အပိုင်း(၈) Unicode

Background color
Font
Font size
Line height

ရှောင်းကျန့်စီးကရက်တစ်လိပ်ကိုကိုင်သောက်နေရင်း ငွေထုတ်စက်တစ်ခုရှိရာသို့လျှောက်လာ​သည်။ဘောင်းဘီအိတ်ကပ်ထဲသို့လက်လျှိုသွင်းလိုက်ကာ ပိုက်ဆံအိတ်ကိုထုတ်ယူလိုက်​၏။အထဲကဘဏ်ကတ်တစ်ခုကိုယူပြီးငွေထုတ်စက်ထဲသို့ထည့်၍လိုချင်သည့်ပမာဏကိုရိုက်နှိပ်လိုက်​သည်။

"တီ...တီ...တီ...Error..."

Error ဆိုသည့်အချက်ပေးသံနှင့်အတူ ငွေထုတ်စက်​၏မျက်နှာပြင်တွင် "ငွေထုတ်ခြင်းမအောင်မြင်ပါ"ဆိုသည့်စာတန်းပါထွက်လာသည့်အခါ ရှောင်းကျန့်မျက်ခုံးများကိုတွန့်ချိုးလိုက်သည်။ နောက်တစ်ကြိမ်ထပ်ကြိုးစားလိုက်သည့်အခါတွင်လည်းပထမတစ်ခေါက်လိုပဲဖြစ်နေသည့်အခါ ပိုက်ဆံအိတ်ထဲက ဘဏ်ကတ်နောက်တစ်ကတ်ကိုထုတ်လိုက်သည်။

"Error..."

"Error..."

"Error..."

"ဘုန်း...! "

ရှိသမျှ ဘဏ်ကတ်သုံးခုလုံးက Error တက်နေသည့်အခါ ရှောင်းကျန့်ဒေါသထွက်လာကာ ငွေထုတ်စက်ကိုခြေထောက်နဲ့လွှဲကန်လိုက်​သည်။သောက်လက်စစီးကရက်ကိုလည်းမြေကြီးပေါ်ပစ်ချလိုက်ပြီးဖိနပ်ဖြင့်ဖိချေလိုက်​၏။မီးခိုးရောင်ဆံပင်တွေကိုပွသထက်ပွအောင်ကြမ်းကြမ်းတမ်းတမ်းဖွ၍ဖုန်း Contact list ထဲက ဖုန်တက်နေသောနာမည်တစ်ခုကိုနှိပ်လိုက်သည်။

"တူ...တူ...တူ..."

ဖုန်းဝင်သွားပြီးမကြာမီမှာပင်တစ်ဖက်ကဖုန်းကိုင်သည်။

"နောက်ဆုံးတော့ သတိတရဖုန်းလှမ်းဆက်ပြီပေါ့..."

"အဲ့လောက်ထိလုပ်မှဖြစ်မှာလား..."

"အဲ့လိုလုပ်မှ ဖုန်းခေါ်လာတာမဟုတ်ဘူးလား...မင်းငါတို့ လင်မယားကို နည်းနည်းလေးတောင်မလွမ်းဘူးလား...ပြန်ရောက်နေတာတစ်လကျော်ပြီ တစ်ခါလေးတောင်လာမတွေ့ဘူး..."

"လွမ်းတယ်လို့ပြောရင် ဘဏ်ကတ်တွေပြန်ဖွင့်ပေးမှာလား..."

"ငါးရက်...ငါးရက်တိတိ ညနေစာပြန်လာစား..."

"ကောင်းပြီလေ လောလောဆယ်တော့ ကားခမရှိလို့ အခေါ်လွှတ်လိုက်..."

လက်ရှိနေရာမှာရှောင်းကျန့်စောင့်နေရင်း တစ်နာရီလောက်မကြာခင်မှာပဲ အနက်ရောင်ကားတစ်စီးကလမ်းမကြီး​၏ပလက်ဖောင်းဘေးတစ်နေရာသို့ထိုးစိုက်လာသည်ကိုမြင်သည့်အခါထိုကားရှိရာသို့လျှောက်သွားလိုက်သည်။ ဒရိုင်ဘာကတံခါးဖွင့်ပေးဖို့ပင်မပြင်ရသေး ကားတံခါးကို ကိုယ်တိုင်ဖွင့်ကာ ကားအရှေ့ခန်း၌ဝင်ထိုင်လိုက်​၏။

ကားပေါ်လိုက်ပါလာရင်းကုန်စုံဆိုင်တစ်ခုကိုလှမ်းတွေ့လိုက်သည့်အခါ ဒရိုင်ဘာကိုရှောင်းကျန့်ရပ်ခိုင်းလိုက်ကာ...

