ယှဉ်ပြိုင်ပွဲကြီးပြီးဆုံးပြီးနောက်တွင် အနိုင်ရရှိခဲ့သောလူအရေအတွက်များသည့် အဖွဲ့များအား အသီးသီးတာဝန်ပေးအပ်ခြင်းပြုလုပ်ကြလေ့ရှိသည်။
ရုံးခန်းတစ်ခုတွင်တော့ ဒေါ်ဒေါ်မှူးနှင့်မစ္စတာဝှိုက်တို့အဖွဲ့တစ်ဖွဲ့အားစေခေါ်၍ မစ်ရှင်တစ်ခုကိုပြုလုပ်ရန် ဆွေးနွေးနေကြလျက်ရှိသည်။ထိုအဖွဲ့သည် တခြားမဟုတ်။တန်းခွဲ(၆)မှ ရှန်လွန်းတာရာတို့အဖွဲ့ပင်။
"ဗျာ...ဘာပန်း"
နားရှုပ်သွားဟန်တူသည့် ထရစ်ဇ်က ကျယ်လောင်သောအသံဖြင့် ထပ်မေးလိုက်သည်။
"သုံးရောင်ခြည်ပန်း"
မစ္စတာဝှိုက်ကစိတ်ရှည်ရှည်ဖြင့်ဆက်လက်ရှင်းပြသည်။
"တစ်နေ့တာလုံးမှာ မနက် ၊နေ့လည်၊ည ရောက်တိုင်း
အရောင်တစ်မျိုးစီပြောင်းလေ့ရှိတယ်၊ဒါကြောင့်ပဲ သူ့ကိုသုံးရောင်ခြည်ပန်းလို့ခေါ်ကြတာ"
ထိုအခါဒေါ်ဒေါ်မှူးကလည်းစကားဝိုင်းထဲဝင်၍....
"တို့ကျောင်းတော်ကြီးဟာ စကြာဝဠာရဲ့စွမ်းအင်ကိုမှီခိုပြီးဖြစ်တည်လာတာ၊အဲ့ဒီပန်းက ဒေါ်ဒေါ်မှူးတို့ မှီခိုနေရတဲ့စကြာဝဠာနဲ့ဆက်နွယ်ပြီးပေါက်ရောက်တဲ့ပန်းပဲ......နှစ်ပေါင်း(၅၀၀)မှတစ်ကြိမ်သာပေါက်တဲ့ ဒဏ္ဍာရီလာပန်းတစ်မျိုး"
"ဗျာ....နှစ်(၅၀၀)တောင်"
"ဟုတ်တယ် ထရစ်ဇ်"
မစ္စတာဝှိုက်ကဆက်လက်ရှင်းပြ၏။
"နှစ်ပေါင်း(၅၀၀)မှပေါက်တဲ့ပန်း ပြီးတော့တစ်ပွင့်တည်း..."
မစ္စတာဝှိုက်၏စကားကို ထရစ်ဇ်တင်မက တစ်ဖွဲ့လုံးကပါ အံ့အားသင့်မှုများနှင့်အတူစိတ်ဝင်တစားနားထောင်နေကြသည်။
"ကျိန်းသေပေါက်အဲ့မှော်ဝင်ပန်းကို ငါတို့ကျောင်းတော်က ရကိုရမှဖြစ်မယ်...တခြားအဖွဲ့တွေကိုဒီမစ်ရှင်မပေးပဲ...မင်းတို့အဖွဲ့ကိုပေးရတာက ရှန်လွန်းတာရာကြောင့်ပဲ"
ရှန့်မျက်လုံးအိမ်များကအနည်းငယ်ကျယ်ဝန်းသွားသည်။အံ့ဩမှုကသူ့မျက်နှာပေါ်တွင်အထင်းသား။
"ဒီပန်းကသူ့သခင်ကိုစောင့်နေတယ်"
မစ္စတာဝှိုက်က ရှန့်ဘက်ကိုလှည့်ကြည့်ကာ..
