"ခွေးပေါက်လေး မင်းကပေါ်ပြူလာဖြစ်တယ်ထင်တယ် အားလုံးမင်းကို ဝိုင်းကြည့်နေကြတယ်..."
"ကျွန်တော့်ကိုကြည့်တာမဟုတ်ဘူး ရှောင်းကျန့်ကိုကြည့်နေကြတာ..."
"ငါကဘာဖြစ်လို့လဲ..."
"ရှောင်းကျန့် ဘယ်တုန်းက ကျောင်းကိုနောက်ဆုံးလာခဲ့တာလဲ..."
သူမေးတော့ရှောင်းကျန့်စဉ်းစားနေဟန်ရှိသည်။တစ်မိနစ်ခန့်ကြာသွားလည်းအဖြေကထွက်မလာ။
သူ့အမေးကိုမဖြေရသေးသည့်ရှောင်းကျန့်ကပုခုံးပင့်ပြကာမီးခိုးရောင်ဆံပင်တွေကိုထိုးဖွလိုက်သည်။ပြီးတော့လက်ချောင်းတွေကတစ်ဆက်တည်းသူ့ခေါင်းပေါ်သို့ဦးတည်လာသည်။သပ်ရပ်နေအောင်ဖီးလာသည့်သူ့ဆံပင်များကရှောင်းကျန့်၏လက်ချောင်းတွေကြောင့်ပွသွားရသည်။စိတ်ဆိုးလားဆိုတော့လုံးဝစိတ်မဆိုး။ရှောင်းကျန့်သူ့ကိုဒီလိုဖက်လှဲတကင်းအမူအယာတွေနဲ့ဆက်ဆံတာကိုသူတကယ်နှစ်သက်၏။
သူ့ဆံပင်တွေကြားထဲလက်ချောင်းရှည်တွေတိုးဝင်လာတိုင်းရင်ထဲလှပ်ခနဲဖြစ်သွားသည့်ခံစားချက်ကိုနှစ်ခြိုက်သည်။ရှောင်းကျန့်သောက်လက်စစီးကရက်ကိုဆွဲယူပြီးဆက်ရှိုက်ရတာကိုကျင့်သားရချင်သည်။
အရက်ဆိုသည့်အရသာကို မနှစ်ခြိုက်သေးပေမယ့်ခါးသက်သက်အရသာရှိတဲ့ဘီယာဘူးကိုနှုတ်ခမ်းရှေ့တေ့လာပေးတိုင်းတစ်ငုံနှစ်ငုံယူသောက်ရတာလည်းအဆင်ပြေသည်။ အဓိက အချက်ကရှောင်းကျန့်နဲ့နီးကပ်နေရတာကိုသဘောကျသည်။
အထူးသဖြင့် ရှောင်းကျန့်နှုတ်ဖျားကထွက်လာတဲ့
ခွေးပေါက်လေး ဆိုသည့်အသုံးအနှုန်း။
"ဘယ်သွားနေတာလဲ ခွေးပေါက်လေး..."
"ကျွန်တော့် Locker ဆီသွားနေတာ မလိုသေးတဲ့စာအုပ်တွေခဏထည့်ထားမလို့...ရှောင်းကျန့်ရဲ့ Locker ကဘယ်မှာလဲ..."
"ငါ့မှာ Locker မရှိဘူး...ထည့်စရာလည်းမရှိဘူး..."
"ထည့်စရာမရှိလည်း လိုရမယ်ရတစ်ခုလောက်တော့ရှိရမှာပေါ့ လွတ်တဲ့ Locker တစ်ခုလိုက်ရှာကြည့်ပါလား..."
"ဝုန်း...! "
ဝမ်ရိပေါ် စာအုပ်တချို့ကိုသူ့ Locker ထဲထည့်နေရင်းတစ်စုံတစ်ရာအစုလိုက်အပြုံလိုက်ပြုတ်ကျလာသည့်(တစ်နည်းအားဖြင့်)ဖယ်ချခံလိုက်ရသည့်အသံလာရာကိုကြည့်ပြီးထိုနေရာကိုခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။
သူ့ Locker နဲ့မျက်စောင်းထိုးနေရာလောက်မှာရှိနေသည့် Locker တစ်ခုထဲမှပစ္စည်းများကို ရှောင်းကျန့်ကတွန်းဖယ်ပစ်လိုက်တာဖြစ်သည်။ရှောင်းကျန့်ရွေးလိုက်သည့် Locker က သော့မပိတ်ထားပေမယ့် ပစ္စည်းတွေရှိတာကြောင့်ပိုင်ရှင်ရှိသည့်သဘောဆောင်သောအခါ...
"ရှောင်းကျန့် အဲ့ Locker က ပိုင်ရှင်ရှိတယ်လေ..."
ရှောင်းကျန့်က ကြမ်းပြင်ပေါ်ရောက်နေသည့်တစ်ပါးသူစာအုပ်များ၊ပစ္စည်းများကိုငုံ့ကြည့်လိုက်ပြီး...
"အခုမရှိတော့ဘူး..."
"ဒါပေမယ့်လည်း အဲ့လိုလုပ်တာက..."
"ဒီ Locker ပိုင်ရှင်ကဘယ်သူလဲ...! "
ဝမ်ရိပေါ်စကားမဆုံးသေး ရှောင်းကျန့်က Locker တွေတစ်ဝိုက်မှာရှိနေသည့် လူများကိုခြုံငုံ၍မေးလိုက်သည်။ဖြေသံတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိသည့်အခါ ရှောင်းကျန့်ကဝမ်ရိပေါ်ကိုကြည့်လိုက်ပြီး...
"တွေ့လား ပိုင်ရှင်မှ မရှိတာ..."
ဝမ်ရိပေါ်သက်ပြင်းခိုးချလိုက်သည်။တကယ့်Locker ပိုင်ရှင်ဖြစ်ဟန်ရှိသည့်လူက ရှောင်းကျန့်ပစ်ချထားသည့်ပစ္စည်းတွေကိုတွန့်ဆုတ်စွာဖြင့်တိတ်တဆိတ်ကောက်ယူနေသည်ကိုမြင်ရသည့်အခါသူ့အပြစ်မကင်းသလိုလည်းခံစားရသည်။ရှောင်းကျန့်ကိုသူသာ Locker တစ်ခုရှိဖို့အကြံမပေးခဲ့ရင်ဒီလိုတွေဖြစ်ခဲ့လိမ့်မည်မဟုတ်။အဲ့တာကြောင့် Locker ပိုင်ရှင်ကိုရှောင်းကျန့်အစားစိတ်ထဲကနေတိတ်တဆိတ်သာတောင်းပန်လိုက်မိသည်။
" Locker ကို password မထားတော့ဘူးလား ရှောင်းကျန့်..."
