အပိုင်း (၁၈) Unicode

Background color
Font
Font size
Line height

ဘေကျင်းမြို့​​၏ လူကုံထံအသိုင်းအဝိုင်းများနေထိုင်ရာ အိမ်ဆောင်ဝန်းများ။

"ရိပေါ် ပြန်မရောက်သေးဘူးလား..."

သုံးထပ်အိမ်ဆောင်ကြီး​၏ ဒုတိယထပ်၌တည်ရှိသော စာကြည့်ခန်းထဲ၌ အစီရင်ခံစာများနှင့်နှစ်ချုပ်စာရင်းများထိုင်စစ်နေသည့် ဝမ်မင်ရီက ကော်ဖီဗန်းလာပို့ သော ဇနီးဖြစ်သူ လီလီကိုမေးလိုက်သည်။ လီလီက သူ့လက်ထဲက ကြွေဗန်းကို စားပွဲပေါ်သို့ချလိုက်သည်။ လီလီ​၏မျက်နှာကတင်းမာနေပြီး ကြည်လင်မှုမရှိ။

"မရောက်သေးဘူး မနေ့ညကတည်းက အခုထိ..."

ဝမ်မင်ရီ သက်ပြင်းတစ်ချက်ကို ကော်ဖီတစ်ငုံဖြင့်မျှောချလိုက်သည်။ သူ့ယောကျာ်းဖြစ်သူ​၏အေးဆေးနေမှုကို အားမလိုအားမရဖြစ်မိသည့် လီလီက...

"ရိပေါ်ကို ရှင်ဒီတိုင်းပဲလွှတ်ထားတော့မှာလား...အနည် ထိုင်တဲ့အထိစောင့်ကြည့်ပါလို့ ပြောခဲ့တာ ဘယ်နှစ်နှစ် ရှိနေပြီလဲ...အချိန်တန်ရင်ဆိုပေမယ့် အချိန်ကရောဘယ်တော့တန်မှာလဲ...ရှင်လည်းဖခင်ဆိုတာမှန်ပေမယ့် ကိုယ့်ဝမ်းနဲ့လွယ်မွေးထားရတဲ့ ကျွန်မတို့လိုမိခင် တွေက ပိုခံစားရတယ်ဆိုတာသိတယ်မလား..."

ပြောနေရင်းမျက်ရည်တွေဝဲတက်လာသည့်ဇနီးဖြစ်သူကြောင့် ဝမ်မင်ရီစာကြည့်မျက်မှန်ကိုစားပွဲပေါ်ချလိုက်ပြီး ခုံမှထ၍ ဇနီးဖြစ်သူကိုပွေ့ဖက်လိုက်သည်။

"ကျွန်မတို့တော်တော်လိုသွားတယ်...တက္ကသိုလ်စတက်ရမယ့်လူငယ်တစ်ယောက်ကို ကြီးကြပ်မှုမရှိဘဲ ဒီတိုင်းလွှတ်ထားပေးခဲ့မိတာ..."

ပွေ့ဖက်ထားရင်းနှင့်ပင် ငိုရင်းရှိုက်ရင်းပြောနေသည့်လီလီကို ဝမ်မင်ရီက အငိုတိတ်တဲ့အထိစောင့်ကာစိတ်တည်ငြိမ်မှ မျက်ရည်စတွေသုတ်ပေးလိုက်ပြီး...

"ကြိုအိပ်နှင့်တော့...လုပ်လက်စတွေပြီးရင်လာခဲ့မယ်..."

လီလီက စာကြည့်ခန်းထဲမှထွက်မသွားခင် ခင်ပွန်းဖြစ် သူကို ပြန်လှည့်ကြည့်၍...

"တကယ်လို့ ရှင် ပြန်ပြီးလမ်းမတည့်ပေးနိုင်ရင် ကျွန်မ နည်းလမ်းနဲ့ကျွန်မစီစဉ်မယ်..."

ဝမ်မင်ရီ လုပ်လက်စအလုပ်ကိုဆက်လုပ်သည်။ဒီညနေမှ နိုင်ငံခြားအလုပ်ခရီးမှပြန်ရောက်လာသည်ဖြစ်၍ လုပ်ငန်းစုတစ်ခုလုံးကိုဦးစီးသည့်သူ့အနေနဲ့တစ်ပတ် စာလုပ်စရာတွေက များပြားနေတာဖြစ်သည်။မျက်ရိုးများပင်ကိုက်လာသည်ကြောင့်မျက်မှန်ကိုခေတ္တချွတ်၍အနားပေးရသည်။

တကယ် ဆိုရင် ဒီနေ့၊ဒီအချိန်၊ဒီနေရာ၊သူ့ထိုင်ခုံမှာထိုင်နေရမည့် လူက သူ့သားဖြစ်သူ ဝမ်ရိပေါ်သာဖြစ်သည်။

