အပိုင်း(၂) Unicode

Background color
Font
Font size
Line height

ပထမဦးဆုံးကျောင်းတက်ရက်ဖြစ်၍နောက်ကျမှုမရှိစေရန် နှိုးစက်ပေးအိပ်စက်ခဲ့သည့်ဝမ်ရိပေါ်ကနှိုးစက်သံကြောင့်နိုးလာပြီးအိပ်ရာပေါ်မှဆင်းဖို့လုပ်လိုက်ပြီးနောက်အလန့်တကြားပင်သူ့ခြေထောက်များကိုရုတ်သိမ်းလိုက်မိသည်။

သူ့ခြေထောက်နဲ့တက်နင်းမိသည့် ကြမ်းပြင်ပေါ်ကအေးစက်စက်အရာကိုငုံ့ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်ပက်လက်လှန်ပြီးအိပ်ပျော် နေသည့်လူ​၏လက်မောင်းဖြစ်​၏။သူမတော်တဆတက်နင်းလိုက်သည့်ရှောင်းကျန့်​၏လက်မောင်းမှာနီရဲလို့သွားတာကြောင့် တောင်းပန်စကားဆိုဖို့လုပ်လိုက်ပေမယ့် တက်နင်းခံလို့ခံရမှန်းမသိသည့်ရှောင်းကျန့်ကဆက်အိပ်နေဆဲပင်ဖြစ်သည်။

မနေ့ညနေကဝတ်သွားသည့်အဝတ်အစားနဲ့ပဲဖြစ်ပြီး ဘယ်အချိန်ကတည်းပြန်ရောက်ခဲ့မှန်းမသိသည့်ရှောင်းကျန့်က မူးလာခဲ့ဟန်ရှိသည်။ ပုံပန်းသွင်ပြင်ကြောင့်မဟုတ်ဘဲ အရက်နံ့နည်းနည်းရနေတာကြောင့်ရိပ်စားမိလိုက်ခြင်းဖြစ်​၏။

လောလောဆယ်တော့ ဝမ်ရိပေါ်ဘာဆက်လုပ်ရမှန်းမသိ။ အိပ်ပျော်နေတဲ့သူနိုးလာတဲ့အထိစောင့်ရမှာလား။ ကျောင်းချိန်အမှီသွားဖို့ ကျော်ခွသွားရမှာလားဆိုတာဝေခွဲမရဖြစ်နေခြင်းဖြစ်​၏။

"အင်း..."

သူကံကောင်းပါသည်။ နှစ်မိနစ်လောက်အကြာမှာ ရှောင်းကျန့်က အကြောအချဉ်များဆန့်တန်းလိုက်ပြီးမျက်လုံးများဖွင့်လာသည်။မျက်နှာကြက်ကိုစိုက်ကြည့်နေပုံက မည်သည့်ကမ္ဘာ မည်သည့်ခုနှစ်ကိုရောက်ရှိနေလဲဆိုတာတွေးတောနေသည့်ပုံဖြစ်သည်။သူတက်နင်းမိသည့်လက်မောင်းကို လက်ချောင်းတွေနဲ့ပွတ်သပ်နေတော့ အပြစ်မကင်းသလိုခံစားရသေးသည်။အိပ်ရာနိုးမှ နာကျင်မှုကိုခံစားနေရဟန်ရှိ​၏။

"မင်္ဂလာ မနက်ခင်းပါ..."

သူ့နှုတ်ဆက်သံကြောင့် လှည့်ကြည့်လာသည့် ရှောင်းကျန့်က ကြမ်းပြင်ပေါ်မှလူးလဲထလာပြီး သူ့ကိုလည်းအပြုံးများဖောဖောသီသီဖြင့်နှုတ်ဆက်စကားပြန် ပြောသည်။ ရှုပ်ပွနေတဲ့ မီးခိုးရောင်ဆံပင်တွေကိုလည်းထိုးဖွပစ်လိုက်ဖို့မမေ့။

"ကျွန်တော့်ကျောင်းစာအုပ်တွေအတွက်စာကြည့်စားပွဲတစ်ဝက်ကိုယူလို့ရတယ်မလား..."

