အပိုင်း(၃၈) Unicode

Background color
Font
Font size
Line height

အချို့သောအကြောင်းများကြောင့် သုံး၊လေးရက်ခန့်ကြာမှ ကွန်ဒိုခန်းထဲမှထွက်လာနိုင်ခဲ့ကြသည့် ရှောင်းကျန့်နှင့် ဝမ်ရိပေါ်က မျက်မှန်ဆိုင်တစ်ခုထဲတွင်ရောက်ရှိလို့နေကြသည်။ ရှောင်းကျန့်​၏မျက်နှာနှင့် လိုက်ဖက်ညီမည့်မျက်မှန်ကိုင်းတွေကိုအတူတူရွေးနေကြစဉ် နှစ်ဦးသားရှိရာသို့ဝန်ထမ်းလေးတစ်ဦးရောက်ရှိလာကာ...

"မျက်မှန်အစား မျက်ကပ်မှန် သုံးကြည့်ဖို့ ဆန္ဒရှိပါသလားရှင့်..."

ဝန်ထမ်းလေး​၏စကားကြောင့် ဝမ်ရိပေါ်ကိုရှောင်းကျန့်ကြည့်လိုက်သည့်အခါ ဝမ်ရိပေါ်ကခေါင်းခါပြသည်။နေရင်းထိုင်ရင်းတောင်ထိုမျက်ဝန်းတွေကအရောင်လဲ့နေတာ မျက်ကပ်မှန်သာထပ်ပြီးပံ့ပိုးပေးလိုက်ရင် ဖွက်ထားစရာနေရာမရှိမှာ စိုးရွံ့သည့်ဝမ်ရိပေါ်ကအိမ်မှထွက်မလာခင်ကတည်းက ရှောင်းကျန့်ကိုမျက်မှန် သာရွေးချယ်ဖို့ပြောခဲ့တာဖြစ်သည်။

ဝမ်ရိပေါ်ကို ရှောင်းကျန့်နောက်တစ်ခါထပ်ကြည့်လိုက်သည်။ထိုအခါ ဝမ်ရိပေါ် နောက်တစ်ခေါက်ခေါင်းထပ်ခါပြလိုက်ရင်း...

"ကျွန်တော်ပြောပြီးသားလေ ရှောင်းကျန့်..."

"ကိုယ် ခဏပဲစမ်းကြည့်မယ်...မျက်မှန်က ကြာကြာတပ်ပြီး ပြန်ချွတ်လိုက်ရင် ရုပ်ဆိုးသွားတယ်..."

"ဘယ်သူပြောလဲ..."

"ကိုယ်ပြောတယ်..."

"ရှောင်းကျန့်..."

"နော်...ခွေးပေါက်လေး..."

"ရှောင်းကျန့်ဆိုးတယ်...အဲ့လိုလုပ်ပြရင်ကျွန်တော်မခံနိုင်မှန်းသိနေရက်နဲ့..."

ရှောင်းကျန့်က ဝမ်ရိပေါ်​၏လက်မောင်းကိုကိုင်လှုပ်ပြီးပြောလာသည့်အခါ နောက်ဆုံးခေါင်းညိတ်လိုက်ရသူ မှာ ဝမ်ရိပေါ်ပဲဖြစ်​၏။

"Wow..."

စိတ်ရောခန္ဓာပါပိုင်ဆိုင်ထားရပြီဖြစ်သည့်ကိုယ့်ချစ်သူအပေါ်မှာအသစ်အဆန်းတွေဖြစ်၊ထပ်ဖန်တလဲလဲအကြိမ်ကြိမ်အခါခါ ပြန်ကြွေနေရတာကဘယ်လိုကံကောင်းမှုမျိုးလဲ။

ခေါင်းပေါ်ကမီးခိုးရောင်နဲ့ မျက်ဝန်းအိမ်တွေထဲက အညိုရောင်ဖျော့ဖျော့ပေါင်းစပ်နေမှုကရောဘယ်လိုအလှတရားမျိုးလဲ။State ကျောင်းတုန်းကပန်းချီအချိန်တွေမှာ အရောင်တွေအကြောင်းသင်တော့သေချာလိုက်မလေ့လာခဲ့တာနည်းနည်းနောင်တရမိတာတော့အမှန်။

"အဆင်ပြေရဲ့လားခွေးပေါက်လေး...ကိုယ်နဲ့တစ်မျိုးများဖြစ်နေလား...ကိုယ်ပြန်ဖြုတ်လိုက်မယ်..."

