အခြားသောချစ်သူစုံတွဲများကဲ့သို့ date ဆိုသည့်အရာကိုရေရေရာရာတစ်ခါမှမလုပ်ဖူးသည့်ရှောင်းကျန့်နှင့်ဝမ်ရိပေါ်တို့ ပထမဦးဆုံးတရားဝင် date လုပ်မည့်နေရာအဖြစ်ရွေးချယ်လိုက်သည်မှာဇိမ်ခံမြစ်ကူးသင်္ဘောတစ်ခုပေါ်၌ဖြစ်သည်။
သင်္ဘောစထွက်မည့်နေရာသို့နှစ်ဦးသားရောက်သွားသည့်အချိန်က ညနေ ၆ နာရီခန့်ရှိပြီဖြစ်၏။ ရှပ်အင်္ကျီအဖြူရောင်များကို ဒူးဖုံးကာကီရောင်ဘောင်းဘီများဖြင့်ဆင်တူတွဲဖက်ဝတ်ဆင်ထားသည်က ရိုးရှင်းပြီးလိုက်ဖက်လွန်းလှ၏။
ည ၇ နာရီမှာစမည်ဖြစ်သည့် dinner ခင်းကျင်းထားရာနေရာသို့နှစ်ဦးသားတစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီးသွားသည်။လမ်းတစ်လျှောက်အခြားသောစုံတွဲတွေ၏ ကွက်ကြည့် ကွက်ကြည့်လုပ်ခြင်းကိုခံရသော်လည်းဂရုမစိုက်စွာသူတို့ ကမ္ဘာမှာသူတို့နှစ်ယောက်ပဲရှိသည့်အတိုင်းပြုမူသည်။
Dinner စားပွဲတွေခင်းကျင်းထားသည့်နေရာရောက်သည့်အခါ ဝမ်ရိပေါ်က သူ booking လုပ်ထားသည့်စားပွဲကို လိုက်လို့ရှာ၏။ သင်္ဘော၏ဘေးဘောင်လက်ရမ်းနဲ့အနီးကပ်ဆုံး၊ တစ်နည်းအားဖြင့် မြစ်ရေပြင်နဲ့အနီးကပ်ဆုံးနေရာက စားပွဲဖြစ်တာကြောင့် ထင်သာမြင်သာလွန်းပြီးအကြာကြီးမရှာလိုက်ရ။
အစက သင်္ဘောတစ်ခုလုံးကို ဝမ်ရိပေါ်ငှားရမ်းချင်ခဲ့သော်လည်း အရမ်းကြီးသီးသန့်ဆန်လွန်းလျှင်သဘာဝဆန်ဆန် date night တစ်ခုမဖြစ်မည်စိုး၍သူများတွေနည်းတူ အများနဲ့ရောရောနှောနှောနေထိုင်လှုပ်ရှားရသည့်အခြေအနေမျိုးကိုသာရွေးလိုက်တာဖြစ်သည်။နောက်ထပ်အကြောင်းတစ်ခုကတော့ လူကြားထဲမှာ date လုပ်ချင်သောကြောင့်လည်းဖြစ်သည်။
ဇိမ်ခံသင်္ဘောပေါ်မှာ date လုပ်ရင်း Dinner လာရောက်သုံးဆောင်ကြသည့် ချစ်သူစုံတွဲများအဖို့ ဝန်ဆောင်မှုအနေနဲ့ တီးဝိုင်းတစ်ခုလည်းပါရှိရာ ပတ်ဝန်းကျင်လေထုအနေအထားနဲ့ကိုက်ညီစွာဖြင့် ရိုမန်တစ်ဆန်သည့် တေးသွားများကလည်း သင်္ဘောဆီမှသည် မြစ်ရေပြင်တစ်လျှောက်ပြန့်လွင့်လို့နေသေး၏။
"ရှောင်းကျန့်..."
"ဟင်..."
"ကျွန်တော်ရွေးပေးခဲ့တဲ့နေရာကို သဘောကျရဲ့လား..."
Dinner အချိန်ရောက်နေပြီဖြစ်၍ စားပွဲထိုးလေးတစ်ဦး ငှဲ့ထည့်ပေးသွားသော ရှန်ပိန်တစ်ခွက်ကိုရှောင်းကျန့် ဖြည်းဖြည်းချင်းသောက်နေရင်း ဝမ်ရိပေါ် ၏ အမေးကိုခေါင်းညိတ်ပြလိုက်၏။
"အတိုင်းထက်အလွန်ကိုသဘောကျတယ်..."
"တော်သေးတာပေါ့ ကျွန်တော်စိုးရိမ်နေတာ ရှောင်းကျန့်ကဒီလိုနူးနူးညံ့ညံ့လေးတွေကြိုက်မှကြိုက်ပါ့မလားလို့..."
