"ရိပေါ်...ရိပေါ်..."
သူ့ကိုဖက်ထားပြီး ရင်ခွင်ထဲမှာ တစာစာအော်နေတဲ့ တစ်ယောက်က သံပတ်ပေးထားတဲ့ အရုပ်လိုပဲ ။မျက်လုံးတွေစုံမှိတ်ပြီး ပါးစပ်ဟလို့ အာသီးလေးတောင်တွေ့နေရတဲ့ပုံက ငှက်ပေါက်လေးတွေသူ့အမေဆီကအစာတောင်းနေသလို။
ဘာရယ်မဟုတ် ဒီပုံစံလေးကြောင့် သူ့မှာ မိခင်စိတ်ချက်ချင်းဝင်သွားသလိုဖြစ်မိပြီး ဘောင်းဘီအိတ်ကပ်ထဲက ပီကေလေးကိုထုတ်ကာ အခွံချွတ်၍ အရှေ့ကပါးစပ်ပေါက်လေးထဲထည့်ပေးလိုက်သည်။
ဟက်...မျက်လုံးသာမဖွင့်တာ ပါးစပ်ထဲရောက်လာတဲ့ဟာကိုကျ ကောက်ဝါးပစ်ပြီး...နေဦး နေဦး...
"မမျိုချ..."
တားချိန်တောင်မရလိုက် ပါးစပ်ထဲကပီကေကို နှစ်ချက်သုံးချက်ဝါးပြီး မျိုချလိုက်တဲ့ကျန့်ကျန့်ကြောင့် ဝမ်ရိပေါ် ကျန့်ကျန့်၏ကျောကုန်းကို ခပ်ဖွဖွပုတ်ကာ...
"အဲ့တာမျိုချလို့မရဘူး ပြန်ထွေးထုတ်စမ်း..."
ပြန်ထွေးထုတ်ခိုင်းတာကို ကျန့်ကျန့်ကသူ့လည်ပင်းသူကိုင်ထားပြီးမျက်လုံးအဝိုင်းသားနဲ့ သူ့ကိုမော့ကြည့်ရင်း...
"ရိပေါ် ကျန့်ကျန့်..."
"မသေဘူး မသေဘူး အဲ့တာဘာမှမဖြစ်ဘူး..."
မမေးလာခင်ကတည်းက ပြန်ဖြေမိနေတာက ဘာမေးတော့မလဲဆိုတာ နားလည်နေသလိုပင်။ ဝိုင်းစက်သွားတဲ့ မျက်လုံးတွေက "ရိပေါ် ကျန့်ကျန့် သေတော့မှာလား" လို့မေးချင်နေတာအသိသာကြီး။
သူပြောလိုက်မှ စိတ်အေးသွားသလိုပုံမျိုးနှင့် သူ့ကိုပြန်ဖက်ပြီး ရင်ခွင်ထဲကို တစ်ဖန်ပြန်ဝင်လာကာ...
"ရိပေါ်ကို ကျန့်ကျန့်လွမ်းတယ်...ရိပေါ်ရောကျန့်ကျန့်ကို လွမ်းလား..."
ဒီအရွယ်ရောက်လာတော့ အဲ့လိုလေးတွေပြန်တောင်မေးတတ်နေတာပေါ့။ အသက်အရွယ်အလိုက်ဒါတွေကမသင်ဘဲတတ်လာတာဖြစ်မှာ။
ဝမ်ရိပေါ် ခပ်တည်တည်ဖြင့် သူ့ရင်ခွင်ထဲကတစ်ယောက်ကို ငုံ့ကြည့်လိုက်ရင်း...
"မလွမ်းဘူး..."
"ဟင်...ကျန့်ကျန့်ကတော့ ရိပေါ်ကို လွမ်းတယ်..."
