အပိုင်း(၇) Unicode

Background color
Font
Font size
Line height

လေယာဉ်ကွင်းထဲခြေချမိလိုက်သည်နှင့် မျက်လုံးတစ်စုံက စောင့်ကြိုနေတဲ့လူများစုဝေးရာဆီသို့။

ဖြူဖြူချောချော မျက်နှာပေါ်မှာ နေကာမျက်မှန်ကို တပ်ဆင်ထားသည့် လူတစ်ယောက်ကို ဖြတ်သွားဖြတ်လာ မိန်းမပျိုလေးများ တစ်ချက်တစ်ချက်ငေးကြည့်လို့သွားသေးသည်။ နက်စွေးနေတဲ့ အပြင်အဆင်တွေနဲ့ ဒီဇိုင်းမိမိုက်နေသည့် သူ့ပုံစံက လူငေးချင်စရာပင်မဟုတ်လား။

"ရိပေါ် ငါတို့ဒီမှာ..."

ဝမ်ရိပေါ် သူ့ကိုလက်ပြလှမ်းခေါ်လိုက်သည့် အစ်မဖြစ်သူချင်လိဘက်သို့တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။နေကာမျက်မှန်အောက်ကမျက်ဝန်းတွေက တခြားနေရာတွေကို ဝေ့ဝိုက်၍ထပ်ကြည့်လိုက်​၏။ သူဘယ်လောက်ရေတွက်တွက် လူအရေအတွက်က သူ့အမနဲ့ ဒရိုင်ဘာဖြစ်သူပဲရှိတာဖြစ်သည်။ ဝမ်ရိပေါ်အလိုမကျစွာ မျက်ခုံးတို့ကို တွန့်ကွေးလိုက်​၏။

ချင်လိအရှေ့ရောက်နေသည့်တိုင် ဝမ်ရိပေါ်က စကားတစ်ခွန်းမှမပြောသေးဘဲ အကြာကြီးရပ်နေတာဖြစ်၍...

"ရိပေါ် ဘာရပ်လုပ်နေတာလဲ သွားမယ်လေ..."

ဝမ်ရိပေါ်က သူ့နေကာမျက်မှန်ကို စိတ်မရှည်စွာဆွဲချွတ်လိုက်ပြီး ကျစ်သပ်လိုက်သည်။ ဘာလဲ နေကာမျက်မှန်ခံနေလို့ အမှောင်ဖုံးပြီးမမြင်မိတာလား။

"ရိပေါ် သွားမယ်..."

ဝမ်ရိပေါ် သူ့အမကို ရှုတည်တည်ကြည့်လိုက်ကာ...

"လူစုံပြီလား..."

"ဘာကိုပြောတာလဲ..."

"လာကြိုတဲ့လူတွေထဲမှာ သန့်စင်ခန်းတွေဘာတွေသွားနေတဲ့သူမရှိနေနိုင်ဘူးလား..."

"ဘာတွေလာပြောနေတာလဲ နင့်ကိုလာကြိုတာ ငါနဲ့ ဒရိုင်ဘာဦးလေးကြီးပဲရှိတယ် ပါးနဲ့မားက အိမ်မှာပဲစောင့်နေတယ်...စကားတွေသိပ်မများနဲ့ မြန်မြန်လာ..."

ဆူပုတ်ပုတ်မျက်နှာပေးနဲ့ ကားနောက်ခန်းကို လိုက်ပါလာတဲ့ သူ့မောင်ကို ချင်လိ ခပ်ချဉ်ချဉ်ကြည့်လိုက်သည်။ ဒါက လာကြိုစေချင်တဲ့သူမလာလို့ ဖြစ်နေတဲ့ရုပ်ပေါ့။ မှတ်တောင်ထားရဦးမယ် အရာရာကသူ့သဘောတိုင်းပဲဖြစ်မယ်များထင်နေလားမသိ။

ရိပေါ်ကို သွားကြိုတာကို လိုက်မယ်တကဲကဲဖြစ်နေတဲ့ ကျန့်ကျန့်လေးကို သူတမင်တကာပါးနဲ့မားရယ် သူ့သူငယ်ချင်းစင်ဒီ ရယ်နဲ့ အိမ်မှာချန်ထားခဲ့တာ။ စင်ဒီဆိုတာက သူနဲ့ နယူးယောခ့်မှာကျောင်းအတူတူတက်ခဲ့ကြသည့်သူငယ်ချင်းဖြစ်ပြီး သူတို့ မိသားစုကလည်း နောက်လဆိုဘေကျင်းမှာပဲအခြေပြန်ချတော့မှာမလို့ စင်ဒီက သူမနဲ့တစ်ခါတည်း အတူလိုက်လာတာဖြစ်ပြီး လောလောဆယ်တော့ အိမ်မှာအတူတူနေနေတာဖြစ်သည်။

