"ရှောင်းကျန့် ဖုန်းပါလာတယ်မလား..."
အခန်းထဲကနေထွက်မလာခင် သူသတိလှမ်းပေးလိုက်တော့ ရှောင်းကျန့်ကဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုသူမြင်အောင်ထုတ်ပြသည်။
အခုတလော ကျောင်းလာရတာဓာတ်ကျနေသည့်ရှောင်းကျန့်က ဒီတစ်ပတ်လုံးသူနဲ့ကျောင်းလိုက်လာသည်။အရှေ့ရက်တွေတုန်းကစာသင်ချိန်တွေဆိုကျောင်းဝန်းတစ်နေရာမှာသွားနေတတ်ပေမယ့်ဒီနေ့တော့ Lecture ခန်းထဲထိလိုက်လာပြီးသူနဲ့အတူတူထိုင်သည်။
သူနဲ့ထိုင်နေကျချန်လင်းကတော့ တော်တော်ဝေးတဲ့ရှေ့ဆုံးတန်းမှာရောက်လို့နေ၏။ရှောင်းကျန့်သူနဲ့ကျောင်းလိုက်လာတဲ့နေ့ကတည်းကစပြီးချန်လင်းကသူနဲ့ဝေးသထက်ဝေးသည့်နေရာမှာပဲနေတော့တာဖြစ်၏။ အဲ့တာလည်းတစ်မျိုးကောင်းသည်။မဟုတ်ရင်ရှောင်းကျန့်နှင့်သူ့ကြားထဲမှာအနှောင့်အယှက်တစ်ခုလိုဖြစ်နေလိမ့်မည်။
"ရှောင်းကျန့် ဘောပင်ယူမလား..."
အရှေ့က ဆရာမ သင်ကြားပို့ချနေသည့်အကြောင်းအရာများကို ရှောင်းကျန့်လိုက်မှတ်သားမှာမဟုတ်ပေမယ့် လိုရမယ်ရ မေးလိုက်တော့ရှောင်းကျန့်ကခေါင်းညိတ်ပြသည်။ထို့ကြောင့် သူ့ဘောပင်တွေထဲကမှအထူးခြားဆုံးဖြစ်သည့်ရွှေကနုတ်တွေနဲ့ဘောပင်လေးကိုရှောင်းကျန့်လက်ထဲကိုထည့်ပေးလိုက်သည်။သူ့အမေပေးထားတာကြောင့်သူတောင်မသုံးရက်ဘဲအလှကြည့်ရုံသပ်သပ် ထားထားပေမယ့်ရှောင်းကျန့်ကိုတော့ပေးသုံးနိုင်သည်။
ရှောင်းကျန့်နဲ့ပတ်သတ်ပြီး နောက်ထပ်သဘောကျရတဲ့အချက်တွေထဲမှာ အခုတစ်ချက်လည်းပါဝင်သည်။ဟိုတစ်ခါဒီဘောပင်ကို ချန်လင်း ဖြတ်ကနဲတွေ့ဖူးတုန်းက ရွှေကနုတ်တွေကအစစ်လားလို့တန်းမေးပြီး တကယ်စစ်မစစ်ကိုက်ကြည့်ဖို့တောင်လုပ်ခဲ့တာဖြစ်သည်။အခုရှောင်းကျန့်ကတော့ ဘာနဲ့လုပ်ထားတဲ့ဘောပင်လဲဆိုတာစိတ်မဝင်စားသည့်အပြင်လက်ထဲမှာပဲလှည့်၍ ဆော့နေသည်။
"ခွေးပေါက်လေး...ဒီအတန်းက ဘယ်တော့ပြီးမှာလဲ..."
"နောက်နာရီဝက်မှ ပြီးမှာ ရှောင်းကျန့်ပျင်းနေရင်ကျောင်းဝန်းထဲလျှောက်သွားနေမလား..."
"ခွေးပေါက်လေးကရော..."
"ကျွန်တော်က အတန်းပြီးရင် ရှောင်းကျန့်ကိုလာရှာမယ်..."
"ထားပါ ပြီးမှပဲ တစ်ခါတည်း အတူတူသွားကြတာပေါ့..."
