[20] ZAWGYI

Background color
Font
Font size
Line height

အနောက်ဘက်ကောင်းကင်တစ်လွှားမှ ပုစွန်ဆီရောင်တိမ်စိုင်တို့ အရောင်ဖျော့သွားပြီးနောက်အမှောင်ထုပါးပါးလေးကရောက်ရှိလာသည်။

ရောက်ရှိလာသော အမှောင်ထုပါးပါးလေးသည် သူနှင့်အတူ လေပြေနုနုကလေးများကိုပါခေါ်ဆောင်ခဲ့၏။ကလူကျီစယ်သွားသည့် လေပြေအောက်၌ ပန်းရင့်ရောင် စက္ကူပန်းကလေးများမှာ လှုပ်လီလှုပ်လဲ့ဖြင့် လှချင်တိုင်းလှသည်။

သစ်ရွက်ခတ်သံခပ်တိုးတိုးသည် သွားလာလှုပ်ရှားနေကြသူများ၏ အသံ​အားမထိုးဖောက်နိုင်စွာ တိုးလျလျသာရှိနေခဲ့၏။အေးမြမြကန်ဘောင်၏ အငွေ့အသက်မှာ စိတ်ကြည်ရွှန်းစေသည်။

သျှိုးအိပ်ခန်းပြတင်းပေါက်မှလှမ်း၍ကြည့်လျှင် ညဘက် ကန်ဘောင်ပေါ်၌ ချိန်းတွေ့ကြသူများအား မနာလိုချင်စရာကောင်းအောင်မြင်ရသေး၏။

တစ်နေ့ ထစ်ချုန်းမိုးနှင့် သူသာရည်းစားဖြစ်ခဲ့လျှင် ထိုကန်ဘောင်ပေါ်တွင် မဖြစ်မနေချိန်းတွေ့မည်ဟူသော ရည်မှန်းချက်လေးတစ်ခု သျှိုး၌ရှိ၏။

အိမ်ရှေ့ဗာဒံပင်၌ချိတ်ဆွဲထားသည့် မီးလုံးလေးမှာလည်း ရောက်ရှိလာသည့်အမှောင်ထုအား တာဝန်ကျေစွာ တွန်းလှန်ထားဆဲဖြစ်သည်။

" သား ညဈေးဘက်သွားဦးမယ်
အဘွားလေး ဘာမှာဦးမလဲ ဦးသျှန်ရော "

ပိုက်ဆံပုံးအတွင်းမှ ပိုက်ဆံနှိုက်ရင်း သျှိုးမေးလိုက်သည်။ဆေးခန်းပိတ်အချိန်မို့ မမမီသည်လည်း သူနှင့်အတူလိုက်ရန်ထွက်လာ၏။

" သျှန်က အာလူးကတ်သလိတ်နဲ့ ဒိန်ချဉ်တဲ့ "

" အဘွားလေးကရော "

" အဘွားလေးအတွက်
ဘူးသီးကြော်လေးဝယ်ခဲ့ကွယ်
လာပိုက်ဆံလာယူဦး "

" ရတယ် သားမှာရှိတယ် "

သူ့ဆိုင်ကယ်အစား မမမီ၏ပုစဉ်းခေါင်းဆိုင်ကယ်လေးကိုသာထုတ်ဖြစ်သည်။ပြန်လျှင်မုန့်ထုတ်ပေါင်းမြောက်များစွာနှင့်မို့ ပေါ့ပေါ့ပါးပါး ဖြစ်စေလို၏။

မေဓါဝီလမ်းမှထွက်ကာ ညာချိုးသည်။ဘယ်ချိုးလျှင်ပိုနီးသော်လည်း မီးပွိုင့်အမိမခံချင်။ဘိုကလေးကားလမ်းတစ်လျှောက် မောင်းထွက်သည့်အခါ (၃)ရပ်ကွက်သို့ရောက်၏။ထို့နောက်မှ ပထမလမ်းမကြီး။

ပထမလမ်းသည် ဘိုကလေးလမ်းမရှေ့တည့်တည်၌ ကန့်လန့်ဖြတ်ထားသဖြင့် T ပုံသဏ္ဌန်ရှိ၏။သုံးခွဆိုင်ဖြစ်သည်။ ရွာမကျောင်း ၊ ထန်းပင်ကျောင်း နှင့် မင်းကျောင်းစသည့် ဘုန်းကြီးကျောင်းများပတ်လည်၌ခတ်ထားသည့် အုတ်တံတိုင်းများကြောင့် ကွေ့များတွင်သတိထားရသည်။

