အပိုင်း(၄) Unicode

Background color
Font
Font size
Line height

ရှောင်းဟန် အိမ်ရှေ့ခုံလေးမှာ ခြေလေးချိတ်ထိုင်နေတဲ့ သူ့သားလေး ကျန့်ကျန့်​၏ အရှေ့ကြမ်းပြင်ရှေ့တွင်ထိုင်ချလိုက်သည်။ ထို့နောက် ကျန့်ကျန့်​၏ ခြေသလုံးလေးတွေကို လက်နဲ့ဆုပ်နယ်ရင်း မျက်နှာလေးကိုမော့ကြည့်လိုက်​၏။ကျန့်ကျန့်ရဲ့ခြေဆံလက်ဆံလေးတွေက သေးသေးလေးရယ်သာ။

အသက်က ကိုးနှစ်အရွယ်လေးပဲရှိသေးတဲ့ သူ့သားလေးက မျက်နှာသွယ်သွယ်လေးနဲ့ မျက်ဝန်းတောက်တောက်လေးတွေပိုင်ဆိုင်ထားတဲ့သူလေး။ မျက်ဝန်းအိမ်လေးကမကြီးမသေးလေးဖြစ်နေပြီးအရည်လေးတွေလဲ့နေတာဖြစ်သည်။

မျက်ဝန်းလေးကအရည်လေးတွေမည်မျှရွှမ်းလဲ့နေလဲဆိုတော့ လက်လေးနဲ့ သွားတို့ရင်တောင် မျက်ရည်ပုံစံမျိုးလေးထွက်ကျလာနိုင်တာဖြစ်​၏။ နှာခေါင်းလေးလည်း ကြည့်ဦးမလား သေးသေးချွန်ချွန်လေး။နှုတ်ခမ်းလေးလည်း ထိုနည်းလည်းကောင်း။ဖြူစင်ပုံလေးက ဘယ်သူလုပ်လုပ်ခံရမည့်ပုံမျိုးလေးသာ။

ရှောင်းဟန်က သူ့သား​၏ ပါးလေးကို မနာအောင်လိမ်ဆွဲလိုက်ပြီး...

"ကျန့်ကျန့်လေး..."

"ဟင် ပါပါး..."

"ပါပါးကို ချစ်လား..."

"အင်း ကျန့်ကျန့် ပါပါးကို ချစ်တယ်..."

"ဘယ်လောက်ထိချစ်လဲ..."

ကျန့်ကျန့်က လက်နှစ်ဖက်ကို ဆန့်တန်းပြီး...

"အဲ့လောက်ကြီးထိ ချစ်တယ်..."

"ဟားဟား ဟုတ်ပါပြီ...ပြောပါဦး ပါပါးနဲ့ရိပေါ် ဘယ်သူ့ကိုပိုချစ်လဲ..."

"ရိပေါ်ကို ပိုချစ်တယ်..."

"အမလေးကွယ် နည်းနည်းလေးတောင် မတွေဝေဘူးလား ကျန့်ကျန့်လေးရဲ့...ဟားဟား..."

ရှောင်းဟန် ရယ်မောနေပြီးမှ သက်ပြင်းညင်းညင်းချလိုက်ကာ သူတကယ်ပြောချင်သည့် စကားကို စလိုက်သည်။

"ကျန့်ကျန့်လေး...သားကို ပါပါးပြောစရာရှိတယ်..."

"အင်း..."

ကျန့်ကျန့်က မျက်လုံးအဝိုင်းသားဖြင့် ရှောင်းဟန်​၏စကားကို နားစွင့်နေသည်။

"ရိပေါ်တို့ သားမမချင်လိတို့ ဦးဦး ဝမ်ဖေးရန်နဲ့ တီတီဟုန်လိတို့က နောက်နှစ်ဆိုရင် ဟိုး နိုင်ငံခြားကို ပြောင်းကြတော့မှာ..."

ရှောင်းဟန်​၏ စကားကို ကျန့်ကျန့်က နားမလည်ဘဲ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍...

"နိုင်ငံခြားက ဘာကြီးလဲ..."

"အင်း ဘယ်လိုပြောရမလဲ...ကျန့်ကျန့်လေး ရုပ်ရှင်တွေကြည့်ဖူးလား အဲ့ဒိအထဲမှာ လေယာဉ်ပျံကြီးတွေပျံသွားတာလေ အဲ့ဒါကြီးတွေစီးပြီး အဝေးကြီးကို သွားတာကိုပြောတာ..."

