အပိုင်း (၂၂) Unicode

Background color
Font
Font size
Line height

"ကျန့်ကျန့်လေးရေ အဆင်သင့်ဖြစ်ပြီလား..."

"အင်းအင်း ကျန့်ကျန့် အဆင်သင့်ဖြစ်ပြီ..."

ကျန့်ကျန့်က သူ့ကိုယ်သူ မှန်ထဲမှာကြည့်လိုက်ရင်းပြုံးရွှင်လို့နေသည်။ ထို့နောက်သူ့မာမားကို ကြည့်ပြီး...

"မာမား..."

"ဟင် ပြောကျန့်ကျန့်လေး..."

"မာမားက ကျန့်ကျန့်ကို ချစ်လို့ မာမားနဲ့အတူတူခေါ်သွားတာလား..."

"ဟုတ်တာပေါ့ မာမားက မာမားသားလေးကိုအရမ်းချစ်လို့ခေါ်သွားတာပေါ့..."

သူ့ကို ချစ်တယ် ဆိုတဲ့စကားလေးပြောတဲ့အခါတိုင်း ပျော်နေတတ်တဲ့ ကျန့်ကျန့်က အခုလည်း ပါးစပ်လေးကိုမစိတော့။

စင်ဒီတို့အိမ်မှာ နှစ်ပတ်နီးနီးလောက်နေခဲ့တဲ့ ကျန့်ကျန့်က သူ့အမေရှိတဲ့ ဟိုတယ်ကို ပြောင်းနေခဲ့သည်။တစ်ပတ်လောက် သူ့အမေဖြစ်သူနဲ့အတူနေနေစဉ် သူ့အမေ​၏ အယုအယ အတီအတာလေးတွေကြားမှာ ကျန့်ကျန့်ပျော်မွေ့လို့နေ​ခဲ့သည်။ တကယ်တော့ ကျန့်ကျန့်လိုနေခဲ့တာ ငယ်ငယ်လေးတုန်းက ပြည့်ပြည့်ဝဝမရခဲ့တဲ့ သူ့မိဘတွေရဲ့ နူးညံ့တဲ့အထွေးအပွေ့တွေနဲ့ အကြင်နာလေးတွေပင်ဖြစ်သည်။

မေရီက ကျန့်ကျန့်နဲ့ အတူရှိနေတဲ့ ဒီရက်ပိုင်းလေးအတွင်းမှာ အချိန်ပြည့် ကျန့်ကျန့်နဲ့ပဲ ကုန်ဆုံးပေးတာဖြစ်​၏။ ညဘက်ဆိုလည်း ရင်ခွင်ထဲထွေးပွေ့ကာ ခေါင်းလေးကို ပွတ်သပ်ပေးပြီး ဒီအရွယ်လေးရောက်နေပေမယ့် အိပ်ရာဝင်ပုံပြင်လေးတွေပြောပြတတ်သေး​၏။ ပထမတစ်ရက်နှစ်ရက်မှာ ကျန့်ကျန့်ဘက်က စိမ်းသက်ကာ အကပ်မခံခဲ့ပေမယ့် နောက်တော့ ကျန့်ကျန့်တစ်ယောက် မေတ္တာကို ခံစားလာရတာဖြစ်မည်။

ကျန့်ကျန့်သူ့မာမားကို ရည်ညွှန်းတဲ့စကားလေးတောင်ပြောင်းလို့သွားခဲ့ပြီ။ မာမားကို ကျန့်ကျန့် မမုန်းဘူးတဲ့။

"မာမား ဒေါ်လေးရင်ကရော..."

"ဒေါ်လေးရင်က ဟိုမှာပဲစောင့်နေပြီးမှ တူတူသွားကြမှာလေ...ကျန့်ကျန့်လေး အဆင်သင့်ဖြစ်ရင်သွားကြရအောင်..."

"အင်းအင်း..."

