အပိုင်း(၅) Unicode

Background color
Font
Font size
Line height

ကျန့်ကျန့်စားချင်လိုက်တာ။

အရှေ့က အတန်းဖော်က စပျစ်သီးအနံ့အရသာ စုပ်လုံးကြီးကို တမြုံ့မြုံ့စားနေသည်ကို ကျန့်ကျန့်တွေ့သည့်အခါ မျက်လုံးအရည်လဲ့လဲ့လေးတွေနဲ့ ငေးကြည့်လို့နေသည်။ ပါးစပ်တပြင်ပြင်ဖြစ်လို့နေပြီး တစ်ကိုက်လောက်ဖြစ်ဖြစ်စားကြည့်ချင်နေသည့်ပုံ။

ကျန့်ကျန့် သူ့လက်ထဲက ငွေစက္ကူလေးကိုကြည့်လိုက်သည်။ ထို့နောက် ကျောင်းမုန့်ဈေးတန်းဖက်ပြေးသွားပြီး စုပ်လုံးလေးတွေရောင်းတဲ့အရှေ့မှာရပ်ကြည့်နေ​၏။ သူစားချင်တဲ့ စုပ်လုံးလေးက ဈေးနည်းနည်းများတာကြောင့် ကျန့်ကျန့် ခဏလောက်ဒီတိုင်းလေးရပ်ကြည့်နေပြီး စဉ်းစားနေသည်။ ဝယ်စားသင့်လား မဝယ်စားသင့်လားဆိုတာ။

အင်း...ဝယ်စားသင့်တယ်။

"အန်တီ ကျန့်ကျန့်ကို အဲ့စုပ်လုံးလေးပေးပါ..."

"ရော့ သားလေး..."

ကျန့်ကျန့် သူ့လက်ထဲပါလာသည့် စုပ်လုံးလေးကို ကြည့်ပြီး အခွံခွာမယ်လုပ်လိုက်ပြီးမှ မုန့်ဆိုင်ဘက်သို့ပြန်လျှောက်သွားကာ...

"အန်တီ ကျန့်ကျန့်စားတော့ဘူး ပိုက်ဆံပြန်ပေးပါလား..."

ကျန့်ကျန့် သူ့လက်ထဲပြန်ရောက်လာသည့် ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူများတွေမုန့်စားနေတာကို လိုက်ကြည့်နေသည်။ ဒီပိုက်ဆံလေးကို စုထားရမှာ။ ကျန့်ကျန့်စုဘူးလေးမပြည့်သေးဘူး။ စုဘူးလေးမပြည့်ရင် ရိပေါ်က ခေါ်မှာဟုတ်ဘူး။

"ဒေါက်..."

ကျန့်ကျန့် သူ့ခေါင်းပေါ်ရောက်လာတဲ့ ခပ်မာမာအရာလေးကြောင့်မော့ကြည့်လိုက်သည်။

"ရိပေါ်..."

"ရော့..."

ရိပေါ်က ကျန့်ကျန့်​၏လက်ထဲသို့ တစ်စုံတစ်ခုကိုကမ်းပေးလိုက်သည်။ ဒါဟာ ကျန့်ကျန့် စားချင်နေတဲ့ စပျစ်အရသာစုပ်လုံးလေး။ကျန့်ကျန့်လှမ်းယူလိုက်မယ်အလုပ် ရိပေါ်က ပြန်ရုတ်သိမ်းလိုက်ပြီး...

"နေဦး..."

"ဟင် ဘာလို့လဲ ကျန့်ကျန့်စားချင်တယ်..."

"ဘာလို့ သူများတွေကို လိုက်ကြည့်နေတာလဲ ခုနက..."

"သူတို့စားနေတာကို စားချင်လို့..."

ရိပေါ်က နှုတ်ခမ်းကိုရွဲ့ပြီး ဟွန့်ကနဲ လုပ်လိုက်သည်။

"ရော့ ငါပေးတာကိုယူပြီး ငါ့ကိုပဲကြည့်..."

"အင်းအင်း ကျန့်ကျန့် ရိပေါ်ကိုပဲကြည့်မယ်..."

​ကျန့်ကျန့်က သူ့ထုံးစံအတိုင်း ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလိုက်ပြီး ရိပေါ်လက်ထဲက စုပ်လုံးကို မြန်မြန်ခွာလိုက်ကာ ပါးစပ်ထဲထိုးထည့်လိုက်သည်။ ချိုတဲ့အရသာမျိုး ကျန့်ကျန့်သိပ်ကြိုက်တာပဲ။

"ကျန့်ကျန့် စုပ်လုံးလေးကို ချစ်တယ်...ရိပေါ်ကိုလည်းချစ်တယ်..."

