရွက်လှေပေါ်တွင် သက်ရှိလူသားဟူ၍မရှိချေ။



လစ်ဟာမှုများနှင့်ပင် ပဲ့တိုင်နှင့် ရွက်တိုင်တို့မှာ သူတို့ဘာသာသူတို့ လှုပ်ရှားနေကြသည်။



အယ်လ်ဂျာ မီးခိုးဖြူရောင်မြူတို့ဖုံးလွှမ်းနေသည့် "သူရူး" အားပုံပြန်ဖော်မိကာ သက်ပြင်းချမိသည်။



အနောက်သို့လှည့်၍ အပြင်မှ ကြောက်ရွံ့ဖွယ်ရာလှိုင်းတံပိုးများအားကြည့်ရင်း စိတ်ကူးယဥ်နေသကဲ့သို့ မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် ပြောလိုက်သည် "ခေတ်သစ်တစ်ခုစခဲ့ပြီ..."




...



ဧကရီစီရင်စု ၊ ဘက်ခ်လမ်း ၊ လိုအန်တိုင်းပြည်မြို့တော်။



အော်ဒရီဟောလ်တစ်ယောက် သူမခုနကတွေ့ကြုံလာရသည်ကို မယုံနိုင်စွာဖြင့် ပါးအားဆွဲဆိတ်မိသည်။



သူမအရှေ့မှ မှန်ဘီဒိုခုံပေါ်ရှိ ကြေးမှန်အဟောင်းကမူ တစ်စစီကွဲအက်နေချေသည်။



အော်ဒရီသူမအကြည့်တို့ကို အောက်ပို့လိုက်သောအခါ သူမလက်အနောက်တွင် လည်နေသော 'ကြက်သွေးနီရောင်' အားတွေ့လိုက်ရသည်။ ကြယ်ပုံစံတက်တူးပုံစံနှင့်ဆင်တူသည်။



'ကြက်သွေးနီရောင်'မှာ တဖြည်းဖြည်းလွင့်ပါးသွားပြီး သူမအသားထဲသို့ ဝင်တိုးပျောက်ကွယ်သွားသည်။



ထိုအချိန်မှသာ ဤသည်မှာ အိပ်မက်မဟုတ်ကြောင်း အော်ဒရီသေချာတော့သည်။



သူမမျက်လုံးတို့ ဝင်းလက်သွားကာ ရယ်လိုက်မိသည်။ သူမမနေနိုင်ဘဲ မတ်တပ်ထရပ်မိကာ ပြန်ငုံ့လိုက်ပြီး သူမဂါဝန်စအားမလိုက်မိသည်။



သူမလေထဲသို့ အရိုအသေပေးလိုက်ကာ စတင်ကခုန်တော့သည်။ ထိုသည်မှာ ယခုလတ်တလောတွင် တော်ဝင်မိသားစုများကြား နာမည်ကြီးနေသည့် "ရှေးဟောင်းနတ်သူငယ်အက"ပင်။



သူမမျက်နှာထက်တွင် ဝင်းပသောအပြုံးတစ်ပွင့်ရှိပြီး ကျက်သရေရှိစွာ လှုပ်ရှားနေသည်။



ဒေါက်! ဒေါက် ! သူမအိပ်ခန်းတံခါးအား တစ်ယောက်ယောက် ရုတ်တရက်တံခါးလာခေါက်သည်။



"ဘယ်သူလဲ" အော်ဒရီကတာကို ချက်ခြင်းရပ်ကာ ကျက်သရေရှိသည့်ပုံပိုပေါ်စေရန် ဂါဝန်အားသေသပ်အောင်လုပ်ရင်း မေးလိုက်သည်။



"သခင်မလေး ကျွန်မဝင်လာလို့ရမလား? အခမ်းအနားအတွက် သခင်မလေးစပြီးပြင်ဆင်ရပါတော့မယ်" အော်ဒရီ့ အမျိုးသမီးအစေခံက တံခါးအပြင်ဖက်မှာ လှမ်းမေးသည်။



