ရှန်ဟိုင်းရထားဘူတာရုံမှာပဲ မနက်စာစားခဲ့ကာ တက္ကစီတစ်စီးကိုစီးခဲ့ရင်း သွားလိုသည့်နေရာရောက်သည့်အခါ ရှောင်းကျန့်က ကားခုံ၏ နောက်ကျောကိုမှီ၍ မျက်လုံးများကိုမှိတ်ထားသည့်ဝမ်ရိပေါ်ကိုလက်မောင်းကနေကိုင်လှုပ်ခေါ်လိုက်သည်။
"ကိုယ့်ရဲ့ခွေးပေါက်လေးက အိပ်ရေးမဝဘူးလား..."
မနက်စာစားချိန်ကတည်းက အခုထက်ထိဝမ်ရိပေါ်မျက်နှာသုန်မှုန်နေတာကိုသတိထားမိတာကြောင့်ရှောင်းကျန့်မေးလိုက်ခြင်းဖြစ်သည်။ ဝမ်ရိပေါ်ကရှောင်းကျန့် ကို မျက်လုံးစိမ်းများဖြင့်တစ်ချက်ကြည့်လိုက်ပြီးမှ ဘာမှမဖြစ်သလိုခေါင်းခါပြလိုက်သည်။
နှစ်ယောက်သား တက္ကစီပေါ်ကဆင်းလာပြီးနောက် ဝမ်ရိပေါ်သူရောက်နေသည့် နေရာကိုကြည့်လိုက်တော့အလွန်တရာမှကြီးမားသည့်အိမ်ဝန်းကြီးတစ်ခု၏ ဂိတ် ရှေ့တွင်ဖြစ်သည်။ဝမ်ရိပေါ်စူးစမ်းနေတာကိုရှောင်းကျန့် ရိပ်စားမိတာကြောင့်...
"ဒါ ကိုယ့်ယဲယဲ ရဲ့အိမ်...ယဲယဲဆုံးသွားပြီးကတည်းက အိမ်ထိန်းအလုပ်သမားတွေက လွဲလို့ဘယ်သူမှလာမနေကြတော့ဘူး...အဲ့တော့ ကိုယ်တို့နှစ်ယောက်ကိုနှောင့်ယှက်မယ့် လူတွေလည်းမရှိဘူး..."
ရှောင်းကျန့်ပြောရင်းနှင့်ဝမ်ရိပေါ်၏လက်ကိုကိုင်ဆွဲလိုက်ကာ အိမ်ဝန်းကြီး၏ဂိတ်မှတံခါး ဘဲလ်ကိုတီးလိုက်သည်။ အထဲမှပြန်ဖြေသည့်အသံတစ်ခုနှင့်အတူတအောင့်ကြာတော့ ခြံစောင့်သဘောမျိုးအလုပ်သမားတစ်ဦးထွက်လာ၍တံခါးဖွင့်ပေးသည်။လက်တွဲထားသည့်ဝမ်ရိပေါ်နှင့်ရှောင်းကျန့်ကို အကဲခတ်သလိုကြည့်နေသည့် အလုပ်သမားကို ရှောင်းကျန့်က...
"မင်းအပါအဝင် အထဲမှာရှိနေတဲ့ အလုပ်သမားတွေကို အကုန်ခေါ်ထုတ်သွား...ဒီအိမ်နားကိုတစ်ပတ်တိတိဘယ်သူမှ မလာကြနဲ့...ပြီးတော့ ငါရောက်နေကြောင်းဘယ်သူမေးမေးပြန်မပြောနဲ့...မဟုတ်ရင်တော့ ယဲယဲရဲ့အုတ်ဂူဘေးမှာရှိတဲ့ နေရာလွတ်တွေကို အခုကတည်းက ကြည့်သွားကြ..."
ရှောင်းကျန့်၏စကားကို နားလည်သဘောပေါက်သည့်အလုပ်သမားက ချက်ချင်းပင်ခပ်သုတ်သုတ်ဖြင့်အထဲမှ အလုပ်သမားတွေအားလုံးကိုအကြောင်းကြားဖို့ ပြေးသွားသည်။ ရှောင်းကျန့်ကတော့ဝမ်ရိပေါ်၏လက်ကိုဆုပ်ကိုင်လျက်အေးဆေးသာလျှောက်လာသည်။
အိမ်မကြီးရှိရာကိုပင်တော်တော်လျှောက်ယူရဦးမည့် လမ်းတစ်လျှောက်မှာ ဝမ်ရိပေါ်စိတ်ပြေလက်ပျောက်သဘောဖြင့်သူ့မျက်လုံးများကိုနည်းနည်းအလုပ် ပေးလိုက်၏။ သူပေါက်ဖွားလာသည့်ဒာသိုင်းအဝိုင်းတို့၏မူအတိုင်းအပြင်အဆင်တို့ကသိပ်တော့မထူးဆန်းလှ။
ဆုံးသွားပြီဖြစ်သည့် သူ့အဘိုးအဘွားတို့၏အိမ်ပုံစံနှင့်မတိမ်းမယိမ်း အိမ်ဝန်းကကြီး၍ သစ်ပင်ပန်းမန်များစုံလင်စွာရှိသည်။အဝေးလှမ်းကြည့်မည်ဆိုလျှင်တောအုပ်ငယ်တစ်ခုလိုဖြစ်နေလိမ့်မည်။အရိပ်ကောင်းသည့်ကုက္ကိုပင်များအဓိကနေရာယူပြီးရာသီအလိုက်ပွင့်ဖူးတတ်သည့် အပင်များလည်းရှိသည်။ထင်ရူးပင်လိုအရာများပင် ရှိနေတတ်သေး၏။
အလှရေပန်းများမှအစ အိမ်၏ဆင်ဝင်နေရာအဆုံး ရွှေရောင်ငွေရောင်ဆင်စွယ်ရောင်စသည့် အကောင်းတကာ့အကောင်းဆုံးအရာများဖြင့်ပြင်ဆင်ပြုလုပ်ထားသည်ကြောင့် အပန်းဖြေစခန်းငယ်တစ်ခုလိုလည်းဖြစ်သည်။
ခပ်လှမ်းလှမ်းတစ်နေရာမှာဆို မြက်ခင်းပြင်ကျယ် ကုန်းမြင့်တစ်ခုရှိပြီး ဂေါ့ဖ်ကွင်းအဖြစ်ဖန်တီးထားပုံရသည်။ အိမ်ရှင်တွေမနေသော်လည်းအလုပ်သမားတွေရှိနေရခြင်းက ဒီလိုအိမ်ဝန်းကြီး၏အလှအပတွေကိုမပျက်မစီးဆက်လက်ထိန်းသိမ်းပေးနေရခြင်းကြောင့်ပဲဖြစ်၏။
ဝမ်ရိပေါ် လျှောက်ရင်းကြည့်ရင်းဖြင့် တစ်နေရာအရောက်မှာ ခြေထောက်များတုံ့ဆိုင်းသွားရသည်။သူကြည့်နေသည့်အရှေ့တည့်တည့်မှာရှိနေသည်ကဂူဗိမာန်ကြီးလိုခမ်းခမ်းနားနားနေရာတစ်ခု။ဝမ်ရိပေါ်၏မျက်လုံးများလားရာကိုရှောင်းကျန့်ကြည့်လိုက်ပြီး...
