အပိုင်း(၃) Zawgyi

Background color
Font
Font size
Line height

ပထမဦးဆုံးကျောင်းတက်ရက်ကို အထစ်အငေါ့မရှိအောင်မြင်စွာဖြတ်သန်းခဲ့သည့် ဝမ်ရိပေါ်က ရှောင်းကျန့်ဘယ်အချိန်မှာအတန်းလာတက်မလဲတွေးနေရင်းနဲ့ကျောင်းချိန်ပြီးသွားသည့်အခါ အဆောင်ဘက်သို့ပြန်လျှောက်လာခဲ့သည်။သူ့အခန်းရှိရာလေးလွှာသို့ချက်ချင်းတက်သွားခြင်းမရှိသေးဘဲ အဆောင်ဝန်းထဲမှာပန်းအိုးတွေနဲ့လှပစွာစီစီရီရီဖြစ်နေသည့် ပန်းခြုံတစ်ခုနားသို့ စူးစမ်းသလိုသွားကြည့်လိုက်သည်။

"အရင်တုန်းက ဒီနားမှာ လူတစ်ရပ်စာ ရုပ်ထုကြီးတစ်ခုရှိတာလေ ခေတ်အဆက်ဆက်အဆောင်နေ​ကျောင်းသားတွေ ကျောင်းပြီးသွားတဲ့အချိန်တိုင်းဓာတ်ပုံတွဲရိုက်ကြတာ အခုတော့တကယ်ကိုနှမြောစရာဗျာ..."

သူ့ဘေးနားမှာကပ်ပြီးပြောနေသည့် အဆောင်ဝန်းထိန်းသိမ်းရေးအလုပ်သမားကိုဝမ်ရိပေါ်တစ်ချက်ကြည့်လိုက်ပြီး ပန်းပင်များဘက်သို့ပြန်ကြည့်လိုက်သည်။သူများနဲ့အမြင်မတူလို့လားမသိ။ သူ့မျက်လုံးထဲမှာတော့ ဒီနေရာမှာရုပ်ထုကြီးဆိုတာထက် ပန်းပင်တွေရှိနေတာပိုသင့်တော်သည်ဟုထင်မိသည်။

"ကျွီ..."

အခန်းထဲဝင်ဖို့အဝင်တံခါးကိုတွန်းဖွင့်လိုက်သည့်အခါ သတ္တုဘူးခွံတစ်ခုနှင့်ကြမ်းပြင်တို့ပွတ်ဆွဲသွားသည့်အသံကို ဝမ်ရိပေါ်အရင်ဆုံးကြားလိုက်ရသည်။ ဘာလဲဆိုတာသိချင်၍ ဝမ်ရိပေါ်တံခါးနောက်ကိုကြည့်ဖို့လုပ်လိုက်တော့ သူ့ခြေထောက်ကတစ်စုံတစ်ခုကိုတက်နင်းမိသွားသည်။ ငုံ့ကြည့်လိုက်သည့်အခါ သောက်ပြီးသားဘီယာဘူးခွံတစ်ခုဖြစ်​၏။

နှာခေါင်းထဲတိုးဝင်လို့လာသည့် စီးကရက်အနံ့အလုံးအရင်းသည် ညာဘက်အခြမ်းကကုတင်ဘေး၌ ကုတင်ကိုကျောမှီပြီးကြမ်းပြင်ပေါ်ထိုင်လျှက်စီးကရက်သောက်နေသော ရှောင်းကျန့်ဆီမှဖြစ်သည်။ဖော်ရွေတဲ့ရှောင်းကျန့်ကသူ့ကိုမြင်တော့ ပြုံးပြသည်။

ရှောင်းကျန့်​၏ကိုယ်ပေါ်က အဝတ်အစားတွေကတော့ပြောင်းသွားပြီဖြစ်ပေမယ့် ပုံစံကအတူတူပဲဖြစ်​သည်။အခုတော့ခဲရောင်စွပ်ကျယ်ကိုအနက်ရောင်ဂျင်းဘောင်းဘီနဲ့တွဲဝတ်လို့ထား​တာဖြစ်သည်။