စာအုပ်များဖြင့်နေရာယူထားသည့်စာကြည့်စားပွဲကိုကြည့်ရင်းဝမ်ရိပေါ်ပြောလိုက်ခြင်းဖြစ်သည်။

"ရတယ် ရတယ် ယူသာယူ...တစ်ခုလုံးဆိုလည်းရတယ်..."

"အဲ့တာဆို အခု ရေချိုးခန်းကို ရှောင်းကျန့် အရင်သုံးမလား ကျွန်တော်အရင်သုံးရင်ရောအဆင်ပြေမလား ကျွန်တော်ရေချိုးတာသိပ်မကြာဘူး..."

"သုံး သုံး..."

စစတွေ့ချင်းတုန်းက ရုပ်တည်ကြီးနဲ့စိုက်ကြည့်ခဲ့တော့ တော်တော်ပေါင်းသင်းရခက်မည်ထင်ခဲ့သော်လည်း သူဘာပြောပြောခေါင်းညိတ်ပြီးအမြဲတမ်းပြုံးယောင်သန်းနေသည့် ရှောင်းကျန့်ကမျက်နှာချိုတဲ့အထဲမှာပါသည်။

ရေချိုးခန်းထဲ၌ ၂၅ မိနစ်လောက်အချိန်ယူခဲ့သည့်ဝမ်ရိပေါ်က ရေချိုးခန်းအပြင်သို့ပြန်ထွက်လာခဲ့သည်။ပြန်ထွက်လာတော့ ရှောင်းကျန့်ကို အိပ်ရာပေါ်၌ လှဲနေတာတွေ့လိုက်သည်။သူအဝတ်အစားများဝတ်ဆင်ပြီးကျောပိုးအိတ်ပြင်ပြီးသည့်အချိန်ထိတိုင် ရှောင်းကျန့်ကအိပ်ရာထက်မှ မထသေး။ ကျောင်းတက်ရမယ့်ပထမဦးဆုံးနေ့ကိုမေ့ပြီးပြန်အိပ်ပျော်သွားခြင်းလားမသိပေမယ့် အခန်းဖော်တွေအဖြစ်အချင်းချင်းသူ့ဘက်ကပင်...

"ရှောင်းကျန့်..."

"အင်း..."

ပြန်ဖြေသည့်အသံက လေးလေးပင်ပင်။

"ကျောင်းသွားဖို့စောင့်ရမလား..."

"သွားနှင့်ပါ..."

"အဲ့တာဆို ဖုန်းနံပါတ်ယူထားလို့ရလား မေဂျာတူ အတန်းတူ အခန်းဖော်တွေဆိုတော့ တစ်ခုခုဆိုဆက်သွယ်လို့ရအောင်..."

"ရတာပေါ့..."

"အဲ့တာဆိုရင် ရှောင်းကျန့်ရဲ့နံပါတ်လေးကျွန်တော့်ကိုပြောထား..."

"ခဏလေး..."

အိပ်ရာပေါ်မှကုန်းရုံးထလာသည့်ရှောင်းကျန့်က အိပ်ရာခင်းတွေ စောင်တွေကိုလှန်လှောပြီးတစ်စုံတစ်ခုကိုရှာနေဟန်ပြုသည်။မတွေ့တော့ ကုတင်အောက်ဘက်တွေကို ငုံ့ကြည့်ပြီးလက်တစ်ဖက်ထည့်စမ်းလို့နေ​၏။

အတန်ကြာတော့ ကုတင်အောက်ကနေလက်တစ်ဖက်နဲ့အတူ ဖုန်အနည်းငယ်တက်နေသည့်ဖုန်းတစ်လုံးပြန်ထွက်လာသည်။ရှောင်းကျန့်က ဖုန်းပေါ်ကဖုန်တွေကိုလက်နဲ့ခါလိုက်ပြီး ပါဝါခလုတ်ကိုဖွင့်လို့နေ​၏။ ဖုန်းမျက်နှာပြင်ကပွင့်မလာသည့်အခါ...

