သူ့အိပ်ရာပေါ်မှာ စွပ်ကျယ်လက်ပြတ်နဲ့မှောက်ခုံအိပ်မောကျနေသည့်ရှောင်းကျန့်ကို ဝမ်ရိပေါ်ကြည့်ပြီး အဝတ်အစားဝတ်လိုက်ပြီးနောက်လေအေးပေးစက်ကိုအရှိန်သွားလျှော့လိုက်သည်။
စူးရှနေသောနေရောင်တို့အား ဖိတ်ခေါ်နေသော မှန်ပြတင်းတံခါးနားဆီသို့လည်းသွားပြီး လိုက်ကာစကိုအသာလေးဆွဲ၍နေရောင်ကာလိုက်သည်။
ထို့နောက် အိပ်ရာဘက်သို့ ကိုယ်ကိုကိုင်းညွတ်၍ ရှောင်းကျန့်၏လက်မောင်းတစ်ဖက်ကို လက်ခုံဖြင့်ထိတယ်ဆိုရုံလေးစမ်းသည်။ အေးစက်စက်ဖြစ်နေသည့်အထိအတွေ့ကြောင့် အိပ်ရာခြေရင်း၌ရှိနေသော စောင်ကိုဆွဲယူကာ ရှောင်းကျန့်ကိုယ်ပေါ်သို့အသာခြုံပေးလိုက်သည်။
အိပ်ရာဘေးကြမ်းပြင်ပေါ်တွင်ဝမ်ရိပေါ်ထိုင်လိုက်၏။မီးပိတ်ပြီး လိုက်ကာချထားပေမယ့် ကံကောင်းစွာဖြင့် အလုံးစုံမှောင်မိုက်သွားခြင်းမရှိဘဲ ရိုးတိုးရိပ်တိပ် မြင်နေရသေးသည့်ရှောင်းကျန့်၏မျက်နှာကို ဝမ်ရိပေါ် အိပ်ရာပေါ်မေးတင်၍ ငြိမ်ငြိမ်လေးကြည့်နေလိုက်သည်။
ဘာကန့်သတ်ချက်မှမရှိဘဲ သူ့အိပ်ရာပေါ်မှာလာပြီး သက်တောင့်သက်သာအနေအထားနဲ့အိပ်ပျော်နေသည့် ရှောင်းကျန့်ကြောင့် ရင်ထဲတကယ်ကိုတစ်မျိုးလေးဖြစ်နေမိသည်။သို့ပေမယ့်လည်း သွားထိတွေ့ဖို့လက်ကမရဲ။
မီးခိုးရောင်ဆံပင်ဖွာဖွာလေးတွေရှိသည့် ရှောင်းကျန့် က မီးခိုးရောင်အဆူးလေးတွေရှိသည့် ဖြူကောင်လေးနဲ့တကယ်တူသည်။ သွားထိလိုက်ရင် အခန့်မသင့်ဘဲ အဆူးတွေနဲ့ခါထုတ်ပြီး ထွက်ပြေးသွားမှာစိုးရိမ်ရ၏။
ဝမ်ရိပေါ် လေးပင်လာသည့်မျက်ခွံများကြောင့်မျက် လုံးများကိုမှိတ်ချလိုက်သည်။ဒီအတောအတွင်းသူအိပ်ရေးပျက်ရပေါင်းများပြီ။ ရှောင်းကျန့်ကသူ့မျက်စိရှေ့မှာရှိနေသည်ဆိုသည့် အသိမှာစိတ်ချလက်ချနဲ့သူလည်းအိပ်စက်ခြင်းဆီသို့ရောက်ရှိလို့သွား၏။
ဘယ်အချိန်ထိတောင်အိပ်ပျော်သွားမှန်းမသိသည့်ဝမ်ရိပေါ်ကလှုပ်ရှားမှုအသံတချို့ကြောင့်နိုးလာပြီး မျက်လုံးများကိုဖွင့်ကြည့်လိုက်တော့ ခြုံထားသည့်စောင်ကိုဖယ်ခွာပြီးအိပ်ရာထက်မှဆင်းသွားသည့်ရှောင်းကျန့်ကိုတွေ့သည်။ ထို့ကြောင့်သူလည်းဆက်အိပ်မနေတော့ဘဲ ထလိုက်ပြီး ရှောင်းကျန့်ကိုတိတ်ဆိတ်စွာကြည့်နေလိုက်သည်။
ရှောင်းကျန့်ကတံခါးဘေးက မီးခလုတ်များကိုဖွင့်လိုက်ပြီးနောက် အခန်းထောင့်ကရေခဲသေတ္တာအသေးလေးရှေ့မှာထိုင်ချလိုက်သည်။ အိပ်မှုံစုံမွှားဖြင့်ရေခဲသေတ္တာတံခါးကိုအကြာကြီးဖွင့်ထားပြီး ဒီတိုင်းပဲထိုင်ကြည့်နေပုံမှာ အိပ်ရေးဝသေးပုံမရ။ အကြာကြီးထိုင်နေပြီးမှ အထဲကိုလက်လှမ်းလိုက်ကာ ဘီယာတစ်ဘူးကိုထုတ်ယူလိုက်သည်။
ဘီယာတစ်ဝက်လောက်သောက်ပြီးသွားသည့်အခါ ဘူးကိုကြမ်းပြင်ပေါ်မှာဒီတိုင်းပဲချခဲ့ပြီး သန့်စင်ခန်းထဲဝင်သွားသည်။အထဲမှာ ဘာတွေလုပ်နေသည်မသိ။ရေသံတွေသာကြားပြီး ပြန်ထွက်လာတော့ မျက်နှာတွေရော၊ ခြေလက်တွေပါ စိုရွှဲလို့နေ၏။
ဗီဒိုထဲကတဘက်ကိုထုတ်ပြီး စိုနေတဲ့နေရာတွေက်ိုသုတ်လိုက်သည့်ရှောင်းကျန့်က နောက်ထပ် စွပ်ကျယ်တစ်ထည်ကို ဆွဲယူကာ ဝတ်ထားသည့်အထည်ဖြင့်လဲလှယ်ဝတ်ဆင်လိုက်သည်။
ထို့နောက်ရှူးဖိနပ်ကိုစီးပြီးအခန်းတံခါးကိုတွန်းဖွင့်၍ အပြင်ထွက်သွားတာကြောင့် ဝမ်ရိပေါ်လည်း ဗီဒိုထဲမှ အထင်သာဆုံးဖြစ်နေသည့်ရှောင်းကျန့်မွေးနေ့လက် ဆောင်အဖြစ်ပေးထားသော midnight green အရောင်ဂျက်ကတ်ကိုဝတ်ဆင်လိုက်ကာ ပိုက်ဆံအိတ်နှင့်ဖုန်းကိုပါတစ်ပါတည်းယူပြီးရှောင်းကျန့်နောက်ပြေးလိုက်သွား၏။
ရှောင်းကျန့်က အမြန်ကြီးလျှောက်မနေတာကြောင့် တတိယထပ်လှေကား၌ ဝမ်ရိပေါ်လိုက်လို့မှီသွားသည်။ ရှောင်းကျန့်ကအရှေ့ကနေတစ်ထစ်ချင်းဆင်းသည်။ဝမ်ရိပေါ်က ရှောင်းကျန့်၏ခြေရာတွေအတိုင်းအနောက်ကနေတစ်ဆင့်ချင်းလိုက်ဆင်းသည်။
အဆောင်ဝန်းအပြင်ဘက်ရောက်သည့်အခါ ရှောင်းကျန့် က လမ်းမကြီးဘက်သို့ထွက်၍ တွေ့သည့်တက္ကစီးတစ် စီးကိုတားကာ အနောက်ခန်းထဲဝင်ထိုင်လိုက်သည်။ကားတံခါးကိုပိတ်ဖို့လုပ်လိုက်သည့်အခါတွင်တော့ ဝမ်ရိပေါ်က အပြင်ဘက်ကတံခါးလက်ကိုင်ကိုလှမ်းဆွဲလိုက်ပြီး...
