အခန်း ၁၁၀။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီမှ တောင်းဆိုမှုတစ်ခု

Background color
Font
Font size
Line height

အခန်း ၁၁၀။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီမှ တောင်းဆိုမှုတစ်ခု

ယဲ့ရှော်နှင့်နှုတ်ဆက်ပြီးနောက် စု န်သည် လက်ထဲတွင် ၀ိုင်ခွက်ကိုကိုင်ထားရင်း နံရံတစ်ခုဆီသို့ မှီလိုက်မိတော့သည်။ တစ်ငုံသောက်လိုက်ပြီးနောက် သူ့လက်ချောင်းများမှာ နားလည်ရန်ခက်ခဲနေသော၊ ရှုပ်ထွေးနေသော မျက်နှာအမူအရာနှင့်အတူ တုန်ရီနေသည်။

သူ့ရဲ့ မိသားစုအမည်က 'စု'...။ တစ်ကယ်ကြီး 'စု' တဲ့။

သူက.... သူ့သားပဲ။

လွန်ခဲ့သော နှစ်တစ်ချို့ကို ပြန်သွားမည်ဆိုလျှင်... သည်ကလေးကို သူဂရုမစိုက်မိခဲ့ချေ။ တစ်ကယ်တမ်းတော့ သူ့မှာသားတစ်ယောက်ရှိသည်ကိုပင် မေ့လျော့နေခဲ့တာဖြစ်သည်။

မမျှော်လင့်ဘဲ ဒီနေ့တော့ သူ... ထိုသူနှင့်ဆုံမိခဲ့လေပြီ။ အကြည့်တစ်ချက်နှင့်ပင် သူ့ကိုမှတ်မိသည်။

မိဘမဲ့ဂေဟာ၏တံခါးရှေ့၌ ထိုကလေးကိုထားခဲ့သည်မှာ နှစ်ဆယ့်သုံးနှစ်ရှိခဲ့လေပြီ။

ကျစ်ယန်... ကျစ်ယန်...။

စုယန်သည် ဤနာမည်ကို ရင်ထဲမှထပ်ခါတလဲလဲရေရွတ်ရင်း ထိုနာမည်ကိုရေရွတ်လိုက်တိုင်း အပြစ်ရှိသည့်စိတ်ကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

သူ... သူ ဒီကလေးအပေါ် အမှားကျူးလွန်မိခဲ့သည်။

စုယန်သည် အံ့အားသင့် ထိတ်လန့်နေမှုကြောင့် လင်ကျန်းရီနှင့်တွေ့ကာ 'စု'၏ရှယ်ယာများကို ၀ယ်ယူနေသည့်ကိစ္စအကြောင်း ဆွေးနွေးရန်ကိုပင် မေ့လျော့သွားရလေသည်။

ပြန်ပြောရသော်...။

စုကျစ်ယန်သည် နေမကောင်းမှုတစ်ခုကြောင့် ဆေးရုံတက်ကာအသေးစား ခွဲစိတ်ကုသမှုလုပ်ရချိန်၌ အသက်တစ်နှစ်သာ ရှိသေးသည်။

ထိုအချိန်က စုကျစ်ယန်၏ခန္ဓာကိုယ်မှာ ထူးခြားသော အခြေအနေမှာရှိကြောင်း ဆရာ၀န်က ပြောလာသည်။

၎င်းဟာ ပုန်းကွယ်နေသော နှစ်ထပ်ကွမ်းတည်ဆောက်ပုံတစ်ခုဖြစ်ပြီး ယောကျ်ားလေးလည်းမဟုတ် မိန်းကလေးလည်းမဟုတ်သော မကောင်ဆိုးဝါးတစ်ကောင်နှင့် တူသည်။

ထိုအချိန်က စုမိသားစုသည် အထက်တန်းလွှာ၌ ခိုင်မြဲသောနေရာမှာ ရပ်တည်နေခဲ့သည်။ စုယန်ကလည်း ဂုဏ်သတင်းမွှေးသည်။

