အခန်း ၁၁၆။ စာအုပ်များယူရန် အိမ်ပြန်ခြင်း။

Background color
Font
Font size
Line height

အခန်း ၁၁၆။ စာအုပ်များယူရန် အိမ်ပြန်ခြင်း။

လင်ကျန်းရီတစ်ယောက် အော်ဟစ်ရယ်မောမိလုနီးပါး ဖြစ်သွားရသည်။ ဒီအကောင်ပေါက်လေးဟာ သူ့ရဲ့မူလပုံစံကဘာလဲဆိုတာကို မမေ့လျော့ပါချေ။

အစကတည်းက ဒီအကောင်ပေါက်လေးရဲ့သဘာ၀က ငွေမက်တာဖြစ်ကြောင်း သူသဘောပေါက်နားလည်ထားသည်။ သို့သော် သူကလည်း အဲဒီ့ပုံစံလေးကို သဘောကျသည်။ ဘယ်လိုပဲကြည့်ကြည့် ချစ်စရာကောင်းနေဆဲပင်။

လင်ကျန်းရီသည် ရုတ်တရက်ဆန်စွာပင် အားအင်တို့ပြည့်လာပြီး သူ့ခါးပေါ်တွင်ထိုင်လိုက်ပါသော စုကျစ်ယန်ကို ထိန်းကိုင်ရန်အတွက် သူ့လက်များကို ဆန့်ထုတ်လိုက်ရသည်။

သည်ကိုယ်ဟန်အနေအထားကို သူနှစ်သက်သောကြောင့် ရင်းနှီးသောအမူအရာများကို စုကျစ်ယန်ဘက်မှ စတင်လုပ်ဆောင်သောအခါတွင် သူ့နှလုံးသားသည် သွေးဆောင်ဖျားယောင်းမှုကို ခံစားလိုက်ရပြီး အံ့သြဖွယ်ကောင်းသည်ဟု တွေးမိသည်။

"မင်းယောကျ်ား ကိုယ့်မှာ လစာကတ်မရှိတဲ့အပြင် ပိုင်ဆိုင်မှုတွေကလည်း ပြောရရင် မရွှေ့ပြောင်းနိုင်တဲ့ ဥစ္စာပစ္စည်းတွေလေ။ ကိုယ့်ရဲ့အဓိကရင်းနှီးငွေတွေက အလုပ်သမားတွေကို လုပ်အားခပေးဖို့နဲ့ နောက်ထပ်ရင်းနှီးမြုှပ်နှံမှု အခွင့်အလမ်းတွေမှာ သုံးထားတာလေကွာ"

လင်ကျန်းရီသည် ဤနည်းဖြင့် ရည်ရွယ်ချက်ရှိရှိ ဖြေလိုက်ပြီး စုကျစ်ယန်၏ခါးကို လက်အကြီးကြီးနှစ်ဘက်ဖြင့် ပွေ့ယူလိုက်လေသည်။

သို့သော်ငြား စုကျစ်ယန်ကတော့ သူ့စကားလုံးများကို မယုံပါချေ။ ဘာလို့သူ့မှာ လစာကတ်မရှိရမှာတဲ့လဲ။

မှန်သည်။ သူက လစာကတ်လို့မခေါ်ဘူးဆိုလျှင်တောင်မှ သူ၏များပြားလှသော ပိုင်ဆိုင်မှုငွေကြေးကိုသိမ်းဆည်းရန် ဘဏ်ကတ်တစ်ကတ်လောက်တော့ ပိုင်ဆိုင်ထားပေလိမ့်မည်။

အစကတည်းက စုကျစ်ယန်၏လက်များက လင်ကျန်းရီ၏ရင်ဘတ်ကို ဖိထားခဲ့သည်။ ထို့ကြောင့် သူ့စကားလုံးများကြားချိန်၌ အောက်ကျသည်ဟု ခံစားလိုက်ရသော်လည်း တမင်သက်သက်ပင် ဆက်လက်၍ ဆော့ကစားလိုဟန်ဖြင့် သူ့လက်မများနှင့် လက်ညှိုးတို့ကိုသုံးကာ အနီရောင်အမှတ်လေးနှစ်ခုကို ဖျစ်ညှစ်ပစ်လိုက်သည်။ သူမေးလိုက်သည်။

"အန္တရာယ်ကိုကာကွယ်ဖို့ ကျွန်တော့်ဆီ အပ်မှာလား။ မအပ်ဘူးလား။ ပြော..."

"ဟာ့..."

