စေ့စပ်ပွဲသွားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည့် ဂျီနာက မှန်ဗီဒိုထဲမှာထည့်ထားသည့် နက်ခ်တိုင်တစ်ခုကိုကိုယ် တိုင်ကိုယ်ကျရွေးချယ်ကာ မှန်ရှေ့ရပ်နေသည့် ရှောင်းရမ်ဆီသို့ လျှောက်သွားသည်။ စကားတစ်ခွန်းမှမဆိုသော်လည်း နက်ခ်တိုင်ကို ရှောင်းရမ်၏ လည်ပင်းထက်သိုင်း၍ အသေအချာစည်းနှောင်ပေးလို့နေ၏။
အသက် ၅၈ နှစ်အရွယ်ရှိနေပြီဖြစ်သော်လည်း မျက် နှာပေါ်မှာ အရေးအကြောင်းဟူသည့်အရာများသိပ်မရှိဘဲပြေပြစ်လွန်းလှသည့် ဂျီနာ၏မျက်နှာကို ရှောင်းရမ်ကြည့်လိုက်မိပြီး...
"မင်းငါ့ကိုစိတ်ပြေသွားပြီလား..."
"စိတ်ဆိုးလည်း မယားဝတ္တရားအရတော့ ကိုယ့်ခင်ပွန်းဖြစ်သူကို လူပုံအလယ်မှာတင့်တယ်အောင်လုပ်ပေးရမှာပဲ မဟုတ်ဘူးလား..."
ရှောင်းရမ်သဘောကျစွာရယ်လိုက်သည်။ဂျီနာ့ကိုပွေ့ ဖက်ဖို့ပြင်လိုက်တော့ ဂျီနာကလက်နဲ့အသာတွန်းထုတ်လိုက်ပြီး...
"အသက်တွေလည်း မငယ်တော့ဘူး ဖက်မနေနဲ့တော့ကျွန်မအလှတွေပျက်ကုန်ဦးမယ်...အပြင်မှာသွားစောင့်နေ ကျွန်မနည်းနည်းထပ်ပြီးပြင်ဆင်ပြီးတာနဲ့ထွက် လာခဲ့မယ်..."
"အင်း ငါ ကားထဲမှာသွားစောင့်နေနှင့်မယ်..."
ဂျီနာခေါင်းညိတ်ပြလိုက်သည့်အခါ ရှောင်းရမ်အခန်းပြင်သို့ထွက်သွားသည်။ ရှောင်းရမ်ထွက်သွားသည်နှင့် ဂျီနာသူ့ရတနာပစ္စည်းတွေထည့်ထားသည့်သေတ္တာထဲမှ အဖိုးတန်ဆုံးသောရတနာတချို့၊လေယာဉ်လက်မှတ်တစ်ခုနှင့်အတူစာတစ်စောင်ကို မြန်မြန်သွက်သွက် ဖြင့် လက်ကိုင်အိတ်ထဲသို့ထည့်လိုက်သည်။ထို့နောက်မှန်တင်ခုံရှေ့သွား၍ နှုတ်ခမ်းနီကိုနီရဲနေအောင်ဆိုးလိုက်ကာ အခန်းထဲမှ ဟန်မပျက်ထွက်လို့လာ၏။
"ကြွကြပါ ခင်ဗျာ...ကြွကြပါ..."
စေ့စပ်ပွဲကျင်းပသည့်ခန်းမအဝင်ဝတွင်ထားရှိသော လူတစ်ရပ်စာဂုဏ်ပြုပန်းခြင်းအသွယ်သွယ်၏ဘေးတွင် ကံယာကံရှင်တို့၏နှစ်ဖက်မိဘများတစ်ဖက်တစ်ချက်စီရပ်နေကာ ကြွရောက်လာသူများကိုဖော်ရွေပျူငှာစွာ ကြိုဆိုလို့နေကြ၏။
"ရှောင်း ဥက္ကဋ္ဌ လာဗျာ...ဒီဘက်ကနေကြွပါ..."
ရှောင်းရမ်တို့ဇနီးမောင်နှံကိုတွေ့သည့်အခါ ယွမ်ဥက္ကဋ္ဌက ဝမ်းသာအားရကြိုဆိုလိုက်၏။
"Sean ရောမပါဘူးလား..."
"အင်း Sean က အလုပ်ခရီးထွက်နေရလို့..."
ယွမ်ဥက္ကဋ္ဌ၏အမေးကို ရှောင်းရမ်ဖြေလိုက်ပြီးနောက် သူ့ကို ဝတ်ကျေတမ်းကျေသဘောမျိုးဖြင့်နှုတ်ဆက်လို့နေသည့် ဝမ်မင်ရီကို အဖြစ်သဘောသာပြန်နှုတ်ဆက်လိုက်သည်။
ခန်းမထဲသို့လှမ်းဝင်မည်အခိုက် နှုတ်တောင်မဆက်နိုင်ဘဲ မျက်နှာထားမော်ချီလို့နေသည့် လီလီကို ဂျီနာကတစ်ချက်စောင်းကြည့်လိုက်ပြီး ပုခုံးကို ဝင်မတိုက်ရုံတမယ် တမင်တကာကပ်လျှောက်သွားလိုက်သည်။မကျေနပ်သည့်အရိပ်အယောင်များဖြစ်ပေါ်လို့သွားသည့် လီလီ၏မျက်နှာကြောင့်မသိချင်ယောင်ဆောင်ကာထေ့ကနဲအသံတိတ်ရယ်လိုက်၏။
"ကျွန်မသန့်စင်ခန်းခဏ သွားဦးမယ်..."