ဒီလိုသားလေးမွေးထားတာကြောင့် သူတို့အဝိုင်းထဲတွင် ဟားတိုက်အရယ်ခံရမည်ဆိုတာ သူသေချာသိခဲ့သည်။

ထို့ပြင် ဇနီးသည်ကလည်း ကိုယ်၀န်ငါးလရှိနေခဲ့ပြီ။ ထို့ကြောင့် မိသားစု၏အမွေကို ဆက်ခံရန်အတွက် ဒုတိယကလေးရောက်ရှိလာရမည့် အချိန်ပင်။

စိတ်ထဲတွင်တွေးတောရင်း စုယန်သည်အံတင်းတင်းကြိတ်ကာ အကြင်နာမဲ့စွာပင် မိဘမဲ့ဂေဟာ၏တံခါးရှေ့၌ သတိလစ်မေ့မြောနေသော စုကျစ်ယန်ကို စွန့်ပစ်ခဲ့သည်။

ချက်လက်မှတ်တစ်ခုနှင့် သူ့အမည်ပါသောလည်ဆွဲတစ်ခုကို အနှီးအ၀တ်ထဲ၌ ထည့်ပေးခဲ့သည်။

သူရင်မနာဘူးဆိုလျှင် မှားလိမ့်မည်ပင်။ နောက်ပိုင်းမှာ သူနောင်တရခဲ့သည်။ သို့သော် စုယန်သည် သူ့ကလေးကိုပြန်ခေါ်ဖို့ရာ မိဘမဲ့ဂေဟာကို မသွားခဲ့ချေ။

သူ့ဇနီးကိုလည်း ကလေးသည် အဖျားဒဏ်ကြောင့် သေဆုံးသွးပြီဟုသာ ပြောထားခဲ့သည်။ သူ့ဇနီးကို အမှန်တရားအကြောင်း အနည်းငယ်ပင် မပြောရဲချေ။

စိတ်ကြေကွဲနာကျင်မှုကြောင့် ဗိုက်ထဲကကလေး ထိခိုက်မည်ကိုသာ ကြောက်ရွံ့နေခဲ့သည်။

စုယန်၏ဇနီးမှာ ပထမကလေးသေပြီဟူသော စကားကြောင့် အချိန်အတော်ကြာ ငိုကြွေးခဲ့သည်။ သူမကိုယ်၀န်ရှိနေတာကြောင့်သာမဟုတ်လျှင် သူမစိတ်ဓာတ်ကျပြီး ဒီအခက်အခဲကနေ ပြန်မထနိုင်တော့မှာကို သူကြောက်မိသည်။

ဒါက ဘာကြောင့် စုမားမာက သူသမီးကို စုကျစ်ချီလို့ နာမည်ပေးခဲ့တာလဲဆိုတာရဲ့ အကြောင်းပြချက်ပဲဖြစ်သည်။

စုမားမာသည် သူမနာမည်ကို ခေါ်လိုက်သည့်အချိန်တိုင်း သူမ၏ဆုံးပါးသွားသော သားလေးကို မတွေးမိဘဲမနေနိုင်ပေ။

ဒါကလည်း ဘာကြောင့် စုကျစ်ကျီကို အလွန်အမင်း တုန်နေအောင်ချစ်ရခြင်း၏ အကြောင်းပြချက်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏သားအပေါ်ထားသည့် အချစ်မေတ္တာအားလုံးကို သမီးအပေါ်လွှဲပြောင်းလိုက်ခြင်းသာ။

သူမတို့၏ ဒုတိယကလေးမှာ သမီးလေးဖြစ်တာကြောင့် စုယန်အနည်းငယ်တော့ စိတ်ပျက်မိသည်။ သူ့ဇနီးကို နောက်ထပ်ကလေးယူရန် ဖျောင်းဖျသော်လည်း စုမားမာက သဘောမတူပေ။

သူမသည် သူမ၏အချစ်အားလုံးကို သမီးလေးဆီမှာသာ ရှိစေတော့မည်ဟုပြောသည်။ သူမကိုယ်၀န်ဆောင်နေစဉ်အတွင်း ဂရုမထားမှုကြောင့် သမီးလေးကို ပျက်ကျစေမိပါက သူမဘယ်တော့မှ နာလန်ထူနိုင်တော့မည်မဟုတ်ပေ။