မျက်ဝန်းအိမ်တွေထဲမှ မျက်ကပ်မှန်ကိုပြန်ထုတ်ဖို့လုပ်နေသည့် ရှောင်းကျန့်​၏လက်ကိုဝမ်ရိပေါ်တားလိုက်ပြီး...

"ထားလိုက်...အရမ်းလှလို့ဒီတိုင်းပဲ ထားလိုက်တော့..."

"ခွေးပေါက်လေးပဲ မကြိုက်ဘူးဆို..."

သူမကြိုက်တာမဟုတ်ဘူးလေ။သူများတွေကြိုက် သွားမှာကိုမကြိုက်တာ။

တစ်ခါတစ်လေကျရင် တွေးမိနေတာတစ်ခုက ရှောင်းကျန့်နဲ့ပတ်သက်ရင်အရမ်းအကဲဆတ်ပြီး သဝန်တိုတတ်လွန်းတာက ရှောင်းကျန့်ကိုစိတ်အနှောင့်အယှက် များဖြစ်စေသလား။လွှမ်းမိုးချင်လာတာတွေ၊ ခြယ်လှယ်ချင်လာတာတွေက အခြားသောချစ်သူစုံတွဲတွေကြားထဲမှာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေလား။

သူတို့နှစ်ယောက်မှာ သူကပဲ သဝန်ခဏခဏတိုနေလွန်းတော့ ရှောင်းကျန့်မျက်လုံးထဲမှာသူ့ကိုမရင့်ကျက် သေးတဲ့ လူတစ်ယောက်လို့ရော တွေးနေလား။အချိန် တွေကြာလာတဲ့အခါ လွှမ်းမိုးလွန်းတဲ့သူ့ရဲ့အချစ်ဒဏ် တွေကို ရှောင်းကျန့်ခံနိုင်ရည်ရှိပါ့မလား။တဖြည်းဖြည်းမွန်းကြပ်လာတဲ့အခါ ထွက်ပေါက်များရှာသွားမလား။

"စားမကောင်းလို့လား ခွေးပေါက်လေး..."

မျက်မှန်လုပ်ပြီးသွားသည့်အခါ နေ့လယ်စာစားရန်အတွက် ဘေကျင်းမှာရှိသည့်နာမည်ကြီးဂျာမန်စားသောက်ဆိုင်သို့ ဝမ်ရိပေါ်ကို ရှောင်းကျန့်ခေါ်လာတာဖြစ်သည်။မွေးကတည်းက ရင်းနှီးခဲ့သည့်အစားအစာများဖြစ်၍ ရှောင်းကျန့်ခုံခုံမင်မင်စားသောက်နေသော်လည်း...

"ကိုယ်က ခွေးပေါက်လေး စားလို့အဆင်ပြေမယ်ထင်လို့ ခေါ်လာတာ...စားလို့မကောင်းရင် တခြားနေရာသွားမလား..."

ဝမ်ရိပေါ်ခေါင်းခါပြလိုက်သည်။လက်ထဲကခက်ရင်းကိုချကာ ရေသောက်ခံတွင်းရှင်းလိုက်၍သူ့စိတ်ထဲမှာဖြစ်ပေါ်နေသည့်အရာများကို ပွင့်ပွင့်လင်းလင်းပြောပြဖို့ ဆုံးဖြတ်လိုက်သည်။

"ရှောင်းကျန့်..."

"အင်း..."

"ကျွန်တော် သဝန်တိုတတ်တာ  ရှောင်းကျန့်ကိုအနှောင့်အယှက်ဖြစ်စေလား..."

"ဟင့်အင်း ကိုယ်ကတော့ သဘောကျတယ်...ခွေးပေါက်လေးကိုယ့်ကို ချစ်လို့လေ မဟုတ်ဘူးလား..."