ဝမ်မင်ရီ လက်မှတ်ထိုးစရာများကိုအပြတ်ဖြတ်၍ နောက်ဆုံးလက်ကျန်ကော်ဖီကိုသောက်လိုက်ပြီး တိုင်ကပ်နာရီကိုမော့ကြည့်လိုက်တော့ ညသန်းခေါင်ရောက်လုနီးဖြစ်သည်။ စာရွက်စာတမ်းတွေရော၊ လက်တော့ပ်ကိုပါပိတ်လိုက်ပြီဖြစ်သည့်ဝမ်မင်ရီက ဒုတိယထပ်ကနေ အောက်ဆုံးထပ်ကိုဆင်းလာသည်။

၂၄ နာရီ လုပ်ကိုင်ပေးမည့် အလုပ်သမားတွေရှိသော် လည်း ကိုယ်တိုင်ကိုယ်ကျ ကော်ဖီတစ်ခွက်ထပ် ဖျော် လိုက်ကာ ဧည့်ခန်းထဲက ခန့်ညားလှသည့် ဆိုဖာခုံများတွင်ဝင်ထိုင်ရင်း အခုထက်ထိဖွင့်ထားဆဲဖြစ်သည့်အိမ်ရှေ့အဝင်တံခါးဘက်ကိုမျက်နှာမူရင်းစောင့်ဆိုင်းလို့နေသည်။အိပ်ချင်နေပြီဖြစ်သော်လည်း သားဖြစ်သူနှင့်ဆုံပြီးစကားပြောဖို့ကော်ဖီသောက်ရင်းစောင့်နေခြင်းဖြစ်​၏။

မကြာခင် ဆိုင်ကယ်စက်သံတစ်ခုကိုသဲ့သဲ့ကြားလိုက်ရပြီး ဆိုင်ကယ်မီးရောင်ကိုရိုးတိုးရိပ်တိပ်မြင်လိုက်ရသည်။ ဆိုင်ကယ်ဦးထုပ်ကိုချွတ်ရင်း ဧည့်ခန်းထဲဖြတ်လျှောက်သွားသည့်သားဖြစ်သူကို ဝမ်မင်ရီက...

"စားပြီးပြီလား ရိပေါ်..."

"အင်း" တစ်လုံးတည်းပြော၍ လှေကားဘက်လျှောက်သွားသည့် ဝမ်ရိပေါ်ကြောင့်ဝမ်မင်ရီဘာမှဆက်မပြောဖြစ်တော့။ဖုန်တစ်စက်မရှိအောင်ပြောင်လက်ရှင်းသန့်နေသည့် ကြွေကြမ်းပြင်ထက်တစ်စက်နှစ်စက်စွန်းထင်းလို့သွားသည့် သွေးစတို့​၏ မြစ်ဖျားခံရာကိုလှမ်းကြည့်လိုက်တော့ ပေါက်ပြဲနေသည့်လက်ဆစ်နေရာများကိုတွေ့သည်။

လက်ဆစ်နေရာမှစီးကျလာတာမဟုတ်သည့်အရာများက လက်ဖျံသို့မဟုတ် တံတောင်ဆစ်နေရာတွေကဖြစ်နိုင်မှန်းသိသော်လည်း လည်သာဂျတ်ကတ်ဖုံးထားသည်ဖြစ်၍မတွေ့ရ၊ မမြင်ရ။

ဝမ်မင်ရီ သက်ပြင်းအရှည်ကြီးချလိုက်သည်။ ကိုယ့်

တစ်ဦးတည်းသောသားဖြစ်သူကိုဒီလိုပုံမျိုးနဲ့မြင်ရသည်ကိုဘယ်မိဘမှ နှစ်သက်မည်မဟုတ်။သူ့ဇနီးပြောသလို သူတို့လင်မယားနှစ်ယောက်တကယ်လိုသွားခဲ့သည်။

မူကြိုတက်ကတည်းက အထက်တန်းထိကိုယ်တိုင်ကိုယ်ကျကြီးကြပ်ခဲ့ပေမယ့်၊ ကိုယ့်ကိုကိုယ်ထိန်းနိုင်သည့်ရိပေါ်​၏ တောင်းဆိုချက်ကိုလိုက်လျော၍တက္ကသိုလ်အချိန်ကာလကို ရိုးရိုးသာမန်ကျောင်းသားများကဲ့သို့ ထိန်းချုပ်မှုမရှိဖြတ်သန်းဖို့ ခွင့်ပြုမိခဲ့သည်။ကျောင်းအပ်ခြင်းမှအစ၊ အဆောင်ငှားရမ်းသည့်ကိစ္စထိလိုက်ဝင်စွက်ဖက်ခြင်းတစ်ခုမှမရှိခဲ့။

