V3 Chapter 15

Background color
Font
Font size
Line height

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

Chapter 15 - အသံမြန်နှုန်းကို ချိုးဖောက်ခြင်း

ယာမာဂုချီမိသားစုရဲ့အဖိုးကြီးက အားနည်းတဲ့သူတော့မဟုတ်ပါဘူး။ ဂျပန်ရဲ့ပထမမျိုးဆက် S rank ဟီးရိုးတစ်ယောက်ဖြစ်ပြီး The Great 47 အဖွဲ့ဝင် အိခဲဒပါ။ ဟီးရိုးနာမည်ကတော့ Flying Sword Saint။

ဒါပေမဲ့ ကိုင်းတိုဟီးရိုးဖြစ်လာချိန်မှာတော့ သူက အနားယူသွားခဲ့ပြီး ငယ်ရွယ်လွန်းတဲ့ ဥစာကီကို ဟီးရိုးတစ်ယောက်အနေနဲ့ ပျိုးထောင်ပေးခဲ့တယ်။

အခုတော့ မျိုးဆက်ဟောင်းဟီးရိုးကြီးက သူ့မိသားစု အစော်ကားခံနေရတဲ့ရန်ကနေ ကာကွယ်ပေးဖို့ ထွက်ပေါ်လာခဲ့ပါပြီ။

"တောင်ဖြိုဓားသိုင်း၊ အဆက်မပြတ်တိုက်လေ။"

အိခဲဒရဲ့ခန္ဓာကိုယ်က ချက်ချင်းပျောက်ကွယ်သွားပြီး ကိုင်းတိုဘေးမှာပေါ်လာတယ်။ ကိုင်းတိုကလည်း သူ့ခန္ဓာကိုယ်ကို အသာလေးလှည့်ပြောင်းပြီး ဓားကိုရှောင်တယ်။ ဒါပေမဲ့ အိခဲဒက လေထုထဲမှာတင် အဆက်မပြတ်နေရာပြောင်းလဲနေပြီး သူ့ကိုအရပ်မျက်နှာပေါင်းစုံကနေ ဆက်တိုက်တိုက်စစ်ဆင်နေတာပါ။

"ဟမ်... အသံရဲ့မြန်နှုန်းကိုကျော်ပြီး ငါ့ကိုဓားနဲ့ခုတ်ချင်တာလား။ နှေးသေးတယ်။"

ကိုင်းတိုရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကလည်း ရုတ်ချည်းဆိုသလို အသံရဲ့မြန်နှုန်းကို ချက်ချင်းချိုးဖောက်သွားတယ်။ ဒါကြောင့် အိခဲဒလည်း မျက်လုံးပြူးသွားခဲ့ပါပြီ။

"ဒီကောင်... သူ့မှာတကယ်ပဲ အားနည်းချက်မရှိတာလား။"

အိခဲဒက သူ့ဓားကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး အရှိန်နှုန်းကို ပိုမြှင့်လိုက်တယ်။ ဒါကြောင့် လေထုပါပေါက်ကွဲထွက်သွားပြီး အခန်းထဲမှာရှိနေတဲ့ ပစ္စည်းနဲ့လူတွေပါ လွင့်ပျံထွက်ကုန်တယ်။

အဆက်မပြတ်တိုက်လေဟာ စစ်စစ်မှာတော့ အင်မတန်လျင်မြန်တဲ့နှုန်းနဲ့လှုပ်ရှားပြီး သာမန်ဓားကွက်တွေကို ထုတ်ဖော်နေရုံပါပဲ။ ဒါပေမဲ့ ဓားချက်တိုင်းက အသံနှုန်းထက်ကျော်နေတော့ အကြိမ်တိုင်းမှာ လေထုဟာဖောက်ခွဲခံနေရပြီး ဂျက်အင်ဂျက်တစ်ခုကို မြေပြင်ပေါ်မှာအားကုန်ဖွင့်ထားသလိုမျိုး သက်ရောက်နေတယ်။

အားနည်းတဲ့တိုက်ခိုက်ရေးသမားတွေဟာ သူတို့နှစ်ဦးအနားမှာ ကပ်မနေနိုင်တော့တာ ကြာပါပြီ။ အီခဲဒက ကိုင်းတိုရဲ့လည်ပင်းကို နောက်ကနေခုတ်ပိုင်းဖို့ ကြိုးစားလိုက်တယ်။

ဒါပေမဲ့သူ့ရှေ့မှာရှိနေတဲ့ ကိုင်းတိုက ရုတ်တရက်ပျောက်သွားပြီး ဘေးကနေ သူ့လည်ပင်းကို လက်နဲ့ညှစ်ပြီး နံရံနဲ့ဝင်ဆောင့်ပစ်လိုက်ပါပြီ။