အငြင်းစကားပြောခံရလည်း မျက်နှာတစ်ချက်မညှိုးဘဲ ပြန်ပြုံးပြတာဆိုလို့ ရင်ခွင်ထဲကတစ်ယောက်ပဲရှိမယ်။
ဝမ်ရိပေါ် သူ့ကို ဖက်တွယ်ထားသည့် ကျန့်ကျန့်ကို ပြန်သိုင်းဖက်ဖို့လက်ရွယ်လိုက်စဉ်...
"ကျန့်ကျန့်လေးရေ...ကျန့်ကျန့်..."
ဝမ်ရိပေါ်တို့ခြံအဝမှာ တာဝတိံသာအထိကြားနိုင်လောက်တဲ့အသံမျိုးဖြင့် ဒေါ်လေးရင်က ကျန့်ကျန့်ကို လှမ်းခေါ်နေ၏။
"ကျန့်ကျန့် ဒီမှာ...ဒေါ်လေးရင် ကျန့်ကျန့်ဒီမှာ..."
ဒါကဘာလဲ။ မိမိရင်ခွင်ကို တွန်းကန်ပြီး ဒေါ်လေးရင်ကို သူရှိကြောင်းပြောနေတဲ့တစ်ယောက်က အစာဝသွားတဲ့ငှက်ပေါက် မိခင်ရင်ခွင်စုံကန်ပြီးတော့ အတောင်မစုံခင်ပျံချင်နေတဲ့သဘောလား။
"ဒေါ်လေးရင် ဘာလုပ်ဖို့ ကျန့်ကျန့်ကို ခေါ်တာလဲ..."
"အိမ်မှာ ထုပ်ထုပ် ရောက်နေတယ်ကွဲ့..."
"အင်းအင်း ကျန့်ကျန့်လာပြီ...ထုပ်ထုပ်က ကျန့်ကျန့်ကို စောင့်နေတာ..."
ကျန့်ကျန့်က လူကြီးတွေဘက်ကို လှည့်ပြီး...
"ကျန့်ကျန့်သွားတော့မယ် ညနေမှပြန်လာခဲ့မယ်...ထုပ်ထုပ်စောင့်နေလို့..."
ထိုအခါ ဝမ်ဖေးရန်က...
"ကျန့်ကျန့်လေး အဲ့ဒိ ထုပ်ထုပ် ကိုပါခေါ်ခဲ့လေ...ဦးဦးတို့နဲ့ နေ့လည်စာ အတူစားကြတာပေါ့..."
"ဟင်..."
အခြားသော လူကြီးများဖြစ်သည့် ဟုန်လိ ၊ ချင်လိ နဲ့စင်ဒီတို့ကလည်း ဝိုင်းပြီး...
"ဟုတ်သားပဲ ကျန့်ကျန့်လေး ထုပ်ထုပ်ကိုပါခေါ်ခဲ့...ဒီမှာ နေ့လည်စာတွေအများကြီးချက်ထားတာ..."
"အင်းအင်း..."
ကျန့်ကျန့်က ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်း အိမ်ထဲကပြေးထွက်သွားမည်အလုပ် ဝမ်ရိပေါ်ကလက်ကိုဆွဲလိုက်ကာမျက်မှောင်ကျုံ့၍...
"ထုပ်ထုပ်ဆိုတာဘယ်ကဟာလဲ..."
"ထုပ်ထုပ်က ကျန့်ကျန့်ချစ်တဲ့ ထုပ်ထုပ်..."
