အပိုင်း၁၄
လမ်းပေါ်ရှိဈေးက စည်ကားသော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်မနေချေ။ မြေပြင်ကလည်း သန့်ရှင်းသပ်ရပ်နေသည်။ မင်းသားဟယ်က တည်ငြိမ်သောမျက်နှာနှင့် အစောင့်များထက် ပို၍နီးကပ်သောအနေအထားမျိုးနှင့်အတူ အနားတွင်ရပ်နေသည်။
“အရှင်မင်းကြီးက ဘယ်နေရာကိုသွားချင်တာပါလဲ”
“ကျန်းကသာ မှတ်မိတာမှန်မယ်ဆိုရင် မင်းမှာလည်း မြို့တော်ရဲ့စိုက်ပျိုးမြေဧက အချို့ပိုင်ဆိုင်ထားတဲ့ပုံပဲ၊ ရေပူစမ်းရှိပြီး သီးပင်တွေနဲ့စားပင်တွေကို စိုက်ပျိုးထားတဲ့ ရွာငယ်တစ်ရွာတောင် ပိုင်ထားတယ်မဟုတ်လား”
ကုယွမ့်ပိုင်က ပြောသည်။
“အရင်ကဆိုရင် လုဖုန်းရဲ့အိမ်ကိုမိုးကျတော့ ကျန်းလည်း မင်းကို နွေဦးစံအိမ် ချီးမြှင့်ခဲ့တာကို မှတ်မိပါသေးတယ်”
မင်းသားဟယ်က တောင့်တင်းစွာပြောသည်။
“အဲ့ဒီစံအိမ်က မြို့နဲ့အလှမ်းကွာဝေးလွန်းလှပါတယ်၊ အရှင်မင်းကြီးက သွားချင်ရင်တောင်မှ ဒီနေ့ အဲ့ဒီကိုသွားဖို့ အလျဉ်းမသင့်မှာစိုးရိမ်မိပါတယ်”
ဧကရာဇ်ကို ကာကွယ်နေသောအစောင့်များကမူ လျှို့ဝှက်စွာဖြင့် မင်းသားဟယ်ကို စိုက်ကြည့်နေကြသည်။ ဧကရာဇ်က သူ့ကိုယ်စား သင်ခန်းစာကောင်းကောင်းပေးရန်၊ အမိန့်မြန်မြန်ထုတ်ရန်ပင် မျှော်လင့်နေမိကြသေးလေသည်။
အရှင်မင်းကြီးကို ဘယ်အကောင်ကများ ဒီလိုစကားမျိုးပြန်ပြောရဲတာလဲ
ကုယွမ့်ပိုင်၏မျက်နှာက မပြောင်းလဲချေ။ သူက အနောက်သို့ လက်ရမ်းပြလိုက်ရင်း အစောင့်နှင့် နန်းတွင်းအခြွေအရံများကို ချက်ချင်း ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွား စေရာ မြို့တော်မှ အဆင့်အတန်းအမြင့်ဆုံးသော တော်ဝင်ပုဂ္ဂိုလ်ကြီးနှစ်ယောက်ကို သီးသန့်စကားပြောရန် နေရာဖယ်ပေးလိုက်သည်
“မင်းသားဟယ်”
ကုယွမ့်ပိုင်က တဖြည်းဖြည်းချင်း ပြောလာသည်။
“ကျန်းက မင်းကို မျက်နှာသာပေးဖို့အတွက် မင်းက ကျန်းကို မျက်နှာသာ အရင်ပေးရမယ်”
မင်းသားဟယ်၏မျက်နှာက ပျက်ယွင်းနေသည်။ သူက တစ်ဖက်သူကို မတွန်းထုတ်မိအောင် ကိုယ့်ကိုယ်ကို ထိန်းထားရ၏။
“အရင်ကဆိုရင် ကျန်းက မင်းကို ကျန်းတို့ကို ကူညီဖို့တောင်းဆိုခဲ့တယ်၊ ဒီနည်းနဲ့ ကျန်းတို့ လုဖုန်းကို ရှင်းပစ်နိုင်ဖို့မျှော်လင့်ခဲ့တယ်”
ဧကရာဇ်က အလွန်ပေါ့ပါးလွန်းသောလေသံမျိုးဖြင့် ပြောနေခြင်းဖြစ်သည်။
“ဧကရာဇ်ရဲ့ဆွေမျိုးတွေက အင်အားကြီးတဲ့အရာရှိတွေရဲ့အရှေ့မှာ ဝပ်တွားခယဖို့ လိုအပ်နေသေးတယ်၊ မင်းရဲ့ကလန်နဲ့တော်ဝင်အာဏာက အချင်းချင်း ဆက်နွယ်နေပြီးသား၊ ကျန်းလည်းအားနည်းနေရင် မင်းလည်းအားနည်းမှာပဲ၊ မင်းက ဉာဏ်ကောင်းတဲ့လူလို့ထင်နေခဲ့တာ၊ မင်းက ဒီလောက်အထိရူးနေမယ်လို့ ကျန်း ဘယ်လိုများ တွေးထားမိမှာလဲ၊ အခု မင်းကို မြို့တော်မှာ ထိန်းထားတဲ့အတွက် မင်းက ကျန်းကို အပြစ်တင်နေလောက်တယ်၊ ဒါကြောင့် မင်းက နေ့ရောညပါ ပျော်ပျော်ပါးပါးနေနေရတဲ့ အနေအထားမျိုးဖြစ်သွားပြီ မဟုတ်လား၊ ကျန်း မေးပါရစေ အုံး၊ ကျန်းက မင်းကို အခွင့်အရေးပေးခဲ့တဲ့အချိန်တုန်းက မင်းက မဖမ်းဆုပ်ခဲ့တာ မဟုတ်ဘူးလား”