ဆယ်နှစ်သား ရိပေါ် အနောက်ကအသံလေးတွေကို မကြားဟန်ပြုပြီး ဘောင်းဘီအိတ်ကပ်ထဲလက်ထိုးထည့်ကာ လျှောက်သွားလေသည်။ သို့သော် ကွေးညွတ်လာတဲ့ နှုတ်ခမ်းထောင့်တို့က မျက်နှာထက်တွင်သိသိသာသာ။

*မလွယ်ဘူး...အဲ့စကားလေးတစ်ခွန်းနဲ့ပဲ လုပ်စားနေတယ်*

__________ ___________

ဒီနေ့ ကျန့်ကျန့် အရမ်းတက်ကြွနေသည်။ တီဗီစင်ဘေးက စုဘူးလေးကို ယူလိုက်ပြီး အထဲကိုကြည့်လိုက်သည်။ စုဘူးလေးပြည့်ဖို့က နည်းနည်းပဲလိုတော့တာ။ ဒီနေ့ထပ်ရတဲ့ မုန့်ဖိုးလေးနဲ့ဆိုပြည့်ပြီ။

"ခွမ်း...ခလွမ်း..."

ကျန့်ကျန့် မုန့်ဖိုးတောင်းရန် သူ့မိဘတွေ အခန်းထဲဝင်ဖို့လုပ်လိုက်သည့်အခါ ထိုအခန်းထဲမှာ တစ်ခုခုကျကွဲသံကြားသည်။ ထို့ကြောင့် ကျန့်ကျန့်လန့်သွားပြီး တံခါးအကွယ်လေးမှ ချောင်းကြည့်လို့နေ​၏။

သူ့ပါပါးနဲ့သူ့မာမားက တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ပြီး အော်နေကြတယ်။ကြမ်းပြင်ပေါ်မှာလည်း မှန်တင်ခုံကြီးက ကျကွဲနေတာ။ ပါပါးက မာမားကိုဒေါသထွက်နေတယ်။ ပြီးတော့ မာမားက ပါပါးကို ပါးရိုက်လိုက်တယ်။ ပါပါးက ပြန်ရိုက်ဖို့ရွယ်လိုက်ပေမယ့် လက်ကိုပြန်ရုတ်သိမ်းလိုက်တာ ကျန့်ကျန့်တွေ့တယ်။ နှစ်ယောက်စလုံးက မျက်နှာကြီးတွေရဲတွတ်နေပြီး ဘာတွေဖြစ်နေတာလဲ မသိဘူး။ ကျန့်ကျန့်ကြောက်တယ်။

တံခါးအကွယ်မှာ ချောင်းကြည့်နေသည့် ကျန့်ကျန့် အနားသို့ ဒေါ်လေးရင် သွားလိုက်ကာ ပုခုံးလေးကို ကိုင်၍ အသာလေးသွားဆွဲခေါ်လိုက်သည်။

"ကျန့်ကျန့်လေးလာ...ဒေါ်လေးရင် မုန့်လုပ်ထားတယ်..."

"ဒေါ်လေးရင် ပါပါးနဲ့မာမား ဘာဖြစ်နေကြတာလဲဟင်..."

"ဘာမှမဖြစ်ပါဘူး ဒါမျိုးက တစ်ခါတစ်လေဖြစ်တတ်တယ်...ကျန့်ကျန့်လေး မုန့်သွားစားရအောင်လာ..."

ဒေါ်လေးရင် မုန့်စားနေတဲ့ ကျန့်ကျန့်လေးကို ဂရုဏာသပ်စွာကြည့်လိုက်သည်။ ဒီကလေးမိဘတွေက အခုတလော ကတောက်ကဆတွေဖြစ်နေကြတာ။ သူတိတိကျကျမသိပေမယ့် ကျန့်ကျန့်လေးရဲ့အဖေ ရှောင်းဟန်ကျန်းမာရေးအခြေအနေသိပ်မကောင်းတဲ့ပုံ။

စီးပွားရေးလည်း နည်းနည်းကြပ်တည်းလာတယ်ထင်သည်။ ပြီးခဲ့တဲ့လကတောင် သူ့ကို လစာမပေးရသေးတာပင်။ သူကလည်း မိသားစုလိုနေလာတဲ့သူဆိုတော့ လစာတွေလည်း မက်မနေပါ။ သူဒီအိမ်မှာဆက်နေရတာလည်း ကျန့်ကျန့်လေးကြောင့်ပဲမဟုတ်လား။

"ကျန့်ကျန့်လေး စားကောင်းရဲ့လား..."