သူ့လက်ကိုတောင် အတင်းဆွဲဖြုတ်ပြီး လှစ်ကနဲပြေးသွားရလောက်တဲ့ အထိ ဖြစ်နေရအောင် ထုပ်ထုပ် ဆိုတာဘာကောင်လဲ။
ဆယ်မိနစ်တောင် မကြာပါဘူး။ ထုပ်ထုပ်ဆိုတဲ့တစ်ယောက်ကို လက်ဆွဲပြီးပြန်ဝင်လာတဲ့ဟိုတစ်ယောက်ကြောင့် ကြားထဲက စိတ်ပူခဲ့မိတာ အလကားဖြစ်သွားမှန်းသိလိုက်ရတယ်။
အနီးစပ်ဆုံးဥပမာပေးရရင် ထုပ်ထုပ်ဆိုတာ တကယ်တော့ မိုးပျံပူဖောင်းကို ခြေတွေလက်တွေ တပ်ပေးထားတဲ့ပုံမျိုးပါပဲ။
ကျန့်ကျန့်နဲ့ထုပ်ထုပ် တွေ့ဆုံပုံက ဒီလို။
အဲ့ဒိတုန်းက ကျန့်ကျန့်က ဆယ့်ငါးနှစ်။ ကျောင်းသွားတဲ့မနက်ခင်းတစ်ခုမှာပေါ့။
ဒေါ်လေးရင်ကအမြဲတမ်းကျန့်ကျန့်ကိုမနက်စာအနေနဲ့ အိမ်ကနေမုန့်တစ်ခုလုပ်ပြီးထည့်ထည့်ပေးတတ်သည်။လမ်းမှာစားသွားလို့ရသလို ကျောင်းရောက်မှစားချင်ရင်လည်းစားလို့ရအောင်ပင်။အိမ်ကနေမနက်စာလုပ်ပေးရတဲ့အကြောင်းက ချွေတာရာလည်းရောက်ပြီးသန့်ရှင်းလတ်ဆတ်အာဟာရဖြစ်စေဖို့ပဲဖြစ်သည်။
ထို့နေ့မနက်စာလေးက အသားညှပ်အစာသွပ်ထားသည့် ပေါင်မုန့်လုံးလေးဖြစ်သည်။ ဒေါ်လေးရင်ကစေတနာတွေလွန်ပြီး အကြီးကြီးထည့်ပေးလိုက်တာကြောင့် ကျန့်ကျန့်၏လက်ထဲမှာသိပ်တောင်မဆန့်ချင်။ သို့သော် ကျန့်ကျန့်က မရမက ကိုင်ထားပြီးခါတိုင်းလိုပဲ ကျောင်းသွားဖို့ ကားမှတ်တိုင်အထိလမ်းလျှောက်လာသည်။
ကားမှတ်တိုင်မရောက်ခင် အနောက်ကဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီး၏ ရုတ်တရက်ဟွန်းသံကြောင့် ကျန့်ကျန့် လန့်သွားပြီး လက်ထဲက ပေါင်မုန့်လုံးကြီးကို ယောင်ယမ်းကာလွှတ်ချမိလေသည်။
ပေါင်မုန့်ကြီးကလုံးတာရော လမ်းတွေကလည်း ချောမွေ့နေတာရောကြောင့် ထိုပေါင်မုန့်လုံးမှာ ကျန့်ကျန့်နဲ့ ဝေးရာဆီသို့ လိမ့်ဆင်းသွားတော့သည်။ ကျန့်ကျန့်က အမြန်လိုက်ပေမယ့် မျက်စိရှေ့မှာတင် ထိုပေါင်မုန့်ပျောက်သွားတာပင်။ အဲ့ဒိအစား သူတွေ့ရတာက ဝဝတုတ်တုတ်နဲ့လုံးဝိုင်းနေတဲ့ ကောင်လေးတစ်ယောက်။
ကျန့်ကျန့်စဉ်းစားရကြပ်သွားသည်။ ခုနလေးတင် ဒီနားလေးမှာ ကျန့်ကျန့်ရဲ့ပေါင်မုန့်ကိုတွေ့တာ။ ဝဝတုတ်တုတ်ကောင်လေးကိုကြည့်လိုက်တော့လည်း လက်နှစ်ဖက်နောက်ဖွက်ထားပြီး ကျန့်ကျန့်ကိုမသိချင်ယောင်ဆောင်နေသည်။
သူ့အနောက်မှာဖွက်ထားတဲ့လက်နှစ်ဖက်ကို ကျန့်ကျန့်သွားကြည့်လိုက်တော့ ထိုကောင်လေးက လက်တွေကို အရှေ့သို့ပြန်ဖွက်လိုက်သည်။ထိုအခါမှ ကျန့်ကျန့်သိသည်။ ထိုကောင်လေးကျန့်ကျန့်ရဲ့ ပေါင်မုန့်ကို ကောက်ထားတာ။
"ကျန့်ကျန့် ဟာပြန်ပေး..."
