အပိုင်း (၃၀) Unicode

Background color
Font
Font size
Line height

"ယွမ်အိမ်ရဲ့သမီးနဲ့စေ့စပ်မယ့်ကိစ္စကိုကျွန်တော်လက် ခံတယ်..."

ဧည့်ခန်းမှာထိုင်နေသည့်သူတို့ရှေ့တွင်မတ်တပ်ရပ်၍ လာပြောနေသည့် ဝမ်ရိပေါ်​၏စကားကြောင့်ဝမ်မင်ရီနှင့် လီလီတို့ သောက်လက်စကော်ဖီခွက်များကိုလက်ထဲမှချလိုက်သည်။ဝမ်မင်ရီကဝမ်ရိပေါ်မျက်လုံးများကိုဆန်းစစ်သည်။ လိမ်ပြောနေပုံမရသည့်ဝမ်ရိပေါ်ကမျက်လုံးများကြည်လင်နေ၍ စကားသံတို့ပြတ်သားလို့နေ​၏။

"ဒီရက်ပိုင်းအတွင်း ကျွန်တော်လက်တွေ့ကျကျစဉ်းစားခဲ့တယ်..."

ဝမ်ရိပေါ်ပေါ့ပေါ့ပါးပါးဟန်ဖြင့် သူ့မိဘများဘေးတွင်ဝင်ထိုင်ပြီးအချိုပွဲထဲမှပန်းသီးစိတ်တစ်ခုကိုယူဝါးလိုက်ကာ...

"ယောကျ်ားလေးတစ်ယောက်အတွက်ကျွန်တော့်ဘဝကြီးတစ်ခုလုံးကို နစ်မြုပ်ထားဖို့ကယုတ္တိမရှိဘူး...တ ကယ်တမ်းပြန်စဉ်းစားရင်သူ့ကြောင့်ကျွန်တော်နစ်နာခဲ့ရတာတွေအများကြီး...ဒီငါးနှစ်အတွင်းကျွန်တော်ပါးနဲ့မားကိုလည်းစိတ်သောကတွေပေးခဲ့တာတွေဒုနဲ့ဒေး..."

"ဟိုနေ့က ပါးပြောခဲ့တယ်လေ...အချိန်တန်ရင်ကျွန်တော်က မိသားစုဘဝကိုလိုချင်မှာပဲဆိုတာ...အဲ့အကြောင်းတွေလည်းကျွန်တော်တွေးခဲ့တယ်...တဒင်္ဂစိတ်ကစားမှုကြောင့် ယောကျာ်းလေးတစ်ယောက်နဲ့လက်တွဲလိုက်ပြီးမှ ကလေးလိုချင်လာခဲ့ရင်ရောဆိုပြီးတွေးမိလိုက်တော့ ကျွန်တော်ဘာကိုရွေးချယ်ရမလဲဆိုတာ ကွဲကွဲပြားပြားသိလာတယ်..."

"အခုလို အနေဝေးသွားတော့မှအဲ့လူအပေါ်ကျွန် တော်ထားရှိတဲ့ခံစားချက်က အချစ်မဟုတ်ဘဲ ဒီတိုင်း တက္ကသိုလ်မှာကြုံခဲ့ရတဲ့အချစ်ဦးအပေါ် စွဲလမ်းမှုမျိုးဆိုတာလည်း အသေအချာသိလာမိတယ်..."

"နောက်တစ်ခုက ကျွန်တော်လူတစ်ယောက်အတွက်နဲ့ ပါးတို့ရဲ့လောင်းရိပ်အောက်ကနေရုန်းမထွက်နိုင်ဘူးထင်တယ်...ကြီးပြင်းလာတဲ့အသိုင်းအဝိုင်းရဲ့ရှုံ့ချမှုဒဏ်တွေ ပစ်ပယ်ထားခြင်းတွေကိုကျွန်တော်ခံနိုင်ရည်ရှိလိမ့်မယ်မထင်ဘူး...ပါးတို့ရဲ့ထောက်ပံ့မှုမရှိဘဲနဲ့ကျွန်တော်တစ်ယောက်တည်းရပ်တည်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ချက်မရှိဘူး..."