စင်ဒီက တော်တော်လှတဲ့မိန်းကလေးတစ်ယောက်ဖြစ်သလိုသူမနဲ့အသက်တူရွယ်တူဆိုတော့ ဒီနှစ်ထဲဆို အသက် ၃၀ နားကပ်နေပြီဖြစ်သည်။ လှလွန်းတဲ့ စင်ဒီဘေးမှာ ကြိုက်နှစ်သက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေခဲ့ပေမယ့် စင်ဒီက ဘယ်သူ့ကိုမဆို "ဘူး" ခါပြီးငြင်းခဲ့တာဖြစ်သည်။ လူတကာကို ငြင်းခဲ့တဲ့ အပျိုကြီးမမက ကျန့်ကျန့်လေးနဲ့တွေ့မှ အရည်ပျော်ကာကျလို့နေ​၏။

ပြောလိုက်သေးတယ်။ ကျန့်ကျန့်လေးကို မွေးစားချင်တယ်ဆိုပဲ။လွန်ခဲ့တစ်ပတ်ကျန့်ကျန့်လေးကိုစတွေ့တဲ့ အချိန်ကတည်းက ပါးလေးဆွဲလိုက် နှာခေါင်းလေးဆွဲလိုက် တွေ့သမျှအင်္ကျီလေးတွေလည်း ကျန့်ကျန့်လေးနဲ့ လိုက်တယ်လို့ပြောပြီးဝယ်ပေးလိုက်နဲ့။ ရှင်းရှင်းပြောရရင် ကလေးမုန့်ပေးကြိုက်နေတဲ့ပုံ။

ကျန့်ကျန့်လေးကလည်း ဒီအရွယ်လေးသာရောက်လာတယ် နည်းနည်းလေးမှကို မပြောင်းလဲ။ ဘယ်သူဘာလုပ်လုပ် မျက်လုံးအဝိုင်းသားလေးနဲ့ ငြိမ်ခံနေတာဖြစ်သည်။

အခုမှသိလိုက်ရတာ တစ်ခုက ကျန့်ကျန့်လေးက ရိပေါ်မှ မဟုတ်ဘူး တခြားလူတွေအပေါ်မှာလည်း ဘာမှပြန်တုံ့မပြန်ဘဲ ဒီလိုလေးသာ ငြိမ်နေတတ်သည်သာ။အဲ့တာကို သူ့မောင်ဖြစ်သူက အခြောက်တိုက် ဘဝင်ခိုက်နေတာ။

ကျန့်ကျန့်လေးကသာ ဘာမှမပြောင်းလဲသွားပေမယ့် ကျန့်ကျန့်လေးရဲ့ပတ်ဝန်းကျင်ကတော့ပြောင်းလဲသွားခဲ့သည်။ ဒေါ်လေးရင်ရဲ့ပြောပြချက်အရ သူတို့ပြောင်းသွားတဲ့ နောက်နှစ်မှာပဲ ကျန့်ကျန့်လေးရဲ့ အဖေဦးဦးရှောင်းဟန် ရောဂါအခံတစ်ခုနဲ့ ဆုံးသွားတယ်တဲ့။

ကျန့်ကျန့်လေးအမေ တီတီမေရီကတော့ သူ့ခင်ပွန်းဆုံးသွားပြီးပြီးချင်း နေ့တောင်မခြား အားကိုးရှာလိုက်တယ်ဆိုပဲ။ ကြည့်ရတာ သူ့ခင်ပွန်းမဆုံးခင်ကတည်းက အရှုပ်အရှင်းတွေရှိနေပုံပါပဲ။ တခြားမကြည့်နဲ့ သူ့ခင်ပွန်းဟောင်းရဲ့ ရက်လည်တောင်မလာခဲ့ဖူးတဲ့။