လင်ကျန်းရီသည် စုကျစ်ယန် သည်လိုစနောက်တာကို မကြောက်ပါချေ။ သို့သော် ဒီနေရာလေးကတော့ စတင်လိုက်ရုံနှင့် မီးပွင့်လာပေမည်။

ဒီတော့ မီးငြိမ်းသွားဖို့လည်း တာ၀န်ယူပေးရလိမ့်မည်။ အခုထိ ဒီကောင်လေးက မီးမွှေးဖို့ကိုသာ အာရုံစိုက်ထားပြီး ငြှိမ်းပေးဖို့ရာ ခေါင်းထဲမရှိ။

ဒါက ဥက္ကဌလင်၏မျက်နှာကို အလွန်အမင်းမည်းမှောင်လာစေကာ ညှာတာပေးရန်သာ တောင်းဆိုမိစေသည်။

"ပေးမယ်...။ ပေးမယ်...။ ပေးပါ့မယ်ကွာ။ ဒါက စကားလေး တစ်ခွန်းပဲမဟုတ်ဘူးလား။ ကိုယ်သေချာပေါက် မင်းကို ပေးပါ့မယ်။ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး ကိုယ်ဘယ်တော့မှ ဖုံးကွယ်မထားတော့ပါဘူး"

"ဟမ့်... ဒီလိုပဲဖြစ်နေရမှာပေါ့"

စုကျစ်ယန်သည် ကျေနပ်သွားဟန်ဖြင့် လင်ကျန်းရီ၏ ရင်ဘတ်ကို လက်ဖြင့်ပုတ်လိုက်ကာ အောက်သို့ လှိမ့်ဆင်းလိုက်သည်။ ပြီးနောက် စောင်ကိုဆွဲယူပြီး သက်တောင့်သက်သာ လှဲနေလိုက်သည်။

"အိပ်ကြစို့... မနက်ဖြန်ကျရင် ကျွန်တော့်ကို ကတ်ပေးဖို့ မမေ့နဲ့နော်"

"....."

လင်ကျန်းရီတစ်ယောက်မှာတော့ ငိုချင်နေပါသော်လည်း မျက်ရည်ကမကျလာပါ။ မျှော်လင့်ထားသည့်အတိုင်း စုကျစ်ယန်သည် သူ့ကိုယ်တွင်း၌ လောင်ကျွမ်းနေသောမီးကို ရပ်တန့်ပေးရန် စိတ်မ၀င်စားပေ။

အချိန်တွေ မြန်မြန်ကုန်ပါစေ။ ခရစ္စမတ်အကြိုကို ချက်ချင်းရောက်ဖို့ သူဆန္ဒရှိနေလေပြီ။ ဒါဆိုရင်တော့ သူ ကြိုက်သလောက် စားနိုင်တော့မှာ သေချာပါရဲ့။

နောက်တစ်နေ့မနံနက်တွင် လင်ကျန်းရီသည် ပုံမှန်အတိုင်း အိပ်ရာထသည်။ သူသည်စုကျစ်ယန်ကို နမ်းလိုက်ပြီး မနက်စာသွားမစားခင် စုကျစ်ယန်၏ ကွန်ပျူတာဘေးတွင် သူ့ကတ်ကို ချထားလိုက်သည်။ ထို့နောက် သူ့သားများကို တွေ့ပြီးနောက် အလုပ်သွားတော့သည်။

*****

အိပ်ရာနိုးလာပြီးနောက် စုကျစ်ယန်သည် ရေချိုးလိုက်ပြီး နံနက်စာစားလိုက်ပြီး ကွန်ပျူတာသုံးရန် အခန်းထဲသို့မပြန်မီ သူ့သားများနှင့် ခဏမျှအတူကစားခဲ့သည်။

ကွန်ပျူတာဘေးနားက ကတ်ကိုမြင်ချိန်မှာတာ့ ဝမ်းသာအားရဖြင့် ကောက်ယူလိုက်ပြီး အထဲမှငွေပမာဏကိုစစ်ဆေးရန် အွန်လိုင်းဘဏ်ကို ဝင်လိုက်သည်။

ငွေအမြောက်အမြားကို မြင်လိုက်ရသောအခါ ကျေနပ်အားရမှု ချက်ချင်းပင်ခံစားလိုက်ရသည်။

စာမေးပွဲဖြေတာက ခဏတာကိစ္စပဲ...။ လက်ထဲမှာ ပိုက်ဆံတွေ အများကြီးရှိနေမှတော့ အနာဂတ်ကာလအတွက် သူ့မှာ စားစရာဘာမှမရှိမှာကို မကြောက်ရတော့ဘူး...။