"ပြီးတော့ ယွမ်ချင်ဆိုတဲ့ကောင်မလေးကိုအခုချက်ချင်းကျွန်တော်မချစ်ပေးနိုင်သေးရင်လည်း နောက်ပိုင်းကျတော့ ကျွန်တော့်သွေးသားကိုမွေးပေးတဲ့အမျိုးသမီးတစ်ယောက်အဖြစ်တဖြည်းဖြည်းသံယောဇဉ်တွယ်ပြီးချစ်လာလိမ့်မယ်လို့ ယုံကြည်တယ်...အရာရာအားလုံးက အချိန်ပဲလိုတာပါ ဟုတ်တယ်မလား ပါးနဲ့မား..."

လက်တွေ့ကျကျကိုသုံးသပ်ပြလို့နေသည့် ဝမ်ရိပေါ်​၏စကားတွေကြောင့် ဝမ်မင်ရီပြုံးလိုက်သလို၊လီလီကလည်း ထောက်ခံသည့်အနေဖြင့်ခေါင်းတဆတ်ညိတ် ပြရင်း ဝမ်ရိပေါ်နှင့်ဘေးချင်းကပ်လျက်တွင်နေရာပြောင်းထိုင်လိုက်​၏။ကြည်နူးခြင်းကြောင့်ဝမ်ရိပေါ်​၏ကျောပြင်ကိုဖွဖွလေးပွတ်သပ်ပေးရင်း...

"သိပ်ကိုဟုတ်တာပေါ့ ရိပေါ်...အရာရာအားလုံးကအချိန်တစ်ခုပဲလိုတာပါ နောက်ဆိုဘာကအဓိက ဘာကသာမညလည်းဆိုတာ မားရဲ့သားက ကောင်းကောင်းခွဲခြားတတ်လာလိမ့်မယ်..."

ဝမ်ရိပေါ်က သူ့အမေကို နူးညံ့စွာကြည့်လိုက်ပြီး...

"မား..."

"ပြောလေ ရိပေါ်..."

"ဒီနှစ်အပိုင်းအခြားတွေမှာ မားတို့အပေါ်ကျွန်တော်အရမ်းဆိုးခဲ့တယ်မလား..."

"မားတို့ အပြစ်မယူပါဘူးကွယ်..."

"ပါးနဲ့မား အပြစ်မယူလည်း ကျွန်တော်ကအပြစ်ရှိသလိုခံစားရတယ်...အဲ့တာကြောင့် ကျွန်တော်စေ့စပ်ပြီးသွားတာနဲ့ ကျောင်းချက်ချင်းပြန်တက်ပြီး ဘွဲ့ယူမယ်... ပြီးရင် ပါးရဲ့လုပ်ငန်းစုမှာဝင်လုပ်ပြီး ပါးနဲ့မားအတွက်သားကောင်းတစ်ယောက်၊ ကျွန်တော့်ရဲ့အနာဂတ်မှာရလာမယ့်ရင်သွေးလေးအတွက်စံပြဖခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်...တွေးကြည့်လိုက်မှပြီးပြည့်စုံတဲ့မိသားစုဘဝဆိုတာ တကယ့်ကိုကြည်နူးစရာပဲ..."

"ရိပေါ်..."

"ပြော မား..."

"ဒီညနေ ယွမ်ချင်နဲ့တွေ့ချင်လား...အိမ်ကိုခေါ်လိုက်ရမလား..."

"အပြင်မှာ လွတ်လွတ်လပ်လပ်တွေ့လို့မရဘူးလား တော်ကြာ ကောင်မလေး အနေကျပ်နေမှာစိုးလို့..."

ဝမ်ရိပေါ်​၏တောင်းဆိုမှုကြောင့် ဝမ်မင်ရီကို လီလီတစ်ချက်လှမ်းကြည့်လိုက်သည်။ ဝမ်မင်ရီ​ခေါင်းခါပြလိုက်သည့်အခါလီလီက...