ရှောင်းကျန့်ပျင်းနေပေမယ့်လည်း အတန်းပြီးတဲ့ထိစောင့်ပြီးမှသူနဲ့အတူတူသွားမည်လို့ပြောလာသည့်အခါ ရင်ထဲတစ်မျိုးလေးဖြစ်သွားရသည်။ရှောင်းကျန့်က အဲ့လိုစိတ်ရှည်ပြီးအဖော်မင်တတ်တဲ့လူမျိုးလား။ဒါမှမဟုတ်သူ့တစ်ယောက်တည်းကိုပဲဒီလိုစိတ်ရှည်ပေးတာလား။
"ရှောင်းကျန့် ကျွန်တော်နဲ့စာကြည့်တိုက်ခဏလိုက်ခဲ့မလား...နောက်အပတ်တင်ရမယ့် assignment အတွက်ကိုးကားစာအုပ်တွေသွားရှာမလို့..."
အားလပ်ချိန်၌ ကန်တင်းမှာစားသောက်ပြီးနောက်သူရှောင်းကျန့်ကိုမေးလိုက်ခြင်းဖြစ်သည်။မေးပြီးကာမှတစ်စုံတစ်ရာကို သတိရသွားသည်။ စာကြည့်တိုက်မှာ ရှောင်းကျန့်ကို ကြိုက်နေသည့် မေလင်းဆိုသည့်အမျိုးသမီးရှိနေသည်ဆိုတာကို သူမေ့သွားခဲ့ခြင်းဖြစ်သည်။
ရှောင်းကျန့်ကလည်းသူနဲ့အတူသွားဖို့ခေါင်းညိတ်ပြနေသဖြင့် ပြောပြီးမှပြန်ရုတ်သိမ်းလို့သိပ်အဆင်မပြေသည့်အခါ စာကြည့်တိုက်၏ကောင်တာရှေ့ခပ်သွက်သွက်သာဖြတ်လျှောက်ခဲ့သည်။ဒီလိုတဒင်္ဂလေးဖြတ်လျှောက်သွားချိန်မှာတောင် ရှောင်းကျန့်၏မျက်နှာနောက်ကိုငေးပါသွားသည့် မေလင်း၏အကြည့်များကိုသူ့မျက်စိထောင့်ကမြင်လိုက်ရသေးသည်။
စာကြည့်တိုက်ကိုတစ်ခါမှမလာဖူးသည့်ရှောင်းကျန့်ကိုကြည့်ပြီးအံ့ဩမှုကြောင့်ဖွင့်ဟမိထားသည့် ပါးစပ်ကိုပြန်ပိတ်ဖို့မေလင်းဆိုသည့်အမျိုးသမီးမေ့နေရော့လား။အဲ့လိုမျိုးတွေဖြစ်ပျက်ပြနေတဲ့လူတွေကိုသွားပြောလိုက်ချင်သည်။ရှောင်းကျန့်ကလာချင်လို့လာတာမဟုတ်ဘူး သူခေါ်လို့သူ့နောက်ကိုအဖော်ဖြစ်လိုက်လာခဲ့ပေးတာဆိုပြီး။
"ရှောင်းကျန့် ဒီမှာခဏထိုင်နေဦး ကျွန်တော်စာအုပ်စင်တွေဘက်သွားလိုက်ဦးမယ်..."
"အင်း..."
ရှောင်းကျန့်အတွက် ထောင့်စွန်းစားပွဲတစ်ခုကိုဝမ်ရိပေါ်ရွေးပေးခဲ့ပြီး သူကတော့ စီးပွားရေးဘာသာရပ်နှင့်ဆိုင်သည့် စာအုပ်စင်များဘက်သို့လျှောက်သွားလိုက်သည်။ ဆယ်မိနစ်ခန့်လောက်ကြာတော့ ကိုးကားစာအုပ်နှစ်အုပ်ရရှိလို့နေပြီဖြစ်ပြီး အလိုချင်ဆုံးစာအုပ်တစ်အုပ်က စာအုပ်စင်၏အပေါ်ဆုံးမှာရှိနေတာကြောင့် ရယူဖို့အခက်တွေ့နေရသည်။
သူကအရပ်ပုတဲ့လူထဲမှာမပါဝင်သော်လည်း စာအုပ်စင်ကတော်တော်မြင့်နေတာကြောင့် ခြေဖျားထောက် ထားသည့်တိုင် လိုချင်တဲ့စာအုပ်ဆီရောက်ဖို့လက် တစ်လုံးလောက်လိုနေတာဖြစ်သည်။
"ဘယ်ဟာလိုချင်လို့လဲ..."
သူ့ဘေးကိုရောက်လာသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ်လှည့်ကြည့်လိုက်ပြီး...
"တတိယမြောက်စာအုပ်..."