ိုထိုသို့ပြောလိုက်ခြင်းက စာမေးပွဲအတွက် ပြင်ဆင်ရန် လိုအပ်နေသေးသည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် စုကျစ်ယန်သည် ကတ်ကိုစနစ်တကျသိမ်းဆည်းပြီးနောက် သူ့တိုက်ခန်း၏သော့ကို ယူလိုက်သည်။ စာအုပ်များစွာကို ယူရန်လိုအပ်တာကြောင့် အိမ်ခဏပြန်ချင်ကြောင်း ကျန်းဟွားရှန်ကို ရှင်းပြခဲ့ပြီး နောက်မှ ပြန်သွားလေသည်။

"အို... ကံမကောင်းလိုက်တာ... မင်းရဲ့ပါးက မင်းရဲ့ဦးလေးလီကို ကလေးတွေအတွက် နောက်ဆုံးပေါ်ရုပ်ပြစာအုပ်တွေဝယ်ဖို့ လွှတ်လိုက်ပြီ။ သူပြောတာ စာအုပ်တွေက Limited Edition ဆိုတော့ စောစောမ၀ယ်ရင် စာအုပ်တွေ အကုန်ကုန်သွားလိမ်မယ်တဲ့။ သားစောစောသွားဖို့ အလျင်မလိုရင် အန်ကယ်လီ ရုပ်ပြတွေ၀ယ်ပြီး ပြန်လာမှ မောင်းပို့ခိုင်းလို့ရတယ်ေ"

စုကျစ်ယန်တစ်ယောက် ပြောစရာစကားမဲ့သွားရလေပြီ။ ဒီအဖိုးက သူ့မြေးတွေကို အရမ်းအလိုလိုက်ဖျက်ဆီးနေတာ မဟုတ်ဘူးလား။ နှစ်လတောင်မပြည့်သေးပေမယ့် ရုပ်ပြစာအုပ်တွေအကြောင်း တွေးနေပြီတဲ့။

သို့သော် သူနားလည်နိုင်ပါသည်လေ။ နောက်ဆုံးမှာတော့ အဖိုးအဖွားများသည် သူတို့၏မြေးများအပေါ်တွင် တုန်နေအောင်ချစ်တတ်ကြသည်ပဲလေ။

ဒါလည်းတစ်မျိုးတော့ ကောင်းပါသည်။ မဟုတ်ပါက ထိုအဖိုးနှင့်အဖွားနှစ်ယောက်သားသည် အိမ်တွင်လုပ်စရာမရှိဖြစ်နေသည်မလား။ အခုတော့ သူတို့မြေးလေးတွေနှင့် ဆော့ကစားနိုင်သလို တခြားဘာမှမလုပ်တတ်သေးခင်အရွယ်မှာပင် သူတို့အတွက် အရုပ်နှင့် စာအုပ်တွေ ဝယ်စုထားလို့ရသည်။ ဘယ်လောက်တောင် စိတ်ချမ်းသာစရာ ကောင်းလိုက်ပါလိမ့်။

"ရပါတယ်မားရဲ့။ ကျွန်တော် ကားမောင်းတတ်ပါတယ်။ အေ၀းကြီးလည်းမဟုတ်တော့ အသွားအပြန် တစ်နာရီတောင်မကြာဘူး။ ကျွန်တော့်ဘာသာ သွားလိုက်ပါ့မယ်"

သည်စကားကိုကြားပြီးနောက် ကျန်းဟွားရှန်သည် သူမ၏သော့တွဲကိုယူကာ စုကျစ်ယန်ဆီ ပေးလိုက်သည်။

"အေးပါကွယ်။ သားကားမောင်းသွားတဲ့အရှိန်နဲ့ ပင်ပန်းလာရင်တော့ သားရဲ့တိုက်ခန်းမှာ ခဏနားနေပြီးမှ ပြန်လာခဲ့ပေါ့။ ဒါကသော့တွေ။ ဂိုဒေါင်ထဲမှာ ကားတွေရှိတယ်။ သားကြိုက်တဲ့ဟာကိုသာ မောင်းသွား"

"ဟုတ်... ကျေးဇူးပါမား"

"လမ်းမှာ ဖြည်းဖြည်းပဲမောင်းသွားနော်"

ကျန်းဟွားရှန် သတိပေးသည်။

"ဟုတ်ကဲ့"

စုကျစ်ယန်သည် သော့များကိုယူကာ ကျန်းဟွားရှန်ကို နှုတ်ဆက်သည်။

"ကျွန်တော်ပြန်လာခဲ့ပါ့မယ်။ နောက်မှတွေ့မယ်နော်မား"

"အေးပါ... သွား... သွား..."