"အပြင်မှာမတွေ့ပါနဲ့ ပိုပြီးရင်းနှီးအောင်အိမ်ဆိုတဲ့နေရာကအကောင်းဆုံးပဲ...စေ့စပ်ပြီးသွားတဲ့အခါမှ လူသိရှင်ကြား တွဲသွားတွဲလာလုပ်ကြပေါ့ဟုတ်တယ်မလား..."

"အဲ့တာဆိုနောက်နေ့မှတွေ့တာပေါ့...ဒီနေ့တော့ ကျွန်တော်လည်း အဆင်သင့်မဖြစ်သေးဘူး..."

"ဟုတ်ပါပြီ အချိန်တွေအများကြီးရပါသေးတယ်... သားတွေ့ချင်တဲ့အချိန်တိုင်းပြော မားချက်ချင်းသွားခေါ်ပေးလို့ရတယ်..."

"အင်းပါ မား...ကျွန်တော်သွားနားတော့မယ်...အခုတလော မရေရာတဲ့အတွေးပေါင်းနဲ့စုံအိပ်မပျော်တာတွေများခဲ့တော့ အခုလိုပြတ်သားတဲ့ဆုံးဖြတ်ချက် တစ်ခုချမှတ်ပြီးမှပဲ စိတ်ကပေါ့သွားတယ်..."

​ဧည့်ခန်းထဲမှနေ အိမ်ပေါ်သို့တက်သွားသည့်ဝမ်ရိပေါ်​၏အနောက်တွင် အစောင့်လေးယောက်ကလည်းထပ်ကြပ်မကွာလိုက်ပါလို့သွား​၏။ဝမ်ရိပေါ်ကို လီလီမျက်စိတစ်ဆုံးကြည့်လိုက်ပြီးမှ ဝမ်မင်ရီဘက်ကိုလှည့်ကာ ရွှင်ပြနေသောအသံဖြင့်...

"ယွမ်ကတော်ကို ဖုန်းဆက်လိုက်ရတော့မလား...ရိ ပေါ်ဘက်ကစိတ်ပါလာပြီဆိုတော့စေ့စပ်ပွဲရက်သတ်မှတ်ဖို့ပဲကျန်တော့တယ်..."

တစ်ဖက်ကိုအကြောင်းကြားဖို့စိတ်လောနေသည့်ဇနီးဖြစ်သူကို ဝမ်မင်ရီကြည့်ပြီးအပျော်တွေကူးစက်လို့နေပေမယ့် စိတ်ထဲမတင်မကျဖြစ်နေမှုတစ်ခုကိုတော့မလွန်ဆန်နိုင်။စေ့စပ်မည့်ကိစ္စကိုခါးခါးသီးသီးဖြစ်နေခဲ့ပြီးမှ အခုလိုရုတ်တရက်ကြီးစိတ်ပြောင်းသွားသည့် သူ့သားဖြစ်သူဝမ်ရိပေါ်​၏ခြေလှမ်းတွေက ဘာလဲ၊ ဘယ်လဲ။

ဟိုနေ့ကပြောလိုက်တဲ့စကားကြောင့်လား။ အကယ်၍ စေ့စပ်တာကိုလက်မခံရင်ဒီနိုင်ငံကနေဘယ်သူမှမသိဘဲထွက်သွားစေပြီး တစ်သက်လုံးအစောင့်အကြပ် တွေအပြည့်နဲ့ထားမယ်ဆိုပြီးပြောခဲ့လိုက်လို့လား။

ဘယ်လိုဖြစ်ဖြစ် စိတ်ပြောင်းသွားသည့်ကိစ္စကစိတ်ရင်းအမှန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေသူတို့ဘက်ကတော့ နည်းနည်းလေးမှလုံခြုံရေးအစောင့်တွေကိုလျော့ချပေးလိုက်လို့မဖြစ်ဘူး။ စေ့စပ်ပွဲခန်းမထဲရောက်မှ စိတ်ချရမည့်အခြေအနေမျိုးဖြစ်တာကြောင့် မျက်ခြေမပြတ်စောင့်ကြည့်နေရဦးမှာ။

"တောင်းပန်ပါတယ်..."