အဲ့တုန်းက ကျန့်ကျန့်လေး ဘယ်လောက်ရှိဦးမှာလဲ။ ၁၁ နှစ်သားအရွယ်ပေါ့။ သူ့အဖေရဲ့ ရက်လည်ကိုလည်း ဒေါ်လေးရင်ကပဲ ကွပ်ကဲပေးခဲ့ရတယ်။ ဦးဦးရှောင်းဟန်က သူမရှိတော့တဲ့ နောက်သူ့သားအတွက် လက်ရှိအိမ်လေးကိုတော့ မရမကချန်ထားပေးခဲ့တာပင်။

ကျန့်ကျန့်လေးတို့ အခုလိုနေ နေရသေးတာ ဦးဦးရှောင်းဟန်ရဲ့ အသက်အာမခံကြေးတွေကို ဘဏ်တိုးရနေတာကတစ်ကြောင်း ဒေါ်လေးရင်က စီမံမှုကောင်းတာကတစ်ကြောင်းကြောင့်ပင်။ကျန့်ကျန့်လေးရဲ့ ပညာရေးပိုင်းအနေနဲ့ကတော့ အရမ်းကြီးမထူးချွန်ပေမယ့် တစ်နှစ်တစ်တန်းလေးပုံမှန်အောင်သည်တဲ့။

တီတီမေရီ အရမ်းကိုလွန်တယ်။ ကျန့်ကျန့်လေးကို ထားခဲ့ပြီးသူ့နောက်ယောကျာ်းခြေချရာ ဂျပန်ကိုလိုက်သွားခဲ့တာ။အဲ့တာဆို ခွေးကလေးရွှေထုပ်ကရောဆိုတော့ ကျန့်ကျန့်လေးနောက် အမြဲတကောက်ကောက်လိုက်နေကျ ရွှေထုပ်လေးကလည်း ကုန်တင်ကားတစ်စီးနဲ့မတော်တဆတိုက်မိပြီး ကျန့်ကျန့်ကိုခွဲသွားပြန်တယ်တဲ့။

ထိုနှစ်တွေက ကျန့်ကျန့်လေးအတွက် အရမ်းဆုံးရှုံးမှုတွေများခဲ့တယ်။ သူတို့မိသားစုကလည်း တရုတ်ပြည်ကထွက်သွားတယ်။ ဦးဦးရှောင်းဟန်နဲ့ ခွေးကလေးရွှေထုပ်ကလည်း ကျန့်ကျန့်ကို ထားခဲ့တယ်။ တီတီမေရီကလည်း လှည့်မကြည့်။ အဲ့တော့ ကျန့်ကျန့်လေးမှာ ဒေါ်လေးရင်ကလွဲလို့ ဘယ်သူမှမရှိခဲ့တာပင်။

ဒီလောက်ဆုံးရှုံးမှုတွေများခဲ့တာတောင် ကျန့်ကျန့်လေးပုံကလေ ငယ်ငယ်လေးတုန်းကလိုပဲ။ ဘာဆိုဘာမှမဖြစ်ခဲ့သလိုပုံမျိုးလေး။ဒါက ဘယ်အရာမဆိုမေ့မေ့ပျောက်ပျောက်ရှိတတ်သည့် ကျန့်ကျန့်လေးရဲ့ နဂိုစိတ်ရင်းခံလေးကြောင့်ပင်ဖြစ်မည်။

ဒါပေမယ့် ဒေါ်လေးရင် ပြောဖူးသလိုဆို ကျန့်ကျန့်လေးမှာလည်း နာကျည်းတတ်တဲ့စိတ်ကလေးတော့ ရှိလိမ့်မယ်။ ဘာလို့ဆို လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကျန့်ကျန့်လေးကို တီတီမေရီ လာတွေ့ပြီး သူနဲ့ဂျပန်လိုက်ခဲ့ဖို့ပြောတုန်းက ကျန့်ကျန့်လေးက ခေါင်းတွင်တွင်ခါရင်း စကားလေးတစ်ခွန်းကိုပြောခဲ့တယ်တဲ့။ဒေါ်လေးရင်ပြောပြတုန်းကဆို သူ့နားတောင်သူမယုံ။

လူတိုင်းနီးပါးကို ချစ်တယ်လို့ပြောတတ်တဲ့ ကျန့်ကျန့်လေးက ပထမဆုံးအမုန်းစကားကို သူ့အမေကို ပြောခဲ့တယ်။

"မာမားကို ကျန့်ကျန့် မုန်းတယ်" တဲ့။

ဒေါ်လေးရင်ပြောပြခဲ့တဲ့ စကားလေးတွေကို ချင်လိပြန်တွေးနေရင်း သူတို့ကားလေး ခြံဝန်းထဲသို့ထိုးကွေ့လာသည်။ သူဆင်းလာသည့်တိုင် အနောက်ဘက်က မျက်နှာပုတ်နဲ့တစ်ယောက်မဆင်းလာသေးတာကြောင့် ချင်လိ ကားအနောက်ခန်းတံခါးကို ဆွဲဖွင့်လိုက်ကာ...