စုယန်သည် ရွေးချယ်စရာမရှိတော့ပြီမို့ ထိုအမှန်တရားကိုတဖြည်းဖြည်း လက်ခံလိုက်ရသည်။ ကံကောင်းထောက်မ၍ စုကျစ်ချီသည် အလွန်ဉာဏ်ကောင်းကာ ဆွဲဆောင်မှုရှိရှိ ကြီးပြင်းလာခဲ့သည်။

သူမသည် ရဲရင့်ကာ အကြင်နာကင်းသည်။ သူမလိုချင်တာမှန်သမျှ ရအောင်ကြံဆောင်တတ်သည်။ သည်လိုစရိုက်မျိုးမှသာ စီးပွားရေးလောကနှင့် ပို၍အံ၀င်ခွင်ကျမှာဖြစ်သည်။

သူ၏ဘ၀ကို သမီးငယ်အပေါ်၌ အားကိုးအားထားပြုနိုင်မည်ဟု စုယန် တွေးခဲ့သည်။ သို့သော် လွန်ခဲ့သောတစ်နှစ်က သူ့သမီးငယ် လုံး၀ကို ဆင်ခြင်တုံတရားကင်းမဲ့သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူမသည် လင်ကျန်းရီကို စွဲလမ်းနေကာ ၎င်းကပင် 'စု'ကုမ္ပဏီကို လင်ကျန်းရီ၏ပစ်မှတ်အဖြစ်သို့ ခိုင်မြဲစွာ ရောက်ရှိသွားစေသည်။ သည်လိုသာဆက်ဖြစ်နေလျှင် သူ့မိသားစုလုပ်ငန်းမှာ လုံး၀ကိုဖျက်ဆီးခံရတော့မည်ပင်။

ထို့ကြောင့် မိသားစုနှစ်စု နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့သည်ကို ထောက်ထားပြီး တိုက်ခိုက်နေသည်တို့ကို ရပ်တန့်ပေးရန်၊ ရှေ့မျက်နှာနောက်ထားကာ လင်ကျန်းရီကို တောင်းပန်ရန်အတွက် လာခဲ့တာဖြစ်သည်။

သို့စေကာမူ သည်နေရာတွင် စုကျစ်ယန်နှင့် ဆုံတွေ့ရလိမ့်မည်ဟု လုံး၀ကို မမျှော်လင့်ထားမိပေ။

သူ့သား.... သူစွန့်ပစ်ခဲ့သော ထိုသားသည် ယောကျ်ားတစ်ယောက်အဖြစ် ကြီးပြင်းလာကာ ထင်ရှားကျော်ကြားသူများ၊ ရုပ်ှင်လောကမှ ငွေကြယ်ပွင့်များ၊ အဆိုရှင်များနှင့်သိကျွမ်းနေသော ကျော်ကြားသည့် ခေါင်းဆောင်ဓာတ်ပုံဆရာပင် ဖြစ်နေလေပြီ။

သူကတော့လေ လက်ဖျားခါလောက်ပါရဲ့။ မျက်စိကျိန်းလောက်ပါရဲ့။

သူတောင်မှ...

သူတောင်မှ လက်ထပ်ပြီး ကလေးရနေပြီပဲ။

စောနကကြားခဲ့သော ကျစ်ယန်နှင့် ယဲ့ရှော်တို့အကြားရှိ စကား၀ိုင်းအရ ကျစ်ယန်ရဲ့ သက်ဆိုင်သူဟာ ကျစ်ယန်ကို အမျိုးသမီးအနေဖြင့် လက်ထပ်ခဲ့တာဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ရှော်က ကျစ်ယန်ကို 'နေပြန်ကောင်းသွားပြီလား'ဟု မေးခဲ့တကြောင့်ပင်။