သူလှမ်းယူလို့မမီသည့်စာအုပ်ကို ရှောင်းကျန့်က အခက်အခဲမရှိယူပေးလိုက်သည့်အခါ ကျေးဇူးတင်မိပေမယ့် ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်မိသည့်စိတ်တစ်ခုကဖြတ်ပြေးလို့သွားသည်။
သူနဲ့ရှောင်းကျန့် ကြားက အသက်ကွာခြားမှုကိုသူတမင်တကာမေ့လျော့လို့ထားပေမယ့် အသက်အရွယ်နဲ့လိုက်လျောညီထွေစွာဖွံ့ဖြိုးတတ်တဲ့ခန္ဓာဗေဒဇီဝဖြစ်စဉ်ကိုတော့မေ့ထား၍မရဘူးထင်သည်။
ဒီလိုအချိန်မျိုးတွေကိုသူတစ်ခုပဲဖြစ်ချင်သည်။ရှောင်းကျန့်လက်ရှိရောက်နေတဲ့အသက်ကိုသူလည်းမြန်မြန်ရောက်ပြီး ရှောင်းကျန့်နဲ့အရပ်တူတူဖြစ်ဖို့ သို့မဟုတ် ရှောင်းကျန့်ထက်အရပ်ပိုရှည်ဖို့။
အသက် ၁၈ ကိုတော်တော်ကျော်လာပြီး အသက် ၁၉ နှစ်ထဲဝင်လာတာကြောင့်သူ့ကိုယ်သူအရွယ်ရောက်နေပြီလို့သတ်မှတ်ထားပေမယ့် ရှောင်းကျန့်ရဲ့မျက်လုံးထဲမှာကလေးတစ်ယောက်လိုဖြစ်နေသည့်ပုံစံကတော် တော်ခံရခက်သည်။
"ရိ...ရိပေါ် ငါဒီဝိုင်းမှာခဏလောက်ထိုင်လို့ရလား..."
ရှောင်းကျန့်နှင့်သူထိုင်နေသည့်စားပွဲဘေးမှာလာရပ်ပြီးမရဲတရဲလာမေးနေသည့်ချန်လင်းကိုဝမ်ရိပေါ်မော့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"အင်း ရတယ်လေ...ရှောင်းကျန့်ကိစ္စမရှိဘူးမလား..."
ရှောင်းကျန့်ကဘာမှမဖြစ်သလိုပုခုံးပင့်ပြတော့ဝမ်ရိပေါ် က သူ့ဘေးကထိုင်ခုံအလွတ်မှာချန်လင်းကိုထိုင်စေလိုက်သည်။မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ရှောင်းကျန့်ရဲ့ဘေးမှာ နီးနီးကပ်ကပ်မထိုင်စေချင်တာလည်းပါသည်။
ချန်လင်းက ချက်ချင်းမထိုင်သေးဘဲရှောင်းကျန့်ကို မျက်နှာမူကာ၄၅ ဒီဂရီကိုယ်ကိုကိုင်းညွတ်၍ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ..ပါ...T...Tox...အာ မဟုတ်ပါဘူး တောင်းပန်ပါတယ်...မင်္ဂလာပါ အစ်ကို..."
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည့်ချန်လင်း၏နှုတ်ဆက်စကားကို ရှောင်းကျန့်ဘယ်လိုတုံ့ပြန်လိမ့်မလဲဆိုတာဝမ်ရိပေါ်အကဲခတ်လိုက်သည်။ရှောင်းကျန့်က ဂရုမစိုက်ဟန်ခေါင်းတစ်ချက်သာညိတ်ပြလိုက်တာဖြစ်သည်။သူနဲ့ပထမဦးဆုံးတွေ့တုန်းကလို "အစ်ကို" လို့မခေါ်ခိုင်းဘဲ "ရှောင်းကျန့်"လို့ခေါ်လို့ပြောမလားဆိုပြီး စောင့်နေခဲ့ပေမယ့်ရှောင်းကျန့်ကဘာမှဆက်မပြောသည့်အခါ သူ့စိတ်ထဲမသိမသာကျေနပ်လိုက်ရသည်။
"နောက်အပတ်တင်ရမယ့် assignment အတွက် ငါမင်းနဲ့ နည်းနည်းတိုင်ပင်စရာလေးရှိလို့ အချိန်ရတယ်မလား..."
"အင်း ရတယ်..."