"ကျွန်တော်လည်း လိုက်မယ်..."
ရှောင်းကျန့်ကဘာမှပြန်မဖြေတာကြောင့် ခွင့်ပြုသည်ဟုဝမ်ရိပေါ်သတ်မှတ်လိုက်ကာ ရှောင်းကျန့်ဘေးတွေဝင်ထိုင်လိုက်သည်။ ရှောင်းကျန့်ကတစ်ဖက်သို့အနည်းငယ်မျှတိုးပေးခြင်းမရှိသည့်အခါ ဝမ်ရိပေါ်ကပ်ကပ်သပ်သပ်ထိုင်လိုက်ရသည်။
ပြတင်းပေါက်ဘေးနဲ့အလွန်ကပ်နေတာကြောင့် ထိုင်ရတာကသိကအောက်ဖြစ်နေပေမယ့် ရှောင်းကျန့်နဲ့ခန္ဓာကိုယ်ချင်းထိကပ်နေသည့်အခါ နေရာနည်းနည်းရွှေ့ပေးဖို့ဝမ်ရိပေါ်တောင်းဆိုခြင်းမပြု။ရှောင်းကျန့်တောင် ဟိုဘက်မတိုးပေးတာ၊သူ့ဘက်ကလည်းကပ်ပြီးမထိုင်နိုင်စရာအကြောင်းမရှိဟုတွေးမိခြင်းကြောင့်ဖြစ်သည်။
"ဗိုက်မဆာဘူးလား...နေ့ခင်းတုန်းကလည်းဘာမှမစားဘဲအိပ်သွားတာ နိုးလာတော့လည်း ဘာမှမစားဘူး..."
"ဘာမှမစားဘဲနေရင် အစာအိမ်အတွက်မကောင်းဘူး..."
"တစ်ခေါက်နှစ်ခေါက်မသိသာပေမယ့် ရေရှည်မှာရှောင်းကျန့်ရဲ့ အစာအိမ် အနာဖြစ်လိမ့်မယ်..."
တရစပ်ပြောနေသည့် ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့် အာရုံနောက်ဟန် မျက်မှောင်ကျုံ့၍မျက်လုံးထောင့်ကပ်ကြည့်လိုက်သည့်အခါ ဝမ်ရိပေါ်ဆက်မပြောတော့ဘဲနှုတ်ဆိတ်နေလိုက်သည်။
"ကျွန်တော် စကားအများကြီးပြောမိသွားပြီထင်တယ်..."
"ဒီတိုင်းပဲကျွန်တော်ကစိတ်ပူလို့" ဆိုသည့်ကျန်စကားကိုတော့ဝမ်ရိပေါ်သူ့တစ်ကိုယ်တည်းကြားရသည့်လေသံဖျော့ဖျော့ဖြင့်သာပြောလိုက်သည်။ရှောင်းကျန့်ကိုအကြည့်လွှဲကာ ပြတင်းပေါက်ဘက်သို့မျက်နှာမူလိုက်ပြီး တက္ကစီစီးနေသည့်တစ်တောက်လျှောက်လုံးနှုတ်ဆိတ်ပြီးတော့သာ လိုက်ပါလာခဲ့သည်။
တက္ကစီအရှိန်လျှော့သွားသည့်အခါ ပတ်ဝန်းကျင်ကိုဝမ်ရိပေါ်ကြည့်လိုက်တော့ ရှောင်းကျန့်သူ့ကိုအရင်ကအမြဲခေါ်လာနေကျ ကလပ်အရှေ့တွင်ရောက်နေတာဖြစ်သည်။ ကားစက်ရပ်သွားသည့်အခါမှာတော့ရှောင်းကျန့်ကဒီတိုင်းပဲဆင်းသွားတာကြောင့် ဝမ်ရိပေါ်သူ့ပိုက်ဆံအိတ်ထဲမှငွေစက္ကူတချို့ကိုထုတ်ကာ တက္ကစီခပေးလိုက်သည်။
ကလပ်ထဲအရင်ဝင်သွားပြီဖြစ်သော ရှောင်းကျန့်နောက်ကို ဝမ်ရိပေါ် တတ်နိုင်သမျှအမှီလိုက်သွားပေမယ့် လူတွေကြားထဲရောထွေးရင်းမျက်ခြေပြတ်သွားသည်။
ထို့ကြောင့်ထိုင်နေကျနေရာဖြစ်သည့်ကလပ်၏ထောင့်ဆုံးက ဝိုင်းဘက်ကိုသွားရှာကြည့်လိုက်ပေမယ့် ရှောင်းကျန့်ကိုမတွေ့။ ဝမ်ရိပေါ်နည်းနည်းယောက်ယက်ခတ်သွားပြီး မှောင်ရိပ်ခိုနေသည့်ဝိုင်းမှန်သမျှကိုလိုက်ရှာကြည့်နေရင်း လူသုံးလေးယောက်လောက်ရောနှောနေသည့် ဝိုင်းတစ်ခုတွင် ရှောင်းကျန့်ကိုတွေ့တော့ ထိုဝိုင်းရှေ့တွင်သွားရပ်လိုက်သည်။
ရှောင်းကျန့်က ဘယ်တုန်းက တခြားလူတွေနဲ့ရောနှောပြီးထိုင်တတ်သွားမှန်းသူမသိပေမယ့် ဒီဝိုင်းရှေ့မှာသူမတ်တပ်ရပ်ကြည့်နေတာကို ရှောင်းကျန့်တွေ့မှန်းဝမ်ရိပေါ်အတပ်သိသည်။ရှောင်းကျန့်ဘေးမှာနေရာလွတ်တစ်ခုရှိတာကိုဝမ်ရိပေါ်တွေ့သော်လည်း ဝင်ရောက်ထိုင်လိုက်ခြင်းမရှိဘဲ ရပ်မြဲတိုင်းရပ်နေကာ ရှောင်းကျန့်၏အခေါ်ကိုစောင့်နေသည်။
"တစ်ယောက်တည်းလား တို့ နဲ့ တွဲကမလား..."