ဘုန်း....။

ရိုးရာအိမ်ရဲ့သစ်လုံးတွေက ကျိုးပဲ့ကုန်ပြီး အပြင်က ကျောက်သားခြံစည်းရိုးနဲ့ အိခဲဒရဲ့ကျော မိတ်ဆက်မိသွားတယ်။

"ဟေး... ငါတို့နှစ်ယောက်တိုက်ဖို့ မင်းအိမ်ကကျဥ်းလွန်းတယ်၊ ကောင်းကင်ပေါ်မှာ တိုက်ကြတာပေါ့။"

ကိုင်းတိုက သူ့ရဲ့သာလွန်စွမ်းအားတွေကိုသုံးပြီး ယာမာဂုချီမိသားစုဝင်တွေနဲ့စံအိမ်တစ်ခုလုံးကို ပြာချပစ်နိုင်ပေမဲ့ မလုပ်ချင်ပါဘူး။ ဒါကြောင့် တခြားလူတွေကိုပဲ လွဲထားလိုက်တယ်။

သူက အိခဲဒကို လည်ပင်းကနေ ဆွဲမြှောက်ပြီး ဘေ့စ်ဘောပစ်သလိုမျိုး ကောင်းကင်ပေါ်ကို ပစ်တင်လိုက်တယ်။ အရိုးတွေထိတောင် အိုမင်းနေတဲ့ ဓားသမားကြီးဟာ တိမ်တိုက်တွေရှိနေတဲ့ ကောင်းကင်တွေထက်ကို စက္ကန့်ပိုင်းအတွင်း ရောက်ရှိသွားပါပြီ။

သူဟာ သတိရှိနေဆဲဖြစ်ကာ ဓားကိုတင်းတင်းဆုပ်ကိုင်ထားပြီး ရောက်ရှိလာတော့မယ့် ကံကြမ္မာဆိုးကို စောင့်မျှော်နေတယ်။

မြေပြင်မှာတော့ ကိုင်းတိုက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး ကြမ်းပြင်ကို ခြေတစ်ချက်ပြင်းပြင်းဆောင့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်က ကြယ်တံခွန်တစ်စင်းလိုမျိုး မီးလျှံတွေလွှမ်းခြုံသွားပြီး ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။

သူက အရှိန်မကုန်သေးလို့ အပေါ်ကိုမြောက်တက်နေဆဲဖြစ်တဲ့ အိခဲဒရဲ့ဘေးမှာယှဥ်ပျံနေရင်း ပြောလိုက်တယ်။

"ငါမေ့သွားတယ်၊ မင်းမပျံနိုင်ဘူးမဟုတ်လား။"

သတိရှိနေသေးတဲ့ အိခဲဒကတော့ ကိုင်းတိုကိုရန်စောင်တဲ့အကြည့်နဲ့ မော့ကြည့်လိုက်ပြီး သူ့ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်တယ်။ ဒါပေမဲ့ အလျှော့ပေးတဲ့သဘောတော့မဟုတ်ဘူး။

"တောင်ဖြိုဓားသိုင်း၊ စွန်ရဲဝဲပျံခြင်း။"

အဲဒီနောက်တော့ သူ့ခန္ဓာကိုယ်ကြွက်သားတွေက သာမန်လူတွေမလုပ်နိုင်တဲ့ အနေအထားမျိုးနဲ့စတင်လှုပ်ရှားလာပြီး လေထုထဲမှာပဲ နေရာကနေ ပျောက်သွားတယ်။

"အသံနှုန်းနဲ့လှုပ်ရှားတာလား၊ ဒါပေမဲ့ ခြေချစရာမရှိတဲ့ လေပေါ်မှာလေ။" ဂျပန်ရဲ့ပထမဆုံး S rankက ဟာသမဟုတ်တာတော့ သေချာပါတယ်။

ကိုင်းတိုဘုရားကျောင်း ထွက်မလာခင်ကဆိုရင် အိခဲဒက ဂျပန်ရဲ့နံပါတ်တစ်ပါ။ ဒီလိုလူမျိုးက ဘယ်လိုလုပ် အားနည်းမှာလည်း။ သတ်မှတ်ချက် S+ ဖြစ်ပြီး ရှားပိုင်ဝေထက် သိသိသာသာအားကောင်းပါတယ်။ ဥစာကီလည်း သူ့ထက်အားနည်းတယ်။ သူနဲ့တန်းတူရှိမယ့်လူတွေဆိုလို့ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရတယ်။

ငွေရောင်ဓားအလင်းတန်းက ကိုင်းတိုရဲ့အသံမြန်နှုန်းနဲ့ လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်ဘေးကနေ ဖြတ်သွားတဲ့အတွက် ကိုင်းတိုလည်း ကဗျာကယာရှောင်လိုက်တယ်။