နဖူးတွင် အပြာရောင်သွေးကြောများ ထောင်တက်နေသော မင်းသားဟယ်က သူ့ကိုယ်သူထိန်းပြီး သွားကြားထဲမှလေသံဖြင့်ပြောသည်။
“ဒီမင်းသား ရောက်လာခဲ့တယ်”
“မင်းက နောက်ကျနေပြီလေ”
ကုယွမ့်ပိုင်က ဒေါသတကြီးအော်သည်။
“ကျန်းက သူ့ကိုသတ်ပြီးပြီ၊ အဲ့ဒီအချိန်မှ မင်းက ဘာလာလုပ်တာလဲ၊ ညစာတွေ အေးသွားတဲ့အထိ မင်းကိုစောင့်နေစေချင်တာလား”
မင်းသားဟယ်က ရုတ်တရက်အော်သံကြောင့် လန့်သွားပြီး ဟန်ချက်ပင် ပျက်သွားသည်။
ကုယွမ့်ပိုင်က အသက်ကို အလျင်အမြန်ရှူသည်။ အချိန်အတန်ကြာမှသာ သူက ပြန်လည်တည်ငြိမ်သွား၏။
“မင်းသားဟယ် အရင်ဧကရာဇ်က ကျန်းကို စကားအချို့ပြောပြီး သတိပေးခဲ့ဖူးတယ်၊ သူက မင်းအကြောင်းပြောခဲ့တာ၊ သူ ဘာပြောခဲ့လဲ မင်းသိလား”
မင်းသားဟယ်က အသက်ရှူသွင်းလိုက်ရင်း ကုယွမ့်ပိုင်ကို စူးရှစွာစိုက်ကြည့်လိုက် သည်။
“အရင်ဧကရာဇ်က ဘာမိန့်တာလဲ”
ကုယွမ့်ပိုင်၏ဖြူဖျော့သောနှုတ်ခမ်းမှ ထောင့်စွန်းများက ချက်ချင်းဆိုသလို ကော့တက်သွားသည်။ သူက ဩရှသောလေသံဖြင့်ပြော၏။
“ကျန်း မပြောပြဘူး”
မင်းသားဟယ် “…”
ထိုအခိုက် ဘန်းခနဲဆိုသောအသံနှင့်အတူ ကောင်းကင်တွင် ကျယ်လောင်သော စူညံသံက ရုတ်ချည်းဟိန်းထွက်လာသည်။
ကောင်းကင်က ချက်ချင်းမှိန်ကျလာသည်။ အလင်းက တစ်ဝက်ခန့်အထိ လျော့ကျသွား၏။ ရုတ်တရက်ဆိုသလို ထိန်လင်းလာမှု၏အနောက်တွင် အမှောင်ထုက ကြီးစိုးကပ်ပါလာသည်။ ထိုသို့ဖြင့် လေများလှိမ့်တိုက်လာသည်။
ထျန်းဖူရှန်းက အလန့်တကြား အပြေးလာသည်။
“အရှင်မင်းကြီး မိုးရွာတော့မှာပါ”
မိုးသက်မုန်တိုင်းမကျလာခင် လေပြင်းက ထိုးတိုက်လာပြီဖြစ်သည်။ ကုယွမ့်ပိုင်၏အဝတ်များနှင့်ဆံပင်များက လေတွင်လွင့်သွားသည်။ ဆံပင်မွှေးများက သူ၏မျက်နှာကို လာရိုက်ပြီး အမြင်ကိုကွယ်လိုက်သည်။ ကုယွမ့်ပိုင်က မျက်မှောင်ကြုတ်လိုက်ပြီး မြင်ကွင်းမှ ဆံပင်ကိုဖယ်သည်။
“ကျန်းရွှီ ကျန်းတို့ ဒီအနီးအနားက ဘယ်နေရာကိုမှာများ မိုးခိုနိုင်လောက်မလဲ”
ကျန်းရွှီကလည်း စိုးရိမ်စိတ်များနေသည်။ သူက ခါးမှဆေဘာကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ရင်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထိန်းနေသည်။
“ဧကရာဇ် ကျွန်တော်မျိုးတို့ အနီးဆုံးအနေနဲ့ ဗိုလ်ချုပ်ရွှယ်ရဲ့စံအိမ်ကို သွားနိုင်ပါတယ်၊ ကျွန်တော်တို့ ဗိုလ်ချုပ်ရွှယ်ရဲ့စံအိမ်မှာ မိုးခိုနိုင်လောက်ပါတယ်”
ရွှယ်စံအိမ် ဟုတ်လား
ကုယွမ့်ပိုင်က တစ်ခဏခန့်တွေးတောသည်။
“သွားရအောင် ကျန်းတို့ မိုးမရွာလာခင် အပြေးသွားရမယ်”
ဧကရာဇ်ကိုစောင့်ကြပ်ကာကွယ်ပေးနေသော အစောင့်များနှင့်အတူ သူတို့က မိုးမရွာလာခင် ရွှယ်စံအိမ်၏ဂိတ်ဝသို့ရောက်အောင် လာနိုင်ခဲ့သည်။
တံခါးစောင့်ဟာ မည်သူလာလည်ကြောင်း မေးမြန်းချင်ခဲ့သည်။ သူက ခပ်မြန်မြန်တစ်ချက်ကြည့်လိုက်သောအခါ ကုယွမ့်ပိုင်၏ခါးတွင်ရှိသော နဂါးပုံစံရှိသည့် ကျောက်စိမ်းတံဆိပ်ပြားကို မြင်လိုက်ပြီး သူ၏နှလုံးသားက ပေါက်ထွက်မတတ် ဖြစ်သွားပြီး သူ၏ခြေထောက်က ချက်ချင်းဆိုသလို ပျော့ခွေသွားပြီး မြေပြင်တွင် ဒူးထောက်ချလိုက်သည်။
“ဒီအရပ်သားက …”