ငါးမိနစ်ခန့်ဝမ်ရိပေါ်တုတ်တုတ်မလှုပ်ဘဲရပ်နေရင်း ရင်ဟိုက်ပြီး ပေါင်လယ်လောက်ပဲရှိသည့်အနက်ရောင်ကိုယ်ကြပ်ဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ဦးက ဝမ်ရိပေါ်၏ပုခုံးပေါ်လက်လာတင်ကာတွဲကဖို့ခေါ်သည်။ထိုအမျိုးသမီး၏လက်ကိုဝမ်ရိပေါ်ချက်ချင်းပုတ်ထုတ်ပစ်ဖို့ကြံရွယ်လိုက်ပြီးမှ ဒီတိုင်းပဲထားလိုက် ကာ ရှောင်းကျန့်ဘက်ကိုကြည့်သည်။
"လူတစ်ယောက်က တွဲကဖို့ခေါ်နေတယ် ကျွန်တော်လိုက်သွားရမလား ရှောင်းကျန့်..."
အဖက်မလုပ်ဘူး။ ပြန်မဖြေဘူး။ ဒီအရာတွေအတွက် သူတကယ်ခံနိုင်ရည်မရှိတော့ဘူး။
ဝမ်ရိပေါ် ရှောင်းကျန့်ကို စေ့စေ့ကြည့်လိုက်ပြီး ပင့်သက်ရှိုက်ကာ သူ့ပုခုံးပေါ်ရောက်နေသည့် သူစိမ်းအမျိုးသမီး၏လက်ကို လက်ကောက်ဝတ်နေရာကနေပြန်လည်ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ရှောင်းကျန့်ရှိနေသည့် ဝိုင်းကိုနောက်ပြန်လှည့်မကြည့်ကျောခိုင်း၍ သူလက်ဆွဲထားသော အမျိုးသမီးနဲ့အတူလူအုပ်ကြားထဲသို့ တိုးဝင်သွား၏။
မြူးကြွသည့်သံစဉ်များနှင့် အုံးအုံးကြွကြွဖြစ်နေကြသည့်လူများကြားတွင် ဝမ်ရိပေါ်ခေါင်းနောက်နေမိပေမယ့် သူနှင့်တွဲကနေသည့် အမျိုးသမီးနှင့်အလိုက်သင့် နေလိုက်သည်။ ရှောင်းကျန့်မဟုတ်ဘဲတခြားသူတွေနဲ့လည်းပျော်အောင်နေနိုင်သည်ဟုဝမ်ရိပေါ်စိတ်တင်းထားသော်လည်း ထင်သလောက်မလွယ်။
တွဲကနေကြသည့်စုံတွဲများအားလုံးက အမြင်မသင့်တော်လောက်တဲ့အထိပုံစံမျိုးစုံထိတွေ့နေကြတာဖြစ်ပြီး ထိုအရာက ကလပ်၏ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေသော်ငြား ဝမ်ရိပေါ်အနေနဲ့အရှေ့ကအမျိုးသမီးကိုတော့ ပုခုံးတွေပေါ်ကိုလက်တင်ထားဖို့အထိပဲခွင့်ပြုထားနိုင်သည်။
ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းတွေကိုလာရောက်ထိတွေ့လိုသည့်လက်များကိုတော့ပြတ်ပြတ်သားသားတားမြစ်သည်။အရက်မူးနေဟန်ရှိသည့် အမျိုးသမီးကဝမ်ရိပေါ်၏အပြုအမူကိုစိတ်ထဲထားခြင်းမရှိဘဲ စီးချက်များအတိုင်းသာ စီးမြောနေသည်။ဆယ်မိနစ်ခန့်လောက်အကြာမှာလက်ရှိ သီချင်းပြီးဆုံးတော့မည်ဖြစ်တာကြောင့်တီးလုံးသံများတိုးညင်းလာသည်။
ဝမ်ရိပေါ်နှင့် တွဲကနေသည့်အမျိုးသမီးလည်းတခြားသောလူတစ်ယောက်နှင့်ပြောင်း ကချင်ပြီဖြစ်၍ ဝမ်ရိပေါ်ရှေ့မှထွက်သွားဖို့ပြုသည်။ တွဲကခဲ့ပေးလို့ကျေးဇူးတင်သည့်အနေဖြင့် ဘီယာပုလင်းတစ်ခုကိုဝမ်ရိပေါ်လက်ထဲသို့ထည့်ပေးခဲ့သေး၏။
နောက်ထပ်သီချင်းတစ်ပုဒ်ထွက်ပေါ်လာဖို့ စောင့်ဆိုင်းနေကြသည့် လူအုပ်ကြားထဲမှာ အေးစက်စက် ဘီယာပုလင်းကိုလက်ထဲဆုပ်ကိုင်ထားသည့် ဝမ်ရိပေါ်က သီချင်းရွေးနေဆဲဖြစ်သည့် ဒီဂျေသမားဘက်ကိုမျက်နှာမူထားသည်။ လူပေါင်းစုံ၏အငွေ့အသက်များ၊ မှိန်ပြပြရောင်စုံမီးတို့၏တဖျတ်ဖျတ်ဖြစ်နေမှုများကြောင့် မွန်းကြပ်လို့လာသည့်အခါ ဘီယာပုလင်း၏ အဝကိုနှုတ်ခမ်းဖျားတွင်တေ့လိုက်သည်။