"စီးကရက်တစ်ဘူးဆင်းဝယ်ပေးနိုင်မလား...ကျသင့်ငွေကိုတော့ခဏစိုက်ထား..."

ရှောင်းကျန့်​၏ အလိုကို ဒရိုင်ဘာကငြင်းဆန်ခြင်းမရှိဘဲချက်ချင်းပင်ကားထဲမှထွက်ကာကုန်စုံဆိုင်ဘက်ကိုလျှောက်သွားလိုက်သည်။ကုန်စုံဆိုင်ထဲကိုဒရိုင်ဘာရောက်သွားသည်ကို ရှောင်းကျန့်အတည်ပြုလိုက်ပြီးနောက် ထိုင်နေသည့်ဘေးခုံကနေ ကားမောင်းသူနေရာသို့ပြောင်းထိုင်လိုက်သည်။

ပြီးနောက်အချိန်မဆွဲဘဲ လီဗာကုန်တင်မောင်းကာ သူစီးနေသည့်ကား brand တွေချည်းပဲပြသရောင်းချသော ကား Show room တစ်ခုဆီသို့ဦးတည်သွားလိုက်​၏။

"အပြင်မှာရပ်ထားတဲ့ကားကို အဟောင်းဈေးနဲ့ပြန်သွင်းချင်တယ်...အောက်ဈေးနဲ့ဆိုလည်းအဆင်ပြေတယ်..."

အရောင်းဝန်ထမ်းလေးက ရှောင်းကျန့်ခေါ်ဆောင်ရာသို့လိုက်ခဲ့ကာ Show room အပြင်ဘက်မှာရပ်ထားသည့်ကားကိုလိုက်ကြည့်လိုက်​၏။အကောင်းစားကားတစ်စီးဖြစ်တာကြောင့် serial နံပါတ်တွေရှိသည့်အခါ tablet ထဲနံပါတ်ရိုက်နှိပ်၍ ဝယ်ယူထားသည့်သက်တမ်း ၊ပိုင်ရှင်အမည် စတာတွေကိုစစ်ဆေးလိုက်သည်။

"စိတ်မရှိပါနဲ့ခင်ဗျ...ဒီကားကို ကျွန်တော်တို့ဘက်ကပြန်လက်ခံလို့မရပါဘူး..."

"ဘာဖြစ်လို့လဲ အဟောင်းတွေပြန်ဝယ်တယ်လို့ မင်းတို့ပဲပြောထားတာမဟုတ်ဘူးလား...မင်းအနောက်က ဆိုင်းဘုတ်တွေလည်းပြန်ကြည့်လိုက်ဦး..."

"ဟုတ်ပါတယ် ခင်ဗျ...စီးပြီးသားကားတွေကိုပြန်သွင်းလို့ရတယ်ဆိုတာမှန်ပါတယ်ခင်ဗျ...ဒါပေမယ့်အခုလူကြီးမင်းစီးလာတဲ့ဒီကားရဲ့ပိုင်ရှင်က ပိုင်ရှင်ကလွဲလို့တခြားသူတွေရဲ့ပြန်လည်ရောင်းချပိုင်ခွင့်ကိုပိတ်ထားပါတယ်...ဒီကလူကြီးမင်းရဲ့နာမည်ကဘယ်လိုခေါ်ပါလဲခင်ဗျ..."

"ရှောင်းကျန့်..."

"ဟုတ်ကဲ့ပါခင်ဗျ...အထူးသဖြင့် ရှောင်းကျန့်ဆိုတဲ့နာမည်နဲ့လာပြန်သွင်းရောင်းချရင် လုံးဝလက်မခံပေးဖို့ ဒီကားပိုင်ရှင်က မှတ်ချက်လည်းရေးထားပါတယ်...ပြီးတော့..."

"တော်ပြီ ဆက်ပြောစရာမလိုဘူး..."

