အပိုင်း - ၈
Background color
Font
Font size
Line height
Unicode
"လိပ် .... လိပ်ဖြစ်ပါစေ။ လိပ်ဖြစ်ပါစေ"
ဂျောင်ကုရဲ့မျက်၀န်းတွေဟာ အဖြေတစ်ခုကို စိတ်လှုပ်ရှားဟန်စောင့်မျှော်နေတယ်။ ဘေးနားကယော်ကျားသားတွေရဲ့ လောဘဇောမှိုင်းတိုက်‌နေတဲ့အော်သံတွေက အုန်းအုန်းကြပ်ကြပ်။ ထယ်ယောင်းရဲ့နားတွေပူလာရတယ်။
ဂျောင်ကုရဲ့အင်္ကျီစကိုဆွဲစုတ်မိတော့ ဂျောင်ကုဟာ ထယ်ယောင်းရဲ့လက်လေးကို ပြန်ဆုပ်ကိုင်လာတယ်။
"ဖွင့်ပြီနော် ဖွင့်ပြီနော်"
အသံတွေပိုဆူညံလာတယ်။ ကြွေပန်းကန်အောက်မှာပုန်းအောင်းနေတဲ့ အံစာတုံးပေါ်က အကောင်လေးတွေဟာ လူတိုင်းရဲ့အနိုင်အရှုံးကိုသတ်မှတ်ပေးမဲ့ လာဘ်ကောင်လေးတွေပမာ။ ရှုံးရင်ဆုံးမယ်။ နိုင်ရင်မြတ်မယ်။
"ဟာ ...."
ကျားရုပ်ပုံလေးက ထယ်ယောင်းတို့ကို လှောင်ရယ်နေသလို။ ထယ်ယောင်းရဲ့မျက်နှာလေးမဲ့သွားတယ်။ သူတို့ရှုံးတာ ငါးပွဲဆက်တိုက်ရှိနေပြီ။
"ဟေ့ .... အိမ်မှာတုန်းက မင်းမှန်းတာအကုန်မှန်ပါတယ်။ ကာစီနိုရောက်မှ ဘယ်လိုတွေဖြစ်နေတာလဲ"
"ငါလည်းမသိဘူးလေ"
ချွေးစေးတွေစိမ့်ထွက်လာတဲ့ ထယ်ယောင်းရဲ့နှဖူးပြင်ကို ဂျောင်ကုဟာ လက်ဖမိုးနဲ့ဖိသုတ်ပေးတယ်။ လောင်းကစားရုံမို့ လူတွေကအတော်လေးကြပ်နေတယ်။ တွန်းတွန်းတိုက်တိုက်ဖြစ်နေတာကြောင့် လက်ရှိမှာတော့ ထယ်ယောင်းဟာ ဂျောင်ကုရဲ့အုပ်မိုးမှုအောက်ထဲခို၀င်ပြီး ကာကွယ်ပေးမှုတစ်ခုကို လက်ခံနေရတော့တယ်။
ဖဲဝိုင်းဘက်မှာလည်း လူမစဲ။ စီးကရက်အနံ့ပြင်းပြင်းနဲ့ ယမကာနံ့တစ်ချို့ဟာ ရောထွေးနှောင်ဖွဲ့နေတယ်။ ရင်သားဟိုက်ဟိုက်ကြိုးတစ်လုံးအင်္ကျီလေးတွေကို၀တ်ပြီး အရက်ပုလင်းလိုက်ချနေတဲ့ ကောင်မလေးတွေဟာလည်း ခပ်များများ။
တစ်ကယ်တော့ ဂျောင်ကုဟာ အိမ်မှာတစ်ယောက်တည်း အကောင်ပုံပါတဲ့အံစာတုံးကိုအပျော်ခေါက်နေခဲ့တာ။ ထယ်ယောင်းက စိတ်၀င်စားတာမို့ နည်းနည်းပါးပါးမှန်းကြည့်ခဲ့တဲ့အခါ ထယ်ယောင်းမှန်းသမျှဟာ မလွဲတာတစ်ခုမှမရှိ။ ဒီလိုနဲ့ပဲ ဂျောင်ကုက 'မင်းပညာ‌တွေကို ကာစီနိုရုံမှာ သုံးကြမလား' ဆိုပြီး ခေါ်လာတာကြောင့် ထယ်ယောင်းဟာ တစ်ခါမှမရောက်ဖူးတဲ့ဒီနေရာမှာ ဂျောင်ကုအင်္ကျီစကိုသာကိုင်ဆွဲပြီး ကြောင်တောင်တောင်။
ကာစီနိုထဲ၀င်လာကတည်းက လူအတော်အများရဲ့မျက်လုံးတွေဟာ ထယ်ယောင်းဆီမှာသာကပ်ငြိနေပေမဲ့ ဂျောင်ကုက လူတိုင်းကိုခပ်စူးစူးပြန်တုံ့ပြန်ရင်း ကာကွယ်ပေးနေလို့သာ တော်ရော့တာ။
ကံဆိုးစွာနဲ့ ဒီရောက်မှ မှန်းသမျှဟာ တလွဲတွေချည်း။ ဂျောင်ကုရဲ့ပိုက်ဆံတွေလည်း ကုန်နေပြီ။
ခပ်ညစ်ညစ်တွေးနေတုန်း အိတ်ကပ်ထဲက ပိုက်ဆံအားလုံးကိုထုတ်လိုက်တာကြောင့် ထယ်ယောင်းရဲ့မျက်လုံးတွေပြူးကျယ်ကုန်ပြီး ဂျောင်ကုလက်ကို အယောင်ယောင်အမှားမှားဆုပ်ကိုင်မိတော့တယ်။
"ဂျောင် ဂျောင်ကု အကုန်သုံးမလို့လား"
"တုန်းတိုက်တိုက်၊ ကျားကိုက်ကိုက်ကွာ။ ရင်းကြည့်လည်း အရှုံးမရှိပါဘူး"
"ရှိတယ်လေ ရှိတယ်လေ။ မင်းပိုက်ဆံတွေ အကုန်ကုန်သွားမှာလေ။ ပြီးတော့ ငါ့မှာပိုက်ဆံမပါလာဘူး။ အိမ်ပြန်ဖို့ တက္ကစီခတောင် မကျန်ဘဲနေလိမ့်မယ်"
"ရပါတယ်။ အဲ့အခါကျရင် ငါမင်းကိုကုန်းပိုးသွားမယ်"
"ဟင့်အင်း ...."