အော်ဒရီမှန်တင်ခုံမှ မှန်ထဲသို့ကြည့်လိုက်ပြီး သူမမျက်နှာမှ အပြုံးကိုချက်ခြင်းဖျောက်လိုက်ပြီး အပြုံးရေးရေးကိုသာ ချန်ခဲ့လိုက်သည်။



အားလုံးကြည့်ကောင်းပြီဟု သေချာသွားသောအခါမှသာ သူမညှင်သာစွာပြန်ဖြေလိုက်သည် "ဝင်လာခဲ့ပါ"



တံခါးလက်ကိုင်ဘုလည်သွားပြီး သူမအစေခံ "အန်နီ" ဝင်လာသည်။



"အို ကွဲသွားပြီ..." ကြေးမှန်အိုကြီး၏ အခြေအနေအား တွေ့လိုက်ရသောအခါ အန်နီပြောလိုက်သည်။



အော်ဒရီမျက်တောင်ခက်ကာ ဖြေးညှင်းစွာပြောလိုက်သည် "အမ်း အင်း ဆူစီအခုလေးတင်ဒီမှာရှိနေတာ သူဘယ်လောက်ဖျက်ဆီးတတ်လဲ နင်လဲသိပါတယ်"



ဆူစီမှာ မျိုးကောင်းမျိုးသန့်မဟုတ်လှသည့် ဂိုးဒန်ရီထရီဗာခွေးအမျိုးအစားဖြစ်သည်။ သူမအဖေဖြစ်သူ မြို့စားဟောလ် မြေခွေးလိုက်ခွေးကြီးဝယ်စဥ်က လက်ဆောင်အနေနှင့် ရလာခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ အော်ဒရီမှာ ဆူစီကို ချစ်မြတ်နိုးသည်။



"သခင်မလေးသူ့ကို ကောင်းကောင်းလေ့ကျင့်ပေးသင့်တယ်" အန်နီ သူ့သခင်မလေး ထိခိုက်သွားမည်စိုးသဖြင့် ကြေးမှန်ကွဲစများအား သေချာစွာကောက်ရင်း ပြောသည်။



သန့်ရှင်းရေးလုပ်ပြီးသွားသောအခါ အပြုံးဖြင့်သူမ အော်ဒရီအား မေးလိုက်သည် "သခင်မလေး ဘယ်ဂါဝန်ဝတ်ချင်လဲ"



အော်ဒရီခဏတာမျှတွေးတောလိုက်ပြီး ပြန်ဖြေလိုက်သည် "ငါ့ရဲ့ ၁၇နှစ်ပြည့် မွေးနေ့အတွက် မစ္စဂျင်းနီ ဒီဇိုင်းဆွဲပေးထားတဲ့ ဂါဝန်လေးကို သဘောကျတယ်"



"ဟင့်အင်း သခင်မလေးဂါဝန်တစ်စုံတည်းက တရားဝင်အခမ်းအနားမှာ နှစ်ခါဝတ်လို့မရဘူး မဟုတ်ရင် သူများတွေ ဟောလ်မိသားစုရဲ့ စီးပွားရေးအခြေအနေကို အတင်းတွေ ပြောကုန်ကြလိမ့်မယ်" အန်နီသဘောမတူစွာဖြင့် ခေါင်းခါပြသည်။



"ဒါပေမဲ့ ငါအဲဒီဂါဝန်ကို အရမ်းကြိုက်တယ်" အော်ဒရီ ငြင်သာစွာခုခံလိုက်သည်"



"သခင်မလေးအဲဒါကို အိမ်မှာဝတ်လို့လဲရတယ် မဟုတ်ရင် အရမ်းတခမ်းတနားမဆန်တဲ့ပွဲတက်ရင် ဝတ်သွားချင်လဲရတယ်" အန်နီခိုင်ခိုင်မာမာနှင့်ပြန်ဖြေသည်။ ဤသည်မှာ ညှိနှိုင်းလို့ရသည့်ဟန်မပေါ်ပေ။