"အဲ့တာတော့ဟုတ်ပေမယ့် relationship တစ်ခုမှာ သဝန်တိုတတ်လွန်းတာက healthy မဖြစ်ဘူးလို့ လူတွေပြောကြတယ်လေ...အဲ့လိုဖြစ်နေမှာကိုကျွန်တော်ကြောက်တာ..."

"အဲ့တာတွေကသီအိုရီတွေသပ်သပ်ပါ...ကိုယ်တို့နှစ် ယောက်ကြားထဲက ကိစ္စတွေကိုအဲ့လိုသီအိုရီတွေနဲ့ လိုက်ညှိစရာမှမလိုတာ...ကိုယ်တို့အချင်းချင်းကျေနပ်ရင်ပြီးတာပဲကို..."

ရှောင်းကျန့်ပြောမှနည်းနည်းစိတ်သက်သာရလာသည့်ဝမ်ရိပေါ်က အစားဆက်စားရန်အတွက် ခက်ရင်းကိုပြန်ကိုင်လိုက်သည်။ အသားတစ်ပိုင်းကိုပါးစပ်ထဲထည့်ဝါးလိုက်ရင်း ရှောင်းကျန့်​၏သဘောထားကိုလည်းသိလိုတာကြောင့်...

"ရှောင်းကျန့်ကရော ကျွန်တော်နဲ့ပတ်သက်ပြီးသဝန်တိုတတ်လား..."

"ကိုယ်လား..."

ဟင်းရည်ငုံ့သောက်နေသည့် ရှောင်းကျန့်က ဝမ်ရိပေါ် ကိုခေါင်းခါပြလိုက်ပြီး...

"သဝန်မတိုတတ်ပါဘူး..."

ရှောင်းကျန့်​၏ရိုးရိုးရှင်းရှင်းအဖြေကြောင့် ဝမ်ရိပေါ် ခေါင်းတဆတ်ဆတ်ညိတ်ရင်း အစားသာဆက်စားနေလိုက်သည်။

"so hübsch (အရမ်းကိုခန့်ညားတာပဲ)..."

ထိုစဉ်ကျောချင်းကပ်လျက်စားပွဲဝိုင်းကနေထွက်လာသည့် စကားတစ်ခွန်းကြောင့် ရှောင်းကျန့်​၏နားရွက်ဖျားများဆတ်ကနဲဖြစ်လို့သွား​၏။

ခုနကသူတို့ဘေးမှဖြတ်လျှောက်သွားသည့် နည်းနည်းနွဲ့နောင်းပုံရသောဂျာမန်ကောင်လေးနှစ်ဦးက နေရာမှာထိုင်လိုက်ပြီးစက္ကန့်ပိုင်းလောက်အကြာမှာပင်ထိုစကားပြောလာခြင်းဖြစ် သည်။

" ငါနဲ့မျက်လုံးတန်းနေတဲ့တစ်ယောက်ကိုနောက်မှမသိမသာဖုန်းကင်မရာနဲ့ထောင်ပြီးကြည့်လိုက်...ရှပ်အနက်ရောင်လေးနဲ့ ကိုယ်လုံးကိုယ်ထည်ကလည်းတောင့်ချက်...တစ်ချက်တစ်ချက်ကျရင် ဂျစ်ကန်ကန်လူဆိုးပုံလေးလိုလို၊ တစ်ချက်ချက်ကျရင် ဒယ်ဒီလိုပုံစံမျိုးနဲ့..."

ထိုသူတွေပြောနေသည့်စကားအတိုင်း ရှောင်းကျန့်သူ့အရှေ့မှာ အစားစားနေသည့်ဝမ်ရိပေါ်ကိုမသိမသာမျက်လုံးလှန်ကြည့်လိုက်သည်။

အသားလှီးဓားကိုအသုံးပြုနေသည့် လက်ပေါ်ကသွေးကြောတွေဟာစိမ်းဖြာထင်းနေတာဖြစ်ပြီး ရှပ်အင်္ကျီအနက်ရောင်နှင့် ဟပ်နေသည့်မျက်နှာကလည်း မျက်လုံး၊မျက်ခုံး၊နှာတံ၊နှုတ်ခမ်း၊မေးရိုးဟူ၍ ပြတ်ပြတ်သားသားဖြစ်နေတာဖြစ်​၏။