ချန်လင်းက ကျောပိုးအိတ်ထဲကမှတ်စုစာအုပ်လေးတစ်အုပ်ကိုထုတ်လိုက်ကာ သူ့ခုံကို ဝမ်ရိပေါ်နဲ့ပို၍နီးကပ်စွာတိုးကပ်လိုက်၏။ နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီးပြောဆိုနေသည့်အနေအထားဖြင့် ငါးမိနစ်လောက်ရှိသွားသည့်အခါ၌ ခုံတစ်ခုံကိုကြမ်းပြင်နဲ့တရွတ်တိုက်ဆွဲလာသည့် "ကျွီ" ဆိုသည့်အသံထွက်ပေါ်လာပြီးသူတို့နောက်သို့ရှောင်းကျန့်ရောက်လာသည်။
ဝမ်ရိပေါ်နှင့် ချန်လင်းနှစ်ယောက်သားလှည့်ကြည့်ဖို့မလုပ်ရသေးခင် ရှောင်းကျန့်က အနောက်ကနေ နှစ်ယောက်စလုံး၏ပုခုံးပေါ်လက်တစ်ဖက်စီတင်လိုက်သည်။
"ဘယ်နေရာအခက်အခဲတွေ့နေတာလဲ အကူအညီလိုလား..."
ရှောင်းကျန့်ကဖော်ရွေလွန်းတဲ့အသံဖြင့်မေးလိုက်ပြီး ချန်လင်းဘက်သို့ခေါင်းကိုစောင်းလိုက်၍ပြုံးပြလိုက်ကာ...
"အကူအညီလိုရင် အစ်ကို့ကိုပြောလို့ရတယ် အားနာစရာမလိုဘူး...မင်းက ခွေးပေါက်လေးရဲ့ သူငယ်ချင်းဆိုတော့ အစ်ကို့အတွက်ကြောင်ပေါက်လေးပဲပေါ့..."
ရှောင်းကျန့်နှုတ်မှထွက်လာသည့် အခေါ်အဝေါ်အသစ်တစ်ခုကြောင့် ဝမ်ရိပေါ်၏မျက်နှာသိသိသာသာပျက်ယွင်းသွားကာ ချန်လင်းပုခုံးပေါ်တရင်းတနှီးတင်ထားသည့် ရှောင်းကျန့်၏လက်တစ်ဖက်ကိုကြည့်လိုက်သည်။
ဘာကိုကြောင်ပေါက်လေးလဲ။ဘယ်သူ့သဘောနဲ့လဲ။ဘာလို့တွေ့တဲ့လူတိုင်းကိုအကောင်ပေါက်လေးတွေနဲ့လိုက်နှိုင်းပြီးချစ်စနိုးခေါ်နေရတာလဲ။
"ရှောင်းကျန့် ဒီဘက်မှာ ခဏလာထိုင်ပေးလို့ရလား ကျွန်တော်နဲ့ ချန်လင်းဆက်ဆွေးနွေးစရာရှိလို့..."
သူ့ပုခုံးပေါ်က ရှောင်းကျန့်၏လက်ကိုဝမ်ရိပေါ်အသာဖယ်လိုက်ကာ မတော်တဆပုံမျိုးဖြင့် ရှောင်းကျန့်ကိုသူတို့ကြားထဲကနေတွန်းထုတ်လိုက်သည်။ချန်လင်းဘက်သို့ ထိုင်ခုံကိုပို၍တိုးလိုက်ပြီးရှောင်းကျန့်ထပ်ပြီးဝင်လာလို့မရအောင်ပူးကပ်လိုက်သည်။
ရှောင်းကျန့်က သူတို့ဘေးကဖယ်သွားပြီး စာကြည့်စားပွဲပေါ်တက်ထိုင်လိုက်သည်။ ဖိနပ်တွေမချွတ်ဘဲစာကြည့်စားပွဲပေါ်တက်ထိုင်နေသည့် ရှောင်းကျန့်၏အမူအရာကသိပ်မသင့်တော်ပေမယ့်လည်း ဝမ်ရိပေါ်လျစ်လျူရှုထားပေးလိုက်သည်။ အဓိက က ရှောင်းကျန့်နှင့် တခြားလူ နီးနီးကပ်ကပ်ရှိမနေဖို့ဘဲဖြစ်၏။
တစ်ချက်တစ်ချက်ဖုန်းကြည့်နေသည့်ရှောင်းကျန့်က ပျင်းလာ၍ထင်သည် စားပွဲခုံပေါ်ကပြန်ဆင်း၍ထိုင်ခုံနှစ်လုံးကိုဆက်ကာခြေဆင်းထိုင်ပြီးနံရံဘက်ကိုကျောမီ၍မျက်လုံးများမှိတ်ချလိုက်သည်။
ရှောင်းကျန့်တော်တော်ပျင်းနေပြီဆိုတာ ဝမ်ရိပေါ်ရိပ်စားမိတာကြောင့် ချန်လင်းနဲ့ ပြောလက်စ စာအကြောင်းကိုမြန်မြန်လက်စဖြတ်ဖို့လုပ်လိုက်ပေမယ့် ပြီးခါနီးမှာ ချန်လင်းက ရှောင်းကျန့်ရှိရာသို့ဖုန်းနဲ့ချိန်ရွယ်ကာတစ်ခုခုလုပ်လိုက်တာကိုမြင်လိုက်ရသည်။ထိုအခြင်းအရာကြောင့်ဝမ်ရိပေါ် မျက်မှောင်ကျုံ့လိုက်ပြီး...