VIP တွေအတွက်သတ်မှတ်ပေးထားသည့် ဝိုင်း၌ဂျီနာ အထိုင်ကျသွားသည်နှင့်ငါးမိနစ်ခန့်အကြာတွင် သန့်စင်ခန်းသွားမည်ဆိုသည့်အကြောင်းပြချက်ဖြင့် နေရာမှထလာခဲ့၏။ ဂျီနာ၏ ခြေလှမ်းများကခန်းမပြင်ထွက်၍သန့်စင်ခန်းဘက်သို့ရောက်လို့သွားသော်လည်းလမ်းတစ်ဝက်၌ ဦးတည်ချက်ပြောင်းကာ မျက်လုံးများကိုအလုပ်ပေး၍ ခန်းမအနီးရှိ အခန်းငယ်တွေကိုတစ်ခန်းချင်းစီအပြင်ကနေအကဲခတ်၍ ခေါက်တုံ့ခေါက်ပြန်လျှောက်လို့နေ၏။
အချိန်ကြာနေပြီဖြစ်သော်လည်း သူတွေ့ချင်သည့်သူရှိသည့် အခန်းကိုရှာမတွေ့သေးတာကြောင့် ပွဲစီစဉ်သူဝန်ထမ်းလေးတစ်ဦး၏လက်ကိုဆွဲလိုက်ပြီး...
"ကောင်လေးတွေ ကောင်မလေးတွေရဲ့ အဝတ်စားလဲခန်းက ဘယ်မှာလဲ..."
"ဘာလုပ်မလို့လဲရှင့်..."
"ပွဲမစခင် ဂုဏ်ပြုစကားကြိုပြောချင်လို့..."
"ဟုတ်ကဲ့ ဒီကနေတည့်တည့်လျှောက်သွားပြီး ညာဘက်ချိုးရင် ကောင်လေးရဲ့အခန်းရှိပါတယ်...ဘယ်ဘက်အခြမ်းမှာတော့ ကောင်မလေးရဲ့..."
ဝန်ထမ်းလေး၏ စကားကိုပင် ဂျီနာဆုံးအောင်နားမထောင်တော့ဘဲ ခပ်သုတ်သုတ်လျှောက်သွားလိုက်၏။ ကော်ရစ်တာတစ်လျှောက်ငါးလက်မဒေါက်ဖိနပ်၏ အသံတို့ကလည်း တတောက်တောက်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ..."
ဝမ်ရိပေါ်ရှိနေသည့်အခန်းရှေ့သို့ဂျီနာရောက်သွားသည့်အခါ အခန်းရှေ့မှာရပ်စောင့်နေသည့် အစောင့်နှစ်ဦး၏ တားမြစ်ခြင်းကိုခံလိုက်ရသည်။ဂျီနာကဟန်မပျက်စွာဖြင့်...
"ဝမ်ရိပေါ်နဲ့ တွေ့ချင်လို့ပါ...ကိုယ်တိုင်ကိုယ်ကျဂုဏ် ပြုစကားပြောချင်ရုံပါ..."
"ခန်းမထဲရောက်မှပြောပါခင်ဗျ...ကျွန်တော်တို့ရဲ့သူဌေးက အစ်ကိုလေးကို ခန်းမထဲရောက်တဲ့အထိ ဘယ်သူနဲ့မှ မတွေ့ဖို့ပြောထားလို့ပါ..."
"ဘုန်း...! "
တားမြစ်နေသူများကြောင့် ပိတ်ထားသည့်အခန်း၏တံခါးကို ဂျီနာသူ့ဒေါက်ဖိနပ်ဖြင့်အရှိန်ပြင်းပြင်းကန်ကျောက်လိုက်သည်။
"ဒီမှာ မဒမ်...အဲ့လိုလာလုပ်နေရင် ဝတ္တရားနှောင့်
ယှက်မှုနဲ့ အတင်းအကြပ်အားသုံးဆွဲထုတ်ရပါမယ်..."
"ဘုန်း...! "
ဂျီနာဂရုမစိုက် တံခါးကိုနောက်တစ်ချက်ကန်လိုက်၏။
"ဘာဖြစ်နေကြတာလဲ..."
အပြင်ဘက်မှ ကန်ကျောက်သံများနှင့် ခပ်ရုန်းရုန်းဖြစ်နေသည့် အသံများကြောင့် အခန်းတံခါးကိုဝမ်ရိပေါ်ဖွင့်ရင်းမေးလိုက်သည်။ ဝမ်ရိပေါ်ကိုမြင်တော့ ဂျီနာကျေနပ်လွန်းစွာပြုံးလိုက်သည်။အဓိက က ပွဲမစခင်ဒီကောင်လေးနဲ့ တွေ့လိုက်ရဖို့။
"မစ္စဂျီနာ..."
ဂျီနာက သာမန်ခင်မင်ရင်းနှီးသူများမေးထူးခေါ်ပြောနေသည့်အတိုင်းရွှင်ရွှင်ပြုံးပြုံးပေါ့ပေါ့ပါးပါးဖြင့်လက်ဆွဲနှုတ်ဆက်လိုဟန် ဝမ်ရိပေါ်ရှေ့သို့လက်တစ်ဖက်ထိုးပေးလိုက်သည်။
"အန်တီတို့ဘက်က စိတ်ရင်းအမှန်နဲ့ဂုဏ်ပြုပါတယ်နော် ရိပေါ်..."
တကယ့်ကိုစိတ်ရင်းအမှန်နဲ့ဂုဏ်ပြုနေသည့် ဂျီနာကို ဝမ်ရိပေါ် က ခေါင်းခါပြလိုက်ပြီး...
"မစ္စဂျီနာ...ကျွန်တော်..."
"အန်တီနားလည်ပါတယ်...အချိန်တန်တော့အရာရာအားလုံးမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြမှာပါ..."
"မဟုတ်ဘူး ကျွန်တော်..."