စုကျစ်ယန်သည် ကားဂိုဒေါင်ဆီသွားကာ ပေါ့ပါးဟန်ရပြီး မထင်မရှားရှိနေသော ငွေနှင့်မီးခိုးရောင်စပ်သည့်ကားကို ရွေးချယ်လိုက်သည်။

ကားထဲ၀င်ထိုင်ပြီးနောက် စမ်းကြည့်လိုက်ပြီး အဆင်ပြေသည်ဟု ခံစားမိသည်။ သူသည် ဂိုဒေါင်ထဲမှ ခပ်ဖြည်းဖြည်းမောင်းထွက်လာပြီးနောက် ခြံ၀င်းတံတိုင်းကိုဖြတ်ကျော်ကာ ဂိတ်ကိုဖြတ်သန်းပြီး အိမ်ကိုနောက်၌ ချန်ရစ်ခဲ့ပြီး သူအမြဲနေခဲ့ရာတိုက်ခန်းဆီ ဦးတည်ကာမောင်းခဲ့သည်။

ထိုအကြောင်းပြန်ပြောရလျှင် သူကားမမောင်းဖြစ်ခဲ့တာ နှစ်၀က်တောင်ကျော်တော့မည်။

စုကျစ်ယန်သည် ကားကို ခပ်နှေးနှေးနှုန်းလေးဖြင့်သာ မောင်းလာခဲ့သည်။ သူနောက်ဆုံးအကြိမ်မောင်းခဲ့သည်မှာ တစ်နှစ်နီးလာခဲ့ပြီမို့ လမ်းပေါ်ပြန်တက်ရန် အကြောက်တရား အနည်းငယ်တော့ ရှိနေသည်။ ထို့ကြောင့် အလွန်အမင်းကို ဖြည်းညင်းစွာ မောင်းလာခဲ့တာပင်။

တိုက်ခန်းဆီ ပြန်ရောက်ပြီးလျှင် စုကျစ်ယန်တစ်ယောက် သူ၏ ပြင်ဆင်ပြီးပြီဖြစ်သော ဘုံဗိမာန်သေးသေးလေးကိုကြည့်ကာ အောက်ပါကဲ့သို့ အံ့အားသင့်နေမိမည်ဖြစ်သည်။

အိုး... ကြမ်းပြင်ကို ခမ်းနားတဲ့ပုံစံ ပြန်ပြင်ထားတာပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ သူကဒီနေရာမှာ ပြန်လာမနေဖြစ်တော့ပါဘူးလေ။ အခန်းကိုဒီအတိုင်း တစ်ချိန်လုံးအလွတ်ကြီးထားတာက မကောင်းဘူး။

သူလော့ယန်ကိုပဲ ဆက်ပြီးငှားလိုက်သင့်လား။ အာ... မေ့လိုက်ပါတော့။ လော့ယန်က အခု တစ်စုံတစ်ယောက်ဆီက ထောက်ပံ့မှုကိုရနေပြီပဲ။

လော့ယန်က ငှားဖို့သဘောတူရင်တောင်မျှ ဟိုကောင်လေးယဲ့ရှော်က လော့ယန်နေရာရွှေ့ပြောင်းမည်ကို သဘောတူမှာမဟုတ်။

တခြားတစ်ယောက်ယောက်ကို ငှားထားရင်ရော...။ ဒါပေမဲ့ ရုတ်တရက်စိတ်ကူးရပြီး လင်ကျန်းရီနဲ့ ညအနည်းငယ်လောက် လာနေချင်ရင် ဘယ်လိုလုပ်မလဲ။

နောင်အနာဂတ်၌လည်း ယခုလက်ရှိနေထိုင်သလို အယုတ်တမာလင်၏အိမ်တွင် သက်တောင့်သက်သာရှိနေသေးလျှင် ပြန်လာဖို့စိတ်ကူးမှာတော့ မဟုတ်ပေ။

အစတုန်းကတော့ ဗီလာသို့ရွှေ့ပြောင်းရန် 'အယုတ်တမာကောင်လင်' စကားချိုချိုလေးများပြောခဲ့စဉ်အခါက ယခုလိုမျိုး သူနှင့်အတူနေထိုင်ပြီး ပြန်မပြောင်းချင်တော့လောက်အောင် ဖြစ်သွားမည်ဟု နည်းနည်းကလေးပင် မတွေးထားခဲ့ပါချေ။