"ဒါဆို လွန်ခဲ့တဲ့နှစ်ရက်က မစ္စတာဆေးဒ်ပေးထားတဲ့ အင်္ကျီလက်မှာ ကြာပန်းပုံပါတဲ့ဟာမှရမယ်" အော်ဒရီခပ်တိုးတိုးသက်မရှိုက်ပြလိုက်ပြီး သူမအပြုံးချိုချိုလေးဖြင့် ပြောလိုက်သည်။



"သခင်မလေးက အမြဲတမ်းအမြင်ရှိတယ်" အန်နီနောက်ကိုဆုတ်ရင်းပြောကာ တံခါးဖက်ဆီအော်လိုက်သည် "အဝတ်လဲခန်းခြေက်ခုမြောက်!အာ ထားပါတော့ ကျွန်မဘာသာသွားယူမယ်"



အစေခံတို့စတင်အလုပ်လုပ်ကြတော့သည်။ ဂါဝန် ၊ လက်ဝတ်လက်စား ၊ ခြေဝတ်ခြေစား ၊ ဦးထုပ် ၊ မိတ်ကပ် နှင့် ဆံပင်ပုံစံ-အရာအားလုံးကို သေချာစွာဂရုစိုက်ဖို့လိုချေသည်။



အသင့်ဖြစ်ခါနီးတွင် မြို့စားဟောလ်တစ်ယောက် အညိုရင့်ရောင်အောက်ခံကိုယ်ကျပ်ကုတ်အင်္ကျီဖြင့် တံခါးပေါက်ရှေ့ပေါ်လာသည်။



အင်္ကျီအ‌ရောင်နှင့်ဆင်တူဦးထုပ်ကိုဝတ်ဆင်ထားပြီး မုတ်ဆိတ်ကိုသေချာစွာပုံသွင်းထားသည်။ သူ၏အပြာရောင်မျက်လုံးတို့မှာ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်နေသော်ငြား သူ၏လျော့ရဲနေသောကြွက်သားများ ၊ ကြီးလာသောခါးနှင့် အရေးအကြောင်းတို့မှာ သူ၏ ငယ်ရွယ်ချောမောမှုအား ဖျက်ဆီးနေပေသည်။



"ဘက်ခ်လန်းရဲ့ အတောက်ပဆုံးရတနာလေးရေ ငါတို့သွားဖို့ အချိန်ကျပြီ" မြို့စားဟောလ်ကပြောရင်း တံခါးအားနှစ်ချက်ခေါက်သည်။



"ဖေဖေ သမီးကိုအဲဒီလိုခေါ်တာရပ်နော်" အော်ဒရီအစေခံများ၏အကူအညီဖြင့် မတ်တပ်ရပ်ရင်း ကန့်ကွက်မိသည်။



"ကဲဒါဆို သွားဖို့အချိန်ရောက်ပါပြီ ဖေဖေ့ရဲ့အလှဆုံးမင်းသမီးလေးရေ" သူ၏ဘယ်ဖက်လက်အား အော်ဒရီကိုင်ရန်အချက်ပေးသည့်အနေနဲ့ ကွေးပြရင်း မြို့စားဟောလ်ကပြောသည်။



အော်ဒရီခေါင်းခါလိုက်ပြီး ပြောလိုက်သည် "အဲဒါကသမီးအမေ မစ္စဟောလ် မြို့စားကတော်အတွက်"



"ဒါဆိုဒီဖက်" မြို့စားဟောလ်က သူ၏ညာဖက်လက်အားကွေးပြရင်း ပြုံးလျက်ပြောသည် "ဒီဖက်ကသမီးအတွက် ဖေဖေ့ရဲ့ဂုဏ်အယူရဆုံးလေး"



...