သူ ရှင်းပြချင်သည်။ ရှောင်းကျန့်ကို သူဘယ်လောက် ချစ်ကြောင်း မစ္စဂျီနာသိအောင်ရှင်းပြပေးချင်သည်။ သူ့ကိုယုံကြည်ပြီးအချိန်ခဏလေးပဲပေးပါဆိုသည့်အကြောင်းတွေကိုပြောပြချင်သည်။
"အန်တီတို့လက်ဆွဲနှုတ်ဆက်ကြရအောင်လေ..."
အခုထက်ထိပြန်လည်ဆုပ်ကိုင်လိုက်ခြင်းမပြုရသေးသည့် ဂျီနာ၏လက်ကို ဝမ်ရိပေါ်ရိုရိုသေသေလက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။ နှစ်ယောက်သား၏ လက်ဖဝါးများဖိကပ်သွားသည့်အခိုက် ဝမ်ရိပေါ်၏ မျက်လုံးတို့အရောင်ပြောင်းသွားပြီး ဂျီနာ၏မျက်နှာကို ကြည့်လိုက်သည်။ဂျီနာကနှုတ်ခမ်းထောင့်လေးများကွေးညွတ်ပြလိုက်သည့်အခါ ဝမ်ရိပေါ်လည်းပြန်ပြုံးပြလိုက်၏။
"အဲ့တာဆို အန်တီ့ကို ခွင့်ပြုပါဦး..."
"ဟုတ်ကဲ့ပါ မစ္စဂျီနာ...ခန်းမထဲရောက်ရင် တွေ့ဆုံကြပါမယ်...ကြွရောက်လာပေးလို့လည်းကျေးဇူးတင်ပါတယ်..."
ဂျီနာခန်းမဘက်သို့ပြန်လျှောက်သွားသည်နှင့်တစ်ပြိုင်နက် ဝမ်ရိပေါ်လည်း အခန်းတံခါးကိုပြန်ပိတ်လိုက် ကာ သန့်စင်ခန်းဘက်သို့လျှောက်သွားပြီး အတွင်းမှလော့ခ်ချလိုက်သည်။ ထို့နောက်သူ့လက်ထဲပါလာသည့် စာရွက်အခေါက်လေးကို ဖြန့်ကြည့်လိုက်၏။
ရိပေါ်...
ဒီပွဲကထွက်လို့ရတဲ့အချိန်မှာ အချိန်ကိုက်ထွက်ခဲ့ပြီး အန်တီ့ရဲ့ လက်ကိုင်အိတ်တစ်ခုလုံးကိုဆွဲယူသွားပါ။အိတ်ထဲမှာ ဂျပန်ကိုသွားမယ့်လေယာဉ်လက်မှတ်တစ်စောင်နဲ့ လက်ဝတ်လက်စားတချို့ပါတယ်။xxx နားမှာ ကားတစ်စီးစောင့်နေလိမ့်မယ်။
Sean က အခု တိုကျိုရောက်နေတာ။ စေ့စပ်ပွဲကိစ္စကိုမသိသေးလို့ မင်း လေယာဉ်ပေါ်ရောက်သွားပြီဆိုတာ သေချာမှပဲ အန်တီသူ့ကို အကျိုးအကြောင်းပြော ပြလိုက်မယ်။
Sean အတွက်အသုံးကျတဲ့မိခင်တစ်ယောက်ဖြစ်ချင်လို့ လုပ်ပေးတာလည်းမှန်ပေမယ့်...
ရိပေါ်ရယ် အဓိက ကတော့...ယောကျာ်းလေးနဲ့မိန်းကလေးချစ်မှ မဟုတ်ပါဘူး လူလူချင်းချစ်ကြတဲ့မင်းတို့ရဲ့ဘက်မှာ အန်တီမားမားမတ်မတ်ရပ်တည်ပေးပြီး လူပီသချင်တယ်။
Sean ရယ်၊ မင်းရယ်၊ အန်တီရယ် တစ်ဖက်...
Three Vs Three မှာ Who Cares?
တစ်ကမ္ဘာလုံးနဲ့အန်တီတို့သုံးယောက်ဆိုရင်တောင်
အန်တီတို့ဘက် က We Don't Care ပဲလေ။
ဝမ်ရိပေါ် စိတ်လှုပ်ရှားလွန်း၍ စာဖတ်နေရင်းပင်မျက်ရည်တွေဝဲလို့လာ၏။သို့သော်မူမပျက်အောင်စိတ်ကိုတည်ငြိမ်ဖို့အမြန်ဆုံးကြိုးစားလိုက်ပြီး သူ့လက်ထဲက စာကို လက်စဖျောက်သည့်အနေဖြင့်အစိတ်စိတ်အမွှာမွှာဆွဲစုတ်၍ စာရွက်အပိုင်းအစများအားဖျောက်ဖျက်ပစ်လိုက်၏။
ထို့နောက်သူ့ကုတ်အင်္ကျီအတွင်းပိုင်းတစ်နေရာကိုလက်ဖြင့်ပြန်စမ်းကြည့်လိုက်သည်။ထိုနေရာမှာရှိနေသည်က အိမ်မှထွက်လာကတည်းက သူလိုရမယ်ရတိတ်တဆိတ်ယူခဲ့သည့် နိုင်ငံကူးလက်မှတ်ပဲဖြစ်၏။
"ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်...စေ့စပ်ပွဲအစီအစဉ်က မကြာခင်စတင်တော့မှာဖြစ်လို့ ဧည့်သည် များအနေနဲ့ မိမိတို့ထိုင်ခုံမှာ နေရာယူပေးကြဖို့မေတ္တာရပ်ခံပါတယ်..."
