သုံးနှစ်ခွဲကျော် ကြာပြီးနောက်...
ကျောင်းပြီးလို့ဘွဲ့ရသွားပြီဖြစ်သည့် ဝမ်ရိပေါ်က အလုပ်သင်အဖြစ် လုပ်ငန်းအတွေ့အကြုံများကိုတစ်နှစ်တိတိသင်ယူရဦးမည်ဖြစ်၏။ ထို့ကြောင့်ဝမ်ရိပေါ်ကိုသင်ကြားပေးမည့်သူအဖြစ် ရှောင်းကျန့်ကသာတာဝန်ယူသည်။
အချိန်တန်ရင် ဝမ်လုပ်ငန်းစုဘက်မှာအလုပ်ဝင်လုပ်ရမည်ဖြစ်သော်လည်း ဝမ်ရိပေါ်ကိုတခြားလူတွေသင် ကြားပေးမှာမလိုလားသည့် ရှောင်းကျန့်က ဝမ်မင်ရီထံမှဝမ်ရိပေါ်၏ mentor အဖြစ်တာဝန်ယူဖို့ ခွင့် တောင်းခဲ့တာဖြစ်သည်။
လုပ်ငန်းအတွေ့အကြုံများသင်ယူနေသည်မှာ ၆ လ ခန့်ရှိနေပြီဖြစ်သည့် ဝမ်ရိပေါ်က စည်းစနစ်ကျပြီး အလျင်အမြန်သင်ယူနိုင်စွမ်းရှိသည်ကြောင့်ဝါရင့်လုပ်ငန်းရှင်တို့နှင့်သိပ်မခြားလုပ်ရည်ကိုင်ရည်ကောင်းမွန်တာဖြစ်သည်။ရှောင်းကျန့်၏ဆုပေး၊ဒဏ်ပေးစနစ်မျိုးကြောင့်တတ်မြောက်မှုနှုန်းက ပိုသွက်တာဖြစ်၏။
ရှောင်းကျန့်က လုပ်ငန်းခွင်အတွင်း၌ ဝမ်ရိပေါ်ကို ချီးကျူးရမည့်ကိစ္စများရှိရင် ပေါ်ပေါ်ထင်ထင် ချီးကျူးဂုဏ်ပြုတတ်သလို၊ဒီလိုမျိုး ပြောစရာများရှိလာပါကလည်း မျက်နှာသာမပေးတတ်တာဖြစ်၏။
"အလုပ်ကို သေချာမလုပ်ဘူးလား..."
ရုံးခန်းထဲမှာဖြစ်၍ ရှောင်းကျန့်သူ့အပေါ်ကုတ်အင်္ကျီကိုချွတ်ထားသည်။အတွင်းရှပ်အင်္ကျီကိုတံတောင်ဆစ် နားအထိ ဆွဲတင်လို့ထားပြီး ခေါင်းကဆံပင်များကိုထိုးသပ်လိုက်၊ ခါးထောက်လိုက်ဖြင့် ဝမ်ရိပေါ်၏အလုပ် စားပွဲရှေ့တွင် မတ်တပ်ရပ်နေသည်။
ဝမ်ရိပေါ်သူ့မျက်စိရှေ့က စာရင်းစာရွက်ကိုကြည့်လိုက်သည်။ မင်နီကြီးဖြင့်ဝိုင်းပြထားသည့်နေရာကိုသာစိုက်ကြည့်နေပြီး ရှောင်းကျန့်၏အမေးကိုချက်ချင်းပြန်မဖြေနိုင်ဖြစ်နေ၏။
"စာရင်းဇယားတွေဆိုတာ ကလေးကစားစရာမဟုတ်ဘူး...သုညတစ်လုံး၊ ဒဿမတစ်လုံးလောက်မှားသွားတာနဲ့ ဆုံးရှုံးမှုက ဘယ်လောက်ထိသက်ရောက်သွားလဲဆိုတာသိလား...နောင်တစ်ချိန် ဝမ်လုပ်ငန်းစုကို ဦးစီးမယ့်လူမဟုတ်ဘူးလား...အခုကတည်းက တိတိကျကျမစီစစ်ဘူးဆိုရင် ကိုယ်တိုင်အုပ်ချုပ်တဲ့အခါ ဘယ်လိုလုပ်မှာလဲ...လူတိုင်းအမှားနဲ့မကင်းဘူးဆိုပေမယ့် အတတ်နိုင်ဆုံးတော့ အမှားကင်းအောင်လုပ်ရမယ်...ဒီစာရင်းလုပ်နေတုန်းက စိတ်ကဘယ်ရောက်နေလို့လဲ...အသုံးမကျတာတွေမလုပ်နဲ့နော်..."