ဘယ်ဘက်လက်ချောင်းတွေကစီးကရက်ကို ညှပ်ကိုင်ထားပြီး ညာဘက်လက်ချောင်းတွေက ဘီယာဘူးကိုဆုပ်ကိုင်လို့ထားသည်။ စီးကရက်ကိုတစ်ချက်ရှိုက်လိုက်၊ ဘီယာကိုတစ်ငုံသောက်လိုက်ဖြင့်လုပ်နေသည့်ရှောင်းကျန့်က မီးစတစ်လှည့် ရေမှုတ်တစ်လှည့် ဆိုသည့်စကားပုံကိုလက်တွေ့အသုံးချနေတာဖြစ်​၏။

အခန်းကသိပ်အကျယ်ကြီးမဟုတ်သည့်အပြင် ရှိသည့်ပြတင်းပေါက်ကိုလည်း ဖွင့်ဟထားခြင်းမရှိတာကြောင့် အလုံပိတ်အခန်းထဲတွင် စီးကရက်အနံ့တွေပြည့်နှက်နေသည့်အခါအသက်ရှူရနည်းနည်းခက်လာသည်။ပြတင်းပေါက်ကိုသွားဖွင့်ချင်ပေမယ့် ရိုင်းသည့်အပြုအမူဖြစ်သွားမည်စိုး၍ ဒီတိုင်းအသက်ကိုအောင့်ထားမိရင်း မခံနိုင်တော့သည့်အခါ ချောင်းတစ်ချက်ဟန့်လိုက်မိသည်။

"ဆောရီး ဆောရီး အရမ်းမွှန်သွားတာလား တစ်ယောက်တည်း နေနေကျဆိုတော့ လုပ်နေကျအတိုင်းပဲလုပ်မိတာ..."

ရှောင်းကျန့်က လက်ထဲကစီးကရက်ကို ပြာခွက်ထဲချက်ချင်းထိုးချေလိုက်သည်။ပြတင်းပေါက်ကိုပါသွားဖွင့်လိုက်ပြီး စီးကရက်အငွေ့များကို အပြင်သို့ထွက်စေလိုက်​တာဖြစ်၍သူတော်တော်အားနာသွားရသည်။

ရှောင်းကျန့်​၏အမူအကျင့်တွေကလူလိမ္မာစံနှုန်းနဲ့မကိုက်ညီပေမယ့် တစ်ပါးသူအတွက်တွေးပေးတတ်သည့်ဒီလိုအမူအကျင့်တချို့ကို တစ်ဖက်စောင်းနင်းပြောနေကြသည့်လူများမြင်အောင်ခေါ်ပြပေးလိုက်ချင်သည်။

ရှောင်းကျန့်ကစီးကရက်ဆက်မသောက်တော့ပေမယ့် ဘီယာဆက်သောက်နေဆဲဖြစ်သည့်အခါသူလည်း အနှောင့်အယှက်မပေးတော့ဘဲ ကြမ်းပြင်ပေါ်က ဘီယာဘူးခွံတချို့ကိုကောက်ပြီးအမှိုက်ပုံးထဲထည့်ပေးလိုက်သည်။တစ်နေကုန်ကျောင်းမှာ အချိန်ကုန်ခဲ့သည်ဖြစ်ရာ ညနေဘက်စာပြန်မလုပ်ခင် လန်းဆန်းလို့သွားအောင်ရေချိုးဖို့ ရေချိုးခန်းထဲဝင်လိုက်တော့​၏။

မနက်တုန်းက ကျောင်းမမှီမည်စိုး၍ ခပ်သွက်သွက်လုပ်ခဲ့ရသမျှကို အတိုးချပြီးရေပြန်ချိုးနေသည်ဖြစ်၍ ရေချိုးခန်းထဲ၌ ၄၅ မိနစ်လောက်အချိန်ယူလိုက်သည်။ရေမချိုးခင် သန့်စင်ခန်းကဘေစင်ကိုလည်းပိုမို၍တောက်ပသွားအောင်တစ်ခါတည်းတိုက်ချွတ်လို့နေတာကြောင့် ပုံမှန်ထက်ပိုကြာသွားတာဖြစ်​၏။

ရေချိုးနေရင်းလက်ထိပ်ကပဲကြီးခွံလေးတွေလိုတွန့်လာသည့်အခါမှ ခန္ဓာကိုယ်အောက်ပိုင်းကိုတဘက်တစ်ထည်ပတ်၍ ထွက်လာလိုက်သည်​။ရှောင်းကျန့်ကတော့ကုတင်ကိုမှီပြီးထိုင်နေဆဲဖြစ်​၏။