"တောင်းပန်ပါတယ်..."

"တောင်းပန်ပါတယ်..."

"ခုနကစကားတွေကိုရှောင်းကျန့်ပြန်မကြားနိုင်မှန်းသိလည်း ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်..."

"စိတ်ထဲကမပါဘဲပြောခဲ့ပေမယ့်လည်း ရှောင်းကျန့်ကိုကျွန်တော့်မိဘတွေရှေ့မှာဒီလိုပြောခဲ့မိတာ တကယ် တောင်းပန်ပါတယ်..."

အိပ်ခန်းထဲပြန်ရောက်လာပြီဖြစ်သည့်ဝမ်ရိပေါ်က အိပ်ရာထက်ချက်ချင်းလှဲချလိုက်ပြီး မျက်လုံးများကိုလက်ဖျံနဲ့အုပ်ထားလိုက်သည်။နှုတ်ကနေလည်းတစ်ယောက်သောသူကိုမှန်းဆ၍ တောင်းပန်စကားတွေကိုသာအထပ်ထပ်ဆိုသည်။

လူသားတိုင်းအတွက်အိပ်ခန်းဆိုသည့်အရာက နိဗ္ဗာန်ဘုံလိုဖြစ်တည်မှုတစ်ခုဖြစ်​၏။အိပ်ရာထက်လှဲလှောင်းပြီးမျက်စိမှိတ်ချလိုက်သည်နှင့် တစ် နေကုန်ပင်ပန်းနွမ်းနယ်ခဲ့သမျှတွေအကုန်အစင် ပျောက်ကွယ်သွားအောင်စွမ်းဆောင်နိုင်သည့်ဖြစ်တည်မှုတစ်ခုမျိုးလည်းဖြစ်သည်။

သို့သော် ဝမ်ရိပေါ်အတွက်အိပ်ခန်းဆိုသည့်နေရာက လေးထောင့်သဏ္ဌာန်အကျဉ်းခန်းတစ်ခုနှင့်မခြား။အခန်းအပြင်ဘက် လှေကားတစ်လျှောက်တွင်သာမက တစ်အိမ်လုံးနေရာမလပ်အစောင့်များနှင့်ပြည့်နှက်လို့နေတာဖြစ်သည်။

အိပ်ရာထလျှင်အရင်ဆုံးမြင်နေရသည်ကထိုသူတို့​၏မျက်နှာဖြစ်ပြီး မအိပ်ခင်နောက်ဆုံးမြင်ရသည်ကလည်းထိုသူတို့​၏မျက်နှာဖြစ်သည်။သူ​၏လှုပ်ရှားမှုအားလုံးကိုစောင့်ကြည့်နေကြသည့်အစောင့်များကရေချိုးခန်းသုံးသည့်အချိန်များပင်မချန်ပါဝင်သကဲ့သို့ ယုတ်ယွအဆုံးသူအသက်ရှူသွင်းရှူထုတ်သည့်ဖြစ်ရပ်များကိုပင်မှတ်တမ်းတင်ထားကြဟန်ရှိသည်။

ထိုသို့ မျက်လုံးပေါင်းများစွာ​၏စောင့်ကြည့်ခံရမှုနှင့်အတူ ဆက်သွယ်ရေးကိရိယာဆိုတာဘာမှန်းမသိတော့သည်အထိပြင်ပလောကနှင့်လည်း အဆက်အသွယ် ဖြတ်တောက်ခံထားရခြင်းမှာရက် ၂၀ တိတိရှိပြီဖြစ်​၏။

