အပိုင်း(၁၃) Unicode

Background color
Font
Font size
Line height

ရှောင်းကျန့် စာမေးပွဲလာဖြေသည်။

ဟုတ်သည်။ အမြင်မမှား။

ရှောင်းကျန့်စာမေးပွဲလာဖြေသည်။

ရှေ့ဆုံးခုံမှာထိုင်နေသည့်ရှောင်းကျန့်ကနဂိုပုံသာဖြစ်သည်။ရှပ်လက်တိုအနက်ကိုအင်္ကျီလက်တွေလိပ်တင်ပြီး ဂျင်းဘောင်းဘီနက်ပြာရောင်နဲ့တွဲဖက်ဝတ်ထားသည်။ ခေါင်းကမီးခိုးရောင်ဆံပင်တွေကလည်းအရင်တိုင်း။

ခန္ဓာကိုယ်ကိုလျော့တိလျော့ရဲလုပ်ကာ ထိုင်ခုံကိုကျောမီပြီး စားပွဲကိုသာစိုက်ကြည့်နေသည့်ရှောင်းကျန့်ကသူရပ်ကြည့်နေသည်ကိုသတိထားမိဟန်မရှိ။စာမေးပွဲတကယ်လာဖြေတာလားဘာလားဆိုတာတော့မသေချာပေမယ့် ဒီတိုင်းထိုင်ချင်ရုံသပ်သပ်နဲ့တော့စာမေးပွဲခန်းထဲရောက်လာမည်မထင်။

စာမေးပွဲခန်းထဲကျောင်းသားများအလျှိုလျှိုဝင်လာပြီးသတ်မှတ်ထားသည့်ထိုင်ခုံများတွင်နေရာယူနေကြပြီဖြစ်သည့်တိုင်လက်ရှိနေရာကနေသူမရွေ့နိုင်သေး။ သူ့မျက်လုံးတွေက စာမေးပွဲခန်း​၏ရှေ့ဆုံးခုံမှာထိုင်နေသည့်ရှောင်းကျန့်ဆီမှာသာမြဲမြံနေသည်။

"ဝင်မှာလား မဝင်ဘူးလား အပေါက်ဝမှာဘာရပ်လုပ်နေတာလဲ..."

စာမေးပွဲခန်းမအဝင်ပေါက်မှာပိတ်ကာမတ်တပ်ရပ်နေသည့် သူ့ကိုကျောင်းသားများအမြင်မကြည်ဖြစ်လာရသည်။အနောက်ဘက်မှတွန်းတိုက်မှုများကြောင့်ဖယ်စရာပင်မလို အလိုလိုဘေးသို့ရောက်သွား​၏။

စာမေးပွဲခန်းမအဝင်ဝက ရုတ်ရုတ်သဲသဲအသံများကြောင့်ရှောင်းကျန့်က မျက်လုံးကိုပင့်၍ကြည့်လာသည်။ရှောင်းကျန့်​၏မျက်ဝန်းများနှင့်ဆုံသွားသည့်အခိုက်သူ့နှုတ်ခမ်းတို့ကခိုင်းစေခြင်းမခံရပါဘဲအလိုအလျောက်ပြုံးပြဖို့လုပ်လိုက်ပေမယ့် အကြည့်လွှဲသွားသည့် ရှောင်းကျန့်ကြောင့်အပြုံးများလမ်းတစ်ဝက်မှာရပ်တန့်သွားရသည်။

ဒီလိုစိမ်းကားပြမှရမှာလား။ သူနဲ့ရှောင်းကျန့်က ရန်သူတွေမှမဟုတ်တာ။ ရန်သူတွေတောင်လမ်းမှာထိပ်တိုက်တွေ့ရင် မာန်ချင်းပြိုင် အကြည့်ချင်းဆိုင်ကြသေးသည်။ကြိုးဝိုင်းထဲမှာ ထိုးသတ်ကြမည့်ပြိုင်ဘက်များသည်လည်းမယှဉ်ပြိုင်ခင် လက်ချင်းဆွဲ နဖူးချင်းတိုက်နှုတ်ဆက်ကြသေးသည်။

အခုရှောင်းကျန့်လုပ်လိုက်သည့်ပုံကတစ်ခါမှမသိကျွမ်းခဲ့ဖူးသည့်သူစိမ်းတစ်ယောက်လိုမျိုးဖြစ်သည်။ "ခွေးပေါက်လေး"လို့တရင်းတနှီးခေါ် ပြီး သူ့ဆံပင် တွေကိုထိုးဖွဖူးသည့်ပုံရိပ်တွေကိုပြန်မြင်ယောင်နှိုင်းယှဉ်မိတော့ ဝဲဘက်ရင်အုံကဆစ်ကနဲ။

"ကဲ...ကဲ အားလုံးကိုယ့်ခုံမှာ ကိုယ်ဝင်ထိုင်ကြတော့ နောက်ငါးမိနစ်ဆိုရင် မေးခွန်းဝေတော့မယ်..."