"ငါ့ဖုန်းအားမရှိတော့ဘူး..."

ဖုန်းကိုအသက်နဲ့တစ်ဂိုဏ်းတည်းထားကြသည့်ခေတ်မှာ ကိုယ့်ဖုန်းဘယ်ရောက်နေမှန်းမသိလို့ရှာနေခဲ့သည့်ရှောင်းကျန့်​၏နောက်ထပ်ပြောလာသည့်စကားတွေအတွက် ဝမ်ရိပေါ်မထူးဆန်းတော့။

"မင်းရဲ့ ဖုန်းနံပါတ်ကို ချရေးခဲ့...ငါဖုန်းအားသွင်းပြီးသွားရင် မင်းကို ငါ့ရဲ့နံပါတ်ပို့ပေးလိုက်မယ်...ငါ့ဖုန်းနံပါတ်ငါအလွတ်မရလို့..."

ပြောပြီးသည်နှင့် အိပ်ရာပေါ်တက်စောင်ကိုဆွဲခြုံ၍ ပြန်အိပ်သွားသည့်ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်သူ့ဖုန်းနံပါတ်ကို စာရွက်တစ်ခုပေါ်ချရေးကာ စာကြည့်စားပွဲပေါ်တင်ထားပေးခဲ့သည်။

ဝမ်ရိပေါ်အဆောင်အောက်ဆုံးထပ်သို့ရောက်တော့ အဆောင်မှူးက ဝမ်ရိပေါ်ဆီသို့လျှောက်လာကာ...

"ကျောင်းသား နေရထိုင်ရတာအဆင်ပြေတယ်မလား..."

"ပြေပါတယ်ခင်ဗျ...ဘာဖြစ်လို့လဲ..."

"ဘာ...ဘာမှမဖြစ်ပါဘူး..."

ဝမ်ရိပေါ်ကို မျက်နှာချင်းဆိုင်ဖို့ပင်အားနာနေဟန်ရှိသည့် အဆောင်မှူးက ထိုနေရာမှ ခပ်သုတ်သုတ်ထွက် သွားတော့သည်။အဆောင်မှူး​၏အပြုအမူကိုဝမ်ရိပေါ်နားမလည်ပေမယ့် အာရုံထဲထည့်မနေဘဲ သူတို့ရဲ့ကျောင်းသားဆောင်နဲ့လမ်းလျှောက်ရုံအကွာအဝေးသာရှိသည့် တက္ကသိုလ်ရှိရာသို့ခြေလှမ်းများကိုဦးတည်လိုက်သည်။
______________ _____________

ပထမဦးဆုံးရက်မှာတင် သင်ခန်းစာများစတင်သင်ကြားရသည်ဖြစ်ရာ နေ့လယ်စာစားချိန်၌ကန်တင်းတွင် နေ့လယ်စာဝယ်ဖို့တန်းစီစောင့်စားနေသည့် ဝမ်ရိပေါ်က သူ့နောက်ကျောမလုံသလိုခံစားနေရသည်။

သူသတိထားမိသလောက်တော့ သူဒီကန်တင်းထဲဝင်လာကတည်းကလူတွေ လှည့်ကြည့်နေကြတာဖြစ်ပြီး၊အချင်းချင်းလက်တို့ပြီးပြောနေကြတာဖြစ်သည်။ ပထမကတော့ တိုက်ဆိုင်မှုဟုထင်ခဲ့ပေမယ့် အခုတော့ လူတိုင်းလိုလိုသူ့ဘက်ကြည့်လိုက်ပြောလိုက်လုပ်နေသည့်အခါ စိတ်ထဲမသန့်မိတော့။ဘာအကြောင်းတွေပြောနေကြတာလဲမသိပေမယ့်သူ့နားထဲမှာ အင်္ဂလိပ်စာလုံးဖြစ်သည့် " Toxic " ဆိုတာကိုတော့ အမြဲလိုလိုကြားမိသည်။

