ငါးနှစ်သားအရွယ်...။
"ကလောက်...ကလောက်..."
ဧည့်ခန်းတီဗီစင်ဘေးနားတွင် ကျန့်ကျန့် ကြမ်းပြင်ပေါ် ထိုင်၍အလုပ်ရှုပ်နေသည်။ ဝက်ရုပ်စုဘူးလေးကို လက်ကကိုင်ပြီး အပေါ်လှန်ကြည့်လိုက် အောက်ကနေမော့ကြည့်လိုက်ဖြင့် တချောက်ချောက်ခေါက်ရင်း အထဲက အကြွေစေ့လေးတွေ ထွက်ကျလာအောင်လုပ်နေခြင်းဖြစ်သည်။
"ရေခဲမုန့်တွေ ရမယ်...ရေခဲမုန့်...စတော်ဘယ်ရီ အရသာလေး ချောကလက်အရသာလေး တွေအစုံနဲ့စားချင်စဖွယ်ရေခဲမုန့်လေးတွေရမယ်..."
ရေခဲမုန့်သည်ကြီးဟာ ကျန့်ကျန့်ရှိတဲ့ အိမ်ရှေ့မှာရပ်ပြီးအော်နေသလိုပင်။ ရေခဲမုန့်သည်ကြီးအော်မရောင်းခင် ရေခဲမုန့်လှည်းခေါင်းလောင်းခေါက်သံကြားကတည်းက ကျန့်ကျန့် အိမ်ထဲပြန်ဝင်လာပြီး ဝက်ရုပ်စုဘူးလေးထဲက အကြွေစေ့လေးတွေထွက်ကျလာအောင်လုပ်နေတာပင်။ ကျန့်ကျန့်က စုဘူးထဲပိုက်ဆံဘယ်လိုထည့်ရမလဲဆိုတာသိပေမယ့် ဘယ်လိုပြန်ထုတ်ရမလဲဆိုတာမသိ။
"ရေခဲမုန့်တွေရမယ်နော် ရေခဲမုန့်တွေ..."
ရေခဲမုန့်သည်ကြီး၏ အသံက သူ့အိမ်ရှေ့နဲ့နည်းနည်းဝေးသွားသည့်အခါ ကျန့်ကျန့် သူ့လက်ထဲကစုဘူးတစ်ခုလုံးကို ကိုင်လာကာ ဖိနပ်တောင်မစီးဘဲ ခြံပြင်သို့ပြေးထွက်လာ၏။ လူသန့်တွေချည်းနေထိုင်ကြတဲ့ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာကြောင့် အိမ်တိုင်းနီးပါးက ခြံတံခါးပိတ်ထားခြင်းမရှိတာဖြစ်၍ကျန့်ကျန့် လွယ်လွယ်ကူကူ ခြေတံတိုတိုလေးတွေဖြင့်ပြေးထွက်လာနိုင်တာဖြစ်သည်။
"နေပါဦး...ကျန့်ကျန့်ကိုစောင့်ပါဦး..."
သူ့ရေခဲမုန့်လှည်းနောက်ကို အကောင်သေးသေးလေးပြေးလိုက်လာတာတွေ့တဲ့အခါ ရေခဲမုန့်သည်ကြီးက အရှိန်လျော့လိုက်ပြီး...
"ဖြည်းဖြည်းလာပါ ကလေးရယ် ဦးကြီးစောင့်နေပါတယ်..."
"ဟောဟဲ ဟောဟဲ...ကျန့်ကျန့်မောတယ်..."
"ဟုတ်ပါပြီ ဘာအရသာစားမလဲ..."
"အချိုဆုံးဟာလေး ကျန့်ကျန့်ကြိုက်တယ်...ယိုလေးတွေလည်း အများကြီးဆမ်းပေးပါ...သကြားအမှုန်လေးတွေကိုလည်း အများကြီး..."
"ရော့..."