"အဲ့တာ ကိုယ့်ယဲယဲရဲ့အုတ်ဂူလေ...ကိုယ်တို့အိမ်ဝန်းထဲမှာပဲမြုပ်ထားတာ...အခုလောက်ဆို အရိုးတွေလောက်ပဲကျန်တော့မှာပေါ့...အလုပ်သမားတွေပြောတာတော့ ညဘက်ရောက်ရင် ယဲယဲရဲ့ဝိညာဉ်ကအိမ်ဝန်းထဲလမ်းထွက်လျှောက်တတ်သေးတယ်တဲ့..."
"ကိုယ်လည်းဒီကြားထဲတစ်ခေါက်မှပြန်မရောက်တော့တကယ် ဟုတ်လား မဟုတ်လားတော့မသိဘူး...ည ရောက်မှ ခွေးပေါက်လေးနဲ့အတူတူအုတ်ဂူဘက်ကိုချောင်းကြည့်ရမယ်...အလုပ်သမားတွေလည်းကိုယ်နှင်လွှတ်လိုက်လို့တစ်ယောက်မှမရှိတော့ဘူးဆိုတော့ ညကျရင်ကိုယ်တို့နှစ်ယောက်တည်း...ဪ မေ့လို့ ယဲယဲနဲ့ဆိုရင်သုံးယောက်ပေါ့..."
ရှောင်းကျန့်က ပေါ့ပေါ့ပါးပါးပုံစံမျိုးဖြင့်ပြောလိုက်သော်လည်းဝမ်ရိပေါ်၏တစ်ကိုယ်လုံးတောင့်တင်းလို့သွားသည်။ ဆုပ်ကိုင်ထားသည့်ရှောင်းကျန့်၏လက်ကိုပင်ဖျစ်ညစ်မိသွားတာကြောင့် ရှောင်းကျန့်တစ်ဖက်သို့လှည့်ကာအသံတိတ်ရယ်လိုက်မိ၏။
"လာ...ခွေးပေါက်လေးကို ကိုယ့်ယဲယဲနဲ့မိတ်ဆက်ပေးမယ်..."
ဝမ်ရိပေါ်၏ခြေထောက်များအကြောနည်းနည်းကပ်လို့နေပေမယ့် ရှောင်းကျန့်ဆွဲခေါ်သွားသည့်နောက်သို့အလိုက်သင့်ပါသွားသည်။ အဘိုးဖြစ်သူ၏အုတ်ဂူရှေ့ရောက်တော့ ရှောင်းကျန့်ကခေါင်းငုံ့ပြီး အရိုအသေပေးလိုက်သည့်အခါ ဝမ်ရိပေါ်လည်း ခန္ဓာကိုယ်ကိုကိုင်းညွတ်လိုက်၏။
"ယဲယဲ...ဒါ ကျွန်တော့်ရဲ့ ခွေးပေါက်လေး...နောက်တစ်မျိုးခေါ်ရရင်တော့ ကျွန်တော့်ရဲ့ဘဝလေး..."
အဘိုးဖြစ်သူ၏ ဓာတ်ပုံကိုစိုက်ကြည့်၍လေးလေးနက်နက်ပြောနေသည့် ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်၏နှလုံးသားထဲ အနွေးလှိုင်းလေးတစ်ခုဖြတ်စီးသွားသည်။ထို့ကြောင့်သူလည်း ရှောင်းကျန့်အဘိုး၏ ဓာတ်ပုံကို ကြည့်လိုက်၍...
"ပထမဦးဆုံးတွေ့ဆုံခြင်းပါ အဘိုး...ကမ္ဘာပေါ်မှာ ရှောင်းကျန့်ကိုချစ်တဲ့လူက လေးယောက်ပဲရှိမယ်ဆိုရင် အဘိုးရယ်၊ ရှောင်းကျန့်ရဲ့ပါးနဲ့မားကိုဖယ်လိုက်ရင် ကျန်တဲ့တစ်ယောက်ကျွန်တော်ပဲဖြစ်မှာပါ...တစ်လော ကလုံးကို ဆန့်ကျင်ရမယ်ဆိုရင်တောင် ကျွန်တော်ကရှောင်းကျန့်ရှိတဲ့ဘက်အခြမ်းမှာပဲရပ်တည်ပေးမှာပါ..."
ဝမ်ရိပေါ်က သေသေချာချာလေးလေးနက်နက်ဂါဝရပြုလိုက်ပြီးနောက် ရှောင်းကျန့်၏လက်ဖမိုးကို ဆွဲယူနမ်းရှိုက်လိုက်၏။ ရှောင်းကျန့်နှင့်မျက်နှာချင်းဆိုင်အနေအထားမှာ နဖူးချင်းခပ်ဆတ်ဆတ်လေးတိုက်လိုက်ပြီး...