ရှောင်းကျန့်ကခေါင်းခါပြ၍သူ့ဆီက မာကာ(Marker) တစ်ခုတောင်းကာ Locker တံခါးအရှေ့တွင် "ရှောင်းကျန့်" ဟူသည့်နာမည်ကိုထင်ထင်ရှားရှားရေးလိုက်သည်။သော့ခတ်ထားစရာမလို၊ ဘယ်သူ့ Locker မှန်းလူတွေသိရင်ရပြီဆိုသည့်အဓိပ္ပာယ်မျိုးဖြစ်သည်။
ဖြတ်သန်းလာသည့် မူလတန်း၊အလယ်တန်း၊အထက် တန်းစသည်တို့မှာ တစ်ပါးသူကိုအနိုင်ကျင့်တတ်သည့် School bully တွေကိုသူကြည့်လို့မရခဲ့ပေမယ့် ရှောင်းကျန့်ကိုတော့ခြွင်းချက်ထားပေးနိုင်သည်။အကြောင်းပြချက်ကတော့ ရှောင်းကျန့်ဖြစ်နေလို့ဖြစ်မည်။
အခုလည်း "တစ်နှစ်တစ်ခါပေါ်လို့လာ ငါသာမင်းလောင်းထီးဖြူဆောင်း" ဆိုသည့်စကားထာ၏အဖြေကို မှိုဟုမသတ်မှတ်သင့်ဘဲ ရှောင်းကျန့် ဟုသာသတ်မှတ်သင့်သည်။ ကျောင်းစဖွင့်တဲ့ရက်ကနေရေတွက်ရင် နှစ်လခွဲလောက်ကြာမှ ကျောင်းဝန်းထဲရောက်လာသည့်ရှောင်းကျန့်က ဒီကျောင်းမှာဘယ်သူ မင်းမူ လဲဆိုတာ ရှင်းရှင်းလင်းလင်းပြသသည်။
ကန်တင်းထဲကိုရှောင်းကျန့်နဲ့အတူဝင်လာသည့်အချိန် ၌ ကန်တင်းတစ်ခုလုံးသိသိသာသာ ဝပ်သွားတာကိုသူခံစားမိသည်။ဘာအကြောင်းကြောင့်လဲဆိုတာမသိပေမယ့် ခါတိုင်းနဲ့မတူဘဲ လူတွေအားလုံးက လေးပင်သည့်လေထုအောက်မှာရင်ဘတ်ကိုဆင်နင်းခံရသလို အသက်ရှူရခက်နေသည့်ပုံစံမျိုးဖြင့်ငြိမ်သက်လို့သွားတာဖြစ်၏။
"ဟိုထောင့်စွန်းဝိုင်းကို နှစ်ယောက်စာ လာပို့လိုက်..."
ကန်တင်းကဆိုင်တစ်ခုရှေ့မှာ မှာယူထားတာများစောင့်ဆိုင်းလို့နေသည့် လူများထဲမှ ထိပ်ဆုံးကလူတစ်ယောက်၏ လက်ထဲက ဘတ်စ်ကတ်ဘောလုံးကို ရှောင်းကျန့်ဆွဲလုယူရင်းပြောလိုက်ခြင်းဖြစ်သည်။
ရှောင်းကျန့်ပြောလိုက်သည့် ဘတ်စ်ကတ်ဘောအင်္ကျီဝတ်ထားသော လူကိုသူမျက်မှန်းတန်းမိသည်။ ထိုလူက Final year က ကျောင်းသားတစ်ယောက်ဖြစ်ပြီးအုပ်စုဖွဲ့နေတတ်တာဖြစ်သည်။ လူကောင်းတစ်ယောက်တော့မဟုတ်။
တစ်ခါတစ်လေကျရင်ငါးယောက်ခန့်ရှိသည့်ထိုလူတို့အုပ်စုကကန်တင်းထဲဝင်လာပြီး ဟောင်ဖွာဟောင်ဖွာလုပ်တတ်သည်။ ပထမနှစ်၊ဒုတိယနှစ် စသည့်ဂျူနီယာကျသည့်လူများကို နည်းနည်းအနိုင်ကျင့်ချင်ဟန်ရှိသည်။ အအေးဘူးသွားဝယ်ခိုင်းခြင်းများ၊ သူတို့ကိုယ်စား အစားအသောက်များသွားတန်းစီခိုင်းခြင်းများကိုပြုသည်။
တစ်ခါတစ်လေကျရင်တော့ စိတ်မထင်ရင်မထင်သလို သူတို့လက်ထဲက ဘတ်စ်ကတ်ဘောနဲ့ ပစ်ပေါက်တတ်၏။ပြီးခဲ့တဲ့အပတ်တုန်းကပင် ကျောင်းသားတစ်ယောက် ထိုအဖွဲ့၏ဘတ်စ်ကတ်ဘောရန်ကြောင့်မျက်မှန်ကိုင်းကျိုးသွားပြီး နှာခေါင်းသွေးလျှံခဲ့တာကို သူမြင်ခဲ့ရသည်။
ကြီးနိုင်ငယ်ညှဉ်း ဆိုသည့် လောကသဘာဝကိုထိုလူတွေကောင်းစွာနောကြေဟန်ရှိသည်။ သူတို့ထက်ကြီးသည့်ရှောင်းကျန့်ကိုတော့ မထီမျက်မြင်အချိုးမျိုးမလုပ်ရဲဘူး ထင်သည်။ ဘယ်လောက်မှပင်မကြာလိုက်ဘဲ ရှောင်းကျန့်မှာလိုက်သည့်အတိုင်း လူနှစ်ယောက်စာ စားစရာများက သူတို့စားပွဲပေါ်ရောက်လာတော့ မျက်နှာပူသွားသည့်သူက ကျသင့်ငွေပေးဖို့ပိုက်ဆံအိတ်ထုတ်လိုက်သည့်အခါ ရှောင်းကျန့်ကတားလိုက်ပြီး...