ဝမ်ရိပေါ်ပြောတော့ရှောင်းကျန့်သဲ့သဲ့ရယ်သည်။အမဲသားစတိတ်ကို ဓားနဲ့အသေအချာလှီးဖြတ်ပြီး ပထမဦးဆုံးအပိုင်းအား ဝမ်ရိပေါ်၏ပါးစပ်ရှေ့သို့တေ့ပေးလိုက်သည်။
"ဟ...ခွေးပေါက်လေး..."
ခွံ့ကျွေးလာသည့် အသားပိုင်းလေးကို ဝမ်ရိပေါ်သဘောကျနှစ်ခြိုက်လွန်းစွာစားသုံးလိုက်၏။အသားချင်းအတူတူ၊ စားဖိုမှူးတစ်ယောက်တည်းချက်သည့်လက်ရာချင်းအတူတူတောင် ရှောင်းကျန့်ခွံ့ကျွေးသည့်အသားကပို၍ ချိုမြိန်နေလွန်းသည့်အခါ ဝမ်ရိပေါ်သူ့မျက်နှာပေါ်ကအပြုံးတွေကိုဖုံးကွယ်ထား၍မရနိုင်။
အစားစားနေရင်းပြုံးလို့နေသည့် ဝမ်ရိပေါ်ကိုရှောင်းကျန့်စားပွဲခုံတစ်ဖက်ခြမ်းကနေ စိုက်ကြည့်သည်။လက်ထဲက ခက်ရင်းနဲ့ဓားကိုပင်ချ၍စားပွဲပေါ်လက် ထောက်မေးတင်ရင်းစိတ်လိုလက်ရကိုစိုက်ကြည့်နေတာဖြစ်၏။ရှန်ပိန်သုံးခွက်လောက်ခန္ဓာကိုယ်ထဲစီးဆင်းနေပြီဖြစ်သည့်ရှောင်းကျန့်၏အကြည့်တို့ကရီဝေဝေ။
"စားမကောင်းလို့လား ရှောင်းကျန့်..."
ရှောင်းကျန့်ဘာမှပြန်မဖြေ။ တည်နေသောမျက်နှာထား၊ ရီဝေနေသောမျက်လုံးများဖြင့်သာဝမ်ရိပေါ်ကိုဆက်၍ကြည့်မြဲကြည့်နေသည်။
"ဘာလိုလို့လဲ ရှောင်းကျန့်...ကျွန်တော်ဘာမှာပေးရမလဲ..."
ရှောင်းကျန့်ကိုအာရုံလွှဲစေလိုသည့်ရည်ရွယ်ချက်ဖြင့်ဝမ်ရိပေါ်တမင်တကာရောက်တတ်ရာရာမေးနေခြင်းဖြစ်သည်။ရှူးဖိနပ်အောက်ထဲမှာအသည်းအသန်ကုပ်တွယ်လို့ထားမိသည့် ခြေချောင်းထိပ်တွေနာကျင်လို့နေပြီဖြစ်သည့် ဝမ်ရိပေါ်က သူ့မျက်လုံးတွေကိုမသိမသာဟိုလွှဲဒီလွှဲလုပ်လို့နေပြီဖြစ်၏။
ဒီငါးနှစ်အတွင်း သူ့စိတ်ရောကိုယ်ပါ အပြောင်းလဲကြီးပြောင်းလဲလို့သွားခဲ့ပေမယ့် ရှောင်းကျန့်၏ဒီလိုပြင်းရှသည့်အကြည့်ဒဏ်တွေကိုခံနိုင်ရည်မရှိပုံကနည်းနည်းလေးပင်ပြောင်းလဲသွားခြင်းမရှိ။ဖြစ်နိုင်ချေကရှောင်းကျန့်နဲ့ပတ်သက်ရင်သူ့နှလုံးသားကအမြဲတမ်းဆယ်ကျော်သက်အရွယ်မှာပဲရပ်တန့်နေခဲ့လို့ပဲဖြစ်လိမ့်မည်။
ဝမ်ရိပေါ်ဟန်မပျက်စွာနေ နေသော်လည်း ပူထူလာပြီဖြစ်သည့်အခါသူ့နံဘေးမှာရှိသည့် ရှန်ပိန်ပုလင်းကိုလှမ်းကိုင်လိုက်သည်။
သို့သော် သူ့ထက်အရင် ရှောင်းကျန့်ကလက်ဦးသည်။ ရှောင်းကျန့်ကထိုင်နေသည့်ခုံ၏နောက်မှီပေါ်၌ လက်တစ်ဖက်တင်လိုက်ကာ အခြားသောလက်ထဲရှိရှန်ပိန်ပုလင်းကိုနှုတ်လမ်းလွှာများဖြင့်ထိစပ်၍ပုလင်းလိုက် မော့သောက်လိုက်၏။ထို့နောက်ရှန်ပိန်ပုလင်းကိုင်ထားသည့်လက်ဖြင့်ပင် ရှန်ပိန်တို့စိုစွတ်သွားသည့်နှုတ်ခမ်းကိုလက်ခုံဖြင့်သုတ်လိုက်ကာဝမ်ရိပေါ်ကိုဆက်၍စိုက်ကြည့်သည်။
"လက်ထဲကပုလင်းဒီကိုပေး..."