အခမ်းအနားမှူး၏စတင်ကြေညာမှုကြောင့်ဧည့်သည်တို့၏ စကားသံများငြိမ်သက်လို့သွားကာ မီဒီယာသမားတို့ကလည်း ကံယာကံရှင်များဝင်လာမည့်အချိန်ကို မှတ်တမ်းတင်ယူဖို့ စောင့်ဆိုင်းလို့နေကြ၏။ မကြာခင်မှာပဲ ခန်းမ၏ရှေ့ဆုံးတွင်နေရာယူလိုက်ပြီဖြစ်သည့် ကံယာကံရှင်များကြောင့် လက်ခုပ်ဩဘာသံများနှင့်အတူ ဓာတ်ပုံရိုက်သံများတဖျတ်ဖျတ်ညံသွားကြ၏။
စေ့စပ်ပွဲသာဖြစ်သော်လည်း လက်ထပ်ပွဲတစ်ခု၏ အသွင်အပြင်နဲ့မခြား ဝတ်ဆင်လို့ထားသည့်စုံတွဲ၏ ဝတ်စားဆင်ယင်မှုတို့က အများအမြင်မှာလိုက်ဖက်လွန်းလှ၏။
အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့်ယောကျာ်းလေးဘက်က ရှင်းသန့်ခန့်ညားနေလွန်းသည်ဆိုလျှင်စွန့် ကားထည်ဝါနေသည့်အဖြူရောင်ဂါဝန်နှင့်မိန်းကလေးဘက်ကလည်း နတ်သမီးပုံပြင်တွေထဲကမင်းသမီးလေးကဲ့သို့ လှပနေလွန်းတာဖြစ်သည်။အပြင်ပိုင်းအလှအပများကိုသာအာရုံစိုက်လို့နေကြသည့် ဧည့်သည်များအနေနဲ့ ကံယာကံရှင်တို့၏အပြုံးများကင်းမဲ့နေသည့် မျက်နှာများကိုတော့ သတိမူမိကြမည်မထင်။
"နှစ်ဖက်မိဘနဲ့ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များကို သက်သေပြု၍ စေ့စပ်လက်စွပ်များလဲလှယ် ဝတ်ဆင်ကြပါ..."
သူစောင့်နေသည့်အချိန်ရောက်လာပြီဖြစ်သည့်အခါ ဝမ်ရိပေါ် ပင့်သက်တစ်ချက်ရှိုက်၍ အသက်ကိုဝဝရှူလိုက်သည်။ သူတို့အရှေ့၌ရောက်လို့နေပြီဖြစ်သည့် လက်စွပ်များကိုစိုက်ကြည့်လို့နေကာ တစ်ဖက်မိန်းကလေးဖြစ်သည့် ယွမ်ချင်၏အပြုအမူကိုအကဲခတ်လိုက်၏။
ယွမ်ချင်သည်လည်း သူ့နည်းတူလက်စွပ်ဘူးထဲမှ လက်စွပ်များကို လက်လှမ်းလိုက်ခြင်းမရှိသေးဘဲမျက်လုံးများဂဏာမငြိမ်ဖြစ်နေသည်ကိုတွေ့သော်လည်း ဝမ်ရိပေါ်စိတ်ဝင်စားမှုမရှိစွာဖြင့် သူကြံရွယ်ထားသည့်အရာတစ်ခုကိုပြုလုပ်ဖို့သာဦးတည်လိုက်သည်။
ဝမ်ရိပေါ်က လက်စွပ်ဘူးများကို ကျောခိုင်း၍ မိုက်ကိုင်ထားသည့် အခမ်းအနားမှူးရှိရာသို့လျှောက်သွားသည်။ သူ့အပြုအမူကြောင့် တီးတိုးအသံများထွက်ပေါ် လာသည်ကို ဝမ်ရိပေါ်ဂရုမစိုက်ဘဲ အခမ်းအနားမှူး၏ လက်ထဲမှာရှိနေသည့် မိုက်ကိုလက်လှမ်းလိုက်၏။မိုက်နဲ့ဝမ်ရိပေါ်၏လက်ချောင်းများထိစပ်တော့မည့်အခိုက်...
"ဖိတ်စာမပါဘဲ ဝင်လို့မရပါဘူး ခင်ဗျ..."
အနောက်ဘက်မှ ထွက်ပေါ်လာသည့် ဝန်ထမ်းလေးများ၏အသံကြောင့် ပွဲလာဧည့်သည်များ၏အာရုံများက ခန်းမအဝင်ဝဘက်သို့ရောက်ရှိလို့သွား၏။အများနည်းတူ ကြည့်လိုက်မိသည့် ရှောင်းရမ်သည်လည်းတွေ့လိုက်ရသည့် ပုံရိပ်နှင့်အတူသူ့ကိုကြည့်ပြီးဖြစ်ထွန်းလို့နေသည့်အပြုံးတစ်ခုကြောင့် ကြက်သေသေလို့သွား၏။
"ဖိတ်စာပါရင်တော့ ဝင်လို့ရတယ်မလား..."