"ပိုက်ဆံပေးစရာ လိုလား..."
အမူအကျင့်ဖြင့်မလိုက်ဖက်စွာ ဖော်ရွေလွန်းသည့်အပြုံးဖြင့်မေးလိုက်သည့် ရှောင်းကျန့်ကို ထိုလူတွေကျေနပ်ပုံမရသော်လည်း "ပေးစရာမလိုပါဘူး"လို့ပြန်ဖြေ၍တစ်အုပ်စုလုံးထွက်သွားဖို့ပြင်သည်။အနည်းငယ်အလှမ်းဝေးသည့်နေရာအရောက်မှာ...
"ခဏနေဦး..."
ရှောင်းကျန့်၏ခေါ်သံကြောင့် ထိုလူတွေလှည့်ကြည့်လိုက်သည့်အခါ ရှောင်းကျန့်ကတမင်တကာ လက်ထဲကဇွန်းကိုလွှတ်ချလိုက်ပြီး...
"နောက်ဇွန်းတစ်ချောင်းယူခဲ့..."
မိနစ်ပိုင်းအတွင်းဇွန်းတစ်ချောင်းလက်ထဲရောက်လာသည့်အခါ ယူလာပေးသည့်လူကိုရှောင်းကျန့်ပြုံးပြသည်။
"ရေသန့်ဘူးကဘယ်မှာလဲ..."
"ခဏလေးစောင့်ပေးပါ..."
လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး ရှောင်းကျန့်အတွက်ရေဝယ်ဖို့ထွက်သွားသည့်လူကိုဝမ်ရိပေါ်ကြည့်ရင်းစိုးရိမ်စိတ်ဝင်မိသည်။
အင်္ကျီလက်ပြတ်အမြဲဝတ်တတ်သည့်ရှောင်းကျန့်က အခုလည်းရှပ်အင်္ကျီလက်တိုအနက်ကို အင်္ကျီလက် များလိပ်တင်ဝတ်ထားတာကြောင့် လက်ပြတ်သဘောမျိုးဖြစ်နေသည့်အခါ ပေါ်လွင်နေသည့်လက်မောင်းတို့ကသာမန်သာဖြစ်သည်။
ထိုလူကတော့ ရှောင်းကျန့်နဲ့အရပ်မတိမ်းမယိမ်းဖြစ်ပေမယ့် ဘတ်စ်ကတ်ဘောဆော့သည့်အတွက်ကြောင့်လက်မောင်းကြွက်သားများကရှောင်းကျန့်ထက်ပိုတောင့်သည်။မျက်နှာချိုလွန်းသည့်ရှောင်းကျန့်နဲ့ယှဉ်လျှင်ခက်ထန်သည့်မျက်နှာရိပ်မျိုးရှိပြီးဖိုက်တာရုပ်မျိုးဖြစ်သည်။တကယ်လို့တစ်ခုခုဖြစ်ရင်ရှောင်းကျန့်ဘက်ကသာ အထိနာမည့်ပုံမျိုးဖြစ်၏။
"ကျေးဇူးပဲ...မင်းတို့ရဲ့ဘောလုံးလေး ပြန်ယူသွားဖို့မမေ့နဲ့ဦး..."
ရေဝယ်ပြီး ပြန်လာသည့်လူ၏လက်ထဲမှ ရေသန့်ဘူးကို ဖောက်သောက်လိုက်သည့်ရှောင်းကျန့်က ဖိနပ်အောက်မှာဖိထားသည့် ဘောလုံးကိုမေးဆတ်ပြလိုက်သည်။ လည်ပင်းအကြောတွေထောင်ထွက်သည်အထိအံကြိတ်လိုက်သည့်လူက ရှောင်းကျန့်ရှေ့ကိုယ်ကိုကိုင်းညွတ်လိုက်ကာ ရှောင်းကျန့်ဖိနပ်အောက်မှာရှိနေသည့် ဘောလုံးကိုယူဖို့လုပ်လိုက်သည်။
ထိုအခိုက်...
တီးတိုးအာမေဋိတ်အသံများကြားမှာ ဘောလုံးပြန်ကောက်နေသူ၏ဆံပင်များစိုရွှဲလို့သွား၏။ရှောင်းကျန့် ကသောက်လက်စရေဘူးထဲက ရေများဖြင့်သူ့အရှေ့ဦးညွတ်လာသူ၏ခေါင်းပေါ်ကို လောင်းချလိုက်တာဖြစ်သည်။ရေတစ်စက်မှမကျန်တော့သည့်ရေဘူးခွံကိုလည်း ကြမ်းပြင်ပေါ်လွှတ်ပစ်လိုက်ပြီး...
"တစ်ခါတည်း ကောက်သွားပြီး အမှိုက်ပုံးထဲထည့်လိုက်..."
"ရေသန့်ဘူးကို ကြေမွအောင်လုပ်နိုင်ပြီဆိုတော့လက်အခြေအနေတော်တော်ပြန်ကောင်းလာပုံရတယ်..."
မကျေနပ်ကြောင်းပြချင်လို့လက်ထဲကရေသန့်ဘူးခွံကိုဖျစ်ညှစ်ဖို့ကြိုးစားနေသည့်လူက ရှောင်းကျန့်စကားကြောင့် လက်ချောင်းများကိုဖြေလျှော့လိုက်ပြီး ရှောင်းကျန့်နှင့်ဝေးရာဖြစ်သည့် ကန်တင်းအပြင်ဘက်ကိုသာထွက်သွားသည်။ပွဲပြီးသွားသည့်အခါခိုးကြည့်နေကြသည့်လူများက အသက်ရှူချောင်လို့သွားရပေမယ့် တိတ်ဆိတ်စွာပင်စားလက်စများကိုဆက်စားသည်။
ခါတိုင်းဆိုသူနဲ့အမြဲတမ်းထမင်းတူတူလာစားပြီးရှောင်းကျန့်အကြောင်းတွေပဲပြောတတ်သည့် ချန်လင်းဘယ်ရောက်နေလဲဆိုတာဝမ်ရိပေါ်တစ်ချက်တွေးလိုက်ပေမယ့် အရေးမပါသည့်ကိစ္စဖြစ်သည့်အခါခေါင်းထဲကချက်ချင်းထုတ်လိုက်ပြီးရှောင်းကျန့်၏အစားစားပုံကိုအကဲခတ်ကြည့်လိုက်သည်။
ဆေးလိပ်၊ဆေးခြောက်၊အရက်၊ဘီယာစသည့်အသောက်များကိုသာဘက်စုံရသည့်ရှောင်းကျန့်ကအစားကိုတော့ခုံမင်ပုံမရ။ အစားရွေးပုံရပြီးပန်းဂေါ်ဖီကြော်၏ရိုးတံကိုပင်မစား ထိပ်ဖူးလေးတွေကိုသာဖြတ်စားသည်။အသားဟင်းများကိုစိတ်မပါဟန် ဇွန်းဖြင့်ထိုးဆွသည်။
ကြက်ဥကြော်ကိုလည်း အကာဖယ်ပြီးအနှစ်သာ ရွေးစား၍ထမင်းကိုလည်းဟုတ်တိပတ်တိမစားငါးလုတ်လောက်သာစားပြီးနောက် ထမင်းစားပွဲပေါ်တက်ထိုင်ကာ သူ့ရေသန့်ဘူးကိုယူသောက်သည်။
"ခုနကကောင်ရဲ့ ညာဘက်လက်က စတီးရိုးထည့်လိုက်ရတယ်လို့ကြားတယ်..."