ကျန့်ကျန့်ပြန်တောင်းတော့ ထိုကောင်လေးက မသိချင်ယောင်ဆောင်ကာ...
"သိဘူး...ဘယ်ပေါင်မုန့်ကိုမှ မတွေ့မိဘူး..."
"ဟင်...ကျန့်ကျန့် ပေါင်မုန့်လို့လည်းမပြောပါဘူး ဘယ်လိုလုပ်သိတာလဲ...ကျန့်ကျန့်ဟာပြန်ပေး..."
"အင်း ပြန်ပေးမယ် မျက်လုံးမှိတ်ထား..."
ကျန့်ကျန့်တို့ ထိုသို့လည်ပါသည်။ ကိုယ့်ထက်ငါးနှစ်ငယ်သည့် ကလေးတစ်ယောက်ဆီကနေအလိမ်ခံလိုက်ရ၏။ကျန့်ကျန့်ကပြောတဲ့အတိုင်းမျက်လုံးတွေမှိတ်ထားတော့ ဟိုကလေးက လစ်ပြီးပြေးတော့တာ။ လက်ထဲမှာ ပေါင်မုန့်လုံးကြီးကိုင်ပြီး တဟီးဟီးနဲ့။
ဒါကို ကျန့်ကျန့်သိတော့ အနောက်ကနေပြေးလိုက်ရင်း မျက်ခြေပြတ်သွားရသည်။ ဟိုကလေးက လူကသာဝတာ ပြေးလိုက်တာမှ လှစ်ကနဲ။ လမ်းကြားတစ်ခုထဲမှာ ပျောက်သွားသလိုပါပဲ။
ကျန့်ကျန့်လည်း အနီးအနားမှာ ဝေ့ဝိုက်ရှာနေရင်းမှ နောက်ဖေးလမ်းကြားတစ်ခုနားမှာ ကလေးတစ်ယောက် အော်ငိုနေတဲ့ အသံမျိုးကြားရတာကြောင့် မြန်မြန်ပြေးသွားပြီးကြည့်တော့ သူ့ဆီကပေါင်မုန့်လုသွားတဲ့ကလေးကို တခြားသော ကလေးတစ်အုပ်က ဝိုင်းပြီး ထုရိုက်နေတာဖြစ်သည်။
ထိုဝတုတ်လေးကို အနိုင်ကျင့်နေတဲ့ကလေးတွေက မသကာရှိ အသက် ၇ နှစ်က အကြီးဆုံးဖြစ်မှာပေါ့။ ငါးယောက် ခြောက်ယောက်လောက်ဝိုင်းနေတော့ ဟိုကလေးက အကောင်ကြီးပေမယ့်ကြောက်နေတာ။
အဲ့တာကြောင့် အားလုံးနဲ့ယှဉ်ရင် အသက်အကြီးဆုံးဖြစ်နေတဲ့ ကျန့်ကျန့်က အနီးကတုတ်လေးတစ်ချောင်းကို ကောက်လိုက်ပြီး အနိုင်ကျင့်နေတဲ့ ကလေးတစ်အုပ်ကိုခြောက်လိုက်သည်။ ထိုကလေးတွေကလည်း သူတို့ထက် ကြီးတဲ့သူကိုတွေ့လိုက်တာကြောင့်အနိုင်ဆက်မကျင့်တော့ဘဲ ပြေးလို့သွားသည်။