"ကျွန်တော်က ကျန်တာတွေအကုန်လုံးလက်ခံနိုင်တာမလို့ ရှောင်းကျန့်ဘက်က ကျွန်တော်ရှေ့မှာရော နောက်ကွယ်မှာရောအခြားတစ်ယောက်နဲ့တွဲပြတာတို့ အခြားတစ်ယောက်အကြောင်းတွေးတာတို့မလုပ်ပြရင်ရပြီ...မဟုတ်ရင်..."
"မဟုတ်ရင် ဘာဖြစ်လဲ ခွေးပေါက်လေး..."
"စမ်းကြည့်လိုက်လေ..."
"အင်း ကိုယ် စမ်းကြည့်...အ..."
ရှောင်းကျန့်အကိုက်ခံလိုက်ရသည့်လက်ဖျံကိုအသာပွတ်သပ်ရင်း သူ့ဘေးကနေခြေလှမ်းကျဲများဖြင့် ထွက် သွားသည့်ဝမ်ရိပေါ်အနောက်သို့ချော့ဖို့ပြေးလိုက်သွား၏။
"အကိုက်ကလည်း သန်လိုက်တာ...ကိုယ့်စကားကိုဆုံးအောင်လည်းနားမထောင်ဘဲနဲ့..."
"ဘာပြောမလဲဆိုတာ အသိသာကြီးကို ကျွန်တော်ကဆက်နားထောင်ရမှာလား..."
"ကိုယ်ကနောက်တာလေ...ကိုယ့်မှာခွေးပေါက်လေးကလွဲလို့ ဘယ်ကအခြားတစ်ယောက်ရှိရဦးမှာလဲ..."
"အဲ့တာဆို ဘာဖြစ်လို့ ရထားပေါ်မှာအိပ်မပျော်ခင်တုန်းက တခြားသူကိုသတိရတဲ့အကြောင်းတွေပြောနေတာလဲ...ကျွန်တော်ကတော့ ရှောင်းကျန့်နဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပဲရင်ထဲသိမ်းဆည်းထားခဲ့ရသလောက် ရှောင်းကျန့်ရဲ့ရင်ထဲမှာတော့ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူးထင်တယ်..."
"ခွေးပေါက်လေး..."
"နေဦးရှောင်းကျန့် ကျွန်တော်ပြီးအောင်ပြောဦးမယ်... ကျွန်တော်ဆိုလိုတာက ကျွန်တော့်အတွက်ရှောင်းကျန့်ကအချစ်ဦးဖြစ်နေလို့ ရှောင်းကျန့်အတွက်လည်းကျွန်တော်ကအချစ်ဦးဖြစ်နေရမယ်လို့ပြောနေတာမဟုတ်ဘူး...ကျွန်တော့်အရင်အခြားလူနဲ့တွဲခဲ့တာတွေဘာတွေက ကိစ္စမရှိဘူး...ဒါပေမယ့်ကျွန်တော်နဲ့တွဲလိုက်ပြီဆိုကတည်းက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဆွဲခေါ်သွင်းမလာနဲ့...နာမည်လေးပါပဲညာပဲလာပြောလည်း လက်ခံမှာမဟုတ်ဘူး..."
"အင်းပါ ကိုယ်က..."
"ကျွန်တော်ပြောလို့မပြီးသေးဘူး...နောက်တစ်ခုက ရှောင်းကျန့်ကျွန်တော့်အတွက်ကြောင့်နဲ့လူလိမ္မာတစ်ယောက်ဖြစ်ဖို့ကြိုးစားပေးနေတာကို ကျေးဇူးတင်ပေမယ့် ကျွန်တော့်အတွက်အဲ့တာတွေမလိုဘူး..."
"ရှောင်းကျန့်ကိုဟိုးအရင်ကပုံစံနဲ့တောင်အပြစ်တစ်ချက်လေးတောင်မမြင်ချစ်လာတဲ့ကျွန်တော်က ရှောင်းကျန့်လိမ္မာတာတွေ ဆိုးတာတွေ ဂရုမစိုက်ဘူး...ဆိုးချင်သလောက် ဆိုး နေ့တိုင်းသူများတွေနဲ့ရန်ဖြစ်ပြီးလက်တွေရိုက်ချိုးဦးမလား ရှောင်းကျန့်ပျင်းနေမှာစိုးလို့ရှောင်းကျန့်နဲ့အတူကျွန်တော်အချုပ်ထဲမှာတောင်အတူတူလိုက်အိပ်ပေးနိုင်တယ်..."
ဝမ်ရိပေါ်ပြောနေတာကို ခေတ္တရပ်လိုက်ပြီးရှောင်းကျန့်၏ လက်မောင်းနှစ်ဖက်ကိုတင်းကြပ်နေအောင်ဆုပ်ကိုင်လိုက်သည်။မျက်ဝန်းအိမ်ထဲသေချာစိုက်ကြည့်၍...
"သိလားရှောင်းကျန့်...ကျွန်တော်ကခွေးပေါက်လေးတစ်ကောင်ဆိုရင် ရှောင်းကျန့်ကကျွန်တော့်အတွက်ချည်တိုင်လိုဖြစ်တည်မှုမျိုးပဲ..."
စိတ်ထဲရှိသမျှ ဖြစ်ချင်သမျှပြောလိုက်တာကြောင့်စိတ်လှုပ်ရှားမောပန်းလို့သွားဟန်ရှိသည့် ဝမ်ရိပေါ်၏ကျောပြင်ထက် ရှောင်းကျန့်ဖွဖွလေးပုတ်ပေးလိုက်သည်။
"အင်းပါ ခွေးပေါက်လေးဆိုလိုတာကို ကိုယ်နားလည်ပါတယ်...စိတ်လေးကိုနည်းနည်းလျော့လိုက်ဟုတ်ပြီလား..."
