"ရိပေါ်...ရိပေါ် ကျန့်ကျန့်လည်း လိုက်ချင်တယ်..."
"လိုက်လို့မရဘူးလို့ ပြောပြီးသားကို ကျန့်ကျန့်..."
ဝမ်ရိပေါ်က လည်သာဂျာကင်ကိုဝတ်နေရင်းကျန့်ကျန့်ကိုပြန်ဖြေလိုက်၏။ သူ့အိမ်အောက်ထပ်မှာ ရှန်၊ဇန် နဲ့ရစ်ကီတို့က Day Club ကိုသွားဖို့လာထိုင်စောင့်နေကြတာဖြစ်သည်။
"ရိပေါ် ကျန့်ကျန့်လိုက်ချင်လို့ဆို..."
"ကျန့်ကျန့်ပြောရင်နားထောင်...ပြီးရင် ထုပ်ထုပ်ဆီဝင်ပို့ပေးခဲ့မယ်..."
"မရဘူး ကျန့်ကျန့်လိုက်ချင်တာ..."
"ကျန့်ကျန့်...! "
ဝမ်ရိပေါ်အသံနည်းနည်းမာသွားသည်။ ထို့ကြောင့် ကျန့်ကျန့်က ငိုမဲ့မဲ့ဖြင့်...
"ကျန့်ကျန့်ကကျ ဘာလို့လိုက်လို့မရတာလဲ ရိပေါ်တို့ကျသွားပြီးတော့..."
"မတူဘူး ကျန့်ကျန့်..."
ဝမ်ရိပေါ် ဘေးကတစာစာအော်နေသည့်တစ်ယောက်ကို ပုခုံးလေးကနေကိုင်ကာ...
"ကျန့်ကျန့်နေခဲ့နော်...ငါ ညကျရင်ပြန်လာမှာ ငါပြန်လာတဲ့အချိန်ကျရင် ခြံထဲက ခုံလေးမှာထိုင်စောင့်နေ...ဒီညမင်းလိုချင်တဲ့အဖြေကိုငါပေးမယ်..."
ကျန့်ကျန့်၏ မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပသွားရပြီး...
"တကယ်လား ရိပေါ်..."
"တကယ်ပေါ့..."
"အင်းအင်း ကျန့်ကျန့်စုဘူးလေးကိုင်ပြီး ရိပေါ်ကို ထိုင်စောင့်နေမယ်နော်..."
"စောင့်နေ...ပြီးတော့ အင်္ကျီလှလှလေးလည်း ဝတ်ထား..."
"အင်းအင်း..."
ခေါင်းတဆတ်ဆတ်ညိတ်ပြရင်းကျန်ခဲ့တဲ့ တစ်ယောက်ကို နဖူးလေးနမ်းလိုက်ပြီးဝမ်ရိပေါ် အောက်ထပ်ကိုဆင်းလာသည်။ဝမ်ရိပေါ် ဆင်းလာတာမြင်သည်နှင့် ဇန်က...
"ဗျို့ ကလေးအဖေကြီး...ဆင်းလာသေးတယ်ပေါ့ ငါတို့က ဒီနေ့သွားမှသွားဖြစ်ပါ့မလားလို့..."
ဝမ်ရိပေါ်က သူ၏ ဆံပင်များကို လက်နဲ့ထိုးသပ်လိုက်ပြီး...
"အပိုတွေပြောမနေနဲ့ သွားရအောင်...မနည်းချော့ပြီး ချန်ထားခဲ့ရတာ...ငါ့အဖေအလုပ်ကပြန်မလာခင် အိမ်ပြန်ရောက်မှရမယ်...မဟုတ်ရင် တစ်ညလုံးထိုင်ပွားနေလိမ့်မယ်..."
ဝမ်ရိပေါ်တို့ သူငယ်ချင်းတစ်သိုက် ကလပ်တွေမသွားရတာ အတော်ကိုကြာပြီဖြစ်တာကြောင့် ဒီလိုရက်ရှည်ကျောင်းပိတ်ရက်မျိုးရနေသည့်အချိန်ကို အကျိုးရှိရှိအသုံးချနေခြင်းဖြစ်၏။အရင်တုန်းက night club တွေသွားရတာပိုသဘောကျပေမယ့် အခု ဝမ်ရိပေါ် နည်းနည်းဆင်ဆင်ခြင်ခြင်ဖြင့် သူ့အဖေမသိအောင် Day Club လောက်သာသွားသည်။
"ကလပ်ကပြန်လာပြီးရင် ငါနဲ့တစ်နေရာလိုက်ခဲ့ဦး..."