အီချင်ချင်အသံလေးထွက်လာတယ်။ ထယ်ယောင်းနဲ့လောင်းကစားက ကံမပါသလို။ မှန်းသမျှမှားနေတာမို့ ဂျောင်ကုအတွက် စိတ်ပူချင်ချင်။
ဒီလိုနဲ့ အကုန်ရှုံးရင် မခက်ပေဘူးလား။
"ငါ .... ငါမှန်းတာမှားမှာ"
"ငါမင်းကိုယုံတယ်လေ"
ကြည်မြနေတဲ့ ဂျောင်ကုရဲ့မျက်၀န်းတွေထဲ ပူပန်ခြင်းတစိုးတစဉ်းမှမရှိ။ ကော့ချိုးနေတဲ့နှုတ်ခမ်းထောင့်စွန်းတွေက ကြည်နူးခြင်းနွံထဲ နစ်မြုပ်နေသလို။
"ဘာအကောင်ကိုရွေးမလဲ"
အရှေ့မှာရှိနေတဲ့ ထယ်ယောင်းရဲ့နားရွက်ဖျားနား ငုံ့ကိုင်းမေးတဲ့အခါ ဖြတ်သန်းသွားတဲ့လေပူအချို့က ခပ်နွေးနွေး။ နှုတ်ခမ်းသားတွေကိုဖိကိုက်ရင်း အသက်ပြင်းပြင်းရှူလိုက်ပေမဲ့ လှုပ်ခါနေတဲ့ရင်အစုံက မရပ်မနားခုန်ပေါက်နေပြန်တယ်။
"ယုန် .. ယုန်ရွေးမယ်"
"အိုကေ။ အကိုရေ ယုန်ထဲအကုန်ထည့်မယ်ဗျ"
ကမ်းပေးလိုက်တဲ့ပိုက်‌ဆံအုပ်ကိုလှမ်းဆွဲလိုက်ပေမဲ့ ဖမ်းမမိ။ အနီးအနားက လူတစ်ချို့တောင် ထယ်ယောင်းရဲ့ဖြစ်အင်ကိုကြည့်ပြီး တသိမ့်သိမ့်ရယ်နေကြတော့တယ်။
ထယ်ယောင်းရဲ့အခုလက်ရှိပုံဟာ အရုပ်အလုခံရတဲ့ ကလေးငယ်ပမာ။
"ဘာကျမလဲ .... ဘာကျမလဲ"
အံစာတုံးနဲ့ ကြွေပန်းကန်ပြားထိခတ်မိသံက တချွင်ချွင်။ ချွေးစတွေတစိမ့်စိမ့်စို့တက်လာတယ်။ လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ဘယ်နတ်ဘုရားဆီ ဆုတောင်းရမလဲ ထယ်ယောင်းမသိ။ ဆုတောင်းရင်တောင် လောင်းကစားလုပ်နေတာမို့ ဘယ်သူကမှလည်း ဒီဆုကိုဖြည့်ဆည်းပေးကြမယ်မထင်။
"ယုန်ဖြစ်ပါ။ ယုန်ဖြစ်လိုက်ပါ"
ကံကောင်လိုကံကောင်းငြား မျက်စိမှိတ်ရင်း တတွတ်တွတ်ရွတ်ဆိုဆုတောင်းတော့ အနောက်ပါးမှာကပ်နေတဲ့ဂျောင်ကုဆီက ရယ်သံသဲ့သဲ့ကိုကြားလိုက်ရတယ်။ နားထင်မွှေးတွေထောင်ခနဲ။ ကြက်သီးမွှေးညှင်းတွေကလည်း တဖျင်းဖျင်း။
"မင်းက ငါ့ထက်တောင် ရှုံးမှာကြောက်နေတာပဲ"
ချိုမြခြင်းတွေ လှိုင်တက်လာတယ်။ ဂျောင်ကုရဲ့အသံဟာ ကလေးလေးကို အလိုလိုက်ချင်နေတဲ့လူတစ်ယောက်လို။
"ဘာဖြစ်ဖြစ် နိုင်ရင်ကောင်းမှာပဲလေ။ နိုင်ရမယ် သေချာပေါက်နိုင်ရမယ်"
လက်သီးဆုပ်ကာပြောတော့ တသိမ့်သိမ့်ရယ်ရင်း ထယ်ယောင်းရဲ့ဆံပင်တွေကိုဆွဲဖွတော့တယ်။
"အင်း .. နိုင်မှာ"
ကြွေပန်းကန်ကိုဖယ်မဲ့အချိန် ‌ရင်တွေကတဒုန်းဒုန်းတဒိုင်းဒိုင်း။ လက်ဖျားတွေအေးစက်လာတယ်။ ရှုံးခဲ့ရင် ထယ်ယောင်းတို့တစ်ကယ်ပဲ လမ်းလျှောက်ပြန်ရတော့မှာ။
"ဟော ယုန်ပါဗျာ။ ယုန်ပါ"
ရှုံးတဲ့လူတွေဆီက ဟာခနဲအသံတွေထွက်လာတယ်။ မယုံနိုင်စွာ ဂျောင်ကုကိုတစ်ချက်လှည့်ကြည့်မိတော့ အံ့ဩနေဟန်နဲ့ ထယ်ယောင်းကိုခေါင်းငြိမ့်ပြတယ်။
"အားးးး နိုင်သွားပြီ။ နိုင်သွားပြီ။ ငါတို့နိုင်သွားပြီ"