စိတ်ငြိမ်လို့သွားသည့်ဝမ်ရိပေါ်ကို ရှောင်းကျန့်လက်ကနေဆွဲခေါ်လာကာ အိမ်ထဲသို့ဝင်လာ၏။ အိမ်၏ အဝင်ဝမှသည် လျှောက်လှမ်းနေသည့်ဧည့်ခန်းတစ်လျှောက် ခန့်ညားလှသည့်မီးဆိုင်းများ၊အလှပြရှေးဟောင်းပစ္စည်းများ၊ ဂုဏ်ယူဝင့်ကြွားစွာပြသထားသည့် တိရစ္ဆာန်ဦးချိုများစသည့်အရာများကိုအဆင့်ဆင့်ကျော်ဖြတ်လာရသည်။
အပေါ်ထပ်ကိုတက်လာကြပြီးနောက်အိပ်ခန်းတစ်ခု၏ တံခါးကိုရှောင်းကျန့်တွန်းဖွင့်လိုက်သည်။နံရံ၊ မျက်နှာကြက်များကအစမီးခိုးရောင်ဖုံးလွှမ်းနေသည့်အခန်းအလယ်၌ တည်ရှိနေသော အိပ်ရာသည်လည်းမီးခိုးရောင်အခင်းအကျင်းများဖြင့်ပင်ဖြစ်၏။ရှောင်းကျန့်ကလေအေးပေးစက်ဖွင့်လိုက်ပြီးနောက်ဝမ်ရိပေါ်ကို အိပ်ရာထက်လှဲစေလိုက်ကာ စောင်ကိုအသေအချာခြုံပေး၍ သူပါတစ်ခါတည်းဝင်လှဲလိုက်ပြီး...
"ခွေးပေါက်လေး ပြန်အိပ်လိုက်ဦး...ဘယ်လောက် တောင် အိပ်ရေးမဝလဲ မျက်လုံးလေးတွေတောင် ရဲတွတ်နေတာပဲ...ခွေးပေါက်လေးနိုးလာတဲ့အထိကိုယ်ဘေးမှာ စောင့်နေပေးမယ်..."
ရှောင်းကျန့်ဘေးမှာရှိနေသည်ဆိုသည့်အသိဖြင့်စိတ်ချလက်ချဖြင့်အိပ်ပျော်သွားသည့်ဝမ်ရိပေါ်က ညနေစောင်းအချိန်မှနိုးထလာသည်။မျက်လုံးများပွင့်လာသည့်အခါ ဘေးကိုကြည့်လိုက်တော့ သူ့နည်းတူအိပ်မောကျနေသည့် ရှောင်းကျန့်ကိုတွေ့သည်။
ဘယ်နေရာဘယ်ဒေသရောက်ရောက် ရိုးရာမပျက် မှောက်ခုံအနေအထားဖြင့် အိပ်တတ်သည့်ရှောင်းကျန့် ကိုကြည့်ပြီးဝမ်ရိပေါ်ပြုံးလိုက်မိသည်။မှောက်ခုံအိပ်ရင် နှလုံးအတွက်မကောင်းဘူးဟုကြားဖူးတာကြောင့် အသာလေးပက်လက်လှန်ပေးဖို့လုပ်လိုက်ပေမယ့်အိပ်ရေးဝနေပြီဖြစ်သည့်ရှောင်းကျန့်ကနိုးလို့လာ၏။
နှစ်ယောက်သားအတူတူရှိနေတဲ့အချိန်တွေကိုတစ်စက္ကန့်လေးတောင်မဖြုန်းပစ်လိုတာကြောင့် အိပ်ရာထသည်နှင့် ရေပါအတူတူတစ်ခါတည်းချိုးပြီးလိုက်ကြသည့်ဝမ်ရိပေါ်နှင့်ရှောင်းကျန့်က ရေချိုးခန်းထဲမှပြန်ထွက်လာသည်။
နံရံကပ်ဗီဒိုရှိရာသို့ ရှောင်းကျန့်လျှောက်သွားလိုက်ပြီး အဝတ်အစားများကိုယူထုတ်ဝတ်လိုက်၏။ကြားထဲတစ်ခါမှပြန်မရောက်ဖြစ်သော်လည်းဟိုးအရင်တုန်းကအဝတ်အစားတွေက ခန္ဓာကိုယ်အချိုးအစားအရပ်အမောင်းလုံးဝမပြောင်းလဲသွားသည့်ရှောင်းကျန့်အဖို့ဝတ်လို့တော်နေတုန်းပင်ဖြစ်သည်။
အနက်ရောင်စွပ်ကျယ်လက်ပြတ်အင်္ကျီကို မီးခိုးရောင်ဘောင်းဘီအရှည်ဖြင့်တွဲဖက်၍ဝတ်ဆင်ထားသည့် ရှောင်းကျန့်ကိုကြည့်ရင်း ဝမ်ရိပေါ်ရင်တွေအခုန်မြန် လာလွန်း၍ သူ့ရင်ဘတ်ကိုလက်နဲ့တောင်ဖိထားလိုက်ရသည်။
လွန်ခဲ့တဲ့ငါးနှစ်ကျော်တုန်းကနဲ့တစ်ပုံစံတည်းနီးနီးဖြစ်နေတဲ့ရှောင်းကျန့်ရဲ့ဒီပုံလေးကသူအသေအလဲကြွေခဲ့ရတဲ့ပုံစံလေး။မီးခိုးရောင်ဆံပင်လေးတွေ၊ နားကပ် လေးတွေမရှိတော့တာကလွဲလို့ဘာဆိုဘာမှမပြောင်းလဲ။ပြီးတော့အသည်းယားစရာဘယ်ဘက်ပုခုံးသားနုနုပေါ် ကသူနဲ့ပတ်သက်တဲ့တက်တူးလေး။
ချစ်လိုက်တာ။ချစ်လိုက်တာ။ချစ်လိုက်ရတာ...ထားစရာနေရာမရှိအောင်ပါပဲရှောင်းကျန့်ရာ။
"ခွေးပေါက်လေး ဒါဝတ်ကြည့်..."