ထိုစကားက ရည်ညွှန်းနေခဲ့သည်။ သူ့သားက တစ်ကယ်ပဲ တခြားယောကျ်ားတစ်ယောက်ရဲ့ကလေးကို အဲဒီ့လိုခန္ဓာကိုယ်နဲ့ မွေးဖွားပေးခဲ့တယ်ဆိုတာကိုပေါ့။

သူ့ရဲ့ပါတနာက ယောကျ်ားလေးတစ်ယောက် ကလေးမွေးတဲ့အပေါ် မကြောက်ဘူးလားမသိ။ ကျစ်ယန်က သူ့သူငယ်ချင်းနဲ့ ဒီလိုအကြောင်းတွေကို ရယ်ရယ်မောမောနဲ့တောင် ပြောနိုင်နေသေးရဲ့။ ဒီကိစ္စကိုပြောရတာတောင် ရှက်စိတ်ကို မခံစားသင့်ဘူးလား။

စုယန်သည် ထောင့တစ်နေရာတွင် အံတြုန်လှုပ်ကာ မတ်တပ်ရပ်နေသည်။ ထို့နောက် သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့်ဖြစ်တည်လာကာ ၎င်းမှာ စိတ်ပင်ပန်းနေပုံရသည်။

နှစ်ဆယ့်သုံးနှစ်ကြာပြီးနောက် ယနေ့ကမ္ဘာကြီးက ထိုကဲ့သို့ ထူးဆန်းခြင်းကို ဂုဏ်သရေညှိုးနွမ်းခြင်းဟု မတွေးတော့တာ ဖြစ်ကောင်းဖြစ်နိုင်မလား။

-------

စုကျစ်ယန်သည် သန့်စင်ခန်းသို့ရောက်သည်နှင့် သူ့အ၀တ်များပေါ်မှ ခရင်မ်များကို ရေဆေးချလိုက်သည်။ သို့သော် ရငဘတ်အနီးဧရိယာမှာတော့ နောက်ဆုံးရလဒ်အဖြစ် စိုစွတ်သွားရလေသည်။

ထို့ကြောင့် အပြင်အပေါ်၀တ်ကုတ်အကျႌကို ၀တ်ထား၍မရတော့ပေ။ စုကျစ်ယန်သည် ၎င်းကိုရိုးရှင်းစွာပင် ချွတ်ပစ်လိုက်ကာ သူ့လက်ပေါ်တွင်တင်ထားပြီး သူ၀တ်ဆင်လာခဲ့သော two-piece suit မှ အပြာနုရောင်ရှပ်အတိုင်းသာ ထွက်လာခဲ့သည်။

ထို့နောက် စုကျစ်ယန်သည် သန့်စင်ခန်းတံခါး၌ လူတစ်ယောက်နှင့် ၀င်တိုက်မိမလိုဖြစ်သွားရတာကြောင့် ခြေလှမ်းတို့ကို ပြန်ဆုတ်လိုက်ရသည်။

သူ့ရှပ်အပေါ်သို့ တစ်စုံတစ်ရာ ထပ်မံ၍ပေကျံသွားပါက ကိုယ်တစ်ပိုင်းဗလာဖြစ်ရုံကလွဲလို့ ရွေးစရာရှိတော့မည်မဟုတ်ပေ။

သူနှင့်တိုကိမိမလိုဖြစ်သွားသည့်လူသည် အလွန်အမင်းမူးနေသော လူ၀ကြီးတစ်ယောက်ဖြစ်ကာ တံခါးအတွင်းသို့ အလျငိအမြန်၀င်လာသည်။

ထိုသူသည် သန့်စင်ခန်းထဲရောက်ပြီး မကြာမီပင် အန်ဖို့ရာ ဘေစင်ဆီသို့ အပြေးအလွှားသွားတော့သည်။ စုကျစ်ယန်သည် ထိုသူ၏မျက်နှာကို မှန်ထဲမှတစ်ဆင့်ကြည့်လိုက်သည်။