ဝမ်ရိပေါ်က ကားမောင်းနေရင်းပြောသည့်အခါ ကျန်သုံးယောက်က စိတ်ဝင်တစားဖြင့်...
"ဘယ်ကိုလဲ..."
"လက်စွပ်ဆိုင်..."
"ဘာလုပ်မလို့လဲ..."
"ဟိုတစ်ယောက်ကို လက်ထပ်ခွင့်တောင်းမလို့..."
"ဘာ...!!! "
"ကျွီ..."
"ဘာဖြစ်တာလဲ စွတ်အော်နေတာနဲ့ ကားမောင်းတာချော်ပြီး အရှေ့ကကားနဲ့မိတ်ဆက်တော့မလို့..."
"မဟုတ်ပါဘူးကွာ ငါတို့က အံ့ဩလို့ပါ..."
အမွှာနှစ်ယောက်နဲ့ ရစ်ကီ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရင်း ရစ်ကီက...
"ငှက်ပေါက်က လက်ထပ်တာတွေဘာတွေရော သိလို့လား..."
ရစ်ကီ၏ စကားကြောင့် ဝမ်ရိပေါ်မျက်မှောင်ကျုံ့မိကာ...
"မင်းတို့က ကျန့်ကျန့်ကိုဘာများထင်နေလို့လဲ..."
"ဘာမှမထင်ပါဘူး...သူ့ပုံလေးက..."
"အင်း အဲ့လိုလေးတွေနဲ့ မင်းတို့ကိုတောင် ရောင်းစားသွားဦးမယ်..."
"အေးပါကွာ နားလည်တယ်ဆိုရင်လည်း ပြီးတာပဲ မင်းနဲ့ယူမှာပဲ ငါတို့နဲ့ယူမှာမှ မဟုတ်တာ...ဟားဟား..."
"စိတ်ကူးတောင်မယဉ်နဲ့...အရှေ့က ကုန်တင်ကားကို တစ်ခါတည်းဝင်ကျုံးလိုက်မယ်..."
"ဟေ့ကောင် ငါတို့က စကားအဖြစ်လေးပြောတာကို အထအနတွေလိုက်ကောက်မနေနဲ့ မောင်းစရာရှိတာမောင်း..."
ရှန်က မနေနိုင်တဲ့အဆုံးဝင်ပြောလိုက်သည်။ မဟုတ်ရင် ဝမ်ရိပေါ် အနောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ပြောရင်းမောင်းနေပုံမျိုးနဲ့ Day Club အစား Night Club ပဲဝင်လိုက်ရလိမ့်မယ်။
___________ ____________
Day Club လို့ဆိုပေမယ့် indoor ဖြစ်တာကြောင့် Night Club နဲ့တော့မခြား။ အပြင်ဘက်မှာ နေက ထိန်ထိန်သာနေလည်း ကလပ်ထဲမှာတော့ မှိန်ပြပြဒစ်စကို မီးရောင်များ၊ ဒီဂျေ တေးသွားများဖြင့် မြူးလွင့်နေသည်။ လာရောက်ကြသည့်လူတွေမှာ လူကြီးလူငယ်အရွယ်မရွေး ကျားမ မရွေးပါဝင်၏။
"လူတစ်ယောက်လုံးတောင်မမြင်ဘူးလား..."
ဝမ်ရိပေါ်တို့ လေးယောက် ကလပ်ထဲဝင်လျှောက်လိုက်သည်နှင့် ဝမ်ရိပေါ်၏ ပုခုံးကိုဖြတ်တိုက်သွားတဲ့လူတစ်အုပ်ကြောင့် ဒေါသထွက်စွာမေးလိုက်ခြင်းဖြစ်သည်။ ဟိုဘက်က ပြန်ဖြေတာကလည်း အချိုးမပြေ။
"အင်း တစ်ယောက်ဆိုမြင်တယ် မင်းတို့က လေးယောက်ဆိုတော့ မမြင်တာ..."