ရှောင်းကျန့်၏ညှို့နိုင်လွန်းသည့်အကြည့်တွေအောက်မှာဝမ်ရိပေါ်အရိုးတွေပျော့ခွေချင်သလိုဖြစ်နေပေမယ့် ဝန်တိုစိတ်ကပို၍ကြီးစိုးသွားသည့်အခါ ရှောင်းကျန့်၏လက်ထဲကရှန်ပိန်ပုလင်းကိုပြန်လုယူ၍ အဆင်သင့်လှီးဖြတ်ထားပြီဖြစ်သည့်စတိတ်များရှိနေသော သူ့ပန်းကန်ကိုရှောင်းကျန့်ပန်းကန်နဲ့လဲပေးလိုက်သည်။
နူးညံ့လွန်းသော အမဲသားစတိတ်ကအားသုံးပြီးလှီးဖြတ် စရာမလိုသော်လည်း ဝမ်ရိပေါ်အံကိုကြိတ်၍ တကျွိကျွိအသံမည်သည်အထိ လှီးဖြတ်နေသည်။သူတို့စားပွဲဘေးဖြတ်လျှောက်ချင်ယောင်ဆောင်ပြီး ရှောင်းကျန့်ကိုခိုးကြည့်သွားသည့် အမျိုးသမီးတချို့ကိုလည်းမိုက်ကြည့်ကြည့်လိုက်၏။
ရှောင်းကျန့်က သူ့တစ်ယောက်တည်းကိုပဲစိုက်ကြည့်ခဲ့တာဖြစ်ပေမယ့်ထိုအကြည့်တွေ၏စက်ကွင်းကအခြားသူတွေအပေါ်မှာလည်းသက်ရောက်ခဲ့တာဖြစ်မည်။ရည်းစားလက်ကိုတွဲထားလျက်မျက်စိကစားသွားကြသည့်အမျိုးသမီးများက တစ်ယောက်လည်းမဟုတ်၊နှစ်ယောက်လည်းမဟုတ်။
အဲ့တာတွေထက် သက်ဆိုင်သူ သူတစ်ယောက်လုံးအရှေ့မှာငုတ်တုတ်ကြီးရှိနေတာသိရက်နဲ့ကွက်ကျော်ရိုက်ပြီး ရှောင်းကျန့်ကို ဗြောင်ကျကျကြည့်သွားကြသည့်မျက်လုံးတွေကို လက်ထဲကအသားလှီးဓားနဲ့...
"ချွမ်း...! "
ဝမ်ရိပေါ် သူ့လက်ထဲက ဓားကိုပန်းကန်ပေါ်အသံမြည် အောင်ပစ်ချလိုက်သည်။
"ပြန်ရအောင် ရှောင်းကျန့်...ကျွန်တော်သာဒီမှာဆက်ရှိနေရင် ဒီသင်္ဘောပေါ်ကလူတွေအကုန် မျက်လုံးကန်းတော့မယ်..."
ဝမ်ရိပေါ်၏စကားကြောင့်ရှောင်းကျန့်ရယ်ကျဲကျဲလုပ်လိုက်ပြီးသူထိုင်နေသည့်နေရာကနေ မြစ်ရေပြင်ကျယ်ကိုငုံ့ကြည့်လိုက်၏။
"ကိုယ်တို့ရေကူးပြီးပြန်ကြမှာလား ခွေးပေါက်လေး..."
ရှောင်းကျန့်ကပြောရင်းနဲ့ ငုံ့ကြည့်ရုံသာမက ထိုင်ရာမှထပြီး သင်္ဘောလက်ရမ်းဘေးဘောင်ဘက်ကိုကိုင်၍ ခြေထောက်တစ်ဖက်ပါလှုပ်ရှားလိုက်တာကြောင့် ဝမ်ရိပေါ် သူ့နေရာကနေ ရှောင်းကျန့်ဘက်သို့အသည်းအသန်ပြေးသွားလိုက်သည်။
သင်္ဘောဘောင်ကိုကျော်ဖို့လုပ်နေသည့် ရှောင်းကျန့်ကိုဝမ်ရိပေါ်ပြန်ဆွဲချကာ ပြန်ထိုင်စေလိုက်ပြီး စားပွဲ၏တစ်ဖက်ခြမ်းမှာရှိနေသည့်သူ့ခုံကိုဆွဲယူလာ၍ ရှောင်းကျန့်ဘေးတွင်တူတူဝင်ထိုင်လိုက်၏။စိတ်မချစွာဖြင့်လက်တစ်ဖက်ကလည်း ရှောင်းကျန့်၏ လက်ကောက်ဝတ်နေရာကို ဆုပ်ကိုင်ထားသေးသည်။
"ကိုယ်မူးနေတယ်ထင်လို့လား..."