ကျန့်ကျန့်က သူ့ဆီက ပေါင်မုန့်လုသွားသည့် ဝတုတ်လေးဆီသို့ သွားရင်း မကြောက်နဲ့လို့ပြောကာ ခေါင်းကဆံပင်လေးတွေကို ပွတ်သပ်ပေးဖို့ပြင်လိုက်သည်။ထိုကလေးရဲ့ဆံပင်ကောက်ကွေးလေးတွေအပေါ်ကျန့်ကျန့်လက်ကလေးရောက်သွားသည့် အခိုက် ကျန့်ကျန့် ရင်ထဲပန်းတွေလှိုင်လှိုင်ပွင့်သွားရသည်။
ဒီကလေးရဲ့ ဆံပင်တွေက သူ့ရဲ့သေသွားတဲ့ခွေးလေး ရွှေထုပ်ရဲ့ အမွှေးတွေနဲ့အရမ်းတူလွန်းသည်။ထိုကလေး လေးဘက်သာထောက်ထားရင် တကယ့်ရွှေထုပ်မှ ရွှေထုပ်ပဲ။အဲ့ကစပြီး ကျန့်ကျန့် ထိုကလေးရဲ့ နာမည်မသိပေမယ့် ရွှေထုပ်ကို အစွဲပြု၍ ထုပ်ထုပ် လို့ခေါ်တော့တာဖြစ်သည်။
ထုပ်ထုပ်ကို ကျန့်ကျန့် အိမ်အရောက်ပြန်လိုက်ပို့ပေးတော့ သိလိုက်ရတာ ထုပ်ထုပ်က သူတို့ရဲ့ နှစ်လမ်းကျော်မှာနေတာ။ထုပ်ထုပ်အမေက ကျန့်ကျန့်ကို ကျေးဇူးတင်ကြောင်းပြောပြီး ထုပ်ထုပ်ရဲ့အကြောင်းကိုပြောပြသည်။
ထုပ်ထုပ်က ဉာဏ်ရည်မမီတဲ့ကလေးတစ်ယောက်။ အသက်ဆယ်နှစ်ရောက်နေတာတောင် အတန်းပညာမသင်ရသေး။ ဉာဏ်ရည်လိုက်မမီလို့မသင်ရတာဖြစ်သည်။ ပြီးတော့လည်း လမ်းထဲက ကလေးတွေရဲ့ အနိုင်ကျင့်တာ အမြဲခံရသည်တဲ့။
ဉာဏ်ရည်မမီတဲ့ထုပ်ထုပ်လေးရဲ့ အကြောင်းကို ကျန့်ကျန့်ကြားရပြီး စိတ်မကောင်းဖြစ်မိ၏။ သို့သော် ထိုသို့သောကလေးတစ်ယောက်ဆီကနေတောင် လိမ်ပြီးပေါင်မုန့်အလုခံရသည့် ကိုယ့်အဖြစ်ကိုတော့ ကိုယ်မရိပ်မိ။
ထုပ်ထုပ်က ကျန့်ကျန့်သူ့ကို ကလေးတွေ လက်ထဲကနေကယ်တင်လိုက်တဲ့နေ့မှစပြီး ကျန့်ကျန့်ကို သူ့ရဲ့ သူရဲကောင်းကြီးတစ်ဦးအနေဖြင့် သတ်မှတ်လိုက်တာဖြစ်တော့သည်။
အဲ့ကတည်းကစ၍ ကျန့်ကျန့်နှင့် ထုပ်ထုပ်က အသက် ၂၀ နှင့် ၁၅ နှစ် အသီးသီးရောက်လာသည့် ယနေ့ထိတိုင်အောင် အမြဲတတွဲတွဲဖြစ်နေကြခြင်းပင်ဖြစ်တော့သည်။
ထုပ်ထုပ်
"ကျန့်ကျန့်...ထမင်းကိုမငုံထားနဲ့ ဝါးပြီးရင် မျိုချ..."