ထိုအခါမှ ကျန့်ကျန့် နည်းနည်းသဘောပေါက်လာရပြီး...

"အဲ့တာဆို ရိပေါ်က ကျန့်ကျန့်နဲ့ အဝေးကြီးကိုသွားမှာလား..."

"အင်း အဲ့လိုမျိုးပဲပေါ့..."

"ဟင် အဲ့တာဆို ကျန့်ကျန့်နဲ့ ဘယ်သူဆော့မှာလဲ..."

"ပါပါးတို့ ရှိတယ်လေ ခွေးလေး ရွှေထုပ်ရော ဒေါ်လေးရင်တို့ရော...အများကြီးပဲလေ..."

ကျန့်ကျန့်က ခေါင်းကိုတွင်တွင်ခါ​၏။ နဂိုရွှမ်းလဲ့မျက်လုံးတွေမှ မျက်ရည်လုံးတွေကဖန်ဂေါ်လီလိုလှိမ့်ကျလာသည်။

"ဟင့်အင်း...ကျန့်ကျန့် ရိပေါ်နဲ့ပဲဆော့ချင်တာ...ရိပေါ်ကို ကျန့်ကျန့်ချစ်တယ် ရိပေါ်နောက်ကျန့်ကျန့်လိုက်သွားမှာ...အီး...ဟီး..."

ငိုယိုပြီးပြေးထွက်သွားတဲ့ ကျန့်ကျန့်လေးနောက်သို့ရှောင်းဟန်လိုက်မတားတော့​။ ကျန့်ကျန့်လေးဘယ်ပြေးသွားနိုင်မှာမလို့လဲ။ တစ်ဖက်အိမ်က ရိပေါ်ဆီကိုပဲပေါ့။

"ရိပေါ်...ရိပေါ်..."

ဘေးအိမ်ကို ရောက်လာသည့်အခါ ကျန့်ကျန့် ရိပေါ်​၏ နာမည်ကို တကြော်ကြော်အော်ရင်း အိမ်ထဲသို့ပြေးဝင်လာသည်။ အိမ်ရှေ့မျက်နှာစာတွင် ၁၉ နှစ်အရွယ် အပျိုပေါက်လေး ချင်လိက လက်သည်းနီဆိုးနေတာဖြစ်ပြီး...

"ကျန့်ကျန့်လေး ဘာဖြစ်လို့လဲ မျက်ရည်တွေလည်း ရွှဲလို့ပါလား..."

"မမချင်လိ ရိပေါ်ဘယ်မှာလဲ..."

"ရိပေါ် အပေါ်ထပ်က သူ့အခန်းထဲမှာ ကျန့်ကျန့်လေး...ဘာဖြစ်လို့..."

သူ့စကားပင်မဆုံးသေး သူဆိုးနေတဲ့ လက်သည်းနီပုလင်းလေးတွေကို တွန်းတိုက်သွားတဲ့ ကျန့်ကျန့်လေးကို ချင်လိ ဒေါသမထွက်မိ။ ဒီကလေးလေး ဘာလို့ အလျင်လိုနေလည်းသူလည်းမသိ။

တကယ်လို့ သူ့လက်သည်းနီပုလင်းလေးတွေမှောက်သွားအောင်တိုက်သွားတဲ့ သူက ရိပေါ်ဆိုရင်တော့ နားထင်မွှေးတွေကျွတ်အောင်ဆွဲနှုတ်လိုက်မှာဖြစ်ပေမယ့် ကျန့်ကျန့်လေးဆိုတော့ သူဘာမှမလုပ်ရက်။ ထိုသို့ပင် ချင်လိသည့် သူ့မောင်ကိုကြည့်မရ၍ကျန့်ကျန့်ကိုချစ်လှပါသည်။

"ရိပေါ် ကျန့်ကျန့် ဝင်လာမယ်နော် ရိပေါ်...ဒေါက်ဒေါက်ဒေါက်...! "

အပြင်ကနေ လက်ဆစ်လေးတွေနီရဲတွတ်နေအောင် ကျန့်ကျန့် တံခါးခေါက်နေစဉ် အထဲကနေ အရှိန်နဲ့ဖွင့်လိုက်တာကြောင့် တံခါးလေးကိုခေါက်နေသည့် ကျန့်ကျန့် အရှေ့သို့ဟပ်ထိုးလဲ​၏။ သို့သော် ကျန့်ကျန့်ချက်ချင်းထလိုက်ပြီး ရိပေါ်ကို ကြည့်လိုက်ကာ...