သူ့အင်္ကျီတွေထဲမှ အပွယောင်းဆုံးတစ်ထည်ကို ရှောင်းကျန့်ဝမ်ရိပေါ်ဆီသို့ကမ်းပေးလိုက်သည်။ဝမ်ရိပေါ်ယူဝတ်လိုက်တော့ ဝတ်လို့တော်ပေမယ့် fit size လိုဖြစ်နေတာကြောင့် အသက်ရှူရသိပ်မချောင်။
"မလွတ်လပ်ဘူး မလား ပြန်ချွတ်လိုက်..."
ဝမ်ရိပေါ်ဝတ်ထားသည့်အင်္ကျီကိုရှောင်းကျန့်ကိုယ်တိုင်ကိုယ်ကျချွတ်ပေးနေတာတောင်မနည်းပြန်ချွတ်ယူလိုက်ရသည်။
"ကိုယ့်ယဲယဲ ဗီဒိုထဲသွားမွှေရအောင်...ကိုယ့်ယဲယဲကနည်းနည်းထွားတယ်ဆိုတော့ သူ့ရှပ်အင်္ကျီတွေနဲ့ဆိုခွေးပေါက်လေးတော်လောက်တယ်..."
ရှောင်းကျန့် ဝမ်ရိပေါ်ကို သူ့အခန်းနှင့် တစ်ထပ်တည်းမှာရှိသည့် သူ့အဘိုးအခန်းထဲသို့ဆွဲခေါ်သွား၏။ရှောင်းကျန့် ဝမ်ရိပေါ်ကိုလက်တွဲဖြုတ်ပြီး သူ့အဘိုး၏ ကနုတ်ပန်းခက်တွေနဲ့ကြွရွလှပနေသည့်ရှေးဟောင်းဗီဒိုကြီးထဲ ခေါင်းစိုက်၍ မွှေနေ၏။
မကြာမီ၌ သင့်တော်မည်ထင်သည့်အင်္ကျီလက်တိုအဖြူတစ်ထည်ကို ထုတ်ယူလိုက်ပြီး ဝမ်ရိပေါ်ကိုပေးလိုက်သည်။ ဒီအင်္ကျီကတော့ ဝမ်ရိပေါ်အတွက်အနေတော်ဖြစ်၏။
"ယဲယဲရေ...ခွေးပေါက်လေးကို ခဏလောက်အင်္ကျီလေးငှားနော်...ပြန်လိုချင်ရင် ညအိပ်တဲ့အချိန်မှပြန် လာယူ..."
ဝမ်ရိပေါ်တွန့်ကနဲဖြစ်သွားရပေမယ့် ဟန်မပျက်အောင်ထိန်းသည်။ရှောင်းကျန့်ကိုကြည့်လိုက်တော့လည်းနောက်ပြောနေသည့်ပုံမရဘဲ ခပ် တည်တည်သာဖြစ်သည်။အသည်းစကားတွေထက် သရဲစကားတွေပဲပြောနေတာ ရှောင်းကျန့် တော်တော်များပြီ။
ရှောင်းကျန့်က ဝမ်ရိပေါ်၏အင်္ကျီကြယ်သီးတွေကိုကူတပ်ပေးနေရင်း...
"ဘာလို့အဲ့လောက်တောင်ထွားလာရတာလဲ ခွေးပေါက်လေး..."
"ကမ္ဘာပျက်ရင် ရှောင်းကျန့်မသေအောင်ကျွန်တော်က ချီပြီးပြေးသွားဖို့ ကျင့်ထားတာ..."
"ဆိုလိုတာက ချီပြေးမယ့်လူမရှိတဲ့သူတွေက ကမ္ဘာပျက်ရင်သေမယ်ဆိုတဲ့သဘောပေါ့..."
"လူတိုင်းတော့မဟုတ်ပေမယ့် ၉၉.၉၉ ရာခိုင်နှုန်းလောက်ကတော့ သေမှာ..."
"တော်သေးတာပေါ့ ကိုယ့်ကိုချီပြေးမယ့်ခွေးပေါက် လေးရှိလို့..."
ပြောရင်းနဲ့ ရှောင်းကျန့်ထရယ်သည်။ဝမ်ရိပေါ်ကိုအင်္ကျီကြယ်သီးတွေအကုန်တပ်ပေးပြီးသည့်အခါကော် လံစလေးကို သပ်ရပ်သွားအောင်လက်နဲ့ဖိသပ်ပေးလိုက်၏။
"ကိုယ်တို့အိပ်ရာပေါ်မှာကစားကြမလား..."
ရုတ်တရက်ကြီးမျက်ခုံးတစ်ချက်ပင့်၍ပြောလာသည့်ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ်ရင်ထဲဆတ်ကနဲဖြစ်သွားရကာစကားတွေတောင်အတက်အကျမမှန်။
"ဘာ...ဘာကစားကြမှာလဲ..."
တအောင့်ကြာတော့ ရှောင်းကျန့်က သူ့အဘိုးဖြစ်သူ၏ဗီဒိုထဲမှအဆင့်သုံးဆင့်ပါကျွန်းသေတ္တာတစ်ခုနှင့်အတူခရမ်းရောင်ကတ္တီပါစအခင်းတစ်ခုကိုကိုင်ဆွဲလာသည်။
အိပ်ခန်းတစ်နေရာမှာရှိသည့်စားပွဲခုံပုတစ်ခုကိုအိပ်ရာပေါ်ယူတင်ကာ အခင်း ခင်းသည်။ပြီးလျှင်တော့ကျွန်းသေတ္တာကို စားပွဲပေါ်တင်လိုက်၍အထဲမှအရာများကိုထုတ်ယူပြီးခင်းကျင်းလိုက်၏။မိနစ်ပိုင်းအတွင်းမှာ ရွှန်းစိုနေသည့်ခရမ်းရောင်ကတ္တီပါစားပွဲခင်းပေါ်၌ အရောင်တဖိတ်ဖိတ်ဖြစ်နေသည့် ရွှေကွပ်ကျောက်စိမ်းတုံးများက နေရာယူသွားသည်။
မာကျောက် ကစားခြင်းဖြစ်ပါသည်။
photo crd
"ကိုယ်နိုင်ပြီ ဟား ဟား ဟား...နောက် တစ်ပွဲပြန်စမယ်နော်..."