ဘာဖြစ်လို့လဲ၊ ဘယ်သူ့ကြောင့်လဲ၊ ဘယ်တုန်းကလဲစသည့်မေးခွန်းတွေကိုသူဆက်မမေးဖြစ်သလိုရှောင်းကျန့်ကလည်းဆက်မပြော။တစ်ဖက်လူကိုလက်အရိုးကျိုးတဲ့ထိရှောင်းကျန့်လုပ်ခဲ့တာလားဆိုတာ သေသေချာချာပြောလို့မရသည့်ကိစ္စဖြစ်တာကြောင့်သူမစွပ်စွဲချင်။
သူ့ထက်အသက် ၆ နှစ်ပိုကြီးတာကြောင့် အရပ်လေးပိုရှည်ရုံကလွဲလို့ ၊ သူ့လောက်တောင် ကိုယ်လုံးကိုယ်ထည်တောင့်တင်းမှုလည်းမရှိဘဲ အရယ်အပြုံးတွေပေါများလှတဲ့ရှောင်းကျန့်က အဲ့လောက်ထိတော့မလုပ်နိုင်လောက်ပါဘူးဟုတွေးခဲ့မိပေမယ့် ရှောင်းကျန့်နဲ့အတူခြောက်ကြိမ်မြောက် ကလပ်ကိုလိုက်သွားသည့်နေ့မှာတော့ သူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရ၏။
ထုံးစံအတိုင်းသူနဲ့ရှောင်းကျန့်က ကလပ်၏ထောင့်ဆုံးမှာရှိသည့်ဝိုင်းကိုသွားသည်။
ရှောင်းကျန့်မှာအရမ်းကောင်းသည့်အချက်တစ်ခုရှိသည်။အဲ့တာက ကလပ် ရောက်ရင်ဘယ်သူနဲ့မှသွားမရောဘဲ တသီးတခြားကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲဖြစ်သည်။
တခြားကိစ္စတွေမှာသာဆိုးသည်ဟုသတ်မှတ်လို့ရပေမယ့် မိန်းကလေးကိစ္စရော ယောကျာ်းလေးကိစ္စရောအရှုပ်အရှင်းအလွန်ကင်းတာဖြစ်သည်။သူများဆီကိုလည်းသွား မကပ်သလို ကိုယ့်ဆီကိုလည်းအကပ်မခံသည့်အကျင့်စရိုက်ကြောင့် သူတကယ်စိတ်အေးသည်။ ပြီးတော့စကားရိုင်းရိုင်းစိုင်းစိုင်းလုံးဝ မပြောတတ် သည့်ရှောင်းကျန့်၏အမူအကျင့်တစ်ခုကိုတော့တော်တော် သဘောကျရသည်။
ဒီနေ့တော့ ရှောင်းကျန့်ကတစ်ဆင့်တိုးသည်။အရက်ပုလင်းတစ်ခုမှာထားပေမယ့် အရက်ဘက်ကိုအာရုံမရ။ဆေးခြောက်ဘက်ကိုခြေဦးလှည့်သည်။
လတ်လတ်ဆတ်ဆတ်စပျစ်သီးရနံ့လိုမျိုးအနံ့မွှေးမွှေးကိုစတင်ရလိုက်သည့်အခါ ရှောင်းကျန့်တစ်ယောက်တိမ်တွေထဲလွင့်မြောနေပြီဟုသိလိုက်ရသည်။
ကျောင်းစာနဲ့ပတ်သက်ပြီး ဘယ်လောက်ထိထူးချွန်လည်းမသိပေမယ့် ဆေးခြောက်တွေနဲ့ပတ်သက်ပြီးအခေါ်အဝေါ်တွေ၊အနံ့အရသာတွေတိတိကျကျကိုတော့ရှောင်းကျန့်သိတာဖြစ်သည်။
ရှောင်းကျန့်ပြောပြပုံအရ အခုရှောင်းကျန့်သောက်နေသည့်ဟာက မျိုးစပ်အမျိုးအစားဖြစ်ပြီး (xxxxx) ဟုခေါ်ဝေါ်သည်။ စပျစ်သီးအနံ့လေးလိုမျိုးရှိပြီး citrus အရသာလိုမျိုး ချိုချဉ်ရှတတလေးဖြစ်သည်ဟုသိရသည်။
ခံစားချက်အနေနဲ့ကတော့ စိတ်ပျော်ရွှင်မှုနှင့်အေးချမ်းမှုကိုပေးပြီးအမှန်တကယ်ကိုပင်တိမ်တွေပေါ်လမ်းလျှောက်နေရသလိုမျိုးလို့လည်းပြောသည်။တစ်ခါတစ်ရံ အရမ်း high သွားသည့်အခါ အတွေးထဲမှာဘာမှမရှိတော့ဘဲ စိတ်တွေက လေယာဉ်ပျံတွေ ငှက်တွေနဲ့တောင်အတူပျံသန်းနေရသည့်ခံစားချက်မျိုးဖြစ်သည်ဟုလည်းပြောသည်။
အဲ့တာကြောင့် အပျော်စမ်းသပ်ကြည့်ဖို့ အရင်တစ်ခါရှောင်းကျန့်က သူ့နှုတ်ခမ်းဝနားထိအတင်းထိုးပေးခဲ့ပေမယ့် အဲ့လောက်ထိတော့ သူမလုပ်ရဲသည့်အခါ ခေါင်းတွင်တွင်ခါပြီးငြင်းခဲ့ရတာဖြစ်သည်။
ရှောင်းကျန့်ဆေးခြောက်သုံးတာ ပထမဦးဆုံးတွေ့ဖူးခဲ့သည့်အချိန်တုန်းက တုန်လှုပ်အံ့ဩမိပေမယ့် အခုတော့ သူ့အတွက်မထူးခြားတော့ဘဲ ဒါဟာရှောင်းကျန့်ရဲ့ဝါသနာတစ်ခုလို့ပဲရိုးရိုးရှင်းရှင်းသတ်မှတ်ပေးနိုင်ခဲ့သည်။ တကယ်တော့ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ်ကြိုက်တာကိုယ်လုပ်နေသည့်ရှောင်းကျန့်က လူငယ်ဘဝလွတ်လပ်မှု၏ ပြယုဂ်တစ်ခုလိုပင်ဖြစ်သည်။
"တို့ ခဏ လောက်ထိုင်လို့ရလား..."