တော်ဝင်ရေတပ်စခန်း ၊ ပရစ်ဇစ်ဆိပ်ကမ်း ၊ ဝက်သစ်ချကျွန်း



အော်ဒရီသူမအဖေ၏လက်ကိုတွဲကာ ရထားလုံးပေါ်မှဆင်းချိန်တွင် သူမအရှေ့ရှိ ကြီးမားလှသောစက်ယန္တရားကြီးကြောင့် ရုတ်တရက်ထိတ်လန့်သွားရသည်။



မလှမ်းမကမ်းရှိရေတပ်ဆိပ်ကမ်းတွင် သတ္တုရောင်တလက်လက်တောက်ပနေသော သင်္ဘောကြီးရှိသည်။ ထိုသင်္ဘောတွင်ရွက်လှေမပါဘဲ စောင့်ကြည့်ကုန်းပတ်တစ်ခု ၊ မြင့်မားလှသောမီးခိုခေါင်းတိုင်နှစ်ခုနှင့် သင်္ဘောအဆုံးရှိ မျှော်စင်နှစ်ခုသာပါရှိသည်။



ထိုသင်္ဘောမှာ ထယ်ဝါကြီးမားလှသည်မှာ အနီးအနားရှိရွက်လှေများအား လူထွားကြီးနားဝိုင်းအုံနေကြသည့် လူပုပေါက်စကလေးများသဖွယ်ဖြစ်သွားစေသည်.



"မုန်တိုင်းအရှင်..."



"အို ဘုရားသခင်"



"သံချပ်ကာစစ်သင်္ဘော"



...



အုတ်အုတ်ကျက်ကျက်များအလယ်တွင် အော်ဒရီသည်လဲ လူသားတို့တီထွင်ထားပါသော ဤဆန်းသစ်လှသည့်အံ့ဖွယ်ကြောင့် အံ့ဩတုန်လှုပ်မိချေသည်။ ဒါတစ်ခါမှမမြင်ဖူးတဲ့ သမုဒ္ဒရာအံ့ဖွယ်တစ်ခုပင်။



မြိုးရိုးမြင့်များ ၊ မင်းမှုထမ်းများ နှင့် ပါလီမန်အဖွဲ့များ သူတို့ကိုယ်သူတို့ ဣန္ဒြေထိန်းဖို့ရာ အချိန်တစ်ခုကြာသွားသည်။ ထို့နောက်တွင် ကောင်းကင်ပေါ်ရှိ အနက်ရောင်အကွက်တစ်ကွက်မှာ ကောင်းကင်၏သုံးပုံတစ်ပုံကို နေရာယူကာ အားလုံး၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်အထိ စတင်ကြီးထွားလာသည်။ ပတ်ဝန်းကျင်အခြေအနေမှာရုတ်တရက် တည်ကြည်သွားသည်။



ထိုသည်မှာ လေထုအလယ်တွင် ပျံဝဲနေသည့် လှပပြေပြစ်သော ဒီဇိုင်းနှင့် ကြီးမားလှသည့် မိုးပျံယန္တရားတစ်ခုဖြစ်သည်။ အပြာရင့်ရောင်ယန္တရားတွင် ခိုင်ခံ့သော်ငြား ပေါ့ပါးသည့် သတ္တုစပ်များဖြင့် ထောက်ကန်ထားသော ချည်သားဖြင့်ပြုလုပ်ထားသည့် လေအိတ်များရှိသည်။ သတ္တုစပ်အောက်ခြေတွင် စက်သေနတ်များ ၊ ကျည်ဖူးလွှတ်စက်များ ၊ သေနတ်ပြောင်းဝများခင်းကျင်းထားသည့် အဝများရှိသည်။ လည်ပတ်နေသည့် ရေနွေးငွေ့အင်ဂျင်နှင့် အမြီးတက်ရွက်များဆီမှ ကျယ်လောင်လှသော တဝီဝီမြည်သံမှာ အားလုံးအားရင်သပ်ရှုမောစေသည့် စည်းချက်အား ဖြစ်ပေါ်စေသည်။



ဘုရင့်မိသားစုမှာ မြင့်မြတ်ကာ ငြင်းပယ်၍မရနိုင်သော အာဏာအပြည့်နှင့် သူတို့လေသင်္ဘောပေါ်တွင်ရောက်ရှိနေပြီဖြစ်သည်။