သူမှာထားသည့်နေ့လယ်စာရတော့ ဝမ်ရိပေါ်နေရာတစ်ခုရွေးကာ ထိုင်လိုက်သည်။

"ငါလည်း ထိုင်လို့ရလား..."

သူဝင်ထိုင်လိုက်သည်နှင့်မရှေးမနှောင်းမှာပင် သူ့ရှေ့တွင်ကျောင်းသားတစ်ယောက်ဝင်ထိုင်သည်။ ထိုသူရဲ့နာမည်ကိုဝမ်ရိပေါ်မသိသော်လည်း ကျောင်းအပ်ချိန်၊ ကျောင်းစာအုပ်များဝယ်ချိန်များ၌ မျက်မှန်းတန်းခဲ့ဖူးပြီး Lecture အခန်းထဲမှာလည်း သူ့ရှေ့မှာထိုင်ခဲ့တာကြောင့်သိပ်စိမ်းနေတာတော့မဟုတ်။ပုံစံကြည့်ရတာတော့ သွက်သွက်လက်လက်ရှိပုံရသည်။

"ငါ့နာမည်က ချန်လင်း...မင်းနာမည်ကရော..."

"ဝမ်ရိပေါ်..."

"မင်းရဲ့နာရီက မိုက်လှချည်လား တော်တော်ဈေးကြီးမယ့်ပုံပဲ..."

"အဲ့လောက်မဟုတ်ပါဘူး..."

"သူငယ်ချင်းရပြီလား...မရသေးရင် ငါတို့သူငယ်ချင်းလုပ်ကြမလား မင်းကိုခဏခဏမျက်မှန်းတန်းဖူးတော့သူငယ်ချင်းလုပ်ချင်လာလို့..."

"ရတယ်လေ..."

တက္ကသိုလ်မှာသူ့ရဲ့ပထမဦးဆုံးသူငယ်ချင်းအဖြစ်သတ်မှတ်လို့ရနိုင်မည့် ချန်လင်းနဲ့အပြန်အလှန်မိတ်ဆက်ပြီးသည့်အခါ ဝမ်ရိပေါ်သူ့နေ့လယ်စာကိုတိတ်ဆိတ်စွာပင်စားလို့နေသည်။စားနေရင်း စိုက်ကြည့်ခံနေရတာကိုခံစားမိတာကြောင့် ကြည့်လိုက်တော့ အစားစားတာကိုရပ်ပြီးသူ့ကိုကြည့်နေသည့် ချန်လင်းကိုတွေ့သည်။

"ဘာဖြစ်လို့လဲ..."

"မင်းက အဆောင်မှာနေတာမလား..."

"အင်း..."

"unlucky number အခန်းနံပါတ် ၁၃ မှာနေတာဆို..."

သူ့အခန်းနံပါတ်အထိ ချန်လင်းကဘယ်လိုသိနေတာလဲဆိုတာ ဝမ်ရိပေါ်တွေးလိုက်မိပေမယ့်...

"အင်း..."

"မင်းရဲ့ အခန်းဖော်နဲ့အဆင်ပြေလား..."

"ပြေပါတယ် ဘာလို့လဲ..."

"အဆင်ပြေတယ် ဟုတ်လား...! "

သူ့အဖြေကြောင့်အထူးအဆန်းမျက်လုံးများပြူးကျယ်၍ပြောလာသည့် ချန်လင်းကိုဝမ်ရိပေါ်နားမလည်။

"ဘာဖြစ်လို့လဲ..."