ရှောင်းကျန့်ကိုကြည့်ရင်း သူ့အတွေးနဲ့သူမြောနေမိရင်း အမျိုးသမီးတစ်ဦး၏ စကားသံကြောင့် အတွေးစများပြတ်တောက်သွားရသည်။ မလုံမလဲအတိုအပြတ်ဝတ်လို့ထားသည့်အမျိုးသမီးက သူ့ခွင့်ပြုချက်ကိုပင်မစောင့် သူနှင့်ရှောင်းကျန့်ကြားထဲဝင်ထိုင်သည်။သူနဲ့ရှောင်းကျန့်က ပူးကပ်ထိုင်နေခြင်းမဟုတ်တာကြောင့် လွတ်နေသည့်နေရာမှာ ထိုအမျိုးသမီးကပ်သီးကပ်ဖဲ့ဝင်ထိုင်လို့ရသွားတာဖြစ်သည်။
"မောင်လေးက တော်တော်ငယ်သေးတဲ့ပုံပဲနော် အသက် ၂၀ တောင်ပြည့်သေးရဲ့လား..."
မူးနေဟန်ရသည့်ထိုအမျိုးသမီးက စထိုင်ကတည်းကသူ့ဘက်ကိုလှည့်ပြီး ညုတုတုအသံနဲ့စကားစပြောနေတာဖြစ်သည်။စစ်ကူအဖြစ်ရှောင်းကျန့်ကိုလှမ်းကြည့်လိုက်ပေမယ့် ရှောင်းကျန့်က သူတို့ကိုအာရုံထဲရှိနေပုံမရ။ ဘာမှမထူးဆန်းသည့်ကိစ္စတစ်ခုလို ထိုအမျိုးသမီးနဲ့သူနဲ့ပူးကပ်နေမှုကိုဂရုပင်မစိုက်ဘဲ ဆေးခြောက်ကိုသာဆက်၍ရှိုက်ဖွာလို့နေသည်။
ရှောင်းကျန့်၏ထိုအပြုအမူကြောင့်စိတ်ထဲဝမ်းနည်းသလို တစ်မျိုးလေးဖြစ်လို့သွားရပေမယ့် ပိုပြီးအတင့်ရဲကာ သူ့လက်မောင်းတစ်ဖက်ကိုလာရောက်ပွတ်သပ်နေသည့် အမျိုးသမီးကိုစိတ်ကုန်လာသည့်အခါနေရာမှထဖို့လုပ်လိုက်သည့်အချိန်၌ သူတို့ဝိုင်းရှိရာသို့ လူတစ်ယောက်ရောက်လာသည်။ထိုလူက သူ့ဘေးကပ်နေသည့်အမျိုးသမီးကိုကြည့်ကာ...
"မင်းက အဲ့ကောင်နှစ်ကောင်ကြားထဲမှာ ဘာလုပ်နေတာလဲ..."
"အသစ်ရှာနေတာလေ ကိုကိုက တို့ကိုဂရုမစိုက်ဘဲ တခြားတစ်ယောက်နဲ့သွား ပလူးနေတော့ တို့လည်းတို့ကိုဂရုစိုက်မယ့် နောက်တစ်ယောက်ကိုလိုက်ရှာနေတာလေ..."
"ထွက်ခဲ့စမ်း..."
"မထွက်ပါဘူး ကိုကို့ ဘာသာ တခြားမိန်းမတစ်ယောက်နဲ့ သွားနေ...ဒီကမောင်လေးက ကိုကို့ထက်ပိုသာလားလို့..."
တစ်ခွန်းမကျန်ရွဲ့ပြောနေသည့်အမျိုးသမီး၏စကားကြောင့် စိတ်တိုလာသည့်ထိုလူက မနိုင်ရင်နိုင်သည့်သူကိုမဲမည်ဆိုသည့်ဟန်ဖြင့် ဘာမှမဆိုင်သည့်ဝမ်ရိပေါ်ရှေ့ကို ကိုယ်ကိုကိုင်းညွတ်လိုက်ကာ အင်္ကျီကော်လံစကနေကိုင်ဆွဲ၍ မတ်တပ်ရပ်စေလိုက်သည်။
"ကိုကို သူများကို ဘာသွားလုပ်နေတာလဲ..."
"မင်းအသစ်အဖြစ်ထားချင်နေတဲ့ကောင်ကိုဆုံးမ မလို့လေ..."
အရွဲ့တိုက်နေကြသည့် အတွဲကြားထဲမှာ မဆီမဆိုင်ကော်လံစကနေကိုင်ခံထားရသည့် ဝမ်ရိပေါ်ကပြန်ရုန်းဖို့လုပ်လိုက်ပေမယ့် ထိုလူက ပို၍တင်းကြပ်စွာဆုပ်ကိုင်လိုက်ကာ...
"မင်းက ငါ့စော်ကို ဘာအထာတွေပေးခဲ့လို့ ငါ့စော်က မင်းကိုကပ်နေရတာလဲ...ကလေးရုပ်သာသာ မျက်ခွက်ကို ပိတ်ရိုက်လိုက်လို့..."