မှားယွင်းနေသော စာရင်းစာရွက်များအား ရှောင်းကျန့် ကောက်ယူ၍ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။
"အသစ်ပြန်လုပ်လာခဲ့..."
ရုံးခန်းတစ်ခုထဲမှာပဲ ဟိုဘက်ဒီဘက်မျက်နှာချင်း
ဆိုင်စားပွဲကိုယ်စီထားရှိထားကြသည်ဖြစ်ရာ စာရင်းများကိုအစကနေပြန်လုပ်နေသည့် ဝမ်ရိပေါ်အား ရှောင်းကျန့်သူ့စားပွဲကနေတစ်ချက်လှမ်းကြည့်လိုက်သည်။ဆူလိုက်တာကြောင့်စိတ်မကောင်းဖြစ်သွားလိမ့်မည်ဆိုတာသူသိသော်လည်း မသိချင်ယောင်ဆောင်ထားလိုက်၏။
ဒီအချိန်မှာသူမပြောရင် နောင်တစ်ချိန်မှာသူများတွေပြောစရာဖြစ်လာမည်စိုး၍ အခုကတည်းကတိကျသည့် လူတစ်ယောက်အဖြစ်လေ့ကျင့်ပေးဖို့လိုအပ်သည်။
ရှောင်းကျန့်လည်းသူ့အလုပ်သူလုပ်နေရင်းနာရီကိုကြည့်လိုက်တော့ နေ့လယ် ၁၁ နာရီထိုးပြီဖြစ်၍ အစည်းအဝေးတစ်ခုရှိတာကြောင့် လိုအပ်သည့်စာရွက်စာတမ်းများကိုစုစည်းပြီးနောက် ရုံးခန်းထဲမှထွက်မသွားခင်...
"အစည်းအဝေးသွားလိုက်ဦးမယ်..."
"....."
"အစည်းအဝေးပြီးရင် နေ့လယ်စာစားဖို့ ကန်တင်းကဘာဝယ်လာခဲ့ပေးရမလဲ..."
ဝမ်ရိပေါ်က လက်တော့ပ်ကိုအကြည့်မပျက်ဘဲ ခေါင်းခါပြလိုက်တာကြောင့်...
"မဖြေချင်ဘူးပေါ့...ကောင်းပြီ ကိုယ်ကြည့်ပြီးတစ်ခုခုဝယ်ခဲ့မယ်...ခုနကအလုပ်နဲ့ပတ်သက်ပြီး ပြောရတာဖြစ် လို့ စိတ်မကောင်းဖြစ်နေရင်လည်း မတတ်နိုင်ဘူး..."
"ဂျိမ်း...! "
တမင်တကာ တံခါးကိုအသံမြည်အောင်ပိတ်ခဲ့သည့် ရှောင်းကျန့်က အစည်းအဝေးခန်းထဲရောက်တော့လည်း စိတ်ကသိပ်မဖြောင့်။အစည်းအဝေးပြီးသည့်အခါ အတွင်းရေးမှူးကိုမခိုင်းဘဲကုမ္ပဏီကန်တင်းကိုကိုယ်တိုင်သွား၍ နေ့လယ်စာတချို့ဝယ်ယူသည်။သောက်စရာအဖြစ်ပဲနို့နှစ်ဘူးကိုပါထပ်ဆောင်းဝယ်ခဲ့သေး၏။
ရုံးခန်းအတွင်းသို့ရှောင်းကျန့်ပြန်ရောက်လာပြီဖြစ် သော်လည်းဝမ်ရိပေါ် က စားပွဲမှာပဲထိုင်နေဆဲဖြစ်ပြီး တစ်ချက်မနားဘဲစာရွက်စာတမ်းတွေထဲခေါင်းနှစ်ထားဟန်ရှိသည်။နေ့လယ်စာစားချိန်ရောက်နေပြီဖြစ်၍ ဝယ်လာသည့်အစားအသောက်များကို ရုံးခန်းအလယ်ကဆိုဖာတွေအလယ်ရှိစားပွဲပေါ်၌ သေချာခင်းကျင်းလိုက်ပြီးသည့်ရှောင်းကျန့်က...
"နေ့လယ်စာ စားမယ် လာ..."
"ဒါပြီးမှပဲစားမယ်..."
"သဘောပဲ..."
