အပိုင်း(၂၅) Unicode

Background color
Font
Font size
Line height

မြစ်ကူးတံတားပေါ်၌ ဆိုင်ကယ်ကိုဝမ်ရိပေါ်ဖြည်းဖြည်းချင်းတွန်းရင်းရှောင်းကျန့်နှင့်အတူယှဉ်တွဲလမ်းလျှောက်နေသည်။

ညဘက်ရောက်ပြီဖြစ်သော်လည်းတစ်နေကုန်နေပူခံထားရသည့်တံတားပေါ်လျှောက်လမ်းဆီကခပ်နွေးနွေးအပူဓာတ်ကိုဝမ်ရိပေါ်​၏ဗလာကျင်းခြေဖဝါးတို့ကခံစားလို့နေရ​၏။အိမ်ကထွက်လာတုန်းကသူစီးလာသည့် ကွင်းထိုးဖိနပ်များက အခုတော့ရှောင်းကျန့်​၏ခြေထောက်အောက်ရောက်လို့နေတာဖြစ်သည်။

စိတ်ထဲရှိတဲ့အတိုင်းဝုန်းဒိုင်းကြဲပြီးဆွဲခေါ်ထုတ်လာခဲ့စဉ်က ရှောင်းကျန့်ကိုဖိနပ်စီးချိန်ပင်မပေးခဲ့တာသူသတိမထားမိခဲ့လိုက်။တစ်လျှောက်လုံးလည်းသတိမမူမိခဲ့ရင်း ရှောင်းကျန့်​၏ ခြေဖမိုးကို ကျွတ် တစ်ကောင် တွယ်ကပ်ပြီးသွေးစုပ်သွားသည့်အချိန်မှ ရှောင်းကျန့်မှာဖိနပ်မပါမှန်းသူသိလိုက်တာဖြစ်သည်။

မြေကြီးကို ကုတင်ရွှေနန်းထင်ပြီး လူးလိမ့်နမ်းရှိုက်ခဲ့ကြသည့်သူတို့က စိုထိုင်းထိုင်းမြက်ပင်တွေကြားမှာရှိတတ်သည့် ကပ်ပါးကောင်တွေကိုမေ့လျော့မိသွားခဲ့သည်။

မျှော့၊ ကျွတ် စသည့် အကောင်တွေကိုသူတော် တော်ရွံမုန်းပေမယ့်ရှောင်းကျန့်​၏ခြေဖမိုးပေါ်ရောက်နေသည့် ကျွတ်ကိုတော့သူမရွံမုန်းနိုင်။သူ့လက်နဲ့ကိုယ်တိုင်ကိုင်ပြီးခွာပေးဖို့လုပ်ခဲ့သည့်အခါ ရှောင်းကျန့်သူ့ကိုတားခဲ့သည်။

မေတ္တာရှင် ရှောင်းကျန့်ပါပေ။

သွေးစုပ်နေသည့်ကျွတ်ကို အနာခံပြီးဒီတိုင်းပဲထိုင်ကြည့်ကာ အစာကျွေးခဲ့သည်။

အစာဝပြီး နဂိုအရွယ်ထက်နှစ်ဆသုံးဆလောက်ဖွံ့ဖြိုးသွားသည့် ကျွတ်ကိုဗွေမယူသည့်ပုံစံမျိုးဖြင့်ပြုံးပြုံးလေးကြည့်လို့နေခဲ့တာဖြစ်​၏။အတန်ကြာတော့သူ့ဆီမှမီးညှိပြီးသားစီးကရက်တစ်လိပ်ကိုတောင်းသည်။ခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက် ၍ တောက်ပလို့သွားသည့် စီးကရက်မီးရဲရဲဖြင့် ခြေဖမိုးပေါ်က ကျွတ်ကိုဖိကပ်ထိုးသတ်ခဲ့​၏။

"ငါ့အသွေးအသားတွေကို ကြည်ကြည်ဖြူဖြူပေးရအောင် မင်းက ခွေးပေါက်လေးလား...ခွေးပေါက်လေးမဟုတ်တဲ့ဟာတွေ အဲ့မှာသွားသေလိုက်..."

သွေးတွေဖြန်းကနဲပေါက်ထွက်ပြီးအသက်ဆုံးရှုံးလို့သွားသည့် ကျွတ်ကိုကြည့်ပြီးရှောင်းကျန့်ပြောလိုက် တော့ သူ့တစ်ကိုယ်လုံးတိမ်တွေပေါ်ရောက်ခဲ့ရသေးသည်။ရင်တလှပ်လှပ်နဲ့ အသည်းတအေးအေးခံစားချက်မျိုးဖြစ်​၏။တစ်နည်းအားဖြင့်သည်းသည်းလှုပ်အချစ်ခံရသည့်ခံစားချက်မျိုး။

"ရှောင်းကျန့်..."