အရောင်းဝန်ထမ်း​၏စကားကို ရှောင်းကျန့်ဖြတ်ချပစ်ကာ ဘောင်းဘီအိတ်ကပ်ထဲမှာရှိနေသည့် တစ်လိပ်တည်းသောစီးကရက်ကို မီးညှိ၍ကားပေါ်ပြန်တက်သွားလိုက်​၏။ပြီးနောက်ကားကို "ကျွီ"ကနဲမြည်အောင်အနောက်သို့ပြန်ဆုတ်လိုက်ပြီး ကား show room ဘက်သို့အရှိန်ဖြင့်ပြန်လည်ဦးတည်လာ၍ကာရံထားသည့် မှန်တံခါးများကိုတိုက်ချပစ်ပြီးအထဲမှာပြသထားသည့် ကားတစ်စီး​၏ခေါင်းပိုင်းကိုကားခေါင်းချင်းဝင်ဆောင့်ပစ်​၏။

မောင်းနေသည့်ကားရော အတိုက်ခံလိုက်ရသည့်ကားပါ ခေါင်းပိုင်းနေရာများချိုင့်သွားသည့်အခါ ရှောင်းကျန့်ကကားထဲမှထွက်လာသည်။ဝိုင်းကြည့်နေသည့်လူများ​၏မျက်လုံးများကိုဂရုမစိုက် စီးကရက်ကိုသာအရှိုက်မပြတ်အရောင်းဝန်ထမ်းလေးဘက်သို့လှည့်ကြည့်ပြုံးပြလိုက်ကာ...

"ဒီကားက ငါပိုင်တဲ့ကားမဟုတ်လို့ လျော်ကြေးကိုတော့ ကားပိုင်ရှင်ဆီမှာပြန်တောင်းလိုက်ပေါ့..."

_____________ _____________

"ဝုန်း...! "

ည ၁၁ နာရီရောက်နေပြီဖြစ်သည့်တိုင်စာကြည့်စားပွဲ၌ စာထိုင်လုပ်နေဆဲဖြစ်သည့်ဝမ်ရိပေါ်က အနောက်ဘက်မှ ဝုန်းဒိုင်းကြဲတံခါးပိတ်သံကြောင့်လှည့်ကြည့်လိုက်သည်။

"အစကတည်းက ကတ်တွေကို မပိတ်ပစ်ခဲ့သင့်ဘူး..."

"ယဲယဲ (အဘိုး) ကပါအဲ့လိုလား..."

"ပိုက်ဆံဆိုတာဖြုန်းဖို့မဟုတ်ရင် ဘာလို့ရှာနေကြသေးလဲ...! "

ဒေါသအရမ်းထွက်နေပုံရသည့်ရှောင်းကျန့်ကလက်ထဲကဖုန်းကိုပါ တွေ့သည့်နေရာပစ်လိုက်တာကြောင့်ရှောင်းကျန့်အနီးသို့ဝမ်ရိပေါ်သွားလိုက်သည်။ဘာတွေဖြစ်ခဲ့မှန်းဝမ်ရိပေါ်အတိအကျမသိပေမယ့်...

"ရှောင်းကျန့်အဆင်ပြေရဲ့လား..."

ရေခဲသေတ္တာထဲဟိုမွှေဒီမွှေလုပ်ကာဘီယာတစ်ဘူးဖောက်သောက်လိုက်သည့်ရှောင်းကျန့်က ဝမ်ရိပေါ်​၏အမေးကိုပြန်မဖြေ။ ရှောင်းကျန့်​၏ပုခုံးပေါ်သို့ဝမ်ရိပေါ်လက်နဲ့ဖွဖွသွားထိလိုက်ပြီး...

"ရှောင်းကျန့်ဘာဖြစ်လို့လဲ ကျွန်တော်ကူညီပေးနိုင်တာများရှိမလား..."

"မင်းလည်းငါ့ကိုအာရုံတွေလာနောက်မနေနဲ့...! "

စိတ်ဆတ်လွန်းနေသည့် ရှောင်းကျန့်ကအပြင်ကပါလာသည့်ဒေါသများ​၏အရှိန်ဖြင့်သောက်လက်စဘီယာဘူးကိုဝမ်ရိပေါ်ဘက်သို့အားကုန်ပစ်ပေါက်လိုက်​၏။

ဘီယာတချို့စင်သွားတာကြောင့်စိုရွှဲလို့သွားသည့်အင်္ကျီရင်ဘတ်ကိုဝမ်ရိပေါ်ဖွဖွပွတ်သပ်သည်။အောင့်သက်သက်ဖြစ်သွားသောဝေဒနာအတွက်လောလောဆယ်ဆေးကမရှိ။ရေချိုးခန်းထဲဝုန်းဒိုင်းကြဲဝင်သွားသောသူကိုသာတုတ်တုတ်မလှုပ်ငေးစိုက်ကြည့်နေမိသည်။