ဝမ်ရိပေါ်အဝတ်အစားများဝတ်လိုက်ပြီး ရေစိုနေသည့်ဆံပင်များခြောက်သွေ့ ရန်အလို့ငှာအိမ်ကနေယူလာသည့် hair dryer ကို Luggage ထဲကသွားဆွဲထုတ်၍ပလက်ပေါက်နဲ့နီးသည့်နေရာကိုသွားလိုက်သည်။ အခန်းကတစ်စထက်တစ်စမှောင်လာသည်ဖြစ်၍ဝမ်ရိပေါ် ဆံပင်အခြောက်ခံနေရင်း တစ်ခုခုလုပ်နေဟန်ရှိသည့် ရှောင်းကျန့်အတွက်စေတနာဖြင့်မီးဖွင့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း မရည်ရွယ်ဘဲရှောင်းကျန့်ရှိရာသို့ကြည့်လိုက်သည်။

ရှောင်းကျန့်က ဘူးတစ်ခုထဲက ပန်းအဖူးအငုံအခြောက်လိုဟာမျိုးလေး တစ်ခုနှစ်ခုကိုယူလိုက်ကာ နောက်ထပ်လက်တစ်ဝါးစာတောင်မရှိသည့်ဘူးအသေးတစ်ခုထဲကိုထည့်သည်။ပြီးလျှင်ထိုဘူးလေးကိုလက်နှစ်ဖက်နဲ့လှည့်လို့နေသည်။ ငါးချက် ခြောက်ချက်လောက်လှည့်ပြီးသွားသည့်အခါ၌ ဘူးလေးကိုကြမ်းပြင်ပေါ်ခဏချလိုက်ပြီး လက်ညိုးလောက်အရှည်ရှိသည့် စက္ကူလေးတွေထည့်ထားသည့်ဘူးလေးတစ်ခုထဲမှ စက္ကူအပိုင်းလေးတစ်ခုကိုထုတ်သည်။

ပြီးနောက် လက်သည်းခွံလောက်ရှိသည့် ကတ္ထူစက္ကူလေးကိုယူပြီးယပ်တောင်ပုံလေးရှေ့တစ်လှည့်နောက်တစ်လှည့်ခေါက်ကာ ခုနကလက်ညိုးလောက်အရှည်စက္ကူလေးရဲ့အဖျားတစ်ဖက်မှာတင်လိုက်သည်။ပြီးလျှင်တော့ ကြမ်းပြင်ပေါ်ချထားသည့်ဘူးလေးကိုပြန်ယူပြီး ဘူးအဖုံးကိုဖွင့်လိုက်ကာ အထဲမှအမှုန့်ဖြစ်သွားသည့်အရာလေးများကို စက္ကူပေါ်လောင်းချလိုက်​၏။

လက်ချောင်းရှည်များကိုပဉ္စလက်ဆန်ဆန်လှုပ်ရှားလိုက်သည့်အခါ မျက်စိတစ်မှိတ်အတွင်းမှာအမှုန်လေးတွေပြည့်နှက်လို့နေသည့် စက္ကူစလေးက စက္ကူလိပ်လေးတစ်ခုအဖြစ်သို့ပြောင်းလဲလို့သွား​၏။ရလာသည့်စက္ကူလိပ်လေးရဲ့အနားသတ်ကိုလည်း လျှာဖျားဖြင့်သတ်ပြီးကပ်လိုက်သည့်အခါပိုမိုသပ်ရပ်ကျစ်လစ်သွား​၏။

ပြီးလျှင်တော့ နောက်ဆုံးအဆင့်အနေနဲ့ထိုစက္ကူလိပ်လေးကိုထိပ်ပိတ်နောက်ပိတ်လုပ်ကာကြမ်းပြင်နဲ့တတောက်တောက်ခေါက်လိုက်ပြီး လက်ညိုးနဲ့လက်ခလယ်ကြားထဲညှပ်၍နှုတ်ခမ်းဖျားမှာတေ့စပ်လိုက်​၏။

ထိုအရာတွေကိုတစ်ဆင့်ချင်းကြည့်နေရင်းဝမ်ရိပေါ်​၏ လက်များတုန်ရီအေးစက်လာသည်။ ကိုင်ထားသည့် hair dryer ကိုပင် ခေါင်းထက်သို့ တည့်တည့်ချိန်ရွယ်နိုင်ခြင်းမရှိတော့သည့်အခါ လေနွေးနွေးတွေကရောက်ချင်သည့်နေရာရောက်လို့နေသည်။

