အပိုင်း(၁၂) Unicode

Background color
Font
Font size
Line height

လက်ရှိအချိန်အခါတွင် တက္ကသိုလ်၌ လူအများ​၏ အာရုံစူးစိုက်မှုအလုံးစုံကိုရရှိထားသူမှာ မေလင်းဖြစ်သည်။အားလုံး​၏နှုတ်ဖျား၌တွင်ကျယ်နေသည့် အခေါ်အဝေါ်များက မေလင်းဟာ Toxic ​၏ အသည်းကိုခြွေနိုင်သူ တစ်နည်းအားဖြင့် Toxic နှင့်ပတ်သက် သည့်အရာရာကိုပိုင်စိုးသူ။

အကြောင်းကတော့ Toxic ​၏ Locker ကိုထိတွေ့ခွင့်ရှိသည့်သက်ရှိလူသားမှာ မေလင်းတစ်ဦးတည်းသာဖြစ်ခြင်းကြောင့်ဖြစ်​၏။ "ရှောင်းကျန့်"ဟူသည့်နာမည် ကို Marker ဖြင့် ရေးထိုးထားသည့် Locker ကို တခြားသူများထိဖို့မပြောနှင့်မျက်လုံးဖြင့်ပင်စွေမကြည့်ရဲကြတာဖြစ်သည်။

တစ်ခါမှလော့ခ်မချထားသည့်ရှောင်းကျန့်​၏ Locker သည်အခုနောက်ပိုင်း လော့ခ်ချထားတာဖြစ်ပြီး password ကိုတော့မေလင်းတစ်ဦးတည်းသာသိသည်။

မေလင်းကမနက် ၈ နာရီမထိုးခင်တိုင်း စာကြည့်တိုက် အလုပ်မဝင်ရသေးခင် ရှောင်းကျန့်​၏Lockerရှိရာသို့ရောက်လာသည်။သူတစ်ဦးတည်းသာသိသော password ဖြင့်တံခါးကိုဖွင့်သည်။ပြီးလျှင် Locker ထဲ၌နေ့တိုင်းအမြဲရှိနေတတ်သည့်လက်ဆောင်ပစ္စည်းလေးတစ်ခုကိုယူသည်။ထိုအခြင်းအရာကိုမိန်းကလေးအားလုံးနီးပါးအားကျကြသည်။

ထို့ကြောင့်Locker များတန်းစီထားရာနေရာ၌မနက်ခင်းတိုင်းတချို့သောစပ်စပ်စုစုမိန်းကလေးများကခပ်လှမ်းလှမ်းကနေဝိုင်းအုံအကဲခတ်တတ်ကြသည်။မနက်ခင်းတိုင်း မေလင်းဘာလက်ဆောင်လေးများရမလဲဆိုတာကိုသိချင်ကြ၍ဖြစ်​၏။

မေလင်းအတွက် ရှောင်းကျန့် Locker ထဲမှာထည့်ထားပေးတတ်သည့်လက်ဆောင်များမှာတစ်နေ့တစ်မျိုးမရိုးရအောင်ဖြစ်သည်။တစ်ခါတစ်လေရောင်စုံလက်ဆောင်ဘူးလေးတွေဖြစ်သည်။တစ်ခါတစ်လေ ချောကလက်ဘူး၊ချိုချဉ်ဘူးစသည့်စားစရာလေးတွေဖြစ်သည်။တစ်ခါတစ်လေကျရင်တော့ဒီနေ့လိုပန်းစည်းလေးတွေပေးတတ်တာဖြစ်​၏။

"Wow...လှလိုက်တာ ကံကောင်းလိုက်တာဟယ် Toxic ကချစ်တတ်လိုက်တာ...တခြားလူတွေကိုသာလူမထင် တာ သူ့ကောင်မလေးအပေါ်မှာတော့ အပြတ်အသတ် ကို ရိုမန်တစ်ဆန်တာဟေ့..."

"ကြည့်ပါလား...ကိုယ့်ချစ်သူဆီကနေ ရှယ်အချစ်ခံရတဲ့မိန်းကလေးတွေက မျက်နှာလေးတွေလန်းဆန်းကြည်လင်တယ်ဆိုတာလေ တကယ်ကိုအမှန်ပဲ...မေလင်းကိုပဲကြည့်...အားကျလိုက်တာလို့..."

ရှောင်းကျန့်​၏ Locker ထဲမှအရွယ်အစားအလယ်အလတ်ရှိသောအလွန်တရာလှပသည့်ပန်းစည်းလေးကိုမေလင်းယူထုတ်လိုက်သည့်အခါထိုသို့သောအားကျပြောဆိုသံများကသဲ့သဲ့ပေါ်ထွက်လာတာဖြစ်သည်။

ကျစ်...!

