"ကျန့်ကျန့်...ကျန့်ကျန့်...!! "
"ရိပေါ် ဘာဖြစ်နေတာလဲ အချိန်တန်ရင်တံခါးလာဖွင့်မှာပေါ့ နင့်အသံကြီးပဲ..."
ကျန့်ကျန့်လေးအိမ်ရှေ့မှာ အာပြဲကြီးနဲ့အော်နေသည့် သူ့မောင် ရိပေါ်ကို ချင်လိ ခေါင်းတစ်ချက်ခေါက်လိုက်ကာ တဗျစ်တောက်တောက်ပြောလိုက်သည်။ချင်လိလေးမှာ ၁၇ နှစ်အရွယ် အပျိုဖော်ဝင်ကာစဆိုတော့ သူ့မောင်၏ အာပြဲသံကို ရှက်မိနေတာဖြစ်သည်။
ရိပေါ်က ကျန့်ကျန့်နာမည်ကို အော်ခေါ်နေတာ တစ်ရပ်ကွက်လုံးကြားနေပြီဖြစ်သည်။ ပြီးတော့ ရိပေါ်က အရှေ့ဆုံးကနေပြီးအော်နေတာလည်းမဟုတ်။ သူ့အဖေရယ် သူ့အမေရယ် သူ့အမရယ်ကို ကွယ်ပြီးအော်နေတာဖြစ်၏။ အကြောင်းကတော့...
"ဂီး...ဂရား..."
ကျန့်ကျန့်တို့အိမ်တွင် "ရွှေထုပ်" ဆိုသည့် ခွေးလေးတစ်ကောင်ရှိသည်။ ကျန့်ကျန့်က တစ်ဦးတည်းသော သားဖြစ်တာကြောင့် အဖော်ရအောင် သူအဖေနဲ့အမေက ကျန့်ကျန့်အသက်တစ်နှစ်ပြည့်တုန်းက ခွေးလေးတစ်ကောင်ဝယ်ပေးထားတာဖြစ်သည်။ အခုကျန့်ကျန့် ခုနစ် နှစ်ရောက်ပြီဆိုတော့ ရွှေထုပ်ဆို တဲ့ခွေးလေးကလည်း ခြောက်နှစ်တော့ကျော်လာပြီ။
ကျန့်ကျန့်အိမ်ထဲကို ရိပေါ် ဇိုးကနဲ ဇတ်ကနဲ မဝင်ထွက်ခြင်းအကြောင်းကတော့ အဲ့ဒိရွှေထုပ်ကြောင့်။ ပြီးခဲ့တဲ့နှစ်တုန်းက ရွှေထုပ်က ရိပေါ်ကို အမြင်ကတ်လို့ လှမ်းဟပ်ထားဖူးတာဖြစ်သည်။
အဲ့နေ့က ရိပေါ် ကျန့်ကျန့်လေးနဲ့ဆော့နေရင်း ဗိုလ်ကျ နေလွန်းလို့ ရွှေထုပ်က သူ့သခင်ခံနေရတာ မကြည့်နိုင်တော့ဘဲ မာန်ဖီတော့တာဖြစ်သည်။ ဒါကို ရိပေါ်က အကြောမာသည်။ သူ့ကို မာန်ဖီနေတဲ့ ရွှေထုပ်ကို ဖြတ်ကန်ရင်း ဟိုက ခြေသလုံးကို လှမ်းဟပ်လိုက်တာဖြစ်၏။ အဲ့ကတည်းက ရိပေါ်နဲ့ ရွှေထုပ်က တစောင်းစေးနဲ့ မျက်ချေး။
"ရိပေါ် ကျန့်ကျန့်တို့ မုန့်စားဖို့စောင့်နေတာ..."
ကျန့်ကျန့် ၏ နောက်တွင် သူ့အဖေဖြစ်သူ ရှောင်းဟန် က ကပ်ပါလာပြီး ဝမ်မိသားစုကို တံခါးဖွင့်ကြိုဆို၏။
"လာကြပါခင်ဗျာ...ကျန့်ကျန့် မာမားကတော့ ဒေါ်လေးရင်နဲ့ အထဲမှာ ပြင်ဆင်ပြီးစောင့်နေတယ်..."