"ခွေးပေါက်လေး..."

တစ်ပြိုင်တည်းထွက်ပေါ်လာသည့်ခေါ်သံကြောင့် ဝမ်ရိပေါ်နှင့်ရှောင်းကျန့်နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးလိုက်သည်။ဘာပြောမလို့လဲဆိုပြီးအချင်းချင်းမေးဆတ်ပြလိုက်တာခြင်းလည်းတူနေပြန်​၏။

"ကျွန်တော် အိမ်မပြန်ချင်သေးဘူး..."
"ကိုယ် အိမ်မပြန်ချင်သေးဘူး..."

တဖျတ်ဖျတ်ဖြစ်သွားသည့်လိပ်ပြာတောင်ပံခတ်သံများက နှစ်ဦးသား​၏ရင်ဘတ်နေရာမှဖြစ်​သည်။ရင်ဘတ်ထဲပျံဝဲနေသည့်လိပ်ပြာတွေအပြင်ကိုထွက်လာတော့မတတ် တလှိုက်လှိုက်ဖြစ်လာတော့ ရယ်သံလွင် လွင်များသာထွက်ပေါ်လို့လာသည်။

သုံးစက္ကန့်လောက်ကြာသည့်အခါ ဝမ်ရိပေါ်​၏မျက်နှာပြန်တည်သွားသည်။တွန်းနေသည့်ဆိုင်ကယ်ကိုသေချာရပ်ပြီး ရှောင်းကျန့်​၏မျက်ဝန်းအိမ်ထဲစိုက်ကြည့် လိုက်​၏။

"ကျွန်တော်အတည်ပြောနေတာရှောင်းကျန့်..."

ရှောင်းကျန့်လည်းရယ်နေတာကိုရပ်တန့်လိုက်သည်။ဝမ်ရိပေါ်ကို မျက်လုံးများမှေးကျဉ်းဘောင်ခတ်၍ ပြန်ကြည့်လိုက်ပြီး...

"ကိုယ်ကလည်း နောက်နေတာမဟုတ်ဘူး..."

ဆိုင်ကယ်လက်ကိုင်ကိုကိုင်ထားသည့်ဝမ်ရိပေါ်​၏ လက်များတင်းကြပ်သွားကာ၊လည်ချောင်းတစ်လျှောက် အထက်အောက် လှုပ်ခတ်သွားမှုကသိသိသာသာ။

"ခွေးပေါက်လေးမှာ ဖုန်းပါလာလား..."

ဝမ်ရိပေါ်ခေါင်းခါပြလိုက်တော့...

"ကောင်းတယ်..."

ရှောင်းကျန့်က ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုနှိုက်ယူလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်မှာတွေ့နေရသည့် ရဲရဲနီ missed call များကိုလျစ်လျူရှုပြီးsim card ကိုထုတ်လိုက်သည်။ထို့နောက်တသီးတခြားဖြစ်သွားသည့် sim card နှင့်ဖုန်းအခွံကို လက်တစ်ဖက်ထဲစုကိုင်၍တံတားပေါ်ကနေမြစ်ထဲသို့ပစ်ချလိုက်​၏။

"သွားမယ် ခွေးပေါက်လေး..."

"ဘယ်ကိုလဲ..."

"ဆိုင်ကယ်ကို ကိုယ်မောင်းလို့ရလား..."

"မောင်းတတ်လို့..."

ဝမ်ရိပေါ် ရှေ့ဆက်မမေးတော့ဘဲခေါင်းညိတ်ပြလိုက် ပြီးစိတ်ထဲကသာကြိတ်တွေးနေမိသည်။ရှောင်းကျန့် မောင်းတော့မောင်းတတ်တယ်မလား။

အတွေးနဲ့လက်တွေ့သည်တက်တက်စင်အောင်ကိုလွဲသည်။ သူက professional နီးနီးလောက်ကျွမ်းကျင်သည့် အပျော်တမ်း racer တစ်ယောက်ဖြစ်နေ၍သာ ကံ ကောင်းလွန်းတာဖြစ်သည်။ရှောင်းကျန့်မောင်းနေသည့်အရှိန်နှုန်းက သာမန်ရိုးရိုးလူတွေဆို ပထမဦးဆုံးဆယ်စက္ကန့်လောက်မှာပင် လိပ်ပြာလွင့်ထွက်သွားနိုင်သည်။