"ရိပေါ်...ရိပေါ် လိမ်ပျံကြီးစီးပြီးကျန့်ကျန့်နဲ့ အဝေးကြီးကို သွားမလို့ဆို..."

မျက်ရည်တွေဝဲနေသည့် ကျန့်ကျန့်ကို ရိပေါ် မျက်မှောင်ကျုံ့လက်ပိုက်ကြည့်လိုက်ပြီး...

"ဘာလဲ လိမ်ပျံ..."

"မိုးပေါ်မှာ ပျံတဲ့ဟာကြီးနဲ့လေ..."

"လေယာဉ်ပျံလား အသက်ဘယ်နှနှစ်ရောက်ပြီလဲ ဒါတောင်မပြောတတ်သေးဘူးလား..."

"အင်း ကျန့်ကျန့်ရိပေါ်ပြောတဲ့ လေယာဉ်ပျံကြီးကိုပြောတာ...အဲ့တာဆို ရိပေါ်တကယ် အဝေးကြီးသွားမှာလား..."

"အင်း..."

"ရိပေါ်နောက်ကို ကျန့်ကျန့်လည်း လိုက်မယ်...ကျန့်ကျန့်လည်း လိုက်ချင်တယ်လို့..."

အာသီးလေးတောင်မြင်ရတဲ့အထိ အော်ငိုနေတဲ့ ကျန့်ကျန့်​၏ ပါးစပ်လေးကို ရိပေါ် အတင်းပိတ်လိုက်ရင်း...

"ဘာလို့ငိုနေတာလဲ ကျန့်ကျန့်...တော်ကြာငါ အနိုင်ကျင့်နေတယ်လို့ လူတွေထင်ကြဦးမယ်..."

"ဟုတ်ဘူး ကျန့်ကျန့်ကို ရိပေါ် နိုင်ကျင့်ဘူး...ကျန့်ကျန့်ဘာသာ ငိုတာ..."

"တိုးတိုးနေစမ်း...တိုးတိုးနေစမ်းလို့ပြောနေတယ်လေ..."

"ကျန့်ကျန့် ရိပေါ်နောက်ကို လိုက်ချင်တယ်..."

"အင်း လိုက်ခိုင်းမယ်..."

ရိပေါ် ပြောလိုက်မှ ကျန့်ကျန့် အငိုချက်ချင်းတိတ်သွားပြီး...

"တကယ်ပြောတာလား ရိပေါ်..."

"ဟုတ်တယ် ဒါပေမယ့် အလကားတော့ဟုတ်ဘူး...လေယာဉ်ပျံလက်မှတ်ကဈေးကြီးတယ်..."

"....."

"အဲ့တော့ ပိုက်ဆံအများကြီးစုထား..."

"ဘယ်လောက်စုရမှာလဲ..."

"စုဘူးအပြည့်..."

"ဟင် စုဘူးအပြည့်က အများကြီးလေ ကျန့်ကျန့်က မု့်ဖိုးနည်းနည်းပဲရတာ..."

"ဘာဖြစ်လဲ တစ်နှစ်တောင် အချိန်ရသေးတာ ကြားထဲမှာစုထားပေါ့ ငါကစုဘူးမပြည့်ရင်မခေါ်ဘူးနော်..."

ကျန့်ကျန့်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း...

"အင်းအင်း ကျန့်ကျန့်စုထားမယ် ကျန့်ကျန့်ကို တကယ်ခေါ်နော်...ကျန့်ကျန့် ရေခဲမုန့်လေးတွေမစားတော့ဘဲ စုထားမယ်..."

"ကောင်းတယ်...လာငါနဲ့ဆော့ ခေါင်းအုံးနဲ့ရိုက်တမ်း..."

"ဟင့်အင်း ဆော့ချင်ဘူး အဲ့တာဆော့ရင် ကျန့်ကျန့်ခေါင်းနာတယ်..."

ကျန့်ကျန့်ပြောတာမလွန်။ ခေါင်းအုံးရိုက်တမ်းကစားတိုင်း ကျန့်ကျန့်ရိုက်ရသည့်အလှည့်ဆိုတာမရှိ။ ရိပေါ်ကချည်း ဖိရိုက်တာဖြစ်သည်။

"မကစားရင် ငါမခေါ်ဘူးနော်..."

"အင်း ကျန့်ကျန့်ကစားမယ်..."