ဝမ်ရိပေါ် တစ်ဖက်ကလူတွေကိုသေချာကြည့်လိုက်တော့ ဟိုတစ်ခေါက်သူတို့နဲ့ ပွဲကြီးကြီးညိထားတဲ့ ကွန်ပျူတာမေဂျာကကောင်တွေ။
ဝမ်ရိပေါ် အမွှာနှစ်ယောက်ဘက်ကိုလှည့်လိုက်ပြီး...
"ငါက ဒီ ကလပ်ကို လူတွေပဲတက်ရတယ်ထင်တာ...နွားတွေလည်း ဝင်လို့ရတာပဲ..."
ဝမ်ရိပေါ်၏ အထေ့အငေါ့ကြောင့် ဟိုဘက်လူအုပ်ထဲကတစ်ယောက် ဝမ်ရိပေါ်၏ ဂျာကင်ကော်လံစကို ဆွဲလိုက်သည်။
"မင်းကဘာစကားပြောတာလဲ..."
"ကြားတဲ့ အတိုင်းပဲ...မင်းလက်ဖယ်စမ်းပါ...ကိုယ့်အကန့်နဲ့ကိုယ်နေ မြက်စားစရာရှိတာ သွားစား..."
"တောက်...! "
တစ်ဖက်က ဝမ်ရိပေါ်ကို ဆွဲထိုးမည်အလုပ် ကောင်မလေးတစ်ယောက်ရောက်လာကာ ထိုသူကို တားလိုက်သည်။
"ကိုရယ် မလုပ်ပါနဲ့...ရေချယ်လ့်ကို ချစ်ရင်စိတ်လျှော့ပါနော်..."
ရေချယ်လ်ကတစ်ဖန် ဝမ်ရိပေါ်တို့ဘက်သို့လှည့်ပြီး ချိုသာသော အပြုံးတို့ဖြင့်...
"ဒီက ရိပေါ်တို့ အုပ်စုကို ရေချယ်လ်ကပဲတောင်းပန်ပါတယ်...ရေချယ်လ့် ကိုကို က နည်းနည်းစိတ်ဆတ်တတ်လို့ သူ့ဟာသူဆို သဘောကောင်းပါတယ်..."
ရေချယ်လ်ကို ဝမ်ရိပေါ်လှည့်တောင်မကြည့်ဘဲ သူ့ဂျာကင်ကိုသူပြင်ပြီး သူ့သူငယ်ချင်းတွေဘက်ကို လှည့်ကာ...
"ဘာ mood မှ မရှိတော့ဘူး မင်းတို့ ဆက်နေဦးမယ်ဆိုရင်လည်း နေခဲ့တော့...ငါအရင်ပြန်နှင့်မယ်...ပြီးတော့ဟိုတစ်ယောက်အတွက်ဟာ မင်းတို့မလိုက်ချင်လည်း ရတယ်..."
"မင်းမပါတော့ ငါတို့ကလည်း ဘာလုပ်ရမှလဲ...ကဲလာပါ နောက်နေ့မှပဲပြန်လာရအောင်...အခုတော့ ကျန့်ကျန့်ကို မင်းဟိုဟာပြောဖို့ လုပ်မယ့်ကိစ္စကိုပြင်ဆင်ဖို့သွားရအောင်...လက်စွပ်တစ်ခုတည်းနဲ့တော့ မဖြစ်ဘူး...တခြားဟာလေးတွေလည်း ပြင်ဆင်ပေးရဦးမှာပေါ့..."