ခေါင်းလေးတဆတ်ဆတ်ညိတ်ကာ ကျန့်ကျန့်လက်တစ်ဖက်ကနေ သူ့ ခရီးဆောင်အိတ်လေးကိုဆွဲ၊ နောက်လက်တစ်ဖက်ကလည်း သူ့မာမား​ရဲ့ လက်ကို ဖွဖွလေးကိုင်ပြီး အနောက်ကနေတတောက်တောက်နဲ့ လိုက်လာခဲ့သည်။ အငှားကားလေးက ဘေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီသို့ဦးတည်လျက်။

ကျန့်ကျန့်တို့သားအမိလေဆိပ်ထဲ လက်ဆွဲပြီးဝင်လာသည့်အခါ သူတို့ကို နှုတ်ဆက်ဖို့ ကြိုစောင့်နေတဲ့ ဝမ်မိသားစုနဲ့ အတူ စင်ဒီရယ် ၊ ကျန့်ကျန့်တို့နောက်ကို တစ်ခါတည်း လိုက်သွားမယ့် ဒေါ်လေးရင်တို့က အနီးသို့လျှောက်လာကြသည်။ ကျန့်ကျန့်က ထိုလူအုပ်ကိုမြင်တော့ လက်လေးကို အထက်အောက်ရမ်းလိုက်ပြီး အသံစာစာလေးဖြင့်...

"ကျန့်ကျန့် ဒီမှာ...ကျန့်ကျန့်ဒီမှာ...ကျန့်ကျန့်နဲ့မာမားက ဒီမှာ..."

ကျန့်ကျန့်ဆီသို့ ပထမဦးဆုံး ဝမ်ဖေးရန်က လျှောက်လှမ်းလာကာ ရင်ခွင်ထဲပွေ့ပြီး...

"ကျန့်ကျန့်လေးကို ဟောဒီက ဦးဦးကတော့ လွမ်းနေရတော့မှာ..."

"ဟင် ဘာလို့လဲ..."

"ကျန့်ကျန့်လေးကို ချစ်လို့ပေါ့..."

ဝမ်ဖေးရန်​၏ ရင်ခွင်ထဲမှ ခေါင်းလေးမော့လာသည့် ကျန့်ကျန့်ဆီသို့ ဟုန်လိကလည်း လျှောက်လာပြီး...

"ဒီက တီတီရောပဲ...ကျန့်ကျန့်လေးဟိုရောက်ရင် တီတီတို့ကို ဖုန်းဆက်နော်...အစားတွေလည်း များများစား...သူငယ်ချင်းတွေလည်း များများထား ဟုတ်ပြီလား..."

"အင်းအင်း ကျန့်ကျန့် သူငယ်ချင်းတွေ အများကြီးထားမယ်..."

"မမတို့ကိုလည်း မေ့မသွားနဲ့နော် ကျန့်ကျန့်လေး..."

ချင်လိနဲ့ စင်ဒီပါ ဝိုင်းလာသည့်အခါ ကျန့်ကျန့်က မျက်လုံးလေးတွေပိတ်ကျသည်အထိပြုံးပြလိုက်ပြီး...

"ကျန့်ကျန့် မမတို့ကို မမေ့ဘူး...မမတို့ကို ကျန့်ကျန့်ချစ်လို့ မမေ့ဘူးနော်..."

"ဟုတ်ပါပြီ ဟားဟား...တကယ်ပါ ကျန့်ကျန့်လေးကို မမတို့နှစ်ယောက်လည်း လွမ်းနေရတော့မှာ..."

နှုတ်ဆက်နေကြတဲ့ လူအုပ်နဲ့ ခပ်ဝေးဝေးမှာရောက်နေတဲ့လူကတော့ ဝမ်ရိပေါ်။ ရင်ထဲမှာ တင်းကြပ်နေတာကြောင့် လမ်းလျှောက်ဖို့ ခြေထောက်တွေတောင် မခိုင်တော့။ သို့သော်လည်း လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ကျန့်ကျန့်ဆီသို့လျှောက်လှမ်းလာကာ ဘာမှမပြောမဆိုဘဲ ကျန့်ကျန့်ကိုမချီလိုက်၍ ခရီးဆောင်အိတ်လေးပေါ်တင်ပြီး ဆွဲခေါ်သွား​၏။

ဘာမှနားမလည်သည့် ကျန့်ကျန့်က အနောက်ကနေခရီးဆောင်အိတ်လေးစီးကာ လိုက်ပါသွားရင်း...

"ဘယ်သွားမလို့လဲ ရိပေါ်...ကျန့်ကျန့်ကိုဘယ်ခေါ်သွားမလို့လဲ..."