ပျော်ရွှင်ခြင်းအခိုးငွေ့တွေက မြင်လွှာထက် ပိတ်ပိတ်ဖုံးတယ်။ ထယ်ယောင်းတို့ရဲ့အသံတွေက ကာစီနိုထဲမှာအကျယ်လောင်ဆုံးဖြစ်နေတယ်။ တစ်ခြားသူတွေ ဝိုင်းကြည့်နေကြပေမဲ့ ထယ်ယောင်းမရှက်မိ။ ဒါဘယ်လိုတောင် ထူးဆန်းတဲ့ဖြစ်ရပ်ကြီးမို့လို့လဲ။
နွေးခနဲခံစားချက်နဲ့အတူ အသိပြန်၀င်တော့ ထယ်ယောင်းဟာဂျောင်ကုကိုဖက်ရင်း ခုန်ပေါက်နေခဲ့တာ။ ရုန်းထွက်ဖို့ပြင်ပေမဲ့ ခါးမှာနွယ်တက်နေတဲ့ ဂျောင်ကုရဲ့လက်ဖျံက ထယ်ယောင်းကိုအလွတ်မပေး။ ဒီလိုနဲ့ပဲ သူ့လည်တိုင်ကိုဖက်လျက်သားအတိုင်းနေရင်း ထယ်ယောင်းရဲ့ပါးပြင်တွေဟာ တဖြန်းဖြန်းနဲ့ရဲတက်လာရတော့တယ်။
လက်ထဲမှာရှိတဲ့ သားမွေးကော်ဇောထည့်ထားတဲ့အိတ်ကိုကိုင်ပြီး ‌ထယ်ယောင်းရဲ့ခြေလှမ်းတွေက သွက်သွက်လက်လက်။ ဘောစိဖြစ်သွားတဲ့ဂျောင်ကုဟာ 'ငါ့ လာဘ်ကောင်လေးအတွက်' ဆိုပြီး ထယ်ယောင်းကို သားမွေးကော်ဇောတစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။
"အဟီး"
"အရမ်းပျော်နေတာလား"
"ဒါပေါ့ ဒါပေါ့ ပျော်တာပေါ့။ ငါ့ကိုယ်ငါ တော်တော်ကံကောင်းတဲ့လူလို ခံစားနေရတယ်"
မျက်၀န်းလေးတွေ ၀င်းလက်လက်ဖြစ်နေတဲ့ထယ်ယောင်းကိုကြည့်ပြီး ဂျောင်ကုကတော့ တမြေ့မြေ့ပြုံးတယ်။ ဆောင်း၀င်နေပြီမို့ အအေးဓာတ်က တလှိမ့်လှိမ့်။ နှင်းတော့ကျမလာသေးပေမဲ့ လေအဝှေ့မှာ စိမ့်ခနဲတုန်တက်လာတယ်။
"နောက်တစ်ခါဆော့ဦးမှာလား"
ထယ်ယောင်းမေးတဲ့အခါ ခေါင်းခါပြတယ်။ ထယ်ယောင်းရဲ့အပြုံးလေးတွေတန့်ပြီး နှုတ်ခမ်းဆူချင်လာသလို။
"အာ .... ဘာလို့လဲ။ အစောနကလည်း ပိုက်ဆံယူပြီး ဆက်မဆော့ဘူးနော်"
တရှုံ့ရှုံ့ဖြစ်နေတဲ့ ထယ်ယောင်းရဲ့နှာဖျားကို လက်နဲ့လာညှစ်တော့ ဖြန်းခနဲမြည်အောင် ပုတ်ထုတ်ပစ်လိုက်တယ်။
"လောင်းကစားထဲ အာရုံနစ်နေတဲ့သူတွေက အဲ့ဒါကြောင့်မို့ရှုံးတာလေ။ မင်းတစ်ခါနိုင်မယ်။ ဒါပေမဲ့ မင်းထပ်ပြီး လောဘတက်လာမယ်။ နိုင်ချင်စိတ်နဲ့ဆက်လောင်းမယ်။ ရှုံးပေမဲ့ မနိုင်မချင်းလောင်းနေမယ်။ အဲ့အခါ မင်းမှာရှိတာတွေအကုန်ရှုံးမယ်။ လောဘဆိုတာ တော်သင့်ရုံပဲကောင်းတယ်။ သိပ်များလွန်းရင် ကိုယ်ပိုင်ဆိုင်သမျှတွေပါဆုံးရှုံးနိုင်တယ်။
တစ်ခါတစ်လေတော့လည်း ‌တွေးမိသား။ ငါဟာ မင်းလိုဖြူဖြူစင်စင်လေးကို အရောင်ဆိုးမိနေသလားဆိုပြီး"
ဂျောင်ကုစကားကြောင့် ခေါင်းတွေကိုတဖျတ်ဖျတ်ယမ်းအောင် ထယ်ယောင်းခါလိုက်မိတယ်။
"လောကမှာ တစ်သက်လုံးဖြူစင်နေတဲ့လူဆိုတာမရှိဘူးကွ။ ငယ်ငယ်က ဖြူစင်ခဲ့ပေမဲ့ ကြီးလာတဲ့အခါ ဘယ်လိုဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ အရောင်တွေစွန်းထင်ပေကျံကုန်တာပဲ။ ငါက သိချင်လို့မေးရုံပါ။ လောင်းကစားက ငါနဲ့မအက်စပ်တဲ့အရာမို့ မင်းစိတ်မပူပါနဲ့"