"ရှန်လွန်းတာရာ...မင်းကသူ့သခင်ပဲ မင်းအသက်(၁၈)နှစ်ပြည့်သွားတဲ့နေ့က သူစတင်ဖူးပွင့်လာတဲ့နေ့လို့ပြောရမယ်၊အခုတော့ဒီလောက်ထိပဲဆရာပြောပြထားပါရစေ"
မစ္စတာဝှိုက်က ဆက်ပြောသည်။
"ရှန်...မင်းသိထားဖို့က မင်းကဒီကျောင်းတော်မှာတင်မက ဒီနယ်မြေဖြစ်တည်လာမှုရင်းမြစ်ရဲ့ အဓိကအရေးပါ အရာရောက်တဲ့သူပဲ"
တစ်ဖွဲ့လုံးအံ့ဩပြီးရင်းအံ့ဩနေကြသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
"ဒီပန်းကိုသွားယူဖို့မင်းတို့သိထားရမဲ့အချက်တွေရှိတယ်၊ဒါကသူ့ရဲ့မြေပုံပဲ"
မစ္စတာဝှိုက်က လက်ထဲရှိသားရေပြားနှင့်ပတ်ထားတဲ့ အလိပ်လေးကို ထရစ်ဇ်သို့ကမ်းပေးလိုက်သည်။
"သူ့ရဲ့တည်နေရာက နတ်ဆိုးလောကရဲ့အဝင်လမ်းနားမှာဖြစ်တဲ့အတွက် အစစအရာရာသတိဝီရိယရှိစေချင်တယ်၊ပြီးတော့ ဒါကသူ့ရဲ့ပုံကြမ်း.."
အညိုရောင်စာလိပ်ပန်းချီလေးကိုတော့ ရှန့်ကိုပေးလိုက်၏။ရှန်က ထိုပန်းချီလိပ်အား ဖြန့်ကြည့်လိုက်ရာ ဘေးနားရှိ ဂျူးဂျူးနှင့်ချယ်ရီကပါ လာဝင်ကြည့်လေသည်။ထရစ်ဇ်ကလည်း စပ်စုချင်စိတ်ဖြင့် သူ့အရပ်ရှည်ရှည်ကြီးနှင့် အတင်းတိုးကာ...
"နင်ဖယ်စမ်းပါ..."
ဂျူးဂျူးက ထရစ်ဇ်ကိုပြောရင်းတွန်းဖယ်လိုက်၏။
"ငါ့ကိုလည်းပြဦးလေဟ...."
"တစ်နေ့ကိုသုံးရောင်ပြောင်းတတ်တယ်ဆိုပေမဲ့..သူ့ရဲ့မူလအရောင်ဟာ များသောအားဖြင့် ခရမ်းနုရောင်ဘက်သန်းနေတတ်တယ်၊အလယ်ဗဟိုဝတ်ဆံကတော့ တောက်ပပြီး အပြာရောင်လင်းနေတတ်တယ်"
"ဒီလိုမှော်ဝင်ပန်းမျိုးက မင်းတို့မျက်စိကိုလှည့်စားနိုင်လောက်အောင် မာယာများတဲ့အကာအကွယ်တွေနဲ့ကာရံထားမှာဘဲ၊တစ်ခုရှိတာက အဲ့ဒီသုံးရောင်ခြည်ပန်းဟာ သခင်ရဲ့သွေးနဲ့ထိရင်တော့ ရုပ်လုံးအစစ်အမှန်ပေါ်ပြီး သေချာပေါက် သခင့်လက်ထဲတန်းတန်းမတ်မတ်ရောက်လာလိမ့်မယ်"
"ဒီသုံးရောင်ခြည်ပန်းက နှစ်ပေါင်း(၅၀၀)မှစကြာဝဠာရဲ့စွမ်းအင်နဲ့ ပွင့်လာတာဖြစ်လို့ သူ့ထဲမှာခန့်မှန်းကြည့်လို့တောင်မရနိုင်တဲ့ များစွာသောအမြုတေတွေကိန်းအောင်းနေတယ်၊ဒါကြောင့်ပဲ သူ့ကို လိုချင်တဲ့သူတွေကလည်းအင်မတန်များတယ်ဆိုပေမဲ့...."
မစ္စတာဝှိုက်က နှုတ်ခမ်းကိုကွေးညွတ်နေအောင်ပြုံးလိုက်ရင်း....
"ဒီပန်းက ဆရာတို့ကျောင်းတော်၊ဆရာတို့နယ်မြေနဲ့သက်ဆိုင်တဲ့ပန်းဖြစ်နေတော့ သူ့သခင်ကလွဲပြီး ဘယ်သူမှတော့ တော်ရုံရနိုင်မှာမဟုတ်ဘူး၊ဒါပေမဲ့လည်း ထပ်ပြောမယ်...ဘာတွေပဲဖြစ်နေပါစေ ဒီပန်းကို ဆရာတို့ကျောင်းတော်က သေချာပေါက် ရကိုရမှဖြစ်မယ်၊အထူးသဖြင့် ရှန်လွန်းတာရာလက်ထဲ"
"ဟုတ်ကဲ့ပါ.."