ပထမနှစ်ပြီးလို့ အိမ်ပြန်လာသည့် ရိပေါ်က ဒုတိယနှစ် ပြန်တက်ဖို့ တစ်လလောက်အလိုမှာ အရယ်အပြုံးသိပ်မရှိတော့တာကိုသတိထားရိပ်စားမိခဲ့ပေမယ့် အလုပ်ကိစ္စတွေကြောင့်လင်မယားနှစ်ယောက်စလုံး မအားမလပ်သည့်အခါသိပ်ပြီးနက်နက်နဲနဲမတွေးဖြစ်ခဲ့ကြတာလည်းပါသည်။ပြီးတော့ ဒုတိယနှစ်တက်နေတဲ့တစ်လျှောက်လုံးမည်သည့်အသံတစ်စုံတစ်ရာမှမကြားရတာကြောင့်မေ့မေ့ ပျောက်ပျောက်ရှိခဲ့ကြသည်။

တစ်ရက်မနက်ပိုင်းဧည့်ခံပွဲတစ်ခုကိုတက်ရောက်ပြီးပြန်ရောက်လို့လာသည့်သူတို့လင်မယားကဧည့်ခန်းမှာထိုင်နေရင်း အိမ်ထဲသို့ဝင်လာသည့်ရိပေါ်ကိုတွေ့တာကြောင့် အံ့ဩမိလို့သွားသည်။ကိုယ့်အိမ်ကိုယ်ပြန်လာတာ အံ့ဩစရာမရှိပေမယ့်၊ဒုတိယနှစ်စာမေးပွဲဖြေနေရသည့်နောက်ဆုံးရက်မှာရိပေါ်ပြန်ရောက်လာခြင်းဖြစ်သည်။

ဧည့်ခန်းထဲမှာရှိနေသည့်မိဘနှစ်ပါးကို မမြင်တာလား၊တမင်တကာမမြင်ချင်ယောင်တာလားမသိသည့်ရိပေါ် ကို သူ့ခေါ်လိုက်တော့ သူ့ကိုပြန်ကြည့်လိုက်သည့်မျက်သားနီနီမျက်ဝန်းတွေကိုဖခင်တစ်ယောက်အနေနဲ့တစ်သက် မေ့နိုင်မည်မဟုတ်။စာမေးပွဲမဖြေနိုင်လို့များလားလို့ထင်ပြီး သူ့ဇနီးဖြစ်သူလီလီကလည်းအကျိုးအကြောင်းမေးလိုက်တော့...

"နောက်တစ်တန်းကိုရောက်အောင်လုပ်ပေးမယ့် စာ မေးပွဲကိုမဖြေတော့ရောဘာအကြောင်းလဲ...! "

"ဒုတိယနှစ်ရောက်လို့ကျောင်းပြန်ဖွင့်ရင် ပြန်ဆုံမယ်လို့ပြောခဲ့ပြီးမှ နောက်ဆုံးစာမေးပွဲဖြေတဲ့နေ့အထိ ပေါ်မလာခဲ့တာကရော ဘာအကြောင်းကြောင့်လဲ...! "

"ကြားထဲမှာအဆက်အသွယ်ပြတ်သွားလည်း ဒုတိယနှစ်မှာပြန်ဆုံမယ်လို့ပြောခဲ့တဲ့လူကို ဒုတိယနှစ်ကုန်တဲ့အထိ စောင့်နေခဲ့တဲ့ ကျွန်တော်ကဘယ်လိုအရူးမျိုးလဲ...! "

"တက်တူးကို လေဆာနဲ့ကြိုက်တဲ့အချိန်ဖျောက်ပစ်လို့ရတဲ့ခေတ်မှာ တက်တူးထိုးပြခဲ့တာကိုတစ်ဘဝစာလို့ထင်ခဲ့မိတဲ့ကျွန်တော်က တကယ်တော့ $ ရူး...!!! "

တစ်သက်နဲ့တစ်ကိုယ် မိဘတွေကို လေသံမာမာနဲ့တောင်ပြောခဲ့ခြင်းမျိုးမရှိသည့် သားဖြစ်သူက အသံကုန်ဟစ်၍သူတို့နားမလည်သည့်စကားတွေကိုအော်ပြောခဲ့သည့်အခါ လင်မယားနှစ်ယောက်စလုံးဘာမှပြန်မပြောနိုင်အောင်ဆွံ့အမိခဲ့သည်။

အဲ့ဒီနေ့က ဖြစ်ရပ်ကိုသူတို့သေတဲ့ထိတောင်မေ့မည်မထင်။

မျက်ရည်တွေစီးကျရင်းစားသောက်ခန်းဘက်ဝင်သွားသည့် ရိပေါ်က လက်ထဲမှာ စတီးဓားတစ်ခုကိုကိုင်ဆွဲပြီး အပေါ်ထပ်သို့တက်သွားတာကို မြင်လိုက်သည့် အလုပ်သမားတွေက သူတို့ဆီပြေးလာပြီးလာပြောသည့်အခါ လင်မယားနှစ်ယောက်လုံးထိတ်ပြာပြီး ရိပေါ်အခန်းရှိရာ တတိယထပ်ကိုအပြေးလိုက်တက် သွားသည်။