"သေချာကိုင်ထား ခွေးပေါက်လေး" ဆိုသည့်စကားကအကြောင်းမဲ့ပြောခဲ့ခြင်းမဟုတ်။ဆိုင်ကယ်ပြိုင်ကွင်းထဲမှာမဟုတ်ဘဲ ကားအသွားအလာအများအပြားရှိသည့်လမ်းမထက်မှာအရှိန်ကုန်တင်၍မောင်းနေသည့် ရှောင်းကျန့်​၏ skill က level တစ်ခုမှာရှိသည်။

ကုန်တင်ကားတွေဘေး တမင်တကာကပ်မောင်းပြီး တိုက်မိတော့မလိုဟန်ဖြင့် ရင်တလှပ်လှပ်ဖြစ်ရသည့်ခံစားချက်ကို သဘောကျပုံရသည်။ မီးနီတော့မည့်မီးပွိုင့် တွေမှာလည်း တစ်နေရာမှ အမိမခံဘဲ ကပ်သီးလေးတွေအလွတ်မောင်းသွားနိုင်တာကို နှစ်သက်ပုံရ​၏။

သူလည်းဒီလိုဆိုင်ကယ်အရှိန်ပြင်းပြင်း မောင်းတာကိုမကြိုက်ဘူးဟုပြောရင် ညာရာကျမည်။သို့သော်လည်း အခုချိန်မှာတော့ မတော်လို့တစ်ခုခုသာဖြစ်ရင် အရှေ့မှာမောင်းနေသည့် ရှောင်းကျန့်အရင်ဆုံးထိခိုက်မှာကိုသူစိုးရိမ်သည်။

စိုးရိမ်စိတ်ကြောင့်"အရှိန်လျော့ပါ" လို့တရစပ်ပြောနေသည့်သူ့အသံကလေတိုးသံတွေကြောင့်ရှောင်းကျန့်​၏နားထဲမဝင်တော့ ရသမျှဆုတောင်းစာတွေသာ ရေရွတ်ပေးနေရသည်။တစ်ဆက်တည်းမှာပဲ ဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်​သည်။ဘယ်သောအခါမှရှောင်းကျန့်​၏လက်ထဲကို ဆိုင်ကယ်သော့မထည့်ပေးတော့ဖို့ပဲဖြစ်​၏။

"ဆင်းလို့ရပြီ..."

စိုးရိမ်လွန်းလို့ ခါးကိုအသေဖက်ထားတာကြောင့်အံသေလို့သွားသည့်လက်နှစ်ဖက်ကိုဝမ်ရိပေါ်မနည်းပြန်ခွာယူလိုက်ရသည်။ ဆိုင်ကယ်ပေါ်ကဆင်းပြီးတော့ပထမဦးဆုံးလုပ်လိုက်သည်ကရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ပွေ့ဖက်လိုက်ခြင်းဖြစ်​၏။ဝမ်ရိပေါ်စိတ်ထဲကတဖွဖွရွတ်သည်။

*ဒီတစ်ယောက်လေးပဲရှိတာကိုမသေကောင်းမပျောက် ကောင်း*

"ခွေးပေါက်လေးလာ အချိန်မမီပဲနေဦးမယ်..."

ရှောင်းကျန့်က ဝမ်ရိပေါ်​၏ရင်ခွင်ထဲမှရုန်းထွက်လိုက်ကာ လက်ချင်းယှက်တွယ်ပြီးဆွဲခေါ်သွားသည်။ဆိုင်ကယ်ကိုယူချင်သည့်သူယူဆိုသည့်သဘောဖြင့်တွေ့သည့်နေရာ၌ သော့တန်းလန်းဖြင့်ချန်ထားခဲ့​၏။

သူတို့ရောက်ရှိနေတာ ရထားဂိတ်တစ်ခုဖြစ်​သည်။ဘေ ကျင်းကနေ ကျည်ဆန်ရထား (Bullet train) နဲ့ရှန်ဟိုင်းသို့သွားဖို့ လက်မှတ်ဖြတ်သည့်နေရာကိုဦးတည်လို့သွားနေတာဖြစ်​၏။

"နောက်ဆုံးရထားက ဘယ်အချိန်လဲ..."

"မနက်တစ်နာရီပါ..."

"လက်မှတ်ဘယ်နှစ်စောင်ကျန်သေးလဲ..."

"လေးယောက်ခန်း ငါးခုလောက်လွတ်နေပါသေးတယ်..."