"ဟုတ်ကဲ့မစ္စတာဝှိုက်"
ရှန်အပါအဝင် တစ်ဖွဲ့လုံးက ညီညီညွတ်ညွတ် ပြန်ဖြေကြားကြသည်။တစ်ဆက်တည်းမှာပင် မစ္စတာဝှိုက်က စားပွဲပေါ်တွင် တင်ထားသော သေတ္တာအသေးလေးတစ်လုံးကို ယူကာ...
"သုံးရောင်ခြည်ပန်းကို ရလာတာနဲ့ ဒီသေတ္တာထဲထည့်ယူလာခဲ့ပါ၊ဒီသေတ္တာက ဇာမဏီရဲ့ကျောရိုးနဲ့စီရင်ပြုလုပ်ထားတာဖြစ်လို့ ဘယ်တော့မှညှိုးသွားစေမှာမဟုတ်ဘူး"
မစ္စတာဝှိုက်က ပြောပြီးတာနှင့် သေတ္တာကို နေအဂ္ဂဆီသို့ လှမ်းပေးလိုက်သည်။
"ဒါဆို ကျွန်တော်တို့ဘယ်အချိန်စထွက်ရမလဲ"
နေအဂ္ဂက မစ္စတာဝှိုက်အားကြည့်ကာမေးလိုက်သည်။
"မနက်ဖြန်"
"မြန်လိုက်တာဗျာ...မနေ့ကမှပြိုင်ပွဲကြီးပြီးထားတာကို"
အထွန့်တက်၍ညည်းညူနေသော ထရစ်ဇ်အား...
"ဆရာသိပါတယ်၊ဒါပေမဲ့ ဒီတာဝန်ကအရေးကြီးတာမို့ဒီထက်ပိုပြီး နှောင့်နှေးလို့မကောင်းဘူး"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်ကား ည(၁၁)နာရီခန့်ရှိလေပြီ။ရှန်တို့အိပ်ခန်းထဲမှနေ၍ မှန်ပြတင်းပေါက်အရှည်ကြီးအား လှမ်းကြည့်လျှင် ဝိုင်းစက်နေသောလဝန်းကြီးကို ကောင်းကောင်းမြင်ရသည်။စောင်ကိုခါးတစ်ဝက်အထိခြုံထားရင်း ခေါင်းအုံးကိုနောက်ဘက်မှာထားကာကျောမှီထားသည်။မျက်လုံးများက လမင်းကြီးအား ငေးကြည့်နေသော်လည်း တစ်စုံတစ်ခုကိုတွေးတောနေဟန်ပင်။
"ရှန်...မအိပ်သေးဘူးလား မနက်ဖြန် စောစောထရမှာနော်"
ဂျူးဂျူးက အခန်းထဲခြေဖော့နင်းကာဝင်လာရင်း သူမအိပ်ယာပေါ်သို့တက်ကာ ပြောသည်။ချယ်ရီကတော့ အိပ်နှင့်ချေပြီ။
"အိပ်တော့မှာပါ..."
ဂျူးဂျူး ကရှန့်မျက်နှာပေါ်ကရှုပ်ထွေးနေသည့်အမူအရာကိုရိပ်မိသွားဟန်တူသည်။
"ဘာတွေတွေးနေတာလဲ ရှန်"
"အခု ရှန်မြင်နေရတဲ့ လမင်းကြီးက မေမေတို့ဆီကကောင်းကင်မှာရော အတူတူပဲလားလို့တွေးနေတာ၊ဒါမှမဟုတ် ရှန်တို့ဆီက လမင်းကတစ်စင်း မေမေတို့ဆီမှာက တစ်စင်း အဲ့လိုများလားလို့"
"မေမေ့ကိုလွမ်းနေတာလား..."
ရှန်ကပြုံးကာ ခေါင်းလေးညိမ့်လျက် ဂျူးဂျူးမေးခွန်းကို အမူအရာဖြင့်သာ တုံ့ပြန်လိုက်သည်။
"ရှန်ရယ်...."