"ကျန့်ကျန့်လေး ဘာလို့လဲ စားမကောင်းလို့လား...မမစင်ဒီဘာလုပ်ပေးရမလဲ..."
သူပြောလိုက်မှ ဘေးကနေ နှမ်းဝင်ဖြူးသည့် စင်ဒီကို ဝမ်ရိပေါ် မကြည်ကြည့် ကြည့်လိုက်သည်။ ထမင်းဝိုင်းစထိုင်ကတည်းက နေရာယူတာကို က ပုံမလာတာ။
သူ့အတွက်တောင်နေရာမရှိတော့လို့ ကျန့်ကျန့်နဲ့ မျက်နှာချင်းဆိုင်နေရာသာ ရွေးထိုင်လိုက်ရသည်။
ကျန့်ကျန့်ရဲ့ ညာဘက်မှာ ဟို ကပ်ပါးကောင်က ဝင်ထိုင်တာဖြစ်ပြီး ဘယ်ဘက်မှာတော့ စင်ဒီဆိုတဲ့ အမျိုးသမီးကဝင်ထိုင်ထားတာဖြစ်သည်။ ကပ်ပါးကောင်ဆိုတာ ထုပ်ထုပ်ကို ဝမ်ရိပေါ်ရည်ညွှန်းခြင်းဖြစ်၏။ ကျန့်ကျန့်နားပဲတစ်ချိန်လုံးကပ်နေလို့။
အခုလည်း ကြည့် ထမင်းစစားကတည်းက သူများတွေ ဒုတိယတစ်ပန်းကန်တောင်ရောက်နေပြီ ဟိုတစ်ယောက်က သူကြည့်နေတာ သုံးလုတ်ပဲ ပါးစပ်ထဲရောက်သေးတာဖြစ်သည်။ ဘာလဲ ထမင်းကို ဟုတ်တိပတ်တိမစားဘူးလား။
ကျန့်ကျန့်ပန်းကန်ထဲက ဟင်းတွေကိုလည်းဟိုဘေးက ကပ်ပါးကောင်က သူ့ပန်းကန်ထဲ ဒိုင်ခံကဲ့ထည့်နေတာဖြစ်သည်။ အဲ့တာကြောင့် ကပ်ပါးကောင်(parasite) ကသာ ဝဖီးနေတာ လက်ခံကောင်(host) ဖြစ်တဲ့ ဟိုတစ်ယောက်က တဖြည်းဖြည်း ညက်လာတာဖြစ်မည်။
အစားနည်းနည်းပဲ ဝင်သေးတဲ့ ကျန့်ကျန့်ကို ဝမ်ဖေးရန်ကြည့်ပြီး...
"ကျန့်ကျန့်လေး ဘာစားချင်လို့လဲ တီတီဟုန်လိကို ဘာလုပ်ခိုင်းရမလဲ..."
ထိုအခါ တစ်ဝိုင်းထဲရှိနေသည့် ဒေါ်လေးရင်က...
"ကျန့်ကျန့်လေးက အခုနောက်ပိုင်းအဲ့လိုပဲ ထမင်းကို သေချာဟုတ်တိပတ်တိမစားဘူး...ဒီတိုင်းလေးပဲ ထားလိုက်ပါ သူစားချင်တော့ စားပါလိမ့်မယ်..."
"မလိုချင်ဘူး..."
ဒီစကားထွက်လာတာက ဝမ်ရိပေါ်ထံမှ။လူကြီးတွေအကြောင်သားကြည့်နေသည်ကို ဝမ်ရိပေါ် လျစ်လျူရှုကာ သူထိုင်နေရာမှ ကျန့်ကျန့်ရှိတဲ့ဘက်ကို လျှောက်လာပြီး ထုပ်ထုပ်ထိုင်နေသည့်ခုံကို ခြေထောက်ဖြင့် ခပ်ဆတ်ဆတ်ကန်လိုက်၍...