အာရုံနောက်သွားစေဖို့သူမရည်ရွယ်ခဲ့ပါဘူး။ကူညီပေးနိုင်တာများရှိမလားမေးကြည့်မိရုံ။ပြီးတော့ရှောင်းကျန့်သူ့ကိုဒီလိုမျိုးဆက်ဆံတာဒါဟာပထမဦးဆုံး။

စိတ်ထဲဝမ်းနည်းသလိုလိုဖြစ်လာသည့်ခံစားချက် ကြောင့်စာလုပ်ဖို့စာကြည့်စားပွဲမှာပြန်မထိုင်နိုင်တော့။ စာအုပ်တွေကိုအကုန်ပိတ်လိုက်ပြီးအိပ်ရာပေါ်တက်ကာခေါင်းထိလုံအောင်စောင်ကိုခြုံလိုက်သည်။တစ်ခါတည်းအိပ်ပျော်သွားဖို့ဆိုသည့်ရည်ရွယ်ချက်ဖြင့်မျက်လုံးတွေကိုပါတစ်ခါတည်းမှိတ်ချလိုက်​၏။

"ကျွီ..."

အိပ်မပျော်နိုင်လည်းမျက်လုံးများကြိတ်မှိတ် မှိတ်ထားရင်း မိနစ် ၂၀ လောက်အကြာတွင်ရေချိုးခန်းတံခါးပြန်ပွင့်လို့လာ​၏။ အဝတ်အစားလဲလှယ်နေသည့်လှုပ်ရှားမှုအသံများမှ အစ ပြတင်းတံခါးပေါက်ကိုတွန်းဖွင့်လိုက်သံများအထိကြားနေရသည်။ အခန်းတွင်းလေအေးပေးစက်ရှိသော်လည်း သဘာဝဆန်ဆန်တိုက်ခတ်တိုးဝှေ့နေသည့် လေညင်းတို့ကပို၍အားကောင်း​၏။

ဂတ်စ်ကုန်ခါနီးမီးခြစ်ကိုအကြိမ်ကြိမ်ကြိုးစားပြီးခြစ်နေသည့် တချပ်ချပ်အသံများက ညသန်းခေါင်ယံထဲသဲ့သဲ့တိုးဝင်သည်။မီးခြစ်ခြစ်သံများတိတ်ဆိတ်သွားပြီးနောက် စိမ်းရွှင်ရွှင်စပျစ်သီးရနံ့တချို့လေထုထဲပြန့်လွင့်လာသည်။သိမ့်ကနဲဖြစ်သွားသည့်ကုတင်ကြောင့်သူ့ကုတင်ဟာတစ်စုံတစ်ယောက်​၏ကျောမှီခြင်းခံလိုက်ရသည်ကိုခံစားမိလိုက်သော်လည်းခေါင်းထိခြုံထားသည့်စောင်ကိုဖယ်ပြီးမကြည့်မိ။

ကုတင်ကိုမှီထားသည့်သူဘက်က အချိန်ကြာသည်အထိစကားတစ်ခွန်းမှမထွက်လာသည့်အခါ...

"တောင်းပန်ပါတယ်...ရှောင်းကျန့်ဒေါသထွက်နေတာကို ကျွန်တော်ကအလိုက်မသိဘဲဝင်ရှုပ်မိသလိုဖြစ်သွားတယ်..."

စောင်ခြုံအောက်မှတိုးညင်းစွာထွက်လာသည့်စကားသံကြောင့်ရှောင်းကျန့်ရှိုက်လက်စကိုခဏရပ်ကာခေါင်းကိုနည်းနည်းစောင်း၍ကုတင်ခေါင်းရင်းဘက်ကိုကြည့်လိုက်​၏။

"မအိပ်သေးဘူးလား...ငါကမင်းအိပ်သွားပြီထင်လို့ဘာမှမပြောဘဲထိုင်နေတာ..."

"အိပ်မပျော်သေးပါဘူး...ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ..."

"စောင်ခေါင်းမြီးခြုံထားတာ အသက်ရှူမကြပ်ဘူးလားလို့မေးကြည့်မလို့..."

ရယ်သံစစနဲ့ပြောနေသည့်ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ်သူ့မျက်နှာပေါ်ကစောင်ကိုဆွဲချလိုက်ကာဘေးတစ်စောင်းတွေ့နေရသည့် ရှောင်းကျန့်​၏မျက်နှာကိုငေးစိုက်ကြည့်လိုက်​၏။

"ခွေးပေါက်လေး..."