"ဒါပေမဲ့..ရပါတယ်..ရှန်တဖြည်းဖြည်းကျင့်သားရသွားမှာပါ"
ချယ်ရီကတော့ အအိပ်မက်သူပီပီ အိပ်ယာပေါ်တွင်ခြေပစ်လက်ပစ်ဖြင့် အိပ်မောကျနေလေသည်။သူမကိုဆင်နင်းရင်တောင်နိုးမည့်ပုံမပေါ်ပေ။
"ဪ...ဒါနဲ့ ရှန်...မနက်ဖြန်သွားမဲ့လမ်းခရီးကအန္တရာယ်များနိုင်တယ်၊နတ်ဆိုးလောကအဝင်နားထိခရီးဆက်ရမှာဆိုတော့လေ ပြောလို့မရဘူး နတ်ဆိုးတစ်ကောင်ကောင်နဲ့တွေ့ရင်တွေ့မှာ အဲ့ဒါကြောင့်ငါတို့နားကတစ်ဖဝါးမှမခွာနဲ့နော်...ကြားလား"
"အင်းပါ..ဂျူးဂျူးရဲ့"
"ပြီးတော့နေအဂ္ဂ... သူကနတ်ဆိုးတွေထက်ပိုဆိုးရင်ဆိုးနေမှာ၊ရှန့်ကိုစိတ်ပူတယ်၊သူ့ပုံစံကအရင်ကဒီလိုမဟုတ်ဘူး၊ရှန်ရောက်လာမှသာပြောင်းလဲနေတာ၊မစ္စတာဝှိုက်ပြောတဲ့အတိုင်းဆို ရှန်ကတော်တော်ထူးခြားတဲ့မိန်းကလေး၊အဲ့ဒါကြောင့်တစ်ခုခုလိုချင်လို့လာချဉ်းကပ်နေတာပဲဖြစ်ရမယ်"
"အဲ့လိုလည်းမဟုတ်လောက်ပါဘူး၊နေအဂ္ဂကသဘောကောင်းရှာပါတယ်၊သူနဲ့မနေ့ကစကားပြောကြည့်တာတော့သိပ်မဆိုးရှာပါဘူး၊ရှန်အစားမစားနိုင်တာတောင် သူကခွံ့ကျွေးသေးတယ်"
"ဟမ်...ခွံ့ကျွေးတယ်..အဲ့လူ့ဂွစာကလေ"
ဂျူးဂျူးက သူမမေးစေ့ကိုအသာပွတ်ရင်း တစ်ခုခုကိုတွေးကြံဆနေပုံပင်။ထိုအရာကိုကြည့်၍ သူမက ထရစ်ဇ်နှင့်အတော်တူတာပဲဟု ရှန်စိတ်ထဲတွင်မှတ်ချက်ပေးမိသည်။
"ဒီလိုဆိုရင် ငါထင်တာတော့မှန်နေပြီ..."
"ဘာတွေထင်နေတာတုန်း.."
"သူ ရှန့်ဆီကတစ်ခုခုလိုချင်လို့ လာချဉ်းကပ်တာ အဲ့ဒါမှမဟုတ်ရင်"
"မဟုတ်ရင် ဘာလဲဟင်"
"ရှန့်ကိုကြိုက်နေလို့"
"အာ.....မဖြစ်နိုင်တာ.."
"ဘာလို့မဖြစ်နိုင်ရမှာလဲ...ရှန်ကဒီလောက်လှတာကို"
"ဒါပေမဲ့..."
"အင်း..ကြိုက်တာကတော့ထားပါ၊လူတစ်ယောက်ကို တစ်ယောက်ကချစ်မိတယ်ဆိုတာ အပြင်လူတွေဝင်ထိန်းချုပ်လို့ရတဲ့ကိစ္စမှမဟုတ်ဘဲ"
သူမစကားကြောင့် ရှန်အနေရခက်နေသည်။'မသေချာမရေရာဘဲ ပြောနေပြန်ပြီ' ဟုစိတ်ထဲမှလည်း တွေးလိုက်၏။
"ဒါပေမဲ့ ရှန့်ကိုအသုံးချဖို့ ချဥ်းကပ်တာမျိုးဆိုရင်တော့ပြသာနာရှိသွားပြီ၊ဒီကောင့်ကိုခွင့်မလွှတ်ဘူး"
"အာ..ကဲပါဂျူးဂျူးရယ်....အဲ့ဒါတွေထားလိုက်ပါ၊အခုတော့အိပ်ကြရအောင်နော်"
"ငါက ငါ့သူငယ်ချင်းကိုစိတ်ပူလို့ပြောနေတာကို"
"ဟုတ်ပါပြီ..ရှန်သိပါတယ်..အဲ့ဒါကြောင့်ပဲချစ်နေရတာ"
ထိုစကားကြားမှ ဂျူးဂျူးက ကျေနပ်သွားသည့်အမူအရာဖြင့် အိပ်ဖို့ပြင်သည်။ရှန်ကခေါင်းအုံးပေါ်လှဲအိပ်လိုက်ရင်း ဂျူးဂျူးပြောခဲ့သည့်စကားများကိုပြန်တွေးမိသည်။
"ရှန့်ကိုကြိုက်နေလို့.."