အဖွဲ့ထဲမှ နည်းနည်းရင့်ကျက်သည့်ရှန်က အားလုံးကို ကလပ်၏အပြင်ဘက်သို့ ပုခုံးဖက်ကာဆွဲခေါ်သွားသည်။ သူတို့ကောင်ကြီး လက်ထပ်ခွင့်တောင်းဖို့အရေးသူတို့အရေးမဟုတ်လား။
ဝမ်ရိပေါ်တို့ ထွက်သွားပြီး နှစ်မိနစ်လောက်မှာပဲ ကလပ်ကြမ်းပြင်ပေါ်က ပိုင်ရှင်မဲ့ဖုန်းလေးတစ်ခုက မီးလင်းလို့လာရ၏။ တစ်စုံတစ်ယောက်က ဖုန်းခေါ်နေသည့်ပုံ။ ကိုင်သူမဲ့နေသည့် ထိုကြမ်းပြင်ပေါ်က ဖုန်းလေးကို ကော့ညွတ်ရှည်သွယ်တဲ့ ဆေးဆိုးပန်းရိုက်လက်ချောင်းများပိုင်ရှင်က ကောက်ယူလိုက်၏။
__________ ____________
ကျန့်ကျန့် ထုပ်ထုပ်အိမ်ရောက်နေရင်း ဝမ်ရိပေါ်ကို ဖုန်းခေါ်နေတာ တစ်ဖက်ကမကိုင်တာကြောင့်စာပို့လိုက်သည်။
"ရိပေါ် ကျန့်ကျန့်ဘာအင်္ကျီလေးဝတ်ထားရမလဲ...ရိပေါ်ကြိုက်တဲ့ အစိမ်းရောင်လေးဝတ်ထားရမှာလား..."
"ကြိုက်တာဝတ်..."
"အဲ့တာဆို ကျန့်ကျန့်ကြိုက်တာဝတ်မယ်နော်..."
"ကျန့်ကျန့် ဒီကိုလာချင်လား..."
"ဟင်...ကျန့်ကျန့်လိုက်လို့ရဘူးဆို..."
"လာခဲ့..."
"ကျန့်ကျန့်ကို အိမ်ပြန်ရောက်မှ အဖြေပြန်ပေးမလို့ဆို..."
"ဒီမှာပေးမယ် လာခဲ့..."
"ဟင် တကယ်လား..."
"တကယ်...လိပ်စာ ပို့ပေးမယ် အဌားကားဆရာကိုပြောလိုက် ပြီးတော့ မင်းဒီကိုလာတာ ဘယ်သူ့ကိုမှ မပြောနဲ့..."
"အင်းအင်း...ကျန့်ကျန့်စုဘူးလေးပါ ယူခဲ့ရမှာလား..."
"ယူချင်တာယူခဲ့...လာမှာသာလာခဲ့စမ်းပါ...ဘာမှထပ်မပြောနဲ့တော့..."
"အင်းအင်း..."
ကျန့်ကျန့်တစ်ယောက် ထုပ်ထုပ်ကိုပါ ခေါ်ခဲ့လို့ရလားမေးမလို့စာရိုက်ပြီးမှ တစ်ဖက်ကထပ်မပြောဖို့ပြောတာကြောင့် ဆက်မမေးဖြစ်တော့။
ရိပေါ်က ထုပ်ထုပ်ကိုခေါ်လာခိုင်းမှာပါ။ ကျန့်ကျန့် ထုပ်ထုပ်ကိုခေါ်သွားမယ်။
"ထုပ်ထုပ် ကျန့်ကျန့် အိမ်ခဏပြန်လိုက်ဦးမယ်နော် ပြီးရင် ထုပ်ထုပ်ကို ပြန်လာခေါ်ပြီး အဲ့ဒိကလပ်ဆိုတဲ့နေရာသွားရအောင် ထုပ်ထုပ်က ထုပ်ထုပ်မာမားကို ပြန်မပြောရဘူးနော်..."
"အင်း...ထုပ်ထုပ်မပြောဘူး ထုပ်ထုပ်လည်းကျန့်ကျန့်နောက်လိုက်ချင်တယ်...ထုပ်ထုပ်ကိုလည်းခေါ်..."
ကျန့်ကျန့် နှစ်လမ်းကျော်က သူ့အိမ်ကိုအမြန်ပြန်ပြေးပြီး သူကြိုက်တဲ့ အဝတ်အစားလေးတွေရွေးချယ်ဝတ်ပြီးတော့ ပိုက်ဆံတွေပြည့်လျှံ လေးတစ်နေတဲ့ စုဘူးလေးကို လက်ထဲမှာကိုင်ပြီး လူကြီးတွေ မီးဖိုခန်းထဲရောက်နေခိုက် တတောက်တောက်နဲ့မြန်မြန်လျှောက်ပြီးပြေးထွက်လာတော့သည်။
"ကျန့်ကျန့် ဒီနေရာလား..."
"ဟုတ်တယ် ရိပေါ်ပေးတဲ့လိပ်စာက ဒီမှာပဲ..."