နားနှင့်ပင်မဆန့်ချင်တော့သည့်တစ်ယောက်တစ်

ပေါက်ပြောဆိုနေသံများကြားတွင်ဝမ်ရိပေါ် ကသူ့ Locker တံခါးကိုတမင်တကာအသံမြည်အောင် အသေဆောင့်ပိတ်လိုက်သည်။ထို့နောက်မျက်စောင်းထိုးမှာရှိနေသည့် ရှောင်းကျန့်​၏ Locker ရှေ့မှာရပ်နေသော မေလင်းကိုစောင်းကြည့်လိုက်သည်။

မေလင်း​၏ မျက်နှာကပြုံးပြုံးလေးဖြစ်နေသည်။လက်ထဲပွေ့ပိုက်လို့ထားသည့်ပန်းစည်းလေးကိုနူးနူးညံ့ညံ့လေးမွှေးကြူသည်။ယဉ်စစအမူအရာဖြင့်ရှောင်းကျန့်​၏ Locker တံခါးလေးကိုလော့ခ်ပြန်ချလိုက်ပြီးပန်းစည်းတစ်ပွေ့တစ်ပိုက်နဲ့အတူအပြုံးပန်းများကိုပွေ့ပိုက်၍စာကြည့်တိုက်ရှိရာဘက်သို့ထွက်သွားသည်။

ဝမ်ရိပေါ်သူ့လက်သီးကိုဆုပ်ထားသည်။မေးရိုးတွေကျိန်းလောက်သည်အထိအံကိုလည်းကြိတ်ထား​၏။

သူပြောမှ Locker ဆိုတာရှိလာသည့်ရှောင်းကျန့်ကအခုတော့ password တွေတောင်ထားပြီးသူမဟုတ်သည့်အခြားတစ်ယောက်အတွက်ချစ်သက်လက်ဆောင်လို့သတ်မှတ်၍ရသည့် အရာများကိုထည့်ပေးထားတတ်သည့်အခါ အသည်းပေါက်ဖို့ကောင်းသည်။

ပို၍အသည်းပေါက်ဖို့ကောင်းသည်က သူသာတစ်ယောက်တည်းဖြစ်ပျက်ခံစားလို့နေရပေမယ့်ရှောင်းကျန့်ကတော့မည်သည့်ကမ္ဘာတွင်ရောက်နေသည်မသိ။ဖွင့်ပြောမိလိုက်သည့်နေ့မှစ၍ အခုထက်ထိသူ့ရှေ့ကိုတစ်ခါမှမပေါ်လာတော့သလို၊ ဘယ်မှာလိုက်လို့ရှာရမှန်းလည်းမသိ။

မေလင်းနှင့်တွဲနေသည်ဟုတက္ကသိုလ်တစ်ခုလုံးသိနေသော်လည်း တက္ကသိုလ်ဝန်းထဲမှာအတူတူတွဲသွားတာကိုတစ်ခါမှမမြင်ဖူးသလိုအရိပ်အယောင်ပင်မတွေ့ရ။

​အရင်လိုအချိန်ပိုင်းမဟုတ်တော့ဘဲ မနက် ၈ နာရီကနေ ည ၁၀ နာရီထိ စာကြည့်တိုက်မှာအချိန်ပြည့်အလုပ်လုပ်နေရသည့်မေလင်းနဲ့ ရှောင်းကျန့်ကဘယ်အချိန်တွေမှာချိန်းတွေ့ကြမှန်းသူလည်းမသိပေမယ့် လူမသိသူမသိအချိန်၊လူမမြင်သူမမြင်နေရာတွေမှာသာချိန်းတွေ့ရင်ဆိုသည့်အတွေးက လူကိုအားယုတ်စေသည်။

အသက် ၂၄ ၊ ၂၅ ဝန်းကျင်အရွယ်ရောက်ပြီးသားလူနှစ်ယောက်က ကလေးပေါက်စလေးတွေလို လက်လေးကိုင် ပါးလေးနမ်းရုံလောက်ပဲမလုပ်ကြဘူးဆိုတာ ကျိန်းသေသည့်အခါထိုအတွေးနဲ့တင်အိပ်ရေးပျက်ရတာညတိုင်းလိုလိုဖြစ်သည်။မေလင်းနဲ့ရှောင်းကျန့်ရဲ့အခြေအနေကို ချန်လင်းဆီကအနည်းအကျဉ်းလောက်သိရဖို့မျှော်လင့်ထားခဲ့မိပေမယ့်ချန်လင်းက ဒီနောက်ပိုင်းသူ့ကိုသိသိသာသာကြီးရှောင်နေတာဖြစ်သည်။