ပူးနေသောလက်တစ်စုံကို ရှောင်းကျန့်ငုံ့ကြည့်ရင်းပြောလိုက်ခြင်းဖြစ်သည်။
"ရှန်ပိန်လောက်နဲ့ကိုယ်က ဘာဖြစ်မှာလဲ... သွား...သွား...အစားကောင်းကောင်းသွားပြန်စား..."
ရှောင်းကျန့်ကိုဝမ်ရိပေါ်သေချာအကဲခတ်လိုက်သည်။မျက်လုံးလေးတွေနည်းနည်းရဲနေတာကလွဲလို့ကျန်တာဘာမှမဖြစ်မှန်းသိလိုက်ရပေမယ့် ပြန်မဖယ်ပေးတော့ဘဲ ရှောင်းကျန့်ဘေးမှာဆက်၍ထိုင်နေလိုက်သည်။ရှောင်းကျန့်ကိုသူကလွဲလို့ဘယ်သူမှမကြည့်နိုင်အောင်ကိုယ်လုံးနဲ့ကာထားချင် ၍လည်းဖြစ်၏။
"ရှောင်းကျန့်ဆက်မစားချင်တော့ဘူးလား..."
"အင်း ခွေးပေါက်လေးမျက်နှာကို ကိုယ်ထိုင်ကြည့်နေရင်းနဲ့ပဲ ဗိုက်ပြည့်သွားပြီ..."
"အဲ့တာဆိုလည်း မစားနဲ့တော့ ဆက်ပဲကြည့်နေ...ဘယ်လောက်များစားရသေးလို့လဲ..."
တစ်ဝက်တောင်မကုန်သေးသည့် စတိတ်ပန်းကန်ကို ကြည့်ပြီးပြောလိုက်သည့်ဝမ်ရိပေါ်၏မျက်နှာကသုန်မှုန်နေသည့်အခါ...
"ဒါက ကိုယ့်ကိုစိတ်ဆိုးတာတဲ့လား...ဟား...ချစ်စရာလေးနော်..."
"ရယ်မနေနဲ့..."
"ရယ်မှာပဲ..."
"မရယ်နဲ့..."
"ရယ်မှာ..."
"ရယ်ဟာ..."
"မရယ်ဘူး..."
တကယ်လည်းစိတ်မဆိုးပါဘဲ အချေအတင်ပြောရင်းနှစ်ယောက်သားတူတူထရယ်လိုက်သံက ဘေးဘီဝဲယာကလူတွေဆီကအာရုံစိုက်ခြင်းပါခံလိုက်ရ၏။သို့သော်ပတ်ဝန်းကျင်ကလူတွေ၏ အာရုံက ဆယ်စက္ကန့်အတွင်းလောက်မှာ တခြားနေရာသို့ကူးပြောင်းသွားသည်။
"Wow...!!! "
အံ့ဩခြင်းကြောင့်ပေါ်ထွက်လာသည့်အသံများကြောင့် ဝမ်ရိပေါ်နှင့်ရှောင်းကျန့်လည်းလူတွေအာရုံကျနေသည့်မြင်ကွင်းကိုလှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် စုံတွဲတစ်တွဲရှိလို့နေပြီး ကောင်လေးဖြစ်သူက သင်္ဘောကြမ်းပြင်ပေါ်ဒူးထောက်၍ ထိုင်ခုံမှာထိုင်နေသည့်ကောင်မလေးဖြစ်သူကို မျက်နှာမူထားတာဖြစ်သည်။ကောင်လေး၏လက်ထဲရှိဖွင့်ဟထားသောကတ္တီပါဘူးလေးထဲမှ တွေ့နေရသည့်အရာလေးက စိန်ရောင်တလက်လက်ဖြစ်လို့နေသည်။
"Will you marry me...? "
လက်ထပ်ခွင့်တောင်းသည့်စကားကို ပြောလိုက်ပြီဖြစ်သည့် ကောင်လေးက စိတ်လှုပ်ရှားနေမှုကြောင့်လက်တွေတဆတ်ဆတ်တုန်နေတာကိုလူတိုင်းတွေ့သည်။ ဒီအချိန်မှာဝိုင်းကြည့်နေကြသည့်လူများအားလုံး၏စိတ်က ကောင်မလေးဆီမှ အဖြေပြန်ရဖို့စောင့်ဆိုင်းနေသည့် ကောင်လေး၏ စိတ်နဲ့တစ်ထပ်တည်းဖြစ်လို့နေ၏။