အိပ်ရာများပင်ပါဝင်သည့်ကျည်ဆန်ရထားဖြစ်တာကြောင့် လေးယောက်တစ်ခန်းစနစ်ဖြစ်ရာ အနှောင့်အယှက်များကင်းပြီးလွတ်လွတ်လပ်လပ်နေရဖို့အတွက်လွတ်နေသည့်အခန်းတစ်ခုလုံးကို ရှောင်းကျန့်လက်မှတ်ဖြတ်လိုက်သည်။

ရထားဘူတာရုံကနာရီကိုကြည့်လိုက်တော့ ရထားထွက်မည့်အချိန်လိုသေးတာကြောင့် ဖိနပ်မပါသည့် ဝမ်ရိပေါ်​၏ခြေထောက်များကိုရှောင်းကျန့်ငုံ့ကြည့်လိုက်ပြီး...

"ဖိနပ်သွားဝယ်ရအောင် ခွေးပေါက်လေး..."

ဘူတာရုံထဲမှာရှိနေသည့် ၂၄ နာရီ စတိုးဆိုင်ထဲသို့နှစ်ယောက်သားဝင်လိုက်သည်။ရှောင်းကျန့်ကတွေ့ကရာကွင်းထိုးဖိနပ်တစ်ရံကိုယူလိုက်၍ သူစီးထားသည့် ဝမ်ရိပေါ်​၏ဖိနပ်များကို ပြန်ပေးလိုက်​၏။စတိုးဆိုင်ကရောင်းသည့် အိမ် ပေါ်စီးဖိနပ်သာသာ အရည်အသွေးသိပ်မကောင်းလှသည့် ကွင်းထိုးဖိနပ်များကသက်တောင့်သက်သာသိပ်မရှိသလို ဒီဇိုင်းကလည်းမလှတာကြောင့်...

"ရှောင်းကျန့်က ကျွန်တော့်ဖိနပ်ကိုပဲဆက်စီး...ကျွန်တော်ကအဲ့တာစီးလိုက်မယ်..."

ဝမ်ရိပေါ်ကိုယ်ကိုကိုင်းညွတ်ပြီးဖိနပ်ချင်းလဲဝတ်ပေးဖို့ပြင်လိုက်ပေမယ့် ရှောင်းကျန့်ကခြေတစ်လှမ်းအနောက်ဆုတ်လိုက်သည်။

"ခွေးပေါက်လေးက ကိုယ့်ဖိနပ်ကိုယ်ပြန်ယူ...ကိုယ်ကဒီဟာပဲစီးမယ် တော်ကြာခွေးပေါက်လေးခြေထောက်နာနေလိမ့်မယ်..."

"ရှောင်းကျန့် ခြေထောက်နာမှာစိုးလို့ကျွန်တော် ပြောနေတာကို..."

"ကိုယ်ကလည်း ခွေးပေါက်လေး ခြေထောက်နာမှာစိုးလို့ပြောနေတာပဲကို..."

ဘယ်လိုမှပြောလို့မရတာကြောင့် ဝမ်ရိပေါ်တိုက်စစ် ပြောင်း သည်။

"အဲ့ဖိနပ်က ဒီဇိုင်းလည်းမလှဘူး ရှိုးပဲ့လိမ့်မယ်နော် ရှောင်းကျန့်..."

"ရှိုးပဲ့လည်းကိစ္စမရှိဘူး ကိုယ်ရုပ်ခံနဲ့ထိန်းထားတယ်..."

ပြုံးစစနဲ့ပြောလာသည့်စကားတစ်ခွန်းကကမ္ဘာပေါ်ကအတော်ဆုံးရှေ့နေတွေတောင်ပြိုင်ငြင်းလို့မရသည့်အမှန်တရားကြီးဖြစ်နေတာကြောင့် ဝမ်ရိပေါ်ဆက်ပြီး ခေါင်းမမာနိုင်တော့ဘဲလိုက်လျောပေးလိုက်ရသည်။တကယ်လည်းရှောင်းကျန့်ကသူ့အတွက် ရှုမငြီး။

"ခွေးပေါက်လေး ဗိုက်ဆာလား ရထားပေါ်မှာစားဖို့ဘာဝယ်ချင်သေးလဲ..."

"ကျွန်တော်ရင်ပြည့်နေလို့ဗိုက်မဆာဘူး...ရှောင်းကျန့်ဗိုက်ဆာလို့လား..."

"ဟင့်အင်း ကိုယ်လည်း ရင်ပြည့်နေတယ်..."