ထိုအချိန်တုန်းက ဒီနေရာကို သေချာပေါက်ပြန်လာမည်ဟုပင် တရားမျှတမှုအတွက် မခံမရပ်နိုင်ဖြစ်ဟန်ဖြင့် ပြောခဲ့သေးသည်။ ဟီး...ဟီး...။

ကံကောင်းပေလု့ိ 'အယုတ်တမာကောင်လင်'က ထိုစကားကိုမမှတ်မိပေ။ မဟုတ်ပါက ၎င်းမှာ သူ့ကိုယ်သူလှောင်ပြောင်ရန်အတွက် အသုံး၀င်သွားပေလိမ့်မည်။

စုကျစ်ယန်သည် နောက်ဆုံးလမ်းထောင့်ချိုးကို ကွေ့၀င်ပြီးနောက် သူနေထိုင်ခဲ့ရာရပ်၀န်း၏ဂိတ်၀ကို ရောက်ရှိချေပြီ။ လုံခြုံရေးအစောင့်သည် သူ့မျက်နှာကိုကြည့်ပြီးနောက် မှတ်မိနေဆဲမို့ ရင်းနှီးစွာ နှုတ်ဆက်လာသည်။

"လူငယ်လေး... မင်းပေါ်မလာတာ အတော်လေးကြာပြီနော်။ ဘယ်တွေသွားနေတာလဲကွ"

"လက်ထပ်ပြီး တခြားနေရာမှာ သွားနေတာပါဗျာ"

စုကျစ်ယန်က တိုတိုတုတ်တုတ်ပင် တုံ့ပြန်ဖြေကြားသည်။ ဂိတ်၀မှဘားတန်းမြင့်တက်သွားပြီးနောက် စုကျစ်ယန်လည်း လုံခြုံရေးအစောင့်ကို လက်ပြနှုတ်ဆက်လိုက်သည်။

ကားကိုအထဲသို့မောင်း၀င်သွားပြီးနောက် သူ့တိုက်ခန်းရှိရာ ကွန်ဒို၏အောက်၌ ရပ်လိုက်သည်။

အလွန်ကျယ်၀န်းသောဗီလာ၌နေထိုင်ရတာ ကျင့်သားရသွားသည်မို့ အခုတော့ ဒီလိုတိုက်ခန်းကျဉ်းလေးဆီ ပြန်လာရတာကို ကျင့်သားမရသေး။ သို့သော် ရင်းနှီးနွေးထွေးသောခံစားချက်လေးကိုတော့ ခံစားမိသေးသည်။

ကားထဲကထွက်ကာ ကားတံခါးပြန်ပိတ်၊ လော့ခ်ချပြီးနောက်မှာတော့ စုကျစ်ယန်တစ်ယောက် လက်ထဲတွင် ကားသော့ကိုင်ထားလျက်နှင့် အပြေးတစ်ပိုင်းခြေလှမ်းတို့ကို စတင်ပါလေပြီ။

သူသည် စင်္ကြံလမ်းမှတစ်ဆင့် ဓာတ်လှေကားဆီလျှောက်သွားလိုက်ပြီး ခလုတ်ကိုနှိပ်လိုက်သည်။ ဓာတ်လှေကားသည် သူနေထိုင်ရာ ခုနစ်လွှာဆီ အလွန်လျှင်မြန်စွာ ရောက်ရှိသွားသည်။

စုကျစ်ယန်သည် ဓာတ်လှေကားမှထွက်ကာ သူ့တိုက်ခန်းဆီ လျှောက်လာသည်။ သော့ကိုထုတ်ကာ တံခါးကိုတွန်းမဖွင့်ခင် သက်ပြင်းပြင်းတစ်ချက်ရှူကာ ဖြည်းဖြည်းပြန်မှုတ်ထုတ်လိုက်ရင်း ဘ၀တစ်သက်တာကာလကို ဖြတ်သန်းခဲ့ရသလို ခံစားလိုက်မိသည်။

သူ့အိမ်လေးက ရှုပ်ပွမနေပါ။ နာမည်ကျော်ကြားသည့် ပြုပြင်တည်ဆောက်ရေးကုမ္ပဏီ၏ စစ်မှန်သောလက်ရာဖြစ်ပြီး ရှင်းလင်းကာ သေသပ်နေသည်။