ကောင်လေးမှာ ဒူးထောက်ထားရတာကြာနေပြီဖြစ်သည်။ကောင်မလေးဘက်က စိတ်မသက်မသာဖြစ်နေသည့်ပုံမျိုးဖြစ်နေသည်။သို့မဟုတ်တခြားသောအကြောင်းအရာတစ်ခုလည်းရှိနေလိမ့်မည်။ကောင်လေး၏မျက်လုံးတွေကမျှော်လင့်ချက်တွေသေဆုံးသွားသကဲ့သို့တဖြည်းဖြည်းနဲ့အရောင်မှိန်လာသည်။
ဝိုင်းကြည့်နေကြသည့်လူများငြိမ်သက်လို့နေကာ ဒူးထောက်ထားသည့်ကောင်လေးကို သနားခြင်းတချို့ပျော်ဝင်နေသည့်အကြည့်များဖြင့်ကြည့်လာကြသည်။သို့သော်ကောင်မလေး၏အဖြေကိုကောင်လေးနဲ့အတူတူဆက်၍စောင့်နေဆဲပင်ဖြစ်၏။
"Say YES lady ! Just say YES !!! "
တိတ်ဆိတ်နေသည့်လေထုကိုဖောက်ထွင်းပြီးထွက် လာသည့် ရှောင်းကျန့်၏အသံကြောင့်ဝမ်ရိပေါ်နှုတ်ခမ်းပေါ်လက်ညိုးတင်၍တိုးတိုးနေဖို့အမူအရာပြလိုက်သည်။သို့သော်ရှောင်းကျန့်ခေါင်းကိုတွင်တွင်ခါကာခြေလှမ်းတွေက ဒူးထောက်နေဆဲဖြစ်သည့်ကောင်လေးဆီသို့တည့်တည့်လျှောက်သွားဖို့ဟန်ပြင်နေတာကြောင့် ဝမ်ရိပေါ်အတင်းဆွဲထားလို့နေရ၏။
"ရှောင်းကျန့် ကျွန်တော်တို့နဲ့မဆိုင်ဘူးလေ...သူများကိစ္စကိုသွား စွက်ဖက်လို့မရဘူး..."
"ဆိုင်တယ်...ဒီကိစ္စကချစ်တတ်တဲ့လူတိုင်းနဲ့ဆိုင်တယ်...ကမ္ဘာပေါ်မှာအသည်းကွဲတဲ့လူတစ်ယောက်ထပ်တိုးလာတော့မယ့်ကိစ္စကို ကိုယ်ဝင်တားမှဖြစ်မယ်..."
ဆွဲကိုင်ထားသည့်လက်ထဲကနေမရမကရုန်းနေသည့် ရှောင်းကျန့်ကိုဝမ်ရိပေါ် အတင်းချုပ်၍ ထိုလက်ထပ်ခွင့်တောင်းနေသည့်မြင်ကွင်းနှင့်ဝေးရာသို့ ဆွဲခေါ်လာခဲ့၏။ဒါတောင်ရှောင်းကျန့်ကအနောက်ကိုပြန်လှည့်ကြည့်၍ တစ်ဖက်ကကောင်မလေးကြားသာအောင် ထပ်အော်ပြောလိုက်သည်။
"YES လို့ပြန်ပြောလိုက်စမ်းပါ...Come on...!!! "
လက်ထပ်ခွင့်တောင်းသည့်အစီအစဉ်ကမည်သို့အဆုံးသတ် သွားသည်မသိသော်လည်း မကြာမီမှာပဲသင်္ဘောပေါ်မှလှုပ်ရှားမှုများကပုံမှန်အတိုင်းပြန်လည်လည်ပတ်လို့လာသည်။
ရှောင်းကျန့်ကမြစ်ပြင်ကျယ်ဘက်သို့မျက်နှာမူထားသည်။ဝမ်ရိပေါ်က ရှောင်းကျန့်၏အနောက်ဘက်မှနေ၍ ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ဖက်ထား၏။သင်္ဘောသွားနေသည့်အရှိန်ကြောင့်သာမန်ထက်ပိုပြင်းလို့နေသည့်လေအဟုန်မှာ တလွင့်လွင့်ဖြစ်နေသောရှောင်းကျန့်၏ ဆံပင်တို့က ဝမ်ရိပေါ်၏ပါးပြင်ကိုရိုက်ခတ်သည်။
"ခွေးပေါက်လေး..."