"လွှတ်လိုက်..."
ဝမ်ရိပေါ်၏မျက်နှာကိုရိုက်ချဖို့ပြင်လိုက်သည့်ထိုလူက ရှတတအသံနဲ့ပြောလာသည့်ရှောင်းကျန့်ကိုမကြည်ကြည့်ဖြင့် မျက်လုံးများမှေးကျဉ်းဘောင်ခတ်ကြည့်လိုက်ပြီး...
"မင်းက ဘာကောင်လဲ..."
"ဘာကောင်မှမဟုတ်ဘူး မင်းလက်ထဲက ကော်လံစကိုလွှတ်ပြီး မင်းနေရာမှာမင်းအေးဆေးသွားပြန်နေ...မင်းကောင်မလေးပါတစ်ခါတည်းပြန်ခေါ်သွား အာရုံတွေလာမနောက်နဲ့..."
"ဟက်..."
ရှောင်းကျန့်စကားကိုထိုလူကမထီမျက်မြင်လုပ်ကာ ရွယ်ပြီးသားလက်ကိုမြှောက်တင်၍ဝမ်ရိပေါ်၏မျက်နှာကိုရိုက်ချဖို့လုပ်လိုက်သည်။သို့သော်လည်းဝမ်ရိပေါ်၏မျက်နှာထက်သို့ထိုရိုက်ချက်ကျရောက်သွားခြင်းမရှိလိုက်။မျက်စိတစ်မှိတ်အတွင်းမှာ "ဖြောင်း"ဆိုသည့်အသံနှင့်အတူသူ့ရှေ့မှာဒူးထောက်လျက်သားကျသွားသည့်လူကိုသာဝမ်ရိပေါ်အံ့ဩစွာကြည့်လိုက်သည်။
နားအုံရင်းနေရာကိုလက်ဖျံနဲ့ရိုက်ခံလိုက်ရသည့် ထိုလူက အသံတောင်မထွက်နိုင်ဘဲအရုပ်ကြိုးပြတ်ပုံမျိုးဖြင့်နဝေတိမ်တောင်ဖြစ်ကာ တခြားကမ္ဘာသို့ခေတ္တရောက်သွားဟန်ရှိသည်။ထိုလူ၏ရည်းစားဖြစ်သူအမျိုးသမီးကတော့ ထိတ်လန့်စွာဖြင့် အလန့်တကြားမနိုင်မနင်းဆွဲထူလို့နေသည်။ပတ်ဝန်းကျင်မှာကမ္ဘာနည်းနည်းပျက်လို့သွားပေမယ့်ရှောင်းကျန့်က နေရာမှာပြန်ထိုင်ကာ လက်ကျန်ဆေးကိုဆက်ရှိုက်လို့နေသည်။
ကလပ်အတွင်းမှတီးလုံးသံများကြောင့်ဖြစ်သွားသည့်ကိစ္စများကို ဘယ်သူမှမသိလိုက်သလို ပတ်ဝန်းကျင်က ပုံမှန်ပြန်ဖြစ်လို့သွားပြီး ငါးမိနစ်လောက်ကြာသည့်အခါတွင်တော့ သူတို့ဝိုင်းသို့ လူသုံးယောက်ထပ်ရောက်လာသည်။ ရှောင်းကျန့်ရှေ့တည့်တည့်တွင်မတ်တပ်ရပ်လို့နေကြပြီးမိုက်ကြည့်ကြည့်ကာ...
"ငါတို့သူငယ်ချင်းကို ရိုက်လိုက်တာ မင်းလား..."
ထိုသူတို့၏ အမေးကိုရှောင်းကျန့်မဖြေသည့်အခါ ဝမ်ရိပေါ်က ကိုယ်စားအနေဖြင့်...
"ဒီကမိတ်ဆွေတို့ ဒီလောက်နဲ့ပဲတော်ကြရအောင်ပါ...ခုနကကိစ္စကလည်း ခင်ဗျားတို့ဘက်ကလူကအရင်လာစတဲ့အတွက်ကြောင့်အပြန်အလှန်သဘောမျိုးပါပဲ..."
"မင်းကဘာကောင်လဲ ဟိုကောင်ရဲ့ခိုင်းဖက်ခွေးမို့လို့ကိုယ်စားဖြေပေးနေတာလား..."
"အာရုံတွေလာမနောက်နဲ့ ဆိုတဲ့စကားကိုနားမလည်ကြလို့လား...! "
ဟိန်းကနဲထွက်လာသည့်အသံအဆုံးမှာ ကလပ်အတွင်းမှ ဒီဂျေသံများ၊တီးလုံးသံများတိတ်ဆိတ်လို့သွားသည်။ကခုန်နေကြသူများလည်းရပ်တန့်လို့သွားပြီးအားလုံး၏အာရုံကတစ်နေရာတည်းကိုပဲစုပြုံလို့သွား၏။
လက်ထဲမှာ အတိုလေးပဲကျန်တော့သည့်ဆေးခြောက်လိပ်ကိုမီးငြိမ်းသတ်လိုက်သည့်ရှောင်းကျန့်ကိုဝမ်ရိပေါ် ကြည့်လိုက်မိသည်။ ရှောင်းကျန့်၏မျက်လုံးတွေကရီဝေနီရဲလို့နေကာ မျက်နှာကြောကတော်တော်တင်းနေတာဖြစ်သည်။ပုံမှန်ဆိုမျက်နှာချိုတတ်လွန်းပေမယ့် အရမ်း high နေသည့်အချိန်မှာတော့စိတ်ဆတ်လွန်းတတ်ဟန်ရှိသည့် ရှောင်းကျန့်က တစ်ခေါက်မက နှောင့်ယှက်ခံရသည့်အခါ စိတ်တွေတစ်ဆုံးရောက်သွားတာဖြစ်မည်။
မျက်စိရှေ့ကပုလင်းတစ်ခုကိုစားပွဲခုံစောင်းနဲ့ရိုက်ခွဲလိုက်သည့်ရှောင်းကျန့်က ပုလင်းပိုင်းဖြင့် အရှေ့ကလူသုံးယောက်လုံးဘက်ကိုရွယ်၍အလျားလိုက်အရှိန်ဖြင့်လက်ကိုလွှဲလိုက်သည်။ အစွန်မှာရှိသည့်လူကအထိအနာဆုံးဖြစ်ပြီး ကျန်သူများကရှောင်းကျန့်ကိုရန်မူဖို့လုပ်သည်။သို့ပေမယ့် သူတို့ထက်လက်မြန်သည့်ရှောင်းကျန့်က တခြားဝိုင်းမှ ပုလင်းတွေကိုပါယူပြီးခွဲပစ်ကာ ချက်ကောင်းနေရာတွေကိုပဲချိန်ရွယ်၏။
ဟိုဘက်က သုံးယောက်ဖြစ်သော်လည်း ရှောင်းကျန့်ဘက်က သူလည်းဝင်ချနေသည်ဖြစ်ရာ ရှောင်းကျန့်လက်ချက်ကြောင့် တစ်ဖက်လူတွေတော်တော်ကိုစုတ်ပြတ်သတ်လို့နေပြီဖြစ်၏။
သို့သော်လည်းစိတ်မပြေနိုင်သေးသည့်ရှောင်းကျန့်ကသုံးယောက်ထဲက အထိမနာသေးသည့်လူကိုထိုင်ခုံတစ်လုံးဆွဲယူ၍ရိုက်ချလိုက်သည်။ ခံရသည့်လူကဘယ်လိုဖြစ်သွားမည်မှန်းမသိပေမယ့် ထိုင်ခုံကတော့သစ်ပွအသားဖြင့်ပြုလုပ်ထားတာကြောင့် ထောက်တွေအကုန်ကျိုးကုန်ပြီး သစ်သားစတွေလည်းတစ်စစီဖွာလန်ကြဲသွားတာဖြစ်၏။
"ထွက်ပေါက်ဆီသွား..."