မငေးရမနေနိုင်သည်အထိဆွဲဆောင်မှုရှိတဲ့ယောကျာ်းပီသမှုတွေ။တစ်ခါကဆိုင်ကယ်ကွင်းထဲမှာ မြင်ဖူးခဲ့တဲ့ဂျစ်ကန်ကန်ပုံမျိုးတွေ၊မထင်ရင်မထင်သလိုစွေ့ကနဲဆောင့်ဆွဲခေါ် သွားတတ်တဲ့ စိတ်ကြီးမှုမျိုးတွေ။ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့မျက်လုံးတွေကသားရဲတစ်ကောင်လိုအမြဲတမ်းစူးရဲနေတတ်တာမျိုးတွေ။

၁၈၊ ၁၉ ဆိုတဲ့ကလေးသာသာအရွယ်လေးမှာစတွေ့ခဲ့တာကြောင့်ကလေးပေါက်စနလေးလို့သူ့မျက်လုံးထဲမှာအခုထက်ထိမြင်နေပေမယ့်လည်း...အပေါ်ကအချက်တွေအားလုံးက သူကလွဲလို့ကျန်တဲ့လူတွေမြင်ကြတာတွေ။

"တကယ့်ကိုငါ့ရဲ့ type ပဲ..."

ဟက်။

ဂျာမဏီမှာကြီးပြင်းလာသော်လည်း တရုတ်သွေးဖြစ်၍တရုတ်ရုပ်ပေါက်နေသည်ဖြစ်ရာ သူဂျာမန်စကားနားမလည်ဘူးအထင်ဖြင့် ပြောနေကြသည့်လူများ​၏စကားများအားရှောင်းကျန့်ဆက်နားထောင်နေလိုက်​၏။

"ဇာတ်လမ်းလေးတစ်ခုဖန်တီးလိုက်ရင်ကောင်းမလား..."

"ဟေ့ရောင် မင်းရဲ့ဟိုဘိုးတော်ကရော..."

"သူ့ကိုခဏခေါက်ထားလိုက်စမ်းပါ...တရုတ်ပြည်ရောက်တုန်း တရုတ်ကောင်လေးတစ်ယောက်နဲ့တွဲဖူးတယ် ရှိအောင်ပေါ့..."

"နေဦး...အဲ့တစ်ယောက်နဲ့တူတူထိုင်နေတဲ့လူတစ်ယောက်ရှိတယ်မလား အဝင်တုန်းကငါမြင်လိုက်တယ်...ငါနဲ့ကျောချင်းကပ်မှာရှိနေတဲ့မီးခိုးရောင်ဆံပင်နဲ့တစ်ယောက်...အတွဲတွေဆိုရင်ဘယ်လိုလုပ်မလဲ..."

"အတွဲတွေဆိုရင်တော့ ရာသီဥတုကငါ့ဘက်မှာပေါ့... ဟက်...straight မဟုတ်ဘူးဆိုတော့လိုက်ရပိုလွယ် သွားပြီ..."

"အဲ့တာဆို ဘယ်ကနေဘယ်လိုစမလဲ..."

" Cocktail လေးတစ်ခွက်လက်ဆောင်ပေးတာကနေစရမှာပေါ့..."

ဆယ်မိနစ်ခန့်ကြာသည့်အခါ ဝမ်ရိပေါ်တို့ထိုင်နေသည့် ဝိုင်းရှိရာသို့ စားပွဲထိုးတစ်ဦးရောက်လာသည်။လက်ထဲမှာ cocktail ခွက်လေးကိုကိုင်လာတာဖြစ်ပြီးဝမ်ရိပေါ် ရှေ့သို့ချပေး၍...

"ဟိုဘက်ဝိုင်းကဧည့်သည်က ဒီကဧည့်သည်ကို လက်ဆောင်ပေးတာပါခင်ဗျ..."