ရှောင်းကျန့်ဘာလုပ်နေမှန်းသူသိသည်။ကိုယ်တိုင်တစ်ခါမှ မစမ်းသပ်ခဲ့ဖူးပေမယ့် ရှောင်းကျန့်လက်ထဲကအရာက ဘာမှန်းဆိုတာမသိတဲ့အထိသူကအမြင်မကျယ်သူတစ်ဦးမဟုတ်။ online မှာတွေ့မြင်ဖူးသည့် video တချို့ကိုပင် စိတ်ဝင်စားမှုမရှိတာကြောင့် ကျော်ချလိုက်တာဖြစ်ပြီး အခုတော့ မျက်စိရှေ့မှာတိုက်ရိုက် Live မြင်တွေ့ခဲ့ရတာဖြစ်​၏။

အဆောင်ခန်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ ဆေးခြောက်ကို လိပ်ပြီးသောက်နေသည့်လုပ်ရပ်ကမိသွားရင်ကျောင်းထုတ်ခံရမည့်ကိစ္စဖြစ်သည့်အခါစိုးရိမ်စိတ်များကြောင့်ဝမ်ရိပေါ်​၏ရင်ထဲတဆတ်ဆတ်ဖြစ်လို့လာသည်။

အကယ်၍မိသွားခဲ့သည်ရှိသော်တစ်ခန်းတည်းနေသည့် သူ့ကိုပါအမှုပတ်လာခဲ့ရင်ရော။

မူလတန်းကနေ အထက်တန်းပြီးတဲ့အထိ နာမည်ဆိုးစာရင်းတစ်ခါမှ မဝင်ခဲ့ဖူးသည့်သူက အခုတက္ကသိုလ်စတက်ချင်းမှာပဲ နာမည်အောက် မင်နီတားခံရရင်ရော။

ဒီအချိန်မှာ သူဆုတောင်းနေမိသည်ကမည်သူတစ်ဦးတစ်ယောက်မှ သူတို့အခန်းတံခါးကိုလာမခေါက်ဖို့ပဲဖြစ်​၏။

သူကသာအတွေးထဲမှာအကြိမ်တစ်ရာလောက်ကမ္ဘာပျက်နေပေမယ့် ရှောင်းကျန့်ကတော့ အခန်းထဲမှာသူရှိနေသည်ကိုပင်ဂရုမစိုက် တခြားကမ္ဘာတစ်ခုကိုအလည်ရောက်နေဟန်ရှိသည်။

မျက်လုံးများမှိတ်၍ ခေါင်းကိုမော့ထားကာ အငွေ့အသက်များကိုမှုတ်ထုတ်နေသည့်ပုံရိပ်တို့က တိမ်တွေပေါ်မှာတစ်ကိုယ်တည်းလွင့်မျောနေသည့်အလားဖြစ်သည်။ မှုတ်ထုတ်လိုက်သည့်မီးခိုးငွေ့များကလည်းမီးခိုးရောင်ဆံပင်တို့နဲ့အရောင်ချင်းထပ်တူကျလို့သွားသေး​၏။

"မီးပြန်ပိတ်ထားလိုက် မျက်စိကျိန်းတယ်..."

အခိုးအငွေ့များဖြင့်သာပြည့်နှက်နေပြီးတိတ်ဆိတ်နေသည့်လေထုကိုထိုးဖောက်ဝင်လာသည့်အက်ရှရှအသံတစ်ခုက သူ့နားဖျားမှတစ်ဆင့်ကျောရိုးတစ်လျှောက်ကို စိမ့်ကနဲဖြစ်လို့သွားစေသည်။အေးစက်နေသည့်လေသံမဟုတ်သည့်တိုင်အတက်အကျမရှိသည့်လေယူလေသိမ်းတို့၌ ဖော်ရွေမှုတချို့ပျောက်ဆုံးလို့နေသည်။

"မီးပိတ်ထားလိုက်လို့..."

