ညနေ ငါးနာရီအချိန်ကတည်းက တဖွဲဖွဲ ကျနေခဲ့သည့် မိုးစက်တို့က အချိန်ကြာမြင့်လာသည်နှင့် အမျှ ရပ်တန့်သွားခြင်းမရှိဘဲပို၍သာအရှိန်ကောင်းလို့လာသည်။
ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတဲ့စကားပုံတစ်ခု။
တကယ်တော့ကံဆိုးတဲ့လူနောက်ကိုမိုးကလိုက်တာမဟုတ်ပါဘူး။ကံဆိုးတဲ့လူကသာ မိုးရွာတဲ့အချိန်ကိုတမင်တကာစောင့်ပြီးငိုတာ။မျက်ရည်မထွက်လည်း မိုးစက်တွေမျက်နှာပေါ်ကျတော့ မျက်ရည်တွေလို့ ပုံမှားရိုက်ပြီးငိုကြွေးနေပါသည်ပေါ့။
အခုတော့ ငိုပြချင်တဲ့လူအတွက်ကံကောင်းတယ်ပဲဆိုရမလား။ အချိန်က ည ကိုးနာရီ။မိုးက ခဏလေးတောင်ရပ်စဲသွားဖို့ အစီအစဉ်မရှိတော့ မိုးရွာနေသရွေ့မျက်ရည် တွေကဆက်ရှိနေဦးမှာ။
"ခွေးပေါက်လေး..."
ထစ်ချုန်းမိုးသံတွေကြားထဲမှာတောင်ဟိန်းထွက်နေသည့်အသံကြောင့် လေဝင်ရုံလေးဖွင့် ထားသည့်တိုက်ခန်းပြတင်းပေါက်ကို ဝမ်ရိပေါ် အားဖြင့်ဆောင့်ပိတ်ပြီးအတွင်းမှဂျက်ချလိုက်သည်။ပြတင်းပေါက်အတွင်းပိုင်းမှာရှိနေသည့် လိုက်ကာကိုလည်းဆွဲချလိုက်ကာမီးရောင်များကိုပါအမှောင်ချလိုက်၏။
"ကိုယ့်ကို ဘာလို့ထွက်မတွေ့တာလဲ ကိုယ့်မျက်နှာကိုမမြင်ချင်ရင်တောင် ဖုန်းလေးတော့ကိုင်ပါကွာ...ကိုယ့်အသံမကြားချင်ဘူးဆိုလည်း မက်ဆေ့ချ်လေးတော့ပြန် အဲ့တာမှမဟုတ်ရင်လည်း ကိုယ်ပို့ထားတဲ့မက်ဆေ့ချ်တွေကိုဖတ်ပြီးကြောင်း seen လေးတော့ပြလေနော်..."
"အခုလောလောဆယ် ကိုယ့်ကိုထွက်တွေ့ပါဦး ခွေးပေါက်လေးမျက်နှာကို ကိုယ်မတွေ့ရတာဘယ်လောက် ကြာပြီလဲ ကိုယ့်ကိုဘယ်လိုဖြစ်စေချင်တာလဲ ကိုယ်ရူးသွားတာကို မြင်ချင်တာလား...အရာရာအတွက်ကိုယ်တောင်းပန်မှာမလို့ ခဏလေးတော့ထွက်ခဲ့ပေးပါ...အခုခွေးပေါက်လေးကိုမှ ကိုယ်မတွေ့ရရင် ကိုယ်ရူးတော့မှာ ကိုယ်ရူးတော့မှာလို့..."
"ဒေါက် ဒေါက် ဒေါက်..."
တိုက်ခန်းတံခါးကို အဆက်မပြတ်လာခေါက်နေသံများကြောင့် ဝမ်ရိပေါ်ဖွင့်ကြည့်လိုက်တော့ တိုက်ခန်းအပြင်မှာ လူတစ်အုပ်ရောက်လို့နေသည်။နာမည်တွေဘာတွေအတိအကျမသိသော်လည်း မျက်မှန်းတန်းဖူးတော့ သူနဲ့တစ်တိုက်တည်းနေသည့် အိမ်နီးချင်းများမှန်းတော့သိသည်။လူမှုရေးအရ မေးထူးခေါ်ပြောရမည်ဆိုတာ ဝမ်ရိပေါ်သိသောအခါ...
"ဘာကူညီပေးရမလဲ..."
"တိုက်အောက်မှာ မူးရူးအော်ဟစ်နေတဲ့လူကို သွားတွေ့လိုက်စမ်းပါ...ငါတို့မှာ မိသားစုနဲ့ကွ ည ရှစ်နာရီ ကိုးနာရီဆိုတာ မိသားစုနဲ့အေးအေးဆေးဆေး အနားယူတဲ့အချိန်..."