အတွင်းကလော့ခ်ချထားသည့် အခန်းတံခါးကိုသူတို့လွယ်လွယ်နဲ့ဖွင့်လို့မရ။ ခေတ်လူငယ်ဖြစ်တာကြောင့် ရိုးရိုးသာမန်လော့ခ်နဲ့မဟုတ်ဘဲ ဒီဂျစ်တယ်စနစ်နဲ့တပ်ဆင်ပေးထားခဲ့မိသည့် လော့ခ်ကြောင့်တံခါးသော့ကိုရိုက်ဖျက်ဖို့ အင်မတန်ခက်ခဲခဲ့ကြသည်။

ရှိသမျှလူအင်အား နည်းလမ်းပေါင်းစုံဖြင့် တံခါးကိုဖျက်ဝင်လို့ရ သွားသည့်အခါ အိပ်ရာထက်ရှိမနေသည့် ရိပေါ်ကြောင့် ရေချိုးခန်းဘက်ကိုသွားစစ်ဆေးကြည့်တော့ အထဲမှာရေသံတွေကြားနေရသည့်အခါလော့ခ်ချထားသည့် ရေချိုးခန်းတံခါးကိုလည်း ချိုးဖျက်ခဲ့ရသည်။

​ရေချိုးခန်းထဲခြေချမိသည်နှင့် ခြေဖဝါးကိုလာရောက်ထိတွေ့မိသည့်အရာတွေက။

သွေးတွေလား၊ရေတွေလားတောင် မသဲကွဲအောင် ခြင်းခြင်းနီနေသည့်အရည်တွေကခန်းလုံးပြည့်စီးနေတာတွေ့သည်။ပြီးတော့ရိပေါ်ရဲ့ညာဘက်လက်မှာဆုပ်ကိုင်ထားသည့် စတီးဓားတစ်ချောင်းနဲ့ ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ကနက်နက်နဲနဲပြတ်ရှရာတစ်ခု။ရိပေါ်ကဒီအတောအတွင်း ဘာတွေဘယ်လောက်များကြိတ်မှိတ်ခံစားခဲ့ရလို့လဲ။

သားဇောကြောင့် တခြားအလုပ်သမားတွေရဲ့အကူအညီတောင်မယူဘဲ သူကိုယ်တိုင်ခေါ်ထုတ်လာခဲ့၍နီးစပ်ရာဆေးရုံတစ်ခုကိုရောက်လာခဲ့သည်။ ကိုယ့်အသက်အန္တရာယ်ကိုပြန်ပြီးရန်ရှာခဲ့သည့် လုပ်ရပ်ရဲ့ မူလဇာစ်မြစ်ကို သူရေရေရာရာမသိရသေးခဲ့ပေမယ့် အဲ့ဒီအရွယ်မှာ မိုက်ရူးရဲဆန်တဲ့လုပ်ရပ်တွေရဲ့အကြောင်းအရင်းတော်တော်များများက နှလုံးသားရေးရာကြောင့်ဖြစ်သည်ဟုသူအတပ်သိနေခဲ့သည်။

ထို့ကြောင့် သူ့သားကိုဒီအခြေအနေအထိဖြစ်အောင်လုပ်ခဲ့သည့် ဘယ်သူကိုမဆိုအရှင်မထားဖို့ထိတောင်ကြံရွယ်ခဲ့တာကြောင့် အသက်လုပြီးသတိပြန်ရလာသည့် ရိပေါ်ကို သူတို့လင်မယားနှစ်ယောက်လုံးချော့မော့မေးခဲ့သည်။သိုပေမယ့်သူတို့ဘယ်လိုပဲမေးမေး ပတ်သက်ခဲ့သည့်တစ်ဖက်လူကဘယ်သူဘယ်ဝါဆိုတာရိပေါ်ဘက်က တစ်စွန်းတစ်စမျှပင်ပြောပြခဲ့ခြင်းမရှိ။

သတိပြန်ရလာသည့်အချိန်ကတည်းက ခေါင်းညိတ် ခေါင်းခါ ၊ အင်း တစ်လုံးတည်းသာပြောတော့သည့် ရိပေါ် က ဆေးရုံဆင်းပြီးလို့ အိမ်ပြန်ရောက်လာသည့် တိုင် ထိုတိုင်းသာဖြစ်သည်​။ တစ်အိမ်လုံးတိတ်ဆိတ် ခြောက်ကပ်နေသည့် အချိန်ကာလတစ်ခုကိုကျော် ဖြတ်လာခဲ့ရင်း အသက် ၂၁ နှစ်ပြည့်လာခဲ့သည့် ရိပေါ်က သူတို့လင်မယားနှစ်ယောက်ကို ခွင့်တစ်ခုတောင်းသည်။