ရှောင်းဟန် ၏ ကြိုဆိုမှုကြောင့် ရိပေါ်၏ အဖေဖြစ်သူ ဝမ်ဖေးရန်၊ အမေဖြစ်သူ ဟုန်လိ နှင့် အမဖြစ်သူ ချင်လိတို့နှင့်အတူ ရိပေါ်ကလည်း ကော့တော့ကော့တော့နဲ့ လိုက်ဝင်လာသည်။ သူ့ကို ကြည့်ပြီး သွားတွေ ဖြဲပြနေသည့် ရွှေထုပ်ကိုလည်း လျှာထုပ်ပြသွားသေး၏။ ဘာလို့ဆို သူက ရွှေထုပ်ရဲ့သခင် ကျန့်ကျန့်၏ လက်ကို ကိုင်ဆွဲထားသည်ကိုး။
ဝမ်မိသားစုတို့ အိမ်ထဲရောက်လာတော့ ထမင်းစားခန်းထဲက ထွက်လာတဲ့ ကျန့်ကျန့်၏ အမေဖြစ်သူ မေရီက ထွက်လာကာ...
"ကဲကဲ အကို ဝမ်ဖေးရန် နဲ့ အမ ဟုန်လိ တို့လာကြတော့ သမီးလေး ချင်လိရော သားသား ရိပေါ်လေးရော လာခဲ့တော့...အစားအသောက်တွေ အဆင်သင့်ဖြစ်နေပြီ..."
သူ့အမေလည်းလာခေါ်ပြီးရော ကျန့်ကျန့်က ရိပေါ်ကို အတင်းဆွဲလာကာ...
"မြန်မြန်သွားရအောင် ရိပေါ်...ကျန့်ကျန့် ဗိုက်ဆာတယ်..."
ထမင်းစားခန်းထဲ ဝမ်မိသားစုရောက်လာကြသည်။
ဒေါ်လေးရင်က ခူးခပ်နေရင်း တစ်မိသားစုလုံးကို စိတ်ရင်းဖြင့် ပျူငှာစွာ နှုတ်ဆက်လိုက်ပေမယ့် ရိပေါ်ကို လူကြီးတန်မဲ့ မျက်စောင်းထိုးမိသည်။ ရိပေါ်ကို အမြင်ကတ်တဲ့ အထဲမှာ ဒေါ်လေးရင်က ထိပ်ဆုံးက ဖြစ်မည်သာ။ သူ့ကျန့်ကျန့်လေးကို အမြဲတမ်းနိုင်စားနေ၍မဟုတ်လား။ အခုလည်းကြည့်...
လူကြီးတွေ အားလုံး စားပွဲခုံတွင်နေရာယူသွားပြီးသည့်အခါ ရိပေါ်က ထဖောက်၏။
"ကျန့်ကျန့်..."
"ဟင်..."
ပါးစပ်ထဲကို ဖက်ထုပ်ကြီးတစ်လုံးရောက်နေသည့် ကျန့်ကျန့်ကပါးဖောင်းဖောင်းဖြစ်နေပြီး မျက်လုံးဝိုင်းဝိုင်းတွေဖြင့် ရိပေါ်ကို ကြည့်ပြီး ပြန်ထူးလိုက်သည်။
"ငါတို့ အိမ်ရှေ့စားပွဲမှာ သွားစားကြမယ်..."
"ဟဲ့သား ဘာဖြစ်နေတာလဲ သူများအိမ်မှာ..."
သူ့သားကို ဟုန်လိက လှမ်းတားလိုက်သည်။ရိပေါ်က...
"ဒီမှာ လူတွေအများကြီး မစားချင်ပါဘူး..."
အမေက ပြူးပြလဲမရ ဖြဲပြလည်းမရတော့သည့်အခါ အဖေဖြစ်သူ ဝမ်ဖေးရန်ကပါလာရသည်။
"ဒီမှာ မစားချင်ရင် တစ်ယောက်တည်း သွားစား...ရော့..."
ဝမ်ဖေးရန်က ရွဲ့ပြီးရိပေါ်၏ ပန်းကန်လေးထဲ အသားပေါင်းလေးနှစ်ခုနဲ့ နံနံပင်လေးတစ်မျှင်ထည့်ပေးလိုက်ကာ ထမင်းစားပွဲကနေမောင်းထုတ်လိုက်သည်။ ဒါကို အိမ်ရှင်ဖြစ်သူ ရှောင်းလူကြီးတွေက ရယ်မောနေပြီး...