"ဘာမှမဖြစ်ပါဘူး မင်းအဆင်ပြေတယ်ဆိုတော့အံ့ဩမိလို့ပါ...မင်းရဲ့အခန်းဖော်က ဒီတက္ကသိုလ်မှာနာမည် ကြီး..."

"ရှောင်းကျန့်ကိုပြောတာလား..."

"ရှူး...! တိုးတိုးပြောပါဟ ရိပေါ်ရ ဒီမှာသူ့ကိုဘယ်သူမှနာမည်အရင်းတပ်မခေါ်ကြဘူး သူ့အတွက်ပေးထားတဲ့ နာမည်ကသပ်သပ်ရှိတယ် Toxic တဲ့..."

"ဘာလို့အဲ့လိုပေးထားတာလဲ..."

"အရမ်းဆိုးလို့ပေါ့..."

"သူက အခုမှ ငါတို့နဲ့အတန်းတူ ပထမနှစ်ပဲကို..."

ဝမ်ရိပေါ်ပြောတော့ ချန်လင်းက အူလှိုက်သည်းလှိုက်ကိုရယ်သည်။

"အေး...လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သူက ပထမနှစ်ပဲ သူနဲ့တစ်နှစ်တည်းသမားတွေက စတုတ္ထနှစ် Final တောင်ရောက်နေပြီ...ပြီးတော့သူက သူနဲ့တစ်နှစ်တည်းသမားတွေထက်လည်း ၂ နှစ်ကြီးတယ်...အဲ့တာကြောင့် အခုလက်ရှိဒီတက္ကသိုလ်မှာ Toxic ထက်ကြီးတာဆိုလို့ ဆရာ ဆရာမတွေပဲရှိတယ်...ပထမနှစ်ကိုသုံးနှစ်ဆက်တိုက်ကျလာပြီး ဒီနှစ်ထပ်ကျရင်တော့ကျောင်းထွက်ရပြီပဲ..."

ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေသည့်အကြောင်းအရာများကို ဝမ်ရိပေါ်ကစကားထောက်သည့်အနေဖြင့်...

"မင်းက အဲ့အကြောင်းတွေကို ဘယ်လိုသိတာလဲ..."

"ငါ့အစ်မပြောပြတာလေ...ငါ့အစ်မနာမည်က မေလင်း...သူကပြီးခဲ့တဲ့နှစ်တုန်းက ဘွဲ့ရပြီးတော့ အခုကျောင်းစာကြည့်တိုက်မှာအချိန်ပိုင်းဝင်လုပ်နေတယ်...ငါ့အစ်မက Toxic တို့ batch ရဲ့အရှေ့တစ်နှစ်ကစီနီယာ ဒါပေမယ့် ငါ့အစ်မက Toxic ထက်တစ်နှစ်တောင်ပိုငယ်တယ်..."

"အထက်တန်းကျောင်းမှာကျောင်း ၂ နှစ်နားခဲ့ရသေးတဲ့ Toxic က ပထမနှစ်ရောက်တဲ့အချိန်မှာအသက် ၂၀ ရှိနေပြီး တတိယနှစ်တွေနဲ့ အသက်ကတူတူဖြစ်နေပြီ...အဲ့တာကြောင့် မင်းရဲ့အခန်းဖော်ကြီးကငါတို့ထက်ခြောက်နှစ်လောက်ပိုကြီးတယ်...ပြီးတော့သူကတကယ့်ကို ဖိုက်တာ..."

"ဘယ်လိုဖိုက်တာလဲ..."

"သူ့ကို ဒီတက္ကသိုလ်ကလူတွေပဲမထိရဲတာမဟုတ်ဘဲ တခြားတက္ကသိုလ်ကကောင်တွေလည်းမထိရဲဘူး..."