​တစ်ဖက်သတ်ဆန်တဲ့ ခေါင်းအုံးရိုက်တမ်းကစားနေရင်းမှ ကျန့်ကျန့်က မျက်လုံးလေးတွေဝိုင်းစက်ကာ...

"ရိပေါ်...ကျန့်ကျန့်တို့ နိုင်ငံခြားသွားရင် ရွှေထုပ်ကိုရော ခေါ်သွားလို့ရလား..."

"မရဘူး အဲ့ခွေးကိုငါမကြိုက်ဘူး...ခေါ်လာရင် မလိုက်ခိုင်းဘူးနော် ကျန့်ကျန့်..."

"အင်းအင်း ကျန့်ကျန့် ရွှေထုပ်ကိုမခေါ်တော့ဘူး အဲ့တာကြောင့် ကျန့်ကျန့်ကို မချန်ထားခဲ့နဲ့နော်..."

__________ ___________

ကျောင်းပိတ်ရက်တစ်ရက်မှာ ကျန့်ကျန့် တီဗီထိုင်ကြည့်နေ​၏။ သူကြည့်တဲ့ အစီအစဉ်မှာ ခွေးလေးတွေအကြောင်းတင်ဆက်နေခြင်းဖြစ်သည်။

တိတိကျကျပြောရရင်တော့ ခွေးအမျိုးအစား အမျိုးမျိုးကို ဈေးနှုန်းတွေတွဲချိတ်ပြီး ဖော်ပြတဲ့အစီအစဉ်ပေါ့။ ခွေးတွေရဲ့တန်ဖိုးတွေက ခေါင်ခိုက်နေတာကြောင့် ကျန့်ကျန့်ကြည့်နေရင်း ပါးစပ်အဟောင်းသား။ ကြည့်နေရင်းမှ သူရုတ်တရက်တွေ့လိုက်ရတာ ရွှေထုပ်နဲ့ ချွတ်စွပ်တူသည့် ခွေးလေးတစ်ကောင်။ ဈေးနှုန်းကတော့...။

ကျန့်ကျန့် တီဗီကြည့်နေရင်းမှ သူ့စုဘူးလေးကို သွားကြည့်ရင်း တကလောက်ကလောက်သွားခေါက်သည်။အကြွေစေ့လေးတွေက စုဘူးဖင်ကပ်လောက်ပဲရှိသေးတာကြောင့် ခြေသုတ်ခုံဘေးမှာ အိပ်ပျော်နေတဲ့ ရွှေထုပ်ဆီသို့ သူ့အကြည့်တွေပို့လွှတ်လိုက်သည်​။သူ့အတွေးထဲမှာတော့ ခုနက တီဗီထဲမှာ ကြည့်လိုက်ရတဲ့ရွှေထုပ်နဲ့ပုံစံတူခွေးကလေး​၏တန်ဖိုးရယ် ပြည့်သွားတဲ့သူ့စုဘူးလေးရယ်။

ကျန့်ကျန့် အိပ်ပျော်နေတဲ့ ရွှေထုပ်အနားသို့သွား၍ ချည်ထားတဲ့ ကြိုးလေးကို အသာလေးဖြည်သည်။ ထို့နောက် ခြံအဝအထိ အသာလေး တရွတ်တိုက်ဆွဲလာသည်။ ရွှေထုပ်က အအိပ်ကြီးတဲ့ ခွေးကလေးမလို့ သူ့ကို ဆွဲသွားတာတောင်မသိ။

ကျန့်ကျန့် တစ်ယောက် ခြံပြင်သို့ထွက်လိုက် ပြန်ဝင်လိုက်နဲ့ တစ်စုံတစ်ယောက်ကို စောင့်နေသည့်ပုံ။ ထိုင်လိုက်ထလိုက်နဲ့ တစ်ယောက်တည်းရှုပ်ယှက်ခတ်နေပြီး ရွှေထုပ်နိုးသွားမှာလည်း စိုးရသေး။ တစ်နာရီလောက်ကြာတော့ ကျန့်ကျန့်စောင့်နေတဲ့ အသံကြီးထွက်လာ​၏။

"ဒန်တွေဝယ်တယ်...ကြေးတွေဝယ်တယ်..."

သူ့အိမ်ရှေ့ရောက်လာတဲ့ အဟောင်းဝယ်သည်ကြီးကို ကျန့်ကျန့်က နှုတ်ခမ်းပေါ်လက်ညိုးလေးတင်ပြီး တိုးတိုးဟုပြလိုက်သည်။ထို့နောက် သူ့အနားသို့လက်ယက်ခေါ်လိုက်ကာ...