ဝမ်ရိပေါ်က စကားတစ်ခွန်းမှမဆို လေဆိပ်က ကော်ဖီဆိုင်တစ်ခုသို့ဝင်ကာ ကျန့်ကျန့်ကို ချီချလိုက်ပြီး ထိုင်ခုံလေးတစ်ခုပေါ်သို့တင်လိုက်သည်။ထို့နောက်သူပါ ကျန့်ကျန့် အရှေ့တွင်ဝင်ထိုင်လိုက်​၏။

ကျန့်ကျန့်ကို ဝမ်ရိပေါ် ဆွဲသွားတုန်းက အနောက်ကနေ ချင်လိနဲ့ စင်ဒီကလည်း ထပ်ကြပ်မကွာလိုက်လာတာဖြစ်​ပြီး ဝမ်ရိပေါ်တို့ ထိုင်နေတဲ့ စားပွဲနဲ့ မလှမ်းမကမ်းက စားပွဲတစ်ခုမှာ နေရာဝင်ယူလိုက်​၏။ ဒါမှသူတို့အခြေအနေကြည့်လို့ရမှာမဟုတ်လား။

သူ့မောင် ရိပေါ်ဆိုတဲ့ကောင်က လေယာဉ်မထွက်ခင် ဒီအချိန်လေးမှာ ကျန့်ကျန့်လေးကို သူ့ဘက်မပါပါအောင်ပြန်လုပ်မှာ။ ပြီးတော့ သူ့မောင်ကို မယုံတာထက် ကျန့်ကျန့်လေးကို မယုံတာ။

"ကျန့်ကျန့်...ရော့..."

ကျန့်ကျန့်​၏ အရှေ့သို့ ဝမ်ရိပေါ် တိတ်ရာတွေပရပွနဲ့ ဝက်ရုပ်စုဘူးလေးကိုထိုးပေးလိုက်သည်။ စုဘူးလေးလည်းတွေ့ရော ကျန့်ကျန့်က ချက်ချင်းပင် ကောက်ကိုင်လိုက်ကာ ပိုက်ဆံထည့်ရသည့် အပေါက်လေးကနေ အထဲကိုချောင်းကြည့်လိုက်​၏။ သူ့စိတ်ထဲမှာတော့ အထဲမှာ ဘာများရှိမလဲပေါ့။ ထိုအပြုအမူလေးကို ဝမ်ရိပေါ် ပြုံးလို့ကြည့်လိုက်ပြီး...

"ဘာမှမရှိဘူးလေ...ဘာတွေကြည့်နေတာလဲကျန့်ကျန့်...အဲ့ဒိထဲမှာ ငါ့အချစ်တွေကလွဲပြီးဘာမှမရှိဘူး..."

"ဟင်..."

ဝမ်ရိပေါ်က ပြောပြီးတာနဲ့ ကျန့်ကျန့်​၏ လက်လေးကို ဆုပ်ကိုင်လိုက်တာကြောင့် တစ်ဖက်ဝိုင်းက ချင်လိနဲ့ စင်ဒိတို့ လည်ပင်းကို ဆွဲဆန့်ကာ ကြည့်လိုက်သည်။ ချင်လိစိတ်ထဲမှာသိလိုက်ရတာ သူမောင်ရဲ့တိုက်စစ်တွေလာပြီဆိုတာပင်။ ကျန့်ကျန့်လေးခံနိုင်ရည်ရှိမှဖြစ်မှာ။

"ကျန့်ကျန့်က တကယ်ပဲ ရိပေါ်ကို ထားသွားတော့မလို့လား...တကယ်ပဲ ထားသွားနိုင်တာလား..."

ကျန့်ကျန့်က ဘာမှပြန်မပြော ဝမ်ရိပေါ်ကိုသာ မျက်လုံးဝိုင်းလေးများဖြင့်ကြည့်လို့နေ​၏။

"ရိပေါ်က ကျန့်ကျန့်ကို သိပ်ချစ်တာလေ..."

"ဟင်..."

ကျန့်ကျန့်ရဲ့ မျက်လုံးလေးများပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။ဝမ်ရိပေါ်က ဆက်ပြီး...