ထိုသူသည် သူ၏လုပ်ဖော်ကိုင်ဖက်ဖြစ်သော လင်ခိုင်ဖြစ်သည်။

ိုအချိန်မှာပင် လင်ခိုင်သည်လည်း စုကျစ်ယန်ကို မြင်သွာခဲ့လေသည်။ သူသည် စုကျစ်ယန်ကို စူးစိုက်စွာ ဂရုတစိုက်လေ့လာလိုက်သည်။

သူ၏ကျဆင်းနေဆဲ တံတွေးများကို လျစ်လျူရှုကာ ခေါင်းကိုလှည့်ပြီး မေးလိုက်သည်။

"ကျစ်ယန်လား... မင်းကကျစ်ယန်မဟုတ်လား"

စုကျစ်ယန် ပြုံး၍ခေါင်းညိတ်လိုက်သည်။

"အင်း... ကျွန်တော်ပါ။ မတွေ့ရတာကြာပြီနော် ခိုင်ကျစ်"

သူသည် ကြီးကျယ်သောကယ်တင်ရှငကို တွေ့လိုက်ရသကဲ့သို့ စုကျစ်ယန်၏ လက်မောင်းကိုဆွဲကာ ထပ်ကာတလဲလဲပြောတော့သည်။

"ကောင်းလိုက်တာ... ကောင်းလိုက်တာ...။ ငါတော့ ဒီနေ့ ကယ်တင်ခံလိုက်ရပြီပဲ"

"ဘာကိစ္စလဲ။ တစ်ခုခု ဖြစ်လို့လား။ ဘာလို့ ဒီလောက်အများကြီးသောက်ထားရတာလဲ"

စုကျစ်ယန်သည် နှာခေါင်းအတွင်း တိုးေ၀့ှ၀င်လာသော အရက်နံ့များကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

သူ့အနေဖြင့် သည်လိုအချိန်အခါမျိုးနှင့် မကြုံကြိုက်သည်မှာ အတော်ကြာခဲ့လေပြီ။ ကြံ့ကြံ့ခံရန် ကြိုးစားသော်လည်း အသုံးမ၀င်ပါ။

လင်ခိုင် အနည်းငယ်တည်ငြိမ်သွားလေပြီ။ စုကျစ်ယန်နှင့် မျက်နှာချင်းဆိုငကာ အာပေါင်အာရင်းသန်သန်မပြောမီ သူ့ပါးစပ်နှင့်မျက်နှာကို ရေဖြင့်ဂရုတစိုက်ဆေးကြောကာ သူ့ကိုယ်သူတည်ငြိမ်စေလိုက်သည်။

"ကျစ်ယန်... မင်းမသိလို့။ မင်းခွင့်တင်သွားပြီးကတည်းက ကုမ္ပဏီက ကင်မရာအလုပ်ကိစ္စနဲ့ ရှုတင်တွေကို ငါ့လက်ထဲ အပ်လိုက်တော့တာပဲ။ မင်း ငါ့ရဲ့လုပ်နိုင်စွမ်းကို သိသင့်တယ်ကွာ။ အဲဒီ့လောက်စကေးလေးက မလုံလောက်ဘူးဟ။ ငါ့ကျွမ်းကျင်မှုစကေးက မင်းနဲ့ယှဉ်လို့မရဘူး။ တစ်ခါတစ်လေကျ မော်ဒယ်လ်က တအားကြေးများတာပဲ။ ပြီးတော့ ငါကတအား၀ပြီး ရုပ်ဆိုးတော့ သူတို့ကငါနဲ့ ကောင်းကောင်း မပူးပေါင်းချင်ကြဘူးလေ။ ဒီတော့ ငါဘာကိုမှ ကောင်းကောင်းမရိုက်ယူနိုင်ဘူးကွ။ သူတို့က ငါ့ကိုပြောင်လှောင်ဖို့၊ လှည့်စားဖို့ အခွင့်အရေးကိုပဲ အမြဲချောင်းနေကြတာ။ ဒီနေ့ ငါအတော်လေးဆက်ဆံရခကတဲ့ ကြယ်တစ်ပွင့်နဲ့ ဆုံခဲ့ရတယ်။ တစ်ခါတည်းနဲ့ ၀ိုင်တွေအများကြီးသောက်ရတယ်။ သည်းခြေအိတ်ပေါက်လောက်တဲ့ထိ ငါအန်မိခါနီးပဲ။ ဒီည ရိုက်ကူးတာမပြီးရင် လောင်ရှက ငါ့ကိုလစာဖြတ်မှာကွ"