စားပွဲထိုးညွှန်ပြသည့်ဝိုင်းကိုဝမ်ရိပေါ်ကြည့်လိုက် တော့ သူ့ကိုပြုံးပြလို့နေသည့်အဖြူကောင်လေးတစ် ယောက်ကိုတွေ့သည်။နီစပ်စပ်အသားရည်နဲ့ရွှေအိုရောင်ဆံပင်တွေရှိသည့် ထိုအဖြူကောင်ကိုဝမ်ရိပေါ်စိတ်ဝင်စားမှုတစ်စုံတစ်ရာမှမရှိသည့်အခါ အကြည့်များချက်ချင်းပြန်လွှဲလိုက်သည်။ထို့နောက်စားပွဲထိုးကို cocktail ခွက် လေးပြန်ပေးလိုက်ပြီး...

"မလိုဘူးလို့ပြောလိုက်..."

"ဟိုဟာလေ...လက်ဆောင်ပေးတဲ့ဟာကို ကျွန်တော်တို့ပြန်ပြီးယူသွားဖို့ရာက သိပ်အဆင်မပြေလို့ပါ..."

"ပြန်ယူသွားလို့မရရင်သွန်လိုက်..."

"သူများကစေတနာနဲ့ပေးတာပဲ ယူလိုက်ပါ..."

သူနဲ့စားပွဲထိုးကြားဝင်ပြီးပြောလိုက်သည့်ရှောင်းကျန့် ကိုဝမ်ရိပေါ်ကြည့်လိုက်သည်။ရှောင်းကျန့်ကအေးအေးလူလူ အချိုပွဲစားနေတာဖြစ်ပြီး တခြားတစ်ယောက်ကကိုယ့်ချစ်သူကို ပေါ်တင်ကြီးကြောင်နေတာကိုအရေးမစိုက်သည့်အသွင်ဆောင်နေသည့်အခါ ဝမ်ရိပေါ်အနည်းငယ်မကျေမနပ်ဖြစ်မိသည်။

စားပွဲထိုးကလည်း cocktail ခွက်ကိုချသွားပေးသည်ဖြစ်တာကြောင့်ထိုခွက်ကို ဝမ်ရိပေါ် သူနဲ့အဝေးသို့ တွန်းပို့ထားလိုက်ပြီး...

"ရှောင်းကျန့်စိတ်မတိုဘူးလားပြော..."

"ခွေးပေါက်လေး ပေါ်ပြူလာဖြစ်တာကိုကိုယ်ကဝမ်းတောင်သာပေးရမှာလေ..."

ဝမ်ရိပေါ်နှုတ်ဆိတ်လို့သွားမိသည်။သူ့ကိုယ်သူပြန်သုံးသပ်မိနေရင်း ရှောင်းကျန့်ပြောသည့်စကားကိုလက်ခံသည့်သဘောဖြင့်...

"အင်း တကယ်တော့ ရင့်ကျက်မှုကအသက်အရွယ်နဲ့လည်း နည်းနည်းဆိုင်တယ်ထင်တယ်...ကျွန်တော်လည်း ရှောင်းကျန့်လိုစိတ်မျိုးထားတတ်အောင်ကြိုးစားကြည့်မယ်..."

ရှောင်းကျန့်ခေါင်းတညိတ်ညိတ်လုပ်သည်။ဝမ်ရိပေါ်​၏စကားများကြောင့်တော့မဟုတ်။

"Cocktail ကို လက်ခံလိုက်ပြီဆိုတော့ မီးစိမ်းပြတဲ့သဘောပဲ...ပြီးတော့ သူ့အရှေ့ကတစ်ယောက်ကလည်းဘာမှမဖြစ်ဘူးဆိုတော့ အတွဲတွေလည်းမဖြစ်နိုင်ဘူး..."

"နောက်တစ်ဆင့်က မင်းဘာဆက်လုပ်မှာလဲ..."

"ရှေးရိုးဆန်တဲ့နည်းပဲသုံးမယ်...ငါတို့နေ့လယ်စာစားပြီးလို့ပြန်ရင် ဖုန်းနံပါတ်ရေးထားတဲ့စာရွက်အပိုင်းလေးကိုစားပွဲပေါ်တင်ပေးခဲ့လိုက်မယ်..."

"ဟိုက မဆက်သွယ်လာရင်ရော..."

"မဆက်သွယ်လာတော့လဲနေပေါ့...ဆက်သွယ်လာတော့လည်းအမြတ်ပေါ့..."
.

.
.
"ပြန်ချင်နေပြီလား ရှောင်းကျန့်..."