မွန်းကြပ်မှုတချို့ကိုဖယ်ဖျောက်ဖို့ အေးစက်စက်ခါးသက်သက်အရသာက လျှာဖျားထက်သို့ကျရောက်လာခြင်းမရှိ။ဘီယာပုလင်းက လက်ထဲကလွတ်ထွက်သွားသည်။ ဘီယာပုလင်းကိုဆွဲလုသွားသည့်သူကို ဝမ်ရိပေါ် လှည့်ကြည့်လိုက်တော့ သူနဲ့ဘေးချင်းကပ်မှာလာရပ်ပြီးလုယူထားသည့် ပုလင်းထဲမှဘီယာကိုမော့သောက်နေသည့် ရှောင်းကျန့်ကိုတွေ့သည်။
ရှောင်းကျန့်က ဘီယာတစ်ပုလင်းလုံးကို တစ်ချက်ပင်မနားဘဲ မော့သောက်လို့နေကာ ကုန်စင်လို့သွားသည့်နောက် ဖြတ်လျှောက်သွားသည့် ကလပ်ဝန်ထမ်း၏လက်ထဲသို့ ပုလင်းအလွတ်ကိုပြန်ထည့်ပေးလိုက်သည်။ မီးခိုးရောင်ဆံပင်တွေကိုလက်ချောင်းများဖြင့် အနောက်ကိုလှန်၍ထိုးသပ်ပြီးဝမ်ရိပေါ်နှင့်အလွန်နီးကပ်သောအနေအထားမှာမျက်နှာချင်းဆိုင်လိုက်သည်။
ရှောင်းကျန့်က ဝမ်ရိပေါ်နှင့်အကြည့်ချင်းမဆုံ ဆုံအောင်လုပ်ပြီးမျက်ဝန်းအိမ်ထဲစိုက်ကြည့်၍ ဝမ်ရိပေါ်၏လက်နှစ်ဖက်ကိုဆွဲယူကာ သူ့ခါးတစ်ဝိုက်ကိုဖက်တွယ်စေ၍ သူ့လက်များကိုတော့ ဝမ်ရိပေါ်၏လည်ပင်း၌ သိုင်းဖက်ယှက်တွယ်လိုက်၏။
ထိုမျှမကသေး ရှောင်းကျန့်က ရှေ့သို့ထပ်တိုးကာ ရင်ခွင်ချင်းအပ်သွားသည့် အနေအထားအထိရောက် အောင်ဖန်တီးကာ သူ့မျက်နှာကို ဝမ်ရိပေါ်၏ပုခုံးထက် လည်တိုင်းရင်းနား၌ နစ်မြုပ်ထားလိုက်၏။ပုံမှန်နှင့်မတူ မူမမှန်သည့်အသက်ရှူနှုန်းကြောင့် ဝင်သက်ထွက် သက်တို့က ဝမ်ရိပေါ်၏လည်တိုင်ရင်းကို အဆက်မပြတ်ရိုက်ခတ်သည်။
ကလပ်ထဲမှာထွက်ပေါ်နေသည့်ဆူညံသံများကြားမှာဝမ်ရိပေါ်ကြားနေရသည့်အသံက ရှောင်းကျန့်၏ပြင်းရှရှအသက်ရှူသံများသာဖြစ်သည်။လည်ပင်းပေါ်ကအထိအတွေ့က ဝင်သက်ထွက်သက်များပင်မကတော့ဘဲ နှာဖျားချွန်ချွန်တို့၏ မထိတထိကျီဆယ်မှုများပါ ပါဝင်လာသည့်အခါ ရှောင်းကျန့်၏ခါးပေါ်ရောက်နေသည့်လက်များကိုဝမ်ရိပေါ်တင်းကြပ်လိုက်မိသည်။
ရှောင်းကျန့်ခါးပေါ်က လက်များကိုပို၍တင်းကြပ်မိလေ ရှောင်းကျန့်၏အသက်ရှူသံများကပို၍ပြင်းရှလာလေဖြစ်နေခြင်းကို ရိပ်စားမိလို့လာသည့်ဝမ်ရိပေါ်ကသူ့လက်များကိုပြန်ဖြေလျှော့ဖို့လုပ်လိုက်သည့်အခါ ရှောင်းကျန့်က ဝမ်ရိပေါ်၏လက်များကိုပြန်လည်တင်းကြပ်စေလိုက်သည်။
နှစ်ယောက်သားခွဲခြားလို့ပင်မရအောင်နီးကပ်နေသည့်အနေအထားဖြင့် ရှောင်းကျန့်ကဝမ်ရိပေါ်ကိုဖြည်းဖြည်းချင်းလူအုပ်ကြားထဲမှနေ၍ ကလပ်၏ မှောင်ရိပ်အကျဆုံးသော နေရာအထိတွန်းခေါ်လာခဲ့၏။မလှမ်းမကမ်းနေရာများ၌အခြားသောအတွဲများလည်းရှိနေကြပေမယ့် ဂရုမစိုက်သည့်ရှောင်းကျန့်က ဝမ်ရိပေါ်၏ကျောပြင်ကို နံရံနဲ့ကပ်လိုက်သည်။
အောင့်သက်သက်ဖြစ်သွားသည့်ကျောပြင်ကြောင့် ဝမ်ရိပေါ်နံရံနဲ့ပြန်ခွာဖို့ကြိုးစားလိုက်သော်လည်း ရှောင်းကျန့်က မရုန်းနိုင်အောင်ခန္ဓာကိုယ်နဲ့တွန်းထားကာ ဝမ်ရိပေါ်၏လည်ပင်းသားပေါ်သို့နှုတ်ခမ်းများဖြင့်ဖိကပ်လိုက်၏။နူးညံ့လွန်းလှသည့်နှုတ်ခမ်းသားတို့၏အထိအတွေ့မှာ ဝမ်ရိပေါ် ငြိမ်ကျလို့သွားသည်။
ရှောင်းကျန့်၏နမ်းရှိုက်နေမှုက တစ်နေရာတည်းမှာပဲရပ်တန့်မနေ။ ဝမ်ရိပေါ်၏ဆံပင်တွေကြားထဲလက်ချောင်းများဖြင့်ထိုးဖွကာ ဦးခေါင်းကိုပင့်မော့စေပြီးနောက် ပေါ်လွင်လို့သွားသည့် မေးရိုးနှင့်လည်ပင်းစပ်ကြားနေရာတစ်လျှောက်ကို ရှိုက်လိုက်၊ကိုက်လိုက်လုပ်ရင်း အရာပေါင်းများစွာထင်ကျန်စေသည်။စိတ်ကျေနပ်မှုရဟန်မရှိသေးသည့်ရှောင်းကျန့်ကအနမ်းတို့ကိုနေရာထပ်ရွှေ့ကာ နှုတ်ခမ်းချင်းထပ်တူကျစေလိုက်၏။