"ကျွန်တော်နဲ့အဲ့လူနဲ့ ဘာဆိုင်လို့လဲ အဲ့လူကို ကျွန်တော် သိလည်း မသိသလို မြင်လည်းမမြင်ဖူးဘူး..."
"မင်းရဲ့အခန်းပြတင်းပေါက်ဘက်ကို ကြည့်ပြီးအော် နေတဲ့လူက မင်းနဲ့မဆိုင်ဘူးဆိုတော့လည်း ငါတို့ဘယ်လိုပြောရမလဲ...သွားတွေ့လိုက်စမ်းပါ မဟုတ်ရင် ဘယ်နှစ်ရက်တောင် ငါတို့တွေဒီဒဏ်ကိုခံစားရဦးမလဲမသိဘူး..."
"ကျွန်တော်နဲ့မဆိုင်ဘူးလို့ပြောပြီးပြီလေ ခင်ဗျားတို့သည်းမခံနိုင်တော့ရင် ရဲခေါ်ပြီးဖမ်းသွားခိုင်းလိုက်..."
"ဂျိမ်း...! "
အိမ်အပြင်မှာရပ်နေတဲ့လူတွေကိုမှမထောက် အိမ်အဝင်ဝတံခါးကို ဝုန်းဒိုင်းပိတ်ပြီး ဝမ်ရိပေါ်အိမ်ထဲပြန်ဝင်လာသည်။သူ့ခြေထောက်တွေက ခုနက သူပိတ်ထားခဲ့သည့် ပြတင်းပေါက်ဆီသို့တည့်မတ်စွာသွားလို့နေ၏။ဆွဲချထားသည့်လိုက်ကာစကို ဘေးကပ်လိုက်ကာရှင်းလင်းသွားသည့်မှန်ပြတင်းပေါက်မှတစ်ဆင့်မြင်တွေ့နေရသည့် လူကိုခါးထောက်ပြီးကြည့်လိုက်သည်။
အမှန်တကယ်ရမ်းကားနေသည့်လူကိုတော့ ရဲလက်အပ်ဖို့မလုပ်ဘဲ တိုက်ခန်းထဲမှာနေ နေသည့်သူ့ကိုအုပ်စုဖွဲ့လာပြောကြတာအံ့ဩဖို့ကောင်းလွန်းသည်။ရမ်းကားနေသည့်လူက ကားအကောင်းစားကြီးစီး၊ခေါင်းအစခြေအဆုံးတန်ဖိုးကြီးအဝတ်အစားတွေပဲဝတ်ထားတော့ရဲခေါ်ဖို့တွန့်ဆုတ်နေကြပြီး သူ့ကိုပဲလာပတ်မဲဲကြတာဖြစ်မည်။လူ့အသိုင်းအဝိုင်းကထိုသို့ပဲကြောက်ဖို့ကောင်းသည်။
"ခွေးပေါက်လေးရေ...ကိုယ့်ကို ထွက်တွေ့ပါဦးခွေးပေါက်လေး...ကိုယ့်ကိုလျစ်လျူရှုပြီးဒဏ်ရာတွေမပေးပါနဲ့..."
"ခွမ်း...! "
တစ်ဝက်လောက်ကျန်ရှိနေသေးသည့် လက်ထဲကအရက်ပုလင်းကို ကားဘော်ဒီနဲ့ရိုက်ခွဲလိုက်တာကြောင့်ဖန်ကွဲစတွေဖြာကနဲဖြစ်သွားသည့်မြင်ကွင်းကမျက်ဝါးထင်ထင်။ကားခေါင်မိုးပေါ် မရမကတက်ပြီး သူရှိရာကို မျက်နှာမူအော်နေသည့်အက်ရှရှအသံတို့ကလည်းမကြားစိမ့်စရာ။ ဘာဖြစ်လို့လဲမသိ။ဒီမြင်ကွင်းကိုသူ့မျက်လုံးထဲမှာ ပြဇာတ်တစ်ခုလိုပဲမြင်နေသည်။ ဘယ်အထိဆက်သွားနိုင်ဦးမလဲဆိုတာလည်း သိချင်သေး၏။
ကြည့်နေရင်းမှ ကားခေါင်မိုးပေါ်တက်အော်နေသည့်လူက အောက်ကိုပြန်ဆင်းသွားကာ ကားထဲပြန်ဝင်လို့သွားသည်။
အချိန်တန်တော့ဒီပြဇာတ်ကပြီးသွားတာပါပဲ။သက်သက်မဲ့အချိန်ဖြုန်းပြီးမတ်တပ်ရပ်ကြည့်နေမိတာ သူ့အမှား။ဟက်။
ဝမ်ရိပေါ် လိုက်ကာစကိုပြန်ဆွဲချလိုက်ပြီးပြတင်းပေါက်ကိုကျောခိုင်းလိုက်သည်။ကျောခိုင်းပြီးခြေတစ်လှမ်းတောင် မလှမ်းရသေး...