စုကျစ်ယန်သည် အခန်းထဲမ၀င်ခင် ရှူးဖိနပ်နှင့်ခြေအိတ်ကို ဦးစွာချွတ်လိုက်သည်။ အခန်းတံခါးကိုပိတ်ပြီးနောက် အိပ်ခန်းမကြီးဆီ တည့်တည့်လျှောက်သွားလိုက်သည်။ အခန်းထဲရှိ ပရိဘောဂများက မပြောင်းမလဲ ရှိနေဆဲပင်။

အချိန်က ၁၁နာရီလောက် ရှိတော့မည်။ ဒီလိုကာလရောက်လျှင် နေရောင်ခြည်သည် တောက်ပနေတတ်ပြီး ကြီးမားသော ပြင်သစ်နိုင်ငံထုတ် ပြတင်းတံခါးများအပေါ် ဖြာကျနေပြီး နွေးထွေးသောလေထုကိုလည်း ပေးစွမ်းလျက်ရှိသည်။

သူ့အိမ်လေး၏နွေးထွေးမှုက 'အယုတာတမာကောင်လင်'၏အိမ်မှ နွေးထွေးမှုနှင့် ကွဲပြားသည်။ ဒီနေရာကပိုပြီး သဘာ၀တရား၏ ကမ္ဘာကြီးနှင့် နီးစပ်သည်လေ။

စုကျစ်ယန်သည် အိပ်ရာပေါ်ထိုင်ကာ ကျောဘက်သို့ လှဲချလိုက်သည်။ သူသည် သက်တောင့်သက်သာရှိသွားဟန်ဖြင့် အိပ်ရာပေါ်တွင် နှစ်ကြိမ်ခန့် လှိမ့်ပစ်လိုက်သည်။

သူဒီနေရာမှာ ရက်နည်းနည်းလောက် ပြန်လာနေရင်ကောင်းမလား။ နှစ်သစ်မရောက်ခင်မှာတော့ မဖြစ်နိုင်သေးပါ။ ကလေးတွေကငယ်ကြသေးသလို သူကလည်း ကလေးတွေကို စောင့်ရှောက်ရမည့်အစား ဗီလာမှာထားခဲ့ရန် စိတ်မပါသေးပါ။ သူတို့ဒီမှာလာနေလျှင် သူတို့၏သားလေးများကို လွမ်းနေရလိမ့်မည်။

နောက်နှစ်နွေဦးလောက်ကျမှ ရက်နည်းနည်းလောက် လာနေလျှင်ရော။ မည်သို့ပင်ဆိုစေ 'အယုတ်တမာကောင်လင်' သဘောတူလိမ့်မည်လို့တော့ သူမသေချာသေးပါ။

ဒါပေမဲ့လည်း လင်ကျန်းရီ သဘောတူ၊ မတူ ဘယ်သူက ဂရုစိုက်မှာတဲ့လဲ။ သူ့ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ နေရဲမှာလား။

စုကျစ်ယန်သည် ထောင်လွှားမောက်မာဟန်ဖြင့် ခေါင်းကိုမော့လိုက်ပြီး 'ဟွန့်'ခနဲ နှာမှုတ်သည်။ သူသည် ချက်ချင်းပင် ပျော်ရွှင်မှုကိုခံစားလိုက်ရပြီး အိပ်ရာမှထကာ အတန်း၌စာရင်းသွင်းပြီးနောက် သူ၀ယ်ခဲ့သော စာအုပ်တစ်ပုံတစ်ခေါင်းကြီးဆီ ဦးတည်လိုက်သည်။

အချိန်အတော်ကြာ လှန်လှောရှာဖွေပြီးနောက် ထိုစာအုပ်များကို သေတ္တာတစ်လုံးဖြင့်ထည့်ကာ အိပ်ရာကုတင်အောက်တွင်ထားမိကြောင်း ရှာဖွေတွေ့ရှိသွားလေပြီ။

ကံကောင်းစွာပင် သေတ္တာကအဖုံးရှိနေဆဲပင်။ မဟုတ်ပါက စာအုပ်များ ဖုန်တက်နေပေော့မည်။

စုကျစ်ယန်သည် ကြမ်းပြင်၌ဒူးထောက်ထိုင်ပြီး သေတ္တာကိုဆွဲထုတ်လိုက်သည်။ သူမပြောချင်ဘူးဆိုလျှင်တောင်မှ တစ်အုပ်လျှင် အများဆုံးတစ်လက်မလောက် အထူရှိသော ထိုစာအုပ်များသည် အနည်းဆုံး ခုနစ်အုပ်၊ ရှစ်အုပ်လောက်ရှိနေသည်။