ဒါပေမဲ့ သူမသိလိုက်ရသေးခင်မှာပဲ ဓားအလင်းနှစ်ဆယ်ကျော်လောက်က သူ့ကိုဝိုင်းထားပြီးနေပြီ။

"ဟမ်... အသံမြန်နှုန်းထက်တောင် ပိုမြန်သွားတာလား။" တကယ်​တော့ အသံမြန်နှုန်းထက် ပိုမြန်မြန်သွားတာက သူတို့အဆင့်ဟီးရိုးတွေအတွက် ထူးဆန်းတာတော့မဟုတ်ဘူး။ လူတိုင်းလုပ်နိုင်တာတော့မဟုတ်ပေမဲ့ S rankရဲ့ထိပ်သီးတော်တော်များများ လုပ်နိုင်ကြတယ်။

ပြောရရင် မက်ဒါနာရဲ့Light Formတောင်မှ အဲဒီအဆင့်ကို ရောက်လုနီးနီးပါ။ ပုံမှန်အားဖြင့် A rank အမြန်နှုန်းအထူးပြု ဟီးရိုးတစ်ယောက်က အမြန်ဆုံး ကျည်ဆန်ရထားလောက်ကိုမြန်ပြီး တစ်နာရီကို ၃၂၀ ကီလိုမီတာဝန်းကျင်ပါ။

အသံရဲ့မြန်နှုန်းက ၃၄၃ ကီလိုမီတာရှိတဲ့အတွက်ကြောင့် S rankထဲက ဘက်စုံထူးချွန်သူတွေက ဒီနှုန်းနဲ့ ခရီးသွားနိုင်နေကြပါပြီ။

ဒါပေမဲ့ ဒီလိုအကွက်မျိုးတွေက သက်လုံအကုန်မြန်ပြီး သူသေကိုယ်သေချမှသုံးတဲ့ ဝှက်ဖဲလိုအရာတွေပါ။

"သေစမ်း...." အိခဲအက အရူးတစ်ပိုင်းလိုမျိုး ဓားကိုဝေ့ယမ်းနေတယ်။ သူ့ဓားကနေ ဖြစ်လာနေတဲ့ လေထုပေါက်ကွဲအားဟာ သာမန်လူတစ်ယောက်ကို အသားစတွေအဖြစ် ပြောင်းလဲနိုင်တဲ့နှုန်းကို ရောက်နေပါပြီ။

ကိုင်းတိုရဲ့မျက်နှာမှာတော့ အပြုံးတစ်စပေါ်လာတယ်။ "အသံမြန်နှုန်းရဲ့ ၁.၅ ဆလား။ သိုင်းပညာဟီးရိုးတစ်ယောက်အတွက်တော့ အထင်ကြီးစရာပဲ။ ဒါပေမဲ့ မင်းရဲ့ဓားကမ္ဘာကို ဘယ်တော့မှထုတ်သုံးမှာလဲ။"

ကိုင်းတိုရဲ့ကျောနောက်မှာ မီးတောက်တောင်ပံတစ်စုံ ထွက်ပေါ်လာတယ်။ ဒါပေမဲ့ အကြမ်းထည်မဟုတ်ဘဲ ငှက်မွှေးတောင်တွေအထိပါ အသေးစိတ်ပုံပေါ်နေတယ်။ မသိရင် တကယ့်ငှက်တောင်ပံတစ်ခုလိုထင်ရပြီး မီးနဲ့ဖွဲ့စည်းထားတယ်လို့တောင် ထင်ကြမှာမဟုတ်ဘူး။

ဝုန်း....။

သူ့အတောင်ကို တစ်ချက်ခတ်လိုက်တာနဲ့ လေထုထဲမှာ ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး သူ့အရှိန်ကလည်း ပိုမြင့်သွားတယ်။

မြန်နှုန်းနဲ့မြန်နှုန်းရဲ့တိုက်ပွဲ။
သိုင်းပညာမှာ အမြန်နှုန်းကသာ အရာရာ။

"ဘုန်း...." စက္ကန့်ဝက်လောက် တိုက်ကွက်ခြင်း ဖလှယ်ပြီးတဲ့နောက်တော့ ကိုင်းတိုရဲ့လက်သီးက အိခဲဒရဲ့ပါးပေါ် ကျဆင်းသွားတယ်။

"အား...." သွားတချို့ ကျွတ်ထွက်သွားပြီးတဲ့နောက် အိခဲဒဟာ အတောင်ကျိုးသွားတဲ့ တိုက်လေယာဥ်တစ်စင်းလိုမျိုး ပင်လယ်ကမ်းစပ်ဖက်ကို လွင့်ပျံထွက်သွားတယ်။

တိုကျိုမြို့သားတွေလည်း ကောင်းကင်ကိုမော့ကြည့်လိုက်ကြတယ်။ S rank အဆင့်ရှိတဲ့ တိုက်ပွဲမျိုးတွေက သာမန်လူတွေသတိမထားမိဖို့ ခက်ခဲပါတယ်။