လက်ချောင်းချင်းယှက်တွယ်ဆုပ်ကိုင်ထားရုံဖြင့်ဆာလောင်သည့်ခံစားချက်တွေကိုပင်မေ့လျော့လို့နေသည့် ဝမ်ရိပေါ်နှင့်ရှောင်းကျန့်က ရထားအလာကိုစောင့်နေလို့နေသည်။ဘာကြောင့်ရင်ပြည့်နေမှန်းလည်းရေရေရာရာမသိဘဲတစ်ယောက်ပုခုံးပေါ်တစ်ယောက်မှီကာ လောကကြီးကိုမေ့လျော့လို့နေတာဖြစ်​၏။

မကြာခင် ကျည်ဆန်ရထားကဘူတာသို့ဆိုက်လာပြီဖြစ်ရာ တခြားခရီးသည်များနည်းတူဝမ်ရိပေါ်နဲ့ရှောင်းကျန့်လည်း သူတို့တက်ရမည့်ရထားတွဲကိုရှာဖွေ၍ တက်သွားသည်။

ရထားကိုယ်ထည်အတွင်းမှာပင်အိပ်ခန်းများပါဝင် အောင်ဆောက်လုပ်ထားသည့်ဒီဇိုင်းမျိုးဖြစ်တာကြောင့်သူတို့လက်မှတ် ဝယ်ယူထားသည့် အခန်းရှိရာသို့လျှောက်သွားချိန်၌ လျှောက်လမ်းတစ်လျှောက်ကပ် ကပ်သပ်သပ်လျှောက်ရတာဖြစ်​၏။

အတူယှဉ်တွဲလျှောက်လို့မရတော့တာကြောင့်မတတ်သာဘဲ လက်တွဲခဏဖြုတ်လိုက်ရသည့်အခါ နှစ် ယောက်သား​၏မျက်နှာ၌ ဝမ်းနည်းရိပ်များကြီးစိုးသွား​သည်။ဝမ်ရိပေါ်ကအရှေ့ကလျှောက်နေရင်းစိတ်မဖြောင့်စွာရှောင်းကျန့်ကိုလှည့်ကြည့်လှည့်ကြည့် လုပ်သည်။ရှောင်းကျန့်ကလည်းအနောက်ကနေဝမ်ရိပေါ်​၏ကျောပြင်ကျယ်ကိုသာငေးစိုက်လာ​၏။

ချစ်သူလက်ကိုမကိုင်ဆွဲဘဲလျှောက်နေရသည့်လမ်းသည်အင်မတန်ရှည်လျားသည်။အရှေ့အနောက်နှစ်ထွာလောက်မျှသာ ကွာဝေးနေသော်လည်း နှစ်ဦးသားအတွက် မိုင်ပေါင်းကုဋေပင်ဖြစ်​၏။စိတ်ထဲကိုယ်စီဆုတောင်းမိကြသည်။လွမ်းနေရတဲ့အချိန်တွေကျော်လွန် ပါတော့။

"ဝုန်း...! "

"ခရီးသည်တို့အဆင်ပြေရဲ့လား..."

"ဒေါက်...ဒေါက်..."

"ဒေါက်...ဒေါက်..."

အပြင်ဘက်ကနေ ရထားဝန်ထမ်း​၏အခန်းတံခါးကိုအဆက်မပြတ်လာခေါက်ပြီးမေးနေသံကြောင့် အထဲမှဝမ်ရိပေါ်ကတံခါးဖွင့်ကာခေါင်းပြူကြည့်လိုက်သည်။ဝမ်ရိပေါ်​၏ညာဘက်ပါးပြင်ပေါ်ကထင်းနေသည့်အကွင်းလိုက်အရာတစ်ခုနှင့် နီရဲတွတ်သွေးစို့နေသည့်အောက်နှုတ်ခမ်းထောင့်ကို ရထားဝန်ထမ်းလေးမြင်မိပြီးအင်မတန်စိုးရိမ်သည့်ဟန်ဖြင့်...

"အဆင်ပြေရဲ့လားခင်ဗျ...ကျွန်တော်ခရီးသည်တို့ရဲ့အိပ်ခန်းအရှေ့ကဖြတ်လျှောက်နေရင်း ဝုန်းဆ်ိုတဲ့အသံကြားမိလိုက်လို့ပါ..."

ဝမ်ရိပေါ်ပွယောင်းလို့နေသည့်သူ့ဆံပင်များကိုလက်နဲ့တစ်ချက်နှစ်ချက်သပ်တင်လိုက်ပြီးနောက်...

"ငါကအဆင်ပြေတယ်...ကိုယ့်ဟာကိုယ်အေးဆေးမနေတတ်တဲ့မင်းကတော့ ငါ့မျက်လုံးထဲမှာသိပ်အ ဆင်မပြေဘူး..."

"တောင်းပန်ပါတယ်ခင်ဗျ...ခရီးသည်တို့အဆင်ပြေတယ်ဆိုတာသိရပြီးပြီဖြစ်လို့ သွားခွင့်ပြုပါဦး..."