"ဟင်..."
"ကိုယ်တို့ရောဘယ်တော့လက်ထပ်ကြမှာလဲ...ခွေးပေါက်လေးကျောင်းပြီးမှလား ဒါမှမဟုတ် ကျောင်းပြန်မတက်ခင်လား...ကိုယ့်သဘောအတိုင်းဆို ခွေးပေါက်လေးကျောင်းပြန်မတက်ခင် လက်ထပ်ချင်တယ်...ခွေးပေါက်လေးကျောင်းပြီးဖို့က နောက်ထပ်သုံးနှစ်ကြီးတောင်စောင့်ရမှာ ကိုယ်မစောင့်နိုင်ဘူး..."
ရှောင်းကျန့်၏လည်ဂုတ်ပေါ်ကိုဝမ်ရိပေါ်ဖွဖွလေးငုံ့နမ်းလိုက်ကာ...
"ရှောင်းကျန့်သဘော..."
"ကိုယ်တို့ရဲ့လက်ထပ်လက်စွပ်ကိုဘယ်လိုပုံလေးလုပ်မှာလဲ..."
"ရှောင်းကျန့်စိတ်ကြိုက်လုပ်..."
"ကိုယ်က ကိုယ်တို့လက်ထပ်ပြီးရင်နေဖို့အိမ်ကို နှစ်ထပ်သုံးထပ်ခြံဝန်းကျယ်နဲ့ဆိုတာထက် ကွန်ဒိုလိုဟာမျိုးမှာပဲနေချင်တယ်ဆိုရင်ရော..."
"ကျွန်တော်ကဘာဖြစ်ဖြစ်ရတယ်...ရှောင်းကျန့်ကခြံဝန်းနဲ့နေရတာမကြိုက်လို့လား..."
"မကြိုက်လို့မဟုတ်ဘူး အိမ်ကျယ်နေတော့တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးရင်ပုန်းစရာနေရာတွေများနေမှာစိုးလို့...ကိုယ့်ကိုခွေးပေါက်လေးစိတ်ဆိုးတဲ့အခါတွေမှာ ကိုယ်မမြင်နိုင်တဲ့နေရာမှာသွားပုန်းနေရင် ကိုယ်လိုက်ရှာနေရမှာပေါ့...ကွန်ဒိုနဲ့နေတော့ခွေးပေါက်လေးသွားပုန်းနိုင်လည်း ရေချိုးခန်းနဲ့အိပ်ခန်းပဲရှိတယ်..."
ရှောင်းကျန့်၏အကြောင်းပြချက်ကိုဝမ်ရိပေါ်သဘောကျလွန်းတာကြောင့်အသံထွက်တဲ့အထိရယ်လိုက်ပြီး အနောက် ဘက်ကနေ ရှောင်းကျန့်၏ပုခုံးကိုထပ်ခါထပ်ခါနမ်းသည်။
"ရှောင်းကျန့်..."
"ဟင်..."
"ရှောင်းကျန့်ပုံဖော်ထားတဲ့အနာဂတ်မှာ ပြီးပြည့်စုံတဲ့မိသားစုဘဝတွေပါလား...ဥပမာ ရှောင်းကျန့်ကတစ်ချိန်မှာ စိတ်ပြောင်းပြီးမိသားစုဘဝတွေဘာတွေလိုချင်လာခဲ့ရင်ရော..."
"ကိုယ်ကလည်းအဲ့မေးခွန်းကိုဖြေချင်နေခဲ့တာ..."
မြစ်ပြင်ကျယ်ကိုရှောင်းကျန့်မျက်နှာမူထားရာမှ ဝမ်ရိပေါ်ဘက်သို့လှည့်လာသည်။ဝမ်ရိပေါ်၏ပါးပြင်များကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး...
"ကိုယ်ပုံဖော်ထားတဲ့အနာဂတ်မှာ ခွေးပေါက်လေးရဲ့ပုံရိပ်တွေကလွဲလို့တခြားဘာဆိုဘာမှမပါဘူး..."
ရှောင်းကျန့်၏စကားကြောင့် ဝမ်ရိပေါ်စိတ်ထဲအားတက်ခြင်းများနှင့်အတူ လုံခြုံမှုများကိုပါခံစားလိုက်ရ သောအခါ ရင်ထဲမရေရာခြင်းများမရှိတော့ဘဲချိုမြိန် လွန်းစွာပြုံးလိုက်မိသည်။ သူ့ပါးပြင်တွေကိုကိုင်ထားသည့်ရှောင်းကျန့်၏လက်တွေထဲမှဖြည်းဖြည်းလေးရုန်းထွက်လိုက်ပြီးနောက် ရှောင်းကျန့်၏ရင်ခွင်ထဲအတင်းခေါင်းတိုးဝှေ့လိုက်သည်။ရှောင်းကျန့်၏ခါးကိုလည်းလက်နှစ်ဖက်နဲ့ကျစ်နေအောင်ဖက်ထားသေး၏။
"အပျင်းပြေ ယုန်လေးတွေကြောင်လေးတွေလည်း မ မွေးနဲ့နော်...ကျွန်တော့်ထက်ဘယ်အကောင်လေးတွေကိုမှ အရေးမပေးနဲ့..."