နှစ်ခေါက်ထပ်မခေါ်လိုသည့်ရှောင်းကျန့်က သူ့ဟာသူအရင်စားနှင့်လိုက်ပြီးနောက် အလုပ်စားပွဲမှာပြန်ဝင်ထိုင်ပြီး သူလုပ်စရာရှိတာများလုပ်သည်။တစ်ချက်တစ်ချက်တော့ ဝမ်ရိပေါ်ရှိရာသို့လှမ်းကြည့်၏။အချိန်ပေးပြီးလုပ်ရမည့်စာရင်းတွေပြီးမှနေ့လယ်စာစားမည်ဆိုလျှင် ဒီနေ့တော့စားရလိမ့်မည်မဟုတ်။ဇွဲကောင်းတာကိုအသိအမှတ်ပြုပေမယ့်သူ့အချိန်နဲ့သူခွဲခြားမလုပ်တတ်သေးတာကိုတော့သိပ်စိတ်တိုင်းမကျတာအမှန်။
"ကျွီ..."
ရှောင်းကျန့်သူ့ထိုင်ခုံကိုတရွတ်တိုက်ဆွဲကာ ဝမ်ရိပေါ်၏အလုပ်စားပွဲဘေးတွင်ဝင်ထိုင်လိုက်သည်။
"ဟိုဘက် နည်းနည်းတိုး..."
ဝမ်ရိပေါ်က တစ်ဖက်သို့နည်းနည်းတိုးပေးလိုက်သည့် အခါ ဝမ်ရိပေါ်စာရင်းလုပ်နေသည့်လက်တော့ပ်မျက် နှာပြင်ကိုရှောင်းကျန့်ကြည့်၍...
"ဒီနားကိုဒီလိုလုပ်လိုက်ရင် ပိုလွယ်တယ်...ဒါတောင်နှစ်ချုပ်စာရင်းမဟုတ်သေးဘူး လချုပ်စာရင်းတစ်ခုမှာတောင်အမှားပါနေရင် ဘယ်လိုလုပ်မှာလဲ...ကိုယ်ကခွေးပေါက်လေးကို ကောင်းစေချင်လို့ပြောတယ်ဆိုတာကို သိတယ်မလား..."
"အင်း..."
"သိတယ်ဆို ကိုယ့်ကိုနမ်း..."
ရှောင်းကျန့်က ပါးတစ်ဖက်ထိုးပေးလိုက်တော့ ဝမ်ရိပေါ်ပြုံးလိုက်ပြီး ထိုပါးပြင်ထဲသူ့နှာခေါင်းတစ်ခုလုံးနစ်ဝင်သွားအောင်နမ်းလိုက်၏။ထိုအခါမှ ရှောင်းကျန့် လည်းပြုံးကာဝမ်ရိပေါ်၏နားသယ်စပ်ကိုပြန်နမ်း၍...
"သွား နေ့လယ်စာ သွားစား ပြီးမှဆက်လုပ်...time management ကလည်း အရေးကြီးတယ်..."
"ကျေးဇူးတင်ပါတယ် ရှောင်းကျန့်..."
"ဘာကိုလဲ..."
"ကျွန်တော့်ကို သေသေချာချာသင်ပြပေးလို့..."
"ခွေးပေါက်လေးကို ကိုယ်ဖိရင်ဖိပြီးသင်ပေးရမှာ ကိုယ့်တာဝန်ပဲလေ..."
အနှောင့်အသွားမလွတ်သည့်စကားကြောင့်ဝမ်ရိပေါ်ညစ်ကျယ်ကျယ်ပြုံး၍...
"ဘယ်သူက ဘယ်သူ့ကို ဖိတာ..."
"ကိုယ်ကခွေးပေါက်လေးကို..."
"ပြန်ပြောပါဦး ဘယ်သူကဘယ်သူ့ကို..."
"ကိုယ်က ခွေးပေါက်လေးကို..."
"သေချာလား..."
ဒီတစ်ခါတော့ ရှောင်းကျန့်အဖြေပြောင်းသွားသည်။
"ခွေးပေါက်လေးက ကိုယ့်ကို..."
အလုပ်ခွင်ထဲ၌ အလုပ်ကိစ္စများဖြင့်စုန်ချည်ဆန်ချည် တစ်နေ့တာကုန်ဆုံးပြီးနောက် ညနေ၅ နာရီအလုပ်ဆင်းချိန်သို့ရောက်လာသည့်အခါ ည ၇ နာရီမှာရှိသည့် ကျောင်းသားဟောင်းများတွေ့ဆုံပွဲကြောင့်...
"ခွေးပေါက်လေး ဒီကနေတန်းသွားချင်လား ဒါမှမဟုတ် အိမ်ပြန်ပြီးမှတစ်ခေါက်ထွက်မလား..."