ကိုင်းတိုရဲ့နေလိုတောက်ပတဲ့ မီးတောက်တွေကို မြင်ပြီးတဲ့နောက်တော့ ပြည်သူတွေရဲ့စိတ်ဓာတ်က နောက်တစ်ခါမြင့်တက်လာပြန်တယ်။ အကြောင်းက ဒီနေဝန်းကြီးက သူတို့ကိုအနွေးဓာတ်ပေးနေတယ်လို့ ခံစားမိလို့ပါ။

သူတိုက်ခိုက်နေတဲ့ရန်သူက ဗီလိန်ဖြစ်မှာပဲလို့ရောပေါ့၊ ဂျပန်ရဲ့အကြီးဆုံး ဟီးရိုးမိသားစုကြီးရဲ့ဘိုးဘေးဖြစ်မယ်လို့ ဘယ်သူမှသိမယ်မထင်။

ပင်လယ်ထဲပြုတ်ကျသွားတဲ့ အိခဲဒက သူ့ဓားကို မလွတ်တမ်း ကိုင်ထားသေးတယ်။ ဇက်သတ္တုထက် ပိုပြီးရှားပါးတဲ့ ရှေးဟောင်းသတ္တုတစ်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်လို့ ဒီလောက်ထိခိုက်ထားတဲ့ဒဏ်ကို ခံနိုင်နေသေးတာပါ။ ဒါပေမဲ့ အသွားတချို့ ပဲ့ကြွေနေပြီဖြစ်မှန်း အနီးကပ်ကြည့်ရင် မြင်နိုင်ပါတယ်။

သူက ကမ်းခြေဖက်ကို ချက်ချင်းကူးလာတယ်။ ကိုင်းတိုကတော့ ကမ်းခြေအပေါ်မှာလက်ပိုက်ရပ်ကြည့်နေပြီး တစ်ဖက်လူပြင်ဆင်ပြီးတဲ့အထိ စောင့်နေပါတယ်။

ပြောရရင် အိခဲဒလွင့်ထွက်သွားတဲ့နေရာက တော်တော်ဝေးပေမဲ့ သူက စက္ကန့်ပိုင်းအတွင်း အမီလိုက်လာတာ။

"ရယ်စရာပဲ... ရယ်စရာပဲ..." ပါးစပ်က စီးကျနေတဲ့ သွေးတွေကိုမသုတ်ဘဲ အိခဲဒက ရယ်မောလိုက်တယ်။ လောကကြီးတစ်ခုလုံးကို စိတ်ပျက်နေသူလိုမျိုး။ သူက ဓားကို သဲထူတဲ့သောင်ပြင်ထဲထိုးစိုက်ထားရင်း ခက်ခက်ခဲခဲ ပြန်ရပ်တည်လိုက်တယ်။

"ငါလူမှန်းသိတတ်စအရွယ်ကတည်းက ဒီဓားတွေနဲ့ အသေအလဲလေ့ကျင့်နေခဲ့တာ။ ဆာမူရိုင်းတွေရဲ့ဂုဏ်ကို ပြန်အဖက်ဆယ်နိုင်ဖို့ပေါ့။ မင်းသိလား၊ ငါ့ရဲ့အဖေက ဆာမူရိုင်းတွေရဲ့ဓားစွမ်းကို သက်သေပြနိုင်ဖို့ ကျည်ဆန်ကိုဓားနဲ့ခွဲဖို့ကြိုးစားရင်း သေခဲ့ရတာကွ။ ငါ့လက်ထက်မှာ အခွင့်အရေးတစ်ခုရခဲ့ပေမဲ့..."

သူ့စကားကို ခဏအဆုံးသတ်လိုက်ပြီး ကိုင်းတိုကို မုန်းတီးတဲ့အကြည့်တွေနဲ့ ကြည့်လိုက်တယ်။

"မင်းက ငါတည်ဆောက်ထားတဲ့နေရာတစ်ခုကို ဝင်နေရာယူသွားတယ်ကွ။ မင်းရဲအရိပ်က ငါ့ကိုအမြဲလွှမ်းမိုးထားခဲ့တာကြောင့် ငါပိုင်ဆိုင်ဖူးတဲ့နေရာကို မင်းအတွက်လွှဲပေးခဲ့ရတာ။ ငါရှိနေသေးတယ်ဆိုတာလောက်ပဲ လူတွေသိကြတော့တာ။ အမေ့ခံရတဲ့ခံစားချက်မျိုး မင်းကိုငါကြုံဖူးချင်လို့ ငါဒီအကြံကိုအကောင်အထည်ဖော်ခဲ့တာပဲ။ မင်းအစွမ်းတွေကို ယူဆောင်သွားနိုင်မယ့် နတ်ဆိုးတစ်ကောင်ဖန်တီးဖို့။"