သူနောက်နှစ်လအတွင်း လေ့လာဖို့ဆိုတာ မများနေဘူးလားလို့...။

စာအုပ်များနှင့် စာရွက်စာတမ်းများကို အိပ်ရာပေါ်တင်လိုက်ပြီးနောက်မှာ သူ့ဖုန်းသံမြည်လာသည်။ လင်ကျန်းရီ၏ဖုန်းနံပါတ်အတွက် သီးသန့်သီချင်းထည့်ထားတာမို့ တီးလုံးသံကြားတာနှင့် သူ့နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွတ်သွားရသည်။

ဖုန်းလက်ခံလိုက်ပြီးနောက် အိပ်ရာပေါ်ထိုင်ကာ ခြေထောက်ကိုချိတ်ထားလိုက်ပြီး မောက်မာ၀င့်ကြွားဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ကိုလွမ်းလို့လား ဥက္ကဌကြီးလင်..."

ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်မှာတော့ လင်ကျန်းရီသည် ဆုံလည်ခုံနောက်ဘက်ကိုမှီထားပြီး တစ်ဖက်သို့လှည့်လိုက်လေသည်။

အလွန်ကြီးမားသော မှန်တံခါးနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး အပြင်ဘက်မှဖြာကျလာသာ နေရောင်ကိုကြည့်ရင်း နူးညံ့စွာဖြေလိုက်သည်။

"ဟုတ်တယ်။ ကိုယ့်ဇနီးလေးကရော ဘာလုပ်နေလဲ..."

"ကျွန်တော်လား...။ အိမ်ပြန်ပြီး စာအုပ်တစ်ချို့ယူနေတာလေ"

စုကျစ်ယန်က သူ့လက်ထဲမှစာအုပ်ကို ဟိုဟိုသည်သည် လှန်လှောသည်။ တခြားစာအုပ်တွေကဲ့သို့ တူညီသောအကြောင်းအရာပါသည့် စာအုပ်နှစ်အုပ်ကို ဖယ်ကာ နေရာမှာပြန်ထားလိုက်သည်။

စာအုပ်ငါးအုပ်သာယူသွားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ စာအုပ်တွေကလေးသည်မို့ အသုံးမ၀င်ပါက ဘာလို့များ အလေးခံပြီးသယ်သွားနေဦးမှာလဲလေ။

"စာအုပ်တွေသွာယူတယ်ဆိုတာက ဘာကိုပြောတာလဲ"

လင်ကျန်းရီက စူးစမ်းချင်စိတ်ပြင်းပြစွာ မေးလာသည်။

"စာမေးပွဲအတွက် လေ့လာရမဲ့စာအုပ်တွေလေ"

"မင်းဘယ်မှာသွားယူတာလဲ"

လင်ကျန်းရီ မတ်မတ်ရပ်လိုက်မိချေပြီ။

"ပိတ်ရက်ကျမှ ကိုယ်တို့အတူသွားယူလို့ရတာပဲကို။ ဘာလို့ပိတ်ရက်ရောက်တဲ့အထိ မစောင့်တာလဲ။ မင်းနဲ့အတူ ဘယ်သူပါလာလဲ။ မင်းနဲ့ဘယ်သူလုက်လာလဲ။ အန်ကယ်လ်လီလား..."

စုကျစ်ယန်သည် အောင်ပွဲခံလိုဟန်ဖြင့် ခေါင်းကိုမော့လိုက်သည်။

"ဘယ်သူမှမပါဘူး။ ကျွန်တော်ကားမောင်းတတ်တယ်လေ။ ဒီတော့ကိုယ့်ဘာသာပဲလာလိုက်တာ။ မားကကျွန်တော့်ကို သော့အတွဲလိုက်ပေးလိုက်တယ်လေ။ အဲဒါနဲ့ ငွေနဲ့မီးခိုးရောင်စပ်တဲ့ မာစီးဒီးကိုပဲ မောင်းလာလိုက်တယ်။ ဒီနေ့က အင်္ဂါနေ့ဆိုတော့ ပိတ်ရက်ရောက်ဖို့က ရက်အတော်လေးစောင့်ရဦးမှာ။ အဲဒါဆို လေ့လာရမဲ့အခွင့်အရေးကို ဖြုန်းတီးသလိုပဲလေ။ ကျွန်တော်စာမေးပွဲအောင်ဖို့အခွင့်အရေး နည်းလေလေ ခရစ်စမတ်နဲ့ ခရစ်စမတ်အကြိုကို ခင်ဗျားနဲ့အတူအခိျန်ဖြုန်းဖို့ အခွင့်အရေးနည်းလေလေပဲနော်။ ခင်ဗျားပျော်မှာလား။ ဟမ်...။ ခင်ဗျားပျော်မယ်ဆိုရင် စာအုပ်တွေမယူဘဲ အိမ်တန်းပြန်လိုက်တော့မယ်"