သူလည်းမာနဆိုသည့်အရာလေးကိန်းဝပ်နေသည့်လူတစ်ယောက်ဖြစ်လို့ ကိုယ့်ကိုဖယ်ခွာနေသည့်လူတွေအကြောင်းကိုစေ့စေ့စပ်စပ်လိုက်တွေးနေခြင်းမရှိတော့ဘဲ ဘာသိဘာသာဂရုမစိုက်နေလိုက်တော့​သည်။သို့သော်လည်း သူဂရုမစိုက်သည့်လူတွေထဲမှာတစ် ယောက်တော့မပါ။

ရှောင်းကျန့်ဆိုတဲ့ဖြစ်တည်မှုကသူ့ရင်ထဲမှာအကြွင်းမဲ့ခြွင်းချက်။
_______________ _____________

စာကြည့်တိုက်အပေါ်ဆုံးထပ်​၏ ထောင့်ဆုံးကလူမမြင်ကွယ်ရာ တစ်ယောက်စားပွဲခုံတွင်ဝမ်ရိပေါ်တစ်စုံတစ်ခုကိုကြိတ်လုပ်ရင်းအလုပ်ရှုပ်နေသည်။ခေါင်းကိုစားပွဲခုံထဲဝင်လုမတတ်ငုံ့လို့ထားပြီး လက်ကလည်းဘောပင်ကိုကိုင်ကာတလှုပ်လှုပ်ဖြစ်နေသည်။

စားပွဲပေါ်တွင်လက်သည်းခွံအရွယ်အစားရှိသည့် စာရွက်သေးသေးလေးများ ငါးခုထက်မနည်းရှိလို့နေပြီး နောက်ထပ်အရွယ်အစားတူစာရွက်လေးကိုဝမ်ရိပေါ်ကပေတံနဲ့သေသေချာချာထိန်းညှိ၍ဖြဲလိုက်သည်။ပြီးလျှင်တော့ သူ့အမေပေးထားသည့်ရွှေကနုတ်တွေကွပ်ထားသောဘောပင်ဖြင့် စာမေးပွဲအတွက်အရေးကြီးသည့် ပုံသေနည်းများကိုသေးကွေးလွန်းလှသည့်လက်ရေးဖြင့်ချရေးလိုက်သည်။

လက်သည်းခွံအရွယ် Micro size စက္ကူလေးတွေပေါ် မှာရေးရသည်ဖြစ်၍ ထိပ်ဖျားချွန်သည့်ဘောပင်ဖြင့်ရေးမှရမည်ဖြစ်ရာ သူ့အမေပေးထားသည့်ဘောပင်ကိုချသုံးနေရတာဖြစ်သည်။

"စာကြည့်တိုက်ပိတ်တော့မယ် ကျောင်းသား..."

အနောက်ဘက်ကနေရုတ်တရက်ကြီးထွက်လာသည့်စာကြည့်တိုက်ဝန်ထမ်းတစ်ဦး​၏အသံကြောင့်ဝမ်ရိပေါ်ရင်ထိတ်သွားရသည်။သူပြုလုပ်ထားသည့်စက္ကူအပိုင်းအစလေးများကိုလူမြင်သွားမည်စိုး၍လက်နဲ့ချက်ချင်းအုပ်လိုက်ပြီးစာအုပ်တစ်ခုကြားထဲညှပ်ကာကမန်းကတန်းချက်ချင်းသိမ်း၍စာကြည့်တိုက်အတွင်းမှထွက်ဖို့လုပ်လိုက်တော့​၏။

စာကြည့်တိုက်အပြင်ဘက်ရောက်မှ အင်မတန်မှောင်မိုက်နေပြီဖြစ်သောပတ်ဝန်းကျင်ကိုဝမ်ရိပေါ်ကြည့်ရင်းသက်ပြင်းချလိုက်မိသည်။စာကြည့်တိုက်ထဲမှာမျက်ရိုးတွေကိုက်တဲ့အထိအလုပ်တွေရှုပ်နေမိရင်းအချိန်တွေဒီလောက်ထိတောင်နောက်ကျသွားမှန်းမသိတာဖြစ်သည်။

အခုကစက်တင်ဘာလအလယ်ရောက်လို့နေပြီဖြစ်တာကြောင့် အောက်တိုဘာလအစမှာကျရောက်မည့်စာမေးပွဲနဲ့အလွန်တရာနီးကပ်လို့လာပြီဖြစ်​၏။တခြားအရာများကိုခေါင်းထဲမှထုတ်ထားကာ စာထဲမှာပဲစိတ်ကိုနှစ်အာရုံစိုက်ထားသည့်သူ့အနေနဲ့စာမေးပွဲအတွက်ပူစရာမလိုတော့သော်လည်း၊ တစ်ယောက်သူအတွက်တော့ပူပေးနေရသည်။