ဘာဆိုဘာမှတုံ့ပြန်နိုင်ခြင်းမရှိသည့်ဝမ်ရိပေါ်၏နှုတ်ခမ်းတို့ကိုဦးဆောင်ခြယ်လှယ်နေသူမှာရှောင်းကျန့်ဖြစ် သည်။ထိသလို၊မထိသလိုဖွဖွလေးနမ်းလိုက်ရှိုက်လိုက်လုပ်နေရာမှအသက်ရှူခွင့်မပေးတော့သည်အထိပြင်းပြလို့လာသည်။ထိကပ်ထားသောနှုတ်ခမ်းပါးများကျိန်းစပ်လို့လာပြီး သူကိုယ်တိုင်အသက်ရှူမဝတော့ဘဲ မိုက်ကနဲဖြစ်လာသည့်အခါမှ ရှောင်းကျန့်ရပ်တန့်လိုက်သည်။
ရင်ဘတ်နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် ရှောင်းကျန့်က အသက်ကိုပုံမှန်ရှိုက်သွင်းလို့နေရင်းဝမ်ရိပေါ်၏လည် ဂုတ်ကို လက်တစ်ဖက်ဖြင့်ထိန်းကိုင်လိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် ဝမ်ရိပေါ်၏ဆံပင်တို့ကိုထိုးဖွသပ်တင်လိုက်ပြီး နဖူးပြင်ကိုဖွဖွနမ်းလိုက်၏။နှာခေါင်းထိပ်ကိုလည်းထိတယ်ဆိုရုံလေးနမ်းလိုက်ပြီး မဆိုသလောက်လေးဖောင်းနေသည့်ပါးပြင်တို့ထဲ သူ့နှာဖျားချွန်ချွန်တစ်ခုလုံးနစ်မြုပ်သွားသည်အထိ နမ်းလိုက်သည်။
ထို့နောက်ဝမ်ရိပေါ်နှင့်မျက်လုံးချင်းဆိုင်လိုက်ကာ နဖူးချင်းတေ့စပ်လိုက်၏။မျက်နှာချင်းအလွန်နီးကပ်နေသည့်အနေအထားမှာ နှာခေါင်းထိပ်ချင်းလည်းထိကပ်နေသယောင်။
"ကိုယ်တို့တွဲကြရအောင် ခွေးပေါက်လေး..."
ရှောင်းကျန့်၏မျက်ဝန်းအိမ်ထဲဝမ်ရိပေါ်စိုက်ကြည့်လိုက်သည်။ မျက်သားတို့ကနီရဲလို့မနေဘဲ ပုံမှန်အတိုင်းကြည်လင်လို့နေပြီး ခုနကနမ်းရှိုက်ထားသည့်အရှိန်ကြောင့် အနည်းငယ်မောဟိုက်နေရုံကလွဲ၍ မူမမှန်တာတစ်ခုမှမရှိတာသိသော်လည်း...
"ရှောင်းကျန့်မူးနေတာလား.."
ရှောင်းကျန့်ခေါင်းကိုတွင်တွင်ခါသည်။
"ကိုယ်အရက်လည်းမမူးသလို ဆေးလည်းမသုံးထားဘူး...ပုံမှန်အသိစိတ်နဲ့အတည်ပြောနေတာမလို့ ကိုယ်တို့တွဲကြရအောင်..."
ဝမ်ရိပေါ်နှုတ်ဆိတ်၍သာနေသည်။နဖူးချင်းထိစပ် ထားလျက်ပင်ရှောင်းကျန့်က ဝမ်ရိပေါ်၏အောက်နှုတ်ခမ်းကိုလက်မနဲ့ခပ်ဖွဖွပွတ်ဆွဲလိုက်ပြီး နှုတ်ခမ်းချင်းထိကပ်ဖို့ကြိုးစားလိုက်သည့်အခါ ဝမ်ရိပေါ်ကမျက်နှာကိုတစ်ဖက်သို့လွှဲလိုက်တာကြောင့် ပါးပြင်ကိုသာရှပ်ထိရုံလေးနမ်းမိလိုက်သည်။
"လူလိမ္မာတွေရဲ့ စံနှုန်းနဲ့ကိုယ်ကိုက်ညီမှုမရှိဘူးဆိုတာ ကိုယ်သိတယ် ခွေးပေါက်လေး..."
"ကိုယ် အရက်သောက်တယ် စီးကရက်သောက်တယ် ဆေးလည်း သုံးတယ်..."
"မူကြိုအရွယ်ကတည်းက ရွယ်တူတွေကိုအနိုင်ကျင့်တယ်..."
"ရန်ဖြစ်တိုင်း ရိုက်ချိုးမိခဲ့တဲ့ ခြေတွေလက်တွေက ဘယ်နှစ်ခေါက်မှန်း ကိုယ်မသိဘူး..."
"အဲ့တာကြောင့် မလိမ္မာတဲ့ကိုယ့်ရဲ့အကျင့်စရိုက်တွေအားလုံးကို ခွေးပေါက်လေးဘက်က လက်ခံနိုင်မယ်ဆိုရင် ကိုယ်တို့တွဲကြရအောင်..."
ရှောင်းကျန့်ခေါင်းငုံ့လိုက်ပြီး မျက်လွှာကိုအောက်ချထားသည့် ဝမ်ရိပေါ်၏မျက်ဝန်းများနှင့်ဆုံအောင်လုပ်လိုက်ကာချော့မေးနေသည့်လေသံဖျော့ဖျော့ဖြင့်...
"ဟင်...ခွေးပေါက်လေး...ကိုယ်နဲ့တွဲမယ်မလား..."