လင်ကျန်းရီသည် ပြောစရာစကားမဲ့သွားကာ ဒီကောင်ငယ်လေးဆီမှ အနိုင်ယူခံလိုက်ရသလို ခံစားမိသည်။ သူလေးတွဲ့စွာ သက်ပြင်းချလိုက်သည်။

"ဒါဆို အိမ်ပြန်တဲ့အခါ အလျင်စလိုမလုပ်နဲ့။ ပြီးတော့... ဒီမနက် ဆေးသောက်ပြီးပြီလား"

"အာ... ကျွန်တော်မေ့သွားပြန်ပြီ။

စုကျစ်ယန်သည် လင်ကျန်းရီမမြင်နိုင်သော်ငြား သူ့ခေါင်းကိုကုတ်ကာ လျှာထုတ်လိုက်သည်။

"မင်းကတော့လေ..."

"ဒီမနက်တုန်းက ခင်ဗျားကျွန်တော့်ကို သတိမှမပေးတဲ့ဟာကို"

စုကျစ်ယန်က ယုံကြည်မှုရှိရှိပင် ချေပသည်။ ကြည့်ပါလား။ အဲဒီ့ကိစ္စက လင်ကျန်းရီရဲ့ အပြစ်တောင်မှ ဖြစ်သွားပါသေး...။

"အေးပါကွာ...။ ကိုယ်နောက်မှ ဖုန်းခေါ်လိုက်မယ်နော်။ စာအုပ်တွေအရင်ယူပြီး ပိုအရေးကြီးတဲ့ကိစ္စကိုလုပ်။ ပိတ်ရက်ကျမှ ပိုကောင်းတဲ့ ကိုးကားစာအုပ်တွေရွေး၀ယ်ဖို့ မင်းနဲ့အတူ လိုက်ပေးမယ်။ နေ့လယ်စာစားပြီးမှ ဆေးသောက်ဖို့ လှမ်းသတိပေးမယ်နော်။ ဟုတ်ပြီလား"

လင်ကျန်းရီက ညှိနှိုင်းသည်။

"အင်း... ခင်ဗျားဆီကဖုန်းကောလ်ကိုစောင့်နေမယ်။ ဖုန်းချလိုက်တော့မယ်နော်"

"မချနဲ့ဦး"

လင်ကျန်းရီ၏လေသံက နူးညံ့နေကာ သူအသနားခံလိုက်သည်။

"ဇနီးလေး... ကိုယ့်ကို အနမ်းလေးတစ်ပွင့်လောက် စွန့်ကြဲပါဦး"

စုကျစ်ယန် လျှာကိုတောက်လိုက်သော်လည်း သည်လူ့ကို ပြစ်ဒဏ်မှ လျှော့ပေါ့ပေးလိုက်သည်။ ဖုန်းနှင့်မျက်နှာချင်းဆိုင်လိုက်ပြီးနောက် ဖုန်းမချခင်လေးမှာ 'မွ'ဟူသောအသံလေးဖြင့် သူနမ်းလိုက်ပါ၏။

ပျော်မြူးဟန်ဖြင့် လက်ထဲတွင်ဖုန်းကိုင်ထားသော လင်ကျန်းရီ၏မျက်နှာတွင် ကျေနပ်သောအပြုံးကြီးဖြစ်ပေါ်လာသည်။

စုကျစ်ယန်လည်းပြုံးကာ 'အယုတ်တမာလင်'ဟူ၍ ပြောလိုက်ပါလေသည်။

********

TN - ဟိုးအရင်တုန်းကနဲ့ယှဉ်ရင် စုကျစ်ယန်တစ်ယောက် အတော်လေး ပျက်စီးလာတာနော်။ ဟိုတစ်ယောက်ကလည်း အလိုလိုက်သလားမမေးနဲ့။ လင်ကျန်းရီလို ချစ်သူမျိုး လိုချင်နေကြပြီမလားေ၀့။


You are reading the story above: TeenFic.Net