သူ့ကိုပစ်ပယ်ထားသည့်ရှောင်းကျန့်ကိုသူ့ဘက်ကမည်သို့မှပစ်ပယ်မထားနိုင်တာကြောင့် ရှောင်းကျန့်စာမေးပွဲလာဖြေခဲ့သည်ရှိသော် စာခိုးချ၍ ရအောင် Micro size စက္ကူလေးတွေကိုဘာဂျာခေါက်ပေးဖို့အထိလုပ်ပေးနေတာဖြစ်​သည်။

ဘယ်သူ့မှသူ့ကိုလုပ်ခိုင်းနေတာမဟုတ်သော်လည်း ရှောင်းကျန့်ကိုဒီနှစ်တော့အောင်စေချင်သည်။လေးနှစ်ဆက်တိုက်စာမေးပွဲကျခဲ့လျှင်ရှောင်းကျန့်ကကျောင်းထွက်ရတော့မှာဖြစ်​၏။ထို့ကြောင့်လူကိုယ်တိုင်တွေ့ပြီးမပေးနိုင်ခဲ့ရင်တောင် ချန်လင်းကနေတစ်ဆင့် မေလင်း ၊ မေလင်းကနေတစ်ဆင့် ရှောင်းကျန့်​၏လက်ထဲအရောက်ပေးနိုင်ဖို့အထိရည်ရွယ်ထားခြင်းဖြစ်သည်။

[AN: ဘာဂျာခေါက်တယ်ဆိိုတာ စာခိုးချမယ့်စာရွက်အပိုင်းလေးတွေကို တရုတ်ယပ်တောင်ခေါက်နည်းပုံစံမျိုးနဲ့ခေါက်ခြင်းပါ။ ]

"ဟူး..."

​အဆောင်ပြန်ရောက်လို့ရေမိုးချိုးပြီးသည့်ဝမ်ရိပေါ်ကလေပူများကိုမှုတ်ထုတ်ရင်း စာကြည့်စားပွဲပေါ်မှာဆက်ထိုင်လိုက်သည်။ရှောင်းကျန့်အတွက်လုပ်ပေးနေသည့်အရာများကမပြီးဆုံးသေးသည့်အခါ ဆက်လုပ်ဖို့စာကြည့်စားပွဲမှာထိုင်လိုက်ခြင်းဖြစ်​၏။စာရွက်လေးတွေကိုထပ်ဖြဲပြီး စာလုံးသေးသေးလေးတွေအား ထပ်ရေးမည်ဟုကြံရွယ်လိုက်စဉ်ရွှေကနုတ်ဘောပင်လေးကိုလွယ်အိတ်ထဲရှာ၍မတွေ့။

ခုနကလူမိသွားမည်စိုး၍ဝရောသောပါးသိမ်းဆည်းခဲ့ရင်းမတော်တဆကျကျန်ရစ်ခဲ့တာဖြစ်မည်ဟုတွေးလိုက်မိသည့်ဝမ်ရိပေါ် ကစိတ်ပျက်စွာကျစ်တစ်ချက်သပ်လိုက်သည်။

ထိုဘောပင်လေးက ရွှေကနုတ်အစစ်များဖြင့်ပြုလုပ်ထားတာကြောင့် တွေ့သည့်လူများကပြန်ပေးလိမ့်မည်မဟုတ်ဘဲတစ်ခါတည်းယူသွားကြမည်ဆိုတာကျိန်းသေသည့်အခါ ဝမ်ရိပေါ်အခန်းထဲမှထွက်၍ အဆောင်အောက်ဆုံးထပ်မှာရှိသည့် အဆောင်မှူးအခန်းတံခါးကိုသွားခေါက်လိုက်​၏။ တန်ဖိုးကြီးဘောပင်ကိုနှမြော၍မဟုတ်ပေမယ့် သူ့အမေပေးထားသည့်ပစ္စည်းဖြစ်တာကြောင့် မဆုံးရှုံးချင်ရုံသာဖြစ်သည်။

"ဒေါက်...ဒေါက်..."

တံခါးကိုသုံးလေးခေါက်လောက်ဆင့်ခေါက်ပြီးသည့်အခါ အဆောင်မှူးထွက်လာသည်။ဆံပင်အနည်းငယ်ပွယောင်းနေသည်က အိပ်ရာဝင်ပြီးမှပြန်ထလာရသည့်ဟန်ရှိ​၏။ အဆောင်မှူးကိုတွေ့တော့ ဝမ်ရိပေါ်လေးစားသမှုဖြင့်အရိုအသေပေးလိုက်ပြီး...