ရိပေါ်တောင်းဆိုသည့်အရာကို ဇနီးဖြစ်သူလီလီက အပြင်းအထန် ကန့်ကွက်ခဲ့သည်။မွေးကတည်းကအပူအပင်အကြောင့်အကြမရှိဘဲ သက်တောင့်သက်သာကြီးပြင်းခဲ့သည့်တစ်ဦးတည်းသောသားက ပြင်းပြင်းထန်ထန်လေ့ကျင့်မှုများပြုလုပ်ရမည့်စစ်မှုထမ်းခွင့်တောင်းနေခြင်းကို သူကိုယ်တိုင်လည်းသိပ်မလိုက် လျောချင်ပေမယ့် ဒီအတောအတွင်းဖြစ်ပျက်ခဲ့မှုများကို မေ့လျော့၍သွားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ခွင့်ပြုခဲ့သည်။

တခြားသောနိုင်ငံတွေလို မဖြစ်မနေစစ်မှုထမ်းဆောင်စရာမလိုဘဲ မိမိဆန္ဒပါမှသာ ဝင်ခွင့်ဖြေပြီးဝင်ရသည့် အရာကို ဆန္ဒပြင်းထန်စွာဖြင့်ရိပေါ်ဝင်ရောက်ထမ်းဆောင်ခဲ့သည့် အချိန်ကာလက ၂ နှစ်တိတိဖြစ်သည်။

ထို ၂ နှစ်အတွင်း ခွင့်ရက်ရရင်တောင်မှ အိမ်ကိုပြန်လာခဲ့ခြင်းမရှိဘဲ အထဲမှာပဲအချိန်ကုန်ဆုံးသည်။သူတို့လင်မယားနှစ်ယောက်တစ်ခါတစ်ရံသွားတွေ့လျှင်ပဲ လေ့ကျင့်မှုရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် မတွေ့ရသည့် အကြိမ်အရေအတွက်ကများသည်။

ထိုသို့ စစ်မှုထမ်းကာလ ၂ နှစ်ပြီးသွားသည့်အခါ ပြန်ထွက်လာသည့် ရိပေါ်​၏ရုပ်ပိုင်းဆိုင်ရာရော၊စိတ်ပိုင်းဆိုင်ရာပါ ရင့်ကျက်သန်မာလာသည့်ပြောင်းလဲမှုကိုသူတို့မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။သို့သော်လည်းကောင်းသောပြောင်းလဲခြင်းမျိုးမဟုတ်။

စာမေးပွဲကျရှုံးခဲ့သည့် ဒုတိယနှစ်ကနေကျောင်းပြန်တက်ဖို့စကားစခဲ့ပေမယ့် တက္ကသိုလ်နယ်မြေဆိုရင်ဘယ်တက္ကသိုလ်ပဲဖြစ်ဖြစ်ခြေချဖို့အစီအစဉ်မရှိဘူးဟု ရိပေါ်ဘက်ကပြတ်ပြတ်သားသားပြောခဲ့တာကြောင့် သူတို့လိုက်လျောပေးခဲ့ရသည်။

အရင်ကကိစ္စကြောင့် သူတို့လည်း ဘာအတင်းအကြပ်မှတိုက်တွန်းခြင်းမရှိတော့ဘဲ စိတ်ချမ်းသာသည့်အတိုင်းနေစေခဲ့သည်။ထိုအချိန်ကစ၍ အိမ်မမြဲတော့သည့်ရိပေါ်က အပြင်မှာပဲအချိန်ဖြုန်းသည်။

ဝါသနာအသစ်ဖြစ်လာသည့်ဆိုင်ကယ်စီးခြင်းနှင့်အတူ လူငယ်သဘာဝသောက်စားတတ်သည့် အကျင့်တစ်ခုပါမက ခပ်စိပ်စိပ်ရန်ပွဲလေးတွေပါ ပါဝင်လာတတ် သော်လည်း သူတို့လွှတ်ထားပေးမိခဲ့သည်မှာ အသက် ၂၄ ကိုပင်ကျော်လာခဲ့ပြီဖြစ်သည်။

"ဆေးသေတ္တာ တစ်ခုသွားယူလာခဲ့..."

အလုပ်သမား တစ်ဦးယူလာပေးခဲ့သည့် ဆေးသေတ္တာကို ဝမ်မင်ရီကိုင်ဆွဲကာ အပေါ်ဆုံးထပ်သို့တက်သွားလိုက်သည်။ ဝမ်ရိပေါ်​၏အခန်းရှေ့သို့ရောက်တော့တံခါးကိုခေါက်ပြီးခွင့်တောင်းသည်။

"ရိပေါ်...ပါးဝင်လာလို့ရလား..."