စကားတပြောပြောနဲ့ ထယ်ယောင်းရဲ့ခြေလှမ်းတွေက ဂျောင်ကုထက် အလှမ်းမြန်သွားတယ်။ ရပ်ကွက်လှေကားထစ်ကို တက်နေဆဲဖြစ်တာကြောင့် အနောက်ကိုလှည့်ကြည့်တဲ့အခါ ဂျောင်ကုဟာ ထယ်ယောင်းနဲ့ သိပ်မဝေးတဲ့အထစ်မှာ။
မော့ကြည့်နေတဲ့မျက်၀န်းတွေထဲ ပူပန်ရိပ်တွေမရှိဘဲ အေးမြ‌နေပုံမှာ သစ်ရိပ်ဝါးရိပ်ထဲရောက်နေသည့်ပမာ။ ချိုကြည်ကြည်ခံစားချက်တွေက ရေခဲမုန့်တစ်ခုကိုစားနေရသလို။ ခပ်လွင်လွင်ကော့နေတဲ့ နှုတ်ခမ်းသားတွေက ထယ်ယောင်းရဲ့အပြောကို သဘောကျနေသလိုမျိုး။
"ထယ်ယောင်း"
"ဟင်"
"မင်းက ငါ့နှလုံးသားထဲကို တဖြည်းဖြည်းတိုး၀င်လာပြီထင်တယ်"
ဆောင့်တက်သွားတဲ့ အသည်းစိုင်က တစ်နာရီကိုမြန်နှုန်းမြင့်ခုတ်မောင်းနေတဲ့ ကျဉ်ဆန်ရထားတစ်စီးလို။ ခန္ဓာကိုယ်တစ်ခုလုံးထဲက သွေးကြောတွေဟာ ရှိန်းတိန်းဖိန်းတိန်းဖြစ်လာပြီး လက်ထဲမှာ ကိုင်ထားတဲ့ သားမွေးကော်ဇောအထုတ်လေးကလည်း ဖုန်တွေနဲ့ပြည့်နေတဲ့ လှေကားထစ်ပေါ် ဘုတ်ခနဲ။
ဆောင်းလေအေးတွေကတော့ ရင်ထဲကလှုပ်ခတ်မှုတွေငြိမ်းသက်အောင် အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်ပေးနေသည့်နှယ်။
°°°°
နာရီသံ တတောက်တောက်ကြား ဂျောင်ကုရဲ့ရင်တွေလှိုင်းထန်နေတယ်။ ပူပန်ခြင်းတွေ ကြီးစိုးလာပြီး ခပ်ကျဉ်းကျဉ်းအခန်းငယ်ထဲမှာ ဟိုဟိုဒီဒီလျှောက်နေမိတယ်။
ည (၁၂) နာရီထိုးနေပြီ။ ကင်မ်ထယ်ယောင်းတို့ အခုထိပြန်မလာသေး။
ခေါင်းကိုတဗျင်းဗျင်းကုတ်မိရင်း အသက်ရှူသံတွေလှိုက်ဖိုလာတယ်။ လမ်းမှာတစ်ခုခုဖြစ်နေတာ မဟုတ်ဘူးလား။ ပုံမှန်ဆို စောစောပြန်လာတတ်တဲ့ကောင်လေးပါ။ အခုလို တစ်ခါမှ နောက်မကျဖူးတဲ့ကောင်လေးပါ။
သည်းမခံနိုင်တော့တဲ့အဆုံး ထယ်ယောင်းတစ်ခါပြောပြဖူးတဲ့ ကုမ္ပဏီနာမည်ကိုမှတ်မိနေတာကြောင့် ကုတ်တစ်ထည်ယူပြီး အပြင်ကို ဇိုးဇိုးဇက်ဇက်ထွက်လာမိတယ်။
ညအမှောင်က နက်ရှိုင်းခြင်းနဲ့အတူ သိမ်မွေ့နူးညံ့နေတယ်။ ကြယ်ရောင်တွေတဖျတ်ဖျတ်ခတ်ရင်း နက်စွေးနေတဲ့ကောင်းကင်ဟာ တောက်ပရွှန်းစိုနေတယ်။ တိမ်ဖုံးတာကြောင့် လကိုတော့မမြင်ရ။
အေးစိမ့်ခြင်းဟာ ရိုးတွင်းချဉ်ဆီအထိ ကဲတက်လာတယ်။ ကြွေကျဖို့ရွက်လွှာတွေမရှိတော့တဲ့ဆောင်းတွင်းမှာ သစ်ပင်‌တွေဟာ အရိုးတပြိုင်းပြိုင်း။ ကုတ်တစ်ထည်၀တ်ထားတာတောင် အအေးဒဏ်ကို သူအံမတုနိုင်သေး။ အသက်တစ်ခါရှူတိုင်း စီးကရက်မသောက်ထားပေမဲ့ အငွေ့တွေလှိုင်လှိုင်ထွက်လာတယ်။
အကြင်နာပိုခြင်းဟာ ဒီလို၀ဋ်ဒုက္ခကိုဖြစ်စေပါတယ်။