ဝမ်ရိပေါ်၏လက်များဖြင့်ဆုပ်ကိုင်ခံလိုက်ရမှုကြောင့် ရှောင်းကျန့်၏လက်ကောက်ဝတ်နေရာတင်းကနဲဖြစ်သွားသည်။ တင်းကြပ်လွန်းလှသည့် ဆုပ်ကိုင်ခံထားရမှုနှင့်အတူ အားဖြင့်ဆောင့်ဆွဲခေါ်ဆောင်သွားခံရမှုနောက်မှာ ရှောင်းကျန့်၏ခန္ဓာကိုယ်က ဟန်ချက်ပျက်ကာချော်လဲမတတ်ဖြစ်သွားသည်။ ဝမ်ရိပေါ်၏အပြုအမူကို ရှောင်းကျန့်နားမလည်သော်လည်း ငြင်းဆန်ခြင်းမပြုဘဲ အလိုက်သင့်လိုက်ပါသွား၏။
ဝမ်ရိပေါ်က ရှောင်းကျန့်၏လက်ကိုဆွဲကာ ကလပ်၏သီးသန့်အခန်းငယ်များဘက်သို့လျှောက်သွားလိုက်ပြီး တစ်ခန်းချင်းဆီကို တံခါးတွန်းဖွင့်သည်။ တချို့အခန်းများက လော့ခ်ချထားတာဖြစ်ပြီး တချို့သောအခန်းများက လော့ခ်မချထားသော်လည်း လူရှိသည်။
ထိုသို့တစ်ခန်းချင်းလိုက်ဖွင့်ကြည့်ပြီးနောက် ဦးထားသည့်လူများမရှိသည့် အခန်းလွတ်တစ်ခုကိုတွေ့သည့်အခါ အထဲသို့ဝင်သည်။ မှောင်မိုက်နေသည့်အခန်းငယ်ထဲမှာ မီးဖွင့်ဖို့မကြိုးစား တံခါးကိုသာ လော့ခ်အသေချလိုက်၏။ရှောင်းကျန့်၏ကျောပြင်ကလည်းအေးစက်စက်နံရံဖြင့်ထိကပ်ခြင်းခံလိုက်ရသည်။
"ကျန်တာတွေအကုန်လုံးလက်ခံနိုင်တာမလို့ အခြားတစ်ယောက်နဲ့ထပ်မတွဲပြရင် ရပြီ..."
လူမြင်ကွင်းမှာနမ်းရှိုက်ခြင်းကို ရှောင်းကျန့်ဘက်က ဂရုစိုက်ခြင်းမရှိပေမယ့် သူ့ဘက်ကတော့ ဂရုစိုက်သည်။ နမ်းရှိုက်နေချိန်အတွင်းဖြစ်ပေါ်နေမည့် ရှောင်းကျန့်၏လှုပ်ရှားမှုတွေက သေလောက်အောင်ဆွဲဆောင်မှုရှိနေမည်ဆိုတာ သေချာသည်။ထိုသို့သော ပုံရိပ် တွေကို မြင်ရသည့်လူတွေက စိတ်ထဲကနေ မပစ်မှားနေနိုင်ပါဘူးလို့ မည်သူမှအာမ မခံနိုင်။
အခန်းငယ်တစ်ခုထဲမှာနှစ်ယောက်တည်းရှိနေသည်ဆိုသည့်အသိမှာ သူ၏စိတ်ဆန္ဒတို့ကပုံမှန်ထက်နှစ်ဆဖြစ်လာသည်။ထို့ကြောင့်နှုတ်ခမ်းချင်းထိကပ်နေမှုကိုခွာလိုက်ပြီး ရှောင်းကျန့်၏ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ကာ နံရံဘက်ကိုမျက်နှာမူစေလိုက်သည်။ထိုမှတဆင့် နောက်ကျောဘက်ကနေရှောင်းကျန့်၏ခါးနေရာကိုလက်တစ်ဖက်နဲ့ကျစ်နေအောင်ဖက်ထားလိုက်ပြီးနောက် ဘယ်ဘက်ပုခုံးနေရာကိုအမှောင်ထဲမှာ မှန်းဆ၍ကိုက်ချလိုက်သည်။
"အ..."
ပုခုံးထက်မှဆစ်ကနဲဝေဒနာကိုခံစားလိုက်ရသည့်ရှောင်းကျန့်က နှုတ်ဖျားကနေနာကျင်မှုကြောင့်ဖြစ်ပေါ် လာသည့် အသံတစ်ခုကိုပြုလုပ်သည်။တဆစ်ဆစ်နဲ့ ဖြစ်နေသည့် သွားဆိပ်က ဘယ်လောက်နာကျင်ရလဲဆိုတာ ဝမ်ရိပေါ်မှန်းဆမိပေမယ့် အနည်းငယ်မျှအလျော့ပေးလိုက်ခြင်းမရှိ။
ပစ်ပယ်ထားခံရမှုတွေ၊ လျစ်လျူရှုထားခံရမှုတွေ၊ အခြားတစ်ယောက်နဲ့အတူရှိနေတဲ့အချိန်မှာတစ်ယောက်တည်းကြိတ်မှိတ်ပြီးခံစားခဲ့ရမှုတွေ။ရှောင်းကျန့် ကြောင့်သူနာကျင်ခဲ့ရသလို၊ သူ့ကြောင့်ရှောင်းကျန့်ကိုလည်း နာကျင်စေလိုသည့်စိတ်။ထိုအရာတွေအကုန်ပေါင်းစုပြီး စိတ်ရှိသည့်အတိုင်းပြုမူမိတော့ အကိုက်ခံနေရသည့် ရှောင်းကျန့်၏ ပုခုံးထက်၌သွေးစို့လာသည်။
ခံတွင်းထဲထိစိမ့်ဝင်လာသည့် သွေးစတချို့၏အရသာကိုဝမ်ရိပေါ်သိသိသာသာခံစားမိလိုက်ရသည့်အခါတွင်တော့ စိတ်ကိုလျှော့ကာ အလွှတ်ပေးလိုက်ပြီး အခန်း မီးခလုတ်ရှိသည့်နေရာကို စမ်းပြီးဖွင့်လိုက်သည်။
ထိန်လင်းလို့သွားသည့်အလင်းရောင်အောက်မှာကိုက် ရာ တစ်လျှောက်စီးကျလို့လာသည့် သွေးစတို့ကထင်ထင်ရှားရှား။ထိုအခြင်းအရာကိုဝမ်ရိပေါ်မျက်တောင်မခတ်ဘဲကြည့်နေမိရင်းမှရှောင်းကျန့်၏တစ်ကိုယ်လုံးကို သိမ်းကျုံး၍ကြားလေမရှိတင်းကြပ်နေအောင်ဖက်လိုက်သည်။
"ဒီနေ့ဒီအချိန်ကစလို့ရှောင်းကျန့်ကို ကျွန်တော်လွှတ်ပေးတော့မှာမဟုတ်ဘူး..."