"ကဲပါ အစ်ကို ဖေးရန်ရယ် ရိပေါ်လေးတို့ အပြင်မှာစားချင်ရင်လည်း ကျွန်တော်တို့ပြင်ပေးပါ့မယ်...ဒေါ်လေးရင်ရေ အပြင်မှာ ရိပေါ်လေးနဲ့ ကျန့်ကျန့်လေးအတွက် သွားပြင်ပေးလိုက်ပါဦး..."
"လာ သွားမယ် ကျန့်ကျန့်..."
သူ့စိတ်တိုင်းကျသွားသည့်အခါရိပေါ်က ကျန့်ကျန့်၏ လက်ကိုဆွဲလိုက်ပြီးစားပွဲခုံမှ ထွက်မည်အလုပ် ဝမ်ဖေးရန်က တားလိုက်သည်။
"မင်းသွားချင်ရင် တစ်ယောက်တည်းသွား ကျန့်ကျန့်လေးကို မခေါ်သွားနဲ့..."
ဒီကလေးနှယ် အဖေဖြစ်တဲ့သူ့စကားကို အလေးထားပုံတောင်မရ။
"ကျန့်ကျန့် ဒီမှာစားမှာလား ငါနဲ့ အရှေ့မှာလိုက်စားမှာလား..."
"ကျန့်ကျန့် ရိပေါ်နောက်လိုက်မယ်...ကျန့်ကျန့်ရိပေါ်နဲ့ အတူတူစားမှာ..."
ကျန့်ကျန့်၏ အဖြေကြောင့် ရိပေါ် လက်ကိုပိုက်လိုက်ကာ ဆရာကြီးအထာဖြင့်...
"ဘာဖြစ်လို့ ငါ့နောက်လိုက်မှာလဲ..."
"ကျန့်ကျန့် ရိပေါ်ကို ချစ်လို့..."
"အင်း...အဲ့တာဆို လာသွားမယ်...ငါ့လက်ကိုကိုင်..."
လက်တွဲပြီးထွက်သွားတဲ့ကလေးတွေကို ကြည့်ရင်းဝမ်ဖေးရန် သူ့နဖူးကို လက်နဲ့သာပိတ်ရိုက်လိုက်ချင်သည်။ သူ့သား မာန်တက်နေတာလည်းမပြောနဲ့။ ကျန့်ကျန့်လေးကလည်း ရိပေါ်တစ်ခွန်းဆိုတစ်ခွန်းပဲ။ ဒီကလေးတွေနဲ့တော့။
ရှောင်းလင်မယားကတော့ တပြုံးပြုံးနဲ့။ ဒီရှောင်းမိသားစုက လူတွေလည်းတော်တော်ပြည့်ဝကြတာ။ သူတို့ကလေး ဟိုကောင်ရိပေါ်ရဲ့ နိုင်စားတာကို ခံနေရတာတောင် မျက်နှာတစ်ချက်တောင်မပျက်။သူတို့တကယ့် အိမ်နီးချင်းကောင်းတွေ ရထားတာပင်။ဒေါ်လေးရင်ကတော့ မျက်စောင်းတွေထိုးနေတာပေါ့။ နားလည်ပါတယ် ကိုယ့်သားကလည်း ဟုတ်မှမဟုတ်တာ။
"ဟင့်အင်း ကျန့်ကျန့် ဂိုးမစောင့်ချင်ဘူး...ကျန့်ကျန့်လည်း ကန်ချင်တာ..."
"မရဘူး ငါက ကန်မှာ..."
"ကျန့်ကျန့်လည်း ကန်ချင်တယ်..."
"အင်း ငါကန်ပြီးရင် ကန်ခိုင်းမယ်...အခုတော့ ဂိုးစောင့်..."
"အင်းအင်း...ကျန့်ကျန့်ကို တကယ်ကန်ခိုင်းနော်..."
စားပြီးသောက်ပြီးတအောင့်ကြာတော့ လူကြီးတွေက စကားဝိုင်းဖွဲ့ပြောနေကြပေမယ့် ကလေးနှစ်ယောက်ကတော့ ခြံထဲမှာ ဘောလုံးကစားနေကြသည်။ ခွေးလေးရွှေထုပ်ကိုတော့ ကြိုးနဲ့ချည်ထားသည်ပေါ့။
"ရိပေါ် ကျန့်ကျန့် အလှည့်ဘယ်တော့လဲ..."