အရှေ့ကအချိုပွဲကိုမလှုပ်မယှက် စိုက်ကြည့်၍တစ်ချက်တစ်ချက်ထေ့ကနဲထထရယ်နေသည့်ရှောင်းကျန့် ကြောင့်ဝမ်ရိပေါ်မေးလိုက်ခြင်းဖြစ်သည်။ရှောင်းကျန့်ကခေါင်းခါပြကာနောက်ထပ်အချိုပွဲတစ်ခုထပ် မှာသည်။ခါတိုင်းထက်စာရင် ဒီနေ့တော့အစားကောင်းကောင်းစားနေသည့် ရှောင်းကျန့်ကြောင့်...

"ဒီတိုင်းဆို ရှောင်းကျန့်အစားများများစားဖို့အတွက် ဂျာမန်အစားအသောက်တွေချက်ပြုတ်နည်းကိုကျွန် တော်လေ့လာထားရမယ်ထင်တယ်..."

ရှောင်းကျန့်အလိုက်အထိုက်ပြန်ပြုံးပြလိုက်သည်။အသစ်ထပ်ရောက်လာသည့်အချိုပွဲများကိုနှစ်ယောက်သား မကုန်မချင်းစားလို့နေကာအပြန်အလှန်စကားပြောနေကြရင်း သူတို့စားပွဲပေါ်သို့ အဖြူရောင်စာရွက်အပိုင်းလေးတစ်ခုလွင့်ကျလာသည်။

ဝမ်ရိပေါ်မော့ကြည့် လိုက်တော့ ခုနကသူ့ကို cocktail လက်ဆောင်ပေးသည့် အဖြူကောင်က သူတို့ဝိုင်းဘေးမှကပ်လျှောက် သွားတာဖြစ်ပြီး သူ့ကိုလက်အမူအရာဖြင့်"ဖုန်းဆက်လိုက်"ဟူသည့်အဓိပ္ပာယ်မျိုးလုပ်ပြသွားတာဖြစ် သည်။

ထိုစာရွက်အပိုင်းလေးကိုလုံးချေလွှတ်ပစ်ရန်အတွက် ဝမ်ရိပေါ်ကောက်ဖို့လုပ်လိုက်စဉ်စားပွဲပေါ်၌ရှာ၍မတွေ့တော့သလိုသူ့အရှေ့မှာထိုင်နေသည့်ရှောင်းကျန့်သည် လည်းနေရာမှာမရှိတော့။ဝမ်ရိပေါ် သူ့ဦးခေါင်းကို မလှည့်ကြည့်လိုက်ရသေးခင်မှာပင်...

"ဝုန်း...! "

​ကြမ်းပြင်ထက်သို့ လူတစ်ယောက်အရှိန်ဖြင့်မှောက်ခုံလဲကျသွားသည့် အသံသည်အင်မတန်ကျယ်လောင်လွန်းလှသည်။ ကျောပြင်ဘက်ကနေအားဖြင့်ဆောင့်ကန်ခံလိုက်ရသည့်အခါ မျက်နှာနှင့်ကြမ်းပြင်အပ်လို့သွားတာဖြစ်ပြီး နှာခေါင်းမှလျှံကျလာသည့် သွေးစတို့ကကြမ်းပြင်ထက်ဖြာကနဲဖြစ်လို့သွားတာဖြစ်​၏။

"ထစမ်း...! "

ရှောင်းကျန့်ဆီမှထွက်ပေါ်လာသည့်အသံသည်စားသောက်ဆိုင်အတွင်းဟိန်းထွက်လို့သွား​၏။ မထနိုင်သည့်လူကို ပြန်ထလာစေရန်အလို့ငှာထိုသူ​၏ရွှေအိုရောင်ဆံပင်တွေကိုအားဖြင့် တရွတ်တိုက်ဆောင့်ဆွဲလိုက်ပြီးနောက် အနီးဆုံးမှာရှိနေသည့်စားပွဲခုံဖြင့်မိတ်ဆက်ပေးဖို့လုပ်လိုက်သည့်အချိန်၌ ဖြန်ဖြေကြမည့်လူများရောက်လာကြသည်။

"စိတ်လေးနည်းနည်းလျော့နော်...စိတ်လေးနည်းနည်းလျော့ ရှောင်းကျန့်..."