"ဒီကနေပဲတန်းသွားလိုက်မယ်လေ...တကူးတကကြီးအိမ်ပြန်နေရင် အချိန်ကုန်လူပန်းတယ်..."
"အင်း ဟုတ်ပြီ..."
ည ၇ နာရီထိုးဖို့ ၁၅ မိနစ်အလို၌ တွေ့ဆုံပွဲပြုလုပ်သည့် အကင်ဆိုင်တစ်ခုဆီသို့ဝမ်ရိပေါ်နှင့်ရှောင်းကျန့်နှစ်ဦးသားရောက်လာသည်။ ပထမအရွယ်ကိုကျော်လွန်ကာဒုတိယအရွယ်ရောက်လာပြီဖြစ်၍ လူမှုရေးကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သော ကြောင့် ဒီလိုပွဲမျိုးကိုနှစ်ဦးသားသဘောတူရောက်လာခြင်းဖြစ်သည်။
ဒီတွေ့ဆုံပွဲကိုဦးဆောင်စီစဉ်သည့်သူမှာ မေလင်းဖြစ်သည့်အလျောက် ဝမ်ရိပေါ်တို့နှစ်ဦးသားဆိုင်ထဲဝင်လာတာတွေ့သည့်အခါ လှိုက်လှိုက်လှဲလှဲကြိုဆို၏။
"လာခဲ့ကြ...ဟိုထောင့်ဆုံးဝိုင်းကိုသွား ကိုတို့အတွက် နေရာဦးထားပေးတယ်...ပြီးရင်မေလည်းလာခဲ့မယ်..."
"ပါပါး..."
မေလင်းညွှန်ပြသည့်နေရာကိုနှစ်ယောက်သားလျှောက်လို့လာစဉ်ချစ်စရာကလေးမလေးတစ်ဦးက ရှောင်းကျန့်ရှိရာသို့လက်လှမ်း၍ အော်ပြေးလာလျှင်ပဲ ဝမ်ရိပေါ်မသိမသာခြေထိုးခံလိုက်သည်။
"ဘုန်း...! "
"အင့်~~ဟင့်~~ဟင့်~~"
မှောက်ခုံချော်လဲသွားသည့်ကလေးကအော်ငိုနေသည်ဖြစ်၍ မိခင်ဖြစ်သူ မေလင်းရောက်လို့လာပြီး ဝမ်ရိပေါ်ကိုဆူပြောတော့သည်။
"ငါ့သမီးက နင်တို့အနောက်မှာလျှောက်လာတဲ့သူ့အဖေကို သူခေါ်နေတာဟဲ့...တကယ်ဟယ် တကယ်... ငါလည်းမပြောချင်တော့ဘူး..."
မေလင်းပြောမှ ဝမ်ရိပေါ်အနောက်ကိုလှည့်ကြည့်လိုက်တော့ တကယ်ကို အမျိုးသားတစ်ဦးရှိနေတာဖြစ် ပြီး အနည်းငယ်အားနာစိတ်ဝင်မိသွား၏။ရှောင်းကျန့်ကတော့ပြုံး၍ ဝမ်ရိပေါ်၏ပါးပြင်ကိုချစ်စနိုးလိမ်ဆွဲလိုက်၏။
"ခွေးပေါက်လေးက ဘာလေးလဲ...ကလေးတွေတောင် မချန်ဘူး..."
မကြာခင်မှာပဲဆိုင်လုံးပြတ်ငှားထားသည့် အကင်ဆိုင်အတွင်းသို့ တက္ကသိုလ်ကျောင်းသားဟောင်းများတဖွဲဖွဲရောက်လို့လာကာ batch တူသည့်လူများသူ့အစုနဲ့သူဖြစ်သွားကြသည်။စီနီယာ ဂျူနီယာတွေအချင်းချင်းသိပ်တော့မသိကြပေမယ့်လည်း နှစ်တိုင်းမှီခဲ့ဖူးသည့်ရှောင်းကျန့်ကိုတော့ကျောင်းသားဟောင်းများအမှတ်ရနေဆဲဖြစ်၏။
"ဝမ်ရိပေါ်...!!!! "
ည ၈ နာရီရောက်မှ အူယားဖားယားနဲ့ပြေးဝင်လာပုံရသည့် မေလင်း၏မောင် ချန်လင်းက သူ့ရဲ့သူငယ်ချင်း ဝမ်ရိပေါ်ကို တွေ့သည့်အခါ အသံကျယ်ကြီးဖြင့် အော်ခေါ်၍ အနောက်ကနေသိုင်းဖက်လိုက်သည်။
"မတွေ့ရတာ ဘယ်လောက်တောင်ကြာ...ကြာ... အစ်...အစ်ကို မင်္ဂလာပါ အစ်ကို..."