"ညဉ့်နက်မှလာနှောက်ယှက်ရတာတောင်းပန်ပါတယ်...ကျောင်းရဲ့စာကြည့်တိုက်မှာကျွန်တော်ဆုံးရှုံးလို့မဖြစ်တဲ့ပစ္စည်းလေးကျကျန်ခဲ့လို့ပါ အဲ့တာကြောင့် စာကြည့်တိုက်ထဲဝင်ပြီးရှာခွင့်ပေးဖို့ကျောင်းကလုံခြုံရေးတွေကိုခွင့်လေးတောင်းပေးပါ..."

"မနက်မှရှာလို့မရဘူးလား..."

"အရမ်းအရေးကြီးတဲ့ပစ္စည်းလေးဖြစ်လို့ အခုအကူအညီတောင်းနေရတာပါ..."

"အေးအေး...အဲ့တာဆို ခဏလေးစောင့်..."

အခန်းထဲပြန်ဝင်သွားသည့်အဆောင်မှူးကိုဝမ်ရိပေါ်စိတ်ရှည်စွာစောင့်နေသည်။ ၁၅ မိနစ်ခန့်ကြာတော့အဆောင်မှူးကပြန်ထွက်လာ​၏။အပေါ်ရုံကုတ်အင်္ကျီတစ်ခုကိုထပ်ဝတ်လာပြီး ဆံပင်တို့ကိုလည်းသပ်သပ်ရပ်ရပ်ပြန်လည်ဖီးသင်လို့ထား​၏။

"သွားကြရအောင်..."

ဝမ်ရိပေါ်နှင့် အဆောင်မှူးတို့နှစ်ယောက်သား ကျောင်းဘက်သို့လျှောက်လာသည်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် လျှောက်ရမည့်လမ်းတစ်လျှောက်မှာမည်သည့်စကားတစ်ခွန်းမှမပြောဘဲနေရင်ကသိကအောက်ဖြစ်တာကြောင့် ဝမ်ရိပေါ်ဘက်ကစကားစလိုက်သည်။

"အဆောင်မှူး ဒီမှာအလုပ်လုပ်နေတာဘယ်နှစ်နှစ်ရှိသွားပြီလဲ..."

"အင်း...ငါ့အသက်က အခု ၅၅ ဆိုတော့ အနှစ်သုံးဆယ်လောက်တော့ရှိပြီ..."

ဝမ်ရိပေါ်အံ့ဩသွားရကာအဆောင်မှူးကိုကြည့်လိုက်မိသည်။ဘဝသက်တမ်းတစ်လျှောက်လုံးကိုကျောင်းသားဆောင်မှာပဲမြှုပ်နှံထားတယ်ဆိုတာသိပ်တော့မလွယ်ကူလှ။

"အဲ့တာဆို ကျောင်းသားပေါင်းစုံကို အဆောင်မှူးကြုံတွေ့ခဲ့ဖူးမှာပေါ့..."

"ပြောမကုန်မှ အဆုံးပဲ...ဟား...ဟား...ငါဒီမှာအလုပ်စစလုပ်ချင်းတုန်းက အသက်က ၂၅ ဝန်းကျင် အဲ့တုန်းက ကျောင်းသားထိန်းအဆင့်လောက်ပဲရှိသေးတာကို...ကျောင်းသားတွေနဲ့ကလည်း အစ်ကိုအရွယ်လောက်ဆိုတော့ ကျောင်းသားတွေရဲ့ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်ပေါ့ တချို့ကိုဆိုရည်းစားစာလည်းရေးပေးရသလို အသည်းကွဲတော့လည်းအတူတူလိုက်ခံစားပေးရသေးတယ်...ဒီလိုပဲပေါ့ကွာ ယောကျာ်းလေးတွေထိန်းရတာနည်းနည်းတော့ ခက်ခဲတာပေါ့ ဘာမှမကြည့်နဲ့ မင်းရဲ့အခန်းဖော်ကိုပဲကြည့် အဲ့တာကတော့ငါမထိန်းနိုင်လို့ လွှတ်ထားရတဲ့တစ်ယောက်..."

အဆောင်မှူး​၏စကားကိုထောက်ခံသည့်သဘောမျိုးဖြင့်ဝမ်ရိပေါ်ပြုံးလိုက်မိသည်။အဆောင်မှူးကဆက်ပြီး...