"အင်း..."

"ခုနတုန်းက မရည်ရွယ်ပါဘူး...ဒီတိုင်းပဲစိတ်တိုနေတဲ့အချိန်မှာမို့လက်ကိုထိန်းလို့မရဖြစ်သွားတာ..."

"အင်း ကျွန်တော်သိပါတယ်..."

"အဲ့တာဆိုငါတို့ပြန်အဆင်ပြေသွားပြီလား..."

"အစကတည်းက ရှောင်းကျန့်ကို ကျွန်တော်စိတ်မဆိုးခဲ့ပါဘူး..."

သူပြောတော့ ရှောင်းကျန့်ကလွတ်လွတ်လပ်လပ်ကိုရယ်သည်။ ဒီအရယ်အပြုံးတွေနဲ့ပဲကျင့်သားရနေခဲ့တာမလို့ တစ်ခါလောက်လေးဒေါသသံနဲ့ဆက်ဆံခံရသည့် အခါ အကန်ခံရတဲ့ခွေးပေါက်လေးတစ်ကောင်လိုသူခံစားရတာဖြစ်​၏။

"ရှောင်းကျန့်..."

"အင်း..."

"ကျွန်တော်ပြောစရာရှိတယ်..."

"ပြော..."

"မနက်ဖြန်ကျရင် ကျွန်တော်အိမ်ခဏပြန်ရမယ်..."

ရှောင်းကျန့်က အငွေ့တွေကိုဖြည်းညင်းစွာမှုတ်ထုတ်ရင်းသူ့ဘက်လှည့်ကြည့်လာသည်။ဘာမှမမေးတာကြောင့်သူကပဲအလိုက်သတိဖြင့်...

"သဘက်ခါ ကျွန်တော့်မွေးနေ့..."

"ဪ" ဆိုသည့်စကားတစ်လုံးနှင့်အတူရှောင်းကျန့်ကပြန်လှည့်သွားသည်။သူ့အကြောင်းကိုစိတ်မဝင်စားဘူးဟုထင်လိုက်ပေမယ့်...

"ဘယ်နှစ် နှစ်ပြည့်တာလဲ..."

" ၁၉ နှစ်..."

"ခွေးပေါက်လေးက ကလေးပဲရှိသေးတာပဲ..."

နောက်ဆက်တွဲထွက်လာသည့်စကားကြောင့်စိတ်ထဲတင်းကနဲ။ဘာကိုကလေးလဲ။ မရမ်းစေ့ရောင်နှုတ်ခမ်းပါးတွေကိုတွေ့တိုင်းစိတ်ထဲဘယ်လိုတွေဖြစ်နေလဲဆိုတာများသိရင် ကလေးလို့သတ်မှတ်နိုင်ဦးမှာလား။

ဝမ်ရိပေါ် အိပ်နေလျက်ပင်ခန္ဓာကိုယ်ကိုလျှောချလိုက်ပြီး ရှောင်းကျန့်ထိုင်နေသည့်နေရာနှင့် တစ်တန်းတည်းဖြစ်သွားအောင်ညှိလိုက်​၏။အနက်ရောင်နားကပ်တွေနဲ့ပြည့်နေတဲ့ဘယ်ဘက်နားရွက်ဖျားကိုလက်ချောင်းများနှင့် သွားထိတွေ့လိုက်တော့ရှောင်းကျန့်ကလှည့်ကြည့်လာသည်။ထိုအကြည့်များအတွက်သူ့မှာဆင်ခြေရှိနေပြီးသား။

"နားကပ်ဘယ်နှစ်ခုရှိလဲဆိုတာ ရေတွက်ကြည့်နေတာ..."

"အဲ့တော့ ဘယ်နှစ်ခုတွေ့လဲ..."

"အောက်ဆုံးက ကွင်းလေးအပါအဝင် ခြောက်ခု...နားပေါက်တွေအဲ့လောက်အများကြီးဖောက်ထားတာရှောင်းကျန့်မနာဘူးလား..."

"ပုရွက်ဆိတ်ကိုက်သလောက်ပါပဲ..."

"နားကပ်က ကျောက်တွေကဘာအမျိုးအစားလဲ..."

" Black opal..."

"Wow အဲ့တာကြောင့် တစ်ခါတစ်လေအမှောင်ထဲမှာတောင်လက်ကနဲဖြစ်နေတာ..."