ကပ်ကွေ့၍မရသလို အများကြီးခွာကွေ့၍လည်းမဖြစ်။

ကားသံ၊ဆိုင်ကယ်သံများမှလွဲလျှင် ဘုန်းကြီးကျောင်း သုံးကျောင်းပြိုင်ရှိနေသည့် နေရာလေးမှာအေးချမ်းလှသည်။
ထူးထူးခြားခြားအနေဖြင့် မင်းကျောင်းအတွင်းမှ ခရေပင်ဇောက်ထိုးအား ဝင်ကြည့်နိုင်၏။

ဘုန်းကြီးကျောင်းများကျော်ပြီးလျှင် ခြင်္သေ့ကြီးနှစ်ကောင်ရှိသည့် ခြင်္သေ့ဦးထိပ်သို့ရောက်မည်။ပီဇာဆိုင်လေးနှင့် အ.မ.က(၁၂) မြောက်ပိုင်းကျောင်းသည် ပထမလမ်း၏ တစ်ဖက်တစ်ချက်စီ။

ထို့နောက် CB ဘဏ်၊အောင်နိုင်သူဟော်တယ်၊ ရွှေစံအိမ်စတိုးနှင့် အခြားသော ဆိုင်ခန်းအသီးသီးတို့ကိုကျော်လွန်ပြီးလျှင် ညဈေးသို့ရောက်သည်။

အမှောင်ထုမှာ တဖြည်းဖြည်းသိပ်သည်းလာ၏။
ဈေးတန်းတစ်လျှောက်ရှိဆိုင်ကလေးများ၌ လျှပ်စစ်မီးချောင်းနှင့်မီးလုံးလေးများ ကိုယ်စီထွန်းညှိထားသည်။

အကြော်အလှော်များ၏ အမွှေးရနံ့က အနံ့ခံအာရုံအားခပ်ပြင်းပြင်းနိုးဆွလာ၏။ဆိုင်ကယ်အား သော့ခတ်ကာ ဈေးအတွင်းသို့ဝင်ခဲ့သည်။

တစ်ဦးနှင့်တစ်ဦး ဘေးစောင်းတိုးသွားရသည်အထိ ကြပ်လှသော ညဈေးမှာ စည်ကားသည်ထပ်ပိုလှ၏။

ပဲကြာဇံသုတ်ဆိုင်ဆီ အရင်ဆုံးသွားသည်။မျက်မှန်းတန်းမိနေသည့်မျက်နှာများဖြစ်သည့်အခါ ဆိုင်ရှင်ဦးလေးက ရယ်မောစနောက်ရင်း နှုတ်ဆက်လာ၏။

" မမမီ စောင့်ဝယ်နှင့်လိုက်
သား ဒိန်ချဉ်နဲ့ ဘူးသီးကြော်သွားဝယ်လိုက်မယ်"

" အေးအေး "

ပဲကြာဇံသုတ်ဆိုင်မှခွာသည့်အခါ ကြက်ဥပေါင်မုန့်ကြော်နှင့် ပဲပလာတာကြော်နံ့ပြင်းပြင်းလေးက ဆီးကြိုနေသည်။ပလာတာဆိုင်မျာထဲ၌ 'မိုးကောင်း 'ပလာတာဆိုင်က ပို၍နာမည်ကြီး၏။ဆိုင်ပိုင်ရှင် ညီအစ်မမှာလည်း အတော်လေးချောကာ စိတ်ထားပြည့်သည်။

" ဒိန်ချဉ်ကောင်လေး နင်လာပြန်ပြီလား "

ဆိုင်ရှေ့ရပ်လိုက်သည်နှင့် ကုလားမကြီးက တန်းနှုတ်ဆက်သည်။အမြဲလိုလို ဒိန်ချဉ်သာဝယ်နေသဖြင့် ဆိုင်ရှင်ကုလားမကြီးသည် သျှိုးအား နာမည်ပြောင်ပင် ပေးထားလေပြီ။

" ဟုတ်တယ် အဒေါ်ရေ
ဒီတစ်ခါလဲ ဒိန်ချဉ်ပဲ (၂) ခွက် "