"ယောကျာ်းလေးတွေကိုထိန်းရတာတကယ်တော့မလွယ်တဲ့ကိစ္စ...ယောကျာ်းလေးတွေရဲ့နဂိုဗီဇက ပါဝါပြိုင်ချင်တာလေးတွေရှိတော့အဆောင်တွင်းရန်ပွဲလေးတွေက ခဏခဏ...ဒါပေမယ့်ငါတို့အဆောင်ကို Toxic ရောက်လာပြီးနောက်ပိုင်းမှာ ပါဝါပြိုင်တာလေးတွေမရှိသလောက်နည်းသွားတယ်...အရင်ကဆိုသူ့အဖွဲ့ ကိုယ့်အဖွဲ့တွေနဲ့အပတ်တိုင်းလိိုလိုစိန်ခေါ်ပွဲတွေရှိတာ..."

"တစ်ရက်ပေါ့ အဲ့တုန်းက Toxic က ပထမနှစ်ပဲရှိသေးတယ် မင်းတို့အခုနေတဲ့ လေးလွှာမှာ အခန်းနှစ်ခန်းကကောင်လေးတွေ ကော်ရစ်တာမှာရန်ဖြစ်ကြတာထိုးကြကြိတ်ကြနဲ့အော်ဟစ်ဆူညံနေကြတာ...နှစ်ဖွဲ့စလုံးကတကယ့်ကိုဇော်တွေဆိုတော့ ငါတို့ဝင်ဆွဲကြတာတောင်တော်တော်နဲ့ဖြန်မဖြေနိုင်ဘူး အဲ့အချိန်မှာအခန်းနံပါတ် ၁၃ မှာနေတဲ့Toxicကထွက်လာတယ် ငါမှတ်မိသေးတယ် အိပ်မှုံစုံမွှားပုံနဲ့ခေါင်းကမီးခိုးရောင်ဆံပင်တွေကလည်းရှုပ်ပွနေတယ် သူပြောနေကျစကားတစ်ခွန်းရှိတယ်လေ..."

"အာရုံတွေလာမနောက်နဲ့ကောင်းကောင်းအိပ်လို့ကိုမရဘူး ဆိုပြီးတစ်ခွန်းတည်းပြောတယ် နှစ်ဖက်စလုံးကရန်ဖြစ်နေတဲ့လူတွေကို ကော်ရစ်တာကတွေ့တဲ့ပစ္စည်းကိုဆွဲပြီးကောက်ရိုက်ပစ်လိုက်တာ ငါတို့ဆွဲမရတဲ့ကောင်တွေလည်း အသံတွေချက်ချင်းတိတ်ပြီးခွေကနဲကိုဖြစ်သွားတယ်...Toxic ကတော့ဘာမှမဖြစ်ခဲ့သလိုနဲ့ ပြန်အိပ်ဖို့သူ့အခန်းထဲသူပြန်ဝင်သွားတယ်..."

"အဲ့ကတည်းက ငါတို့အဆောင်မှာရန်ပွဲတွေမရှိသလောက်ကိုစဲသွားတယ် ဖြစ်ချင်ရင်တောင်တိုးတိုးတိတ်တိတ်ကြိတ်ဖြစ်ကြတဲ့အထိပဲ...ကြောင်ရှိတော့ကြွက်မထရဲသလိုမျိုးလေ...တစ်ခုပဲကျောင်းသားမိဘတွေပါလာတဲ့အခါ ခေါင်းမီးတောက်ရတယ် ဒါပေမယ့် Toxic ရှာတဲ့ပြဿနာမှန်သမျှ ရဲစခန်းတော့တစ်ခါမှမရောက်ဘူး တိုးတိုးတိတ်တိတ်ကြိတ်ပြီး ပြီးသွားတာပဲ...မိသားစုနောက်ခံကဘယ်လိုလဲတော့မသိပေမယ့် Toxic က တော်တော်အလိုလိုက်ခံထားရတဲ့ spoiled brat တစ်ယောက်ဆိုတာသေချာတယ်..."

ဝမ်ရိပေါ်နှင့်အဆောင်မှူးတို့ရှောင်းကျန့်အကြောင်းပြောနေကြရင်းနဲ့ကျောင်းအဝင်ဝသို့ရောက်လာခဲ့ကြ​၏။ဂိတ်ပေါက်ဝရောက်သည့်အခါကျောင်းလုံခြုံရေးနှင့် အဆောင်မှူးတို့စကားပြောဆိုကြသည်။အဆောင်မှူး​၏အကူအညီဖြင့်ဝမ်ရိပေါ်စာကြည့်တိုက်ထဲဝင်ဖို့ခွင့်ပြုချက်ရသည်။အဆောင်မှူးကလည်းကျောင်းအဖွဲ့အစည်းထဲကဝန်ထမ်းတစ်ယောက်ဖြစ်၍ ဝမ်ရိပေါ်​၏တောင်းဆိုမှုကိုကူညီပေးနိုင်ခဲ့ခြင်းဖြစ်သည်။

"အဲ့တာဆိုပြန်တော့မယ်နော်...ဒီကကျောင်းလုံခြုံရေးကမင်းကို စာကြည့်တိုက်ဘက်လိုက်ပို့လိမ့်မယ်..."