ရေခဲမုန့်သည်ကြီးကမ်းပေးလာတဲ့ ချိုချိုရဲရဲရေခဲမုန့်ကို ကျန့်ကျန့်အားရပါးရလှမ်းယူလိုက်ပြီးတော့ ပထမဦးဆုံး ပါးစပ်သေးသေးချွန်ချွန်လေးနဲ့မလိုက်ဖက်စွာအလုတ်ကြီးကြီးကိုက်လိုက်၏။
ချိုမြိန်လွန်းတဲ့အရသာဟာ တိမ်တွေပေါ်ဆွဲခေါ်သွားသလိုဖြစ်လိမ့်မည်။ ငါးနှစ်သားအရွယ်လေးဖြစ်တဲ့အတွက်ကြောင့် ပျော့ပျော့အိအိ အရုပ်လေးပေါ်မှာပစ်ကျသွားသလိုပဲလို့သုံးရလိမ့်မည်။ ဟုတ်ပါသည် ကျန့်ကျန့် ရေခဲမုန့်လေးကိုအရမ်းကြိုက်သည်။ဟုတ်သေးဘူး သူပြောနေကျတိုင်းဆို...
"ကျန့်ကျန့် ရေခဲမုန့်လေးကို ချစ်တယ်..."
"ဦးကြီးရဲ့ ရေခဲမုန့်က သိပ်ကောင်းတာပဲလား ကလေး..."
"ကောင်းတယ်...ကျန့်ကျန့် ဒီရေခဲမုန့်လေးကို အရမ်းချစ်တယ်..."
ရေခဲမုန့်သည်ကြီးက သုံးလုတ်တည်းနဲ့ ရေခဲမုန့်တစ်ဝက်ကျိုးအောင် စားလိုက်တဲ့ ကျန့်ကျန့်ကို စိတ်ရှည်လက်ရှည်စောင့်နေပြီးမှ...
"ကလေး...ရေခဲမုန့်လေးက တစ်ယွမ် ကျတယ်..."
ကျန့်ကျန့်က စားလက်စလေးကို ရပ်ကာ ရေခဲမုန့်သည်ကြီးကို ကြောင်ကြည့်နေသည်။လက်ထဲမှာကိုင်ထားတဲ့ရေခဲမုန့်ကလည်း အရည်ပျော်လာပြီး လက်ဖျံလေးတွေတစ်လျှောက်စီးဆင်းလို့နေ၏။ ကျန့်ကျန့်က သူချီမလာတဲ့ စုဘူးလေးကို ကလောက်ကလောက်ပြန်ခေါက်ကြည့်လိုက် ရေခဲမုန့်သည်ကြီးကို ကြည့်လိုက်လုပ်ကာ...
"တစ်ယွမ်ဆိုတာ ဒီအပြားလေးတွေဘယ်နှခုလဲ..."
"တစ်ယွမ်တန်တဲ့ အကြွေပြားလေးဆိုရင်တော့ တစ်ခုပဲလိုတယ်..."
ကျန့်ကျန့်က ဝက်စုဘူးလေးကို မြေကြီးပေါ်ချလိုက်ကာ သူပါငုတ်တုတ်ထိုင်လိုက်ပြီး လက်ထဲက ရေခဲမုန့်လေးကို ပါးစောင်လေးထဲအကုန်ထိုးထည့်လိုက်၏။ ရေခဲမုန့်လေးတွေ အရည်ပျော်ပြီးပေသွားတဲ့လက်လေးကိုတော့ အင်္ကျီစလေးနဲ့သုတ်လိုက်သည်။
ကျန့်ကျန့် ဝက်စုဘူးလေးကိုပြန်ကောက်ကိုင်ပြီးခေါက်ပြန်သည်။ခဏခဏခေါက်တော့လည်း အချည်နှီး။ရေခဲမုန့်သည်ကြီးကလည်း စိတ်ရှည်လက်ရှည်စောင့်ပေးပေမယ့် ဆယ်မိနစ်လောက်ကြာလာတော့...
"ကလေး ပေးစရာမရှိဘူးလား...ကလေးရဲ့ ပါးပါးနဲ့မာမားရော..."
"ပါပါးက အလုပ်သွားတယ်...မာမားကလည်း အလုပ်သွားတယ်ထင်တယ်..."