ယခင်က စုကျစ်ယန်သည်လည်း ပြဿနာရှာတတ်သော ဆယ်လီတွေနှင့် ဆုံခဲ့ဖူးည်။ သူတို့သည် သွေးကြီးကြပြီး ပုံမှန်အားဖြင့် သူတို့၏ကျော်ကြားမှုအတွက် ရိုက်ကူးရသော ဓာတ်ပုံဆရာများကို နှိမ့်ချတတ်သည်။

ဓာတ်ပုံဆရာများသည် သူတို့ကိုဓာတ်ပုံရိုက်ကာ ကိုယ်တိုင်အတွက် အခြားသောအကျိုးအမြတ်ယူသည်ဟု သူတို့အမြဲတွေးကြသည်။

ထို့ကြောင့် သူတို့အများစုမှာ သူနှင့်အတူ ပူးပေါင်းဆောင်ရွက်တာမျိုးတောင် မလုပ်ချင်ကြဘဲ ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာကြတော့သည်။ စုကျစ်ယန်သည် ထိုသူတို့ကို အလုပ်ကိုအကောင်းဆုံးကြိုးစားပြီး ဓာတ်ပုံလှလှလေးတွေရိုက်ပေးနေကြောင်း ပြောချင်သည့်အချိန်တွေရှိခဲ့ဖူးသည်။

ဒီတော့ သူတို့တွေက ဘယ်သူတွေမို့လို့ ဒီလောက်တောင် ဘဝင်မြင့်နေရတာလဲ။ သူတို့ကုမ္ပဏီကို ကျောထောက်နောက်ခံပြုထားတာက သူတို့အတွက် အရမ်းကောင်းတယ်လို့ ထင်နေတာလား။

သို့သော် စုကျစ်ယန်၏ ဓာတ်ပုံပညာသည် အလွန်ကောင်းမွန်သောကြောင့် အခြေခံအားဖြင့် သူ့ကို ပြဿနာရှာလိုသူများသည် သူတို့၏ကြိုးပမ်းမှု၌ အောင်မြင်မည်မဟုတ်ပေ။

သူတို့သည် သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုသော်လည်း စုကျစ်ယန်ကတော့ ထိုအခွင့်အရေး၏ တစ်ရာခိုင်နှုန်း သို့မဟုတ် တစ်ထောင်ကျော်ကို ဆုပ်ကိုင်ထားလိမ့်မည်မဟုတ်ပေ။

ဂရုတစိုက်တည်းဖြတ်ပြီး ချိန်ညှိမှုများ ပြုလုပ်ပြီးနောက်တွင် ဇီဇာကြောင်သူများသည် သူရိုက်ခဲ့သော ဓာတ်ပုံများကို အမြဲကျေနပ်နေမည်ဖြစ်သည်။

လင်ခိုင်သည် စုကျစ်ယန်၏လက်ကို ကိုင်လိုက်ပြီး အဆက်မပြတ် တောင်းပန်လိုက်သည်။

"ကျစ်ယန် ကျေးဇူးပြုပြီး ဒီတစ်ခါလောက်ကူညီပါကွာ။ ဓာတ်ပုံကောင်းကောင်းရိုက်ပြီးတဲ့အခါ ငါမင်းကိုညနေစာလိုက်ကျွေးပါ့မယ်"

"အရမ်းကြီးယဉ်ကျေးမနေပါနဲ့။ ကျွန်တော်ရောက်လာမှတော့ ကူညီပေးမှာပါ။ လာ... ကျွန်တော်နဲ့အတူ တစ်ချက်လောက်သွားကြည့်ရအောင်"