လက်ကိုင်တွင် ပတ္တမြားသရဖူပါသည့် ဓားရှည်နှစ်ချောင်းမှာ အောက်တည့်တည့်သို့ စိုက်ကျနေပြီး အခန်းတစ်ဖက်တစ်ချက်ဆီတွင် နေရောင်အား အလင်းပြန်နေစေသည်။ ထိုဓားရှည်နှစ်ချောင်းမှာ ဩဂတ်စတက်စ်မိသားစု၏ အမှတ်သညာသင်္ကေတ " စီရင်ရေးဓားရှည်" ဖြစ်ပြီး လွန်ခဲ့သောခေတ်ဆီမှ လက်ဆင့်ကမ်းလာခြင်းဖြစ်သည်။



အော်ဒရီမှာ ဆယ့်ရှစ်နှစ်မပြည့်သေးလေရာ ဘက်ခ်လန်းလူမှုအသိုင်းအဝိုင်းထဲသို့ တစ်စုံတစ်ဦးအား ပွဲထုတ်ပေးရန် ဧကရီမှကြီးမှူးကျင်းပပေးသည့် သူမအသက်ပြည့်ပြီဖြစ်ကြောင်း ကြေညာပေးသော "မိတ်ဆတ်ခြင်းအခမ်းအနား" အား မတက်ရောက်ရသေးပေ။ သို့ဖြစ်ရာ သူမမှာ မိုးပျံယန္တရားနားအား သွားရောက်လို့မရဘဲ အနောက်တွင်သာ အခမ်းအနားတစ်ခုလုံးကို ငြိမ်ငြိမ်သက်သက်ဖြင့် ကြည့်၍ရသည်။



မည်သို့ပင်ဖြစ်စေ ထိုသည်မှာသူမအတွက် အရေးမပါပေ။ တကယ်တမ်းတော့ မင်းသားများဖြင့် ဆက်ဆံစရာမလိုသဖြင့် သူမစိတ်သက်သာရာပင်ရသေးသည်။



လူသားတို့ ကောင်းကင်အားပိုင်စိုးရန် အသုံးပြုသည့် 'အံ့ဖွယ်'မှာ တဖြည်းဖြည်းနှင့် ဆင်းသက်လာသည်။ လှေကားမှ ပထမဆုံးဆင်းသက်လာသူများမှာ အနီရောင်အခမ်းအနားဝတ်စုံများနှင့် အဖြူရောင်ဘောင်းဘီရှည်များအား ဝတ်ဆင်ထားသော ချောမောငယ်ရွယ်သည့် အစောင့်တပ်သားများဖြစ်သည်။ ဆုတံဆိပ်များအား ဝတ်ဆင်ထားကာ လက်တွင် ရိုင်ဖယ်သေနတ်များအား ကိုင်ဆောင်၍ လိုင်းနှစ်လိုင်းခွဲကာ တန်းစီလိုက်ကြသည်။ သူတို့မှာ ဘုရင်ကြီး ‌ဂျော့ရှ်(တတိယ) ၊ သူ၏ဧကရီ နှင့် မင်းသားမင်းသမီးများအား စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။



အော်ဒရီအတွက် အရေးပါအရာရောက်သောသူများနှင့် တွေ့ဆုံရခြင်းမှာ အသစ်အဆန်းမဟုတ်လေရာ သူမတွင် မည်သည့်စိတ်ဝင်စားမှုမျိုးမှမရှိချေ။ ထိုအစား သူ၏စိတ်အာရုံတို့မှာ ရုပ်ထုနှစ်ခုသဖွယ် ဘုရင့်နံပါးတွင် ဝန်းရံနေသည့် အနက်ရောင်သံချပ်ကာဝတ်မြင်းတပ်သားတွင် ရှိသည်။



ယခုလို သံ ၊ ရေနွေးငွေ့စွမ်းအင်နှင့် အမြှောက်ဆံတို့ခေတ်တွင် သံချပ်ကာအပြည့်ဝတ်နိုင်သေးသည့် သူရှိသေးသည်မှာ အံ့ဩစရာကောင်းလှသည်။