"ကိုယ့်မှာခွေးပေါက်လေးတစ်ယောက်လုံးရှိနေတာဘာတွေကိုထပ်မွေးရဦးမှာလဲ..."
"ဟုတ်တယ် ဘာမှထပ်မမွေးရဘူး...ရှောင်းကျန့်က ကျွန်တော့်ကိုပဲမွေး...ကျွန်တော့်ကိုပဲချစ်...ကျွန်တော့် ကိုပဲယုယုယယလေးဆက်ဆံ..."
"ချွဲနေတာကွာ..."
ခန္ဓာကိုယ်အချိုးအစားသိသိသာသာကွာသော်လည်းသူ့ရင်ခွင်ကျဉ်းကျဉ်းထဲမရမကခေါင်းတိုးဝှေ့ကာဖက်ထားသည့် ဝမ်ရိပေါ်ကိုရှောင်းကျန့်အသည်းယားလာတာကြောင့် ဝမ်ရိပေါ်၏ဆံပင်တွေကိုလက်ချောင်းများဖြင့်ထိုးဖွပွတ်သပ်ပေးလိုက်၏။
"ရှောင်းကျန့်..."
"ဟင်..."
"နမ်းချင်တယ်..."
"အင်း..."
"လူတွေရှိနေတယ် အဆင်ပြေလား..."
"ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ..."
"ကျွန်တော်က တစ်နေရာချင်းစီကိုအကြာကြီးနမ်းမှာနော်..."
ရှောင်းကျန့်ခေါင်းညိတ်ပြလိုက်သည့်အခါ ရှောင်းကျန့်၏ရင်ခွင်ထဲမြုပ်နေခဲ့သည့်ဝမ်ရိပေါ်၏ဦးခေါင်းမှာပြန်မတ်လို့သွားပြီး ခါးထက်မှလက် များကလည်း ရှောင်းကျန့်၏လည်ဂုတ်ပေါ်သို့ပြောင်း ရွှေ့လို့သွားသည်။ဝမ်ရိပေါ်၏ပထမဦးဆုံးသောအနမ်းတစ်ချက်မှာ ရှောင်းကျန့်၏မေးဖျားကနွေးကနဲဖြစ်လို့သွား၏။
မေးဖျားကနေ တစ်ဆင့်ချင်းတက်လာသည့်အနမ်းတို့က ဘယ်ညာပါးပြင်နှစ်ဖက်ပေါ်သို့နေရာမလပ်ကျရောက်ပြီးနောက် နှုတ်ခမ်းပါးတွေထက် အကြာကြီးခိုနားသည်။နှာဖျားပါမချန်ထိတွေ့လာရင်း မှိတ်ထားသည့်မျက်ခွံများပေါ်သို့နှုတ်ခမ်းများရပ်နားမည်အလုပ် ဝမ်ရိပေါ်ခေတ္တရပ်တန့်လိုက်သည်။
ရှောင်းကျန့်၏ညာဘက်မျက်ဝန်းထောင့်ဘေးမှာ ကြွေကျနေသည့်မျက်တောင်မွှေးလေးကို ဝမ်ရိပေါ်အသာလေးကောက်ယူလိုက်ပြီး သူ့လက်ညိုး၏လက်သည်းခွံပေါ်၌ တင်လိုက်၏။ထို့နောက်ရှောင်းကျန့်ကိုမျက် လုံးများဖွင့်ခိုင်းလိုက်သည်။
"လေနဲ့မှုတ်ပြီးဆုတောင်း ရှောင်းကျန့်..."
"ဘာကိုလဲ ခွေးပေါက်လေး..."
"မျက်တောင်မွှေးကျွတ်ရင် လက်သည်းခွံပေါ်တင်ပြီး လေနဲ့မှုတ် ဆုတောင်းရတယ်တဲ့..."
သူ့နှုတ်ခမ်းရှေ့ရောက်လာသည့် ဝမ်ရိပေါ်၏လက် ညိုးလက်သည်းခွံပေါ်က မျက်တောင်မွှေးကိုရှောင်းကျန့်ငုံ့ကြည့်လိုက်ပြီး...
"ဆုတောင်းတာတွေဘာတွေကိုယ် မယုံဘူး..."