ကိုင်းတိုက အိခဲဒရဲ့စကားတွေကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ သူမျက်မှောင်ကြုတ်လိုက်ပြီး ဆက်နားထောင်နေတယ်။ ဒီလူက သူ့မြေးကိုသူ နတ်ဆိုးတစ်ကောင်လို ဆက်ဆံခဲ့တာများလား။

"ငါသူ့ကို သုံးနှစ်အရွယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ၊ လေ့ကျင့်ပြီးရင်း လေ့ကျင့်၊ လေ့ကျင့်ပြီးရင်းလေ့ကျင့်။ ရည်မှန်းချက်က မင်းကိုအနိုင်ယူဖို့ပဲ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဘယ်လောက်ရူးမိုက်လဲ ငါသိလာရလေပဲ။ ဒဏ္ဍာရီဓားတစ်လက်ရဲ့အကူအညီနဲ့တောင် နတ်ဆိုးက မင်းကိုတကယ်အနိုင်မယူနိုင်ဘူး။ မင်းက ဘယ်လိုဖြစ်တည်မှုမျိုးလည်း အာကိုင်းဂါမီ။"

ရူးသွပ်နေတဲ့ အိခဲဒရဲ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတယ်။ ဝမ်းနည်းမှုကြောင့်မဟုတ်ဘဲ မနာလိုမှုကြောင့်ဖြစ်လာတဲ့ မျက်ရည်တွေ။ ကိုင်းတို ပေါ်ပေါက်လာချိန်မှာ တခြားဟီးရိုးတွေက နေမင်းရှိနေတဲ့ ကောင်းကင်ပေါ်က ကြယ်တွေလိုမျိုး ဖုံးကွယ်ခံလိုက်ရတယ်။ သူတို့ရှိနေတယ်ဆိုတာကို လူတွေမေ့သွားတဲ့အထိပဲ။

"ယာမီလို မိစ္ဆာကောင်တောင်မှ မင်းကိုမသတ်နိုင်ဘူး။ အဲဒီနေ့ကတည်းက မင်းကိုသတ်ပစ်ဖို့အတွက် ငါအမိန့်ပေးခဲ့ရမှာ။ ဘာလို့ချိပ်ပိတ်ခိုင်းပြီး မင်းကိုမေ့လျော့ခံရတဲ့အရသာ ခံစားရအောင် လုပ်ခဲ့မိတာလဲ။"

အိခဲဒက အရူးတစ်ယောက်လိုမျိုး သူ့ဆံပင်တွေကို ဆောင့်ဆွဲနေတယ်။ အိခဲဒက ရှေးရိုးစွဲလွန်းတဲ့လူတစ်ယောက်။ သူ့ခေါင်းထဲမှာ သွေးသန့်ဆိုတဲ့ စကားတစ်ခွန်းပဲရှိနေတာ။ ဒါပေမဲ့ ကိုင်းတိုကို အနိုင်ယူနိုင်ဖို့အတွက် သူ့သားတွေကို မျိုးနွယ်မတူတဲ့ တိုင်းတပါးသားတွေနဲ့ လက်ဆက်ပေးခဲ့ရတယ်။ ဒါကို ကြီးမားတဲ့ အနစ်နာခံမှုကြီးလို့ သူမြင်နေတယ်။

မွေးလာတဲ့ ကလေးတွေကိုလည်း သူ့က လက်နက်လို့ပဲ တစ်သက်လုံးမြင်နေခဲ့တာ။ ဥစာကီကတော့ အားလုံးထဲမှာ အစွမ်းအထက်ဆုံးမလို့ နတ်ဆိုးလိုဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တယ်။ ဒါပေမဲ့ချစ်စရာကောင်းတဲ့ညီမငယ်လေးနဲ့ ကြင်နာတတ်တဲ့အမေက ဥစာကီကို ပြောတာပဲလုပ်တတ်တဲ့ အရုပ်တစ်ရုပ်ဖြစ်မသွားအောင် ကူညီပေးနိုင်ခဲ့တယ်။

ဒါပေမဲ့၊ ဒီနေ့တော့ ဒါတွေအားလုံးကို အဆုံးသတ်ဖို့ အချိန်ရောက်လာပြီ။

ကိုင်းတိုက သူ့လက်ကိုမြှောက်လိုက်ပြီး အိခဲဒကို လက်ညိုးညွန်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှာ တွေဝေနေမိတယ်။

'သူ့ရဲ့မျက်နှာနဲ့မျက်လုံးတွေမျိုးကို အရင်ကမြင်ခဲ့ဖူးသလိုပဲ။ အတိအကျ မမှတ်မိတော့ပေမဲ့ ဟိုးအရင်က သေချာပေါက် ငါမြင်ဖူးတယ်။'