ရှောင်းကျန့်က သူ့ကုတ်အင်္ကျီအတွင်းမှ တရားဝင်ဖိတ်စာတစ်ခုကို ဝန်ထမ်းလေးများအား ထုတ်ပေးလိုက်ပြီးနောက်ခန်းမ၏လျှောက်လမ်းတစ်လျှောက်သို့တစ်လှမ်းချင်းလျှောက်လို့လာ၏။
တစ်ကိုယ်လုံးနက်စွေးနေလွန်းသည့်အနောက်တိုင်းဝတ်စုံက ကျော့မော့နေသည့် မီးခိုးရောင်ဆံပင်တို့ကိုပိုလို့ထင်ပေါ်စေကာ ခြေတစ်လှမ်းလှမ်းတိုင်း ရှူးဖိနပ်အချီအချအသံနှင့်အတူ ဘယ်ဘက်နားရွက်ဖျား၌နေရာယူထားသည့် တစ်ပွင့်ကျောက် မဟူရာနားကပ်ကလည်း အရောင်တလက်လက်။
ခန်းမ၏ ရှေ့ဆုံးသို့ တဖြည်းဖြည်းနီးကပ်လို့လာပြီဖြစ်သည့် ရှောင်းကျန့်က ဖွင့်ဟလို့ထားသည့် လက်စွပ်ဘူးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ရိပေါ်နှင့် ယွမ်ချင်တို့ကို ကျော်၍လျှောက်သွားကာ အခမ်းအနားမှူးလက်ထဲက မိုက်ကို ဆွဲလုယူလိုက်၏။
မိုက်၏စကားပြောသည့်နေရာကိုအသံစမ်းသလို လက်ညိုးထိပ်ဖြင့်တစ်ချက်နှစ်ချက်ခေါက်လိုက်၍ စိတ်တိုင်းကျသွားသည့်အခါမှာတော့ ဧည့်ပရိတ်သတ်များရှေ့သို့လှည့်လိုက်သည်။ ထို့နောက်သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်ကာ...
"ကြွရောက်လာကြတဲ့ဧည့်သည်များအိမ်ပြန်လို့ရပါပြီ...အထမမြောက်တဲ့ဒီပွဲကို အလုပ်ရှုပ်ခံပြီး တက် ရောက်ခဲ့ပေးလို့ ကျေးဇူးလည်းတင်ပါတယ်..."
သူ့ဆီပြေးလာကြသည့်လူများကို ရှောင်းကျန့်ကြည့်လိုက်ပြီး လေသံအေးအေးဖြင့်...
"လာဆွဲစရာမလိုဘူး...ဒီတိုင်းပဲအေးအေးဆေးဆေးစကားလာပြောတာ..."
မီဒီယာတွေရှေ့မှာ ပွဲဆူမည်စိုး၍ ဝမ်လုပ်ငန်းစုဘက်မှ ရှောင်းကျန့်ကိုအစောင့်များဖြင့်ချက်ချင်းဆွဲမထုတ် စေဘဲ စောင့်ပဲစောင့်ကြည့်နေသည်။ထိုအခြေအနေကို ရှောင်းကျန့်အခွင့်အရေးအပြည့်ဝယူသည်။ လက်ထဲတွင်မိုက်ကိုကိုင်မြဲကိုင်ထားလျက်စေ့စပ်ကြမည့် လူတွေ၏ နာမည်များရေးထိုးထားသော အလွှာအထပ်ထပ်ကိတ်မုန့်ကြီးထားရှိသည့် စားပွဲခုံပေါ် တွင် တက်ထိုင်လိုက်သည်။
စိတ်ဆိုးသည့်အမူအရာဆို၍ မျက်နှာထက်၌ အရိပ်အယောင်မရှိဘဲ ခြေထောက်ရှည်သွယ်သွယ်များကိုစားပွဲပေါ်မှတွဲလျောင်းချအနေအထားဖြင့်ပေါ့ပေါ့ပါးပါးလှုပ်ရှားနေကာမိုက်ကိုနှုတ်ခမ်းနားပြန်တေ့လိုက်ပြီး...
"ကိုယ် ဘယ်လောက် စိတ်ဆိုးနေမှန်း မင်းသိမှာမဟုတ်ဘူး..."
ဘယ်သူ့ကိုရည်ညွှန်းပြီးပြောနေမှန်းမသိသည့်ရှောင်းကျန့်က လေဟာနယ်ကိုသာစိုက်ကြည့်နေတာဖြစ်၏။
"သေလောက်အောင်ချစ်တယ်ဆို...စေ့စပ်ပွဲကိုကျတော့ ဘာလို့မငြင်းတာလဲ..."
"ကိုယ်ကမင်းအတွက်ချည်တိုင်တစ်ခုလိုဖြစ်တည်မှုမျိုးဆို...စေ့စပ်ပွဲကိုကျတော့ဘာလို့မငြင်းတာလဲ..."
ရှောင်းကျန့်ဆက်မပြောသေးဘဲ ထေ့ကနဲရယ်လိုက်ပြီးမှ ရှောင်းရမ်နှင့် ဂျီနာရှိရာသို့ ကြည့်လိုက်သည်။
"နောက်ဆုံးအချိန်ထိတောင် ကျွန်တော့်ကိုလိမ်တာနော်...ပါး...မား..."
ပါးနဲ့မားဆိုသည့်နေရာကိုတစ်ချက်ချင်းဖိပြောလိုက်သည့် ရှောင်းကျန့်ကအကြည့်များပြန်လွှဲလိုက်ပြီး ဆံပင်တွေကိုတစ်ချက်သပ်တင်ကာ လက်ထဲက မိုက်ကို ဘေးမှာရှိနေသည့် ကိတ်မုန့်ထဲသို့ ဇောက်ထိုး ထိုးစိုက်လိုက်၏။
ပြီးလျှင် စားပွဲပေါ်မှ သော့သော့လေး ခုန်ဆင်းပြီး ဝမ်ရိပေါ်နှင့် ယွမ်ချင်တို့ရှိရာသို့လျှောက်သွားလိုက်သည်။ဝမ်ရိပေါ်နှင့်ယွမ်ချင်၏အလယ်တွင်ဘောင်းဘီအိတ်ကပ်ထဲလက်တွေထည့်မတ်တပ်ရပ်ပြီးခန်းမကြမ်းပြင်ထက်ပွတ်တိုက်ဆွဲလို့နေမိသည့် သူ့ဖိနပ်ဦးကို ငုံ့ကြည့်လို့နေရင်း...