"ကျန့်ကျန့်က ရိပေါ်ရဲ့ အချစ်ဆုံးလေးဆိုတာတောင် ကျန့်ကျန့်က တကယ်ထွက်သွားမှာလား..."

"....."

"ကျန့်ကျန့်ထားခဲ့ရင် ရိပေါ်က ဒီစုဘူးလေးလိုပဲ ကြေမွပြီးကျန်ခဲ့မှာ...အဲ့တာတောင် ကျန့်ကျန့်ထွက်သွားဦးမှာလား..."

ကျန့်ကျန့်သူ့ရှေ့က တိတ်တွေပရပွနဲ့ ဖြစ်နေတဲ့ ဝက်စုဘူးလေးကိုကြည့်လိုက် ဝမ်ရိပေါ်ကိုကြည့်လိုက်ဖြင့် မျက်ဆန်နက်နက်လေးများလှုပ်လှုပ်ခတ်ခတ်ဖြစ်လို့သွား​၏။

"ကျန့်ကျန့် ထွက်သွားရင် ရိပေါ်က တစ်ယောက်တည်း လွမ်းနေရတော့မှာ...ကျန့်ကျန့်က သူငယ်ချင်းအသစ်တွေနဲ့ပျော်နေတဲ့ အချိန်မှာ ရိပေါ်ကတော့ ကျန့်ကျန့်ကိုပဲ လွမ်းပြီးနေရမှာ..."

"...."

"ပြီးတော့ ထုပ်ထုပ်ကိုရော ဘယ်လိုလုပ်မလဲ...မနက်တိုင်း ထုပ်ထုပ်က လာပြီး ကျန့်ကျန့်ရှိလားလို့မေးရင် ဘယ်လိုပြောရမှာလဲ...ထုပ်ထုပ်လေးကိုရော မသနားဘူးလား..."

"ဟင်...ကျန့်ကျန့် ထုပ်ထုပ်ကို သနားတယ်...ကျန့်ကျန့်ထုပ်ထုပ်လေးကို သနားတယ်...အင့်...ဟင့်..."

ကျန့်ကျန့်ရဲ့ မျက်ရည်ဥလေးတွေ ကြွေကျလာတာကြောင့် ဝမ်ရိပေါ် လက်မလေးဖြင့် ဖွဖွလေးသုတ်ပေးလိုက်ပြီး...

"မငိုနဲ့လေ...ခရီးသွားမယ့် လူက မငိုရဘူး...ပြုံးပြုံးလေးနေရမှာပေါ့..."

တစ်ဖက်ဝိုင်းက ချင်လိမနေနိုင်တော့။ ဘယ့်နှယ်...မငိုငိုအောင် သွားလုပ်ပြီးတော့ပြုံးပြုံးလေးနေဆိုပဲ။ ချင်လိနဲ့ စင်ဒီ သူတို့ဝိုင်းကနေထလာပြီး ကျန့်ကျန့်လေးကို လက်ကနေဆွဲ၍...

"သွားကြစို့ ကျန့်ကျန့်လေး လေယာဉ်ထွက်တော့မှာ မမီဘဲနေလိမ့်မယ်..."

စုဘူးလေးကို အရယူ၍ ချင်လိနှင့်စင်ဒီနောက်ကို လိုက်သွားတော့မည့် ကျန့်ကျန့်​၏ လက်ကို ဝမ်ရိပေါ် လှမ်းဆွဲလိုက်ပြီး မျက်ရည်တွေရစ်ဝိုင်းနေသော မျက်ဝန်းများဖြင့်...

"မထွက်သွားခင်လေး ရိပေါ်ကိုကျန့်ကျန့်ချစ်တယ် လို့မပြောသွားတော့ဘူးလား..."

ကျန့်ကျန့်က ဝမ်ရိပေါ်ကို ပြန်ကြည့်လိုက်ပြီး နှုတ်ခမ်းချွန်ချွန်လေးတွေ လှုပ်ရှားလာကာ...

"ရိပေါ်ကို ကျန့်ကျန့်...အ..."

နောက်ထပ် စကားလုံးတွေ မထွက်လာခင် ချင်လိ သူဆွဲထားသည့် ကျန့်ကျန့်​၏ လက်လေးကို နည်းနည်းလေးနာအောင် ဖျစ်ညစ်လိုက်​၏။ ကျန့်ကျန့်က ချင်လိကို ကြည့်လိုက်တော့ ချင်လိက မျက်မှောင်ကျုံ့ပြပြီး မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။ထိုအခါ ကျန့်ကျန့်က...