"ဆရာ... တစ်နေ့ကျရင် ကျွန်တော်ဆရာ့လို စွမ်းအားကြီးလာမှာလား။" ကိုင်းတိုရဲ့အတွေးပင်လယ်ထဲမှာ မပြည့်စုံနဲ့ မှတ်ဉာဏ်အပိုင်းအစတချို့ ထွက်ပေါ်လာပေမဲ့။ ခေါင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်တယ်။

"အခုအရေးကြီးတာကို အရင်လုပ်ရမယ်။" သူ့နောက်ကျောကနေ မီးကြာဖူးတစ်ဒါဇင်လောက် ထွက်လာပြီး လက်ယာရစ်လှည့်ပတ်နေတယ်။ နောက်တော့ ကြာဖူးတွေက တစ်စတစ်စပွင့်လန်းလာပြီး မှန်ဘီလူးတွေလိုမျိုး မီးစွမ်းအားတွေကို ရောင်ခြည်တန်းတစ်ခုအဖြစ် ဖွဲ့တည်လိုက်တယ်။

အောက်မှာရှိနေတဲ့ အိခဲဒကလည်း ဓားပေါ်လက်တင်လိုက်ပြီး ဓားကိုစတင်ဝေ့ယမ်းလိုက်တယ်။

"တောင်ဖြိုဓားသိုင်း၊ နောက်ဆုံးပုံစံ။" သူ့အရှိန်အဝါကလည်း ချက်ချင်းပြောင်းလဲသွားပြီး ပင်လယ်ရေတွေဟာ ထိန်းချုပ်ခြင်းခံလိုက်ရကာ မီတာနှစ်ဆယ်လောက်မြင့်တဲ့ ရေနဂါးတစ်ကောင်အဖြစ်ကို ပြောင်းလဲသွားတယ်။

"အား... ဒီဓားသိုင်းပဲ၊ ငါသေချာမှတ်မိပြီ။" ကိုင်းတိုက တစ်ခုခုကို မှတ်မိသွားတဲ့အလား၊ ပြုံးလိုက်ပါတယ်။ သူ့မှတ်ဉာဏ်တွေက တဖြည်းဖြည်းပြန်ရနေပြီဖြစ်ပြီးတော့ ဝေဝါးနေရုံပဲ ရှိတော့တာပါ။ အမှတ်ရစရာတစ်ခုကို မြင်လိုက်ရချိန်မှာတော့ အကုန်လုံးရှင်းလင်းသွားတယ်။

...

ဂျပန်ရဲ့မိုရိုမာချီခေတ် (1338 - 1573) တုန်းက ငါ့မှာတပည့်တစ်ယောက်ရှိဖူးတယ်။

ခွန်အားကိုရူးသွပ်ပြီး ကလဲ့စားချေချင်စိတ် သိပ်ပြင်းပြနေတဲ့တစ်ယောက်ပေါ့။

"မသေမျိုးဆရာကြီး၊ ကျွန်တော့်ကို ကျေးဇူးပြုပြီး ဓားပညာသင်ပေးပါ။" အဲဒီအချိန်တုန်းက ငါကမြို့နဲ့အလှမ်းဝေးတဲ့ ရေတံခွန်တစ်ခုမှာ အချိန်တော်တော်ကြာအောင် နေဖြစ်ခဲ့တယ်။ အကြောင်းအရင်းကိုတော့ သေချာမမှတ်မိတော့ပေမဲ့ပေါ့။

သူ့နာမည်က ယာဟီကို ယာမာဂုချီ။ မြို့ငယ်လေးတစ်မြို့ကို အုပ်ချုပ်ရတဲ့ ဆာမူရိုင်းစံအိမ်ငယ်လေးက သခင်လေးပဲ။ ဒါပေမဲ့ အဲဒီနေ့ကတော့ သွေးတွေအလိမ်းလိမ်းနဲ့ ရောက်လာခဲ့တာ။

"ဘာကြောင့်လဲ၊ ငါက မင်းကိုဘာကြောင့် သိုင်းပညာသင်ပေးရမှာလဲ။"

"ကျွန်တော့်မိသားစုကို ရန်ဖက်ဒိုင်မျိုမိသားစုက သတ်သွားပါတယ်။ ကျွန်တော်တစ်ယောက်တည်း အပြေးကောင်းလို့ လွတ်လာတာပါ။ ကျွန်တော့်ကို ဆရာမှမကယ်ရင် တစ်နေရာရာမှာ သေရတော့မှာပါ။"

အဲဒီတုန်းက ငါရူးမိုက်စွာနဲ့ သူ့ကိုကယ်တင်ခဲ့မိတယ်။ ဒါပေမဲ့ ငါက မသေမျိုးတစ်ယောက်ဆိုတာကို သူဘယ်လိုလုပ်သိသွားရတာလဲ။