"ငါပြီးရင်ပေါ့..."
"ရိပေါ်က ဘယ်တော့ ကန်ပြီးမှာလဲ ကျန့်ကျန့် ခြေထောက်ညောင်းတယ်..."
"ငါပြီးရင် ပြောမယ် တိတ်တိတ်နေ...မလှုပ်နဲ့..."
ဘောလုံးကန်တမ်းကစားတာကလည်း တစ်ဖက်သတ်ချည်းသာဖြစ်သည်။ ရိပေါ်က ကျန့်ကျန့်ကို ဂိုးစောင့်ခိုင်းထားတာဖြစ်ပြီး သူကချည်း လှိမ့်ကန်သည်။
ဂိုးစောင့်ရတဲ့ ကျန့်ကျန့်ကို လှုပ်လည်း မလှုပ်ခိုင်းသလို သူကန်လိုက်တဲ့ ဘောလုံးကိုလည်း မဖမ်းခိုင်း။ အတောင့်လိုက်လေးသာ ရပ်ခိုင်းထားပြီး သူကပဲအနိုင်ဂိုးတွေ လှမ်းသွင်းနေတာဖြစ်သည်။ သူဆော့လို့ဝသွားတဲ့အခါ...
"တော်ပြီ ကျန့်ကျန့်...အထဲပြန်ဝင်ပြီးဆော့မယ်..."
"ဟင်...ကျန့်ကျန့်အလှည့်ရော..."
"တော်ပြီ ငါမဆော့ချင်တော့ဘူး...အထဲဝင်ပြီးဆော့မှာလား မဆော့ဘူးလား...မဆော့ရင် တစ်ယောက်တည်းသွားဆော့မှာနော်..."
"အင်း တူတူဆော့မယ်...ကျန့်ကျန့်လာပြီ..."
ကျန့်ကျန့်ရဲ့ အကျင့်လေးက တစ်မျိုးတော့ ကောင်း၏။ မေ့လွယ်ပျောက်လွယ်သည်။ အမှတ်အတေးဆိုတာလည်းမရှိ။ ဘာပဲတွေ့တွေ့ ချစ်တယ်ဆိုတာလည်း ပြောလေ့ရှိပြန်သည်။ အမုန်းတရားတွေဆိုတာ ဝေလာဝေးပေါ့။
"အဲ့တာ ဘာလုပ်နေတာလဲ ကျန့်ကျန့်..."
"ဖြန်း...! "
"အ...ကျန့်ကျန့် နာတယ်..."
"လွှတ်ချလိုက် လွှတ်ချလိုက်စမ်း ကျန့်ကျန့်..."
ခုနစ် နှစ်အရွယ်ရောက်လာတဲ့ ရိပေါ်အဖို့ ငယ်ငယ်လေးတုန်းကလိုတော့ အကြောက်အလန့်မရှိတော့။ ဒါ့ကြောင့် ကျန့်ကျန့် ကောက်ကိုင်နေသည့် သစ်ပင်ပေါ်ကပြုတ်ကျလာသော ဘောက်ဖတ်ကြီးကို ဆတ်ကနဲ ဆွဲလုလိုက်ကာ လွှတ်ပစ်လိုက်သည်။
"ဘာလို့လွှတ်ပစ်လိုက်တာလဲ...ဘောက်ဖတ်ကြီးကို ကျန့်ကျန့် ချစ်တယ်..."
"အမှတ်မရှိဘူးလား ကျန့်ကျန့်...ဟိုတစ်ခါတုန်းက ဘောက်ဖတ်အသေကြီးကို သွားကိုင်တုန်းက ပုရွက်ဆိတ်တွေမမှတ်မိဘူးလား..."
"ပုရွက်ဆိတ်လေးတွေကိုလည်း ကျန့်ကျန့်ချစ်တာ..."
"ပုရွက်ဆိတ်လေးတွေကို ချစ်တယ်ဆိုပြီး လိုက်သွားတော့ ခြေထောက်တစ်ဖက် ပုရွက်အုံထဲကျသွားတာရော မမှတ်မိဘူးလား ကျန့်ကျန့်..."
"ဖြန်း...ဖြန်း...နောက်ဆို အဲ့လက်က လိုက်ပြီးလျှောက်မကိုင်နဲ့..."