"တခြားလူတွေရောမရှိဘူးလား..."
"အင်း ရှိတယ် ဒေါ်လေးရင်က အဝတ်တွေကို လည်ပင်းညှစ်နေတယ်...ကျန့်ကျန့်ကြောက်တယ်..."
(အဝတ်ကိုလက်နဲ့လျှော်တာကိုပြောချင်တာပါ)
ဒေါ်လေးရင်ဆိုတာက ကျန့်ကျန့်တို့အိမ်မှာ ဝေယျာဝစ္စလုပ်ပေးရတဲ့သူ။ကျန့်ကျန့်ကို မွေးကတည်းကထိန်းလာတာဆိုလည်းမမှား။
"ဦးကြီးက အကြာကြီးနေလို့မရဘူး တခြားလမ်းတွေလည်း လိုက်ရောင်းရဦးမှာ အဲ့ဒိဒေါ်လေးရင်ဆိုတာကို ပိုက်ဆံရှင်းခိုင်းလို့မရဘူးလား..."
"ခဏလေးနော် ခဏလေး..."
ကျန့်ကျန့်က လက်ဖဝါးလေးကိုထောင်လိုက်ကာ ခဏလေးစောင့်ပါဆိုသည့်ပုံမျိုးဖြင့်...
"ကလောက်...ကလောက်..."
"ရပြီ ထွက်လာပြီ...ရော့ တစ်ယွမ်..."
တကယ်ဆို ရေခဲမုန့်သည်ကြီးကို ကျန့်ကျန့်ကမ်းပေးလိုက်တာ အကြွေပြားစေ့တွေထဲမှာ တန်ဖိုးအနည်းဆုံးတစ်ခု။ တစ်ယွမ်ပြည့်ဖို့ အများကြီးလိုနေသေးတာဖြစ်သည်။
ငါးနှစ်ပဲရှိသေးတဲ့ ကလေးတစ်ယောက်အဖို့တော့ ငွေကြေးတွေဘယ်တွက်ချက်တတ်သေးပါ့မလဲ။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ ရေခဲမုန့်သည်ကြီးဖို့တော့ ငွေစလေးအနည်းငယ်ရှုံးသွားပေမယ့် ကျန့်ကျန့် ကမ်းပေးတဲ့ အကြွေစေ့သေးသေးလေးကိုသာယူလိုက်၏။
"ရပြီ ကလေး...ဦးကြီး သွားတော့မယ် အိမ်ထဲပြန်ဝင်ဦး နေပူလာတော့မယ်..."
ရေခဲမုန့်သည်ကြီးက ခေါင်းလောင်းလေးကို ကလောင်ကလောင်နဲ့ ခေါက်ပြီးဖြည်းဖြည်းချင်းဆက်သွားလို့နေသည်။ သို့သော် အနောက်က တချောက်ချောက်အသံလေးကို မသင်္ကာလို့လှည့်ကြည့်လိုက်တော့ အနောက်မှာ ခုနက ကလေးလေး ဆက်လိုက်လာတာကိုတွေ့သည်။ ထို့ကြောင့် ရပ်လိုက်ပြီး...
"ဘာသွားမလို့လဲ ကလေး..."
"ရေခဲမုန့်လေးတွေနောက်လိုက်ဖို့...ကျန့်ကျန့် ရေခဲမုန့်လေးတွေကို ချစ်တယ်..."
သွားလေးစိပြီး ပြုံးပြလာသည့် ငါးနှစ်သားလေးကြောင့် ရေခဲမုန့်သည်ကြီးအကြပ်ရိုက်လို့နေပြီဖြစ်သည်။ မည်မျှပင်ပြန်လွှတ်လွှတ် ရေခဲမုန့်လှည်းဘီးကြီးကို ကျန့်ကျန့်က မလွှတ်တမ်းတွယ်ဖက်ထားတာဖြစ်၏။
"ပြန်လေကွယ် ကလေး..."