ခပ်ညစ်ညစ်ဘ၀ထဲကို ထယ်ယောင်းက လှိုင်းလုံးတစ်ခုလို တရွေ့ရွေ့၀င်လာပြီး သူ့အသည်းစိုင်ကို ပွတ်တိုက်ကာလှိုက်စားတယ်။
ရူးသွပ်ဖို့မဝံ့ရဲတဲ့ကောင်ဟာ ဘယ်အချိန်ကများ ကင်မ်ထယ်ယောင်းအပေါ်မှာ နစ်၀င်သွားခဲ့တာလဲ။ အရုပ်ကလေးတစ်ရုပ်လို တရှူးရှူးနဲ့အိပ်မောကျနေတဲ့ညတိုင်းမှာ မျက်တောင်ဖျားစိတ်စိတ်တွေကို ခိုးနမ်းရတဲ့အလုပ်အပေါ် သူဘယ်အချိန်ကများ ကျင့်သားရသွားခဲ့တာလဲ။
မသိမသာကြင်နာချင်တယ်၊ ထွေးပွေ့ထားချင်တယ်။ မျက်နှာညှိုးတာမြင်ရင် နှလုံးသားမှာ အက်ကြောင်းရာထင်တယ်။
စွဲလမ်းစိတ်တွေကို လျှော့ချခဲ့ပေမဲ့ သူ့နှလုံးသားက တစ်ဖက်လူဆီ တရွေ့ရွေ့လှမ်းနေနှင့်ခဲ့ပြီ။ ခြေလှမ်းတွေကိုနောက်ပြန်ဆုတ်ရမှာလား ....။ ဟင့်အင်း .... သူ ရူးမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။
လူသူမရှိတဲ့ညလယ်ခင်းမှာ ဂျောင်ကုရဲ့ဖိနပ်သံတရှပ်ရှပ်က ကျယ်ကျယ်လောင်လောင်။ ညတာရှည်တဲ့ဆောင်းမို့ အမှောင်ထုက နက်နက်ရှိုင်းရှိုင်း။ လမ်းမီးတိုင်ရဲ့အလင်းသာမရှိရင် သူဟာ အမှောင်ကမ္ဘာထဲ စမ်းတဝါးဝါးသွားရမဲ့အဖြစ်။
"ဟင်"
ဖျော့တော့နေတဲ့အရိပ်တစ်ခု။ မနက်က၀တ်သွားတဲ့ ကုတ်ညိုညိုဟာ မျက်လုံးထဲမှာ တဖြည်းဖြည်းပုံပေါ်လာတယ်။ ရင်ထဲ ဒိန်းခနဲစောင့်တက်ပြီး သက်ဆိုင်သူဆီအပြေးလှမ်းတော့ မော့ကြည့်လာတဲ့မျက်၀န်းလဲ့လဲ့တွေက ၀မ်းနည်းမှု‌တို့စွန်းထင်နေတယ်။
"ထယ်ယောင်း"
သူ့အသံထဲ ထယ်ယောင်းရဲ့အားငယ်မှုတွေပါ၀င်ပတ်သတ်နေသယောင်။ ပခုံးသားလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ပေမဲ့ ထိရမှာတောင် မ၀င့်ရဲ။ သူ့လက်တွေက ထယ်ယောင်းကိုနာကျင်သွားစေမလား။
"ဘာဖြစ်တာလဲ"
"အာ .. ငါ ဘာမှမဖြစ်"
"လိမ်နေတာ။ ဘာမှမဖြစ်ရင် ဒီလောက်ရုပ်ပျက်ဆင်းပျက် ဖျော့တော့နေမှာလား။ ပြောစမ်း ဘာဖြစ်တာတုန်း"
ဆတ်ခနဲငုံ့ကိုင်းသွားတဲ့ခေါင်းလေးက ဘာမှမ‌ပြောချင်ဟန် ခါယမ်းနေတယ်။ တစွတ်စွတ်ရဲလာတဲ့ ထယ်ယောင်းရဲ့နားရွက်ဖျားတွေ။ တုန်ခါချင်နေတဲ့ ပခုံးရိုးတွေ။
သူသိလိုက်ပြီ။ သိပ်မကြာခင် ထယ်ယောင်းငိုတော့မှာ။
"ပြောပါကွာ။ ငါ့ကိုရင်ပူအောင်မလုပ်ပါနဲ့"
အေးစက်နေတဲ့နားရွက်ဖျားကိုဖိကိုင်ရင်း ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။ ရှိုက်ညည်းလာတဲ့သံစဉ်သဲ့သဲ့က သူ့နှလုံးကိုပါ အောင့်မျက်စေသလို။ ပခုံးသားတစ်ဖက်ပေါ်က ပူနွေးနေတဲ့ခံစားချက်ဟာ ထယ်ယောင်းရဲ့မြပုလဲတွေဆီမှ။
သူပါထပ်တူထပ်မျှ၀မ်းနည်းလာတယ်။
ဘယ်လိုအရာတွေကများ သူ့ကောင်လေးကို နာကျင်စေရတာလဲ။
"ဟိုဟာ .."
"အင်း။ ပြော ငါနားထောင်ပေးမယ်"
"ငါ့ဆီက ပိုက်ဆံကိုလုသွားကြတယ်"
"ဘာ !"