အကျယ်ချုပ်သဘောမျိုးပင်မဟုတ် တကယ့်အကျဉ်းသားများကဲ့သို့ စိတ်ရော ခန္ဓာပါ ပိတ်လှောင်ခံထားရမှုတွင် ထွက်ပေါက်မရှိမွန်းကြပ်လွန်းသည်သာမက နှလုံးသားကိုပါ အကျဉ်းချခံထားသည့်အခါလွမ်းသည့်စိတ်များ၊ စိုးရိမ်စိတ်များကြောင့်လူကသွေးပျက်လုနီးနီး။

ဘယ်လိုမှမတတ်နိုင်ဘဲအဆက်အသွယ်များဖြတ်ခံထားရမှုကြောင့်ရှောင်းကျန့်များသူ့ကိုစိတ်ပူနေမလားဟူသည့်အတွေးများကလည်း အိပ်မက်ထဲထည့်မက်သည် အထိ။စိတ်ပဲအရမ်းစွဲနေလို့လား။သူ့အိမ်မက်တိုင်းမှာရှောင်းကျန့်မျက်ဝန်းတွေစိုစွတ်လို့နေသည်။ထို့ကြောင့်အိပ်မက်ကနေနိုးထလာတိုင်းသူ့ရင်ထဲမှာလည်းရှောင်းကျန့်​၏မျက်ရည်တွေကိုမြင်ယောင်မိရင်းလောင်မြိုက်ခြင်းဖြင့်သာအဆုံးသတ်သည်။

ဘယ်အချိန်မှ ဒီအိမ်ထဲကနေလွတ်မြောက်နိုင်မှန်းမသိသည့် အခြေအနေမှာ "ရှောင်းကျန့် အဆင်ရောပြေရဲ့လား" ဆိုသည့်အတွေးများက သူ့ကိုညစဉ်ညတိုင်းထိုးနှက်သည်။ ထို့ကြောင့်ဒီလိုအကျဉ်းချခံထားရသည့်အခြေအနေကလွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းက စေ့စပ်ပွဲဆိုသည့်အရာကိုလက်ခံလိုက်ဖို့ဖြစ်သည်။

စေ့စပ်ပွဲအတွက် ဝတ်စုံတွေကြည့်ရမည့်အချိန်မျိုးများ၌ အိမ်အပြင်ကိုသူကျိန်းသေထွက်ခွင့်ရလိမ့်မည်။ ထိုသို့သောအချိန်တွေကိုကောင်းစွာအသုံးချနိုင်လျှင် ရှောင်းကျန့်နဲ့ အတူ ထွက်ပြေးခွင့်ကပို၍ နီးစပ်လို့သွားမည်ဖြစ်သည်။

သို့မဟုတ်ပါဘဲ စေ့စပ်ပွဲနေ့ရောက်သည်အထိ ထိုအစီအစဉ်များအောင်မြင်မှုမရှိခဲ့ပါက စေ့စပ်ပွဲနေ့ လက်စွပ်တွေမလဲခင်အချိန်မှာ ပွဲတက်လာတဲ့လူများနှင့်မီဒီယာများအစုံရှိနေခိုက် သူနဲ့ရှောင်းကျန့်ရဲ့ပတ်သက်မှုကို တရားဝင်လူသိရှင်ကြားကြေညာပြီး စေ့စပ်ပွဲကိုသူကိုယ်တိုင်ဖျက်မှာဖြစ်သည်။

တစ်ဖက်ကမိန်းကလေးကိုအားနာမိသော်လည်း တစ် ကိုယ်ကောင်းဆန်စွာအတ္တတစ်ခုကိုရှေ့တန်းတင်ပြီး သူ့ရွေးချယ်မည့်လူက ရှောင်းကျန့်ပဲဖြစ်သည်ဟုတစ်လောကလုံးသိစေဖို့ရည်ရွယ်သည်။အဲ့တာကြောင့် ဒီကြားထဲဘယ်လိုသတင်းတွေပဲထွက်လာလာ ရှောင်းကျန့်ဘက်ကသူ့ကိုအထင်လွဲခြင်းမရှိဘဲယုံကြည်ပေးဖို့မျှော်လင့်သည်။
_______________ _____________

"ဒီနေ့အားလုံးကိုကျွန်တော်ဖိတ်လိုက်ရတဲ့ ရည်ရွယ်ချက်က လုပ်ငန်းကိစ္စပြောဖို့ဆိုတာထက် လူမှုရေးကိစ္စလေးတချို့ကြေညာစရာရှိလို့ပါ တစ်နည်းအားဖြင့် လုပ်ငန်းစုနှစ်ခုရဲ့သွေးသားချင်းပေါင်းစည်းမယ့်ကိစ္စပေါ့..."