ရိပေါ်က ကျန့်ကျန့် လက်လေးကို တဖြန်းဖြန်းနဲ့ရိုက်လိုက်သည့်အခါ ကျန့်ကျန့်လက်ကလေးတွေ ချက်ချင်းရဲတက်လာ၏။ ကျန့်ကျန့်က လက်ကလေးကိုင်ပြီးငိုမဲ့မဲ့။ ရွှေထုပ်ကလည်း သူ့သခင် အနိုင်ကျင့်ခံနေရတော့ ဝဝုတ်ဝုတ်နဲ့ဟောင်။ ခွေးလေး ရွှေထုပ်ကိုကြိုးချည်ထားလို့ မဟုတ်ရင်။ ရိပေါ်တို့ ခြေထောက်တစ်ဖက်စုတ်ပြတ်သပ်နေပြီ။
ခွေးကလည်းဟောင် ကလေးတွေကလည်း ဆူဆူညံညံတွေဖြစ်နေကြတာကြောင့် လူကြီးတွေ ခြံထဲဆင်းလာကြသည်။ ဝမ်မိသားစုသိလိုက်ရပါပြီ ရိပေါ် ကျန့်ကျန့်ကို ထပ်အနိုင်ကျင့်ပြန်ပြီဆိုတာ။ ဒါ့ကြောင့် ဝမ်ဖေးရန် သူ့သားလက်ကို သွားဆွဲပြီး...
"လာပြန်မယ် ရိပေါ် အိမ်ရောက်ရင် ငါမင်းကိုရိုက်မယ်..."
ရှူးရှူးရှားရှားဖြစ်နေသည့် ဝမ်ဖေးရန်ကို ကျန့်ကျန့်မိဘတွေဖြစ်သည့် ရှောင်းဟန်နှင့် မေရီက ကြားထဲကနေ...
"ကလေးအချင်းချင်းလေ ဘာမှမဖြစ်ဘူး...ထားလိုက်ပါ..."
ဝမ်ဖေးရန်အံဩရပြန်ပါသည်။ ဒီရှောင်းလင်မယားတွေက ကိုယ့်ကလေးခံနေရတာတောင် ဘာမှမဖြစ်ကြဘူးလား။ သူတို့က ဘာမှမဖြစ်ပေမယ့် သူကဖြစ်တယ်။ ဒီကောင်ရိပေါ် ကျန့်ကျန့်လေးကို နိုင်စားနေတာသူဒီတိုင်းမကြည့်နိုင်တော့။ဝမ်ဖေးရန်က သူ့လက်ကိုမြှောက်ကာ ရိပေါ်၏ခြေသလုံးလေးကို ရိုက်မည်အလုပ် ကျန့်ကျန့်က ထငိုသည်။
"ရိပေါ်ကို ရိုက်နဲ့...ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်...ရိပေါ်ကို ရိုက်နဲ့...ဗြဲ..."
ခုနက သူ့လက်လေးတွေရိပေါ်ရိုက်တုန်းက ထမငိုတဲ့ကျန့်ကျန့်လေး ရိပေါ်ကို ရိုက်မယ်ဆိုမှပဲ အာခေါင်ခြစ်ကိုအော်နေတော့သည်။ ဝမ်မိသားစု ဘာမှမတတ်နိုင်တော့။
ရိပေါ် ကတော့ တစ်နိုင်ငံလုံးအပိုင်စားရထားသည့်မျက်နှာပေးနဲ့ကော့တော့ကော့တော့လျှောက်သွားပြန်ပါပြီ။
ဒါကို ကြည့်ပြီးရွှေထုပ်ကလည်း ဟောင်။ဒေါ်လေးရင်ကလည်း ကြည့်မရ ။ အဖေဖြစ်သူ ဝမ်ဖေးရန်ကလည်း ရိုက်ပစ်ချင်။ အမဖြစ်သူချင်လိကလည်း အမြင်ကတ်။ အမေဖြစ်သူ ဟုန်လိကလည်း မျက်စောင်းတထိုးထိုး။
အဲ့တာဘာဖြစ်လဲ။ ရိပေါ်နားထဲမှာ တစ်ခွန်းပဲကြားတယ်။
"ရိပေါ်ကို ကျန့်ကျန့်ချစ်တယ်"
You are reading the story above: TeenFic.Net