ဝမ်ရိပေါ်စိတ်တွေအရမ်းလှုပ်ရှားနေမှန်းသိသည့်ရှောင်းကျန့်ကအရိုးတွေကြေမွလုမတတ်အဖက်ခံထားရင်းနှင့်ပင် ကျောပြင်ကိုဖွဖွသပ်ပေးသည်။
"အဲ့တာဆို ကိုယ်တို့ပြန်အဆင်ပြေသွားပြီလား..."
"အစကတည်းက ရှောင်းကျန့်ကို ကျွန်တော်စိတ်မဆိုးခဲ့ပါဘူး..."
အတန်ကြာတော့စိတ်တည်ငြိမ်သွားပြီဖြစ်သည့် ဝမ်ရိပေါ်ကရှောင်းကျန့်၏ပုခုံးပေါ်မှစီးကျနေသော သွေးစတို့ကို လက်နဲ့သပ်ပေးဖို့ပြင်လိုက်စဉ် ရှောင်းကျန့်ကအထိမခံဘဲတားမြစ်လိုက်သည်။
"ဒီတိုင်းပဲထား ခွေးပေါက်လေး...ကိုယ်နဲ့တစ်နေရာလိုက်ခဲ့..."
ရှောင်းကျန့်က ဝမ်ရိပေါ်နှင့် လက်ဖဝါးချင်းအပ်ကာ လက်ချောင်းချင်းယှက်တွယ်၍ အခန်းပြင်သို့ခေါ်ထုတ် သွားသည်။ကလပ်အပြင်ဘက်ထိရောက်လာသည့်တိုင်သူတို့၏လက်တွေကတွဲထားလျက်ဖြစ်ပြီးပူးကပ်နေသည့်လက်တစ်စုံကိုသာလမ်းတစ်လျှောက်လုံးဝမ်ရိပေါ်ငုံ့ကြည့်လာခဲ့သည်။
လမ်းမကြီးတစ်လျှောက်ခြေဦးတည့်ရာဆွဲခေါ်လာခဲ့သည့် ရှောင်းကျန့်က တိုက်တန်းတစ်ခုဘက်သို့ရောက်သောအခါ လှေကားထစ်တွေကနေ မြေအောက်ဘက်သို့ဆင်းသွားသည်။ မြေအောက်ထပ်ရောက်သည့်အခါ ရှောင်းကျန့်ရပ်တန့်လိုက်တော့ရောက်နေသည့်နေရာကို ဝမ်ရိပေါ်ကြည့်လိုက်သည်။
မြေအောက်ထပ်တိုက်ခန်းအပြင်ဘက်တံခါးပေါ်မှာရှိနေသည်က ၂၄ နာရီဖွင့်သည့်တက်တူးဆိုင် ဆိုင်းဘုတ်ပင်ဖြစ်သည်။ ရှောင်းကျန့်ကိုဝမ်ရိပေါ်ငဲ့ကြည့်လိုက်တော့ရှောင်းကျန့်က မျက်လုံးတစ်ဖက်မှိတ်ပြသည်။
"ကိုက်ရာကနေစပြီး သွေးစီးကျနေတဲ့နေရာအထိ တစ်ပုံစံတည်း တစ်ထေရာတည်းလိုချင်တယ်..."
"ရှောင်းကျန့်..."
တက်တူးဆရာနဲ့စကားပြောနေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ်တားလိုက်၏။ရှောင်းကျန့်၏အပြုအမူကြောင့် သူ့ခြေဖျားလက်ဖျားတွေတောင်အေးစက်လို့လာပြီးရင်ထဲတဆတ်ဆတ်နဲ့ဘယ်လိုပြောပြရမှန်းမသိအောင်ခံစားလို့နေရသည်။သူနဲ့ပတ်သက်တဲ့အရာတစ်ခုကို သေရာပါအနေနဲ့တက်တူးထိုးဖို့လုပ်နေသည့်ရှောင်းကျန့်ကိုနာကျင်မှာစိုး၍ တားလိုက်ပေမယ့်...
"အဲ့တာကိုယ့်ရဲ့ ဆန္ဒဖြစ်လို့ ခွေးပေါက်လေးတားခွင့်မရှိဘူး..."
ရှောင်းကျန့်ဘက်က တားလို့မရစွာစိတ်အားထက်သန်နေသည့်အခါ ခေါင်းညိတ်လိုက်ရသည်။
"မထိနဲ့ ကျွန်တော်သုတ်ပေးလိုက်မယ်..."
ရှောင်းကျန့်လိုချင်သည့်ပုံစံအတိုင်းတက်တူးဆရာက မင်နဲ့အကြမ်းဖျင်းအရာပေးပြီးသည့်နောက် သွေးစတို့ခြောက်သွေ့နေပြီဖြစ်သည့်ကိုက်ရာကိုအရင်ဆုံးသန့်စင်ဖို့လုပ်လိုက်စဉ်တက်တူးဆရာ၏လက်ထဲက အဝတ်စကိုဝမ်ရိပေါ်ကြားဖြတ်ယူပြီးကိုယ်တိုင်သန့်စင် ပေးလိုက်သည်။ပြီးနောက် ရှောင်းကျန့်ကိုအပေါ်အင်္ကျီချွတ်ခိုင်းနေသည့် တက်တူးဆရာကိုမကြည်သလိုကြည့်လိုက်ကာ...
"ပုခုံးပေါ်မှာထိုးတာ အပေါ်အင်္ကျီချွတ်စရာလိုလို့လား...ပြီးတော့ စွပ်ကျယ်ပဲဝတ်ထားတာကို..."
"ပုခုံးပေါ်က စွပ်ကျယ်ကြိုးကိုဖယ်ရပြုရနဲ့ လက်ဝင်ပြီး လိုချင်တဲ့ပုံကောင်းကောင်းမထွက်လာမှာစိုးတယ်..."
"အဲ့ဒီဘယ်ဘက်ပုခုံးကိုပဲ ဖော်ထားပြီး ကျန်တဲ့အခြမ်းကို ဂျက်ကတ်နဲ့ပဲဖြစ်ဖြစ်ခြုံထားလို့ရလား..."