"ဘယ်လိုနေရာကြီးလဲ ထုပ်ထုပ်ကြောက်တယ်..."
"မကြောက်ပါနဲ့ ကျန့်ကျန့်ရှိတယ်...လာ လာအထဲဝင်ရအောင် အထဲမှာ ရိပေါ် စောင့်နေမှာ..."
ကျန့်ကျန့်နဲ့ထုပ်ထုပ်တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ကလပ်ထဲဝင်မည်အလုပ် အပြင်ကလုံခြုံရေးကလှမ်းတားလိုက်၍...
"ဟိုကလေးတွေ ဘယ်သွားမလို့လဲ..."
"ကျန့်ကျန့်တို့ ရိပေါ်ဆီသွားမလို့..."
"အသက်ပြည့်ပြီလား...၁၈ နှစ်ပြည့်မှ ဝင်လို့ရမှာ..."
"ကျန့်ကျန့်က ၂၀ ပြည့်ပြီ..."
"ဟိုဘက်က ကလေးကရော..."
ထုပ်ထုပ်ကကြောက်နေတာကြောင့် ကျန့်ကျန့်ကပဲ...
"ဟင်...ထုပ်ထုပ်က ၁၆ နှစ်ပြည့်တော့မှာ ကျန့်ကျန့် အသက်ထဲက ၂ နှစ်ဖဲ့ပေးလိုက်ရင် နှစ်ယောက်စလုံး ၁၈ နှစ်ပြည့်ပြီ...အဲ့တာကြောင့် ကျန့်ကျန့်တို့ ဝင်လို့ရလား..."
လူပုံကြည့်တော့ လက်တောက်လောက်လေးနဲ့ သူ့ကိုတောင်လာပတ်နေတာ။
"အသက် ၂၀ ပြည့်တဲ့သူက ဝင်လို့ရမယ်...ဟို ၁၆ နှစ်ကလေးက မရဘူး...ဝင်ချင်ရင်တော့တစ်ယောက်တည်းဝင် မဝင်ချင်ရင်တော့ နှစ်ယောက်စလုံးပြန်တော့..."
အဝင်ဝက လုံခြုံရေးကြောင့် ကျန့်ကျန့် ဘယ်လိုမှ မတတ်နိုင်စွာ ထုပ်ထုပ်ဘက်လှည့်၍...
"ထုပ်ထုပ် ဒီက ဦးဦးနဲ့ ခဏနေခဲ့နော်...ဒီကဦးဦးကလည်း ထုပ်ထုပ်ကို ခဏကြည့်ထားပါ ကျန့်ကျန့် ရိပေါ်ကိုတွေ့ပြီးတာနဲ့ မြန်မြန်ပြန်လာခဲ့မယ်..."
အခုတော့ ကျန့်ကျန့်တစ်ယောက်ထဲ ကလပ်ထဲသို့ဝင်ရောက်လာ၏။ သူနဲ့ လုံးဝစိမ်းသက်နေတဲ့ ပတ်ဝန်းကျင်မှာဖြစ်၍ ကျန့်ကျန့် သူ့လက်ထဲက စုဘူးလေးကို ရင်ခွင်ထဲတွင်ပိုက်ကာ ဖြည်းဖြည်းချင်းလူတွေကြားထဲတိုးဝင်လာ၏။ ဆေးလိပ်ငွေ့တွေ အရက်စော်တွေကြားထဲမှာ ကျန့်ကျန့်နှာခေါင်းလေးကို ရှုံ့လိုက်လက်ကလေးနဲ့အုပ်လိုက်ဖြင့်။
မီးရောင်မှိန်မှိန်အောက်မှာ စမ်းတဝါဝါးနဲ့ ကျန့်ကျန့်
ဝမ်ရိပေါ်ကို လိုက်ရှာလို့နေ၏။ တစ်ခါတစ်ခါ မူးရူးနေတဲ့လူများဘေးကနေဖြတ်လျှောက်သွားသည့်အခါ ကြောက်လို့ ခန္ဓာကိုယ်လေးတုန်တက်သွားသေး၏။
ကျန့်ကျန့် ဝမ်ရိပေါ်ကို ရှာရင်း ထိုင်ခုံတွေရှိတဲ့တစ်နေရာရောက်တော့ ကောင်လေးနှစ်ယောက်သုံးယောက်အုပ်စုနဲ့ အတူတူထိုင်နေတဲ့ ရေချယ်လ့်ကို တွေ့သည်။ များပြားလှတဲ့ သူစိမ်းတွေကြားထဲမှာ မျက်နှာသိတစ်ယောက်ကိုတွေ့တော့ ဝမ်းသာအားရပြေးသွားကာ...