"မဆင်းဘဲ ဘာလုပ်နေတာလဲ ဝေါယာဉ်နဲ့ပင့်စေချင်လို့လား...ပါးနဲ့မား စောင့်နေတယ်လေ..."

ဝမ်ရိပေါ် ကားပေါ်က ဆောင့်အောင့်ဆင်းလာပြီး ကားတံခါးကို ဆောင့်ပိတ်လိုက်တာကြောင့်ချင်လိတောင် လိပ်ပြာလွင့်သွားမတတ်ပင်။

"ကျန့်ကျန့် ချစ်တယ်..."

အိမ်ရှေ့ကိုခြေမချရသေးဘူး သူ့ဝင်လာရာ အိမ်တံခါးဝကို ကျောပေးထားတဲ့ သူဆီကကြားရတဲ့မပြောင်းလဲသောစကားပြောဟန်လေးတွေ။

ခြေနှစ်လှမ်းလောက်ထပ်တိုးသွားမိတော့ ရင်ဝတည့်တည့်ကို ခြေထောက်နဲ့ဆောင့်ကန်လိုက်သလိုပဲ။ ခြံဝအထိပြန်မရောက်သွားတာတောင် ကံကောင်း။

ဘာက ဘာဖြစ်တယ်။

ဘယ်သူ့ကို ဘယ်သူက ဘာဖြစ်တယ်။

"မမစင်ဒီကို ကျန့်ကျန့် ချစ်တယ်..."

ဘာတွေက ဒီလောက်ကြည်နူးစရာကောင်းနေလို့ သူ့အဖေနဲ့ သူအမေကပါ တဝါးဝါးတဟားဟား ရယ်မောနေကြတာလဲ။ အဲ့ဒိ မမသူငယ်ချင်း စင်ဒီဆိုတဲ့တစ်ယောက်ကိုလည်း ဟိုမှာကတည်းက သိပ်ကြည့်လို့ရခဲ့တာမဟုတ်ဘူး။ အဲ့တုန်းကတော့ သူ့ကို ဘာမှမလုပ်ပေမယ့် ဒီတိုင်းပဲမျက်ကြောမတည့်တာ။ အခုတော့...

အသက် ၂၀ ပြည့်တော့မယ့် ယောကျာ်းလေးတစ်ယောက်ကို ဘာတွေဝတ်ပေးနေတာလဲ။ ဟိုတစ်ယောက်ကလည်း ကျန်တဲ့အစိတ်အပိုင်းလေးတွေသာ နည်းနည်းဖွံ့ဖြိုးလာတာ ဦးနှောက်လေးကသေးပြီးကျန်ခဲ့တာလား။ ဘေးနားပတ်ဝန်းကျင်က လက်ဆောင်ထုပ်လိုဟာတွေပုံနေတာက ကလေးကို မုန့်ပေးပြီး လိုက်နေတာဆိုတဲ့သဘောလား။

"ကျန့်ကျန့်နဲ့လိုက်လား..."

ကျန့်ကျန့်က သူ့ကိုယ်ပေါ်က ဝတ်စုံလေးကိုငုံ့ကြည့်လိုက် လူကြီးတွေဖြစ်သည့် ဝမ်ဖေးရန်နဲ့ ဟုန်လိဘက်ကို ထိုးပြလိုက် သူ့ကို ဝတ်စုံဝယ်ပေးသည့် စင်ဒီဘက်ကိုလှည့်ပြလိုက်ဖြင့် အလုပ်ရှုပ်လို့နေသည်။

တကယ်တော့ ဒါဟာ ကျန့်ကျန့်တောင်းဆိုခဲ့တာဖြစ်သည်။ လေယာဉ်ကွင်းထိလိုက်မကြိုရတဲ့ ကျန့်ကျန့်က ရိပေါ် အပြန်လာကို ရိပေါ်ကြိုက်တဲ့အစိမ်းရောင် ပါတဲ့သစ်ပင်ပုံစံဝတ်စုံလေးနဲ့ ကြိုချင်တာဖြစ်သည်။ ဒါ့ကြောင့် လူကြီးတွေက ချက်ချင်း ဝယ်ပေးခဲ့ရတာဖြစ်​၏။သူလိုချင်တာရသွားတဲ့ကျန့်ကျန့်က ဝတ်စုံဝယ်ပေးတဲ့ စင်ဒီကိုချစ်တယ်လို့တစ်တောက်လျှောက်လုံး ပြောနေတာပင်။

"ဂျိမ်း...!"