"အင်း..."

ခွင့်ပြုချက်ရသည့်အခါ တံခါးလက်ကိုင်ကိုလှည့်၍ ဝမ်မင်ရီ ဝင်လာခဲ့သည်။ ဟိုကိစ္စဖြစ်ပြီးသွားကတည်း ကတစ်အိမ်လုံးမှာရိုးရိုးသာမန်တံခါးလော့ခ်များကိုတပ်ဆင်ထားခဲ့တာဖြစ်သည်။ဝမ်မင်ရီအခန်းထဲရောက် တော့ဝမ်ရိပေါ်က ရေချိုးခန်းထဲဝင်ဖို့လုပ်နေပြီဖြစ်သည်။

"စကားနည်းနည်းပြောချင်လို့ရလား ရိပေါ်..."

ဝမ်ရိပေါ်က အနောက်သို့ပြန်လျှောက်လိုက်ကာ အခန်းထဲရှိ စားပွဲ၌ သူ့အဖေနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။နေရာကျသွားသည်နှင့် ဝမ်မင်ရီဘက်ကသူ့သား​၏မျက်နှာရိပ်ကိုကြည့်လိုက်၍ စကားစလိုက်သည်။

"ဒီနေ့ မင်းရဲ့ မား ငိုတယ် ရိပေါ်..."

"ဘာဖြစ်လို့လဲ ကျွန်တော့်ကြောင့်လား..."

ဝမ်မင်ရီခေါင်းခါပြသည်။

"မိဘတွေရဲ့သားသမီးပေါ်ထားရှိတဲ့ မေတ္တာကြောင့်ဆိုပိုမှန်လိမ့်မယ်..."

ငြိမ်ပြီးနားထောင်နေသည့် ဝမ်ရိပေါ်ကြောင့်ဝမ်မင်ရီ ဆက်ပြီးလေသံအေးအေးဖြင့်...

"ကျောင်းပြန်မတက်ချင်တဲ့ဆန္ဒကိုပါးတို့နားလည်တယ်...လူဆိုတာအမြဲတမ်းကြီးပဲလိမ္မာရမယ်လို့မသတ်မှတ်ထားပေမယ့် ကိုယ့်ကိုဝမ်းနဲ့လွယ်မွေးပေးထားတဲ့မိခင်ကိုမျက်ရည်ကျစေတာတော့ သိပ်မကောင်းဘူးပေါ့...အထူးသဖြင့် မင်းအခုပြုမူနေတဲ့အရာတွေကမိဘတွေရဲ့အပြစ်တွေမှမဟုတ်တာ...တခြားပယောဂကြောင့်ဖြစ်တဲ့ကိစ္စတစ်ခုမှာ ကိုယ့်ကိုကိုယ်ရော အိမ် ကလူတွေအပေါ်မှာပါ ထိခိုက်စေတာမမှန်ကန်ဘူးမလား သား..."

"ဒါတွေကို ဘာလို့အခုမှပြောနေရလည်းဆိုတော့ ပါးတို့က မင်းစိတ်ပြန်လည်လာမယ့်အချိန်ကိုစောင့်နေတာ...ဒါပေမယ့် ကြာပြီလေ ရိပေါ်...ပါးက ယောကျာ်းသားဖြစ်လို့ ခံနိုင်ရည်ရှိပေမယ့် မိန်းမသားဖြစ်တဲ့မင်းရဲ့မားကတော့ မတူဘူးလေ...နောက်ပိုင်း မင်းအကြောင်းပြောရင်း အခေါက်တိုင်းလိုလိုမျက်ရည်ကျနေတာ ပါးလည်း မမြင်ရက်တော့ဘူး...မင်းလည်းမင်းရဲ့မားမျက်ရည်ကျတာကို နှစ်သက်လိမ့်မှာမဟုတ်ပါဘူး..."

"ပါးတို့ မင်းကို ဘာကြီးဖြစ်မှ ညာကြီးဖြစ်မှဆိုတဲ့မျှော်လင့်ချက်တွေမရှိပေမယ့် အမှန်တိုင်းဝန်ခံရရင်တော့ လုပ်ငန်းရှင်တွေတွေ့ဆုံပွဲတို့၊ ပူးပေါင်းပွဲတို့မှာဆို ကိုယ့်သားသမီးတွေကိုခေါ်လာခဲ့ကြတဲ့ လူတွေကိုကြည့်ပြီး ပါးနဲ့မားတို့ အားကျမိတာပါပဲ...ပွဲထုတ်ချင်တယ်ဆိုတာထက် ငါတို့သားလေးကလည်းဒီအရွယ်ရောက်နေပြီဆိုတာ လူတွေကိုတော့အသိပေးချင်သေးတာပေါ့..."