"ရေချယ်လ်...ရေချယ်လ် ရိပေါ်ကိုတွေ့လား..."
အကောင်သေးသေးလေး တစ်ကောင်က ဒီလိုနေရာမျိုးမှာ လူပျောက်လာရှာတဲ့ပုံမျိုးလေးဖြစ်တာကြောင့် ရေချယ်လ့်ဘေးကလူတွေက အထူးအဆန်းဝိုင်းကြည့်လို့နေ၏။ ထို့နောက်တစ်ယောက်တစ်ပေါက်ဖြင့်...
"ဟိုကလေး နေရာမှားလာတာလား...မင်းအဖေဒီမှာမရှိဘူး...ဟား...ဟား...ဟား..."
"ကျန့်ကျန့်က ပါပါးကို လိုက်ရှာနေတာမဟုတ်ဘူး...ရိပေါ်ကို လိုက်ရှာနေတာ...ရေချယ်လ် ရိပေါ်ကို တွေ့မိလား..."
ကျန့်ကျန့် မေးတာကို ရေချယ်လ်က အဖက်မလုပ်သည့်အသွင်ဖြင့်...
"ဘယ်လိုလုပ်သိမှာလဲ...တို့က ရိပေါ်ကို လိုက်ကြည့်နေတာမှမဟုတ်တာ...ဒါနဲ့ ကျန့်ကျန့်က ဒီကိုဘာလာလုပ်တာလဲ..."
"ရိပေါ်ခေါ်လို့..."
"ဪ တို့တော့ မမြင်မိပါဘူး...ရိပေါ်က ကျန့်ကျန့်ကို လိမ်ပြောတာများလား..."
"ဟုတ်ဘူး ရိပေါ်က ကျန့်ကျန့်ကို ချစ်တယ်လို့အဖြေပြန်ပေးမလို့ ဒီကိုခေါ်လိုက်တာ..."
ကျန့်ကျန့်၏ ရိုးရှင်းလွန်းတဲ့စကားလေးက ကြားရတဲ့လူတွေရဲ့နားထဲမှာ လှောင်စရာတစ်ခုလိုဖြစ်လို့သွား၏။အခုချိန်က ကလပ်မှာသီချင်းသံတွေ ခဏနားနေသည့်အချိန်ဖြစ်၍ ကလပ်ရှိလူများက သောက်စရာခွက်များကို ကိုယ်စီကိုင်ကာ အထူးအဆန်းသတ္တဝါငယ်လေးလို ဖြစ်နေတဲ့ ကျန့်ကျန့်ကို ဝိုင်း၍ကြည့်နေကြသည်။ တစ်ယောက်တစ်ပေါက်ဖြင့် ပါးစပ်ကလည်း...
"အဲ့ဒိ ရိပေါ်ဆိုတဲ့သူက လိမ်ပြောတာနေမှာပေါ့...ဟား...ဟား..."
"ဒီလိုပုံမျိုးလေးကို ဘယ်သူက အတည်ကြိုက်မှာလဲ..."
"ကောင်လေးက ချစ်စရာလေးပါ သနားစရာလေး..."