SVS လုပ်ငန်းစု​၏ဥက္ကဋ္ဌဖြစ်သူ ရှောင်းရမ်အပါအဝင် အခြားသောလုပ်ငန်းစုအသီးသီးမှ ဥက္ကဋ္ဌများကိုအားဟိုတယ်တစ်ခု​၏ VIP Lounge ၌ နေ့ခင်းစာဖိတ်ကြားထားသည့် ဝမ်မင်ရီက လူစုံလာသည့်အခါ ကြေညာချက်တစ်ခုထုတ်ပြောဖို့ပြင်ဆင်သည်။

ဝမ်မင်ရီ​၏စကားဦးသန်းနေပုံကို အားလုံးက စိတ်ပါဝင်စားဖြစ်နေပြီး မည်သည့်အကြောင်းအရာလဲဆိုတာ အနည်းအကျဉ်းတော့ရိပ်မိ​၏။ သို့သော်ဝမ်လုပ်ငန်းစုနှင့် ပေါင်းစည်းမည့်လုပ်ငန်းစုက မည်သူများဖြစ်မလဲဆိုတာကိုတော့ စိတ်အားထက်သန်စွာသိချင်နေကြတာဖြစ်သည်။

ဝမ်မင်ရီက ရှန်ပိန်ခွက်ကို လက်ကကိုင်မြှောက်၍ အားလုံးကိုမျက်နှာမူပြီး...

"ဒီနှစ်အတွက်မင်္ဂလာကိစ္စတစ်ခုကိုကြေညာပါရစေ... ကျွန် တော့်ရဲ့တစ်ဦးတည်းသောသားဖြစ်သူဝမ်ရိပေါ်နဲ့ ယွမ်လုပ်ငန်းစုက တစ်ဦးတည်းသောသမီးဖြစ်သူ ယွမ်ချင်တို့ရဲ့ စေ့စပ်ပွဲက ဒီလ ၁၆ ရက်နေ့မှာကျရောက်မှာဖြစ်လို့ အားလုံး ကောင်းချီးဩဘာလာပေးကြဖို့ဖိတ်ခေါ်ပါတယ်...ဖိတ်စာတွေကိုအခုကတည်းကတစ်ခါတည်းကိုယ်တိုင်ကိုယ်ကျလက်ထဲထည့်ပေးလိုက်ပါမယ်ခင်ဗျာ..."

ဒီနေ့ပဲ ၆ ရက်နေ့ရှိနေပြီဖြစ်ပြီးနောက်ထပ်ဆယ်ရက်ဆိုလျှင် ကျရောက်တော့မည့် စေ့စပ်ပွဲကြောင့်VIP Lounge ထဲမှာရှိနေသည့်လူများ​၏ဂုဏ်ပြုစကားသံများညံသွားသည်။ဖိတ်စာများကမ်းပေးနေသည့် ဝမ်မင်ရီ​နှင့် ယွမ်ဥက္ကဋ္ဌ​၏မျက်နှာထက်တွင်လည်းအပြုံးရိပ်များသန်းနေတာဖြစ်သည်။

လူတိုင်းစေ့တစ်ယောက်ပြီးတစ်ယောက်ကမ်းပေးသည့် ဝမ်မင်ရီက လူတွေအားလုံးကြားမှာ ရုပ်တည်နေသော ရှောင်းရမ်ရှိရာသို့လျှောက်လာပြီး လက်ထဲသို့ဖိတ်စာကမ်းပေးလိုက်​သည်။ရှောင်းရမ်ကဖိတ်စာကိုလှမ်းယူကာ ဝမ်မင်ရီကိုအေးစက်စွာကြည့်​လိုက်ပြီး...