သူ့အရှိန်နဲ့သူဖြစ်နေသည့်ချန်လင်းက ဝမ်ရိပေါ်၏ဘေးမှာထိုင်နေသည့်ရှောင်းကျန့်ကိုအခုမှတွေ့လိုက်သည့်အခါ ဝမ်ရိပေါ်ကိုသိုင်းဖက်ထားရာမှချက်ချင်းလွှတ်ပေးလိုက်ပြီး ရှောင်းကျန့်ကိုခေါင်းငုံ့နှုတ်ဆက်လိုက်သည်။ရှောင်းကျန့်က အသိအမှတ်ပြုခေါင်းညိတ်ပြလိုက်လျှင်ပဲချန်လင်းလည်း ထိုဝိုင်း၌နေရာဝင်ယူလိုက်၏။ ဝမ်ရိပေါ်၏ဘေးမှာတော့မဟုတ်။
ချန်လင်းမှတ်မိသေးသည်။ တစ်ရက်...
"ဝုန်း...! "
ကျောင်းကော်ရစ်တာ၌ သူ့ဟာသူ့လမ်းလျှောက်နေသည့် ချန်လင်းက လူပြတ်ချိန်၌လူတစ်ယောက်၏ တရွတ်တိုက်ဆွဲသွားခြင်းကိုခံခဲ့ရသည်။သန့်စင်ခန်းထဲရောက်လာသည့်အခါတွင်တော့ လည်ပင်းနေရာကိုလက်တစ်ဖက်နဲ့ အစ်နေအောင်ဆုပ်ကိုင်ထားခြင်းခံခဲ့ရပြီး ခေါင်းကလည်း ဘေစင်စောင်းနဲ့တစ်ချက်မိတ်ဆက်ခံခဲ့ရ၏။
မျက်နှာတည့်တည့်ကိုလက်ညိုးနဲ့ထိုးပြီးကြိမ်းသွားသည့်စကားတစ်ခွန်းကိုလည်းမှတ်မိပါသေးသည်။
"ခွေးပေါက်လေးနဲ့ပူးပူးတွဲတွဲမလုပ်နဲ့...နောက်တစ်ခါ ထပ်တွေ့ရင် ဒီထက်ပိုဆိုးမယ်..."
အဲ့ဒီကတည်းက ချန်လင်းလည်း ဝမ်ရိပေါ်ကိုအပေါင်းအသင်းမလုပ်ရဲတော့ဘဲ မသိမသာတစ်မျိုး၊ပေါ်တင် တစ်မျိုးဖယ်ခွာခဲ့ခြင်းဖြစ်တော့၏။
အတိတ်ကအကြောင်းကိုချန်လင်းပြန်တွေးရင်း ရှောင်းကျန့်ကိုတစ်ချက်ကြည့်မိသည့်အခါ လည်ပင်းပင်ပြန်နာချင်သလိုလိုဖြစ်လာရသည်ကြောင့် ဘီယာတစ်ခွက် သာကောက်မော့လိုက်သည်။
အဲ့ဒီအချိန်ကတည်းက Toxic က ရိပေါ်အပေါ်မှာခံစားချက်တွေရှိနေခဲ့တယ်ဆိုတာကိုသူရိပ်စားမိခဲ့ရမှာ။ဒါပေမယ့်အဲ့တုန်းကသူတော်တော်ငယ်သေးတယ်လေ။ ဒီလိုတွေလည်းမတွေးတတ်ခဲ့သေးဘူး။
"စီးကရက်မသောက်ကြတော့ဘူးလား..."
စီးကရက်သောက်တတ်သူများကြောင့် တစ်ဆိုင်လုံးနီးနီး စီးကရက်အနံ့တွေမွှန်ထူနေသော်လည်း စီးကရက် များကို ယောင်လို့ပင်မထိသည့် ရှောင်းကျန့်နှင့်ဝမ်ရိပေါ်ကြောင့်မေလင်းမေးလိုက်ခြင်းဖြစ်သည်။
"ကိုယ်တို့ စီးကရက်ဖြတ်ထားတာကြာပြီ..."
"ဘယ်လိုဖြတ်လဲ နည်းလေးဘာလေးပေးပါဦး...မေ့ရဲ့အမျိုးသားကလည်း ဖြတ်လိုက် ပြန်သောက်လိုက်နဲ့ အခုထက်ထိကိုမပြတ်သေးဘူး..."