တစ်စွန်းတစ်စနားထဲဝင်လာသည့် စကားတွေကြောင့် ကျန့်ကျန့်အသက်ရှူသံလေးတွေပြင်းပြီး လက်ဖဝါးတွေကနေချွေးစီးတွေပြန်လာရ၏။ ဘယ်လောက်တောင်လဲဆိုရင် လက်ထဲက စုဘူးလေးကိုတောင် လက်ကချွေးတွေကြောင့် လွတ်ကျမသွားအောင် မနည်းထိန်းကိုင်ထားရတဲ့အထိ။
ကျန့်ကျန့်ရဲ့ ဘဝမှာ ဒီလိုလူတွေ ဝိုင်းအုံကြည့်ခြင်းခံရတာ အခုနဲ့ ဆို နှစ်ကြိမ်မြောက်ဖြစ်သည်။ ပထမတစ်ကြိမ်က သူ့အဖေရဲ့ရက်လည်နေ့။ ထိုနေ့ကရှောင်းမိသားစုရဲ့အသိမိတ်ဆွေတွေက ရက်လည်နေ့ကိုလာရောက်ကြပြီး သူ့အဖေရဲ့ဓာတ်ပုံလေးကိုင်ကာ ငိုနေတဲ့ ကလေးလေး ကို အလယ်မှာထား၍ တစ်ယောက်တစ်ပေါက်ဖြင့် ကရုဏာသက်စွာပြောကြခြင်းဖြစ်သည်။
အခုလက်ရှိဖြစ်နေသည့် အနေအထားမှာ ထိုနေ့က ဖြစ်စဉ်မျိုးဖြင့် ပုံစံမျိုးတူနေတာကြောင့် ကျန့်ကျန့်၏စိတ်အတွင်းနာကျင်မှုလေးတွေတစ်ခါပြန်ပေါ်လာရဟန်တူသည်။
ကျန့်ကျန့်တစ်ယောက် လက်တစ်ဖက်ဖြင့် စုဘူးလေးကို ခန္ဓာကိုယ်နဲ့ကပ်၍ကျစ်နေအောင်ကိုင်ထားပြီး တစ်ဖက်လက်ရှိလက်ချောင်းလေးတွေကလည်း အင်္ကျီအောက်ခြေစနားကို မွနေအောင်လုံးချေလို့နေသည်။
တစ်လုံးချင်းစီးလာတဲ့မျက်ရည်လေးတွေနဲ့အတူ အခုလက်ရှိသူ့ကို ဝိုင်းပြောနေကြသည့် စကားတွေကို သူ့အဖေရက်လည်နေ့က ကြားဖူးခဲ့သည့် စကားသံလေးတွေနှင့် ထင်ယောင်ထင်မှားဖြစ်လို့နေ၏။
"ရိပေါ် ဆိုတဲ့တစ်ယောက်က သူ့ကို လိမ်ပြောသွားတာ နေမှာပေါ့..."(ဟိုကလေးလေးကို ကြည့်ပါဦး...သူ့အမေက လာမယ်ပြောပြီး မလာတာလေ...)
"အူတူတူကောင်လေးက သနားပါတယ် ဟိုတစ်ယောက်က တခြားတစ်ယောက်နဲ့များသွားတွေ့နေတာလား..." (အဲ့ကောင်လေးအမေပေါ့ သူ့အဖေမဆုံးခင်ကတည်းက နောက်ယောကျာ်းရှိနေတာ...ဆုံးလည်းဆုံးရော ကောက်ကနဲနေအောင်ပါသွားတာ...)
"ရိပေါ်ဆိုတဲ့ တစ်ယောက်က ဒီဟာလေးကို မချစ်လို့နေမှာပေါ့ အဲ့တာကြောင့် ခေါ်ထားပြီးတော့ လာတောင်မတွေ့တာ..." (အဲ့ကလေးလေး အမေက သူ့ကလေးကိုရော တကယ်ချစ်ရဲ့လား...တကယ်ချစ်ရင် ဒီလိုတော့ ပစ်ထားခဲ့မှာမဟုတ်ဘူး...)
"ခွမ်း..."