ရွှယ်စံအိမ်တစ်ခုလုံး သတင်းတစ်ခုက တောမီးလောင်သလို ပျံ့နှံ့သွားသည်။ ဗိုလ်ချုပ်၏တိတ်ဆိတ်ငြိမ်သက်သော အိမ်တော်တစ်ခုလုံးက ရေနွေးကျိုထားသလို ပွက်ပွက်ဆူလာ၏။ လူငယ်အစေခံအချို့နှင့် ဗိုလ်ချုပ်ရွှယ်က စာကြည့်ဆောင်မှ စံအိမ်၏ဂိတ်ပေါက်သို့ ခပ်မြန်မြန်အပြေးထွက်လာသည်။ လမ်းတွင် ဖိအားများနေပုံရပြီး ဆံထိုးပင်စောင်းနေသည့် သခင်မရွှယ်နှင့် ဆုံတွေ့လေသည်။
“ဗိုလ်ချုပ် ဧကရာဇ် တကယ်ပဲ ဒီနေရာကိုကြွလာတာပါလား”
ဗိုလ်ချုပ်ရွှယ်က အရှိန်ကို နှေးကွေးခြင်းမရှိဘဲ ခေါင်းငြိမ့်လိုက်သည်။
“ငါ အခုပဲ ဧကရာဇ်ကို ကြိုဆိုဖို့ဂိတ်ဝကိုသွားလိုက်မယ်၊ အခု အခု မြန်မြန်ပြန်ပြီး မင်းရဲ့ပုံစံကိုပြင်စမ်းပါ၊ ပြီးရင် အမေ့ဆီသွားပြီး ဧကရာဇ်ရဲ့ရထားလုံးကို လာကြိုဖို့ အသင့်ပြင်ဆင်ထားလိုက်၊ ရှုပ်ထွေးတဲ့လူတွေနဲ့ ပုံစံမတူကြတဲ့အရာတွေ ဧကရာဇ်ရဲ့ရှေ့တော်မှောက်မှာ ပေါ်ထွက်လာလို့မရဘူး”
သခင်မရွှယ်က အလျင်စလိုခေါင်းငြိမ့်လိုက်ပြီး ခပ်မြန်မြန်လှမ်းကာ အတွင်းခြံဝန်းထံ ဦးတည်လိုက်သည်။ အစေခံတစ်ယောက်က သူမ၏လက်ကို ထိန်းကိုင်ပေးထားသည်။ သို့သော် ထိုအစေခံကမူ အမီလိုက်နိုင်အောင် မနည်းကြိုးစားလိုက်ရသည်။
သခင်မက ပုံမှန်ဆိုရင် ကြွကြွရွရွလေးလျှောက်တတ်တာပါ၊ အခု ဒီလိုမျိုးဖြစ်နေတာ သူ ထိန်းထားပေးဖို့တောင် လိုအပ်ပါ့မလား
သူမက သခင်မရဲ့အရှိန်နှုန်းကိုတောင် အမီလိုက်မလျှောက်နိုင်ပါဘူး
သခင်မရွှယ်က အတွင်းခြံဝန်းသို့ ခပ်မြန်မြန်ရောက်သွားသည်။ သခင်မကြီးရွှယ်ကလည်း သတင်းရထားပြီးသားဖြစ်သည်။ သူမ၏အနားရှိသူများ ကလည်း သူမ၏ဘွဲ့ထူးအမည်အတိုင်း သင့်တော်သော ဝတ်စုံများကိုလဲပေးနေကြသည်။ ထိုသို့ဖြင့် ရွှေရောင်ချည်ပန်းထိုးထားသော ဝတ်စုံတစ်ထပ်ပြီးတစ်ထပ် ဝတ်ဆင်ပြီးနောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို အနီရောင်ဝတ်စုံတစ်ခု ခြုံဝတ်လိုက်သည်။ အစေခံများက ပုံမှန်ကဲ့သို့ တက်တက်ကြွကြွမလှုပ်ရှားရဲကြချေ။
သခင်မကြီးရွှယ်၏ပုံစံက သွေးရောင်လွှမ်း
ပြီး ကျန်းမာရေးကောင်းမွန်ပုံပေါ်လေရာ ဆယ်ကျော်သက်တစ်ယောက်လို့ပင် ထင်ရသေးသည်။ သူမက ဝင်လာသော သခင်မရွှယ်ကို မြင်လိုက်သဖြင့် ပြုံးရယ်လိုက်ပြီး ချွေးမဖြစ်သူအား ဘေးဘက်သို့ လာစေသည်။
“ဟွေးနျန် ဒီမနက် သစ်ပင်ပေါ်မှာ ကျီးအာနေတာကို တို့ကြားခဲ့သေးတယ်၊ တို့ရဲ့ ဘယ်လိုသတင်းကောင်းများ ရောက်လာမလဲလို့ တွေးနေခဲ့တာ၊ မမျှော်လင့်ထားဘဲ ဒီလောက်ကြီးကြီးမားမား ကိစ္စကြီးဖြစ်လာတယ်၊ ဧကရာဇ်က တို့တွေရဲ့စံအိမ်ကို ကိုယ်တိုင်ကြွချီလာတာက ကောင်းမွန်တဲ့သတင်း မဟုတ်ပေးဘူးလား”
သခင်မရွှယ်ကလည်း သခင်မကြီးရွှယ်က တက်ကြွနေကြောင်းမြင်သောအခါ သူမကလည်း အင်အားများပြည့်ဝလာသလိုဖြစ်သွားသည်။
“သခင်မ ကျွန်မတို့တွေ စံအိမ်ကို ဘယ်လိုများစီစဉ်သင့်ပါသလဲ၊ ဧကရာဇ်က မိုးမိလို့ လာခိုတာဖြစ်နိုင်ပါတယ်၊ မိုးကသာ မရပ်တန့်ခဲ့ရင် အရှင်မင်းကြီးက ဒီစံအိမ်မှာ တစ်ညတာ တည်းခိုနိုင်ပါတယ်”