သူမခေါင်းကိုအသာခါယမ်းလိုက်သည်။ထိုစကားသာတကယ်ဆိုလျှင် ဟူသည့်အတွေးက သူမခေါင်းထဲ တဝဲလည်လည်။ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နေအဂ္ဂ ဆိုသည့်နာမည်ကတော့ သူမရင်ထဲတဖြည်းဖြည်းနေရာယူနေသည်မဟုတ်ပါလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှန်တို့မနက်(၅)နာရီကတည်းက ထကြရသည်။မနက်စာအမြန်စား၍ညကတည်းကအဆင်သင့်ထုပ်ပိုးထားသည့် လွယ်အိတ်များယူကာခရီးစထွက်ကြသည်။
နံနက်(၉)နာရီပင်ရှိပြီ။
"အား...မရတော့ဘူးဟေး..."
သုံးနာရီတိုင်တိုင် မရပ်မနား ခြေကျင်လျှောက်လာသောကြောင့်တစ်ဖွဲ့လုံးမောဟိုက်နေကြသည့်ကြားထဲမှ ချယ်ရီကမနေနိုင်တော့သည့်အဆုံးထပြော၏။
"ငါ....ငါမလျှောက်နိုင်တော့ဘူး...မောနေပြီ...အသက်ထွက်တော့မယ်ထင်တယ်"
သူမက ရင်ဘတ်ကိုဖိထားရင်း အမောတကောဖြင့်ပြောရှာသည်။
"အဲ့ဒါဆိုလည်း...ခနနားကြတာပေါ့..ဟိုးရှေ့နားက တောင်ကုန်းငယ်လေးလားလို့...ကြည့်ရတာလေလည်းတိုက်မဲ့ပုံဘဲ၊အဲ့ဒီကိုခနသွားနားရအောင်"
ထရစ်ဇ်အကြံပေးမှုကို တစ်ဖွဲ့လုံးထောက်ခံကြသည်။မိမိတို့ယူဆောင်လာသော လွယ်အိတ်များချကြ၍ ထိုတောင်ကုန်းငယ်တွင်ခေတ္တအနားယူကြလေသည်။
မြက်ခင်းစိမ်းများက ထိုနေရာအနှံ့ပေါက်ရောက်နေသည်။တောင်ကုန်းငယ်မှ ဖြေးဖြေးချင်းဆင်းသွားလျှင် အနည်းငယ်နိမ့်သည့်ချိုင့်ဝှမ်းတစ်ခုကိုတွေ့ရသည်။ထိုချိုင့်ဝှမ်း၏ခပ်လှမ်းလှမ်းတွင်တော့ နှင်းဆီပန်းများအနှံ့ပေါက်ရောက်နေသောနှင်းဆီခင်းကြီးပင်ရှိသည်။
အထုပ်များချ၍နားဖို့ဟန်ပြင်နေသော ဂျူးဂျူးက
ထိုအရာအားလှမ်းမြင်သည်နှင့်...
"ဟယ်......ဟိုမှာနှင်းဆီခင်းကြီးပါလား..."
ဂျူးဂျူး၏စကားကြောင့် စောစောကအသံပင်မထွက်နိုင်သောချယ်ရီကပါ ချက်ချင်းပင်တက်ကြွလာ၏။
"သွားခူးရအောင်..ဂျူးဂျူး"
"အေးဟယ်..လှလိုက်တာ...ရှန်လွန်း လာခဲ့လေ"
ဂျူးဂျူးက မြက်ခင်းပြင်တွင်ထိုင်နားနေသော ရှန့်ကိုလည်းလှမ်းခေါ်သည်။
"ရှန်မလိုက်တော့ဘူး နားချင်လို့"
"အင်းအင်း ...ဒါဆိုငါတို့သွားပြီနော်"
ဂျူးဂျူးနှင့်ချယ်ရီတို့ ဖြည်းဖြည်းချင်းအောက်ခြေသို့ဆင်း၍နှင်းဆီခင်းကြီးဆီသို့ဦးတည်သွားကြ၏။
ထရစ်ဇ်ကလည်း ကျောပိုးထားသောအိတ်ကိုချကာ ထိုတောင်ကုန်းငယ်ရှိ သစ်ပင်အောက်၌ပင်မှီ၍နားနေသည်။ထို့နောက်ဂျူးဂျုူးတို့နှစ်ယောက်ကိုလှမ်းကြည့်ရင်း သက်ပြင်းခပ်ပါးပါးချလိုက်ရာ...
"အမလေး...မိန်းကလေးတွေများ...ငါ့ဟာငါအိပ်တာပဲကောင်းတယ်"
ရှန်ကတော့ထိုတောင်ကုန်းထိပ်တွင် ထိုင်နားနေလေသည်။သူမမျက်နှာမှာ မသာမယာပင်။အားလုံးထဲတွင် နေအဂ္ဂတစ်ယောက်သာ သူမမျက်နှာအမူအရာအား ရိပ်စားမိ၏။သူမအနားလာထိုင်ကာ....