"ဘာလို့အခုမှဒီနားပေါက်တွေအကြောင်းစိတ်ဝင်စားနေရတာလဲ...မင်းလည်းဖောက်ချင်လို့လား..."

"မဖောက်ချင်ပါဘူး ကျွန်တော်နဲ့လိုက်ဖက်မယ်လို့လည်းမထင်ပါဘူး..."

"အင်း ခွေးပေါက်လေးမျက်နှာက ကလေးရုပ်ဆိုတော့ သိပ်လိုက်မှာမဟုတ်ဘူး..."

ဒုတိယတစ်ခေါက်တင်းကနဲဖြစ်သွားပြန်သည့်စိတ်ကိုဝမ်ရိပေါ်လျှော့ချလိုက်ရသည်။ဖွဖွလေးကိုင်ထားမိသည့်နားရွက်ဖျားလေးအား အထက်ကနေအောက်ကိုမသိမသာလေးတစ်ချက်နှစ်ချက်ပွတ်သပ်ကျီဆယ်လိုက်ပြီးနောက်ပြန်လွှတ်ပေးလိုက်သည်။

"ရှောင်းကျန့်ရဲ့မွေးနေ့ကရော ဘယ်တော့လဲ..."

"မင်းနဲ့ နှစ်လတိတိကွာတယ်..."

" ၁၀ လပိုင်း ၅ ရက်နေ့လား..."

"အင်း..."

"စာမေးပွဲဖြေရမယ့် အချိန်တွင်းကြီးပဲ ဟုတ်တယ်မလား..."

"ဟုတ်မှာပေါ့..."

"ရှောင်းကျန့် မွေးနေ့လက်ဆောင်ဘာလိုချင်လဲ..."

"မလိုပါဘူး မင်းမွေးနေ့အတွက်တောင်လက်ဆောင်ပေးဖို့ငါအစီအစဉ်မရှိသေးဘူး..."

"ကျွန်တော့်မွေးနေ့အတွက်ဘာလက်ဆောင်မှပေးစရာမလိုပါဘူး ရှောင်းကျန့်သာဆန္ဒရှိမယ်ဆိုရင် ကျွန်တော့်တောင်းဆိုချက်လေးတစ်ခုကိုပဲဖြည့်ဆည်းပေးပါ...ရတယ်မလား..."

"ပြောကြည့်..."

"ကျွန်တော်အိမ်ပြန်ရောက်နေတဲ့အတောအတွင်း တစ်ယောက်တည်း ကလပ်ကြိုမသွားနဲ့ ကျွန်တော်ပြန်လာမှ ကျွန်တော်နဲ့အတူတူသွားကြေး..."

"မင်းကဘယ်တော့ပြန်လာမှာမလို့လဲ..."

"အနည်းဆုံးလေးရက်လောက်တော့ကြာမယ် ကျောင်းကို အိမ်တွင်းရေးကိစ္စဆိုပြီးခွင့်တင်ထားတာမလို့...ရ တယ်မလား ဒီလေးငါးရက်အတွင်းမှာတစ်ယောက်တည်းကလပ်မသွားဖို့..."

ဝမ်ရိပေါ်ကို ရှောင်းကျန့်နားမလည်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ပြီးမှပုခုံးနှစ်ဖက်ပင့်လိုက်ပြီး...

"မင်းအတွက်ဘာအကျိုးရှိလို့လဲတော့ ငါမသိပေမယ့်အဲ့တာမင်းတကယ်လိုချင်တဲ့လက်ဆောင်ဆိုရင်လည်း အဆင်ပြေပါတယ်...အခုတော့ငါအိပ်တော့မယ်..."

"Good Night ရှောင်းကျန့်..."

"အင်း..."

"အင်း တစ်လုံးတည်းလား..."

"ဘာကိုလဲ..."

"Good Night ခွေးပေါက်လေးလို့ ပြန်ပြောရမှာမဟုတ်ဘူးလား..."

အိပ်ရာပေါ်ရောက်နေပြီဖြစ်သည့်ရှောင်းကျန့်ကထရယ်လိုက်ပြီးမှ...