သခင်မကြီး၏မျက်နှာက ချက်ချင်းဆိုသလို တောင့်တင်းသွားသည်။ ထို့နောက် သခင်မရွှယ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အားအင်များကိုယူသည်။
“ဧကရာဇ်က တို့ရဲ့စံအိမ်မှာ တစ်ညတာ နေထိုင်ခြင်းရှိရှိမရှိရှိ ဟွေးနျန် မင်း တို့တွေရဲ့စံအိမ်တော်ထဲက လူတိုင်းကို မျက်စိထောင့်ထောက် ကြည့်ထားရမယ်၊ မသင့်သင့်တဲ့ အတွေးမျိုးတွေးတဲ့လူတိုင်းကို ဧကရာဇ်ရဲ့ရှေ့တော်မှောက်ကို ရောက်လာစေလို့ မဖြစ်ဘူး၊ အစေခံတွေက သူတို့ကိုယ်သူတို့ အထင်ကြီးပြီး အကြံအစည်တွေပြည့်နှက်နေတာ တို့မသိဘူးလို့ ထင်မနေနဲ့၊ သူတို့ကသာ ဧကရာဇ်အရှေ့ကိုရောက်လာပြီး သူတို့ရှိကြောင်းပြရဲရင် ဒီမိန်းမအိုကြီးက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာကို သေချာပေါက်ပြပေးလိုက်မယ်”
သခင်မရွှယ်ကလည်း သခင်မကြီးရွှယ်၏ဆိုလိုရင်းကို နားလည်သည်။ ထို့နောက် ခေါင်းကိုငြိမ့်၏။ ထို့နောက် စိုးရိမ်စိတ်ကြီးစွာမေးလာသည်။
“သခင်မကြီး ကျွန်မတို့တွေ လင်းကာနဲ့ကိုယ်လုပ်တော်တွေကို ဧကရာဇ်ကို ဂါရဝပြုခိုင်းသင့်ပါသလား”
သခင်မကြီးရွှယ်၏မျက်နှာက ပျက်သွားသည်။
“မပြုရဘူး၊ ယွမ်ကပဲ ဧကရာဇ်ကိုဖူးမြှော်ခွင့်ရှိတယ်၊ ဟွေးနျန် အချိန်ဖြုန်းမနေနဲ့ အခုချက်ချင်းသွားပြီး အဝတ်အစားပြင်ဆင် ကိုယ့်ကိုယ်ကို သင့်တော်တဲ့အနေအထားမျိုး ရောက်အောင် ပြောင်းလဲလိုက်၊ ပြီးရင် တို့နဲ့အတူ ဧကရာဇ်ကို သွားပြီးဂါရဝပြုကြမယ်”
အပိုင်း ၁၅
သခင်မကြီးရွှယ်က ခေါင်းငြိမ့်သည်။
“ဟုတ်ကဲ့”
ထို့နောက် လူတစ်ယောက်ကိုလွှတ်ကာ ရွှယ်ယွမ်ကို အကြောင်းကြားခိုင်း လိုက်သည်။
သခင်မနှင့်သခင်မကြီးရွှယ်တို့က အလုပ်များနေချိန်တွင် ဗိုလ်ချုပ်ရွှယ်က စံအိမ်၏ဂိတ်ပေါက်သို့ အပြေးအလွှားရောက်နှင့်နေပြီဖြစ်သည်။ သူ့ကိုလည်း အစေခံပေါင်းများစွာက ခြံရံထား၏။ မိုးက ပြင်းပြင်းထန်ထန်ရွာသွန်းနေသည်။ ဗိုလ်ချုပ်ရွှယ်၏နှလုံးသားက လည်ပင်းတွင်ပင်တစ်လာသည်။
သူက အဝေးတွင်ရှိသော ဧကရာဇ်ကို သူ၏လူများဝိုင်းလျက်အနေအထားမျိုးဖြင့် မိုးလုံသောလျှောက်လမ်းတစ်နေရာတွင် ရပ်နေကြောင်းမြင်ရမှသာ စိတ်အေးနိုင် လေသည်။ ဗိုလ်ချုပ်ရွှယ်က အနီးအနားသို့ အမြန်လျှောက်သွားလိုက်ပြီး ဝတ်ရုံကိုမကာ ဒူးထောက်ချသည်။
“အရှင်ရဲ့အစေခံက ဧကရာဇ်ကို ဂါရဝပြုပါတယ်”
ဧကရာဇ်က ညင်သာစွာပြောသည်။
ထိုအခါမှသာ ဗိုလ်ချုပ်ရွှယ်နှင့်အစေခံပေါင်းများစွာက ထရပ်ကြသည်။ သူတို့က မော့ကြည့်လိုက်သောအခါ ဧကရာဇ်က အအေးဒဏ်ကိုခံနိုင်ပုံမရကြောင်း သတိထားလိုက်သည်။ သူ၏ကိုယ်ပေါ် မိုးတစ်စက်မှ မကျနေပါသော်လည်း လေအေးက ဧကရာဇ်၏နှုတ်ခမ်းပါးများကို ဖြူဖျော့စေသည်။ သူ၏အသားအရောင်ကပင် မကောင်းတော့ချေ။ ဗိုလ်ချုပ်ရွှယ်က စိုးရိမ်သွားသည်။ သူ၏အနောက်မှ ဉာဏ်ကောင်းသော အစေခံကောင်လေးတစ်ယောက်က ခပ်မြန်မြန်ကြီးမားသော ဝတ်ရုံကြီးကို ကမ်းပေးလာသည်။
ထျန်းဟူရှန်းက ထိုဝတ်ရုံကိုယူပြီး ကုယွမ့်ပိုင်ကိုခြုံပေးသည်။ ကုယွမ့်ပိုင်က အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်သည်။ သူ၏လက်နှင့်ခြေထောက်များက အတော်လေး အေးနေသည်။