အေးစက်သောသတ္တုအရောင်နှင့် ထိုင်းမှိုင်းသော အနက်ရောင်ခေါင်းဆောင်းခမောက်တို့သည် လေးနက်တည်ငြိမ်ခြင်းနှင့် အမိန့်အာဏာတို့အား သယ်ဆောင်နေသည်။



"သူတို့တွေ ရာထူးကြီး စည်းကမ်းကြီးကြပ်ရေးသူရဲကောင်းများ ဖြစ်နေမလား..." အော်ဒရီ လူကြီးများကြား ပြောလေ့ပြောထရှိသည့်စကားဝိုင်းများမှ အချက်အလက်အတိုအထွာလေးများအား ပြန်စဥ်းစားကြည့်လိုက်သည်။ သူမမှာ သိချင်သော်ငြား အနားမကပ်ရဲပေ။



ဘုရင့်မိသားစုကြွရောက်လာသည်နှင့် အခမ်းအနားစတင်တော့သည်။ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ကြီးချုပ် အရှင်အီဂေးဆစ် နီဂန်အရှေ့သို့ထွက်လာသည်။



သူသည် ကွန်ဆာဗေးတစ်ပါတီအဖွဲ့ဝင်ဖြစ်ပြီး မျိုးရိုးမြှင့်မဟုတ်သူမှ ဝန်ကြီးချုပ်ဖြစ်လာသော ဒုတိယသူဖြစ်သည်။ သူသည် သူ၏အကျိုးဆောင်မှုများကြောင့် အရှင်အဖြစ် ဘွဲ့ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။



ဟုတ်ပေသည် အော်ဒရီထို့ထက်သိသေးသည်။ ကွန်ဆာဗေးတစ်ပါတီ၏ အဓိက‌ထောက်ခံသူမှာ အီဂေးဆစ်၏အကိုဖြစ်သူ လက်ရှိ နီဂန်နယ်စားကြီး ပဲလက်စ်နီဂန်ပင်ဖြစ်သည်။



အီဂေးဆစ်မှာ ထက်ရှသောအကြည့်များရှိသည့် ပိန်သွယ်ပြီး ထိပ်ပြောင်ခါနီး အသက်ငါးဆယ်ကျော်အဘိုးကြီးတစ်ဦးဖြစ်သည်။ စကားမ‌ပြောခင် သူနေရာအားဝေ့ကြည့်လိုက်သည်။



"ဂုဏ်သရေရှိ အမျိုးသားအမျိုးသမီးများခင်ဗျာ ကျွန်တော်လူကြီးမင်းတို့ ဒီသမိုင်းတွင်မဲ့ သံချပ်ကာစစ်သင်္ဘောကြီးကို တွေ့မြင်ပြီးပြီလို့ ယုံကြည်ပါတယ်။ ဒီသင်္ဘောဟာ ထုထည် ၁၀၁ / ၂၁ မီတာရှိပါတယ်။ အံ့ဩစရာကောင်းတဲ့ ကုန်းပတ်ဒီဇိုင်းရှိပြီး သံချပ်ကာက ၄၅၇ မီလီမီတာထုရှိပါတယ်။ အလေးချိန်ကတော့ ၁၀၀၆၀ တန်ပါ။ ၃၀၅-မီလီမီတာ အဓိကအမြှောက်ကြီးလေးခု ၊ အမြန်ပစ်အမြှောက်ခြောက်ခု ၊ ခြောက်ပေါင်အမြှောက် ၁၂ ခု ၊ ခြောက်လုံးတွဲစက်သေနတ် ၁၈ ခု နဲ့ သင်္ဘောဖျက်လက်နက်လေးခုပါဝင်တပ်ဆင်ထားပါတယ်။ ရေမိုင် ၁၆ မိုင်အမြန်နှုန်းရှိပါတယ်"



"ဒီသင်္ဘောဟာ တကယ့်လွှမ်းမိုးကြီးစိုးမှုကြီးဖြစ်မှာပါ။ ဒီသင်္ဘောဟာ ပင်လယ်ပြင်မှာ စိုးမိုးနိုင်မှာပါ"