ကျယ်လောင်တဲ့အသံကျယ်က ညအမှောင်ယံကိုထိုးခွင်းလိုက်သလို။ အပူမီးတွေဟာ ရင်ထဲမှာတမြိုက်မြိုက်။
"ဘယ်လို .. ဘယ်လိုဖြစ်တာလဲ"
"ငါဒီနေ့ အချိန်ပိုဆင်းရတယ်ကွာ။ ပြီးတော့ လစာလည်းတစ်ခါတည်းထုတ်လာမိတာ။ အဲ့ဒါကို .. အဲ့ဒါကို လမ်းထိပ်ကကောင်လေးတွေက ငါ့ဆီကပိုက်ဆံကိုယူသွားတယ်။ အီးဟီး ငါကဘာလုပ်မိတာမို့လို့။ ငါ့ဘာသာ ကောင်းကောင်းမွန်မွန်နေနေတာကို အဟင့်"
စီးကျလာတဲ့မျက်ရည်စတွေက နှလုံးသားထဲစူးနစ်လာတဲ့ ဖန်ကွဲစတွေပမာ။ ဆောင်းရာသီရဲ့အအေးဒဏ်အပြင်၊ ၀မ်းနည်းမှုကြောင့် ထယ်ယောင်းရဲ့မျက်နှာတစ်ပြင်လုံးဟာ ကျူးလစ်နီတွေလို နီမြန်းရဲ‌ဆွေးနေတော့တယ်။
မျက်ရည်အိုင်နေတဲ့ မျက်နှာသေးသေးလေး။ ရင်ခွင်ထဲထွေးပွေ့ချော့မြှူရင်း သူ့စိတ်ထဲမကောင်းနိုင်ခဲ့။ အတော်လေး၀မ်းနည်းသွားရှာတော့တာ။
"ဘာမှပြန်မလုပ်ခဲ့ဘူးလား"
"သူတို့က ငါးယောက်တောင်ကွ။ ကောင်းကောင်းမပေးရင်ရိုက်မယ်ဆိုလို့သာ ပေးလိုက်ရတာ။ တစ်ယောက်ချင်းစီဆို သေအောင်လုပ်ပစ်မယ်"
ဒေါသစိတ်နဲ့ မျက်မှောင်တွေကိုကျုံ့လိုက်ပြန်တယ်။ နုထွတ်နေတဲ့ထယ်ယောင်းက ဇီးသီးခြောက်လေးလိုရွတ်တွတွ။ နှာခေါင်းတွေရှုံ့သည်အထိ သူရယ်လိုက်မိတယ်။
"အင်း အင်း။ အဲ့ကောင်တွေ အတော်ဆိုးတာပဲ။ လာ သွားရအောင်"
"ဟင် ဘယ် ဘယ်ကိုလဲ"
လက်ဖျားအေးအေးတွေကိုဆွဲပြီး လမ်းထိပ်ဘက်ထွက်မယ်ပြင်တော့ တားဆီသံက တိုးဖွဖွ။
"မင်းပိုက်ဆံကိုလုတဲ့ကောင်တွေကိုလေ"
"ဟင့်အင်း။ ထားလိုက်ပါတော့"
စိတ်ထဲဖျင်းခနဲဖြစ်သွားတယ်။
"ဘာလို့လဲ။ ဘာလို့ပြန်မယူချင်တော့တာလဲ"
"သွားယူခဲ့သည်ဆိုပါစို့။ မင်းတို့က အနည်းနဲ့အများတော့ ရန်ဖြစ်ကြမှာပဲ။ အဲ့အခါ ထိခိုက်အနာတရတွေရကုန်မယ်မဟုတ်လား။ ပိုက်ဆံက အရေးကြီးပေမဲ့ မင်းက ငါ့အတွက်ပိုအရေးကြီးတယ်လေ"
လမ်းမီးတိုင်ရဲ့အလင်းရောင်အောက်မှာ ထယ်ယောင်းရဲ့မျက်နှာလေးတွေ ၀င်းမွတ်နူးညံ့နေတယ်။ လောဘပျောက်နေတဲ့ မျက်၀န်းကြည်ကြည်တွေ၊ ဒေါသအရောင်မရှိ၊ မောဟလည်းကင်းပါတယ်။
"ဒီလိုဆို ငါမေးမယ်"
"အင်း"
"တစ်ကယ် လက်လွတ်ရက်လား။ သာမန်ပိုက်ဆံဆိုတာထက်ထူးခြားတဲ့ မင်းကြိုးစားပမ်းစားရှာထားတဲ့လုပ်အားခကိုလေ"
မှိုင်းညို့သွားတဲ့မျက်၀န်းတွေ။
"ဟင့်အင်း။ ငါနှမြောတယ်။ ဒါပေမဲ့လည်း ...."
"ဒီလိုဆို ပြန်ယူမှရမှာပေါ့ ထယ်ယောင်းရယ်။ ငါ့ကိုသာယုံ .... ငါ့ကိုသာယုံကြည်လိုက်စမ်းပါ"
တင်းကြပ်လာတဲ့လက်ဖဝါးနုနုတွေ။ ရီလဲ့နေတဲ့မျက်၀န်းအစုံဟာ သူ့နှလုံးသားကို ဖျားနာအောင်လာလုပ်နေသလို။ ပြင်းထန်စွာခုန်နေတဲ့အရှိန်နှုန်းက အသက်ရှူတောင်ကြပ်ချင်ချင်။
"တစ်ခုခုအဆင်မပြေရင်တော့ ဘာမှဆက်မလုပ်ဘဲ ပြန်ကြမယ်နော်"
ချော့မော့သလို လေသံလေးကြောင့် သူ့အပြုံးတွေပိုပီပြင်လာတယ်။ ကင်မ်ထယ်ယောင်းဟာ ဘယ်လောက်အတိုင်းအတာအထိချစ်စရာကောင်းနေမှာလဲ။ ဘယ်လောက်အတိုင်းအတာအထိ သူ့အသည်းစိုင်ကို လာလာခလုတ်တိုက်နေမှာလဲ။
ဆွဲယူထားတဲ့လက်ဖဝါးမှာ ချွေးစေးတွေလှိုင်ထလာတယ်။ သူ့လက်တွေယားချင်ချင်။ လူမရိုက်ရတာ ဘယ်လောက်တောင်ကြာနေပြီမို့လို့လဲ။
"အဲ့ကောင်တွေလား"
ခပ်ညစ်ညစ်အုတ်နံရံကိုမှီပြီး ဆေးလိပ်သောက်နေတဲ့တစ်သိုက်ကို ဂျောင်ကုလက်ညှိုးထိုးပြလိုက်တယ်။ စိုးရိမ်စိတ်လွှမ်းနေတဲ့မျက်၀န်းလေးနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြတယ်။
ဂျောင်ကုခိုးပြုံးလိုက်မိပါတယ်။ အဟင်း .... တွေ့တော့တွေ့ကြပြီပေါ့။
အနားကိုတိုးလေလေ ထယ်ယောင်းဆီက ရုန်းကန်ချင်ဟန်အပြုအမူတွေပေါ်လာလေလေပါပဲ။
"ဟေ့ကောင်လေးတွေ မတွေ့ရတာကြာနေပြီနော်"
အဆိုပြုတဲ့နှုတ်ဆက်စကားတစ်ခွန်းမှာ ဂျောင်ကုရှိရာဆီလှည့်ကြည့်ပြီးနောက် ပြူးတူးပြာတာဖြစ်သွားတဲ့ ငါးကောင်။
"ဟာ အကို အကိုကြီး"
"အင်း ငါပဲ"
"ညဉ့်နက်နေပြီကို အကိုကြီးက ဒီကိုဘယ်လိုလုပ်ပြီး"
"မင်းတို့ ငါ့လူကို လာငြိထားတာရှိလို့"
"ဗျာ။ ကျွန်တော်တို့ဘာမှမလုပ်မိ"
"သူ့ကိုမှတ်မိတယ်မလား။ အစောနလေးကမှ မင်းတို့သူ့ဆီက ပိုက်ဆံလုထားကိုတာသိတာမို့ ငြင်းရင် နဘန်အကျင်းခံရမယ်နော်"
ထယ်ယောင်းရဲ့ကိုယ်လေး တွန့်ခနဲဖြစ်သွားတာကို လက်ဖျားတွေကတစ်ဆင့် သူခံစားမိလိုက်တယ်။ မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်နဲ့ ကြောက်ရွံနေဟန်က ခပ်ထင်းထင်း။
"ယူထားတယ်မဟုတ်လား !"