ကျန့်ကျန့်သူ့လက်ထဲက စုဘူးလေးကို သူကိုယ်တိုင်ကြမ်းပြင်နဲ့ကောက်ပေါက်ပြီးခွဲလိုက်သည်။ ကလပ်အတွင်းမှ လူများ၏ တစ်ယောက်တစ်ပေါက်စကားပြောသံတွေလည်း တိတ်ဆိတ်လို့သွားသည်။
ကြွေနဲ့လုပ်ထားတဲ့ ဝက်စုဘူးလေးက တစ်စစီ ကွဲကြေမွလို့နေပြီး အထဲက ငွေစက္ကူလေးများ အကြွေစေ့လေးများကလည်း ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့နေ၏။ ကလပ်အတွင်းရှိ တချို့မူးရူးနေတဲ့ လူပျော်တွေက ကြမ်းပြင်ပေါ်က ပိုက်ဆံလေးတွေကို ကောက်ယူသွားလိုက်ကြ အကြွေစေ့လေးတွေကိုလည်း ဖိနပ်ဦးချွန်များဖြင့် ကန်ကျောက်ဆော့ကစားလိုက်ဖြင့် ဖြစ်ချင်တိုင်းဖြစ်နေ၏။
သူခွဲလိုက်လို့ ကွဲသွားတဲ့စုဘူးလေးနဲ့ သူစုထားတဲ့ ငွေစက္ကူလေးတွေ ကို တစ်ယောက်တစ်ပေါက်လုယူ နေကြတာကို ကျန့်ကျန့်ကြည့်ရင်း တစ်ကိုယ်လုံးတုန်ကာ မျက်ရည်ဥတွေက ကြမ်းပြင်ပေါ်သို့တပေါက်ပေါက်နဲ့အတားအဆီးမဲ့ကျလို့နေသည်။
တချို့သောလူများကလည်း ကျန့်ကျန့်ဖြစ်နေတဲ့ပုံလေးကြောင့် ပျော်စရာ သတ္တဝါလေးတစ်ကောင်ကို စနေရသလို အူမြူးနေပြီးမစာမနာဟားတိုက်ကာ သူတို့စားသောက်နေသည့် အမြည်းပန်းကန်ထဲက စပျစ်သီးလေးများဖြင့်ကောက်ပေါက်၏။ ပဲစေ့ အခွံလေးတွေကိုလည်း ကျန့်ကျန့်ရှိရာဘက်သို့ အဆုပ်လိုက်ပက်ကျဲသည်။
သူ့ကို ဝိုင်းလုပ်နေတဲ့လူတွေကို ကျန့်ကျန့် ကြည့်တောင်မကြည့်ရဲတော့ဘဲ ကြမ်းပြင်ကိုသာ ခေါင်းငိုက်စိုက်ထားတော့သည်။တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းလေးများကလည်း အသံတိုးတိုးလေးဖြင့်...
"ကျန့်ကျန့်ကို မလုပ်နဲ့...ကျန့်ကျန့်ကို အသီးတွေနဲ့မပေါက်နဲ့...ကျန့်ကျန့်နာတယ်..."
"မာမားကလည်း လာမယ်ပြောပြီးမလာဘူး...ရိပေါ်ကလည်းကျန့်ကျန့်ကိုခေါ်ထားပြီးမလာဘူး..."
"ကျန့်ကျန့်ကို မာမားကလည်း လိမ်တယ်...ရိပေါ်ကလည်းလိမ်တယ်..."
"ကျန့်ကျန့်ကိုမာမားကလည်းမချစ်ဘူး...ရိပေါ်ကလည်းမချစ်ဘူး..."
"မာမားကို ကျန့်ကျန့်မချစ်ဘူး...ရိပေါ်ကိုလည်းကျန့်ကျန့်မချစ်ဘူး..."
"မာမားကို ကျန့်ကျန့်မုန်း..."
"ကျန့်ကျန့်...! "
ခပ်ဝေးဝေးအနောက်နားဆီက ဝမ်ရိပေါ်၏ ခေါ်သံကြောင့် ကျန့်ကျန့်ငိုက်စိုက်ထားသည့်ခေါင်းလေးကိုလှည့်လိုက်သည်။ထို့နောက် ဝမ်ရိပေါ်ကိုကြည့်၍ သူ့ရဲ့ ဘယ်ဘက်ရင်ဘတ်လေးကို လက်ညိုးလေးနဲ့ထောက်ပြလိုက်ကာ...
"ရိပေါ်~~ကျန့်ကျန့် ဒီနားနာတယ်~~"
မျက်ရည်တွေရွှဲကာ တစ်ကိုယ်လုံးတုန်ရီနေသည့် ကျန့်ကျန့်ဆီသို့ ဝမ်ရိပေါ် ခြေလှမ်းကြဲကြီးများဖြင့် လျှောက်သွားစဉ် လမ်းတစ်ဝက်အရောက်မှာသူ့ခြေထောက်တွေဟာ စကားတစ်ခွန်းနဲ့ဖြတ်ရိုက်ခံလိုက်ရသည်။
You are reading the story above: TeenFic.Net