ဒါတော့ ဝမ်ရိပေါ်မယုံချင်။ ရှောင်းကျန့်ရဲ့ပုံကအရပ်ရှည်တာကလွဲလို့ခန္ဓာကိုယ်သိပ်တောင့်သည့်အထဲလည်းမပါဝင်သောကြောင့်ဖြစ်​၏။ လူတွေပုံကြီးချဲ့တာဖြစ်ကောင်းဖြစ်နိုင်သည်။ သူလေ့လာရသလောက် ရှောင်းကျန့်ကမျက်နှာချိုပြီး သူများကိုနှောင့်ယှက်ခြင်းမရှိဘဲ သူ့ဟာသူနေတာဖြစ်သည်။ သဘောဆိုးသည့်အထဲမှာလည်းမပါ။

"ရှောင်းကျန့်က သူ့ဟာသူနေတာပါ..."

"သူစိတ်ကောင်းဝင်နေလို့ဖြစ်မှာပေါ့ ငါ့အစ်မပြောပုံအရတော့ တော်တော်ဆိုးတာ...ဒီလောက်အခန်းတစ်ခုရဖို့ခက်ခဲတဲ့ ကျောင်းသားဆောင်မှာ မင်းရဲ့အခန်းဖော်ကြီးက လေးယောက်ခန်းကိုတစ်ယောက်တည်းနေရတယ် ဆိုတော့ မင်းလည်းတွေးကြည့်ပေါ့...ငါတော့မတွေ့ဖူးပေမယ့် အရင်ကမင်းတို့အဆောင်ရဲ့အရှေ့မှာလူတစ်ရပ်စာအလှရုပ်ထုတစ်ခုရှိတယ်တဲ့အဲ့တာလည်း သူ့လက်ချက်နဲ့ကြေမွသွားလို့ အဆောင်မှူးကအဲ့နားမှာ ပန်းတွေပဲပြန်စိုက်ထားရတယ်လို့ကြားတယ်...ပြီးတော့ သူက..."

ချန်လင်းက ကိုယ်ကိုကိုင်းညွှတ်လိုက်ကာ ဝမ်ရိပေါ်​၏ နား နားသို့တိုးကပ်သွားပြီး လေသံလေးဖြင့်ပြောလိုက်သည်။

"သူက ဆေးလည်းသုံးသေးတယ်တဲ့ ငါပြောတာနားလည်တယ်မလား...ရိုးရိုးဆေးလိပ်မဟုတ်ဘူးလေ..."

တစ်ပါးသူအကြောင်းပြောလို့ဝသွားသည့် ချန်လင်းက နေရာမှာပြန်ပြီး နေ့လယ်စာစားနေသည့်အခါ ဝမ်ရိပေါ်လည်း သူ့အစားအသောက်များကိုဆက်စားနေ​၏။မွှေးပျံ့လွန်းလှသည့် ရှောင်းကျန့်​၏ ဂုဏ်သတင်းများအကြောင်းကို တွေးနေမိရင်း ဖုန်းထဲဝင်လာသည့် မက်ဆေ့ချ်တစ်ခုကြောင့်ဖုန်းကိုယူကြည့်လိုက်သည်။

"xxxxx ဒါ က ငါ့ရဲ့ ဖုန်းနံပါတ်..."

တိုတိုရှင်းရှင်းစာတစ်စောင်နဲ့အတူ မနက်တုန်းကဖုန်းအားသွင်းပြီးရင်စာပို့လိုက်မည်ဆိုသည့်စကားတစ်ခွန်းကိုတည်လိုက်သည့်ရှောင်းကျန့်က Toxic ဟူ၍လူတွေနာမည်ပေးရလောက်သည်အထိ အရမ်းကြီးလည်းမဆိုးပါဘူးလို့တွေးလိုက်မိသည်။

တကယ်တော့ အဲ့ဒီ အတွေးစ တစ်ခုက သူ့ဘဝရဲ့ပထမဦးဆုံးအမှားဆိုတာမသိခဲ့မိဘူး။


You are reading the story above: TeenFic.Net

#random