စိမ့်၀င်နေတဲ့အာဏာသံက လမ်းကျဉ်းထဲမှာ ဟိန်းခနဲ။
"ဟုတ် ဟုတ်ကဲ့"
"ပြန်ပေးလိုက်"
"ဗျာ"
"ပြန်ပေးလိုက်လို့။ ပြီးတော့ သူ့ကိုသေချာကြည့်ထား။ ငါနဲ့သက်ဆိုင်နေတဲ့သူ .. ငါ့လူ။ အဲ့ဒါကြောင့် သူ့ကိုလုံး၀မထိမိစေနဲ့။ ငါအရင်က ဘာကောင်လဲဆိုတာ သိကြတယ်မလား"
"ဟုတ်ကဲ့အကိုကြီး"
ပြန်ဖြေသံတွေက ညီညီညာညာ။ ခါးကိုင်းပြီးအရိုအသေတွေပေးရင်း ပိုက်ဆံထုတ်ကိုကမ်းပေးတဲ့အခါ ထယ်ယောင်းက မနေတတ်သလို သူ့ခန္ဓာကိုယ်အနောက်ကိုလာပုန်းတယ်။ သူကပဲ ယူလိုက်ရပြီး ....
"အင်း ဒါဆိုငါသွားပြီ"
"ဟုတ်ကဲ့ဗျ"
ကျန်ခဲ့တဲ့အသံတွေကိုလျစ်လျှူရှုပြီး ထယ်ယောင်းရဲ့လက်ဖဝါးနွေးနွေးကိုဆွဲကိုင်ပြန်လာရတဲ့အခိုက်အတန့်ဟာ သူ့အတွက်တော့ ဘုရင်တစ်ပါး တိုက်ပွဲအောင်နိုင်ခဲ့သလို။
"ဂျောင်ကု"
"ဟင်"
"မင်းကလေ .. မင်းကလေ"
"အင်း ငါကဘာဖြစ်လဲ"
ပြောရမလား၊ မပြောရမလား တွေဝေဟန် မျက်လုံးလေးက ကလည်ကလည်။
"အကြွေးတောင်းတဲ့လူမိုက်ကြီးနဲ့တူတယ် ဟီးဟီး"
"ဟုတ်တယ်လေ"
"ဟင်"
"ငါအရင်က အဲ့အလုပ်လုပ်ဖူးတယ်။ အဲ့ဒါကြောင့် အဲ့ကောင်တွေကို နိုင်နေတာပေါ့"
အပြုံးလေးတွေတန့်သွားတယ်။ ပြီးမှ အားနာနေဟန် နှုတ်ခမ်းတွေကိုဖိကိုက်ချိန် သူ့မှာတသောသောနဲ့ရယ်မိတော့တယ်။ ချစ်စရာကောင်းတယ်။ သိပ်ချစ်စရာကောင်းလွန်းတယ်။
"ကြောက်သွားတာလား"
"ဟင့်အင်း ဟင့်အင်း။ ငါမင်းကို .. သဘောကျနေဆဲပါ"
ဟန်ပန်လေးက ရှက်ဝဲဝဲ။ သူပဲဖွင့်ပြောပြီး သူပဲရှက်နေတော့တာ။ အဖွင့်ပြောခံရတဲ့ဂျောင်ကုမှာ ရယ်နေရုံပဲတတ်နိုင်ပါတယ်။
"ငါတစ်ကယ် မင်းကိုသဘောကျတာပါ။ မင်းဘာဖြစ်ဖြစ် ငါကြိုက်တယ်။ အဲ့ဒါကြောင့် .. အဲ့ဒါကြောင့် ငါ့ကို အဖြေ .. ပြန် . ပေး . ပါ . တော့ . လား"
ရယ်သံတွေမစဲခဲ့။ ခပ်မြမြအေးနေတဲ့ ဆောင်းငွေလှိုင်လှိုင်ထဲ သူ့ရင်ထဲကကြည်နူးခြင်းတွေဟာ အတောက်ပဆုံးအသက်၀င်နေခဲ့တယ်။
"ကင်မ်ထယ်ယောင်း"
"ဗျာ။ အဲ ဟုတ်ပါဘူး ဟင်"
ချောကလက်ပူပူတစ်ခွက်ကိုသောက်ရသလို စိမ့်သက်သက်နွေးမြလာတယ်။
"တွဲကြည့်ကြမလား"
"ဟမ် ဘာကြီး"
ခြေလှမ်းတွေကိုရပ်တန့်ပစ်ပြီး ထယ်ယောင်းရဲ့ပခုံးသားနှစ်ဖက်ကို ဆုပ်ကိုင်ပစ်လိုက်တယ်။ နားမလည်ခြင်းတွေဝေ့ဝဲနေတဲ့ မျက်၀န်းတွေက သူ့ရင်ကိုအဖြိုင်ဖြိုင်တုန်လှုပ်စေတယ်။
"ကာကွယ်ပေးချင်တယ်။ မင်းမျက်ရည်တွေက ဘာလို့ငါ့နာကျင်မှုတွေကို လှုပ်နှိုးနေမှန်းလဲ ငါနားမလည်ဘူး။ မင်းပြုံးတာကိုမြင်ရင် ရင်ထဲသိပ်အေးတယ်။ ငါ့ခံစားချက်တွေကို ဒီအတိုင်းဖုံးကွယ်မထားချင်တော့ဘူးထယ်ယောင်း။ ငါက‌ဆိုးပေမဲ့ မင်းကပြုပြင်ပေးပါ။ ချစ်တတ်လာအောင် သင်ကြားပေးပါ။ အဲ့ဒါကြောင့် တွဲကြည့်ကြမလား ...."