“ဒီနေ့ ကျန်းတို့ရုပ်ဖျက်ပြီး နန်းတွင်းက ထွက်လာခဲ့တာ၊ မမျှော်လင့်ထားဘဲ ဒီလောက်ပြင်းထန်တဲ့ မိုးနဲ့ကြုံရတယ်၊ တိုက်ဆိုင်စွာနဲ့ ရွှယ်စံအိမ်က အနီးအနားဝန်းကျင်မှာဖြစ်နေတယ်၊ ဒီအတွက်ကြောင့် ကျန်းတို့တွေ ဒီအရာရှိရွှယ်ကို ဒုက္ခပေးရတော့တာပါပဲ”
ဗိုလ်ချုပ်ရွှယ်က ခပ်မြန်မြန်ပြောသည်။
“ဒီအရာရှိအနေနဲ့ ဧကရာဇ်ကို ကိုယ်တိုင်လက်ခံကြိုဆိုခွင့်ရတာက ကံကောင်းမှုကြီးပါပဲ၊ ဘယ်လိုကြောင့်များ ဒုက္ခပေးတယ်ဖြစ်ရမှာပါလဲ”
ထိုသို့ပြောပြီးနောက် ဗိုလ်ချုပ်ရွှယ်က တစ်ဖန်ဂါရဝပြုလိုက်ပြီး မင်းသားဟယ်ကို ကြည့်ကာလေးစားစွာပြောသည်။
“မင်းသားဟယ် ကျန်းခန့်သာလို့မာပါစ”
မင်းသားဟယ်ကလည်း မျက်နှာသေဖြင့်ခေါင်းငြိမ့်သည်။
“ဗိုလ်ချုပ်ရွှယ်”
ကုယွမ့်ပိုင်က ဘေးဘက်သို့ခေါင်းလှည့်ကာ ချောင်းဆိုးသည်။ သူ၏ခြေထောက်ကြားမှ လေအေးများက ဆက်တိုက်ဝင်လာလေသည်။ သူ၏မျက်နှာပေါ်တွင် အဖျားအရှိန်အဝါကပေါ်လာသည်။ သူ၏ခံစားချက်ကလည်း အလွန်ဆိုးရွားလာသည်။ နေမကောင်းဖြစ်လာတော့မည့် လက္ခဏာမျိုးကိုပင် ရနေ၏။ အမြဲတစေ သူ့ကိုသာ အာရုံစိုက်ကြည့်နေပါသော ထျန်းဟူရှန်းက အလျင်စလိုပြောသည်။
“ဗိုလ်ချုပ်ရွှယ် စကားတွေအများကြီးမပြောပါနဲ့၊ ဧကရာဇ်က အိမ်တော်ထဲကို ဝင်ရောက်ပြီး အနားယူဖို့ လိုအပ်ပါတယ်၊ မဟုတ်ရင် အအေးမိပါလိမ့်မယ်”
ဗိုလ်ချုပ်ရွှယ်က ချက်ချင်းဆိုသလို ဘေးသို့ဖယ်ရပ်လိုက်ပြီး ဧကရာဇ်ကိုဦးဆောင်ကာ ခန်းမထဲသို့ခေါ်သွားသည်။ ကုယွမ့်ပိုင်က ဝတ်ရုံအား သူ၏ကိုယ်ကိုလုံအောင် ဆွဲခြုံလိုက်သည်။ ထို့နောက် အနောက်မှလိုက်သွားလိုက်၏။
သူ၏ယခင်က ဖြူဖျော့နေသောမျက်နှာကမူ ပုံမှန်မဟုတ်သောအနီရောင်မျိုးဖြင့် နီရဲလာသည်။
သူ၏ခေါင်းကပင် အနည်းငယ်မူးဝေလာသည်။
ကုယွမ့်ပိုင်ကလည်း လွန်ခဲ့သောတစ်လခန့်က အအေးမိပြီး သေလုနီးပါးဖြစ်ခဲ့သော အနေအထားမျိုးကို မမေ့သေးချေ။ သည်တစ်ကြိမ်တွင်လည်း သူ၏ခံစားချက်က အလွန်ဆိုးနေသည်။ သူ လေအေးမိပြီး သေလုနီးပါးဖြစ်သွားနိုင်သည်ဟုပင် တွေးမိကာ ကြောက်မိသေးသည်။
သူ၏မျက်နှာက မျက်မှောင်ကြုတ်နေသည်။ ဦးစားပေးပြင်ဆင်ထားသော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ပြီးနောက် သူ၏ပါးစပ်မှ ပထမဦးဆုံးထွက်လာသော စကားများက
“ရွှယ်စံအိမ်မှာ သမားတော်ရှိပါသလား” ဆိုသော စကားဖြစ်နေသည်။
ဗိုလ်ချုပ်ရွှယ်ကမူ ဧကရာဇ်၏အသားအရောင်က ကောင်းလာပြီဟု ထင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရုတ်တရက်ပေါ်လာသောမေးခွန်းကို ကြားလိုက်ပြီး ကြောင်သွားသည်။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်ပြီး အနားရှိအစေခံအား သမားတော်ကို အလျင်အမြန်ပင့်စေသည်။ ထို့နောက် အအေးမိသည့်ဒဏ်မှ ကာကွယ်ပေးနိုင်သည့် ဆေးစွပ်ပြုတ်နှင့်ရေပူတို့ကို သယ်ဆောင်လာစေသည်။
ထျန်းဟူရှန်းက ကုယွမ့်ပိုင်၏မျက်နှာကို ပုဝါဖြင့်သုတ်ပေးနေခြင်းဖြစ်သည်။ သို့သော် ပုဝါမှတစ်ဆင့် တက်လာသည့်အပူချိန်ကိုလည်း သူက ခံစားမိသည်။ ထန်းဟူရှန်း၏မျက်နှာက ဖြူဖျော့သွားပြီး လက်များကပင် အနည်းငယ်တုန်သွားသည်။