"ပြန်ဘူး ကျန့်ကျန့် ရေခဲမုန့်လေးတွေနောက်လိုက်ခဲ့မှာ..."
"ဘုန်း...! "
"အ..."
ရေခဲမုန့်သည်ကြီး အခက်တွေ့နေချိန်တွင် သူ့လှည်းကို တွယ်ဖက်ထားသည့် ကလေး၏ ခေါင်းကို ဘယ်ကလာမှန်းမသိတဲ့ဘောလုံးတစ်လုံးကလာမှန်သည်။ ထိုကလေးလေး ခေါင်းနာသွားလို့ထင်ရဲ့ သူ့လှည်းကို ဖက်တွယ်ထားတဲ့လက်ကလေးတွေရုတ်သိမ်းသွားပြီး သူ့ခေါင်းလေးကို ပွတ်နေကာ မျက်ရည်ဝဲတဲ့ မျက်လုံးလေးတွေနဲ့ကြည့်ပြီး...
"ကျန့်ကျန့် နာတယ်..."
ဟုတ်တာပေါ့။ ခံလိုက်ရတဲ့ကလေးမပြောနဲ့။ဘေးနားကလူတောင် "ဘုန်း" ဆိုကြားလိုက်ရတဲ့အသံက ဘယ်လောက်အားပါလဲဆိုတာသိသည်။
ရေခဲမုန့်သည်ကြီးက ကျန့်ကျန့်ခေါင်းကို ထိမှန်သွားသည့် ဘောလုံး ရောက်လာသည့်ဘက်ကိုကြည့်လိုက်တော့ သူ့တို့ကို မျက်ထောင့်နီနဲ့ ကြည့်နေတဲ့ နောက်ထပ် ကလေးပေါက်တစ်ယောက်။ အံမယ်ထိုကလေးက ခါးကြီးထောက်ထားပြီးတော့ သူတို့ဘက်ကို လျှောက်လာသေးတာ။ပြီးတော့ ဘောလုံးမှန်သွားတဲ့ကလေးရဲ့ လက်ကိုဆွဲလိုက်ပြီး...
"ဘယ်သွားမလို့လဲ ကျန့်ကျန့်..."
"ဟင် ရိပေါ်...ကျန့်ကျန့် ခေါင်းနာတယ်..."
"တမင်သပ်သပ်နာအောင်ပဲပစ်လိုက်တာ...ဘယ်သွားမလို့လဲလို့..."
"ကျန့်ကျန့် ရေခဲမုန့်လေးတွေကို ချစ်လို့ အနောက်ကလိုက်သွားမလို့..."
ကျန့်ကျန့်ပြောစကားကြောင့် ရိပေါ်က ရေခဲမုန့်သည်ကြီးကို လက်ညိုးထိုးကာ...
"အဲ့လူကြီးက ကလေးတွေကိုဖမ်းသွားဖို့ ကြံစည်နေတာမသိဘူးလား..."
ရေခဲမုန့်သည်ကြီး ချွေးပြန်နေရပါပြီ။
"မဟုတ်...ဟုတ်ရပါဘူးကွယ် ကလေးတို့ရယ် ဦးကြီးက ဒီတိုင်းရိုးရိုးသားသား ရေခဲမုန့်ရောင်းစားနေတာပါ..."
ရိပေါ်က ဂရုမစိုက်။
"အဲ့လူကြီးက ကလေးခိုးဂိုဏ်းကဆိုရင် ဘယ်လိုလုပ်မလဲ...ကလေးတွေကို စက်ထဲထည့်ကြိတ်ပြီး ရေခဲမုန့်လုပ်ရောင်းနေတဲ့သူဆိုရင်ရော မကြောက်ဘူးလား ကျန့်ကျန့်..."
"ဟုတ်ဘူး...ဒီဦးဦးက သဘောကောင်းတယ် ဒီဦးဦးကို ကျန့်ကျန့်ချစ်တယ်..."