အခုထိငြိမ်သက်ပြီး နားထောင်နေသည့်ဝမ်ရိပေါ်ဘက်သို့ဝမ်မင်ရီသွားကာ ပုခုံးပေါ်ဆုပ်ကိုင်လိုက်သည်။

"နောက်အပတ်မှာ ဂျာမဏီကလုပ်ငန်းစုတစ်ခုနဲ့ပူးပေါင်းပွဲတစ်ခုရှိတယ်...လုပ်ငန်းရှင်တွေတော်တော်များများလာလိမ့်မယ်...အဲ့တာ မင်း သာ လိုက်ခဲ့မယ်ဆိုရင် မင်းရဲ့မား စိတ်အခြေအနေနည်းနည်းကောင်းလာမှာ...ဘာမှလုပ်ပေးစရာမလိုဘူး ဒီတိုင်းလေးပဲလိုက်လာရုံပဲ...ကိုယ့်မားအတွက် ဒါလေးတစ်ခုပဲလုပ်ပေးဖို့ ပါးတောင်းဆိုမယ်ဆိုရင် ဖြစ်မလား..."

ပြန်ဖြေခြင်းမရှိပေမယ့်၊ကန့်ကွက် ကြောင်းလည်းမပြဘဲ ရေချိုးခန်းထဲဝင်သွားသည့် ဝမ်ရိပေါ်​၏ကျောပြင်ကျယ်ကို ဝမ်မင်ရီ ကြည့်လိုက်သည်။ခုနကသူပြောခဲ့သမျှ ရိပေါ်နားထဲဝင်ဟန်ရှိသည်။လုပ်ငန်းစုတစ်ခုကိုနှစ်ပေါင်းများစွာအုပ်ချုပ်ကိုင်တွယ်ခဲ့သည့်သူက ကိုယ့်သားဖြစ်သူကိုလည်း မည်သို့မည်ပုံကိုင်တွယ်ရမည်ဆိုတာသိသည်။

အတင်းအကြပ်လုပ်ယူလို့မရသည့်အရာတွေကိုဖြည်းဖြည်းချင်းနားချရင်း လမ်းမှန်ပေါ်ရောက်အောင်ပြန်တည့်ပေးရမည်ဖြစ်သည်။သူ့သားသူ လမ်းမှန်ပေါ်ပြန်တင်နေသည့်အချိန်မှာ အနှောင့်အယှက်တို့ရှိလာမည်ဆိုရင်လည်း ဘာကြီးပဲဖြစ်နေဖြစ်နေရှင်းပစ်ဖို့ဝန်လေးနေမှာမဟုတ်။တစ်ခါသေဖူးတာကြောင့်ပျဉ်ဖိုးကိုတော့အကြမ်းဖျဉ်းနားလည်လို့နေပြီဖြစ်သည်။

"ချောက်..."

ရေချိုးခန်းထဲမှထွက်လာသည့် ဝမ်ရိပေါ်က နံရံကပ်ဗီဒိုကိုဖွင့်ကာ အထဲမှ ရှပ်အနက်နှင့် အိမ်နေရင်းဘောင်းဘီရှည်ကိုယူလိုက်သည်။မတော်တော့သည့်လွန်ခဲ့တဲ့ငါးနှစ်လောက်ကအဝတ်အစားတချို့ကိုဗီဒိုထောင့်မှာအမှတ်တမှတ်မြင်လိုက်ရတော့ နှုတ်ခမ်းထောင့်ကိုတွန့်ကွေးပြီးမဲ့ပြုံးပြုံးလိုက်သည်။

အဝတ်အစားလဲပြီးသည်နှင့် အပြင်ကပြန်လာတုန်းကဝတ်ခဲ့သည့် ဘောင်းဘီအိတ်ကပ်ထဲက စီးကရက်ဘူးနှင့်မီးခြစ်ကိုထုတ်လိုက်သည်။ကြမ်းပြင်ပေါ်ခြေထောက်ချ၍ အိပ်ရာပေါ်ထိုင်သောက်နေရင်း သူ့အဖေယူလာပေးခဲ့သည့် ဆေးသေတ္တာထဲမှ အရက်ပျံပုလင်းကို ထုတ်ကာ ရလာခဲ့သည့်ကွဲရာရှရာများပေါ်သို့ပုလင်းလိုက်လောင်းချလိုက်သည်။