"ငါနဲ့ခဏလောက် လိုက်ခဲ့ပေးပါလား ချန်လင်း..."
"ဘယ်ကိုလဲ..."
"သန့်စင်ခန်း..."
"ငါ သန့်စင်ခန်းမသုံးချင်ဘူးလေ..."
"ခဏလောက်လိုက်ခဲ့ပေးပါ..."
"ငါ မှမသွားချင်တာ...ဘာလုပ်မလို့လဲ..."
.
.
မျက်လုံးများမှိတ်ထားလျက်မေးလာသည့်ရှောင်းကျန့်ကို ဝမ်ရိပေါ်ငြင်းလိုက်သည်။
"ရတယ် ရှောင်းကျန့်...ချန်လင်းနဲ့ကျွန်တော်ကဒီတစ်ပတ်လုံးကောင်းကောင်းမတွေ့ရသေးတော့ ပြောစရာလေးတွေရှိလို့...မြန်မြန်လာကွာချန်လင်း အတန်းမမီဘဲနေလိမ့်မယ်..."
ဝမ်ရိပေါ်ချန်လင်းကိုလက်ကနေအတင်းဆွဲခေါ်လို့သွားတာကြောင့် ချန်လင်းမလိုက်ချင်သော်လည်းပါသွားရသည်။ စားပွဲနဲ့ဝေးကွာလို့သွားသည့်ခြေသံများကိုနားထောင်မိရင်းရှောင်းကျန့်၏မျက်လွှာများပွင့်လာသည်။သန့်စင်ခန်းဘက်ကိုအလျင်စလိုထွက်သွားကြသည့်ဝမ်ရိပေါ်နှင့်ချန်လင်း၏ကျောပြင်များကိုတစ်ဆုံးကြည့်လိုက်ပြီးနောက် မျက်လုံးများကိုပြန်မှိတ်ချလိုက်၏။လည်ချောင်းတစ်လျှောက်အထက်အောက်လှုပ်ခတ်သွားမှုကသိသိသာသာ။
"ဖျက်လိုက်..."
"ဘာကိုလဲ..."
သန့်စင်ခန်းထဲရောက်လာသည်နှင့်အဆက်အစပ်မရှိပြောလာသည့် ဝမ်ရိပေါ်၏စကားကို ချန်လင်းကမေးခွန်းပြန်ထုတ်လိုက်သည်။
"မင်း ခုနက ခိုးပြီးရိုက်လိုက်တဲ့ ရှောင်းကျန့်ရဲ့ဓာတ်ပုံ..."
"ဪ အဲ့တာလား ငါ့အစ်မကိုပို့ပေးမလို့..."
"ချက်ချင်းပြန်ဖျက်လိုက်လို့ပြောနေတယ်..."
"မလုပ်ပါနဲ့ကွာ...ငါကအိမ်ကနေမုန့်ဖိုးနည်းနည်းပဲရတာကွ အဲ့တာငါ့အစ်မက Toxic ရဲ့ဓာတ်ပုံတစ်ပုံရလာရင် မုန့်ဖိုးပေးမယ်လို့ပြောထားလို့ပါ...ငါဝယ်ချင်နေတဲ့ဖိနပ်တစ်ရံရှိလို့ပါ ပြီးတော့ ဓာတ်ပုံလေးတစ်ပုံနဲ့ဘာမှတော့မဖြစ်သွားပါဘူး..."
ချန်လင်းလက်ထဲက ဖုန်းကိုဝမ်ရိပေါ်လုဖို့ကြိုးစားလိုက်တော့ ချန်လင်းကရှောင်လိုက်သည်။ တစ်ယောက်ကရှောင်လိုက်တစ်ယောက်ကလုလိုက်လုပ်နေရတာကြောင့်လုံးထွေးလို့နေရင်းချန်လင်း၏အင်္ကျီအပေါ်ကြယ်သီးတစ်လုံးပြုတ်လို့သွားကာ ဝမ်ရိပေါ်၏ဆံပင်များလည်း ရှုပ်ပွလို့သွား၏။
ရုန်းရင်းဆန်ခတ်တဖြည်းဖြည်းပင်ပန်းလာရသည့်အခါ ဝမ်ရိပေါ်က နောက်ဆုံးလက်နက်ထုတ်သုံးလာသည်။
"ဖျက်လိုက်လို့ပြောနေတယ်နော် မဟုတ်ရင် ရှောင်းကျန့်ကို သွားပြောမယ်...မင်းကြိုက်တာရွေး..."