ရှောင်းကျန့် ဝမ်ရိပေါ်ဘက်ကိုမေးဆတ်ပြလိုက်ပြီး...
ကိုယ်ကတော့ စီးကရက်သောက်ဖို့ ဆန္ဒဖြစ်လာတိုင်း သူ့ကိုဆွဲနမ်းလိုက်တာပဲ..."
ရှောင်းကျန့်စကားကိုဝမ်ရိပေါ်ကထပ်ဆင့်ထောက် ခံသည်။
"အဲ့တာကြောင့် ရှောင်းကျန့်လည်းစီးကရက်ပြတ်သွားရော ကျွန်တော်လည်းစီးကရက်ပြတ်သွားတာပဲ..."
အတိုင်အဖောက်ညီလွန်းလှသည့် နှစ်ယောက်ကိုမေလင်းကြည့်ပြီး ခေါင်းခါလိုက်သည်။သို့ပေမယ့် နည်းတစ်ခုတော့ ရသွား၏။ သူ့အမျိုးသားစီးကရက်သောက် ချင်လာတိုင်း သူ့ရဲ့ပါးလေးတစ်ဖက်ကိုအရှေ့ကိုထိုးပေးလိုက်မည်။ တကယ်ပြတ်မပြတ်တော့မသိပေမယ့် ကြိုးစားကြည့်ရမည်သာ။
"ချန်လင်း မင်းရော ဘာတွေလုပ်နေလဲ..."
"ငါ့ရဲ့အနာဂတ်ဇနီးလောင်းလေးကို တင်တောင်းဖို့လုပ်နေတယ်..."
ဝမ်ရိပေါ်၏အမေးကိုတုံ့ပြန်လိုက်သည့်ချန်လင်း၏ အဖြေကြောင့် မေလင်းနှာခေါင်းရှုံ့လိုက်ပြီး...
"ကြည့်ပါလား...မိဘကျေးဇူးအရင်ဆပ်မယ်မရှိဘူး..."
"အစ်မ နင်လည်း ယောကျာ်းယူတာပဲ...မိဘကျေးဇူးဆပ်တာနဲ့ အိမ်ထောင်ပြုတာက တခြားစီ..."
"အေးပါဟယ်...တခြားစီပါ တခြားစီ...နင့်မှာကိုယ်ပိုင်မိသားစုရလာရင် ကိုယ့်မိဘတွေကိုပြန်ကြည့်နိုင် သေးလားဆိုတာ ငါကြည့်ဦးမယ်..."
"ကြည့်လိုက်စမ်းပါ..."
"ကြည့်မယ် ကလေးရလာရင် နင်ဒီစကားပြောနိုင်ဦးမလားလို့...တကယ့်လက်တွေ့မှာမလွယ်ဘူး ချန်လင်း ရဲ့...ငွေရေးကြေးရေးထောက်ပံ့ပေးနိုင်ရုံနဲ့ မိဘကျေးဇူးဆပ်တယ်မမည်ဘူး သူတို့အတွက်လည်းအချိန်တွေပေးနိုင်မှ..."
ငြင်းခုံနေကြသည့် မောင်နှမနှစ်ဦး၏စကားများဟာ သူတို့နဲ့ မသက်ဆိုင်သလို ရှောင်းကျန့်နှင့်ဝမ်ရိပေါ်နှစ်ဦးသား မတိုင်ပင်ပဲ ပြုံးလိုက်မိသည်။
သားတွေသမီးတွေ ကလေးတွေမရှိသည့်သူတို့ဘဝကအပူအပင်ကင်းလွန်းပြီး အရမ်းလွတ်လပ်နေကြသည်ဆိုတာကိုသူတို့အချင်းချင်းသိကြလို့ပဲဖြစ်သည်။တစ်ယောက်နဲ့တစ်ယောက်အချိန်ပိုပေးနိုင်သည်သာမက မိဘတွေနဲ့လည်း အဆက်အသွယ်မပြတ်ဘဲ အမြဲလိုလိုတွေ့ဖြစ်ကြတာဖြစ်၏။အခုတောင် နှစ်ဖက်မိဘတွေအတူတူရှန်ဟိုင်းဘက်သို့အလည်အပတ်သွားနေကြသေး၏။
"ကိုယ်တို့ပြန်ဦးမယ်...မနက်ဖြန်အလုပ်အတွက်စောစောထသွားရဦးမှာဆိုတော့...နောက်ဆိုလည်း ကျောင်းသားဟောင်းတွေ့ဆုံပွဲမှမဟုတ်ပါဘူး မကြာခဏတွေ့ကြတာပေါ့..."