"ဆုမတောင်းလည်းနေပေါ့...ဟူး..."
လက်သည်းခွံပေါ်က မျက်တောင်မွှေးကိုဝမ်ရိပေါ်မကျေမနပ်လေနဲ့မှုတ်ထုတ်ပစ်လိုက်တော့ရှောင်းကျန့် ရယ်လိုက်ပြီးဝမ်ရိပေါ်၏ပါးပြင်တွေထက်အနမ်းပေါင်းများစွာကျရောက်စေလိုက်၏။
လေထုထဲပြန့်လွင့်နေသည့်အချစ်သီချင်းတစ်ပုဒ်၏သံစဉ်လွင်လွင်လေးတွေနဲ့အတူရှောင်းကျန့်၏အတွေးစလေးတစ်ခုစီးမြောလို့သွားသည်။
ကိုယ်လား။ဆုတစ်ခုပဲတောင်းမယ်။ခွေးပေါက်လေးရဲ့ ပါးဖောင်းဖောင်းလေးတွေထဲမှာကိုယ့်ဘဝကြီးတစ်ခုလုံးကိုနှစ်မြှုပ်ထားချင်တယ်။
"ခွေးပေါက်လေးကို ကိုယ်ပေးစရာတစ်ခုရှိတယ်..."
"အဲ့တုန်းက ဒုတိယနှစ်ရောက်ရင် ပြန်ပေးမယ်လို့လုပ်ထားခဲ့ပေမယ့် မပေးဖြစ်ခဲ့လိုက်ဘူး..."
"အိမ်ပြန်ရောက်ရင်ပြမယ်...ကြိုပြောထားမယ်နော် ခွေးပေါက်လေးတွေ့ရင် အရမ်းကိုအံ့ဩသွားမှာ..."
ပြန်လာသည့်လမ်းတစ်လျှောက်ပဟေဠိဆန်ဆန်စကားတွေပဲပြောနေသည့် ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ် သူ့ရဲ့သိချင်စိတ်တွေကိုထိန်းမရ။အခုလည်းတက္ကစီပေါ်ကဆင်းတော့သူ့လက်ကိုကိုင်ဆွဲပြီး အိမ်ဝန်းထဲမပြေးရုံတမယ်လျှောက်လို့နေသည့် ရှောင်းကျန့်ကို ချော်လဲမည်စိုး၍ထိန်းထားရသေးသည်။
"ဖြည်းဖြည်းသွား ချော်လဲမယ်..."
ရှောင်းကျန့်ဘာတွေစိတ်လှုပ်ရှားနေမှန်းမသိပေမယ့် ရှောင်းကျန့်ကိုကြည့်ရင်းသူပါစိတ်လှုပ်ရှားလို့လာရသည်။ဘုရားစူးရချည်ရဲ့။ ကလေးတစ်ယောက်လို စိတ်လှုပ်ရှားပျော်မြူးနေတဲ့ ရှောင်းကျန့်ရဲ့ဒီလိုပုံစံမျိုးလေးကိုသူတစ်ခါမှမတွေ့ဖူးခဲ့သေးသာအမှန်။
အဲ့တာကြောင့်အရှေ့တည့်တည့်ကိုတောင်သူကြည့်ပြီးမလျှောက်နိုင်။ ကြည့်မဝနိုင်သည့်ရှောင်းကျန့်၏ချိုပြုံးနေသောမျက်နှာကိုသာငေးကြည့်ပြီးလျှောက်လာခဲ့မိသည်။
အတူတူလျှောက်နေရင်းနှင့်ရှောင်းကျန့်၏ခြေလှမ်းတွေနှေးတုံ့လာသည်ကိုသူသတိထားမိလိုက်သည်။ သုံးလှမ်းလောက်ထပ်မံလျှောက်ပြီးသည့်နောက်ရှောင်းကျန့်၏ခြေလှမ်းများယတိပြတ်ရပ်ဆိုင်းလို့သွား၏။
မျက်စိတစ်မှိတ်လေးအတွင်းမှာပင်မျက်နှာပေါ်ကအပြုံးတွေပျောက်ဆုံးသွားသည့်ရှောင်းကျန့်၏အ
ကြည့်များလားရာကိုသူကြည့်လိုက်မိတော့အိမ်၏ ဆင်ဝင်အောက်၌ရပ်ထားသည့် ဆယ်စီးမကသော ကားများကိုတွေ့သည်။
ရှောင်းကျန့်က သူ့ကိုလှည့်ကြည့်လာသည်။
နှစ်ယောက်သားမျက်လုံးချင်းဆုံသွားသည့်အခိုက်သူတို့၏တွဲလက်များပို၍တင်းကြပ်သွားကြ၏။
You are reading the story above: TeenFic.Net