အခန်းစောင့်ဆရာ​၏ဆော်သြောလိုက်မှုကြောင့်ဝမ်ရိပေါ်​၏ခြေလှမ်းတို့လှုပ်ရှားလာရသည်။ဖြည်းဖြည်းချင်းလျှောက်လာရင်း သူ့ကိုယ်ပေါ်မှာရှိနေသည့်အပေါ်ရုံအင်္ကျီရှပ်လက်ရှည်အပါးလေးကိုချွတ်လိုက်ကာ လက်ထဲမှာပင် မြန်မြန်ဆန်ဆန်သပ်သပ်ရပ်ရပ်ခေါက်သည်။ထို့နောက် ရှောင်းကျန့်ထိုင်နေသည့်ဘေးမှဖြတ်လျှောက်သွားကာ လက်ထဲကရှပ်အင်္ကျီခေါက်လျက်သားကို ရှောင်းကျန့်​၏စားပွဲပေါ်တွင်တင်ပေးခဲ့သည်။

ဘာမျှော်လင့်ချက်မှမပါ ပါဘူး။လေအေးပေးစက်အရှိန်ဖြင့်အေးလွန်းလှသည့်စာမေးပွဲခန်းမထဲမှာ အင်္ကျီလက်ကိုခေါက်တင်ပြီးဝတ်ထားတာကြောင့် ပေါ်လွင်နေသည့်လက်မောင်းနှစ်ဖက်ကို အအေးမမိစေချင်ရုံလေးသာဖြစ်သည်။ဝတ်တာမဝတ်တာကတော့...

"မေးခွန်းစာရွက်တွေကို ကိုယ့်နောက်ကလူကိုလက်ဆင့်ကမ်းလိုက်ကြပါ..."

ရှေ့ဆုံးတန်းမှလက်ဆင့်ကမ်းလာသည့်မေးခွန်းစာရွက်များသည် နောက်ဆုံးတန်းမှာရှိနေသည့်ဝမ်ရိပေါ်​၏လက်ထဲသို့ရောက်လာသည်။

W နဲ့စသည့် သူ့နာမည်နှင့်X နဲ့စသည့် ရှောင်းကျန့်​၏နာမည်တို့က ခုံနံပါတ်ချင်းကပ်လျက်ဖြစ်သော်လည်း ခုံစီထားသည့်အရေအတွက်အရ ရှေ့ဆုံးနဲ့နောက်ဆုံးဖြစ်လို့သွားသည်။ သူထိုင်နေသည့်ခုံတန်းက သူ့ခုံနံပါတ်မှာအဆုံးသတ်ပြီး နောက်ထပ်ခုံတန်းတစ်ခုက ရှောင်းကျန့်​၏ခုံနံပါတ်ဖြင့်ပြန်စတာဖြစ်သည်။

စာမေးပွဲခန်းမထဲက စားပွဲခုံတွေကို စီတဲ့လူတွေကအစသူတို့နှစ်ယောက်ကိုအဝေးဆုံးမရောက်ရောက်အောင် ဖန်တီးထားကြသလို။ကံကြမ္မာသည်ပင်သူ့ဘက်၌မရှိတာသိသာလွန်းလှသည်။

စာမေးပွဲဖြေဆိုပြီးလျှင်ရှောင်းကျန့်နောက်ကိုလိုက်ပြီးစကားပြောဖို့တွေးထားပေမယ့်စာမေးပွဲခန်းထဲမှာမိနစ်နှစ်ဆယ်လောက်ပဲထိုင်လိုက်သည့် ရှောင်းကျန့်က အားလုံးထက် အရင်ဆုံးထွက်သွားသည်။

မေးခွန်းစာရွက်ပေါ်ကမေးခွန်းတွေက သူ့အတွက်လွယ်ကူသော်လည်း ရှောင်းကျန့်ဆိုသည့်ပုစ္ဆာကိုတော့ သူဘယ်လိုနားလည်ရမလဲ။စာမေးပွဲခန်းထဲကမထွက်သွားခင်ရှောင်းကျန့်ကသူပေးခဲ့သည့်ရှပ်လက်ရှည် ကိုကောက်ဝတ်လို့သွားခဲ့သည်။