ရန်ဖြစ်နေတာကိုထိန်းဖို့ကလပ်လုံခြုံရေးတွေက နံပါတ်တုတ်တွေကိုင်ပြီးရောက်လာတာကိုမြင်သည့်ရှောင်းကျန့်က သူ့အနားကပ်ပြီးပြောသည့်အခါ သူလည်းရှောင်းကျန့်နည်းတူထွက်ပေါက်ဘက်သို့ပြေးထွက်လာခဲ့သည်။အနောက်ကနေလိုက်လာသည့် လုံခြုံရေးများကြောင့် ရှောင်းကျန့်က သူ့ကိုဆန့်ကျင်ဘက်လမ်းဘက်ကိုတွန်းထုတ်ပြီး လူခွဲပြေးခိုင်းသည်။
"ညာဘက်လမ်းဘက်ကိုပြေးခွေးပေါက်လေး...တွေ့တဲ့ကားပေါ်တက်စီးသွား အဆောင်မှာပြန်ဆုံမယ်...ဒဏ် ရာကြီးကြီးမားမားမရစေနဲ့ လက်သည်းခွံထက်ကြီးတဲ့ဒဏ်ရာတစ်ခုတွေ့ရင် စီးကရက်တစ်ဘူးကြေးပဲ..."
အရေးအကြောင်းထဲမှာတောင် အရယ်အပြုံးတွေပေါများသည့် ရှောင်းကျန့်က သူ့ကိုစနောက်ပြီးပြောသွားသေးသည်။
ရှောင်းကျန့်၏စကားကိုနားထောင်၍ ဆန့်ကျင်ဘက်ကိုပြေးသွားရသော်လည်း လုံခြုံရေးများက သူရှိရာဘက်ကိုလိုက်လာခြင်းမရှိဘဲ ရှောင်းကျန့်ဘက်ကိုသာဦးတည်ပြီးလိုက်သွားသည့်အခါ သူစိုးရိမ်စိတ်တွေဝင်လာသည်။အနောက်ကနေလိုက်သွားချင်ပေမယ့် ရှောင်းကျန့်စကားကိုလည်းမလွန်ဆန်နိုင်သည့်အခါ တက္ကစီတစ်စီးကိုတားကာ အဆောင်ရှိရာဘက်သို့မောင်းခိုင်းလိုက်သည်။
တက္ကစီပေါ်လိုက်လာသည့်တစ်လျှောက်လုံး ရှောင်းကျန့်လည်း သူ့နည်းတူ တက္ကစီတစ်စီးပေါ်ရောက်နေပါစေလို့ အဆက်မပြတ်ဆုတောင်းခဲ့ရပြီး အဆောင်ရှေ့ ရောက်လာပြီဖြစ်သည့်တိုင် အဆောင်ထဲမဝင်နိုင်သေးဘဲ အဆောင်အပြင်မှာမှောင်ရိပ်ခို၍ ရှောင်းကျန့်အလာကို စောင့်နေမိသည်။
တချောက်ချောက်နဲ့မြည်နေသည့်စက္ကန့်လက်တံများက မနက်သုံးနာရီထိရောက်ရှိလို့လာသည့်အခါ သူ့ရင်ထဲမတည်ငြိမ်နိုင်တော့။ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီးခေါ်လိုက်ပေမယ့် ရှောင်းကျန့်၏ဖုန်းက စက်ပိတ်ထားပါသည်နှင့်တိုးသည့်အခါသူမျက်ရည်တွေဝဲတက်လာသည်။
ဖုန်းမဆောင်တတ်သည့်ရှောင်းကျန့်က အဆောင်ကထွက်လာတုန်းက ဖုန်းလည်းယူလာခဲ့ပုံမရသလို၊အဆောင်မှာချန်ရစ်ခဲ့သည့် ဖုန်းကိုလည်း အားသွင်းထားပုံမရ။တခြားအချိန်တွေမှာ ဖုန်းမဆောင်တတ်သည့်အကျင့်ကကိစ္စမရှိပေမယ့် ဒီလိုအရေးရယ်အကြောင်းရယ်ဆိုဘယ်လိုဆက်သွယ်ပြီးဘယ်ကိုလိုက်ရှာရမလဲမသိ။
ရဲတိုင်ဖို့လည်းမဖြစ်သည့်အခါ အဆောင်အပြင်ဘက်အုတ်နံရံကို ကျောမှီ မျက်လုံးတွေမှိတ်ချပြီး ဆုတောင်းစကားတွေအကြိမ်ကြိမ်ရေရွတ်၍ လက်ထဲကဖုန်းကိုကြေလုမတတ်ဆုပ်ကိုင်ထားရုံမှတစ်ပါးသူဘာမှမတတ်နိုင်။
မြန်မြန်ပြန်လာပါရှောင်းကျန့်ရာ။
"အဲ့မှာဘာရပ်လုပ်နေတာလဲ ခြင်တွေကို သွေးလှူနေတာလား ခွေးပေါက်လေး..."