"ရှန်....."
သူမက နေအဂ္ဂအားမော့ကြည့်မိသည်။
"ဘာတွေတွေးနေတာလဲ...မျက်နှာလည်းမကောင်းဘူး"
"ဒီတိုင်းပါပဲ၊လမ်းလျှောက်လာရတာအကြာကြီးပဲလေ"
"ဟိုနှစ်ယောက်တောင်...နှင်းဆီပန်းတွေသွားခူးနေကြတာ၊ရှန်ရောမသွားဘူးလား"
သူမကခေါင်းလေးခါရင်းပြောသည်။
"ဟင့်အင်း"
"မိန်းကလေးတွေကနှင်းဆီပန်းကြိုက်ကြတယ်ထင်တာ...ရှန်ကမကြိုက်ဘူးပဲ"
"မဟုတ်ပါဘူးကြိုက်ပါတယ်...အခုက"
"အခုကဘာဖြစ်လို့လဲ..."
ရှန်ကသူမ၏ခြေထောက်ကိုကိုင်လိုက်သည်။
"လမ်းလျှောက်လာတာ ခုနကခြေကျင်းဝတ်လိမ်သွားလားမသိဘူး..ယောင်နေသလိုခံစားရလို့"
"ဘာ....ပြကြည့်....ခြေထောက်"
သူကပြောရင်း ရှန့်ခြေထောက်ကိုရုတ်တရက်ဆွဲကိုင်လိုက်သည်။
"ဟယ်..နေအဂ္ဂ...မလုပ်ပါနဲ့"
"ပြပါ....ကိုယ်ကြည့်ပေးမယ်"
"ပျောက်သွားမှာပါ...ခနနားလိုက်ရင်"
သူကရှန့်ခြေကျင်းဝတ်ကိုသေသေချာချာကြည့်ပေးနေသည်။ဖြူဖြူသွယ်သွယ် ခြေထောက်လေးမှာရောင်ကိုင်းလို့ပင်။
"ဘာလို့မပြောတာလဲ..တစ်ယောက်တည်းကြိတ်ခံမလို့လား"
သူ့လေသံက အနည်းငယ်ဒေါသထွက်နေပုံပေါက်နေသဖြင့် ရှန်လန့်သွား၏။
"ရှန့်ကြောင့် အကုန်လုံးဝန်ထုပ်ဝန်ပိုးဖြစ်ပြီး လမ်းခရီးနှောင့်နှေးမှာစိုးလို့ပါ"
"အဲ့လိုကြိတ်ခံမှ ပိုနှောင့်နှေးမှာ.."
ဘာရယ်မဟုတ် နေအဂ္ဂတစ်ယောက် သူမကိုဆူနေသည်ဟု ရှန်ခံစားနေရသည်။သူက အိတ်ထဲမှအရံသင့်ဆောင်ထားသော ဆေးပုလင်းလေးကိုဖွင့်ကာလိမ်းပေး၏။ထို့နောက်ပန်းထိုးထားသောလက်ကိုင်ပုဝါအဖြူလေးကို ခြေကျင်းဝတ်၌သေသေချာချာစီးပေးလိုက်သည်။
ရှန် မျက်လုံးအဝိုင်းသားလေးဖြစ်သွားသည်။အံ့ဩမှုနှင့်အတူကြည်နူးမှုက သူမရင်ထဲတစ်ပြိုင်တည်းဝင်ရောက်လာသည်။
သူမက ထိုလက်ကိုင်ပုဝါလေးအား သေချာစိုက်ကြည့်နေသဖြင့်...