“အရှင်”
ကုယွမ့်ပိုင်၏အသက်ရှူသံက အနည်းငယ်မြန်နေသည်။ သူက ရုတ်တရက် ပြုံးလိုက်သည်။
“အပြင်ဘက်က မိုးကိုကြည့်ရတာ ဒီည တိတ်တော့မယ်မထင်ပါဘူး၊ ကျန်းတော့ အရာရှိရွှယ်ရဲ့စံအိမ်မှာပဲ တစ်ညနေရတော့မယ်ထင်တယ်”
ဗိုလ်ချုပ်ရွှယ်က ဂါရဝပြုသည်။
“ဒီအစေခံက ဧကရာဇ်အတွက် အခုချက်ချင်း အခန်းပြင်ဆင်လိုက်ပါ့မယ်၊ အရှင်မင်းကြီး သွားပြီးအနားယူချင်ပါသလား”
ကုယွမ့်ပိုင်က ခေါင်းငြိမ့်လိုက်သည်။ သူက သမားတော်ရောက်ရှိလာမှုကို တည်ငြိမ်စွာသာ စောင့်နေလိုက်၏။ သူက စောင့်နေချိန်တွင် သူ၏လက်နှင့် ခြေထောက်များက အေးသထက်အေးလာသည်။ သူ၏ပါးကမူ တဖြည်းဖြည်းချင်း ပူလာသည်။ ကုယွမ့်ပိုင်က ဝတ်ရုံကိုခြုံထားသေးသည်။ သို့သော် အအေးဒဏ်က သူ့ကို တုန်ယင်စေသေးသည်။
သူက မသက်မသာဖြစ်နေသည့်ခံစားချက်ကို တစ်ချိန်လုံး တောင့်ခံထားသော်လည်း သူ၏နှုတ်ခမ်းထောင့်များက တင်းတင်းစေ့နေသည်။ သို့သော် သူ၏မျက်နှာကမူ တည်ငြိမ်နေသေးပြီး သက်တောင့်သက်သာရှိသည့်အပြုံးမျိုးက ပေါ်နေသေးသည်။ မင်းသားဟယ်ကမူ ပြူတင်းပေါက်အပြင်ဘက်မှ ကျဆင်းနေသော မိုးရေများကိုကြည့်လိုက်ပြီး ကုယွမ့်ပိုင်၏နီရဲနေသောမျက်နှာကို ကြည့်သည်။ သူ၏နှုတ်ခမ်းကလည်း တစ်ဖြောင့်တည်းတန်းသွား၏။
သူ၏အတွေးများကမူ ရောပြွန်းလာသည်။
သည်နေ့အစောပိုင်းက သူကသာ ဧကရာဇ်ကို နန်းတွင်းမှထွက်ရန် ပြောဆိုခဲ့သောသူဖြစ်သည်။ ထို့ကြောင့် ကုယွမ့်ပိုင်ကသာ တစ်စုံတစ်ရာဖြစ်သွားခဲ့ပါက သူက ထိုအပြစ်ကို လက်သင့်ခံနိုင်မည်မဟုတ်ချေ။
သမားတော်က လျင်မြန်စွာရောက်လာသည်။ ကုယွမ့်ပိုင်၏နောက်ခံကို သိထားပြီး လောက်သည်။ ထို့ကြောင့် သူ၏တစ်ကိုယ်လုံးက တုန်ယင်နေသည်။ အစောင့်ခေါင်းဆောင်က သူ့ကို ထပ်ခါတလဲလဲစစ်ပြီးမှသာ ဝင်ခိုင်းသည်။ ကုယွမ့်ပိုင်က လက်ကိုဆန့်ထုတ်လိုက်သည်။ ထျန်းဟူရှန်းက သူ၏အင်္ကျီလက်အစကို အသာပင့်မတင်လိုက်ပြီး ကျောက်စိမ်းသမျှဖြူဖွေးနေသည့် လက်ကောက်ဝတ်ကိုပြသည်။
သမားတော်က သူ၏သွေးကြောကို စစ်ကြည့်ပြီးနောက် လက်ကို ပြန်လွှတ်ပေးသည်။
“အရှင် အရှင် … အရှင်မင်းကြီး အအေးက အရှင်မင်းကြီးရဲ့ ကိုယ်တွင်းအင်္ဂါအထိ မရောက်သေးပါဘူး၊ အရှင်မင်းကြီးအနေနဲ့ ရေပူမှာစိမ်ပြီး ပူပူနွေးနွေးစွပ်ပြုတ် အချို့သောက်လိုက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်”
ကုယွမ့်ပိုင်က မျက်ခုံးပင့်လိုက်သည်။ သူက နန်းတွင်းမှ အလွန်အမင်းသတိထားပြီး ဖူးဖူးမှုတ်ထားသော တော်ဝင်သမားတော်များနှင့် ကျင့်သားရနေခဲ့သည်။ ယခုအခါ ထိုသမားတော်က သူ့အား ဖန်သားဖြင့်လုပ်ထားသလိုမျိုး ဆက်ဆံကြောင်း မြင်ရသောအခါ ဝမ်းသာသွားသည်။
“ဒီလိုဆိုရင် အရာရှိရွှယ်ကို စိတ်မရှိဖို့ပဲ မျှော်လင့်ရတော့မယ်”
“ကျွန်တော်မျိုး မလုပ်ရဲပါဘူး”
ဗိုလ်ချုပ်ရွှယ်က ပြောသည်။
“ဒီအစေခံက ဧကရာဇ်အတွက် ရေနွေးပြင်ဆင်ခိုင်းလိုက်ပါ့မယ်၊ သိပ်မကြာခင် ပူပူနွေးနွေးစွပ်ပြုတ်တွေ ရောက်ရှိလာမှာပါ”