"ဦးဦး...ကျန့်ကျန့် ရောင်းစရာရှိလို့..."

လေသံလေးနဲ့ တိုးတိုးလေးပြောနေသည့် ကလေးအနားသို့ အဟောင်းဝယ်သည်ကြီး တိုးကပ်သွားကာ...

"ဘာရောင်းမလို့လဲ ကလေး..."

"ရွှေထုပ်ရောင်းမလို့..."

ရွှေထုပ်ဆိုပြီး အဟောင်းဝယ်သည်ကြီးကြားလိုက်တဲ့အခါ မျက်လုံးတွေ အရောင်လဲ့သွားပြီး...

"ဘယ်မှာလဲ ပြပြ ကလေး...ဦးကြီး ကိုပြ..."

"အင်းအင်း ရွှေထုပ်က လေးတယ် ကျန့်ကျန့်မနိုင်ဘူး ဦးဦး ကိုယ်တိုင်လာချီ..."

တော်တော်လေးတဲ့ ရွှေထုပ်ဆိုတော့ သူတော်တော်ပွတာပဲ။

"ဘယ်လောက်ပေးမှာလဲ ဦးဦး ရွှေထုပ်ကို..."

"ကလေး ဘယ်လောက်လိုချင်လဲ..."

ကျန့်ကျန့်က ဝက်စုဘူးလေး အရှေ့ကို ထိုးပေးလိုက်ပြီး...

"စုဘူးလေး ပြည့်အောင် ထည့်ပေးပါ..."

"အင်းပါ ဘယ်မှာလဲ ကလေးပြောတဲ့ရွှေထုပ်..."

"ဟိုမှာ..."

ကျန့်ကျန့် လက်ညိုးညွှန်ရာကို အဟောင်းဝယ်သည်ကြီး ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ ခွေးတစ်ကောင်။ ရွှေနဲ့တူတဲ့ဟာဆိုလို့ အမွှေးအမျှင်တွေရဲ့အရောင်ပဲရှိတာ။

"ဒါလား ကလေးပြောတဲ့ ရွှေထုပ်..."

"အင်းအင်း ဟုတ်တယ်...မနိုးလာခင် မြန်မြန်ခေါ်သွားပြီး ကျန့်ကျန့်ကို ပိုက်ဆံပေးခဲ့..."

"ဦးကြီးတို့က ပစ္စည်းအဟောင်းတွေပဲဝယ်တာ...ခွေးတွေမဝယ်ဘူးကွဲ့..."

"ခုနက ဦးဦးပြောတော့ ဝယ်တယ်ဆို..."

"အဲ့တာက..."

"ရဘူး ရွှေထုပ်ကို ဝယ်...ဝယ်ပြီး ကျန့်ကျန့်ရဲ့ စုဘူးလေးကို ဖြည့်ပေးခဲ့..."

ဒီကလေးနဲ့တော့ ခက်ပြီ ကွယ်။အိပ်နေတဲ့ခွေးကို အတင်းသွားလှုပ်နှိုးပြီး သူ့နောက်ကို ထည့်ပေးဖို့ပြင်နေတဲ့ကလေးကြောင့် သူဒီနေရာမှ အမြန်လစ်ထွက် ဖို့အချိန်တန်ပြီဆိုတာ သိလိုက်ရပြီ။

ကလေးကလည်း အတင်းတွန်း။ ခွေးကလည်း မလိုက်ချင်။ သူကလည်း မလိုချင်။ မှတ်သွားပြီ သူဒီလမ်းထဲကို ဘယ်တော့မှမလာတော့ဖို့ ဆုံးဖြတ်လိုက်သည်။

ရွှေထုပ်ကတော့ သူ့ကို သူစိမ်းလက်ထဲ ထိုးထည့်နေတဲ့ သူ့သခင်ကျန့်ကျန့်ကိုပေစောင်းစောင်းကြည့်လိုက်ပြီး စိတ်ထဲကပြောလိုက်သည်။သခင်သိပ်ရက်စက်တယ်။ရိပေါ်နောက်လိုက်သွားဖို့ သူအိပ်နေတုန်းနောက်ကျောကိုဓားနဲ့ထိုးတယ်တဲ့။

ကျန့်ကျန့်ရဲ့ရွှေထုပ်


You are reading the story above: TeenFic.Net

#random