"ရှန်ပေးထားတာလေ"
"ရှိသေးတယ်တဲ့လား...ရှန်ကလွှတ်ပစ်လိုက်ပြီတောင်ထင်နေတာ"
"မလွှတ်ပစ်ပါဘူး...ကိုယ်သိမ်းထားတာ၊ပြန်ပေးဖို့မေ့နေလို့"
သူမမျက်နှာတွင်အပြုံးရိပ်လေးသန်းသွားသည်။
"ရပြီ...ပိုဆိုးလာရင်ကိုယ့်ကိုပြော...တစ်ယောက်တည်းကြိတ်မခံနဲ့"
"ဟုတ်.....ကျေးဇူးပါ နေအဂ္ဂ"
တောင်လေဟာညင်ညင်သာသာပဲတိုက်ခတ်နေသည်။သူမမျက်နှာကို တိုးဝေ့သွားသည့်လေပြေများအား ရှန်ကမျက်လုံးများမှိတ်ထားကာ သေချာခံစားနေ၏။
သူမမျက်နှာလေးမှာ ခုနကနှင့်မတူ ပို၍ကြည်လင်လာသည်။ခြေထောက်နာနေသည့်အရှိန်များ လျော့နည်းလာသောကြောင့်ဖြစ်မည်။
အောက်ဘက်ကနှင်းဆီခင်းကြီးတွင်မူ မိန်းကလေးနှစ်ယောက် စိတ်တိုင်းကျနှင်းဆီများခူးရ၍ပျော်မြူးနေကြသည်။တောင်ကုန်းထိပ်နားက သစ်ပင်ကြီးအောက်တွင်တော့ နဖူးပေါ်လက်တင်ရင်း အနားယူနေသူမှာထရစ်ဇ်။
ရှူခင်းကိုအာရုံရောက်နေသော နေအဂ္ဂ၏အကြည့်များကနံဘေးရှိရှန့်ဆီသို့ ရုတ်တရက်ရောက်သွားသည်။
မိုးပြာရောင် ဂါဝန်ရှည်လေးမှာ လေညင်းကြောင့်တလွင့်လွင့်။ခါးထိရှည်လျားသော ထူထူထဲထဲ ဆံနွယ်ခွေခွေလေးများကိုလည်း လေညင်းကတိုးဝေ့ဆော့ကစားနေပြန်သည်။
နေအဂ္ဂ သူမကိုယခုမှအနီးကပ်သေချာကြည့်မိသည်။
ဖြူနုနေသော သူမအသားအရေမှာ နေရောင်အောက်တွင်ခပ်ဝင်းဝင်းဖြစ်လို့နေသည်။ကော့ညွတ်နေတဲ့မျက်တောင်ရှည်များနှင့်ကွေးညွတ်နေသည့်နှုတ်ခမ်းပါးလေးမှာလည်းပန်းရောင်လေးသန်းနေသည်။နှုတ်ခမ်းဆိုးဆေးပင်ဆိုးထားရဲ့လားဟု သူတွေးမိ၏။
ပထမဆုံးအနေနှင့် မိန်းကလေးတစ်ယောက်အား လှသည်ဟု သူ့မသိစိတ်ထဲတွင် အလိုလိုမှတ်ချက်ပေးမိသည်။
ထိုမြင်ကွင်းအား အနောက်ဘက်ရှိသစ်ပင်၌မှီနေသောထရစ်ဇ်ကမျက်လုံးတစ်ဖက်ကိုဖွင့်ကြည့်ကာ စူးစမ်းကြည့်နေသည်။
အောက်ဘက်ရှိနှင်းဆီခင်းကြီးတွင်လည်း ချယ်ရီကသူမ မြင်သောအရာကို ဘေးနားရှိဂျူးဂျူးအားလက်တို့ကာ မေးငေါ့ပြလိုက်၏။
မိမိကိုယ်ကိုသတိမထားမိသော်လည်း အခြားသူများကပင် နေအဂ္ဂ၏ခံစားချက်များကို သတိပြုမိနေလေသည်။
ရှန်တစ်ယောက် လေညင်းခံလို့ဝပြီဖြစ်သဖြင့်မျက်လုံးများဖွင့်လိုက်သည်။ဘယ်အချိန်ကတည်းကပင် သူမကိုစိုက်ကြည့်နေမှန်းမသိသော နေအဂ္ဂနှင့်မျက်လုံးချင်းဆုံမိသွားလေသည်။သူမ ထိုအမျိုးသားနှင့်မျက်လုံးချင်းဆုံမိသည်မှာအကြိမ်ပေါင်းမနည်းတော့ချေ။
သူမက ရုတ်တရက်ကြည့်လာသောအခါမှာတော့ နေအဂ္ဂ သူခိုးလူမိသလို ဖြစ်သွားရသည်။မျက်နှာလွှဲသင့်နေပြီဆိုတာ သူသိသော်လည်း ထိုမျက်ဝန်းတွေအောက်က ရုန်းထွက်လို့မရပေ။သူမရဲ့ အကြည့်များက သူ့ကိုအတော်လေးဆွဲငင်နေ၏။
ထိုစဉ် ဂျူးဂျူးနှင့်ချယ်ရီတို့မှအပေါ်တက်လာ၍
"ကဲကဲ..နားလို့ဝရင်သွားကြမယ်"
"ဟုတ်တယ်..ကြည့်လို့ဝရင်လည်းသွားကြမယ်ဟေ့"
ထိုအခါမှ နှစ်ယောက်သား ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲကြကာ အမူအရာပျက်နေလေ၏။ရှန်က သူမရဲ့ပါးနှစ်ဖက်နီရဲနေသည်ကို မျက်နှာလွှဲလျက် ဖုံးကွယ်ဖို့ကြိုးစားသည်။နေအဂ္ဂမှအိုးမလုံအုံပွင့် ဖြစ်ကာ
"ဘာကိုကြည့်လို့ဝတာလဲ"
"ဪ...ရှူခင်းလေ..ရှူခင်းကိုပြောတာ..ဘာထင်လို့လဲ"
ဂျူးဂျူး၏ငေါ့တော့တော့အပြောအဆိုကို မသိချင်ယောင်ဆောင်၍ ချောင်းတစ်ချက်ဟန့်လိုက်သည်။ထိုနေရာမှထကာ မိမိအိတ်ကိုကောက်လွယ်၍ခရီးဆက်ဖို့ဟန်ပြင်လေသည်။
လမ်းခရီးဆက်၍(၁)နာရီခန့်ကြာသော် လမ်းလျှောက်နေရင်း ရှန့်ခြေထောက်ကထပ်ယောင်လာသည်ထင်ရ၏။ထော့နဲ့ထော့နဲ့ဖြစ်နေသော ရှန့်ကိုအနောက်ဘက်မှနေအဂ္ဂကသတိထားမိသွားသည်။သူမအနားကပ်လာကာ....