"ရှောင်းကျန့်..."
နှစ်တစ်ရာလောက်ကွဲကွာနေသည့် သခင်ကိုပြန်တွေ့သည့်ခွေးပေါက်လေးကဲ့သို့ ရှောင်းကျန့်ရှိရာသို့ ဝမ်ရိပေါ်ပြေးသွားလိုက်ပြီး ရှောင်းကျန့်၏တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်လိုက်သည်။ ရှောင်းကျန့်ကအရပ်နှစ်လက်မလောက်ပိုရှည်နေသည့်အခါ ရှောင်းကျန့်၏ပုခုံးထက်ကိုဝမ်ရိပေါ်ခေါင်းအပ်ထားရပေမယ့် ရှောင်းကျန့်၏ခန္ဓာကိုယ်ကတော့သူ့လက်များကြားမှာမြုပ်လို့နေသည်။
"နောက်တစ်ခါဆို အပြင်သွားရင် ဖုန်းလေးတစ်လုံးတော့ အမြဲဆောင်သွားပါ~~အခုလိုနေ့မျိုးဆိုကျွန်တော်ကဘယ်လိုဆက်သွယ်လို့ဆက်သွယ်ရမှန်းမသိဘူး အဲ့တာကြောင့် နောက်တစ်ခါဆို ဖုန်းလေးကိုအမြဲဆောင်သွားပေးပါ~~"
ရုတ်တရက်ကြီး လာဖက်ကာ ငိုပြီးပြောနေသည့်ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ကြောင်အမ်းနေမိသော်လည်း အလိုက်သင့်လေးပင် ဝမ်ရိပေါ်၏ဆံပင်တွေထဲလက်ချောင်းရှည်များဖြင့်ထိုးဖွလိုက်ပြီး ကျောပြင်ကိုလက်ဖဝါးနဲ့နှစ်ချက်လောက်ပုတ်ပေးကာနှစ်သိမ့်လိုက်သည်။
"ခုနတုန်းက ကလပ်မှာ ဒဏ်ရာရခဲ့သေးလား ခွေးပေါက်လေး..."
"နည်းနည်းပါးပါးပါ လက်ဆစ်တွေပဲပွန်းသွားတာ..."
ဝမ်ရိပေါ်၏လက်ဆစ်များ၌ ပေါက်ပြဲဒဏ်ရာတချို့ကိုရှောင်းကျန့်တွေ့သည့်အခါ အဆောင်ထဲသို့ချက်ချင်းပြန်မဝင်သေးဘဲ မိုးလင်းပေါက်ဖွင့်သည့်ဆေးဆိုင်ဆီသို့သွားကာ အရက်ပျံ၊ ဂွမ်းစနှင့် ပလာစတာတချို့ကိုနှစ်ယောက်အတူတူသွားဝယ်ကြသည်။
ဆေးဆိုင်ရှေ့က ထီးမိုးထားသည့် စားပွဲခုံလေးမှာပင် နှစ်ယောက်သားထိုင်လိုက်ကြပြီး ဝမ်ရိပေါ်၏လက်ကို ရှောင်းကျန့်လှမ်းယူလိုက်ကာ ပေါက်ပြဲဒဏ်ရာများပေါ်သို့အရက်ပျံပုလင်းထဲမှအရက်ပျံများကိုပုလင်းလိုက်လောင်းချလိုက်သည်။
အသည်းခိုက်မတတ်စပ်ဖျဉ်းလို့သွားသည့်ခံစားချက်ကြောင့် ဝမ်ရိပေါ်နာကျင်သံဖြင့်အံကြိတ်လိုက်ပြီး...
"အရမ်းစပ်တယ် ရှောင်းကျန့်..."
"Such a cry baby..."
အငိုသန်တဲ့ကလေးတစ်ယောက်ဆိုပြီး လှောင်ပြုံးလေးတစ်ခုဖြင့်ပြောလာသည့် ရှောင်းကျန့်က အရက်ပျံထိထားသည့်သူ့ဒဏ်ရာများကို လေနဲ့ဖြည်းဖြည်းလေးမှုတ်ပေးနေသည့်အခါ သူ့နှုတ်ခမ်းထောင့်များကို ကွေးညွတ်မိလိုက်သည်။
"အ...နာတယ် ရှောင်းကျန့်..."
နောက်တစ်ခေါက် နာဟန်ပြုလိုက်ပြန်တော့ ရှောင်းကျန့်က ခုနကထက်ပင်ပို၍ညင်သာစွာဂရုတစိုက်လုပ်ပေးနေပြန်သည့်အခါ နီးနီးကပ်ကပ်တွေ့နေရသည့် ရှောင်းကျန့်၏မျက်နှာအစိတ်အပိုင်းများကို စေ့စေ့စပ်စပ်ကြည့်လိုက်မိသည်။
ကောင်းကင်ပေါ်က နယ်နှင်ဒဏ်ပေးခံခဲ့ရသည့် နတ်သားတစ်ဦးလို ပြီးပြည့်စုံနေသည့်မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကကြမ်းကြမ်းတမ်းတမ်းထိတွေ့ပစ်လိုက်ချင်စရာဖြစ်၏။
ဆန်းသစ်စလလို ကိုင်းညွတ်နေသည့်မျက်ရစ်များကိုတင်ထားရသည့် မျက်ဝန်းတစ်စုံကဆွဲငင်နိုင်လွန်းလှ၏။ ရိုးတံတံဖြောင့်ဖြောင့်နှာတံ၏အဖျားကချွန်လွန်းလို့အနမ်းခံရမည့် ပါးပြင်တွေဆိုပေါက်တောင်ပေါက်သွားနိုင်သည်ဟုတွေးလိုက်မိသည့်အခါ သူ့ပါးတစ်ခြမ်းတောင်ကြိမ်းလို့သွားရသည်။
အရယ်အပြုံးတွေပေါများရခြင်း၏တရားခံဖြစ်သောအနက်ရောင်အစက်လေးတစ်စက်ကို
You are reading the story above: TeenFic.Net