လူအုပ်ကြီးမှာ စိတ်အားတက်ကြွလာသည်။ အညွှန်းနှင့်ပင် သူတို့အား ကြောက်ရွံ့ဖွယ်ရာပုံရိပ်များကို မြင်ယောင်စေနိုင်လေရာ သူတို့ရှေ့တွင်ရှိသည့် တကယ့်သင်္ဘောဆိုလျှင် မပြောနှင့်တော့။



အီ‌ဂေးဆစ်က ပြုံးလိုက်ကာ စကားအနည်းငယ်ထပ်ပြောလိုက်ပြီး ဘုရင်ကြီးအား အလေးပြု၍ တောင်းဆိုလိုက်သည် " အရှင်မင်းကြီး အမည်နာမမှည့်ပေးပါဦး"



"ပရစ်ဇစ် ဆိပ်ကမ်းကနေ စပြီးရွက်လွင့်မှာဆိုတော့ ဒီသင်္ဘောကို "ပရစ်ဇစ်" လို့မှည့်မယ်" ‌ဂျော့ရှ်(တတိယ) ကပြန်လည်ဖြေကြားသည်။ သူ၏မျက်နှာအမူအရာတို့က သူ၏ပျော်ရွှင်မှုတို့အား လှစ်ဟပြနေသည်။



"ပရစ်ဇစ်"



"ပရစ်ဇစ်!"



...



ရေတပ်မှူးမတ်များနှင့် တော်ဝင်ရေတပ်ဗိုလ်ချုပ်ကြီးဆီမှသည် တပ်သားအားလုံးနှင့် ဆိပ်ကမ်းပေါ်ရှိအရာရှိအားလုံးဆီသို့ ထိုစကားလုံးမှာ ပျံ့နှံ့သွားသည်။ သူတို့အားလုံး ညီညွတ်စွာ ဟစ်ကြွေးလိုက်ကြသည် "ပရစ်ဇစ်"



ဂျေ့ရှ်(တတိယ) က သေနတ်ပစ်ဖောက်အလေးပြုမှုများနှင့် အောင်ပွဲခံနေသည့်ကြားမှ ပရစ်ဇစ်အား စမ်းသပ်စစ်ဆေးမှုအတွက် စတင်ရွက်လွင့်ရန် အမိန့်ပေးလိုက်သည်။



တီ!



မီးခိုးခေါင်းတိုင်များဆီမှ ထူထဲသောမီးခိုးငွေ့များ လွင့်ပျံလာသည်။ စက်ယန္တရားများလည်ပတ်ရာမှ အသံကို သင်္ဘောဟွန်းသံအောက်မှ ခပ်ပြပြကြားနိုင်သည်။



ကြီးမားလေးလံသော ယန္တရားကြီးမှာ ဆိပ်ကမ်းမှထွက်လာချေပြီ။ အားလုံးမှာ သင်္ဘောထိပ်ပိုင်းမှ အဓိကအမြှောက်နှစ်ခုဆီမှ သင်္ဘောသွားရာလမ်းပေါ်ရှိ လူမနေသောကျွန်းအား အမြှောက်ပစ်လွှတ်လိုက်သည်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်သွားရသည်။



ဘုန်း! ဘုန်း!ဘုန်း!



မြေကြီးကလှုပ်ခါသွားကာ ဖုန်မှုန့်တို့ ကောင်းကင်ထိထိုးတက်သွားသည်။ တုန်ခါမှုလှိုင်းပျံ့နှံ့သွားပြီး ပင်လယ်ပြင်တွင် လှိုင်းများထစေသည်။