"ဟိုကောင် ဖယ်...ဟိုဘက်မှာ သွားထိုင်..."
ရုပ်တည်ကြီးနဲ့ ဝမ်ရိပေါ်ကို ထုပ်ထုပ်ကကြောက်တာကြောင့် ပြည့်လျှံနေတဲ့ သူ့ထမင်းပန်းကန်လေးကို မမှောက်ကျအောင် သေချာထိန်းပြီးစားပွဲခုံတစ်ဖက်ခြမ်းကိုပြောင်းထိုင်လိုက်သည်။ ဝမ်ရိပေါ်ကတော့ ထုပ်ထုပ်၏ နေရာကိုဝင်ယူလိုက်၏။
"ထမင်းပန်းကန် အသစ်တစ်ခုပေး..."
ဝမ်ရိပေါ် အိမ်ကအလုပ်သမားဆီမှ ထမင်းပန်းကန်အသစ်ကိုတောင်းကာ ထမင်းတွေအပြည့်ထည့်လိုက်ပြီး ဇွန်းအသစ်တစ်ချောင်းတပ်၍ ကျန့်ကျန့်ရှေ့သို့ထိုးပေးလိုက်သည်။
"စား...အသစ်ကနေပြန်စား..."
ဝမ်ရိပေါ် ပြောလည်းပြော အရှေ့က ဟင်းနှစ်မျိုးသုံးမျိုးကို ကျန့်ကျန့်၏ ပန်းကန်ထဲသို့ ကောက်ထည့်ပေးလိုက်ပြန်သည်။
ဝိုင်းထဲကလူတွေ စားသောက်ပြီးသွားကြတော့ အချိုပွဲစားရန် အိမ်ရှေ့ကို ထွက်သွားကြ၏။ ထုပ်ထုပ်ကလည်း နောက်ထပ်မုန့်တွေ ထပ်စားရဦးမှာဆိုတော့ ကျန့်ကျန့်ကိုတောင် သတိမရတော့ဘဲ ခုန်ပေါက်ပြီးထွက်သွားတော့သည်။
ဟုန်လိကတော့ ထမင်းစားခန်းထဲက မထွက်သွားမီသူ့သားကို ပြုံးယောင်သန်း၍ကြည့်သွားသည်။ သူ့သားရိပေါ်ရဲ့ အပြုအမူတွေကို သူမြင်သည်မဟုတ်လား။ စိတ်မရှည်တတ်တဲ့သူ့သားက ကျန့်ကျန့်လေး အရှေ့က ထမင်းတစ်ပန်းကန်မကုန်မချင်း မထတော့ဘဲ အသေခံစောင့်မည့်ပုံ။ ဒီကလေးတွေနှယ်။
"ရိပေါ် ကျန့်ကျန့် မစားချင်တော့ဘူး..."
"ဒီဟာ မကုန်မချင်း ထသွားဖို့စိတ်မကူးနဲ့..."
အချိန်က တစ်နာရီ ကျော်နေပြီ အရှေ့ကထမင်းတစ်ပန်းကန်က မကုန်နိုင်သေး။ တစ်လုတ်တစ်လုတ်ကို အချက်တစ်ရာလောက်ဝါးပြီး မမြိုချတာက ပါးစပ်ထဲမှာ အမှုန့်ကြိတ်စက်ရုံများတည်ထောင်နေလို့လား။
"ရိပေါ်...ကျန့်ကျန့် ဗိုက်ပြည့်နေပြီ...ဝေါ့..."
"တော်တော့...ဆက်မစားနဲ့တော့..."
ကျန့်ကျန့် တကယ်မစားနိုင်တော့ဘဲ ပျို့လာသည့်အခါမှသာ ဝမ်ရိပေါ် ရပ်ခိုင်းလိုက်တော့သည်။
"လာအပြင်မှာ အသီးသွားစားမယ်..."