တစ်ကိုယ်လုံးကြက်သီးတွေထသွားသကဲ့သို့ဖြစ်စေသည့် ဝမ်ရိပေါ်​၏အကြည့်များကြောင့်ရထားဝန်ထမ်းလေး အ​ဝေးတစ်နေရာသို့ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။ထိုရထားဝန်ထမ်းထွက်သွားသည့်နှင့်ဝမ်ရိပေါ်က တံခါးကိုဂျက်ပြန်ချလိုက်သည်။

အခန်းတံခါးကို ဝမ်ရိပေါ်ကျောမှီကာ အကိုက်ခံထားရတာကြောင့်စပ်ဖျဉ်းဖျဉ်းဖြစ်လို့နေသည့်ပါးပြင်ကိုစမ်း ၍ကိုင်လိုက်သည်။

နမ်းနေကြစဉ်အားပါပြီးအခန်းတံခါးဘက်ကိုဆောင့်တွန်းခြင်းခံခဲ့ရတာကြောင့်ကျောပြင်နေရာကလည်းအောင့်သက်သက်။ အပြင်ဘက်ကရထားဝန်ထမ်းပင်"ဝုန်း"ဆိုတဲ့အသံကြောင့်တံခါးလာခေါက်ခဲ့ရသည့် အရှိန်ကပေါ့သေးသေးတော့မဟုတ်ခဲ့။တရားခံကိုကြည့်လိုက်တော့ဘာမှမဖြစ်ခဲ့သည့်အတိုင်းအေးရာအေးကြောင်း။

ဖိနပ်ချွတ်ပြီးအိပ်ရာဝင်ဖို့ပြင်နေပြီဖြစ်သည့်ရှောင်းကျန့်ဆီသို့ဝမ်ရိပေါ်လျှောက်သွားလိုက်သည်။ရှောင်းကျန့်ကအိပ်ရာထက်ပက်လက်လှန်လှဲချလိုက်ပြီး လက်မောင်းတစ်ဖက်ကို ဆန့်တန်းကာ ဝမ်ရိပေါ်ကိုမေးဆတ်ပြသည်။ဆိုလိုချင်သည်ကသူ့လက်မောင်းပေါ်ခေါင်းအုံးပါဆိုသည့်သဘော။

"နေရာတွေများ နည်းနည်းလွဲနေသလားလို့..."

ဝမ်ရိပေါ်ရယ်စစဖြင့် ဘေးတွင်ဝင်အိပ်၍ရှောင်းကျန့်​၏ဆန့်တန်းထားသောလက်တစ်ဖက်ကိုနေရာပြန်ရွှေ့လိုက်ကာ သူ့လက်မောင်းကို ရှောင်းကျန့်​၏ခေါင်းအောက်ထဲသို့လျှိုသွင်းလိုက်သည်။

အဖြစ်သဘောပြုလုပ်ထားသည့် နှစ်ထပ်အိပ်ကုတင်များက အရမ်းကြီးတောင့်တင်းမှုမရှိတာကြောင့် ဝမ်ရိပေါ်ပါဝင်အိပ်လိုက်သည့်အခါ နှစ်ယောက်ပေါင်းကိုယ်အလေးချိန်ဖြင့် အိပ်ရာကညွတ်ကနဲဖြစ်လို့သွားသည်။ လှုပ်လို့မရပြုလို့မရကျဉ်းကျပ်လှသည့်အခြေအနေမျိုး၌နှစ်ယောက်သားကပ်ကပ်သပ်သပ်မရမကအိပ်နေရင်း ဘယ်လိုမှအဆင်မပြေတော့သည့်အခါမှာတော့...

"ကျွန်တော် ဟိုဘက်ကုတင်သွားအိပ်ပေးရမလား..."

ဝမ်ရိပေါ်​၏အမေးကို ရှောင်းကျန့်ကတုံ့ဆိုင်းမှုမရှိခေါင်းညိတ်ပြလိုက်တော့ဘယ်ဘက်အခြမ်းမှာရှိသည့် ကုတင်ဆီသို့ဝမ်ရိပေါ်ရောက်ရှိသွားသည်။တစ်ယောက်တစ်ကုတင်ဆီဖြစ်သွားသည့်တိုင်နှစ်ဦးသားမျက် နှာချင်းဆိုင်အနေအထားဖြင့်ဘေးစောင်းနေလိုက်​၏။ကုတင်အစွန်းလေးတွေမှာ အိပ်လို့နေကာတစ်ယောက်နဲ့တစ်ယောက်ချိုမြိန်စွာစိုက်ကြည့်နေကြရင်း...