" ရမယ် ရမယ်
အစ်မကြီးရော နေကောင်းရဲ့လား "

" ဒေါင်ဒေါင်မြည်ပဲ

ကျွန်တော်တို့ထက်တောင် သန်နေသေး "

ဒိန်ချဉ်ဖျော်ရင်း အမေးရှိလာသည်မို့ သျှိုးပြန်ဖြေလိုက်သည်။အစ်မကြီးဟူသည်က သူ့အဘွားလေးအား ရည်ညွှန်း၏။

" ရပြီကောင်လေး ငါပိုထည့်ပေးလိုက်တယ် "

" ကျေးဇူးပါဗျာ "

ကျသင့်ငွေရှင်းကာ ဒိန်ချဉ်နှစ်ခွက်ဆွဲရင်း ပြန်ထွက်လာသည်။ဝက်သားထုတ်တိုးဆိုင်နှင့် အကင်ဆိုင်အားကျော်ကာ အာလူးကတ်သလိတ်ရောင်းသည့်ဆိုင်သို့ဝင်ရသေး၏။ထိုမှထွက်၍ အကြော်ဆိုင်ကလေးဆီ။

လူရှုပ်နေခြင်းမရှိသည်မို့ အကြော်ဗန်းရှေ့၌ သျှိုးဝင်ထိုင်သည်။ဘူးသီးကြော် ဟူ၍ တစ်ခုသာတွေ့သည်။ဘူးသီးကုန်သွား၍ ပြန်ယူသည်ဟုဆို၏။

" ခဏပဲကြာမှာပါ စောင့်လိုက်မလား "

" ရပါတယ် "

ထိုင်စောင့်ရင်း တစ်ခုထဲသာကျန်သည့် ဘူးသီးချောင်းကြော်အားလှမ်းကောက်လိုက်သည်။အခြားလက်တစ်ဖက်သည် ဘူးသီးချောင်း၏ အစွန်းတစ်ဖက်အားဖိထား၏။

အစာလုခံရခြင်း ။

ဒေါသက လှိုက်ခနဲတက်လာသည်။ဘယ်လို ယဉ်ကျေးမှု့နားမလည်တဲ့ သတ္တဝါက သူ့ဘူးသီးကြော်အား လာလုရသနည်း။သျှိုးလှည့်ကြည့်လိုက်သည်။

တစ်ဖက်လူသည် သူ့အား မျက်ခုံးတစ်ဖက်ပင့်ပြလာ၏။ထစ်ချုန်းမိုးဖြစ်သည်။
လှိုက်ခနဲတက်လာသည့် သျှိုးဒေါသသည်လည်း ခပ်မဲ့မဲ့အပြုံးအောက်၌ ဖုတ်ခနဲပြုတ်ကျရသည်။

ကလေးဆန်ဆန် ဘူးသီးကြော်လာလုသည်တဲ့..။
ထစ်ချုန်းမိုးဖြစ်နေသည့်အခါ ချစ်စရာကောင်းလွန်းပါသည်။

တစ်လက်စထဲ စနောက်ချင်စိတ်ပါ ပေါက်လာ၏။အလျော့မပေးပဲ ဘူးသီးကြော်အား ဆက်ဖိထားသည်။ထစ်ချုန်းမိုးသည်လည်း လွှတ်ပေးခြင်းမရှိ။

အခြေအတင်မကျသောအခြေအနေတွင် မနေနိုင်သော အကြော်သည်ကသာ မုန့်ကြော်နေသည့်ယောက်မဖြင့် ဘူးသီးကြော်အား ခါးလည်မှ ပိုင်းပေးလာ၏။

နှစ်ပိုင်းပြတ်သွားသော ဘူးသီးကြော်သည် ထစ်ချုန်းမိုး လက်ထဲ၌ တစ်ပိုင်း။ သျှိုးလက်ထဲ၌ တစ်ပိုင်း။

အကြော်သည်က မေးသည်။

" ကျေနပ်ကြပြီလား "

ထစ်ချုန်းမိုးက ပြန်ဖြေ၏။

" ကြီးဒေါ်က မျက်နှာလိုက်တာပဲ
ကျွန်တော်ဟာကျ တိုပြီး သူ့ဟာကျရှည်တယ် "

အကြော်သည် အဒေါ်ကြီးသည် ထစ်ချုန်းမိုးအား ပြန်လည်ချေပနိုင်ခြင်းမရှိ။သျှိုး ဝင်ပြောလိုက်သည်။