ည ၉ နာရီအချိန်သို့ရောက်လာပြီဖြစ်တာကြောင့်ရှောင်းကျန့်နှင့်ဝမ်ရိပေါ်တို့နေရာမှထလိုက်ကာမေလင်း၏သမီးလေးအား မုန့်ဖိုးများပေးခဲ့ပြီး၊တစ်ဆိုင်လုံးအတွက်လည်း ငွေရှင်းပေးခဲ့သည်။ကားပါကင်ဆီသို့ရောက်လာသည့်အခါ ရှောင်းကျန့်အတွက် ဝမ်ရိပေါ်ကားတံခါးဖွင့်ပေး၍ Lover seat တွင်ထိုင်စေပြီး သူကတော့ မောင်းသူနေရာတွင်ဝင်ထိုင်လိုက်၏။
ကားဘီးစလိမ့်ပြီးငါးမိနစ်ခန့်ကြာသည့်အခါ၌ရှောင်းကျန့်ဖုန်းကထမည်လာ၏။ခေါ်ဆိုသူကိုကြည့် လိုက် တော့ ရှောင်းရမ်ဖြစ်နေသည့်အခါ...
"ပြော ရမ်..."
"မင်း ယဲယဲသူ့ရဲ့ မာကျောက်သေတ္တာကြီးဘယ်မှာထားလဲ မင်းသိလား...အခု ဝမ်ဥက္ကဋ္ဌနဲ့မာကျောက်ကစားဖို့ ဗီဒိုထဲသွားရှာကြည့်တော့မတွေ့တော့ဘူး..."
ရှောင်းကျန့်သူ့မျက်ခုံးထောင့်ကို လက်ညိုးနဲ့အသာလေးကုတ်လိုက်ပြီး...
"ကျွန်တော်ကဘယ်လိုလုပ်သိမှာလဲ..."
"ခါတိုင်းဆို မင်းယဲယဲသူ့ဗီဒိုထဲမှာပဲထည့်ထားနေကျပဲမလား..."
"ဟုတ်မှာပေါ့..."
"ဟိုးအရင် မင်းနဲ့ရိပေါ်အနောက်ကိုငါတို့လိုက်ခဲ့တဲ့အချိန်မတိုင်ခင်တုန်းက မင်းတို့ယူဆော့ဖြစ်ကြသေးလား...အဲ့ကတည်းကငါတို့လည်း မရောက်ဖြစ်ကြတော့တာဆိုတော့ မင်းတို့များတွေ့မိသေးလားလို့..."
"မသိဘူးလေ...အရမ်းကြာသွားတော့ မမှတ်မိတော့ဘူး..."
"အဲ့တာဆိုလည်းထားလိုက်ပါတော့... ဘာလုပ်နေကြလဲစားရောစားပြီကြပြီလား..."
"စားပြီးပြီ အိမ်ပြန်တဲ့လမ်းပေါ်မှာ..."
"အေးအေး အဲ့တာဆိုလည်းဒါပဲနော်...တခြားဗီဒိုတွေထဲမှာထပ်ရှာကြည့်လိုက်ဦးမယ်..."
တစ်ဖက်ကဖုန်းချသွားသည့်နောက်ရှောင်းကျန့်လေသံလေးဖြင့်ပြောလိုက်သည်။
"ရှာမနေနဲ့ တွေ့မှာမဟုတ်ဘူး..."
"ဘာတဲ့လဲ ရှောင်းကျန့်..."
"ဘာမှမဟုတ်ဘူး...သူတို့ မာကျောက်ဆော့ဖို့ မာကျောက်သေတ္တာကိုလိုက်ရှာနေကြတာ..."
"ဟိုးအရင် ကျွန်တော်နဲ့ ရှောင်းကျန့်ဆော့ဖူးတဲ့ ကျောက်စိမ်းကိုရွှေကွပ်ထားတဲ့မာကျောက်တွေလား..."
"အင်း..."
"အဲ့တာဘာဖြစ်လို့လဲ..."
"ပျောက်သွားလို့တဲ့..."
"အဲ့တုန်းက ဗီဒိုထဲပဲထည့်ခဲ့တာမဟုတ်ဘူးလား..."
"အင်းလေ..."
"အဲ့တာဆို ဘာလို့ရှာမတွေ့ကြတာလဲ..."
"ကိုယ်လည်း ဘယ်သိမလဲ..."
ပုခုံးပင့်ပြီး ပြောလိုက်သည့်ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်မေ့မေ့ပျောက်ပျောက်နေလိုက်ပြီးမှ သုံးမိနစ်လောက်ကြာသည့်အခါ ကားကိုရုတ်တရက်ရပ်လိုက် ပြီးရှောင်းကျန့်ကိုကြည့်လိုက်၏။
"ရှောင်းကျန့်..."