"အဲ့တာလည်း သိပ်အဆင်မပြေဘူး..."
"အဲ့တာဆို တတ်နိုင်သမျှ အသားချင်းမထိဘဲ ထိုးပေးလို့ရလား..."
တက်တူးစရေးဖို့ ဆေးတွေ၊အပ်တွေကိုအသင့်ပြင်နေပြီဖြစ်သည့် တက်တူးဆရာက စောဒကတွေအရမ်းတက်နေသည့်ဝမ်ရိပေါ်ကိုအာရုံနောက်စွာဖြင့်မိုက် ကြည့် ကြည့်လိုက်သည်။
"ခွေးပေါက်လေး အရှေ့ကိုလာ...ကိုယ့်လက်ကိုလာကိုင်ထားပေး..."
အရိပ်အခြေသိသည့် ရှောင်းကျန့် ကခပ်ဟဟရယ်လိုက်မိပြီး ဝမ်ရိပေါ်ကို သူ့ရှေ့ခေါ်လိုက်သည်။လက်တစ်ဖက်ကို ကမ်းပေးလိုက်တော့ ဝမ်ရိပေါ်ကလက်ချောင်းချင်းယှက်တွယ်ပြီး ဆုပ်ကိုင်လိုက်၏။
"အရမ်းနာလို့လားဟင် ရှောင်းကျန့်..."
ပထမဦးဆုံး အပ်ကျရာတစ်ချက်မှာပင် မျက်နှာတစ်ချက်ပျက်သွားသည့် ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် မေးလိုက်သည့်အခါ ရှောင်းကျန့်က ခေါင်းကိုခါပြီးပြုံးပြသည်။ဆုပ်ကိုင်ထားသည့်ဝမ်ရိပေါ်၏လက်ကို နှုတ်ခမ်းနားထိဆွဲယူဖိကပ်လိုက်ပြီး...
"ကိုယ် မနာပါဘူး..."
ဝမ်ရိပေါ်သက်ပြင်းငွေ့ငွေ့ချလိုက်သည်။ရှောင်းကျန့်ကမနာဘူးပြောနေပေမယ့် အသည်းခိုက်မတတ်နာနေမှန်းသူသိသည်။လူသွားနဲ့လောလောလတ်လတ်ကိုက်ခံထားရသည့် ဒဏ်ရာပေါ်မှာ ချွန်ထက်စူးရှလွန်းလှသည့် အပ်သွားတွေနဲ့ နောက်ထပ်သွေးထွက်ဒဏ်ရာတစ်ခုဖန်တီးခံနေရခြင်းမှာ မနာဘူးဟုပြောရအောင် ရှောင်းကျန့်က သံမဏိလူသားမဟုတ်။
ထို့ကြောင့်ရှောင်းကျန့်၏နာကျင်မှုများကို အာရုံလွှဲစေလိုသည့်သဘောဖြင့် နားကပ်များတန်းစီနေသည့် ဘယ်ဘက်နားရွက်လေးကို ဖွဖွလေးပွတ်သပ်ပေးလို့နေသည်။ အရင်ကနားကွင်းလေးတစ်ခုနဲ့ နားကပ်ငါးခုရှိနေခဲ့သည့် နားရွက်လေးပေါ်မှာ အပေါ်ဆုံး နားကပ်နှစ်ခုက ပျောက်လို့နေပြီးနားပေါက်ရာလေးတွေပဲကျန်ရစ်နေတာကို အခုမှသတိထားမိလိုက်တော့...
"အပေါ်ဆုံးက နားကပ်နှစ်ခုရော..."
"မရှိတော့ဘူး..."
"ဘယ်ရောက်သွားတာလဲ..."
"ဒီလိုပဲ အငွေ့ပျံသွားတာ...ဟား...ဟား..."
မမြင်တာကြာပြီဖြစ်သည့်ရှောင်းကျန့်မျက်နှာပေါ်ကအရယ်အပြုံးတွေကိုသာ မက်မောစွာဝမ်ရိပေါ်ငေးစိုက်မိရင်းတခြားသောမေးခွန်းများဆက်မမေးနိုင်တော့။
နာရီလက်တံတွေတချက်ချက်နဲ့လည်ပြီး အချိန်တချို့ကုန်ဆုံးလို့သွားပြီးနောက် တက်တူးဆရာက လက်စသတ်လိုက်ကာ အပ်သွားတို့ကြောင့်ရရှိထားသောသွေးစတို့ကို ဆပ်ပြာရည်စိုဝတ်ဖြင့်သုတ်ချလိုက်သည်။အခုမှထိုးပြီးထားသည်ဖြစ်၍အရေပြားတို့ယောင်နေပြီး ဆေးသားမကျသေးသော်လည်း ထိုပုံကပင်တက်တူးဆရာ၏အရည်အချင်းကြောင့်လက်ရာမြောက်နေလွန်းလှသည်။
ပုခုံးအနောက်ဘက်နားလောက်မှာဖြစ်၍ ကောင်းကောင်းမမြင်ရသည့် ရှောင်းကျန့်ကိုမှန်တစ်ခုရှေ့သို့ဝမ်ရိပေါ်ခေါ်သွားကာ တက်တူးဆရာဆီကနောက်ထပ်မှန်တစ်ခုတောင်းယူ၍နောက်ကျောဘက်ကိုမှန်ထောင်ပြလိုက်သည်။
"တွေ့ရလား ရှောင်းကျန့်...ကျွန်တော့်ဖုန်းနဲ့ဓာတ်ပုံရိုက်ပြရမလား..."
"ကိုယ်တွေ့ရတာ မတွေ့ရတာထက် ကိုယ့်မှာခွေးပေါက်လေးရှိပြီးသားဆိုတာ လူတွေသိရင်ရပြီ..."
ရှောင်းကျန့်၏မျက်ဝန်းတွေထဲကို ဝမ်ရိပေါ်စိုက်ကြည့်ရင်း ထိုစကား၏လေးနက်မှုအတိမ်အနက်ကိုရှာဖွေသည်။
ပေါ့ပေါ့ပါးပါးပဲပြောထွက်ခဲ့သည်ဖြစ်စေ၊ လေးလေးနက်နက်ပဲပြောထွက်ခဲ့သည်ဖြစ်စေ
You are reading the story above: TeenFic.Net