တကယ့်ရွှေအစစ်ကျောက်စိမ်းအစစ်များဖြင့်ပြုလုပ်ထားသော မာကျောက်တုံးတွေကိုအားတက်သရောပြန်မွှေ၊ပြန်စီနေပြီဖြစ်သည့်ရှောင်းကျန့်ကို ဝမ်ရိပေါ် မမှိတ်မသုန်စိုက်ကြည့်၍ မသိမသာခေါင်းကိုခါရမ်းလိုက်မိသည်။
သူ့အတွေးတွေကပဲမိုက်မဲနေတာလား။ ရှောင်းကျန့်ရဲ့အတွေးတွေကပဲဖြောင့်ဆင်းလွန်းနေတာလား။အရွယ်ရောက်ပြီးသားလူတွေအနေနဲ့"ကိုယ်တို့အိပ်ရာပေါ်မှာကစားကြမလား"ဆိုတဲ့စကားကို သူ့လိုပဲတွေးမိကြမှာပဲ။
ပြန်တွေးကြည့်တော့ ရှောင်းကျန့်ပြောတဲ့စကားတိုင်းမှာ အဓိပ္ပာယ်နှစ်မျိုးမရှိဘူး။ဥပမာ-ဟိုတယ်မှာအိပ် ကြမလားဆိုရင် ဟိုတယ်မှာတကယ်သွားအိပ်တာ။အိပ်ရာပေါ်မှာကစားကြမလားဆိုရင် တကယ်ကိုအိပ်ရာပေါ်မှာတက်ပြီးကစားတာ။ အိမ်မပြန်ချင်သေးဘူးဆိုရင်လည်း တကယ်ကိုအိမ်မပြန်ဘဲရှန်ဟိုင်းထိတောင်ရောက်လာတာ။
သို့သော် ရှောင်းကျန့်နဲ့ဆန့်ကျင်စွာသူ့ရဲ့...အိမ်မပြန်ချင်သေးဘူးလို့ပြောခဲ့တဲ့စကားရဲ့ဆိုလိုရင်းက။
အဲ့တာတွေထက် အဲ့လိုကိစ္စနဲ့ပတ်သက်ပြီးရှောင်းကျန့်ရဲ့သဘောထားကဘယ်လိုရှိလဲသူရေရေ ရာရာမသိရ။ယောကျာ်းလေးအချင်းချင်းဖြစ်နေလို့စိတ်အားထက်သန်မှုမရှိတာလား။ပြီးတော့သူ့ထက်အရင်ရှောင်းကျန့်တွဲခဲ့တဲ့ဟိုတစ်ယောက်နဲ့ရှောင်းကျန့် ကရော။
တကယ်လို့အဲ့တုန်းက အဲ့လိုကိစ္စတွေနဲ့မကင်းခဲ့သည်ရှိသော် ယောကျာ်းလေးတစ်ဦးနဲ့မိန်းကလေးတစ်ဦးရဲ့ပတ်သက်မှုမှာ ယောကျာ်းလေးဖြစ်တဲ့ရှောင်းကျန့်ကရယူသူဘက်ကဖြစ်ခဲ့တယ်ဆိုရင် အခုသူတို့နှစ်ယောက်ရဲ့ပတ်သက်နေမှုမှာ အခြေအနေတွေကတစ်မျိုးပြောင်းသွားမှာကို ရှောင်းကျန့်ဘက်ကရိပ်တော့ရိပ်စားမိတယ်မလား။
"ခွေးပေါက်လေး..."
"ခွေးပေါက်လေး..."
အတွေးတွေလွန်နေသည့်ဝမ်ရိပေါ်ကရှောင်းကျန့်လက်ဖြောက်တီးပြီးခေါ်လိုက်သည့်အခါမှ အသိပြန်ဝင်လာသည်။
"ဟင်..."
"ခွေးပေါက်လေး အလှည့်ရောက်ပြီလေ...ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ..."
"အင်း ဘာမှမစဉ်းစားပါဘူး..."
ဝမ်ရိပေါ် ရှောင်းကျန့်ချလိုက်သည့်မာကျောက်အတုံးကိုကြည့်လိုက်သည်။ သူလိုအပ်သည့်အရာမဟုတ်တာကြောင့် မှောက်ခုံမှောက်ထားသည့်အတုံးတွေထဲမှ တစ်တုံးကိုဆွဲယူလိုက်ကာ မလိုသည့်အတုံးကိုပစ်လိုက်၏။ ဝမ်ရိပေါ်ပစ်လိုက်သည့်အတုံးက ရှောင်းကျန့် လိုအပ်နေသည့်အရာဖြစ်တာကြောင့် ရှောင်းကျန့် ကောက်စားလိုက်ပြီး...
"ဒီတစ်ခါလည်း ကိုယ်ထပ်နိုင်ပြန်ပါပြီ...ပွဲတိုင်းနိုင်နေရတော့ အားတောင်နာလာပြီ..."
အားနာနေသည့်ရှောင်းကျန့်ကရွှင်ပြုံးလို့နေတာဖြစ်၏။ နောက်တစ်ပွဲစဖို့ မာကျောက်တုံးတွေကို ဝေမျှပြီးသည့်အခါ ဝမ်ရိပေါ်၏မျက်နှာကိုကြည့်မိလိုက်တော့မရယ်မပြုံးဖြစ်နေတာကိုတွေ့တာကြောင့်...
"ဘာဖြစ်လို့လဲ ကိုယ်ပဲနိုင်နေလို့လား...ဒီပွဲကိုယ်အရှုံးပေးမယ်လေနော်..."
ဝမ်ရိပေါ်ဘာမှမဖြစ်ကြောင်းခေါင်းခါပြလိုက်သည်။
"ရှောင်းကျန့်..."
"ပြော ခွေးပေါက်လေး..."