"ချစ်ပါဘူး...ရိပေါ်ကို ကျန့်ကျန့် ချစ်ပါဘူး...ကျန့်ကျန့် မာမားနဲ့ သွားတော့မှာ တာ့တာ ရိပေါ်..."

ချင်လိနဲ့ စင်ဒီ​၏ နောက်သို့ပါသွားသည့် ကျန့်ကျန့်​ကို ဝမ်ရိပေါ် လက်ရှိနေရာကနေ နေရာမရွေ့ဘဲ ဆွေးမြည့်စွာစိုက်ကြည့်လို့နေမိသည်။ သူတတ်နိုင်သလောက်တော့ တားခဲ့တာပဲ။ တစ်ဖက်က ထွက်သွားဖို့စိတ်အားသန်နေတဲ့အခါ ဘယ်တတ်နိုင်ပါ့မလဲ။

အတုံ့အလှည့်တွေ အများအပြားရှိတဲ့အထဲမှာမှ ဒီအတုံ့အလှည့်ကြီးက ဆိုးရွားလွန်းတယ်။ တစ်ခါက ကျန့်ကျန့်ကို ချန်ထားခဲ့မိတဲ့ သူကအချိန်တန်တော့ပြန်လာခဲ့တာပဲ။ ကျန့်ကျန့်ကရော ပြန်လာမှာလား။

မေရီ​၏ လက်ထဲသို့ ကျန့်ကျန့်ကို ချင်လိ အသေအချာအပ်နှံလိုက်ပြီးနောက် ဝမ်ရိပေါ်မပါတဲ့ ဝမ်တစ်မိသားစုလုံးနဲ့အတူ စင်ဒီက လက်ပြနှုတ်ဆက်လိုက်ကာ လေယာဉ်ကွင်းမှ ပြန်ကြဖို့ပြင်နေပြီဖြစ်သည်။ကျန့်ကျန့်ကတော့ သူ့မာမားလက်ကိုဆွဲ ဘေးမှာလည်း ဒေါ်လေးရင်ကကျန့်ကျန့်ရဲ့ အထုတ်လေးကို ဆွဲပေးရင်း သုံးယောက်သားအတူတူ လေယာဉ်မထွက်ခင်စောင့်ဆိုင်းရသည့် နေရာသို့ဝင်ရောက်လာကြ​၏။

"လေယာဉ်ပေါ်လိုက်ပါကြမည့် ခုံနံပါတ် ၂၀ မှ ၃၀ ကြားခရီးသည်များ လာရောက်တန်းစီကြပါ..."

လေကြောင်းလိုင်းမှဝန်ထမ်း​၏ ကြေညာသံကြောင့် မေရီ ကျန့်ကျန့်ဘက်သို့လှည့်လိုက်တော့ တိတ်ရာပရပွနဲ့ စုဘူးလေးကို ငုံ့ကြည့်နေသည့် ကျန့်ကျန့်လေးကိုတွေ့​၏။

"ကျန့်ကျန့်လေး လာသွားတန်းစီရအောင်..."

"မာမား..."

"ဟင် ဘာဖြစ်လို့လဲ သားလေး..."

ကျန့်ကျန့်က သူအမေကို မော့ကြည့်လိုက်ကာ...

"မာမားကို ကျန့်ကျန့်ချစ်တယ်..."

"ဟုတ်ပါပြီ...လာထတော့ မာမားတို့အလှည့်ရောက်ပြီ..."

"မာမားကို ကျန့်ကျန့်ချစ်တယ်...ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့်ပိုချစ်တယ်..."