"ကျွန်တော် ရှောင်းကျန့်နဲ့ အသားချင်းထိထားချင်တယ်..."

ဆန့်တန်းပေးလာသည့်လက်တစ်ဖက်ကိုရှောင်းကျန့်ညင်သာစွာပြန်လည်ဆုပ်ကိုင်လိုက်သည်။အပြုံးတစ်ခုဖြင့် ဝမ်ရိပေါ်​၏လက်ဆစ်များကိုလက်မနဲ့ဖွဖွလေးပွတ်သပ်ပေးကာ...

"အဲ့တာဆိုကိုယ်တို့ပြန်အဆင်ပြေသွားပြီလား..."

"အစကတည်းက ရှောင်းကျန့်ကို ကျွန်တော်စိတ်မဆိုးခဲ့ပါဘူး..."

"စိတ်မဆိုးခဲ့ပေလို့ပဲ...တကယ်ကြီးသာစိတ်ဆိုးခဲ့ရင်ကိုယ်မွန်းကြပ်ပြီးသေတောင်သေသွားမလားပဲ..."

ရှောင်းကျန့်ကတစ်ကိုယ်သာကြားနိုင်သည့်ရယ်စစလေသံလေးဖြင့်ပြောတာကြောင့်ဝမ်ရိပေါ်သေသေချာချာမကြား။

"ဘာပြောတာလဲဟင်..."

ရှောင်းကျန့်ခေါင်းခါပြသည်။

"ဘာမှမဟုတ်ပါဘူး..."

"တောင်းပန်ပါတယ် ရှောင်းကျန့်..."

"ဘာကိုလဲ ခွေးပေါက်လေး..."

"စစပြန်တွေ့ချင်းမှာ ဝိုင်နဲ့ပက်ခဲ့မိလို့ ပြီးတော့နောက်တစ်ရက်မှာရှောင်းကျန့်ကို လက်သီးနဲ့ထိုးလိုက်မိလို့...အဲ့နေ့ကကျွန်တော်သေချာချိန်ထားပြီးမှ ထိုးတာကိုရှောင်းကျန့်ကဘာလို့မရှောင်ခဲ့တာလဲ..."

"ထိုးရက်လိမ့်မယ်လို့ ကိုယ်မှမထင်ခဲ့တာ..."

ဝမ်ရိပေါ်မျက်ဝန်းထဲမှာ မျက်ရည်များဝေ့သီလာရင်း...

​"တကယ်ကိုတောင်းပန်ပါတယ်..."

"အာရား အဲ့လောက်လေးကတော့ ကိုယ်ဘာမှမဖြစ်ပါဘူး...မျက်ရည်ထပ်မကျနဲ့နော်ကိုယ်ကငိုတတ်တဲ့ကလေးတွေကိုသိပ်ချစ်တာမဟုတ်ဘူး..."

"အ...အ...ခွေးပေါက်လေး...ကိုယ့်လက်..."

ဆုပ်ကိုင်ထားသည့်လက်ကိုပို၍တင်းကြပ်လိုက်တာကြောင့် ရှောင်းကျန့်​၏လက်ချောင်းများအနည်းငယ်နာကျင်လို့သွားရသည်။ဝမ်ရိပေါ်ကသူ့မျက်ဝန်းထဲကမျက်ရည်တွေကိုကြိုးစားပန်းစားမျက်တောင်ပုတ်ခတ်ဖယ်ရှားနေရင်း...

"မရဘူး အများကြီးချစ်...ကျွန်တော်ငိုတတ်လည်း ကျွန်တော့်ကိုပဲအများကြီးချစ်...သိပ်မချစ်ဘူးလို့မပြောနဲ့..."

"ဘာလေးလဲကွာ ခွေးပေါက်လေးရာ...တော်ရုံတန်ရုံပဲခြွေပါတော့..."

ရှောင်းကျန့်အသည်းယားလွန်းလို့ သူ့ကုတင်ကနေ တစ်ဖက်ကုတင်ဘက်သို့ချက်ချင်းသွားပြီး ဝမ်ရိပေါ်​၏ပါးကိုကိုက်ဆွဲပစ်တော့မည်အထိ။သို့သော်လည်း ပထမကိုက်ထားသည့်ပါးတစ်ဖက်တောင်အခုထက်ထိအရာမပျောက်သေးတာမြင်တော့ စိတ်ကိုပြန်ထိန်းလိုက်ရသည်။

နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအကြည့်တွေမခွာနိုင်ဖြစ်နေသော်လည်းအိပ်ချိန်တန်ပြီဖြစ်၍ လွန်ဆန်လို့မရသည့် ခန္ဓာကိုယ်​၏ဇီဝသဘောတရားကြောင့်မျက်လုံးများမှေးစင်းလာသည်။