အခုမှရေစိုလာပြီး သွေးစို့နေသေးသည့် ဒဏ်ရာများနှင့်အရက်ပျံတို့ဆုံတွေ့သည့်အခိုက်ဖြစ်ပေါ်သွားသည့်စပ်ဖျင်းဖျင်းနာကျင်မှု၌ ဝမ်ရိပေါ်​၏မျက်နှာတစ်ချက်ပျက်သွားခြင်းမရှိ။ဒဏ်ရာတွေကိုပိုးသတ်သန့်စင်ဆေးလိမ်းပြီးနောက် ပတ်တီးဖြင့်တရစ်ရစ်ပတ်နှောင်ရင်း ပတ်တီးစက လက်ကောက်ဝတ်နားထိရောက်လာသည့်အခါ ဝမ်ရိပေါ်ရပ်တန့်လိုက်သည်။

​လက်ကောက်ဝတ်ပေါ်က သေရာပါဒဏ်ရာက ခန္ဓာကိုယ်​၏အခြားနေရာက ဒဏ်ရာများကိုလှောင်ပြနေသည့်အခါ စီးနှောင်ပြီးသား ပတ်တီးစအားလုံးကိုဖယ်ရှားလိုက်ပြီး အိပ်ရာဘေးရှိမီးအိမ်တင်ထားသည့် အံဆွဲတစ်ခုကိုလက်သီးဖြင့်အကြောင်းမဲ့အားကုန်ထိုးချလိုက်သည်။ထို့နောက်လက်ကဒဏ်ရာသွေးစက်လက်ဖြင့်စီးကရက်ဆက် သောက်သည်။

သုံးလိပ်မြောက်ရောက်သည့်အခါတွင်တော့ စီးကရက်ကိုပြာခွက်ထဲထိုးစိုက်လိုက်ပြီး အပေါ်ဆုံးအံဆွဲကိုဖွင့်ကာအသုံးမပြုတော့သည့်ဖုန်းဟောင်းတစ်လုံးကို ထုတ်ယူလိုက်သည်။အားအပြည့်သွင်းထားလည်း မသုံးဘဲနဲ့ အလိုလိုအားကုန်သွားတတ်သည်အထိဟောင်းနွမ်းနေပြီဖြစ်သည့် ဖုန်းကိုဝမ်ရိပေါ်လက်ထဲကျစ်နေအောင် ဆုပ်ကိုင်လို့ထားကာ အားသွင်းကြိုးတပ်ဆင်လိုက်သည်။

အားသွင်းထားရင်း စီးကရက်ဆက်သောက်နေကာ ဖုန်းဖွင့်လို့ရသည်အထိ အားသွင်းပြီးနောက်ဖုန်းထဲမှ Active မဖြစ်တော့သည့်ဖုန်းနံပါတ်တစ်ခုကိုစိုက်ကြည့်သည်။

အပြန်အလှန်ပို့ခဲ့ဖူးသည့်ခပ်ကျဲကျဲစာများကို အပေါ် ဆုံးကနေ အောက်ထိဆွဲချကြည့်လာရင်း နောက်ဆုံးပို့ထားသည့်အသံဖိုင်တစ်ခုဆီသို့ရောက်လာသည့်အခါဆက်ဆွဲစရာမရှိတော့တာကြောင့် ရပ်လိုက်ပြီးလည်ပင်းကြောတွေထင်းလာသည်အထိ အံကြိတ်လိုက်သည်။

သုံးစက္ကန့်စာပင်မရှိသည့်ထိုနောက်ဆုံးသော အသံဖိုင်က သူ့နှလုံးသားမှာ ထုတ်ချင်းပေါက်စိုက်ဝင်နေသည့် သုံးပေအရွယ် အဆိပ်ဓားတစ်ခု။

ချစ်-တယ်-ခွေး-ပေါက်-လေး ဆိုသည့်စကားလုံးငါးလုံးပါဝင်သည့် အသံဖိုင်တစ်ခုကိုပို့ပြီးတဲ့အချိန်ကတည်းက စုံးစုံးမြုပ်ပျောက်သွားတဲ့ လူတစ်ယောက်။

ပထမဦးဆုံးသောချစ်စကားကိုပြောခဲ့သည်ဖြစ်စေ၊ လမ်းခွဲစကားကိုပြောခဲ့သည်ဖြစ်စေ အကြောင်းပြချက်မဲ့ ထားခဲ့ခံရတာဖြစ်လို့ နောက်တစ်ခေါက်ပြန်ဆုံတဲ့အချိန် သူ့အရှေ့မှာ ဒူးထောက်ခေါင်းငုံ့တောင်းပန်ပြလည်း နောက်ဘဝထိခွင့်လွှတ်မှာမဟုတ်။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်သူ့အတွက်ဆင်ခြေတွေပဲဖြစ်လို့...

သူခံစားခဲ့ရသမျှနဲ့ဆတူ (သို့မဟုတ်) သာလွန်သော နာကျင်မှုကို ပြန်ပြီး...။

[There should be a GIF or video here. Update the app now to see it.]

A heart can never reach a peak of truth until it breaks...


You are reading the story above: TeenFic.Net

#random