"ဒါပေမယ့်လည်း ရပါတယ်...ကိုယ်နားလည်ပါတယ်...ကိုယ်စိတ်ဆိုးတယ်ဆိုတာကလည်းမင်းကိုချစ်လွန်းလို့လေနော်...အဲ့တော့ကလေးရယ်..."
ရှောင်းကျန့်ခေါင်းကိုပြန်မတ်လိုက်ပြီးဘောင်းဘီအိတ်ကပ်ထဲရောက်လို့နေသည့်လက်ကိုပြန်ထုတ်၍ဝမ်ရိပေါ်နှင့် ယွမ်ချင်ကြားအလယ်တည့်တည့်၌ ကမ်းလင့် လိုက်သည်။
"ကိုယ်နဲ့ ပြန်လိုက်ခဲ့မယ်မလား..."
ဝမ်ရိပေါ် တော်တော်နဲ့တုံ့ပြန်နိုင်ခြင်းမရှိသေးဘဲအတန်ကြာမှ သွယ်လျနေသည့် ရှောင်းကျန့်၏ လက်ကိုပြန်လည်ဆုပ်ကိုင်ဖို့ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ သို့သော်သူ့ထက်ဦးစွာရှောင်းကျန့်၏လက်ကိုဆုပ်ကိုင်လိုက်သည့် လက်တစ်ဖက်ကြောင့် နှလုံးသားတစ်ခုလုံးကြမ်းပြင်ထက်ပြုတ်ကျသွားသကဲ့သို့ခံစားလိုက်ရ၏။
ရှောင်းကျန့်က သူ့ကိုစိုက်ကြည့်နေသည့်ဝမ်ရိပေါ်၏အရှေ့တည့်တည့်၌သူဆုပ်ကိုင်ထားသည့် ယွမ်ချင်၏လက်ကို နှာဖျားဖြင့်မထိတထိ ငုံ့နမ်းကျီစယ်လိုက်ပြီး ထိုနေရာမှ ချာကနဲလှည့်ထွက်ကာ ခန်းမ၏ အပေါက်ဝဆီသို့ လျှောက်သွားသည်။
ရှောင်းကျန့်နောက်သို့ ယွမ်ချင်ပါသွားသည့်အခါမှ အစောင့်များလည်း လှုပ်လှုပ်ရှားရှားဖြစ်လို့သွားကာ ရှောင်းကျန့်ရှေ့၌ ပိတ်ကာတားဖို့ ကြိုးစားသည်။ရှောင်းကျန့်က ရသလောက်ကို ခုခံကာ ရုန်းရင်းဆန်ခတ်ဖြစ်နေရင်း ခန်းမအတွင်းမှ လွတ်မြောက်တော့မည့်အခိုက်...
"ရှောင်းကျန့်...! "
ဟိန်းထွက်နေသည့် ဒေါသသံတစ်ခုကြောင့်လုံခြုံရေးအစောင့်များ၏ လှုပ်ရှားမှုများရပ်တန့်သွားကာ ရှောင်းကျန့်၏ခြေထောက်များလည်းတုံ့ဆိုင်းသွား၏။ရှောင်းကျန့်၏ကျောပြင်ကို ဝမ်ရိပေါ် စိုက်ကြည့်နေရင်း...
"တွဲထားတဲ့လက်ကို လွှတ်ချပြီး ကိုယ့်အသိစိတ်ဓာတ် နဲ့ ဒီဘက်ကို ပြန်လျှောက်လာခဲ့..."
အမိန့်ဆန်သည့်စကားကို ရှောင်းကျန့်ထေ့ကနဲရယ်လိုက်သည်။ အနောက်သို့တစ်ချက်ပင်ပြန်လှည့်မကြည့်၊ဂရုမစိုက်ကြောင်း လက်တစ်ဖက်ကိုလေထဲမြှောက် ကာ တတိယမြောက် လက်ချောင်းကို ထင်သာအောင်ပြလိုက်ပြီးနောက်ယွမ်ချင်၏လက်ကိုဆွဲပြီး ပြေးထွက်သွား၏။
နားထင်ကြောတွေ ပေါက်ထွက်လုနီးနီးဒေါသသွေးတွေ ကြွလို့လာသည့် ဝမ်ရိပေါ်က အစောင့်များနှင့်အတူ ရှောင်းကျန့်ပြေးသွားသည့်နောက်သို့လိုက်ဖို့လုပ်သည့်အခါ သူ့အိမ်ကလူများ၏ တားဆီးခြင်းကိုခံလိုက်ရ၏။ဒေါသအရှိန်ကြောင့်စိတ်ခက်ထန်လွန်းနေသည့် ဝမ်ရိပေါ်ကို ထိန်းမရသည်ဖြစ်၍ဝမ်မင်ရီ အနားသို့ရောက်လာပြီး...
"မင်း ဒီခန်းမရဲ့ အပြင်ကိုရောက်သွားတာနဲ့ မင်းကိုငါတို့ဘက်က အမွေပြတ်စွန့်လွှတ်မယ်..."