သူ့ဟာသူ ရှိနေသည့် အိမ်ရှေ့သံဗန်းတံခါးကို အသားလွတ်ကြီးတွန်းတိုက်ကာ ဝင်လာသည့် ဝမ်ရိပေါ်ကြောင့် ဧည့်ခန်းထဲက လူတွေအားလုံး အိမ်ရှေ့တံခါးဝသို့အကြည့်ရောက်သွားသည်။ ဝမ်ဖေးရန်နှင့် ဟုန်လိကတော့ ဟိုမှာနေတိုင်းတွေ့နေရတဲ့ သူ့သားမျက်နှာကို မထူးဆန်းသလိုလှမ်းကြည့်လိုက်သည်။ စင်ဒီကတော့ ဖာသိဖာသာ နေလိုက်​၏။

လှည့်ကြည့်တဲ့ လူတွေအားလုံးထဲမှာ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေ အရောင်တောက် သွားတာက...ကျန့်ကျန့် ။

ကျန့်ကျန့်က ဝမ်ရိပေါ်ကို မြင်တော့ ဝမ်းသာအားရဖြင့် သူ့ရဲ့လက်ကိုအထက်အောက် လှုပ်ရမ်းလိုက်ပြီးအသံစူးစူးလေးဖြင့်....

"ရိပေါ် ပြန်လာပြီ..."

"ရိပေါ်...ရိပေါ်...ကျန့်ကျန့်ဒီမှာ..."

"ရိပေါ်ကို ကျန့်ကျန့် လွမ်းတယ်..."

"ရိပေါ်...ရိပေါ်..."

သူ့နာမည်ကို တကြော်ကြော်ခေါ်ပြီး ဟပ်ထိုးလဲမတတ်ပြေးလာတဲ့ကျန့်ကျန့်ကို ဝမ်ရိပေါ် မျက်တောင်တစ်ချက်မခတ်ဘဲ ကြည့်လို့နေမိသည်။ အစိမ်းရောင်ဝတ်စုံကြီး ကို့ရို့ကားယားနဲ့ ငှက်ပေါက်တွေလို တစာစာအော်နေတာ ချစ်ဖို့ကောင်းတယ်လို့များထင်နေလားမသိ။သူစိမ်းတစ်ယောက်ကို ချစ်တယ် ချစ်တယ်လို့ ပြောပြီးမှ သူ့ဆီပြေးလာတဲ့ ဟာလေးက ချစ်ချင်စရာတစ်ကွက်လေးတောင်မရှိ။

ပြေးနေရင်း ဝဲကျလာတဲ့ ဆံနွယ်ပျော့ပျော့လေးတွေရယ်။အသံစူးစူးလေးတွေ ရေခရားလွှတ်သလိုထွက်လာအောင် လုပ်ပေးနေတဲ့ နှုတ်ခမ်းချွန်ချွန်ရဲရဲလေးတွေရယ်။ အရှေ့ကသွားနှစ်ချောင်းပေါ်အောင်ပြုံးထားလို့ ပိတ်ကျနေတဲ့ မျက်ခွံပေါ်က မျက်တောင် စိပ်စိပ်လေးတွေရယ်။ ပါးပြင်ပြေပြေလေးတွေအလယ်မှာ အတက်ပေါက်နေသလို ချွန်ချွန်လေးထွက်နေတဲ့ နှာခေါင်းလေးရယ်။

ဒီလို အစိတ်အပိုင်းလေးတွေ သူနဲ့ တဖြည်းဖြည်းနီးကပ်လာတဲ့အခါ တစ်စက္ကန့်ကို ဆယ်ပုံ ပုံလိုက်တဲ့အချိန်လေးအတွင်းမှာပဲ သူ့အဖြေနောက်တစ်မျိုးပြောင်းသွားတယ်။ သောက်ရမ်းချစ်ဖို့ကောင်းတယ်။


You are reading the story above: TeenFic.Net

#random