တော်သေးတာပေါ့။ ဒီကလေးသူ့ဖက်က ကာပြောပေးလို့။ လက်ညိုးတထိုးထိုးနဲ့ ဆောင့်ကြွား ဆောင့်ကြွားဖြစ်နေတဲ့ဟိုကောင်လေးကို ရိုက်သတ်ချင်နေပါပြီ။ဒီဘက်က ကျန့်ကျန့်ဆိုတဲ့ ကလေး လေးက လူမြင်ချစ်ခင်ပါစေဆိုရင် ဟိုရိပေါ်ဆိုလား ဘာပေါ်ဆိုလား အဲ့ဒီကလေးက လူမြင်ရိုက်သတ်ချင်စရာလေး။
ရိပေါ်က သူ့ဘောင်းဘီ အိတ်ကပ်ထဲက အကြွေစေ့လေးကိုထုတ်လိုက်ပြီးနောက် ရေခဲမုန့်သည်ကြီးကို ပေးလိုက်သည်။
"ရော့...ဒါကိုယူပြီး ဒီလမ်းထဲကထွက်သွား..."
ဟော ဗျာ။ သူ့လက်ထဲ တစ်ယွမ်တန်တဲ့ အကြွေစေ့လေးကိုပစ်ထည့်ပေးပြီး မောင်းထုတ်နေတဲ့ကောင်လေးကို နားထင်မွှေးဆွဲနှုတ်ပစ်လိုက်ချင်ပါ၏။
ရိပေါ်က ကျန့်ကျန့်ရဲ့လက်ဖဝါးလေးကို ကိုင်ဆွဲလိုက်ပြီး...
"ကျန့်ကျန့်သွားမယ်..."
"ခဏ...ခဏလေး..."
"ဘာလုပ်ဦးမလို့လဲ..."
"ကျန့်ကျန့်ရဲ့စုဘူးလေးကျကျန်ခဲ့တယ်..."
"သွားပြန်ကောက် သွား...ငါ့ ဘောလုံးပါပြန်ကောက်လာခဲ့...ငါ့အိမ်မှာဘောလုံးကန်တမ်းသွားကစားမယ်...မြန်မြန်သွားကောက်နော် ငါမစောင့်ဘူး..."
"အင်းအင်း...ကျန့်ကျန့်ကိုစောင့်..."
ကျန့်ကျန့်က သွက်သွက်လေးပြေးသွားပြီး ဘောလုံးလေးတစ်ဖက် စုဘူးလေးတစ်ဖက်လက်ကကိုင်လာကာ ရိပေါ်အနောက်ပြေးလိုက်ပြန်သည်။
ရိပေါ်က သူ့ခြံရှေ့ရောက်တော့ တံခါးကို တွန်းဖွင့်လိုက်ကာ ကျန့်ကျန့်ကို အရင်ဝင်စေ၏။ ပြီးနောက် ရေခဲမုန့်သည်ကြီးကို နှုတ်ခမ်းထော်ပြီး မကြည်ကြည့် ကြည့်လိုက်ပြီးမှ ခြံတံခါးကို ဝုန်းကနဲမည်အောင်ဆောင့်ပိတ်၍သွား၏။
ကလေးနှစ်ယောက်ကို ငေးကြည့်နေမိသည့် ရေခဲမုန့်သည်ကြီးကတော့ ပါးစပ်အဟောင်းသား။ ဟိုဆောင့်ကြွားကြွားကောင်လေးက လူကလက်တောက်လောက်လေးနဲ့ သူ့ဟာလေးသူသိတတ်နေပြီ။
ထူးဆန်းပါသည်။အဲ့ဒိနေ့ကစပြီး နောက်ရက်တွေမှာ ဒီလမ်းထဲကို ရေခဲမုန့်သည်တွေရောက်မလာတော့ဘူး။ ဆောင့်ကြွား ဆောင့်ကြွားနဲ့ လူမြင်ရိုက်သတ်ချင်ပါစေဆိုတဲ့ ကောင်လေးတစ်ယောက်က ရေခဲမုန့်သည်တွေကိုတွေ့တိုင်း ဘောလုံးနဲ့ပစ်ပစ်ပေါက်နေလို့တဲ့။
You are reading the story above: TeenFic.Net