"အဲ့စကားကို စောင့်နေတာ...! "
ဝမ်ရိပေါ် တွေဝေခြင်းအလျင်းမရှိ ခန်းမအပြင်ဘက်သို့ ထွက်လို့သွားသည်။သွေးကြောတွေထင်းနေသည့်လည်ပင်းထက်ကနက်ခ်တိုင်ကိုကြမ်းတမ်းစွာဖြေလျော့ချလိုက်ပြီး တခြားသူနဲ့ထွက်ပြေးသွားသည့်လူနောက်ကိုလိုက်ဖို့ ဓာတ်လှေကားထဲသို့ဝင်လိုက်၏။
"ဝုန်း...! ဝုန်း...! ဝုန်း...! "
ဓာတ်လှေကားထဲရောက်နေသည့် ဝမ်ရိပေါ်က ခလုတ် နေရာများကိုလက်သီးဖြင့် အကြိမ်ကြိမ်အခါခါထိုးချလိုက်သည်။ ပွန်းပဲ့သွားသည့်လက်ဆစ်များနှင့်အတူ ဓာတ်လှေကားခလုတ်များကလည်း သွေးစများဖြင့်ချင်းချင်းနီလို့သွား၏။
အောက်ဆုံးထပ်ရောက်သွားသည့်အခါကားများထားရှိရာနေရာသို့ လျင်မြန်သည့်ခြေလှမ်းများဖြင့်ပြေးသွားသော်လည်း မျက်စိရှေ့မှာတင်လက်မတင်လေးလွတ်လို့သွားသည့် ကား၏နောက်ကျောကို စေ့စေ့စိုက်ကြည့်ရင်း အံကြိတ်လိုက်ကာ ကားနံပါတ်ကိုအသေမှတ်လိုက်၏။
"ရိပေါ်..."
သူ့နည်းတူ ရှောင်းကျန့်နောက်ပြေးလိုက်လာသည့် ဂျီနာကို ဝမ်ရိပေါ်တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး...
"မစ္စဂျီနာ ကျွန်တော့်ကို ဖုန်းခဏ ငှားပေးနိုင်မလား..."
ဂျီနာဖုန်းထုတ်ပေးလိုက်သည့်အခါ ဝမ်ရိပေါ်ချက်ချင်းယူလိုက်ပြီး contact list ထဲကနာမည်တစ်ခုကိုထောက်လိုက်၏။ ဖုန်းကိုနားမှာကပ်ထား၍ ကျန်သည့်လက်တစ်ဖက်က ဆံပင်များကိုထိုးသပ်တင်ကာ တစ်ဖက်မှပြန်ဖြေမည့်အသံကိုစောင့်လို့နေရင်းတနုံ့နုံ့ဖြစ်စွာမျက်လုံးများကိုမှိတ်ချလို့ထား၏။
"တောက်...!!! "
ပြန်လည်ဖြေဆိုခြင်းမရှိမှုကြောင့်ဝမ်ရိပေါ် လက်ထဲက ဖုန်းကိုမျက်နှာပြင်ကွဲလုမတတ်ဆုပ်ကိုင်ထားပြီး အနီးမှာရှိနေသည့်ကားတစ်စီး၏မောင်းသူနေရာတွင်ဝင်ထိုင်လိုက်၏။ ကားစက်နှိုးနေခိုက် ကားစတီယာရင်ကိုလည်း နှစ်ချက်သုံးချက် လောက်ဆင့်ရိုက်လိုက်သည့်အခါ ထိုကားအနီးသို့ ဂျီနာပြေးသွားလိုက်သည်။
မုန်ယိုနေသည့်ကျားတစ်ကောင်ကဲ့သို့ ထိန်းမနိုင်သိမ်းမနိုင်စိတ်ဆိုးနေဟန်ရှိသည့် ဝမ်ရိပေါ်ကိုကြည့်ရင်း ဂျီနာ သူ့သားအတွက်စိုးရိမ်စိတ်ဝင်သွားတာကြောင့်...
"ရိပေါ်...Sean ကို ပြန်ဖမ်းမိတဲ့အခါ တစ်ခုခုလုပ်ပစ်လိုက်ဖို့ဆုံးဖြတ်ထားရင်စိတ်လိုက်မာန်ပါတွေမလုပ်ဘဲညှာတာပါနော်...လက်လွန်ခြေလွန်တွေမဖြစ်စေဘဲ အကျိုးအကြောင်းသေချာမေး ဟုတ်ပြီလား...Sean ရဲ့လုပ်ရပ်ကမမှန်မှန်းအန်တီသိပေမယ့် အန်တီ့မျက်နှာထောက်ပြီး ညှိညှိနှိုင်းနှိုင်းနဲ့..."
စကားမဆုံးခင်မှာပင် ဝမ်ရိပေါ်ကားကိုအရှိန်ဖြင့်မောင်းထွက်သွားသည့် အခါ ဂျီနာ ရင်ကိုဖိပြီးကျန်ရစ်ခဲ့သည်။ထို့အပြင်ဝမ်လုပ်ငန်းစုနှင့်ယွမ်လုပ်ငန်းစုဘက်ကလူများ၏ ကားများသည်လည်းအသီးသီးလိုက်ပါထွက်ခွာလို့သွား၏။
"ကားထဲမှာပဲ အင်္ကျီလဲလိုက်တော့..."
ရှောင်းကျန့်ကားအရှေ့ခန်း၌ကားမောင်းနေရင်း အသင့်ယူလာခဲ့သည့် ရှပ်အင်္ကျီတစ်ထည်ကိုကားအနောက်ခန်းမှာရှိနေသည့် ယွမ်ချင့်ဘက်သို့ပစ်ပေးလိုက်သည်။ ယွမ်ချင်လည်းရှောင်းကျန့်ပြောသလိုကားထဲမှာပဲအင်္ကျီလဲဖို့ပြင်လိုက်ပေမယ့် ရှောင်းကျန့်ကိုအားနာမိပြီး...
"ဟို...Sean အဆင်ပြေတယ်မလား..."
"ကိုယ်ဘာမှမဖြစ်ဘူး...မြန်မြန်လဲ မျက်ခြေပြတ်တုန်း ကားပြောင်းရမှာ..."