စုကျစ်ယန်သည် လင်ခိုင်၏လက်ကို ပေါ့ပေါ့ပါးပါးပင် ပုတ်လိုက်သည်။

လင်ခိုင်၏နှလုံးသားလေးမှာတော့ သူ့ရင်ဘတ်ဆီပြန်လည်ရောက်ရှိသွားပြီမို့ စုကျစ်ယန်ကို သူ့ရှုတင်ရှိရာဆီ ခေါ်သွားလိုက်သည်။

သွားနေရင်းမှ စုကျစ်ယန်ဟာ နေမကောင်းတာကြာင့် ခွင့်တင်ထားတာဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။ သူစိုးရိမ်တကြီးမေးလိုက်သည်။

"ဒါနဲ့ ကျစ်ယန် ပိုပြီးနေကောင်းသွားပြီလား။ မင်းတစ်နှစ်နီးပါး အားလပ်ရက်ယူထားတာမလား။ မင်းရဲ့အခြေအနေကို သတင်းမေးဖို့ ငါဆက်သွယ်ချိန်မရှိခဲ့လို့ တောင်းပန်ပါတယ်ကွာ။ အခုလည်း အကူအညီတောင်းမိပြန်ပြီ။ ငါ..."

"ကိစ္စမရှိပါဘူး။ ကျွန်တော် အားလပ်ရက်ယူကတည်းက ဖုန်းနံပါတ်ပြောင်းလိုက်တာလေ။ အခုတော့ ပုံမှန်နီးပါး ပြန်ကောင်းနေပါပြီ။ နောက်နှစ်လကျော်လောက်ကျ ပိုကောင်းလာပြီးရင် အလုပ်ပြန်၀င်မှာပါ"

"နှစ်လကျော်လောက်ဆို နှစ်သစ်ကူးနီးပြီပေါ့။ ငါသာဆို နှစ်သစ်ကူးပြီးမှပဲ အလုပ်ပြန်၀င်မိမှာ"

လင်ခိုင်က ပေါကြောင်ကြောင်ပြုံးသည်။ စုကျစ်ယန် ခေါင်းညိတ်သည်။

"မင်းမှန်တယ်။ နောက်ထပ်လ၀က်လောက် ခွင့်တင်ရမဲ့ပုံပဲ"

သည်လိုပြောရင်း စုကျစ်ယန်တစ်ယောက် သိလိုစိတ်ပြင်းပြလာသည်။

"စကားမစပ်... ခေါင်းဆောင်က ကျွန်တော့်အားလပ်ရက်အကြောင်း ဘာပြောသေးလဲ။ ကျွန်တော့်ကိုထုတ်မယ်ပြောလား။ တစ်ခြားတစ်ခုခုလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လင်ခိုင် ခေါင်းခါသည်။

"မင်းက ငါတို့ကုမ္ပဏီရဲ့ ဦးစားပေးခံရသေူလေးပဲဟာ။ တစ်နှစ်မပြောနဲ့။ နှစ်နှစ်ခွင့်ယူရင်တောင်မှ သူတို့က မင်းပြန်လာချိန်ကျရင် လက်မောင်းတွေအကျယ်ကြီးဆန့်ပြီး ကြိုနေကြဦးမှာ။ မစိုးရိမ်စမ်းပါနဲ့။ မင်းရဲ့အရည်အချင်းနဲ့ဆို ကုမ္ပဏီကမင်းကို တခြားမှာအလုပ်သွားရှာခွင့် ပြုမှာမဟုတ်ဘူး"

စုကျစ်ယန်ပြုံးသည်။

"ကျွန်တော်လည်း မျှော်လင့်ထားတာပဲ"

လင်ခိုင်ပြောသည့်ရှုတင်ဆိုသည်မှာ တစ်ကယ်တမ်းတော့ ပါတီတက်လာသည့် ကြယ်ပွင့်များအကြား အတိုအထွာတုံ့ပြန်မှုများကို ရိုက်ယူရန်ပင်။