"အင်း ကောင်းတယ်...ဒေါ်လေးရင် ကျန့်ကျန့်ကို အင်္ကျီသစ်သစ်လေးတွေ ရွေးပေးပါလား..."

"ကျန့်ကျန့်လေးဘာလုပ်ဖို့လဲ..."

ဒေါ်လေးရင် မေးလိုက်ပေမယ့် ကျန့်ကျန့်ပါးစပ်လေးကို လက်နဲ့ အုပ်ပြီး ပြန်မဖြေ။ ရိပေါ်ကပြောထားတယ်။ ဒီနေ့ညနေသူ့ကို ရပ်ကွက်ထဲက ကစားကွင်းမှာစုဘူးလေးကိုင်ပြီးစောင့်နေတဲ့။ပြီးရင်သူလာခေါ်ပြီး အတူတူ နိုင်ငံခြားသွားကြမှာတဲ့။ ပြီးတော့ ဘယ်သူ့ကိုမှ မပြောဖို့။

"ကျန့်ကျန့် ဝတ်ချင်လို့..."

"ဟုတ်ပါပြီ ကလေးရယ်..."

ကျန့်ကျန့်​၏ အလိုကျ ဒေါ်လေးရင် အဝတ်အစားသစ်လေးတွေကို ရွေးပေးလို့နေသည်။ အတွင်းကအင်္ကျီလေးရယ် ဘောင်းဘီရှည်လေးရယ်။ ခြေအိတ်လေးတွေတောင် ပါလို့နေသေးသည်။ အလုံထုပ်လေးဖြစ်နေတဲ့ ကျန့်ကျန့်ကို မုန့်ဖတ်ထုပ်လိုပုံမျိုးလေး ဖြစ်သွားအောင်ပံ့ပိုးပေးတာက အမွှေးပွ အနွေးထည်လေးကြောင့်ပင်ဖြစ်သည်။

ဝတ်စုံပြည့် ဖြစ်သွားတာကြောင့် ကျန့်ကျန့်လေး စုဘူးလေးကိုင်ကာ ခြံတံခါးကို တွန်းဖွင့်လို့ အိမ်ထဲကထွက်သွားဖို့ပြင်သည်။ ပြီးနောက် စုဘူးလေးကို ကြည့်ပြီး တစ်ချက်တွေးလိုက်သည်။ ဒီနေ့မုန့်ဖိုးမရသေးတော့စုဘူးလေးမှ မပြည့်သေးတာ။ဒါပေမယ့် ရိပေါ်နဲ့တွေ့ရင်တော့ ပြည့်သွားပြီလို့ လိမ်ပြောလိုက်မယ်။

ကျန့်ကျန့် အိမ်ပြင်ထွက်ဖို့ပြင်နေတာကို ရွှေထုပ်က ဟောင်ပြီး ကျန့်ကျန့်နောက်လိုက်ဖို့ပြင်သည်။ထိုအခါ ကျန့်ကျန့်က လမ်းမှာတွေ့တဲ့ တုတ်ချောင်းလေးကို ကိုင်ပြီး ရွှေထုပ်လေးကို ခြောက်ကာ ခြံထဲသို့ပြန်မောင်းထည့်သည်။

"ရှူး...ရှူး...အနောက်ကမလိုက်လာနဲ့ ရိပေါ်က ရွှေထုပ်ကို မကြိုက်ဘူး...တော်ကြာ ကျန့်ကျန့်ကို မခေါ်ဘဲနေလိမ့်မယ်...အထဲပြန်ဝင်..."

သူ့သခင်မောင်းထုတ်လွန်းအားကြီးတာကြောင့် ရွှေထုပ် သူ့သခင်ကို တစ်ပတ်ရိုက်ပြီး ခြံထဲ ပြန်ဝင်ချင်ယောင်ဆောင်လိုက်သည်။ ပြီးမှ သူ့သခင် ခပ်ဝေးဝေးရောက်သည့်အခါ ရွှေထုပ် ခြံတံခါးကို သူ့ဟာသူ တွန်းတိုက်ရင်း အနောက်ကနေ သူ့သခင်မသိအောင် ခြေဖွပြီး လိုက်လို့သွား​၏။

သူ့သခင် မသင်္ကာလို့အနောက်ကိုလှည့်ကြည့်ရင် ရွှေထုပ်က ဓာတ်တိုင်နဲ့ကွယ်ပြီး ပုန်းလိုက် သစ်ပင်နဲ့ ကွယ်ပြီးပုန်းလိုက်ဖြင့် ဟန်ကျလို့နေသည်။ ကျန့်ကျန့်ထုံပေမယ့် ရွှေထုပ်လေးကတော့ မနုံချေ။