"ကျွန်တော့်အသက် ငါးနှစ်အရွယ်က အဆော့လွန်ပြီး ဒီတောင်တွေပေါ်ကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆရာ့ရဲ့ရုပ်ရည်နဲ့အခုရုပ်ရည်နဲ့က နည်းနည်းလေးမှ ကွဲပြားမနေပါဘူး။ နှစ်တိုင်းဒီလိုအချိန်မှာ ဆရာဓားသိုင်းကစားတိုင်း ကျွန်တော်ခိုးကြည့်ဖြစ်ပါတယ်။"

သတိလွတ်ကင်းလိုက်တဲ့ငါ၊ ငါ့ကိုခိုးကြည့်နေတဲ့သူရှိတာကို ငါသတိမထားခဲ့မိတာလား။

ဒီလိုနဲ့ကောင်လေးကို ငါသနားပြီး သိုင်းပညာသင်ပေးခဲ့တယ်။ မိုရိုမာချီခေတ်ရဲ့အဆိုးဝါးဆုံး လူသတ်ကောင် ဖြစ်လာမယ်ဆိုတာ မသိခဲ့ဘဲပေါ့။

လူငယ်လေးက တောင်ပေါ်က ဆင်းသွားပြီးတဲ့နောက် သူ့မိသားစုအတွက် လက်စားချေခဲ့တယ်။ ဒါပေမဲ့ အဲဒီလောက်နဲ့ သူမရပ်တန့်ခဲ့ဘူး။ လက်ရှိရှိုးဂန်းကို စိန်ခေါ်ပြီးတော့ အင်အားအကြီးဆုံးစစ်နယ်ရှင် ဖြစ်လာဖို့အတွက် သူကြိုးစားခဲ့တယ်။

သူ့ဓားသွားအောက်မှာ သေဆုံးခဲ့တဲ့ သာမန်လူတွေနဲ့စစ်သားတွေ အများကြီးဖြစ်သွားခဲ့ပြီ။ ငါနောင်တရပေမဲ့ ဖြစ်ပြီးခဲ့ပြီမလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။

ဒါပေမဲ့ ရှိုးဂန်ကို ပုန်ကန်ပြီးလို့ ၂၅နှစ်အကြာမှာတော့ သူငါ့ဆီကို ပြန်ရောက်လာခဲ့တယ်။ ငယ်ရွယ်တဲ့အသွင်အပြင်တွေပျောက်ပြီး ဆံဖြူနဲ့ဆံနက်ရောနေတဲ့ လူလတ်ပိုင်းအရွယ်ကို ရောက်နေပါပြီ။

"ဆရာ၊ မသေခြင်းရဲ့လျှို့ဝှက်ချက်ကို သင်ပေးပါ။" သူငါ့ကို တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ ငါသူ့ကို ဘာဆိုဘာမှ သင်မပေးချင်တော့ဘူး။

ထာဝရဆိုတာ သူရသွားခဲ့ရင် ထာဝရလူသတ်ကောင် လုပ်နေတော့မှာပေါ့။ ဒါပေမဲ့ သေမျိုးတစ်ယောက်ကို ထာဝရမသေအောင်လုပ်ပေးဖို့ဆိုတာ ငါတတ်နိုင်တဲ့အရာတစ်ခု မဟုတ်ပြန်ဘူး။ မသေခြင်းရဲ့လျှို့ဝှက်ချက်က သင်ကြားပေးလို့ရနိုင်တဲ့အရာမဟုတ်တာသေချာတယ်။

အနည်းဆုံးတော့ ဒီကမ္ဘာမှာမဖြစ်နိုင်ဘူး။

ငါငြင်းပယ်ခဲ့ပေမဲ့ သူကတော့ လက်မလျှော့ခဲ့ဘူး။ စည်းစိမ်နဲ့ဩဇာအာဏာ ရှိလာပြီးတဲ့နောက်မှာတော့ လူတွေက သေရမှာကြောက်လာကြတယ်။ သူတစ်ယောက်တည်း ခြွင်းချက်မဟုတ်ဘူး။ လူတိုင်းလိုလိုပါပဲ။

အထပ်ထပ်အခါခါ တောင်းဆိုခံရတာကို ငါနားညီးလာပြီးတဲ့နောက်တော့ သူ့ကိုအခြေအနေတစ်ရပ် ငါတောင်းဆိုခဲ့တယ်။

"ငါ့ကိုမင်းရဲ့ဓားနဲ့ အနိုင်ယူရမယ်။" သေမျိုးတစ်ယောက်က ငါလိုမသေမျိုးကို ဘယ်လိုလုပ်ပြီးအနိုင်ယူနိုင်မှာလဲ။ အစကတည်းက မဖြစ်နိုင်တဲ့အရာတစ်ခုပဲဥစ္စာ။