ကျော်ကြားလျက်ရှိသော ရုပ်ရှင်မင်းသား ခန်းယွီကျောက်ကို အဓိကထား ရိုက်ကူးသင့်ကြောင်းနှင့် အခြား 2 line သရုပ်ဆောင်လေးများက အနှောင့်အယှက်ပေးလိမ့်မည်ဖြစ်ကြောင်း ကုမ္ပဏီက ညွှန်ကြားထားပြီးသားပင်။

ယခု လင်ခိုင်သည် ပုံအနည်းငယ်ခန့် ရိုက်ကူးပြီးလေပြီ။ ထိုကြယ်ပွင့်များကလည်း တစ်လျှောက်လုံး သူ့ကိုကျီစယ်ကြသည်။ သူက၀ကာ အရပ်ပုသည်မို့ လူတွေကို ချစ်ဖို့ကောင်းသည့်ခံစားချက်ပေးစွမ်းပြီး ကောင်းမွန်သောစိတ်အခြေအနေကို ရရှိစေသည်။

အချို့သောကြယ်ပွင့်လေးများဆီက စနောက်ခံနေရသည်မို့ သူအလုပ်ကိုပြီးအောင် မလုပ်နိုင်တော့ဘဲ လက်သင့်ခံနိုင်လောက်ဖွယ် ပုံကောင်းများလည်း မရတော့ပေ။

ခန်းယွီကျောက်သည် ထိုကြယ်ပွင့်များနှင့် ဓာတ်ပုံအတူရိုက်ခြင်းဟာ သူမ၏ဂုဏ်ကို ဖျက်ဆီးနေသည့်နှယ်ခံစားမိသကဲ့သို့ ကင်မရာမှန်ဘီလူးကို အထင်အမြင်သေးဟန်ဖြင့်ကြည့်သည်။

သူတို့က သူမရဲ့နာမည်ကိုသုံးပြီး ကျော်ကြားမှုနည်းသေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မြှင့်တင်ပေးချင်တာပဲ။ သူမက တုံးအနေလို့လား။

သူမကို အစွမ်းကုန်ကြိုးစားပြီး ပြိုင်ဆိုင်မှုတွေ ပျုပြီးဖန်တီးဖို့၊ အားစိုက်ထုတ်ဖို့ပဲ မျှော်လင့်နေတာလား။

ိုထိုအချိန်၌ပင် လင်ခိုင်သည်သန့်စင်ခန်းတွင်အန်ပြီးပြီမို့ ပြန်လာနေလေပြီ။ ကြယ်ပွင့်လေးများမှာ ချစ်စရာကောင်းပြိီးတုံးအသော ဓာတ်ပံဆရာကို စနောက်ရန် ရည်ရွယ်ချက်ရှိနေဆဲပင်။

သို့သော်လည်း သူမတို့၏မျက်လုံးများမှာ လင်ခိုင်၏ဘေးမှ အတူလိုက်ပါလာသော စုကျစ်ယန်ထံ၌ ကပ်ငြိသွားကြသည်။

ပေါ်လွင်ထင်ရှားတဲ့ပုံစံနဲ့ ဒီအမျိုးသားလေးက ဘယ်နေရာကထွက်လာတာများလဲ။

-----------

Translated by Lay Pyay Yine (team Camomile).

ပြီးခဲ့တဲ့အပိုင်းမှာ မေးခဲ့တဲ့မေးခွန်းရဲ့အဖြေကတော့ သားအဖပါတဲ့ရှင်။ ကျစ်ယန်လေးရဲ့ သူ့မိသားစုအပေါ် တုံ့ပြန်ချက်က ဘယ်လိုရှိမယ်ဆိုတာကတော့ အတူတူစောင့်ကြည့်ကြတာပေါ့နော်။

ပြီးတော့ လေပြည့် trans work အသစ်လေး 'အစားထိုးချစ်သူ' ကိုလည်း ဖတ်ပေးကြပါဦး။

ကျစ်ယန်လေးတို့ကတော့ နောက်အပတ်မှာ ပြန်ဆုံကြမယ်နော်။ ဘိုင့်ဘိုင်


You are reading the story above: TeenFic.Net