သူကပဲအတွေးတွေချော်သွားသည်လား၊ ရှောင်းကျန့်ကပဲသူမမြင်ဘူးလို့ထင်ပြီးလုပ်လိုက်သည်လား။

ရှပ်အင်္ကျီရဲ့ကော်လံစလေးကိုနှာခေါင်းနားထိဆွဲယူပြီးစိတ်လိုလက်ရ ငုံ့နမ်းလိုက်သည့်မြင်ကွင်းက ရှင်းရှင်းလင်းလင်း။

______________ _____________

နောက်ဆုံးတစ်ဘာသာပဲဖြေဆိုရတော့မည့်စာမေးပွဲကိုကြားထဲမှာနှစ်ရက်အနားပေးထားသည်။

​ဝမ်ရိပေါ်သူ့လက်ထဲကနေဖုန်းကိုမချနိုင်သည်မှာ ၂၄ နာရီတိတိပင်ပြည့်တော့မည်။ရှောင်းကျန့်​၏လက်ရှိဖုန်းနံပါတ်အသစ်ကသူ့ဖုန်းထဲမှာရှိနေသော်လည်း စိတ်အလိုကို လက်ကမလိုက်နိုင်။

အောက်တိုဘာလ ၅ ရက်နေ့ကို တစ်မိနစ်စွန်းသွားကတည်းက ရှောင်းကျန့်​၏ဖုန်းနံပါတ်ကိုကြည့်လိုက်၊ စာပို့မယ်ပြင်လိုက်ပြီးမှလျစ်လျူရှူလိုက်လုပ်နေခြင်းမှာအခုဆို ဘယ်နှစ်ခေါက်မြောက်ပင်ရှိနေသည်မသိ။

"မွေးနေ့မှာပျော်ရွှင်ပါစေ" လို့ရေးပြီးမှ ဖျက်လိုက် ဖုန်းပိတ်လိုက်ဖြင့်လုပ်နေသည်မှာလည်း အခေါက်တစ်ရာမက။ အခုလည်းလက်ကအလိုအလျောက်စနစ်နဲ့စာလုံးတွေတတောက်တောက်ရိုက်နေပြီး ပို့ရမည့်နေရာအရောက်မှာ လက်ကိုရစ်သီရစ်သီနေသည်မှာငါးမိနစ်ခန့်ရှိပြီဖြစ်သည်။

ထို့ကြောင့်လက်ကိုပြန်ရုတ်သိမ်းဖို့လုပ်လိုက်စဉ် မတော်တဆထိမိသွားသည့်နေရာက send ဆိုသည့်ခလုတ်နား။တစ်ဖက်ကမမြင်ခင်ဝမ်ရိပေါ်ပြန်ဖျက်ဖို့ချက်ချင်းလုပ်လိုက်ပေမယ့် တစ်ဖက်ကတွေ့သွားပြီဆိုသည့်အမှတ်အသားကပေါ်လာသည်။

တစ်ဖက်ကတွေ့သွားလည်းဝမ်ရိပေါ်သိပ်ပြီးစိတ်မပူမိ။ရှောင်းကျန့်ကဖုန်းအသစ်ပြောင်းထားရင် သူ့နံပါတ်ကိုတကူးတကထည့်မှတ်ထားမည်မဟုတ်တာကြောင့် မှတ်မိစရာအကြောင်းမရှိ။

Oh No!

အိပ်ရာပေါ်လှဲနေသည့် ဝမ်ရိပေါ်ချက်ချင်းကိုငုတ်တုတ်ထထိုင်လိုက်သည်။

စိတ်လှုပ်ရှားမှုကြောင့်လက်ထဲကဖုန်းပင်လွတ်ကျမတတ်ဖြစ်သည်။လက်ဖျားတွေအေးစက်လို့နေကာ ကြမ်းပြင်ပေါ်ချထားမိသည့်ခြေဖျားတွေလည်း အေးစက်လို့နေသည်။အခန်းတွင်းကလေအေးပေးစက်ကလည်းခါတိုင်းထက်ပို၍အေးလို့လာကာ ဝမ်းတွင်းကလီစာတွေအထိပါအေးလာသလိုခံစားရသည်။

ရှောင်းကျန်ဘက်မှ ပေါ်လာသည့် typing ဆိုသည့်စကားလုံးကို ဝမ်ရိပေါ်စိုက်ကြည့်လို့နေမိသည်။ရှောင်းကျန့်က သူ့ဖုန်းနံပါတ်ကိုအလွတ်မှတ်မိလို့နေတာလားဆိုတာတော့ မသေချာ။မည်သည့်ပြန်စာမျိုးရောက်လာမလဲဆိုတာကိုပဲ အသက်တောင်မရှူနိုင်သေးဘဲစိုက်ကြည့်လို့နေမိသည်။

typing...

typing...

ထိုစာလုံးကပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေသော်လည်း ဝမ်ရိပေါ်စိတ်ရှည်ရှည်ဖြင့်စောင့်နေသည်။တစ်မိနစ်ကနေ နှစ်မိနစ်...သုံးမိနစ်...ငါးမိနစ်ထိပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့်အခါတွင် တော့ ဝမ်ရိပေါ်စိတ်မရှည်တော့ဘဲသူ့ဘက်ကနေစ၍ ဖုန်းခေါ်သည့်ခလုတ်ကိုနှိပ်ချလိုက်သည်။

ဝင်သွားပြီဖြစ်သောဖုန်းကို တစ်ဖက်ကချက်ချင်းပြန်ဖြေဆိုသေးခြင်းမရှိဘဲ တစ်မိနစ်ခန့်ကြာမှ...

"ဟယ်လို..."

ကြားလိုက်ရသည့်ဖုန်းဖြေသံက ရင်ဘတ်ကိုဆောက်နဲ့ထွင်းလိုက်သလိုဖြစ်စေသည့်အခါ ဝမ်ရိပေါ်ခံပြင်းစွာဖြင့် ဖုန်းကိုအဝေးတစ်နေရာသို့ပစ်ပေါက်လိုက်မိသည်။

ဖုန်းချမိလိုက်ခြင်းမရှိတာကြောင့်အဝေးသို့ရောက် သွားသည့်ဖုန်းထဲမှ "ဟယ်လို"ဆိုသည့်အသံများကိုအဆက်မပြတ်ကြားနေရသေးသည်။

"ဟယ်လို ဘယ်သူလဲမသိဘူးရှင့်..."

သူတောင့်တနေခဲ့ရသည့်ရှောင်းကျန့်အသံတော့မဟုတ်။မိန်းမတစ်ယောက်​၏အသံဖြစ်သည်။တိတိကျကျပြောရရင်တော့ ရှောင်းကျန့်​၏လူသိရှင်ကြားချစ်သူ မေလင်း​၏အသံ။သူမေ့သွားခဲ့တာတော့မဟုတ်။ရှောင်းကျန့်ဘေးမှာသူမဟုတ်သည့် တခြားလူတစ်ယောက်ရှိနေမှာဆိုသည့်အကြောင်းအရာကို တမင်တကာမေ့ချင်ယောင်ဆောင်ထားခဲ့မိတာဖြစ်သည်။

"တူ...တူ...တူ..."

တစ်ဖက်ကဖုန်းချသွားသည့်အခါမှ ဝမ်ရိပေါ်အိပ်ရာပေါ်မှထ၍ မျက်နှာပြင်ကွဲအက်သွားပြီဖြစ်သောဖုန်းကိုကြမ်းပြင်ပေါ်မှကောက်ယူလိုက်သည်။

လူဆိုသည့်အမျိုးက နာကျင်ရမယ်ဆိုတာကိုသိနေတာတောင်ကိုယ့်မျက်စိနဲ့ကိုယ်တိုင်မြင်ပြီး ထပ်ဆင့်နာကျင်ချင်သည့်အမျိုးတွေဖြစ်တာကြောင့် social media တစ်ခုထဲသို့ဝမ်ရိပေါ်ဝင်လိုက်ကာသူနဲ့သူငယ်ချင်းဖြစ် သည့် ချန်လင်း​၏အကောင့်ထဲသို့ဝင်လိုက်သည်။

ချန်လင်း​၏အကောင့်ထဲမှ သူငယ်ချင်းများစာရင်းကို ဝင်မွှေနှောက်လိုက်ရင်း မေလင်း​၏အကောင့်ကိုတွေ့သည့်အခါ လက်ထောက်လိုက်သည်။ မျှော်လင့်ထားခဲ့သည့်အတိုင်း မေလင်း​၏အကောင့်ထဲရောက်သွားသည်နှင့် ပထမဦးဆုံးတွေ့လိုက်ရသည်က လွန်ခဲ့သည့်တစ်နာရီခန့်ကတင်ထားသည့် ပို့စ်တစ်ခုဖြစ်သည်။