"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် အဆောင်မှူး..."

​အဆောင်မှူးပြန်သွားပြီးသည့်နောက် ကျောင်းလုံခြုံရေးနောက်သို့ဝမ်ရိပေါ်တိတ်ဆိတ်စွာလိုက်ပါလာခဲ့သည်။စာကြည့်တိုက်​၏အဝင်ပေါက်မှန်တံခါးသို့ရောက်သည့်အခါ ကျောင်းလုံခြုံရေးက ဝင်ခွင့်ကတ်ပြားဖြင့် scan ဖတ်ကာတံခါးပွင့်စေလိုက်ပြီး ဝမ်ရိပေါ်ကိုဝင်ခွင့်ပေးလိုက်သည်။ကျောင်းဝန်း​၏တခြားနေရာတွေကိုကင်းလှည့်ဖို့ထွက်သွားသည့်ကျောင်းလုံခြုံရေးကြောင့်ဝမ်ရိပေါ်တစ်ယောက်တည်းကျန်ခဲ့သည်။

စာကြည့်တိုက်အဝင်တံခါးကိုကျော်ကာခြေချလိုက်သည်နှင့်ဝမ်ရိပေါ်လက်သီးကိုတင်းနေအောင်ဆုပ်ပြီး တစ်ဖက်လက်က ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုနှိုက်၍ဖုန်းမီးကိုဖွင့်လိုက်သည်။ည ၁၀ နာရီဆိုသည်နှင့်အလိုအလျောက်စနစ်ဖြင့်လျှပ်စစ်မီးတွေပိတ်သွားပြီဖြစ်သည့်စာကြည့်တိုက်ထဲတွင် ဝမ်ရိပေါ်​၏လက်ထဲကဖုန်းမီးအလင်းရောင်ကလွဲ၍အရာရာမှောင်မိုက်နေသည်။

လေပြည်တိုးသံ၊လေအေးပေးစက်သံများတစ်စုံတစ်ရာမှမကြားရအောင်တိတ်ဆိတ်နေလွန်းလှသည့်အချိန်မှာ တစ်ခုတည်းသောအသံကဝမ်ရိပေါ်​၏ခြေသံများပင်ဖြစ်သည်။ စာကြည့်တိုက်အတွင်းဓာတ်လှေကားများရှိသော်လည်း ရိုးရိုးလှေကားများကနေတစ်ဆင့်သာဝမ်ရိပေါ်တက်လာခဲ့ပြီးအပေါ်ဆုံးထပ်သို့ရောက်လာသည်နှင့်သူထိုင်ခဲ့သည့်စားပွဲခုံရှိရာဘက်သို့လျှောက်သွားလိုက်သည်။

ထိုနေရာရောက်တော့ စားပွဲခုံအောက်ကို ဖုန်းမီးဖြင့်ထိုးကြည့်လိုက်သည့်အခါ ရွှေကနုတ်ဘောပင်လေးက စားပွဲခုံခြေထောက်နားကကြမ်းပြင်ပေါ်မှာရှိနေသည်ကိုတွေ့လိုက်ရတော့ ကံကောင်းသည်ဟုဝမ်ရိပေါ်ယူဆလိုက်သည်။ထို့ကြောင့်ချက်ချင်းငုံ့ကောက်ယူပြီးသည်နှင့်ကိုင်းညွှတ်ထားသည့်ခန္ဓာကိုယ်ကိုပြန်မတ်ဖို့လုပ်လိုက်စဉ်...

"ကလောက်..."

တစ်စုံတစ်ခုပြုတ်ကျသံကိုကြားလိုက်ရတာကြောင့်ဝမ်ရိပေါ်​၏တစ်ကိုယ်လုံးတောင့်ခဲလို့သွားကာကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားရသည်။သူတစ်ယောက်တည်းရှိနေသည့်စာကြည့်တိုက်ထဲမှာသူ့လက်ထဲကမည်သည့်ပစ္စည်းတစ်စုံတစ်ရာမှပြုတ်ကျလို့သွားခြင်းမရှိဘဲ ဘယ်ကထွက်ပေါ်လာသည့်အသံလဲဟုငြိမ်သက်စွာတွေးလို့နေမိစဉ်မှာပင်ထပ်ပြီး...

"ကလောက်...ဒေါက်..."