" Good Night ခွေးပေါက်လေး..."
________________ _____________

ဘယ်မှသွားစရာနေရာမရှိတာကြောင့် အဆောင်ကိုသာရှောင်းကျန့်တန်းပြန်လာခဲ့သည်။ ခါတိုင်းသူပြန်လာသည့်အချိန်အခန်းထဲ၌မီးရောင်ထိန်းလင်းနေတတ်ပေမယ့် အခုလောလောဆယ်အမှောင်ထုကကြိုဆိုသည်။

လုပ်နေကျအတိုင်းရေခဲသေတ္တာတံခါးကိုဖွင့်သည်။ဘီယာဘူးတစ်ဘူးကိုကိုင်လိုက်ပြီးမှ တခြားစိတ်ကူးပြောင်းသွားကာ တွေ့သည့်အအေးတစ်ဘူးက်ိုသာယူသောက်လိုက်​၏။ ဘီယာအရသာနဲ့လုံးဝမသက်ဆိုင်သော်လည်း ချိုချိုအေးအေးသီးစုံအနံ့အရသာကသိပ်တော့မဆိုးလှဟုရှောင်းကျန့်တွေးလိုက်သည်။အဲ့တာကြောင့်ကလေးတွေကြိုက်တာဟုလည်းကောက်ချက်ချလိုက်​၏။

အအေးတစ်ဘူးကုန်သွားသည့်နောက်အချိန်ကြည့်လိုက်တော့ည ၁၀ နာရီကျော်ပဲရှိသေးတာဖြစ် သည်။ဘာမှလုပ်စရာလည်းမရှိသည့်အချိန်မှာအိပ်ဖို့သာလုပ်လိုက်ပြီးအိပ်ရာပေါ်တက်လိုက်ပေမယ့် သူအိပ်နေကျအချိန်မဟုတ်သည့်အခါ ငုတ်တုတ်ပြန်ထိုင်လိုက်သည်။

တစ်ဆက်တည်းမှာတံခါးပေါက်နားထိလျှောက်သွား၍ရှူးဖိနပ်ကိုအသေအချာဝတ်လိုက်ပြီးတံခါးကိုဖွင့်သည်။အပြင်ဘက်ခြေတစ်လှမ်းကျွံသွားပြီးမှ စိတ်ပြန်ပြောင်းသွားကာ မီးခိုးရောင်ဆံပင်များကို ထိုးဖွပစ်ပြီး ဖိနပ်တောင်မချွတ်တော့ဘဲ အိပ်ရာပေါ်ခြေပစ်လက်ပစ်လှဲချလိုက်​၏။မအိပ်ချင်သေးတာကြောင့်ပြူးကျယ်နေသောမျက်ဝန်းများက လေဟာနယ်ကိုသာစိုက်ကြည့်နေမိပြီးကလပ်သွားရမလား၊ မသွားရမလားဆိုသည့်အတွေးတို့ကလွန်ဆွဲလို့နေ​၏။

မည်သည့်ဘက်ကအနိုင်ရသွားမှန်းမသိပေမယ့်တွေးနေရင်း ည ၁၁ နာရီခွဲသွားသည့်အခါရှောင်းကျန့်သူ့ဖိနပ်များကိုပြန်ချွတ်လိုက်ကာ ခြေလက်သန့်စင်လိုက် တော့သည်။ အိပ်လို့မရသေးတာကြောင့် စာကြည့်စားပွဲကထိုင်ခုံမှာဝင်ထိုင်လိုက်ရင်းဘောင်းဘီအိတ်ကပ်ထဲကစီးကရက်ဘူးနှင့်မီးခြစ်ကိုနှိုက်လိုက်​၏။

စီးကရက်တစ်လိပ်တစ်ဝက်ကျိုးသွားသည့်အခါတွင်တော့ အိပ်ရာပေါ်ကဖုန်းကိုထယူကာ စာတစ်ကြောင်းရိုက်လိုက်သည်။ထိုစာကိုချက်ချင်းမပို့သေးဘဲ ဖုန်းကနာရီကိုကြည့်၍ အချိန်တစ်ခုကိုစောင့်နေလိုက်​၏။အချိန်က ၁၁:၅၉ မိနစ်မှ ၁၂:၀၀ တိတိသို့နံပါတ်ပြောင်းသွားသည့်အခါ၌ ကြိုရိုက်ထားပြီးသောစာကိုပို့ဖို့လုပ်လိုက်စဉ် ဖုန်းကအချိန်ကိုက်ထမြည်လာသည်။

"ဟယ်လို..."

"အိပ်နေပြီလားရှောင်းကျန့် ကျွန်တော်ဖုန်းခေါ်လိုက်တာ အနှောင့်အယှက်ဖြစ်သွားလား..."

"မအိပ်သေးပါဘူး...ဒီတိုင်းပဲထိုင်နေတာ..."