ရှောင်းကျန့်​၏လက်ကိုဝမ်ရိပေါ်အမြန်ဆုံးလှမ်းဆွဲလိုက်လျှင်ပဲဆိုင်​၏မန်နေဂျာများဝန်ထမ်းများကလည်း ရှောင်းကျန့်​၏လက်ထဲမှာရောက်နေသည့်လူကိုလည်း အတင်းဆွဲခေါ်လိုက်ရ​၏။

"$&@#€£¥*...."

ဝမ်ရိပေါ်လက်ထဲမှာရှောင်းကျန့် ရုန်းကန်လို့နေရင်း နှာခေါင်းသွေးတွေအဆက်မပြတ်စီးကျ နေသော ဂျာမန်ကောင်​၏ မျက်နှာကိုလက်ညိုးထိုးကာ မကြားဝံ့မနာသာစကားများအားဂျာမန်လိုတစ်ခွန်းချင်းတန်းစီပြောသည်။

ရှောင်းကျန့်ပြောနေသည့်စကားများက ခြိမ်းခြောက်ခြင်းတွေပြည့်နှက်နေသည့်အခါ ထိုတစ်ယောက်နှင့်အဖော် ပါလာသည့် တခြားကောင်လေးသည်ပင် သွေးကြောင်လာပြီး ရှောင်းကျန့်ကိုတောင်းပန်စကားတွေအကြိမ်ကြိမ်ပြောကာ သူ့သူငယ်ချင်းကိုအရပြန်ဆွဲခေါ်၍ဆိုင်အတွင်းမှထွက်သွားတော့​၏။

တစ်ဖက်က လူများထွက်သွားသည့်အခါမှာတော့ရှောင်းကျန့်ကိုဝမ်ရိပေါ်ပြန်ဖြေလျော့ပေးလိုက်သည်။ရှောင်းကျန့်က ဝမ်ရိပေါ်ကိုစူးရဲနေအောင်ကြည့်ကာ လူတွေကြည့်နေသည့်ကြားမှ ဝမ်ရိပေါ်​၏သွေးကြောတွေထင်းနေသည့်လက်ဖျံကိုကိုက်ချလိုက်သည်။

ဆစ်ကနဲသောနာကျင်မှုကပြောမရနိုင်အောင်ဖြစ်နေသော်လည်း ဝမ်ရိပေါ် နာကျင်သည့်အသံဟူ၍တစ်ချက်မထွက်ဘဲရှောင်းကျန့်စိတ်ပြေသွားမည့်အချိန်ထိကြိတ်မှိတ်ပြီးခံနေလိုက်သည်။

စိတ်ပြေသွားခြင်းမရှိသေးသည့် ရှောင်းကျန့်က သူကိုက်ခဲထားသည့်လက်ဖျံကိုလွှတ်ပေးလိုက်ပြီးနောက်ထပ် ယောကျာ်းပီသခြင်း​၏ပြယုဂ်တစ်ခုဖြစ်သောဝမ်ရိပေါ်​၏စိမ်းဖန့်ဖန့်မျက်ခုံးမွှေးများကို နှစ်ပင်သုံးပင် လောက် ပြုတ်ထွက်သွားအောင် အားဖြင့်ဆွဲနှုတ်လိုက်သည်။

ထိုမျှမကသေး ဝမ်ရိပေါ်​၏ မဆိုသလောက်လေးဖောင်းနေသည့်ပါးနှစ်ဖက်ကိုလည်း လက်ယောင်လိုက်ပြီးပို၍ဖောင်းလာအောင် လက်နဲ့ဖျစ်ညစ်ပစ်လိုက်​၏။ကျော့နေအောင်ဖီးထားသည့် ဆံပင်များကိုလည်း ပုံပျက်ပြီးငှက်သိုက်တစ်ခုကဲ့သို့ဖြစ်လို့သွားအောင်လက်ချောင်းများဖြင့် ထိုးမွှေဆုပ်နယ်၍အကြမ်းပတမ်းထိုးဖွပစ်လိုက်သည်။

"ဘာလို့အရမ်းချောနေရတာလဲ...! "