"ဖျက်...ဖျက်မယ် Toxic ကို သွားမပြောပါနဲ့..."
ချန်လင်းဓာတ်ပုံဖျက်ပြီးသွားသည့်အချိန်ထိဝမ်ရိပေါ်ခါးထောက်၍ကြည့်နေသည်။လက်တွေတုန်ပြီးဖျက်နေရတဲ့အထိကြောက်နေတာတောင် ဓာတ်ပုံခိုးရိုက်လိုက်တဲ့ချန်လင်းရဲ့သတ္တိကလည်းမသေး။
"ဖျက်လိုက်ပြီနော် ရပြီမလား...ဘာမှမရှိတော့ဘူး..."
ရှောင်းကျန့်၏ပုံများတစ်ခုမှမရှိတော့တာကိုဝမ်ရိပေါ်အတည်ပြုလိုက်ပြီးနောက် သန့်စင်ခန်းထဲမှနှစ်ယောက်သားဟန်မပျက်ပြန်ထွက်လာခဲ့သည်။သန့်စင်ခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့မှုကိုဖုံးကွယ်သည့်သဘောဖြင့် ရယ်ရယ်မောမောနှင့်ထွက်လာသည့် ဝမ်ရိပေါ်နှင့်ချန်လင်းက သူတို့စားပွဲသို့ပြန်ရောက်လာသည့်အခါ စာအုပ်များကိုသိမ်းဆည်းလိုက်ပြီးစာသင်ချိန်နောက်တစ်ချိန်သွားဖို့လုပ်၏။
နံရံကိုမီပြီးအိပ်ပျော်နေဟန်ရှိသည့်ရှောင်းကျန့်ကိုဝမ်ရိပေါ် နိုးဖို့အခက်တွေ့နေပြီးမှ အင်မတန်တိုးညှင်းသောအသံဖြင့်...
"ရှောင်းကျန့်..."
"အင်း..."
"နောက်တစ်ချိန်သွားရတော့မယ် ကျွန်တော်တို့နဲ့လိုက်ခဲ့မလား နေခဲ့မလား..."
ဝမ်ရိပေါ်ကရှောင်းကျန့်ကိုစောင့်ခေါ်နေပေမယ့် ချန်လင်းကတော့ ကြယ်သီးပြုတ်နေသည့်အင်္ကျီလည်ပင်းစကိုလက်နဲ့စုကိုင်ပြီး ရှောင်းကျန့်ကိုအရိုအသေပေးလိုက်ကာ အရင်ထွက်သွားနှင့်သည်။
"ရှောင်းကျန့် အတန်းမတက်ချင်ရင်လည်းနေခဲ့လို့ရတယ်လေ..."
ရှောင်းကျန့်က မီးခိုးရောင်ဆံပင်တွေကိုထိုးဖွပစ်လိုက်ပြီး ထိုင်ခုံမှထလာ၍ဝမ်ရိပေါ်ရှေ့တွင်မတ်တပ်ရပ်လိုက်သည်။ဝမ်ရိပေါ်၏ဆံပင်တွေကြားထဲလက်ချောင်းများထိုးထည့်ပြီးတစ်ချက်နှစ်ချက်လောက်သပ်ပေးလိုက်ကာ...
"ဆံပင်တွေပွနေတယ် ခွေးပေါက်လေး..."
ဝမ်ရိပေါ်ငှားချင်သည့်စာအုပ်များက ငါးအုပ်လောက်ရှိတာဖြစ်ပြီး စာအုပ်တိုင်းကလည်းအထူကြီးဖြစ်နေသည့်အခါရှောင်းကျန့်မျှသယ်လာပေးခဲ့ပြီး ဝမ်ရိပေါ်နှင့်အတူ စာကြည့်တိုက်၏ ကောင်တာတွင်စာအုပ်စာရင်းပေးဖို့မတ်တပ်ရပ်နေ၏။
"ငါးအုပ်လုံး ငှားမှာလားဟင်..."
"အင်း..."
"ဘယ်နှစ်ရက်ထိ ငှားမှာလဲ..."
"နောက်အပတ် တနင်္လာအထိ..."
"ဘယ်သူ့နာမည်နဲ့ငှားမှာလဲဟင်..."