"ကျွန်တော်ကံကောင်းသွားတာပေါ့..."

"ဘာတွေကံကောင်း..."

"ရှောင်းကျန့်..."

နာမည်ခေါ်လိုက်မိပေမယ့် ကျန်သည့်စကားများကိုဝမ်ရိပေါ်ချက်ချင်းဆက်ပြီးမပြောနိုင်။စိတ်လှုပ်ရှားမှုကြောင့်အေးစက်လို့လာသည့်လက်ချောင်းများကိုလက်သီးဆုပ်အသွင်ပြောင်းလိုက်ပြီး လက်ဆစ်များကိုရှေ့သွားနဲ့ဖိကိုက်လို့နေမိ​၏။တော်တော်လေးကြာမှလေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီးထပ်မံအရဲကိုးလိုက်ကာ...

"လွမ်းတယ်...မတွေ့ရတာတစ်ရက်ပဲရှိသေးပေမယ့် ရှောင်းကျန့်ကိုကျွန်တော်လွမ်းတယ်...ကျွန်တော့်မွေးနေ့ရက်မှာ ရှောင်းကျန့်လည်းအတူတူရှိနေရင်ကောင်းမယ်..."

ရှောင်းကျန့်ဘက်မှမည်သည့်တုံ့ပြန်စကားတစ်ခွန်းမှပြန်ရောက်မလာ။

"ကျွန်တော်ပြောတာကြားလိုက်တယ်မလားရှောင်းကျန့်..."

စီးကရက်ကိုပြင်းပြင်းရှိုက်လိုက်သံနှင့်တကွ ပြန်လည်ထွက်ပေါ်လာတဲ့စကားသံက "အင်း"တစ်လုံးတည်းသာဖြစ်သည်​။

"ခွေးပေါက်လေးကိုမေးစရာတစ်ခုရှိတယ်..."

"အင်း မေးပါ ရှောင်းကျန့်..."

"ကမ်းခြေတစ်ခုပေါ်မှာ အနီရောင်၊အဝါရောင်၊အပြာရောင်၊အစိမ်းရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်၊အနက်ရောင်စတဲ့ရောင်စုံဘောလုံးတွေတန်းစီပြီးရှိနေမယ်ဆိုရင် ခွေးပေါက်လေးဘာကိုရွေးမလဲ..."

"အစိမ်းရောင်ဘောလုံးကိုရွေးမယ်..."

"ကောင်းကင်ပေါ်မှာ ကြက်သွေးရောင်၊ ငွေရောင်၊ရွှေရောင်၊ နက်ပြာရောင်၊ အစိမ်းရောင်၊ မီးခိုးရောင် စတဲ့ရောင်စုံကြယ်တွေရှိရင်ရော ဘယ်ကြယ်ကိုရွေးမလဲ..."

"ကျွန်တော့်အကြိုက်နဲ့ဆိုအစိမ်းရောင်ကြယ်ကိုပဲထပ်ရွေးမှာပဲ...ဘာဖြစ်လို့လဲရှောင်းကျန့်..."

"စာအုပ်စင်ပေါ်မှာ ခရမ်းရောင်၊ အညိုရောင်၊ ဆင်စွယ်ရောင်၊ကာကီရောင်၊ ပန်းရောင် အစရှိတဲ့စာအုပ်ရောင်စုံရှိတယ်ဆိုရင်ရော..."

"ဘယ်ဟာမှမရွေးဘူး..."

"ဘာဖြစ်လို့လဲ..."

"အစိမ်းရောင်မှမပါတာ..."

"အင်းဟုတ်ပြီ...ငါ့ဖုန်းအားသိပ်မကျန်တော့လို့ ဖုန်းချလိုက်တော့မယ်..."

ဖုန်းပြောပြီးသည်နှင့်တစ်ပြိုင်နက်ရှောင်းကျန့်က ဖုန်းကိုအားသွင်းကြိုးတပ်လိုက်သည်။စာကြည့်စားပွဲမှာပဲဆက်ထိုင်နေကာလက်ကျန်စီးကရက်ကိုဆက်သောက် နေရင်း ကုန်သွားသည့်အခါမှ ပြာခွက်ထဲထိုးစိုက်ငြိမ်းသတ်လိုက်၍ ဟက်ကနဲထရယ်သည်။

မူကြိုအရွယ်ကလေးတွေအကြိုက် အစိမ်းရောင်တဲ့လား။


You are reading the story above: TeenFic.Net

#random