"ကျွန်တော်ရှောင်းကျန့်နဲ့ပတ်သက်ပြီးအဲ့တာတွေပဲတွေးနေတာမဟုတ်ပေမယ့် တကယ်လို့ ရှောင်းကျန့်ဘက်ကဆန္ဒရှိမယ်ဆိုရင် ကျွန်တော်ရှောင်းကျန့်နဲ့အတူနေ..."
သူဘာပြောမလဲဆိုတာကို စိတ်ပါဝင်စားစွာ နားထောင်ပေးနေသည့်ရှောင်းကျန့်၏မျက်ဝန်းအိမ်ကျယ်ကျယ်တွေကို ဝမ်ရိပေါ်စိုက်ကြည့်နေရင်းနဲ့ကိုဆက်ပြောဖို့မတတ်စွမ်းတော့။ထို့ကြောင့်နဂိုရည်ရွယ်ချက်ကိုသွေဖည်၍တခြားစကားပြောင်းပြောဖို့လုပ်လိုက်သော်လည်းဘာပြောရမှန်းမသိစဉ်းစားရကြပ်နေသည့်အခါ...
"ကျွန်တော်တို့အတူ...အမ်...ကျွန်တော်နဲ့ရှောင်းကျန့်နဲ့..."
"ခွေးပေါက်လေးက ကိုယ်နဲ့အတူ ခေါက်ဆွဲပြုတ်စားချင်လို့လား..."
"ဟင်...အင်း...ဟုတ်တယ် ကျွန်တော် ဗိုက်ဆာနေလို့..."
"ကိုယ်လည်းဗိုက်ဆာနေတာကြာပြီ...လာ သွားရအောင် အောက်ထပ်ဆင်းရအောင်...စားသောက်ခန်းထဲမှာ ကိုယ်ခေါက်ဆွဲထုပ်တွေ သုံးလေးထုပ်လောက် တွေ့တယ် အလုပ်သမားတွေရဲ့ဟာထင်တယ်..."
ရှောင်းကျန့်ကပြောလည်းပြော မာကျောက်တုံးတွေကို ကျွန်းသေတ္တာထဲသေချာပြန်စီထည့်လို့နေသည်။ သိမ်းဆည်းနေရင်းနဲ့ အတုံးတစ်တုံးကိုယူ၍လက်နဲ့ချိန်ဆသလိုလုပ်လိုက်ပြီး...
"ကျောက်စိမ်းကိုမှ ရွှေကွပ်ထားတော့တစ်တုံးတစ်တုံးနစ်နေတာပဲ ရောင်းစားလိုက်ရင် ရှယ်ကိုရမှာ..."
ဝမ်ရိပေါ်ထောက်ခံသလိုခေါင်းညိတ်ပြလိုက်၏။ရှောင်းကျန့်နဲ့အတူ မြန်မြန်ဆန်ဆန်သိမ်းကူလိုက်ပြီးနှစ် ယောက်သားအောက်ထပ်ကိုဆင်းကာစားသောက်ခန်းထဲသို့ဝင်လာကြသည်။
"ခေါက်ဆွဲတစ်ထုပ်လျှင် ရေ ၃၀၀ မီလီလီတာ ထည့်ပါ...နှစ်ထုပ်ဆိုတော့ ၆၀၀ မီလီလီတာ..."
ရှောင်းကျန့်က ဟင်းချက်တဲ့အိုးတစ်လုံးကိုယူသည်။ခေါက်ဆွဲထုပ်မှာပါသည့်ညွှန်ကြားချက်အတိုင်းရေကိုအတိအကျထည့်၍ ရေထည့်ထားသောအိုးကို မီးဖိုပေါ် တင်ပြီး မီးဖွင့်လိုက်၏။ ရေဆူမည့်အချိန်ကိုစောင့်နေရင်း စားပွဲခုံမှာထိုင်နေသည့် ဝမ်ရိပေါ်ကိုလှမ်းကြည့်လိုက်ကာ...
"ဗိုက်အရမ်းမဆာသေးဘူးမလား ခဏစောင့်နော်... ရေဆူလာတာနဲ့ ခေါက်ဆွဲထည့်လိုက်ရင်ကျက်ပြီ..."
ဝမ်ရိပေါ်ဘာမှပြန်မဖြေ။ အရှေ့ကိုပြန်လှည့်သွားသည့် ရှောင်းကျန့်၏ကျောပြင်ကိုသာစိုက်ကြည့်နေရင်း ထိုင်နေရာမှထလာကာ ရှောင်းကျန့်ရှိရာသို့ လျှောက်သွားလိုက်သည်။
နောက်ကျောပြင်နွေးကနဲဖြစ်သွားသည့်ခံစားချက် ကြောင့်ရှောင်းကျန့်အနောက်ဘက်သို့ခေါင်းစောင်း၍ ကြည့်လိုက်သည်။ဝမ်ရိပေါ်က အနောက်ဘက်ကနေရှောင်းကျန့်၏ခါးကိုကျစ်အောင်ဖက်ထား၍ သူ့မေးဖျားကိုရှောင်းကျန့်၏ပုခုံးပေါ်သို့တင်ထားသည်။ လည်တိုင်နုနု၏အရင်းနားသို့ထိတယ်ဆိုရုံလေးရှိုက်လိုက်ပြီး...
"ဘာလို့ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်က အရမ်းမွှေးနေရတာလဲ..."
"အဲ့တာကတော့ မွေးရာပါဆုတောင်းပဲ..."
ရှောင်းကျန့်ကနောက်ပြီးပြောလိုက်ပေမယ့် ဝမ်ရိပေါ် ကအတည်ယူသည်။ ရှောင်းကျန့်ခါးပေါ်ရောက်နေသည့်လက်များထဲမှ တစ်ဖက်ကိုနေရာပြောင်းကာရှောင်းကျန့်၏လက်မောင်းတစ်ဖက်ကိုဆုပ်ကိုင်လိုက်၏။အထက်အောက်ဖွဖွလေးပွတ်သပ်ပေးလို့နေရင်း...
"ဒီလက်မောင်းလေးတွေ ကျွန်တော့်ရဲ့လက်တစ်ဆုပ် စာပဲရှိတာကတော့ မွေးရာပါဆုတောင်းမဟုတ်ဘူးထင်တယ်..."