သူဘယ်လိုလုပ်လုပ်ဝမ်ရိပေါ်ကရုပ်ဆိုးသွားခြင်းမရှိသည့်အခါ ရှောင်းကျန့်ဒေါသပိုထွက်လာကာ ဝမ်ရိပေါ်​၏လက်ကောက်ဝတ်ကိုတင်းကြပ်နေအောင်ဆုပ်ကိုင် ၍ စားသောက်ဆိုင်အတွင်းမှ ဆွဲခေါ်ထုတ်သွား​တော့​၏။

ရှောင်းကျန့်ဒေါသထွက်နေမှန်းသိသည့်ဝမ်ရိပေါ်က
အသံတစ် ချက်ပင်မထွက်ဘဲ လိုက်ပါလို့သွားကာ စားသောက်ဆိုင်အပြင်ဘက်လမ်းမကြီးထက်ရောက်လာသည့်အခါမှာတော့ တက္ကစီတစ်စီး​၏အနောက်ခန်းထဲသို့တွန်းထည့်ခြင်းခံလိုက်ရသည်။

"ဘယ်မောင်းရမလဲခင်ဗျ..."

"လက်ထပ် မှတ်ပုံတင်ရုံးကိုမောင်း..."

ပြောပြီးသည်နှင့်ရှောင်းကျန့်သူ့ဖုန်းကိုဖွင့်ပြီး နာမည်တစ်ခုကိုနှိပ်လိုက်​၏။ဟိုဘက်ကပြန်ဖြေသံပင်မကြားရသေးသူ့ဘက်ကအရင်ဦးအောင်ပြောလိုက်သည်။

"အခုချက်ချင်း လက်ထပ်မှတ်ပုံတင်ရုံးကိုလိုက်ခဲ့ပေးဂျီနာ...အသိသက်သေကနှစ်ယောက်လိုလို့ရမ်ကလွဲလို့ကြိုက်တဲ့လူတစ်ယောက်ကိုပါဆွဲခေါ်လာခဲ့... နောက်အဖေအသစ်တစ်ယောက်ဆိုလည်းရတယ်..."

ဖုန်းချလိုက်ပြီဖြစ်သည့် ရှောင်းကျန့်က သူ့ကိုကြောင်ကြည့်လို့နေသည့် ဝမ်ရိပေါ်ကိုပြန်ကြည့်လိုက်သည်။

"ကိုယ့်ကိုလက်ထပ်မှာလား..."

"....."

"ကိုယ့်ကိုလက်ထပ်မှာလား..."

​နှစ်ခေါက်မေးလည်း အခုထက်ထိပြန်မဖြေသေးသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မျက်မှောင်ကိုမှုန်ကုပ်ပစ်ပြီးဝမ်ရိပေါ်​၏ရင်ဘတ်အင်္ကျီစကိုဆောင့်ဆွဲလိုက်​ကာ...

"ကိုယ့်ကိုလက်ထပ်မှာလားလို့...! YES or YES...! "

"Yes Yes Yes Yes..."

​ဝမ်ရိပေါ်ဘက်မှ လက်ခံကြောင်းခေါင်းတဆတ်
ဆတ်ညိတ်ပြလာသည့်အခါမှာတော့ အသာလေးပြန်လွှတ်ပေးလိုက်သည်။မျက်နှာတစ်ခုလုံးချိုမြိန် သောအပြုံးတို့နှင့်ပြည့်နှက်လို့လာပြီးခုနက ဒေါသထွက်ခဲ့တာသူမဟုတ်တော့သည့်အတိုင်း ဝမ်ရိပေါ်​၏ပုခုံးတစ်ဖက်ပေါ်သို့ခေါင်းတိုးဝှေ့လိုက်သည်။

ခေါင်းမှီလာသူကို ဝမ်ရိပေါ်စောင်းငဲ့ကြည့်လိုက်ပြီးဆံပင်များထက်အနမ်းဖွဖွလေးပေးရင်းခုနကစကားလေးတစ်ခွန်းကိုပြန်တွေးလို့နေမိ​၏။

ကိုယ်လား...သဝန်မတိုတတ်ပါဘူး။


You are reading the story above: TeenFic.Net

#random