"တကယ်ဆို ဒီစေ့စပ်ပွဲကို ကျွန်တော်တို့ကိုဖိတ်စရာမလိုဘူးမလား..."

"ပုဂ္ဂိုလ်ရေးတွေထက် စီးပွားဖက်ချင်းလူမှုရေးအရဖိတ်ရုံပါ...ပြီးတော့ သားယောကျာ်းလေးတစ်ဦးဆိုတာ မိန်းကလေးတစ်ဦးနဲ့ပဲလက်တွဲသင့်တယ်ဆိုတာကို ရှောင်းဥက္ကဋ္ဌတို့ကွဲကွဲပြားပြားသိအောင်ပြပေးချင်လို့..."

ရှောင်းရမ်ဒေါသစိတ်တို့ဖြစ်နေလည်း လူပုံအလယ်၌ ဖြစ်၍ လက်သီးကိုသာဆုပ်ပြီးအံကြိတ်လိုက်သည်။တကယ်ဆိုယောကျာ်းလေးချင်းပတ်သက်မှုကိုလက်မခံနိုင်ခြင်း၌ သူ့ထက်ဝမ်မင်ရီတို့ဘက်ကပိုဆိုးသည်။

အကယ်၍ လွန်ခဲ့တဲ့ငါးနှစ်ကတည်းကသာသားဖြစ်သူတွေရဲ့ပတ်သက်မှုကိုများသိခဲ့လျှင်သူ့ထက်ဆိုးသည့်လုပ်ရပ်တွေကိုသုံးပြီးမဖြစ်ဖြစ်တဲ့နည်းနဲ့ခွဲခဲ့မှာကျိန်းသေသည်။သူ့တုန်းက တခြားနည်းတွေကိုသာသုံးခဲ့ပေမယ့် ဒီလိုမျိုး Sean ကို မိန်းကလေးတစ်ဦးနဲ့အတင်းအကြပ်လက်တွဲစေဖို့ထိ အစီအစဉ်များမပါဝင်ခဲ့။

"ဒါနဲ့ ဒီစေ့စပ်ပွဲက ရိပေါ်ဘက်က လိုလိုလားလား သဘောတူလို့ကျွန်တော်တို့စီစဉ်ရတာပါ...အဲ့တာကြောင့် Sean နဲ့ခွဲချင်ရုံသပ်သပ် ကျွန်တော်တို့ဘက်ကအတင်းအကြပ်ကြီးလုပ်ယူခဲ့တာမဟုတ်ဘူးဆိုတာလည်း သိစေချင်ပါတယ်...သိမှာပါ ရိပေါ်ရဲ့ဆန္ဒမပါဘဲ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူးလေ..."

သူ့စိတ်ကို ဝမ်မင်ရီဖတ်မိနေသည့်ပုံအတိုင်းပြောလာသည့်အခါ ရှောင်းရမ် ဒေါသစိတ်ကိုလူမသိအောင်ပြန်လျော့ချလိုက်၍ လေသံအေးအေးဖြင့်စကားတစ်ခွန်းကို လူကြီးလူကောင်းပီသစွာပြောသည်။

"စေ့စပ်ပွဲကို စိတ်ရင်းအမှန်နဲ့ ဂုဏ်ယူပါတယ်...တစ်ခုတော့ မေတ္တာရပ်ခံပါရစေ...တကယ့်ပွဲနေ့ရောက်တဲ့အထိ စေ့စပ်ပွဲသတင်းမပေါက်ကြားစေလိုပါဘူး... အခုကြွရောက်လာကြတဲ့လူတွေကိုလည်း နှုတ်ပိတ် ထားပေးဖို့တောင်းဆိုချင်ပါတယ်..."

"ဘာအတွက်ကြောင့်များလဲ ရှောင်းဥက္ကဋ္ဌ..."

"Sean ကို ပေးမသိစေချင်လို့..."


You are reading the story above: TeenFic.Net

#random