ထိုပို့စ်တွင် ပုံနှစ်ခုပါရှိပြီး နှစ်ခုလုံးက မေလင်းတစ်ဦးတည်း​၏ပုံဖြစ်​သည်။ ပထမပုံက မေလင်း​၏နှုတ်ခမ်းထောင့်၌ ကိတ်မုန့် ကရင်မ်တချို့ပေနေသည့်ပုံဖြစ်ပြီး၊ ဒုတိယပုံက မေလင်း​၏နှုတ်ခမ်းထောင့်မှာပေနေသည့် ကရင်မ်များပျောက်သွားသည့်ပုံဖြစ်သည်။ရေးထားသည့် caption က...

"Birthday Boy လေးက အရမ်းဆိုးတယ်"

ဒါဘာအဓိပ္ပာယ်လဲဆိုတာ ဦးနှောက်ပါသည့်အရွယ် ရောက်ပြီးသားလူတိုင်းသိသည်။ထိုပို့စ်အောက်မှာအားကျကြောင်း comment ရေးထားသည့်အပေါင်းအသင်းများကလည်းမနည်းမနောဖြစ်သလို ကောင်းချီးပေးထားသည့် comment များကလည်း ဒုနဲ့ဒေးဖြစ်သည်။

ထို comment များကိုလိုက်ဖတ်နေမိရင်း မျက်လုံးများကျိန်းစပ်နီရဲလာသည့် ဝမ်ရိပေါ်ကဖုန်းကိုပိတ်လိုက် ကာ အိပ်ရာပေါ်ကိုပက်လက်လှန်လှဲ၍မျက်လုံးများမှိတ်ချလိုက်သည်။သူ့ကိုကြိုးစားခွင့်ပင်နည်းနည်းလေးမှမပေးခဲ့သည့် ရှောင်းကျန့်အပေါ်ထားရှိခဲ့မိသည့်သူ့ခံစားချက်များကို ပြန်သုံးသပ်ဖို့သင့်ပြီလားဟုတွေးနေမိရင်း...

စက္ကန့်သုံးဆယ်ပင်မကြာ ဝမ်ရိပေါ်​၏မျက်လုံးများပြန်ပွင့်လာသည်။ငုတ်တုတ်ပြန်ထိုင်လိုက်ကာ ပိတ်ထားသည့်ဖုန်းကိုဖွင့်၍social media ထဲသို့ပြန်ဝင်​၏။ပြီးလျှင်သူ​၏လက်ရှိအကောင့်ကို Log out လုပ်လိုက်၍ နောက်ထပ်အကောင့်တုအသစ်တစ်ခုကိုဖွင့်လိုက်သည်။

ထို့နောက် စိတ်ပိုင်းဖြတ်လိုက်သလိုပုံမျိုးဖြင့် ဆံပင်ကိုလက်ချောင်းများဖြင့်ထိုးသပ်လိုက်ပြီးမျက်နှာကိုတင်းလိုက်သည်။ဖုန်းကိုလည်းလက်နှစ်ဖက်ဖြင့်သေချာကိုင်ပြီး မေလင်း​၏ ပို့စ်အောက်ကိုသွားကာ ကောင်းချီးပေးထားသည့် comment တစ်ခုချင်းဆီ​၏အောက်၌ တစ်ခုမကျန် reply ပြန်ရေး​၏။

"အားကျမနေနဲ့ အချိန်တန်ရင်ပြတ်မှာ" ဆိုသည့်စာကြောင်းများအနောက်တွင် ခရမ်းရောင်နတ်ဆိုးပုံ emoji တစ်ခုလည်း အဆစ်ပါသည်။

အံ့ဖွယ်ဖြစ်ရပ်ဖြစ်သည်။ သူ စိတ်တိုပြီး ထိုသို့ လိုက် ရေးခဲ့သမျှ ပါးစပ်စီး၊လက်စီး ပြီးကျိန်စာသင့်သွားခဲ့တယ်ထင်သည်။

နောက်တစ်နေ့ ၌ ရှောင်းကျန့်နဲ့ မေလင်း​ ချစ်သူတွေအဖြစ်ကနေ အမှန်ပင် ပြတ်စဲသွားခဲ့သည်။
_____________ ______________
AN : 😂


You are reading the story above: TeenFic.Net

#random