"အင်း...ဟုတ်တယ်..."
ရှောင်းကျန့်မျက်နှာကရယ်စစဖြစ်လို့နေကာ...
"အဲ့တုန်းက ခွေးပေါက်လေးကို ခွေးပေါက်လေးတို့
အိမ်က ပြန်ခေါ်သွားကြတဲ့အချိန်မှာ ဒီတိုင်းပဲထိုင်ကြည့် နေကြတဲ့ ကိုယ့်မိဘတွေက အားကိုးလို့မရမှန်း ကိုယ်သေသေချာချာမြင်သွားပြီးကိုယ့်အားကိုယ်ကိုးရမယ်ဆိုတာကိုယ်သိလာတယ်...ကိုယ့်အားကိုယ်ကိုးဖို့ အရင်းအနှီးလိုတယ်လေ...ဘယ်သူ့ဆီကမှမတောင်းဘဲကိုယ်ကဘယ်ကအရင်းအနှီးရမှာလဲ...ကိုယ့်မိဘတွေကိုကိုယ် မိဘအဖြစ်ကနေစွန့်လွှတ်လိုက်တုန်းကလည်း ဘာအားကိုးနဲ့စွန့်လွှတ်လိုက်တယ်ထင်လို့လဲ..."
သူ့ကိုကြည့်နေသည့် ဝမ်ရိပေါ်ကို ရှောင်းကျန့် ရယ်ပြလိုက်ပြီး...
"ကိုယ့်ယဲယဲကို ကိုယ်ချစ်တာလည်းမပြောနဲ့လေ...ယဲ ယဲကလောကကြီးထဲမှာမရှိတော့တာတောင် ကိုယ့်ကို အကျိုးပြုနေတုန်းပဲ...အဲ့ဒီရွှေကွပ်ကျောက်စိမ်းတုံးတွေက တစ်တုံး တစ်တုံးရှယ်ကိုရတာ..."
"ရှောင်းကျန့်ရာ..."
"တီ...တီ...တီ...ဒုန်း...! "
ရှောင်းကျန့်နှင့်အတူတူဝမ်ရိပေါ်ရယ်လို့နေမိရင်း သူတို့ကားရပ်ထားသည့်နေရာက လမ်းလယ်ခေါင်ကြီးဖြစ်လို့နေမှန်း အနောက်ကကား၏ ဟွန်းတီးသံနှင့်အတူ ဘလိုင်းကြီးဝင်တိုက်ခြင်းခံလိုက်ရသည့်အခါမှသတိဝင်လို့လာခဲ့၏။
သူတို့ကားအနောက်ပိုင်းတစ်ခုလုံးကြေမွသွားသော်လည်း ဒါကသူတို့အမှားဖြစ်၍တောင်းပန်စကားဆိုဖို့ဝမ်ရိပေါ်ကားပေါ်မှဆင်းလိုက်၏။ ဝမ်ရိပေါ်နည်းတူ ရှောင်းကျန့်လည်းဆင်းလာတာဖြစ်ပြီး နှစ်ယောက်သားကိုမြင်တော့တစ်ဖက်လူများက...
"မင်းတို့ကားကို လမ်းလယ်ခေါင်ကြီးမှာရပ်ထားရအောင် ဒီလမ်းကိုမင်းတို့ပထွေးပိုင်တဲ့လမ်းများမှတ်နေလို့လား...လူကြည့်တော့ &@%#^*€#...."
အစက တောင်းပန်ဖို့ဆင်းလာကြပေမယ့်တစ်ဖက်ကအချိုးမပြေနေလွန်းသည့်အခါဝမ်ရိပေါ်နှင့် ရှောင်းကျန့်တစ်ယောက်ကိုတစ်ယောက်အဓိပ္ပာယ်ရှိရှိကြည့် ၍ နှုတ်ခမ်းထောင့်များကွေးညွတ်လိုက်သည်။ရှောင်းကျန့်ပြောလိုက်သည့်စကားတစ်ခွန်းအဆုံးမှာတော့ ဆိုးတူမိုက်ဖက်များပီပီ နှစ်ဦးသားပြိုင်တူလမ်းမကြီးထက်မုဆိုးဒူးထောက်ထိုင်လိုက်၏။
"ဖိနပ်ကြိုးကို ခိုင်ခိုင်ချည်ထား ခွေးပေါက်လေး..."
ပြီးပါပြီ။
19/3/2023
You are reading the story above: TeenFic.Net