ဒုတိယတစ်ခေါက်ပြောလာသည့်အခါတွင်တော့ရှောင်းကျန့်​၏မျက်လုံးများပွင့်လာသည်။

မျက်ကြောများမှေးစင်းထားခြင်းကြောင့်တစ်ဝက်လောက်သာပွင့်ဟနေသော မျက်ဝန်းများနှင့်အကြည့်ဆုံသွားသည့်အခိုက် ဝမ်ရိပေါ်​၏ရင်ဘတ်ထဲလှပ်ကနဲဖြစ်လို့သွားသည်။

ခုနကလိုစိုးရိမ်မှုကြောင့်တုန်ခါနေသည့်ပုံမျိုးနှင့်မတူစွာ ဘယ်ဘတ်ရင်အုံဘက်ကသိသိသာသာဖြစ်​၏။ခြေချောင်းထိပ်မှစလာသည့်လှိုင်းတစ်ခုသည်အောက်ကနေအထက်သို့တရိပ်ရိပ်တက်လာပြီးနားထင်သွေးကြောများ၌ အဆုံးသတ်သည်။

ဝမ်ရိပေါ်လက်ထဲက hair dryer ကိုပစ်ချလိုက်​၏။မီးခလုတ်ကိုပိတ်လိုက်ကာ ရေချိုးခန်းထဲဝင်၍ဂျက်ကိုအသေပိတ်လိုက်​သည်။ကြောက်ဖို့ကောင်းအောင်ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်​၏အလိုအလျောက်တုံ့ပြန်မှုစနစ်က သူ့အတွက်ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ဗဟုသုတနည်းသည့်လူတစ်ယောက်မဟုတ်၍ဒီလိုတုံ့ပြန်မှုတွေက သဘာဝတရားကြောင့်ဖြစ်သည်ကိုအတပ်သိသော်လည်း၊ တိမ်မြုပ်နေဆဲဖြစ်ခဲ့သည့်သဘာဝတရားကိုလှုံ့ဆော်လိုက်သည်က အကြည့်တစ်ချက်ဖြစ်နေသည့်အခါ တုန်လှုပ်မိတာဖြစ်သည်။

လောလောလတ်လတ်ရေချိုးပြီးသားဖြစ်သည့်ဝမ်ရိပေါ်က ရေပန်းအောက်ထဲသို့ဝင်သည်။ရေအေးများကို ဦးခေါင်းတည့်တည့်မှစ၍တစ်ကိုယ်လုံးပေါ်သို့ ကျဆင်းစေလိုက်သည်။အေးစက်နေသည့်ရေ​၏ဒဏ်ကိုခြေဖျားလက်ဖျားတွေထုံကျင်လာသည်အထိကြိတ်မှိတ်ခံစားရင်း သူ့စိတ်များအဆင်ပြေပြီဟုထင်မှတ်ရသည့်အခါမှ အပြင်ပြန်ထွက်လာခဲ့သည်။

ရေစက်လက်နဲ့အခန်းထဲဝင်လာခြင်းမှာ ယဉ်ကျေးမှုမရှိသည့် လုပ်ရပ်တစ်ခုဖြစ်သော်လည်း ရွေးချယ်မှုမရှိစွာဖြင့် ရေစိုဝတ်များကိုအမြန်ဆုံးနည်းဖြင့်လဲလှယ်လိုက်သည်။ မျက်လုံးများကိုဘယ်ကိုမှမကြည့်မိအောင်ထိန်းချုပ်လို့ထားရင်း ကုတင်ပေါ်တင်ထားမိသည့်ကျောပိုးအိတ်ကိုကောက်ဆွဲကာ အခန်းပြင်သို့ထွက်လာခဲ့တော့သည်။

ည ဆယ်နာရီထိ ဖွင့်သေးသည့် ကျောင်းစာကြည့်တိုက်သည် သူ့ခြေထောက်များ​၏ဦးတည်ရာဖြစ်သည်။တစ်နေ့စာတစ်နေ့ပုံမှန်ပြန်ကြည့်လေ့ရှိသည့်သူကစာကြည့်တိုက်တွင်နေရာကျသည်နှင့် သင်ခဲ့သမျှစာအုပ်များကိုဖွင့်လိုက်သည်။

စာမျက်နှာတစ်ခုလှန်လိုက်တိုင်းထပ်ဖန်တလဲလဲပြန်မြင်ယောင်နေမိသည်က ရီဝေမှေးစင်းနေသည့် မျက်ဝန်းများသာဖြစ်နေသည့်အခါ စာအုပ်များကိုပြန်ပိတ်လိုက်ပြီး စားပွဲခုံပေါ်ခေါင်းမှောက်ချလိုက်ရတော့​၏။


You are reading the story above: TeenFic.Net

#random