ဒီစကားလေးတစ်ခွန်းကို မေရီသဘောပေါက်လိုက်ပါ​၏။ သူ့ကို မုန်းတယ်လို့ချည်းပြောခဲ့တဲ့ သူ့သားလေးက သူ့ကို ချစ်တယ်လို့ပြောလာပြီပဲ။ ဘာထပ်လိုအပ်ဦးမှာလဲ​။

ပြီးတော့ ကျန့်ကျန့်လေးမှာ ပိုချစ်ရတဲ့သူရှိသည်။ကျန့်ကျန့်လေးအလုံးစုံမပြောလည်း သူမွေးထားတဲ့သားလေးမလို့ ဘာဆိုလိုလည်းသူသိပါသည်။ ကျန့်ကျန့်လေးက သူ့နဲ့ဂျပန်ကို တစ်လလေးပဲလိုက်ခဲ့မှာ ဖြစ်ပေမယ့် ရိပေါ်လေးကိုမခွဲနိုင်ဘူးမလား။

မေရီက ဒေါ်လေးရင် ဘက်လှည့်ကာ...

"ဒေါ်လေးရင် ဒီခရီးကတော့ ကျွန်မတို့နှစ်ယောက်ပဲ ဖြစ်တော့မှာပေါ့..."

ကျန့်ကျန့်ကို အဖော်လိုက်ပေးသည့် ဒေါ်လေးရင်က အခုတော့ ကျန့်ကျန့်မပါဘဲ တစ်ယောက်တည်းလိုက်ပါသွားရမည့် ကံကြုံလာပါ​၏။ လူကြီးဖြစ်တဲ့ဒေါ်လေးရင် ခေါင်းကိုကုတ်ကာ သက်ပြင်းချလို့ သူတို့ခုံနံပါတ်တွေခေါ်နေသည့် နေရာမှာ မေရီနဲ့နှစ်ယောက်သား တန်းစီလို့နေတော့သည်။ သူတို့အနားကနေ စုဘူးလေးကိုင်ပြီး ပြေးထွက်သွားသည့် ကျန့်ကျန့်လေးကို ကြည့်ရင်းနဲ့ပေါ့။

"ရိပေါ်...ရိပေါ်..."

ကျန့်ကျန့် တစ်ယောက် ပြေးထွက်လာပြီး လေယာဉ်ကွင်း​၏ ထွက်ပေါက် နေရာတစ်ဝိုက်တွင်ဝမ်ရိပေါ်ကို လိုက်ရှာလို့နေ​၏။ မျက်လုံးလေးကို ဟိုကြည့်ဒီကြည့်လုပ်ရင်း ဝမ်ရိပေါ်​၏ နောက်ကျောပြင်လည်းတွေ့ရော...

"ရိပေါ်...ရိပေါ်...ကျန့်ကျန့် ဒီမှာ...ကျန့်ကျန့်ကို လှည့်ကြည့်..."

ဝမ်ရိပေါ်က ကျန့်ကျန့်နှင့် တော်တော်ခပ်လှမ်းလှမ်းမှာဖြစ်တာကြောင့် ကျန့်ကျန့်​၏ အော်ခေါ်နေသံကို မကြားတာဖြစ်လိမ့်မည် ။

"ရိပေါ်...ရိပေါ်...ကျန့်ကျန့် ဒီမှာလို့..."

"ဝှီး...ဂွပ်...! "

သူအော်ခေါ်နေတာကို မကြားသည့် ဝမ်ရိပေါ်ကြောင့် ကျန့်ကျန့်သူ့လက်ထဲက စုဘူးလေးကို ဝမ်ရိပေါ်ရှိရာသို့ အရှိန်ဖြင့် ပစ်ထည့်လိုက်​၏။ နောက်စေ့တည့်တည့်ကို မှန်သွားတာကြောင့် ဝမ်ရိပေါ် အံကြိတ်ပြုံးကာ အနောက်ကို လှည့်ကြည့်လိုက်သည်။

တကယ်ဆို ဒီတစ်ယောက် ပထမဦးဆုံး လှမ်းခေါ်လိုက်ကတည်းက သူကြားတာဖြစ်သည်။ သို့သော် နည်းနည်းလေးစချင်တာကြောင့် မကြားချင်ယောင်ဆောင်နေခြင်းဖြစ်​၏။စုဘူးနဲ့ကောက်ပစ်လိုက်မယ်လို့ ဘယ်သူထင်မှာလဲ။

ဤတွင်နားလည်သွားရသည်။ မချေသင့်တဲ့သူကို မချေရဘူးဆိုသည့် သီအိုရီကို နောက်စေ့ကစိမ့်ထွက်လာသည့် သွေးတွေကသက်သေပြသွားခဲ့သည်။


You are reading the story above: TeenFic.Net

#random