ငှားမည့်လူကသူမှန်းသိရက်နဲ့ ရှောင်းကျန့်ကိုသာကြည့်ပြီးတစ်လျှောက်လုံးမေးနေသည့် မေလင်းကိုဝမ်ရိပေါ်သိပ်အမြင်မကြည်တော့။ခါတိုင်းဆိုဆံပင်ရှည်ကိုအမြဲတမ်းချထားတတ်သည့် မေလင်းက ဘယ်အချိန်တုန်းက ဆံထုံးသွားထုံးဖွဲ့လိုက်သည်မသိ။
အလာမှာတုန်းက မြင်ခဲ့ရတာတောင် ဆံပင်ကိုဖားလျားချထားသေးတာဖြစ်ပြီး အခုမှဆံထုံးပြောင်းသွားတာဖြစ်၏။ရှောင်းကျန့်ကိုကြည့်လိုက်နဖူးပေါ်ဝဲကျနေသည့် ဆံမြိတ်စများကို ခဏခဏသပ်တင်လိုက်ဖြင့်အလုပ်ရှုပ်နေပုံက စိတ်ရှုပ်ဖို့ကောင်းလွန်းလှသည်။
"ငှားမယ့်လူရဲ့နာမည်လေးနဲ့ကျောင်းသား ID လေးတစ်ချက်လောက်ပြောပေးပါနော်..."
"ဝမ်ရိပေါ်..."
"ဝမ် ဘာဖြစ်တယ်..."
"ဝမ်-ရိ-ပေါ်..."
"ဟုတ် ခဏလေးနော် ဒီလိုပေါင်းတာမှန်လားမသိဘူး..."
လက်တော့ပ်ထဲမှာသူ့နာမည်ရိုက်ထည့်ပြီး သူ့ကိုမမေးဘဲ ရှောင်းကျန့်ဘက်ထိုးပြပြီး မေးလိုက်သည့်မေလင်းကြောင့် မေလင်းလက်ထဲက လက်တော့ပ်ကိုဝမ်ရိပေါ်ဆွဲယူလိုက်သည်။တမင်တကာစာလုံးပေါင်းအမှားဖြင့်ပေါင်းထားပြီး ရှောင်းကျန့်ပြင်ပေးမှာစောင့်နေရင်လည်း နောင်ဘဝထိဆက်စောင့်နေလိုက်။
"ရော့ ရပြီမလား..."
ဝမ်ရိပေါ်သူ့နာမည်စာလုံးပေါင်းကို သူ့ဟာသူပြန်ပြင်ပေးကာ မေလင်းလက်ထဲလက်တော့ပ်ပြန်ထည့်ပေးလိုက်သည်။
"မောင်လေး ရိပေါ်..."
"ဘာလဲ..."
"စာအုပ်တွေအချိန်မီလာမအပ်ဖြစ်ရင် ဖုန်းဆက်ပြီး လှမ်းခေါ်လို့ရအောင် ရိပေါ်ရဲ့ဖုန်းနံပါတ်နဲ့ ရိပေါ်ရဲ့အခန်းဖော်ရဲ့ဖုန်းနံပါတ် ထားခဲ့ပေးပါလား..."
"ကျွန်တော့်အခန်းဖော်ရဲ့ဖုန်းနံပါတ်ကဘာလုပ်မလို့လဲ..."
သူစိတ်အချဉ်ပေါက်စွာတည့်မေးလိုက်တော့ မေလင်းက ဝဲကျနေသောဆံပင်များကိုသပ်ကာရှောင်းကျန့်ဘက်ကိုရှက်ဝဲဝဲပုံစံဖြင့်ကြည့်လိုက်ပြီး...
"ရိပေါ်ကိုဆက်သွယ်လို့မရရင် အခန်းဖော်ကနေတစ်ဆင့်ပြောခိုင်းလို့ရအောင်ပါ..."
"တစ်စက္ကန့်တောင်နောက်မကျဘဲပြန်အပ်မှာမလို့ ဘာမှစိတ်မပူနဲ့ ပြီးပြီမလား ကျွန်တော်တို့အတန်းတက်ရဦးမယ်..."
"ပြီးပါပြီရှင် ရော့...ရိပေါ်က ဒီစာအုပ်သုံးအုပ်ကိုကိုင်...ဒီဘက်ကတော့ ဒီစာအုပ်နှစ်အုပ်ကိုမျှသယ်ပေးလိုက်ပါနော် စာအုပ်တွေကအရမ်းလေးတော့လေ..."
"ခဏလေးရှောင်းကျန့်..."