"အဲ့တာဆိုဘာလို့လဲ..."
"ရှောင်းကျန့် အစားကို ဟုတ်တိပတ်တိမစားလို့..."
"ကိုယ်စားပါတယ်..."
"ဘယ်မှာစားလဲပြော...ကျောင်းတုန်းကလည်း ရှောင်းကျန့်စားတဲ့အချိန်ကိုတွေ့ရတာခပ်ရှားရှား...စားတော့လည်း လေးငါးလုတ်နဲ့ဘာမှကိုအလုပ်မဖြစ်ဘူး...ပန်းဖူးကြော်ဆိုလည်း အဖူးလေးတွေပဲဖြတ်စားပြီးတော့ ချေးကလည်းများသေး..."
"ဟ...ကိုယ်အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး..."
"ဘာကိုအဲ့လောက်ကြီးမဟုတ်တာလဲ...လွန်ခဲ့တဲ့ငါးနှစ်တုန်းကလည်း ဒီခန္ဓာကိုယ်ပဲ အခုလည်းဒီခန္ဓာကိုယ်ပဲ..."
"ခွေးပေါက်လေးပဲအဲ့တုန်းကပြောတယ်လေ...ကိုယ် ကအကြီးကုန်သွားပြီဆို...ဘယ်လိုလုပ်ဆက်ပြီးဖွံ့ဖြိုးတော့မှာလဲ...ခွေးပေါက်လေးလိုမှကိုယ်ကမငယ်တော့တာ..."
ရှောင်းကျန့်ပြောရင်းနဲ့သူ့ခါးပေါ်ရောက်နေသည့်ဝမ်ရိပေါ်၏လက်ကိုငုံ့ကြည့်လိုက်သည်။အလိုလိုနေရင်းတောင် ထင်းနေသည့်လက်ဖျံပေါ်ကသွေးကြောတွေကို အသာလေးလက်ချောင်းများနဲ့ ထိတွေ့လို့လာရင်းလက်ကောက်ဝတ်နေရာအရောက်မှာတော့ ထိုနေရာကအမာရွတ်လေးကိုစိုက်ကြည့်လို့နေမိကာ...
"တောင်းပန်ပါတယ် ခွေးပေါက်လေး..."
အသံဖြော့လို့သွားသည့်ရှောင်းကျန့်ကို ဝမ်ရိပေါ်အနောက်ဘက်ကနေ နားသယ်စပ်နေရာအားနမ်းလိုက်သည်။
"ဘာကိုလဲ ရှောင်းကျန့်..."
"ကိုယ့်အတွက်ကြောင့် ခွေးပေါက်လေး အဲ့လောက်ထိ..."
ရှောင်းကျန့်ဆက်မပြောနိုင်တော့။ ရှောင်းကျန့်ဘာဆိုလိုနေမှန်းဝမ်ရိပေါ်သဘောပေါက်သွားသည့်အခါရှောင်းကျန့်စိတ်မကောင်းမဖြစ်စေရန်အလို့ငှာအေးဆေးသောလေသံအနေအထားဖြင့်...
"အခုမှကျွန်တော်တို့ကဘက်ညီသွားတာလေ...ရှောင်းကျန့်က ကျွန်တော့်အတွက်ပုခုံးပေါ်မှာတက်တူးထိုးခဲ့တာဆိုတော့ကျွန်တော်ကလည်း ရှောင်းကျန့် အတွက် လက်ကောက်ဝတ်ပေါ်မှာတက်တူးထိုးခဲ့တာလို့ပဲတွေးပေးလေနော်..."
အနောက်ကနေသိုင်းဖက်ခံထားရသည့်အနေအထားမှရှောင်းကျန့်အရှေ့ကိုလှည့်လာ၍ ဝမ်ရိပေါ်နှင့်မျက်နှာချင်းဆိုင်လိုက်၏။
"ကျောင်းပြန်တက်မယ် မဟုတ်လား ခွေးပေါက်လေး..."
ဝမ်ရိပေါ်ခေါင်းတဆတ်ဆတ်ညိတ်ပြရင်း...
"နေ့တိုင်းအသွားအပြန် ရှောင်းကျန့် လိုက်ပို့လိုက်ကြိုပေး..."
"ဒါတွေက ပြောနေစရာတောင်မလိုဘူးလေ..."
ဝမ်ရိပေါ်၏လည်ပင်းကို ရှောင်းကျန့်လက်နှစ်ဖက်နဲ့သိုင်းဖက်လိုက်၍ နှုတ်ခမ်းချင်းတေ့စပ်လိုက်သည်။ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်၏ခါးကိုလက်တစ်ဖက်ဖြင့်ထိန်းကိုင်ကာပြန်လည်တုံ့ပြန်ရင်း ကျန်သောလက်တစ်ဖက်ဖြင့် ရေနွေးပွက်ပွက်ဆူနေပြီဖြစ်သည့်ဟင်းအိုးတင်ထားရာ မီးဖိုကိုပိတ်လိုက်သည်။
ထို့နောက် ရှောင်းကျန့်ကို မီးဖိုရှေ့မှနေရာပြောင်းခေါ် သွား၍ ခါးကနေပင့်ချီကာ ထမင်းစားစားပွဲပေါ်တင်လိုက်သည်။အလွှတ်မပေးနိုင်ပြင်းရှနေသည့်အနမ်းများခံစားချက်အမြင့်ဆုံးရောက်နေသည့်အချိန်၌ ဝမ်ရိပေါ် ကနှုတ်ခမ်းချင်းထိကပ်ထားခြင်းကိုခွာလိုက်သည်။
ရှောင်းကျန့်က အနမ်းတို့ထပ်ဆက်ဖို့လုပ်လိုက်သည့်အခါတွင်တော့ ဝမ်ရိပေါ်ခေါင်းကိုအနောက်သို့ဆုတ်လိုက်သည်။ဝမ်ရိပေါ်၏
You are reading the story above: TeenFic.Net