ဆောင်းတွင်း ကြီးဖြစ်တာကြောင့် လမ်းတစ်လျှောက်မှာ နှင်းတွေကျနေသည်မှာ ထုနဲ့ထည်နဲ့ကိုဖြစ်သည်။ လမ်းမပေါ်က နှင်းဖြူဖြူတွေပေါ်မှာ ဆယ်နှစ်သားလေးရဲ့ ခြေရာတွေနဲ့ သူ့နောက်ကပ်ပါလာတဲ့ ခွေးကလေးတစ်ကောင်ရဲ့ ခြေရာတွေနဲ့ ပြည့်နှက်နေလျက်။

ရိပေါ် စောင့်ခိုင်းထားသည့် ကစားကွင်းလေးသို့ရောက်သည့်အခါ ကျန့်ကျန့်နှင်းပုံတွေကြားမှာငုတ်တုတ်လေးထိုင်လိုက်သည်။ ပြီးနောက် သူ့လက်ထဲက စုဘူးလေးကိုလည်း ဘေးတွင်ချထားလိုက်သည်။ ရွှေထုပ်ကတော့ အဝေးတစ်နေရာကနေ သူ့သခင်ကို ချောင်းကြည့်လို့နေသည်။

စောင့်နေတာ နာရီဝက်ကြာလာသည့် အခါ ကျန့်ကျန့်ရဲ့ ခြေချောင်းလေးတွေ လက်ချောင်းလေးတွေ အအေးဓာတ်ကြောင့် ထုံလာရသည်။ နားရွက်ဖျားလေးတွေလည်း နီရဲတွတ်လာကာ နှာခေါင်းထိပ်လေးတွေလည်း ရဲစပြုလာသည်။ နှုတ်ခမ်းနီနီလေးတွေတောင် ခြောက်သွေ့စပြုလာ​၏။

ကျန့်ကျန့် အေးစက်လာတဲ့ သူ့လက်ဖဝါးလေးတွေကို နှုတ်ခမ်းလေးနားကပ်ပြီး အနွေးဓာတ်ပေးလို့နေသည်။ ခြေချောင်းလေးတွေကိုတော့ ရှူးဖိနပ်လေးထဲကုပ်တွယ်လို့ထားသည်။

ဆောင်းရာသီဖြစ်တာကြောင့် ညတာရှည်တတ်သည့် သဘောမလို့ ညခြောက်နာရီ အချိန်ပင်ရှိသေးသော်လည်း ပတ်ဝန်းကျင်မှာ ပိန်းပိန်းပိတ်မှောင်လို့နေပြီဖြစ်သည်။ သို့သော် ကျန့်ကျန့်လေးကတော့ ရိပေါ်ကို ငုတ်တုတ်လေး ထိုင်စောင့်လို့နေဆဲ။

တစ်နာရီခွဲလောက်ကြာလာတော့ ကျန့်ကျန့်ငုတ်တုတ်လေးဆက်မထိုင်နိုင်တော့ဘဲ နှင်းပုံတွေကြားမှာ ထိုင်ချလိုက်ပြီး တစ်ဆက်တည်းမှာပင် လှဲအိပ်လိုက်​၏။ ထို့နောက် ပျင်းနေတဲ့ပုံမျိုးလေးဖြင့် ခြေကားယားလက်ကားယားလေးလုပ်ကာ နှင်းတွေနဲ့ကစားလို့နေသည်။ နှုတ်ကလည်း ပြောလိုက်သေး။

"ရိပေါ်ကလည်း ကြာလိုက်တာ...ကျန့်ကျန့်ချမ်းတယ်..."

နှင်းပုံတွေကြား ကျန့်ကျန့် လူးလိမ့်ဆော့နေရင်း ခြေကုန်လက်ပန်းကျကာ မျက်လုံးလေးတွေ မှေးစင်းလို့ ငိုက်မြည်းခြင်းဆီသို့ဆိုက်ရောက်လို့သွားသည်။

အလုံထုပ် ဘေးတစ်စောင်းလေး အိပ်ပျော်သွားတဲ့ ကျန့်ကျန့်နားသို့ ရွှေထုပ် ခြေဖွပြီး လျှောက်သွားလိုက်ကာ အေးစက်နေတဲ့ ခြေလေးတွေ လက်လေးတွေကို အနွေးဓာတ်ရအောင် သူ့အမွှေးအမျှင်လေးတွေနဲ့ ပွတ်သပ်ပေးလိုက် လျှာလေးနဲ့သပ်ပေးလိုက်လုပ်လို့နေ​၏။ ကျန့်ကျန့်ကတော့ အေးနေတာတောင် နှင်းပုံထဲမှာ နှစ်နှစ်ခြိုက်ခြိုက်သက်တောင့်သက်သာ အိပ်ပျော်လို့နေဆဲ။

ညကစုံးစုံးချုပ်မှောင်မိုက်သွားသည့်အခါ...