ကျေနပ်သွားကာ အီဂေးဆစ်လူအုပ်ကြီးဖက်သို့ပြန်လှည့်၍ ကြေညာလိုက်သည် "ဒီကနေ့စပြီး သူတို့ကိုသူတို့ ရေတပ်ဗိုလ်ချုပ်ကြီးလို့ခေါ်တဲ့ ပင်လယ်ဓားပြခုနစ်ယောက်နဲ့ ဘုရင်လို့ သူတို့ကိုသူတို့ ကင်ပွန်းတပ်တဲ့ ပင်လယ်ဓားပြတို့ ပျက်သုန်းမှုဖြစ်လိမ့်မယ်။ သူတို့အားလုံး ကြောက်ရွံတုန်လှုပ်နေရုံပဲ တတ်နိုင်လိမ့်မယ်"



"သူတို့ရဲ့ ခေတ်ကုန်ပြီ။ ပင်လယ်ဓားပြတွေမှာ စည်းကျော်သူစွမ်းအင်တွေပဲရှိရှိ သရဲသင်္ဘောတွေပဲရှိရှိ ကျိန်စာသင့်သင်္ဘောတွေပဲရှိရှိ ပင်လယ်ပြင်မှာ သံချပ်ကာတပ်စစ်သင်္ဘောကြီးကပဲ အပိုင်စိုးလိမ့်မယ်"



အီဂေးဆစ်၏ အတွင်းရေးမှူးချုပ်က တမင်တကာမေးလိုက်သည် "သူတို့သူတို့ကိုယ်ပိုင် သံချပ်ကာစစ်သင်္ဘောတွေ မဆောက်နိုင်လောက်ဘူးလား"



ဤဖြစ်နိုင်ချေကို ဖယ်ထား၍မရဟုတွေးကာ အထက်တန်းလွှာအချို့နှင့် ပါလီမန်အဖွဲ့ဝန်အချို့ခေါင်းငြိမ့်လိုက်သည်။



အီဂေးဆစ်ချက်ခြင်းပင် ပြုံးကာ ခေါင်းကိုဖြေးညှင်းစွာခါပြလိုက်ပြီး ဖြေလိုက်သည် " မဖြစ်နိုင်ဘူး! ဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ဘူး! ငါတို့ရဲ့သံချပ်ကာသင်္ဘောကိုတည်ဆောက်ဖို့ ကျောက်မီးသွေးနဲ့ သံမဏိရောစက်ကြီး သုံးခု ၊ သံမဏိစက်ရုံအခုနှစ်ဆယ်ထက်များတဲ့ ပမာဏ ၊ သိပ္ပံပညာရှင် အယောက် ၆၀ နဲ့ ဘက်ခ်လန်း အမြှောက်ပညာသင်ကျောင်းနဲ့ ပရစ်ဇစ်‌ရေကြောင်းတက္ကသိုလ်က အဆင့်မြင့်အင်ဂျင်နီယာတွေ ၊ တော်ဝင်သင်္ဘောကျင်းနှစ်ခု ၊ အပိုပစ္စည်းတွေအတွက် စက်ရုံအရုံတစ်ရာနီးပါး ၊ ရေတပ်မတော်ဆိုင်ရာဦးစီးဌာန ၊ သင်္ဘောတည်ဆောက်ရေးကော်မတီ ၊ ဝန်ကြီးအဖွဲ့ ၊ ထူးကဲကောင်းမွန်တဲ့ အမြှော်အမြင်နဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ဘုရင်တစ်ပါး နဲ့ နှစ်စဥ် သံမဏိတန်ချိန် ၁၂ သန်းထုတ်လုပ်နိုင်တဲ့ နိုင်ငံကောင်းကို လိုအပ်တယ်"



"ပင်လယ်ဓားပြတွေ ဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး"



ထိုသို့ပြောပြီးနောက် သူရပ်လိုက်ကာ လက်မောင်းကိုမြှောက်လိုက်ပြီး စိတ်လှုပ်ရှားစွာဟစ်ကြွေးလိုက်သည် "ဂုဏ်သရေရှိအမျိုးသားအမျိုးသမီးတို့ အမြှောက်ဆံတို့နဲ့ စစ်သင်္ဘောတွေရဲ့ခေတ် ကျွန်တော်တို့ဆီ ကျရောက်လာပါပြီ"


You are reading stories on: TeenFic.Net