အလျင်လိုနေသည့်အခါ ယွမ်ချင်လည်းမထူးဇာတ်ခင်း၍ ရှက်ရှက်နှင့်ပင် စေ့စပ်ဝတ်စုံဂါဝန်ပေါ်တွင် ရှပ်အင်္ကျီကိုထပ်ဝတ်ပြီးဂါဝန်ကိုအမြန်ဆုံးနည်းနဲ့ချွတ်လိုက်သည်။တော်သေး၍ အစကတည်းက ဂါဝန်အောက်မှာဂျင်းဘောင်းဘီ ကြိုဝတ်လာခဲ့သည့်အခါ အခက်အခဲသိပ်မရှိဘဲ အောင်အောင်မြင်မြင်လဲလှယ်လို့ပြီးသွား၏။
"ပြီးပြီ Sean..."
ယွမ်ချင်ဘက်ကပြောလာသည်နှင့် ရှောင်းကျန့်လမ်းကြိုလမ်းကြားဖြတ်လမ်းတစ်ခုထဲသို့ကားကိုကွေ့ချလိုက်ပြီး လူမမြင်နိုင်သည့်နေရာ၌ ကားကိုချောင်ထိုးပြီးဖွက်ထားလိုက်၏။
ပြီးလျှင် တခြားလမ်းကနေတစ်ဆင့်လမ်းမကြီးဘက်သို့တက်ကာ တွေ့သည့်တက္ကစီတစ်စီးငှားလိုက်သည်။ တက္ကစီ၏ နောက်ခန်းထဲသို့ ယွမ်ချင်ဝင် မထိုင်ခင် ရှောင်းကျန့်က ယွမ်ချင်ကိုအသေအချာကြည့်လိုက်ပြီး...
"ကိုယ်ဖြစ်ချင်တဲ့ခရီးလမ်းကို လျှောက်မယ့် လမ်းတစ်လျှောက်မှာ Good Luck ပါယွမ်ချင်...ဟိုရောက်ရင်ကိုယ် စီစဉ်ပေးထားတဲ့လူတစ်ယောက်လာကြိုလိမ့်မယ်..."
ယွမ်ချင်မျက်ရည်ဝဲရင်း ခေါင်းကို တဆတ်ဆတ်ညိတ်ပြလိုက်သည်။
"Sean ရဲ့ ကျေးဇူးကို ယွမ်ချင် ဘယ်တော့မှ မမေ့ပါဘူး...အမြဲတမ်းဆက်သွယ်နေပါ့မယ်..."
ရှောင်းကျန့်ကိစ္စမရှိဟန်မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာ...
"အပြန်အလှန်ကူညီထားတဲ့ကိစ္စမှာ ကျေးဇူးတင်စရာမလိုပါဘူး...သွားတော့ ယွမ်ချင်...လေယာဉ်ချိန်နီးနေပြီ..."
ယွမ်ချင် အချိန်ဆွဲမနေတော့ဘဲတက္ကစီပေါ်တက်လို့သွားသည်။ကားဆရာကို အပြည်ပြည်ဆိုင်ရာလေဆိပ်၏ဆွစ်ဇလန် သို့သွားမည့်လေယာဉ်ဂိတ်သို့မောင်းသွားဖို့ပြော၏။ ကားဘီးစလိမ့်လို့နေပြီဖြစ်သည့်အချိန်၌ ကားပြတင်းပေါက်ကနေ ယွမ်ချင်ခေါင်းပြူထွက်လိုက်သည်။ သူ့နည်းတူ တက္ကစီတစ်စီးပေါ်တက်ဖို့လုပ်နေသည့် ရှောင်းကျန့်အား လှမ်းခေါ်လိုက်၍ ရှောင်းကျန့်ကြားသာမည့်အသံဖြင့်...
"အဆင်မပြေမှုတွေကြုံတွေ့ရတဲ့အခါ ကမ္ဘာကြီးကငါ့ကြောင့်လှနေတာ ဆိုပြီး အမြဲတမ်းတွေးလိုက်ပါနော် Sean...!!! "
ရှောင်းကျန့်ကို ယွမ်ချင် သူ့အမြင်အာရုံထဲမှပျောက်ကွယ်သွားသည်အထိ တာ့တာ ပြလို့နေမိရင်း လွတ်လပ်သည့်စိတ်၊ ပျော်ရွှင်သည့်စိတ်ကြောင့် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။ ကောင်းကင်ပေါ်မှာလွတ်လွတ်လပ်လပ်ပျံသန်းလို့နေတဲ့ငှက်တွေကိုတစ်သက်လုံးအားကျခဲ့ရသည့် ယွမ်ချင်က သူပျံသန်းရမည့်အလှည့်သို့ရောက်လာသည့်အခါ အတောင်ဖြန့်ဖို့မစောင့်နိုင်တော့။
ယွမ်ချင်သူ့အတွက်သူပျော်နေတုန်းရုတ်တရက်ကြီးစိုးရိမ်စိတ်တစ်ခုဝင်လာသည်။ ခုနက Sean ၏ ဖုန်းမျက်နှာပြင်ကိုသူမတော်တဆတွေ့လိုက်မိသည်။သူ့တစ်သက်နဲ့တစ်ကိုယ် ဖုန်းနံပါတ်တစ်ခုတည်းက ခေါ်ဆိုထားသော ရာချီနေသည့် missed call များ၊ voice message များဖြင့် ရဲရဲနီနေသည့်ဖုန်းမျက်နှာပြင်ကိုဒါဟာပထမဦးဆုံးတွေ့ခဲ့ဖူးခြင်းကြောင့်ဖြစ်၏။
ယွမ်ချင် တွေးနေရင်းနှင့်ပင် ကြက်သီးမွှေးညင်းများထလာသည်။ ကျောရိုးတစ်လျှောက်လည်းစိမ့်ကနဲဖြစ်လို့သွားကာစိတ်ရင်းအမှန်ဖြင့်ဆုတစ်ခုတောင်းလိုက်၏။
ကံကောင်းပါစေနော် Sean...
You are reading the story above: TeenFic.Net