"ကျန့်ကျန့်...ကျန့်ကျန့်လေး သားလေး..."

သူ့ကို လာလှုပ်နှိုးနေသည့် သူကို ကျန့်ကျန့် မျက်လုံးလေးများပွတ်သပ်ပြီးကြည့်လိုက်ကာ...

"ဟင် ပါပါးလား..."

"အင်းဟုတ်တယ်...ကျန့်ကျန့်လေး လာ အိမ်ပြန်ရအောင်လေ..."

"ပါပါး ရိပေါ်ရော...ကျန့်ကျန့် ရိပေါ်ကို စောင့်နေတာ..."

ရှောင်းဟန် သူ့သားလေးကို ရင်ခွင်ထဲပွေ့ချီလိုက်ပြီးနောက်...

"ရိပေါ်လေးတို့က ဒီညနေပဲသွားပြီကွဲ့..."

"ဟင်...ရိပေါ်က ကျန့်ကျန့်ကိုရော မခေါ်သွားဘူးလား..."

ရှောင်းဟန်မှာ ဖြေစရာစကားမရှိ။

"လာ...ပါပါးတို့ အိမ်ပြန်ကြရအောင်နော် ဒီမှာအရမ်းအေးတယ်..."

"ဟင့်အင်း သွားဘူး ကျန့်ကျန့် ရိပေါ်ကို စောင့်မှာ..."

"ရိပေါ်တို့က သွားပြီလေ အခုလောက်ဆို ဟိုး လေယာဉ်ပျံကြီးပေါ်မှာတောင် ရောက်နေလောက်ပြီ..."

"ဘာလို့လဲ...ကျန့်ကျန့်ကို ခေါ်မယ်ဆိုပြီး..."

"မငိုပါနဲ့ ကျန့်ကျန့်လေး...ပါပါးတို့ နောက်မှ ရိပေါ်တို့ဆီလိုက်သွားကြမယ်လေ ဟုတ်ပြီလား...ပါပါးပိုကြိုးစားပြီးရင် ပါပါးတို့ ရိပေါ်နောက်လိုက်သွားမယ်..."

"အင်းအင်း..."

ကျန့်ကျန့် ခေါင်းလေးညိတ်ပြရင်း...

"ကျန့်ကျန့် ငိုတော့ဘူး ရိပေါ်ဆီမနက်ဖြန် တကယ်လိုက်သွားကြမယ်နော် ပါပါးကတိပေး..."

ရှောင်းဟန် ခေါင်းသာညိတ်ပြလိုက်သည်။ တော်သေး၍ ကျန့်ကျန့်လေးက အမှတ်အတေးမရှိ မေ့မေ့ပျောက်ပျောက်ရှိတတ်တဲ့ကလေးလေးမလို့သာ။ မဟုတ်ရင် သူနှစ်သိမ့်ပေးနိုင်မှာမဟုတ်။မနက်ဖြန်ဆို ရိပေါ်လေး ထွက်သွားသည့် ကိစ္စကို မေ့မေ့ပျောက်ပျောက်လေးဖြစ်သွားလိမ့်မည်သာ။

"ကျန့်ကျန့်လေး စုဘူးလေးပြန်ကောက်လာခဲ့လေ..."

ကျန့်ကျန့် စုဘူးလေး ပြန်ကောက်လိုက်ပြီးသည့်အခါ ရှောင်းဟန် ကျန့်ကျန့်လေးကို ရင်ထဲပွေ့ပြီး ချီသွားလိုက်​၏။ ရွှေထုပ်လေးကတော့ ထုံးစံအတိုင်းအနောက်ကနေ တကောက်ကောက်။

သူ့အဖေရင်ခွင်ထဲမှာ စုဘူးလေးပိုက်ကာတောက်တဲ့လေးလို ကပ်တွယ်ပြီး လိုက်သွားတဲ့ ကျန့်ကျန့်က သူ့အဖေကို မော့ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။

"ကျန့်ကျန့်ဆိုးလို့မဟုတ်ဘူး...ကျန့်ကျန့်ရဲ့ စုဘူးလေး မပြည့်သေးလို့ ရိပေါ်က မခေါ်သွားတာနော် ပါပါး..."


You are reading the story above: TeenFic.Net

#random