​ခပ်ဝေးဝေးနေရာတစ်ခုဆီသို့ ပစ္စည်းတစ်ခုခုနဲ့ကောက်ပေါက်လိုက်သံလိုမျိုးပီပီသသကြီးထွက်လာသည့်အခါ ခေါင်းပေါ်ကဆံပင်မွှေးများအပူထွက်သလိုဖြစ်သွားသည်သာမကလက်ဖျံတစ်လျှောက်က ကြက်သီးမွှေးညင်းများဖြန်းကနဲဖြစ်သွားသည်။အကျိုးအကြောင်းသိအောင်စိတ်ကိုတင်းပြီးအသံကြားရာဘက်ကိုဖုန်းမီးနဲ့လှမ်းထိုးကြည့်လိုက်တော့ မည်သူ့ကိုမှမတွေ့သည့်အခါ...

"ဘယ်~~ဘယ်သူလဲ~~"

လှိုင်းထနေသောအသံဖြင့်လှမ်းမေးလိုက်ပြီးမှပြန်ဖြေသံကြီးသာထွက်လာရင်ဆိုပြီးတွေးမိတော့ဝမ်ရိပေါ်​၏အသက်ရှူသံများတဖြည်းဖြည်းမြန်လာသည်။

"ခွမ်း...! "

ဖြေသံတစ်စုံတစ်ရာမှထွက်လာခြင်းမရှိဘဲ"ခွမ်း"ဆိုသည့် အရာဝတ္ထုတစ်ခုကျကွဲသံကိုထပ်ပြီးကြားလိုက်ရတာကြောင့်ဝမ်ရိပေါ် ကြောက်စိတ်နှင့်အတူဒေါသစိတ်တို့ရောယှက်ကာသူ့လက်ထဲမှာရှိနေသည့် ဘောပင်ဖြင့် ထိုအသံထွက် ပေါ်လာသည့်နေရာကို အားကုန်ပစ်ပေါက်လိုက်သည်။

ထိုအခိုက်တိုက်တိုက်ဆိုင်ဆိုင်ဖုန်းကိုင်ထားသည့်လက်ကလည်းတုန်နေသည့်အခါဖုန်းမျက်နှာပြင်ကိုထိမိပြီး ဖုန်းမီးကိုပိတ်မိလိုက်သလိုဖြစ်သွား​တာကြောင့်အလျင်အမြန်ကိုပြန်ဖွင့်လိုက်ရသည်။

"ရှပ်...ရှပ်...ရှပ်..."

"ဘုတ်...! "

ဖုန်းမီးပြန်ပွင့်လာသော်လည်း မီးပိတ်သွားသည့်အချိန်စပ်ကြားစာကြည့်တိုက်တစ်ထပ်လုံး လုံးဝဥဿုံမှောင်မိုက်ကျသွားသည့်အချိန်၌ ခြေသံတချို့နဲ့အတူစာအုပ်စင်တစ်ခုမှစာအုပ်များတစ်အုပ်ပြီးတစ်အုပ်အဆက်မပြတ်ပြုတ်ကျလာသည့်အခါ ဝမ်ရိပေါ်ဘာမှတွေးမနေတော့။သူပစ်ပေါက်လိုက်သည့် ရွှေကနုတ်ဘောပင်ကိုလည်းပြန်ကောက်ဖို့စဉ်းစားမနေတော့ဘဲလက်ရှိနေရာကနေသာအမြန်ဆုံးပြေးထွက်လာခဲ့သည်။

"ကျောင်းသား ဘာဖြစ်လို့လဲ..."

ကျောင်းလုံခြုံရေး​၏အမေးကိုဝမ်ရိပေါ်မဖြေအား။အကြောကပ်နေသလိုဖြစ်နေသည့်ခြေထောက်များဖြင့်အားသွန်ခွန်စိုက်ပြေးနေရင်း အဆောင်ထိဘယ်လိုပြန်ရောက်လာသည်မသိ။

အိပ်ရာပေါ်ရောက်နေပြီဖြစ်တာတောင် တဆတ်ဆတ်တုန်နေသည့်လက်တွေကအရှိန်မသေသေးသလိုကျောပြင်တစ်ခုလုံးချွေးတွေရွှဲနစ်နေသည့်တိုင်​ ဆွဲခြုံထားမိသည့်စောင်ကခေါင်းအထိပင်ဖြစ်သည်။ မရှိသည့်လက်သည်းတွေကိုလည်းကျိန်းစပ်သည်အထိကိုက်လို့နေမိကာ ခုနကအဖြစ်အပျက်ကိုပြန်မြင်ယောင်တွေးနေမိသည်။

စာကြည့်တိုက်အပေါ်ဆုံးထပ်မှာ သရဲရှိသည်။


You are reading the story above: TeenFic.Net

#random