အကြိမ်ကြိမ်အခါခါ ရှုံးနိ့မ့်ပြီးတဲ့နောက်တော့ ယာဟီကိုက ငါ့ကိုသံသယတွေနဲ့ အော်ငေါက်တော့တယ်။

"ဆရာက ကျွန်တော့်ကို ပညာစားချန်ထားတာပဲ။ ဆရာ့ရဲ့ဓားသိုင်းအစစ်ကို တကယ်သင်မပေးခဲ့ဘူးပဲ။"

ဒါပေမဲ့ ငါသူ့ကို ငါတတ်သမျှ သင်ထားခဲ့ပြီးသား။ ငါရှင်းပြပေမဲ့ နားမထောင်ဘူး။ နောက်ဆုံးသိုင်းကွက်ကို အရင်သင်ပေးဖို့နဲ့ ထာဝရအသက်ရှင်ခွင့်ရဖို့ကိုပဲ ယင်ကောင်တစ်ကောင်လို တောင်းဆိုခဲ့တယ်။

နှစ်အတော်ကြာတဲ့အထိ ငါသင်မပေးတဲ့အခါမှာတော့ စိတ်မရှည်တော့တဲ့ယာဟီကိုက သူကိုယ်တိုင် နောက်ဆုံးဓားကွက်ဆိုတဲ့အရာကို တီထွင်ပြီး ငါ့ကိုအနိုင်ယူဖို့ လုပ်ခဲ့တယ်။

အဲဒီဓားကွက်က...။

...

"တောင်ဖြိုဓားသိုင်း၊ နောက်ဆုံးဓားကွက်။ ဆူဆာနိုအမျက်ဒေါသ။"

ကိုင်းတိုဆီကို ရေနဂါးကြီးက မာန်ဖီပြီးပြေးလာတယ်။ ကိုင်းတိုရဲ့အလင်းတန်းတွေကလည်း ရေနဂါးကြီးဆီကို ပြေးဝင်တယ်။

နောက်ဆုံးတော့ နှစ်ခုရင်ဆိုင်မိသွားပြီး ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာလေရဲ့။

"အဲဒီတိုက်ပွဲရဲ့အဖြေက တော်တော်စိတ်ပျက်စရာကောင်းခဲ့တာ။" မီးခိုးတွေရှင်းလင်းသွားတဲ့အခါမှာတော့ ကိုင်းတိုက အကောင်းအတိုင်း ကောင်းကင်ပေါ်မှာ ရှိနေသေးပြီး အိခဲဒကတော့ ခန္ဓာကိုယ်တစ်ခြမ်း ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းခံထားရတယ်။ သေတော့ မသေသေးပေမဲ့ပေါ့။

သူရှုံးသွားပြီ။
...

ဟုတ်တယ်၊ ငါ့ရဲ့သောက်ရူးတပည့်လည်း ငါ့ကိုရှုံးသွားတယ်လေ။ အစကတည်းက နိုင်စရာလမ်းမရှိတဲ့တိုက်ပွဲကို သူတိုက်နေခဲ့တာကိုး။

နောက်ဆုံးတိုက်ကွက်နဲ့တောင် ငါ့ကိုမနိုင်တဲ့အခါမှာ ငါ့ကိုဆဲဆိုပြီး တောင်ပေါ်က ဆင်းသွားတော့တာပဲ။ နောက်တော့ ဘာသံမှမကြားတော့ဘူး။ ဖြစ်နိုင်တာက အသက်ကြီးပြီးသေတာပဲနေမှာ။ ဒါမှမဟုတ်လည်း စစ်ဘုရင်တစ်ယောက်ဆိုတော့ တခြားစစ်ဘုရင်တစ်ယောက်ကပဲသတ်လိုက်လား၊ လုပ်ကြံခံရပြီးလို့ပဲသေလား ငါမသိဘူး။

ဒါပေမဲ့အခုငါ့ရှေ့က ယာမာဂုချီမိသားစုကတော့ သူ့ရဲ့ချစ်လှစွာသော နောက်မျိုးဆက်လေးတွေဆိုတာတော့ သေချာပါတယ်။ ဘာလို့ဆိုရင် ငါအပျင်းပြေထွင်ထားတဲ့ ဓားသိုင်းကြီးနဲ့ငါ့ရှေ့မှာ လာဆော့ကစားပြနေတာကိုး။

[Note: ဒီမှတ်ဉာဏ်တွေက ကိုင်းတိုဟိုကောင်တွေနဲ့တိုက်မိပြီး ပြုတ်မကျခင် ကမ္ဘာပတ်နေတဲ့မှတ်ဉာဏ်တွေနော်။ ဒီတော့အများကြီးရှေးပိုကျနေတာ။]


You are reading the story above: TeenFic.Net