အအေးဒဏ်အပြင် မြန်ဆန်နေတဲ့ရင်ခုန်နှုန်းတွေကြောင့် လက်ဖျားတွေထုံကျဉ်ခဲတက်လာတယ်။ တွေဝေနေတဲ့မျက်၀န်းတွေကို သူနမိတ်ဖတ်လို့မရ။ ဘာလဲ .... ငြင်းတော့မှာလား။
"ငါ .. ငါက မင်းကိုနာကျင်အောင်မလုပ်ဘူးနော် ဂျောင်ကု။ ငါ့ကိုယုံပေးပါ။ အဲ့ဒါကြောင့် အခုကစပြီး ငါတို့တွေက တစ်ရက်ဖြစ်သွားပြီ"
အပူတွေငြိမ်းအေးရင်း လှစ်ခနဲရယ်လိုက်မိတယ်။ သည်းခြေထဲက စိမ့်တက်လာတဲ့ ပျော်ရွှင်မှုလှိုင်းတွေဟာ နှလုံးသားထဲက ဟာကွက်ကိုဖြည့်ပေးလိုက်သလို။
"ဖုန်းနံပါတ်မရှိဘူးမလား။ မင်းဖုန်းပေး"
လက်တစ်ဖက်နဲ့ကမ်းပေးလာတယ်။ တတီတီမြည်နေတဲ့ နံပါတ်ရိုက်နှိပ်သံတွေက အကြင်နာစည်းချက်လှိုင်းတွေနဲ့ဆင်တင်တင်။
သူလည်းပဲ ထယ်ယောင်းရဲ့ဖုန်းနံပါတ်ကိုရိုက်ပြီး contact မှာ နာမည်တစ်ခုမှည့်ခဲ့မိတယ်။ အသည်းယားစိတ်ကြောင့် နှုတ်ခမ်းကအပြုံးတွေကို ထိန်းချုပ်မရ။
"ဘာရေးတာလဲ ဘာရေးတာလဲ။ ငါ့ကိုပြ"
မျက်၀န်းတလက်လက်နဲ့တောင်းခံနေတော့ မပေးဘဲနေလို့မရ။ ကင်မ်ထယ်ယောင်းဟာ စုန်း၊ ကဝေလေးနဲ့တူပါတော့တယ်။
Contact မှာပေါ်နေတဲ့နာမည်ကိုဖတ်ပြီး သူ့ဆီကို အံ့ဩဟန်အကြည့်လေးတွေ အခြေချလာတယ်။ စွတ်ခနဲရဲသွားတဲ့နားရွက်ဖျားတွေအပြင် မျက်နှာကိုပါတစ်ဖက်ခြမ်းဆီလွှဲလိုက်တာကြောင့် သူပါထူထူပူပူနဲ့ ရှက်ရယ်ရယ်နေမိတော့တယ်။
ဆောင်းညပြာပြာအောက်မှာ လင်းလက်နေတဲ့ဖုန်းမျက်နှာပြင်ထက် ထယ်ယောင်းရဲ့ဖုန်းနံပါတ်နဲ့အတူ 'ဘေဘီ 💙' ဆိုတဲ့ နာမည်လေးဟာ အထင်းသား။
°°°°
၉/၁၂/၂၀၂၂
Daily update ရယ်မဟုတ်ပေမဲ့ ဦးနှောက်ထဲ စာတွေက ဖလွတ်ဖလွတ်နဲ့ အများကြီးထွက်ချလာတာကြောင့် ထူးထူးဆန်းဆန်း တစ်ခါမှမရေးဖူးတဲ့အရှိန်နဲ့ တစ်နေ့တည်း တစ်ပိုင်းတောင်ရေးနိုင်သွားပါတယ်။
သိမ်းမထားချင်တော့လို့ ညနက်သွားပေမဲ့ အမြန်လာတင်လိုက်ရပါတယ်။ အေးချမ်းကြပါစေရှင် ❤️
Song recommend = Love, Maybe (MeloMance)
Zawgyi
"လိပ် .... လိပ်ဖြစ်ပါစေ။ လိပ်ဖြစ်ပါစေ"
"ဟာ ...."
"ငါလည်းမသိဘူးလေ"
You are reading the story above: TeenFic.Net