"ရှန်..ခြေထောက်ပိုဆိုးလာတာလား"
နေအဂ္ဂအသံကြောင့် ဂျူးဂျူးနှင့်ချယ်ရီက ရှန့်အားလှည့်ကြည့်မိသည်။
"ဟယ်..ရှန်လွန်းခြေထောက်ဘာဖြစ်လို့လဲ..မျက်နှာလည်းမကောင်းပါလား ချွေးတွေပါစို့လို့"
"ဘာမှမဖြစ်ပါဘူး..ဂျူးဂျူးရယ်..ခြေထောက်နည်းနည်းယောင်နေရုံပါ"
"ဘာလို့ဘာမှမဖြစ်ရမှာလဲ..လာလာ....ဆေးလိမ်းရအောင်"
"ငါခုနက လိမ်းပေးထားတယ်"
နေအဂ္ဂကဖြတ်ပြောလိုက်သည်။ထို့နောက် ရှန့်ကိုကြည့်ကာ...
"ခြေထောက်ကလမ်းလျှောက်လို့အဆင်ပြေသေးလား"
စကားဆုံးသည်နှင့် သူကရှန့်အဖြေကိုမစောင့်ဘဲ အောက်နည်းနည်းနှိမ့်လိုက်ရာ ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်၏။
"တက်လိုက်"
"ဟင်"
ရှန်တင်မက ဂျူးဂျူးတို့ပါ အံ့ဩတကြီးဖြစ်ကုန်သည်။
"ဟယ်...နေအဂ္ဂ နင်မလုပ်စဖူးဘာတွေ"
သူမစကားမဆုံးသေးခင် ချယ်ရီကအနောက်မှ အသာလှမ်းကုတ်လိုက်ကာ...
"ဟဲ့..ဂျူးဂျူးအခုကဒါတွေပြောရမဲ့အချိန်မဟုတ်ဘူး
ရှန့်ခြေထောက်က ပိုအရေးကြီးတယ်"
"ဪ..အော်...အေး.....ရှန်လွန်း...တက်ရင်တက်လိုက် ခရီးကအဝေးကြီးဆက်ရအုန်းမှာ..ခြေထောက်ပိုဆိုးလာလိမ့်မယ်"
အားလုံးကတက်ခိုင်းနေသဖြင့် ရှန်ဆက်အားနာနေလည်းမထူးတော့ချေ။နေအဂ္ဂ ဂုတ်ပိုးကိုသိုင်းဖက်လိုက်ကာ သူ၏နောက်ကျောပေါ်တက်လိုက်၏။
"နေအဂ္ဂ..."
အသံတိုးတိုးလေးက နေအဂ္ဂနားထဲသို့ဝင်ရောက်လာသည်။
"ရှန့်ကိုကျောပိုးရတာ မောလာရင်ပြောနော်"
သူ့ရဲ့ဘယ်ဖက်နားရွက်တွင် အပူရှိန်လေးရိပ်ခနဲဖြစ်သွားသည်ကိုခံစားလိုက်ရသည်။ရှန့်နှုတ်ခမ်းတွေက သူ့နားနှင့်များကပ်လာသလားဟု သူတွေးမိလေသည်။စိတ်လှုပ်ရှားနေသဖြင့် အသံကိုမတုန်အောင်ပင် မနည်းထိန်းလိုက်ရသည်။
"အင်း..အင်းပါ"
To be continued....
Rena GG
You are reading the story above: TeenFic.Net