"ခဏလေး ရိပေါ်...ရိပေါ်ကို ကျန့်ကျန့်ပေးစရာရှိတယ်...ဒီမှာခဏစောင့်နော်..."
သူ့ကို လက်လေးတစ်ဖက်ထောင်ပြသွားပြီး စောင့်နေခိုင်းသည့် သူကိုကြည့်ပြီး ဝမ်ရိပေါ် ဟန်တောင်မဆောင်နိုင်ဘဲပြုံးလိုက်မိသည်အထိ။ အတန်ကြာတော့ လက်ထဲမှာ တစ်စုံတစ်ခုကို ကိုင်ပြီး သူရှိရာကို ပြန်ဝင်လာသည်။
"ရော့...ရိပေါ် အတွက်..."
ဝမ်ရိပေါ် သူ့အရှေ့က ဟာလေးကို ကြည့်လိုက်တော့ စုဘူးလေး။လေးတစ်နေတဲ့ပုံက အထဲမှာစုထားတာ ပြည့်လုနီးနီးဖြစ်နေပြီဆိုတဲ့သဘော။
"ရိပေါ်နောက်လိုက်ခဲ့မယ်ဆိုပြီး စုထားတဲ့ အရင်တုန်းက ဟာတွေက ပါပါးကောင်းကင်ကိုသွားဖို့ သုံးလိုက်ရလို့..."
ဝမ်ရိပေါ် သဘောပေါက်ပါသည်။ ကျန့်ကျန့်ဆိုလိုတာက အရင်တုန်းက စုထားတဲ့ဟာတွေကို ဦးဦးရှောင်းဟန်ရဲ့ အသုဘစရိတ်အတွက်သုံးလိုက်ရတယ်လို့ဆိုလိုနေခြင်းပင်။
"ရိပေါ် ယူလေ ဒါက ကျန့်ကျန့် အသစ်ထပ်စုထားတာ ရိပေါ်နောက်လာ မလို့...ဒါပေမယ့် ကျန့်ကျန့်စုဘူးလေးပြည့်ခါနီးမှာပဲ ရိပေါ်ပြန်ရောက်လာတယ်..."
ဝမ်ရိပေါ် သူ့ရှေ့က ကျန့်ကျန့်ကို သေချာကြည့်ပြီး...
"ငါ့ကို စိတ်မဆိုးဘူးလား ကျန့်ကျန့်...မင်းကို ချန်ထားခဲ့လို့ စိတ်မဆိုးဘူးလား..."
ရင်ထဲကကြိုးတစ်ချောင်းကို စကားတွေနဲ့ပဲချည်ပါသည်။
ချန်ထားခဲ့တဲ့သူတွေထဲမှာ ပါပါး၊မာမားနဲ့ ရွှေထုပ်ကပြန်မလာဘူး။ ရိပေါ်ကပြန်လာတယ်တဲ့။ဒါကြောင့် ရိပေါ်ကို ကျန့်ကျန့် အချစ်ဆုံးဆိုပဲ။
ပြောတဲ့သူကတော့ ပြောချင်ရာတွေပြောပြီး ထွက်သွားတာပေမယ့် ရင်ဘတ်ထဲမှာ ဝုန်းဒိုင်းကြဲ ကျန်ခဲ့တာကတော့သူပဲ။ လေးနှစ်အရွယ်ကတည်းက ဒီစကားလေးတစ်ခွန်းအမြဲလိုလို ကြားဖူးပါသည်။သို့သော် အခုတစ်ခါကတော့ ထိရောက်မှုအရှိဆုံးပဲ ဖြစ်ပါလိမ့်မည်။
ရိပေါ်ကို ကျန့်ကျန့်ချစ်တယ်လို့တောင် မဟုတ်တော့ဘူး။ ရိပေါ်ကို ကျန့်ကျန့်အချစ်ဆုံးတဲ့။
You are reading the story above: TeenFic.Net