"နှစ်ထပ်ကုတင်ရဲ့ ဟိုဘက်ဒီဘက်မှာ ဒီလိုအိပ်နေတဲ့ပုံစံကိုကြည့်ပြီး တက္ကသိုလ်ကအချိန်တွေကိုကျွန်တော် သတိပြန်ရတယ်...ရှောင်းကျန့်နဲ့အတူတူရှိခဲ့တဲ့စက္ကန့်တိုင်းက ကျွန်တော့်အတွက်တစ်သက်စာအမှတ်တရတွေပဲ..."

လေးပင်နေပြီဖြစ်သောအသံဖြင့်ပြောလာသည့် ဝမ်ရိပေါ်ကိုထောက်ခံသောအားဖြင့်ရှောင်းကျန့်မျက်လုံးများမှိတ်ထားရက်ပင်ခေါင်းညိတ်ပြသည်။ပြီးမှသူလည်းလေးပင်နေသည့်အသံဖြင့်...

"အင်း...တက္ကသိုလ်အကြောင်းပြောတော့ ကိုယ် မေ့ကိုတောင်သတိရမိတယ်..."

နားစည်ကိုအဖျားခတ်သွားသည့်စကားတစ်ခွန်းကြောင့်အိပ်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည့်ဝမ်ရိပေါ်​၏မျက်လုံးများပြန်ပွင့်လာသည်။ ရှောင်းကျန့်ကိုစူးရဲနေအောင်စိုက်ကြည့်လိုက်ပေမယ့် အိပ်ပျော်သွားပြီဖြစ်သည့်ရှောင်းကျန့်ကတော့မသိ။

ဝမ်ရိပေါ် သူ့ကုတင်ပေါ်မှချက်ချင်းဆင်းလာ၍ လက်ချင်းယှက်တွယ်ထားသည်ကိုအသာဖြုတ်လိုက်ပြီး ရှောင်းကျန့်​၏လက်ကို ကုတင်ပေါ်သို့ပြန်တင်ပေးလိုက်သည်။ထို့နောက်ရှောင်းကျန့်ကုတင်နားမတ်တပ်ရပ်၍နှစ်နှစ်ခြိုက်ခြိုက်ဖြစ်နေသည့်ရှောင်းကျန့်ကို ခါးထောက်ပြီးကြည့်သည်။

ဘာကိုသတိရတယ်။ရှောင်းကျန့်ကဘာကိုသတိရတာ။ဘယ်သူဘယ်ဝါဆိုတဲ့နာမည်ကြီးတောင်အတိအကျပါလာတဲ့ကိစ္စကိုနားကြားလွဲတာလို့တော့မပြောလိုက်နဲ့။ရှောင်းကျန့်အိပ်ပျော်ခါနီး တ'သွားတဲ့နာမည်ကသူ့နာမည်မဟုတ်ဘူး။

ဘာဖြစ်လို့လဲ။ဘာဖြစ်လို့လဲရှောင်းကျန့်။နှစ်ယောက် သားအတူရှိနေရက်​နဲ့တခြားလူတစ်ယောက်ရဲ့နာမည် ကဘာလို့ထွက်လာရတာလဲ။

ဝမ်ရိပေါ် ဒေါသထွက်လွန်း၍ လည်ပင်းကြောများပင် ထင်းလာသည်။ဒီမှာပဲမတ်တပ်ဆက်ရပ်နေရင်သူ့နာမည်ကိုပဲ တ'လို့နေရမည့်လုပ်ရပ်တစ်ခုကိုလုပ်မိမည်စိုး၍ လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး သူ့ကုတင်ရှိရာသို့ပြန်သွားကာရှောင်းကျန့် ရှိရာဘက်သို့မျက်နှာမူ၍ထိုင်လိုက်သည်။

ထိုင်မရ၊ ထမရ၊အိပ်မရဘဲအတွေးလွန်ပြီးရူးသွားအောင်လုပ်ခဲ့ပြီးမှ မှောက်ခုံအနေအထားနဲ့ချမ်းမြေ့စွာအိပ်မောကျနေသူကိုစိုက်ကြည့်ရင်း ဝမ်ရိပေါ်စိတ်ထဲတနုံ့နုံ့ဖြစ်လာခဲ့ရသည်မှာ ဘေကျင်းကနေ ရှန်ဟိုင်းသို့ဦးတည်နေသည့် လမ်းခရီးတစ်လျှောက်။


You are reading the story above: TeenFic.Net

#random