ကုယွမ့်ပိုင်က လေပူကိုရှိုက်ထုတ်လိုက်သည်။ ဝတ်ရုံကြီးပေါ်မှ အရည်အသွေးမြင့် အမွှေးဖွားများက မြင့်လိုက်နိမ့်လိုက်ဖြစ်နေသည်။
သူ၏အသက်ရှူသံက အတက်အကျဖြစ်နေသော အရှိန်နှုန်းအတိုင်း လှုပ်ရှားနေခြင်းဖြစ်သည်။ အရောင်ရင့်ရင့် သစ်သားစားပွဲပေါ်သို့ ဖြူဖျော့သောလက်ချောင်းများကို ဖိတင်ခြင်းအားဖြင့် ကုယွမ့်ပိုင်က အားယူကာ မတ်တပ်ထရပ်လိုက်သည်။
ထျန်းဟူရှန်းနှင့်အစောင့်များက အနောက်မှကပ်လိုက်မှုနှင့်အတူ ကုယွမ့်ပိုင်က တံခါးဝအထိ ခပ်မြန်မြန်လျှောက်သွားသည်။ သို့ရာတွင် ရုတ်တရက် သူ၏ ဘယ်ခြေထောက်က အားလျော့သွားပြီး ခွေကျသွားကာ တစ်ကိုယ်လုံးက အရှေ့သို့ယိုင်ကျသွား၏။ ရုတ်တရက် တစ်စုံတစ်ယောက်က သူ၏ခါးကို ဖမ်းထိန်းလာ ပေးခြင်းအားဖြင့် လဲကျမှုမှ တားဆီးပေးလိုက်သည်။
သူ၏ခါးတစ်ဝိုက်တွင် ဖက်ထားသောလက်က ခိုင်မာပြီးအားအပြည့်ပါသည်။ ရွှယ်ယွမ်ကလည်း သူ၏လက်မောင်းများအတွင်း တည့်တည့်ကျလာသော ဧကရာဇ်ကို ကြည့်လိုက်ပြီး လေးစားမှုအပြည့်ဖြင့် ပြုံးလိုက်သည်။
“ဘာများဖြစ်တာပါလဲ အရှင်မင်းကြီး”
ကုယွမ့်ပိုင်၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ရွှယ်ယွမ်က သူ့ကို လွှတ်ပေး၏။ သူက ကုယွမ့်ပိုင်ကို ဂါရဝပြုလိုက်ပြီး ဧကရာဇ်အား ကြော့ရှင်းကြည့်ကောင်းစွာ ရယ်မောလျက်ကြည့်သည်။
ကုယွမ့်ပိုင်က သူ့ကို တစ်ချက်ကြည့်ပြီး ဖြတ်လျှောက်သွားသည်။ ထို့နောက် ချောင်းအသာဟမ့်သွား၏။ သူက ထွက်သွားကြောင်းမြင်သောအခါ ရွှယ်ယွမ်က အပြုံးကို ဘေးဖယ်လိုက်ပြီး ခေါင်းပြန်လှည့်ကာ အဖေကိုကြည့်သည်။
“ဧကရာဇ်က လေအေးမိသွားတာလား”
ဗိုလ်ချုပ်ရွှယ်နှင့်မင်းသားဟယ်တို့ကလည်း သူ၏အသံထဲမှ ပျော်ရွှင်နေသံကို မကြားချေ။ ဗိုလ်ချုပ်ရွှယ်က ရွှယ်ယွမ်အား မင်းသားဟယ်ကို ဂါရဝပြုခိုင်း၏။ မင်းသားဟယ်က ပင်ပန်းနေလေပြီ။ ဧကရာဇ်က ထွက်သွားကြောင်းမြင်သောအခါ သူကလည်း အကြောင်းပြချက်တစ်ခုရှာကာ အခန်းတွင်ပြန်၍အနားယူသည်။
ရွှယ်ယွမ်က မင်းသားဟယ်ကို လေးစားစွာဂါရဝပြုလိုက်ပြီးမှသာ ခပ်အေးအေးပုံစံမျိုးဖြင့် အသာပြန်ရပ်လိုက်သည်။ ဗိုလ်ချုပ်ရွှယ်က သက်ပြင်းချ၏။ သူက သူ၏စိုးရိမ်မှုများကို ပြောသည်။
“အရှင်မင်းကြီး လုံခြုံဘေးကင်ဖို့ပဲ မျှော်လင့်ပါတယ်”
ရွှယ်ယွမ်ကပြုံးသည်။
“ဧကရာဇ်က ကောင်းကင်ဘုံရဲ့ကာကွယ်မှုကို ရရှိထားတာ၊ ဘာကြောင့်များ တစ်ခုခုဖြစ်ရမှာလဲ”
သူက ဧကရာဇ်၏အနီးတွင်ရှိချိန်က တစ်ဖက်သူ၏ကိုယ်မှ ထွက်လာသောအပူဒဏ်ကို ခံစားမိခဲ့သည်။ သူ၏ခြေထောက်မှ ဒဏ်ရာမပျောက်ခင် သူက အိပ်ယာပေါ်တွင် အကြာကြီးလှဲခဲ့ရသည်။ ယခုအခါ မမျှော်လင့်ထားစွာပင် ဧကရာဇ်က ရွှယ်စံအိမ်တွင် လာလှဲရမည့်အနေအထား ရောက်သွားသည်။
မင်းသားဟယ်က အခန်းသို့ပြန်သွားသည်။ သူ၏အစေခံက စားဖိုဆောင်သို့သွားပြီး သူ့အတွက် ဂျင်းစွပ်ပြုတ်ကိုသွားယူခဲ့သည်။ သို့သော် ပြန်လာသောအခါ ပျော်ရွှင်တက်ကြွစွာဖြင့် သမင်သွေးတစ်ပန်းကန်ကို သယ်လာသည်။
“သခင် ရွှယ်စံအိမ်က အခုလေးတင် သမင်တစ်ကောင်သတ်လိုက်တယ်၊ ဒါက ကျိုပြီးကာစ လတ်ဆတ်တဲ့သမင်သွေးတွေပါ၊ ပူနွေးနေပါသေးတယ်၊ ဒါကြောင့် ဂျင်းစွပ်ပြုတ်ထက် ပိုပြီးသက်ရောက်မှုရှိပါတယ်”