မေလင်းစာရင်းမှတ်ပေးလိုက်သည့်စာအုပ်တွေကို သယ်လာရင်း စာကြည့်တိုက်အဝင်ဝရောက်လာသည့်အခါ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုရပ်တန့်စေလိုက်သည်။
"ကျွန်တော်တို့စာအုပ်တွေ လဲသယ်ရအောင်..."
ဘာကြောင့်လဲဆိုတာ ရှောင်းကျန့်မမေးဘဲ ဝမ်ရိပေါ်၏လက်ထဲကစာအုပ်များနဲ့လဲသယ်လိုက်သည်။ရှောင်းကျန့်လက်ထဲက စာအုပ်တွေကသူ့လက်ထဲရောက်လာသည့်အခါ ဝမ်ရိပေါ်ချက်ချင်းပင် အပေါ်ကစာအုပ်၏ပထမဦးဆုံးစာမျက်နှာကိုကောက်လှန်လိုက်သည်။
ဟက်...။သူထင်ထားသည့်အတိုင်းပင်။
မြွေမြွေချင်းခြေမြင်တာထက် သူ့ဆဋ္ဌမအာရုံကနှိုးဆော်လိုက်သည့်မသင်္ကာစိတ်က သူ့အထင်များကိုမှန်ကန်စေသည်။မေလင်းက ဖုန်းနံပါတ်ရေးထားသည့် စာရွက်အပိုင်းလေးကို စာအုပ်ကြားထဲညှပ်ပြီး ထိုစာအုပ်အားရှောင်းကျန့်ကိုသယ်ယူစေခဲ့တာဖြစ်သည်။
ဝမ်ရိပေါ်အံကြိတ်လိုက်ပြီး ထိုစာရွက်အပိုင်းလေးကိုရှောင်းကျန့်မတွေ့လိုက်ခင်မှာပင်လုံးချေ၍ အမှိုက်ပုံးထဲကိုချက်ချင်းထည့်လိုက်သည်။ ပြီးလျှင် ရှောင်းကျန့်၏စိတ်သဘောထားကိုစမ်းသပ်ချင်တာကြောင့်...
"ရှောင်းကျန့်..."
"ပြော..."
"ကောင်တာဘက်ကိုတစ်ချက်ပြန်လှည့်ကြည့်လိုက်..."
ဝမ်ရိပေါ်ပြောသည့်အတိုင်း ရှောင်းကျန့်လှည့်ကြည့်လိုက်သည်။
"ခုနက ကျွန်တော်တို့စာအုပ်တွေကိုစာရင်းမှတ်ပေးလိုက်တဲ့တစ်ယောက်ကိုတွေ့လား..."
"အင်း..."
"အဲ့တစ်ယောက်က ရှောင်းကျန့်ကိုသဘောကျနေတာထင်တယ်..."
"ဟုတ်လား..."ဆိုပြီးတစ်ခွန်းတည်းပြော၍နောက်တစ်ခေါက်ပင်ပြန်လှည့်မကြည့်တော့သည့်ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်ထပ်ပြီးအရဲကိုးသည်။
"အဲ့တစ်ယောက်ကို ချစ်ဖို့ကောင်းတယ်လို့မထင်ဘူးလား..."
"ငါ့ရဲ့ခွေးပေါက်လေးလောက်ချစ်ဖို့ကောင်းလို့လား..."
သူ့ဆံပင်တွေကိုစိတ်ကြိုက်ထိုးဖွကာရယ်မောပြောနေပုံက ရှောင်းကျန့်အတွက်သာမန်ပဲဖြစ်လိမ့်မှာဆိုပေမယ့် သူ့အတွက်တော့ရှောင်းကျန့်၏ဒီအပြုအမူတွေဒီအသုံးအနှုန်းတွေက သူ့ရဲ့မျှော်လင့်ချက်တွေကိုကောင်းကင်ထိရောက်အောင်ဆွဲတင်ပေးနေတာဖြစ်သည်။
"ငါ့ရဲ့" ဆိုသည့်သုံးနှုန်းမှုက ပိုင်ဆိုင်ခြင်းကို ဖော်ပြတယ်ဆိုတာ ရှောင်းကျန့်မသိခြင်းလား၊ သူကပဲတစ်ဖက်သတ်အတွေးလွန်ခြင်းနေလားဆိုတာမသိသော်လည်းလောလောဆယ်တော့ စိတ်ထဲကနေစကားတစ်ခွန်းပြောလိုက်မိသည်။
ရှောင်းကျန့်ရဲ့အတွေးထဲမှာခင်ဗျားအတွက်နေရာမရှိလို့ So sorry ပဲ မေလင်း။
You are reading the story above: TeenFic.Net