"ကျွီ...ဒုန်း...! "
အနောက်ကိုချက်ချင်းပြန်လှည့်ပြီး ပြတင်းတံခါးကိုဂျက်ဖွင့်ကာအပြင်ဘက်ကိုကြည့်လိုက်သည်။
"ကျွီ..."
ကားကို အနောက်ဆုတ်လိုက်ပြီး သူ့ဟာသူတသီးတခြားရှိနေသည့်လမ်းဘေးကဓာတ်တိုင်ကိုအရှိန်နဲ့ဝင်တိုက်နေသည့်အပြုအမူက။
"ဒုန်း...! "
သုံးခါမြောက်ဝင်တိုက်ခြင်းခံရပြီးနောက်မှာဓာတ်တိုင်ကအခြေယိုင်ပြီး အလယ်တည့်တည့်မှကျိုးကျလာသလို လမ်းတစ်လျှောက်ကမီးတိုင်တွေကလည်း တဖျတ်ဖျတ်နဲ့ဖောက်လွဲဖောက်ပြန်ဖြစ်လာကြသည်။ပြီးတော့...
What the...
ဓာတ်တိုင်ကိုရစရာမရှိအောင်ကားနဲ့တိုက်လိုက်တဲ့တရားခံက ကားထဲကထွက်လာပြီး ကားခေါင်မိုးပေါ်ပြန်တက်ကာ ဓာတ်တိုင်ပေါ်ကညွှတ်ကျနေသည့်လျှပ်စီးတလက်လက်ဖြစ်နေသော ဓာတ်ကြိုးတွေကိုလက်ဗလာနဲ့လှမ်းကိုင်ဖို့လုပ်နေသည်။
ဒါတော့မဟုတ်သေးဘူး။ ဒါကတော့တကယ်မဟုတ် သေးဘူးလို့။
ဝမ်ရိပေါ် ကျိန်းစက်လို့လာသည့်ခေါင်းတစ်ခြမ်းကြောင့်သူ့ဆံပင်တွေကို စုတ်ဖွာလို့သွားအောင်ထိုးဖွပစ်လိုက်သည်။တွေ့တဲ့ထီးတစ်ချောင်းကိုဆွဲယူကာ တိုက်ခန်းတံခါးကိုဖွင့် ဓာတ်လှေကားတောင်မစောင့်နိုင်တော့ဘဲ လှေကားထစ်တွေကနေ ခြေကျင်ပြေးဆင်းသွားသည်။
"အဲ့ဒီကားခေါင်မိုးပေါ်က ဆင်းလာခဲ့...! "
ဆယ့်နှစ်လွှာကနေ တစ်ချက်မနားပြေးဆင်းလာရတာကြောင့်မောဟိုက်နေသည့်ကြားမှ ဒေါသသံနဲ့အော်လိုက်သည့်အခါ ကားခေါင်မိုးပေါ်ကလူကလှည့်ကြည့်လာသည်။ခုနကဓာတ်ကြိုးတွေကို လှမ်းကိုင်ဖို့လုပ်ခဲ့တာမဟုတ်သည့်အတိုင်းကားခေါင်မိုးပေါ်ကချက်ချင်းကိုဆင်းလာပြီး သူ့ရှေ့မှာဒူးထောက်သည်။
ခေါင်းကိုငိုက်စိုက်ထားပြီး တောင်းပန်စကားတွေဆိုနေသည့်လူကို သူငုံ့မကြည့်မိ။သူတို့ကိုပြဇာတ်တစ်ခုလိုစပ်စပ်စုစုဝိုင်းကြည့်နေကြသည့်ပတ်ဝန်းကျင်တိုက်မှလူများကိုလည်းသူမကြည့်မိ။
လက်ထဲကိုင်ဆောင်လာပေမယ့် ဖွင့်ဆောင်းဖို့မေ့နေသည့်ထီးကိုသာလွှတ်ချလိုက် ပြီး ထစ်ချုန်းမိုးတွေရွာသွန်းနေသည့်ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။
ဖွင့်ထားသောမျက်လွှာတွေကြောင့်မျက်သားထဲကိုတိုက်ရိုက်ကျရောက်နေသော မိုးရေအေးစက်စက်များကိုခံယူရင်း တစ်ခုတည်းသာဆုတောင်းနေမိသည်။
သူ့ရဲ့ဦးခေါင်းတည့်တည့်ကိုသာ မိုးကြိုးပစ်ချသွားလိုက်ပါတော့။
You are reading the story above: TeenFic.Net