မင်းသားဟယ်က ထိုပန်းကန်လုံးကို ယူပြီးသောက်လိုက်သည်။ သူ၏လည်ချောင်းထဲမှ သွေးရနံ့က လှိုင်တက်လာပြီး တစ်ကိုယ်လုံးက နွေးထွေးသွားသည်။ အပြစ်မကင်းသောစိတ်နှင့်အတူ သူက ပြောလိုက်သည်။
“နောက်ထပ် တစ်ပန်းကန်သွားယူလိုက်၊ ဒီမင်းသား ဧကရာဇ်ကို ကိုယ်တိုင်သွားပို့ လိုက်မယ်”
ထိုအစေခံက ချက်ချင်းဆိုသလို ထွက်သွားပြီး နောက်ထပ် ပူပူနွေးနွေး သမင်သွေးတစ်ပန်းကန်ယူလာသည်။ သူက မင်းသားဟယ်၏အနောက်မှလိုက်ကာ ဧကရာဇ်ဆီ လိုက်ပါပို့ဆောင်ပေး၏။ ဧကရာဇ်၏အခန်းက ရွှယ်စံအိမ်၏ အဓိကအိပ်ဆောင်တော်ဘက်တွင်ဖြစ်သည်။ အကောင်းဆုံးနေရာကို ချထားပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် မင်းသားဟယ်ကို ပြင်ဆင်ပေးထားသောအခန်းနှင့် အနည်းငယ်လှမ်းသည်။
လမ်းတွင် မင်းသားဟယ်ကလည်း သူ၏တစ်ကိုယ်လုံးကို ချွေးပါးပါးစို့လာကြောင်း ခံစားလိုက်ရသည်။ သူက သမင်သွေးတစ်ပန်းကန် သောက်ပြီးကာစဖြစ်သည်။ သက်ရောက်မှုကမူ လျင်မြန်စွာပြလာ၏။ မင်းသားဟယ်ကလည်း သူ၏ကိုယ်အတွင်းမှ တောမီးလောင်သလိုမျိုး ပူတက်လာမှုကို ခံစားရသည်။ သူက မနေနိုင်ဘဲ အင်္ကျီလည်ပင်းမှကော်လံကို ဆွဲဖြဲကာဟလိုက်သည်။ သူက ဧကရာဇ်၏အိပ်ဆောင်တံခါးဝသို့ ရောက်တော့မည့်အချိန်တွင် ရုတ်တရက် အိပ်ခန်းဘေးရှိ ပြူတင်းပေါက်နားမှဖြတ်ရသည်။ သူက သတိလက်လွတ်အတွင်းသို့ ကြည့်လိုက်မိပြီး သူ၏ခြေလှမ်းများက ရပ်သွားသည်။
အိပ်ဆောင်အတွင်းတွင် ဧကရာဇ်က ကုတင်ဘေးတွင် ပျင်းတိပျင်းရွဲမှီလှဲနေသည်။ သူ၏ခြေထောက်က ဆေးရောနှောထားသော ကြည်လင်သောရေထဲတွင် စိမ်နေသည်။ ထျန်းဟူရှန်းက အနားတွင် ဆောင့်ကြောင့်ထိုင်ကာ ဧကရာဇ်၏ခြေထောက်ကို ဆေးကြောပေးနေသည်။
ကုယွမ့်ပိုင်၏ခြေထောက်က မွေးဖွားလာချိန်ကတည်းက လမ်းသိပ်လျှောက်ထား ရပုံမရချေ။ ခြေချောင်းလေးများက ပိုးသားကဲ့သို့နူးညံ့နေသည်။ ကောင်းကောင်း ဂရုစိုက်ထားခံရပုံရပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်ကာလှပနေသေးသည်။
ရေပူက ထိုအဖြူရောင်အသားအရေကို ပန်းရောင်သန်းသွားစေသည်။ ကြည်လင်သောရေက ဟိုဟိုဒီဒီရွေ့ပြီး ရေစက်များက စင်နေသည်။ ဆေးနှင့် ရောထားသောပန်းများကိုလည်း ထပ်ဖြည့်ထားသေးသဖြင့် ထိုပန်းပွင့်လေးများက ရေထဲတွင် ဟိုဟိုဒီဒီပြန့်ကျဲနေပြီး လက်ရာမြောက်လွန်းသော အနုပညာတစ်ခုလို နူးညံ့လွန်းလှသည့် ကျောက်စိမ်းခြေထောက်တစ်စုံကို အလှဆင်ပေးထားသည်။
ဘုန်းခနဲအသံနှင့်အတူ မင်းသားဟယ်၏နှလုံးသားအတွင်းမှ တောမီးများက ပြင်းပြင်းထန်ထန် လောင်ကျွမ်းလာသလိုခံစားလိုက်ရသည်။ သူ၏ဦးနှောက်က ဗလာဖြစ်သွားသည်။ သူ၏ကိုယ်တစ်ခုလုံးက အလွန်အမင်းပူပြင်းလာသလို ခံစားလိုက်ရသည်။ သူက ထိုမြင်ကွင်းကိုစိုက်ကြည့်နေရင်း ထိုအပူက ခေါင်းအထိ ထိုးတက်သွားသည်။
သူ၏ပါးစပ်ထဲတွင် ခံစားနေရသေးသည့် လတ်ဆတ်သော သမင်သွေးအရသာက ရုတ်ချည်းသိပ်သည်းလာသည်။
--------
Sunday တိုင်း update ၁ပိုင်း ရှိပါမယ်
အပိုင်း၁၄
You are reading the story above: TeenFic.Net