" ရှည်တာကြိုက်ရင် ငါ့ဟာလာကိုက်လေ "

" မင်း မိုက်ရိုင်းလှချည်လား "

" ဘာတုန်း ငါပြောတာ ဘူးသီးကြော် "

အချဉ်ခွက်ထဲသို့ ဘူးသီးကြော်ကိုနှစ်ကာ  နှုတ်ခမ်းရှေ့တိုးပေးလိုက်သည်။ထစ်ချုန်းမိုးသည် တစ်လုပ်ထဲနှင့် အကုန်ယူစားသွား၏။သျှိုးလက်ချောင်း ထိပ်ဖျားလေးများကိုပင် စုတ်ယူသွားသေးသည်။

သူမေကလွှားတဲ့မှ..။

အလျှင်အမြန်လက်ပြန်ရုတ်ရင်း စိတ်အတွင်းမှ သျှိုးကျိန်ဆဲမိ၏။လူကြားထဲ၌ မြူစွယ်ခံလိုက်ရသည့်ဖြစ်ခြင်း။

လက်သုတ်ရန် တွေးလိုက်ပြီးမှ မသုတ်တော့ရန်ဆုံးဖြတ်လိုက်သည်။သူ့လက်ချောင်းထိပ်ဖျား၌ ထစ်ချုန်းမိုး၏ အထိအတွေ့လေးတစ်ချို့ရှိနေသည့်အခါ လက်ဆေးရန်ပင်နှမြောလာ၏။

သွားယူရသည့် ဘူးသီးများ ပြန်ရောက်လာသည်။အကြော်သည်သည် မြန်မြန်ဆန်ဆန်ကြော်ပေးရှာ၏။သူတို့အား အမြင်ကပ်လာ၍ဖြစ်မည်။

မှာယူထားသည့် အခုအရေအတွက်နှင့်အတူ အချဉ်ထုပ်လေးများကိုပါထည့်ပေးပြီးနောက် ကျသင့်ငွေကို အတူတူရှင်းလိုက်ကြ၏။ပဲကြာဇံသုတ်သွားဝယ်သည့် မမမီလည်းပြန်ရောက်လာသည်။

" ပြီးရင် ပြန်ကြမလားသျှိုး "

" ဟုတ် ပြန်မယ်လေ "

မပြန်ခင် ထစ်ချုန်းမိုးအိတ်အတွင်းမှ ဘူးသီးကြော်နှစ်ချောင်းနှိုက်ခဲ့သေးသည်။ထစ်ချုန်းမိုးသည် သူ့လက်အား ဖျတ်ခနဲပိတ်ရိုက်ပစ်၏။

" မင်း လူပါးမဝနဲ့ ကိုယ့်ဟာကိုယ်စား "

" မကျေနပ်ရင်
အဒေါ်ကြီးဆီကပြန်တောင်းလေ
ငါတော့ ပြန်ပြီ Bye "

အနိုင်ကျင့်လိုက်ရသည့်အခါ သျှိုးမှာနေသာထိုင်သာရှိသွား၏။ထစ်ချုန်းမိုးက ကျိန်ဆဲလာသည်။

" လမ်းသွားရင်း ခလုတ်တိုက်ပါစေ "

"ခလုတ်တိုက်တော့လည်း အလွတ်ရထားတဲ့
မင်းနာမည်လေးကို တ,မယ်လေ "

ခြေလှမ်းတစ်ချို့ နောက်ပြန်လျှောက်ကာ မျက်လုံးတစ်ဖက်မှိတ်ပြသွားသည့် သျှိုးအားကြည့်ရင်း နှုတ်ခမ်းပါး၌ အပြုံးတို့စွန်းထင်းမသွားဖို့ရာ ထိန်းချုပ်ရသည်။

အတ္တကြီးချင်၏..။

ခလုတ်မထိ ဆူးမငြိဖို့ဆုတောင်းမည့်အစား ခလုတ်တိုက်သည့်အခါ သူ့ကိုသာ သတိတရနှင့် တ,စေချင်တော့သည်။

Bin's Thoon🍵
1516 words
15 Feb 2023
____________________

Crush ဆီကကျိန်ဆဲခံရင်တောင် သျှိုးလို ပြန်ဖလစ်တတ်ပါစေနော် 🤭


You are reading the story above: TeenFic.Net