အပိုင်း(၁၆) Zawgyi

Background color
Font
Font size
Line height

ကုတင်ပေါ်မှာ ဘေးတစောင်းအနေအထားနဲ့ ခွေခွေလေးအိပ်နေတဲ့သူကို ဝမ်ရိပေါ် စိုက်ကြည့်လို့နေမိသည်။ မျက်ရည်စီးကြောင်းတွေကလည်း ပေတလူးနေတာ။ နမ်းချင်စရာတစ်ကွက်မှ မရှိဘူးလို့တွေးလိုက်ပေမယ့် အတွေးတွေထက် သူ့နှုတ်ခမ်းတွေက မျက်ရည်တွေပေနေတဲ့ ပါးပြင်ပေါ်ကို နစ်ဝင်အောင်ရောက်လို့သွားသည်။

အိပ်နေတဲ့တစ်ယောက်က အထိအတွေ့ကြောင့် နည်းနည်းလှုပ်လာတာမလို့ ဝမ်ရိပေါ် ရပ်လိုက်ပြီး အတက်လိုပေါက်နေတဲ့ နှာတံလေးကို လက်ညိုးနဲ့ဖြတ်တောက်လိုက်သည်။

"အ...ကျန့်ကျန့်နာတယ်..."

"နိုးပြီလားထတော့..."

မနိုးနိုးအောင် တမင်တကာ သွားလုပ်ပြီးမှ နိုးပြီလားပြန်မေးလိုက်တာ သိပ်တော့ မတရား။ မနှိုးလို့လည်းမရ နေ့လည်စာ စားချိန်တောင်ရောက်တော့မယ်။ ခါတိုင်းဆို သူမနိုးခင် မနက် ၇ နာရီလောက်ကတည်းက "ရိပေါ်" "ရိပေါ်" နဲ့ အခန်းရှေ့ အစာလာတောင်းနေကျ ငှက်သားလေးက ဒီနေ့ကျတော့ သူလာမနှိုးရင် ထဦးမည့်ပုံမပေါ်။

"ကျန့်ကျန့်..."

"ဟင်..."

"ရော့..."

"ရိပေါ်..."

"အင်း...နောက်တစ်ခါဆို ဘယ်သူ့ကိုမှ လျှောက်မပေးပစ်နဲ့...ပြောတော့ ငါ့ကို တင်တောင်းဖို့စုထားတာဆို...အဲ့လို လျှောက်လျှောက်ပေးပစ်တော့ ဘယ်လိုလုပ်မှာလဲ..."

"ဒီစုဘူးလေး ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ ရိ​ပေါ်..."

"မိုးပေါ်က ကျလာလို့ လက်နဲ့ခံပြီးယူထားလိုက်တာ..."

မျက်လုံးလေးတွေ အဝိုင်းသားနဲ့ ကြည့်နေတဲ့သူက မိုးပေါ်ကကျလာတယ်ဆိုတာကို တကယ်ကြီးယုံသွားတာတော့ မဟုတ်ဘူးမလား။ ပြောလို့မရဘူး။ ဒီတစ်ယောက်က သူဘာပြောပြောယုံနေတော့။

မနေ့ညတုန်းက ဒီတစ်ယောက် အိပ်မက်ကလန့်လန့်နိုးတဲ့ အသံတွေက ဘေးအခန်းက သူတောင်ကြားသည်။ မနေ့က ကျန့်ကျန့်တစ်ယောက် ကျန့်ကျန့်နဲ့ လုံးဝမတူ ။ မျက်နှာကိုကြည့်လိုက်တာနဲ့ တစ်ခုခုဖြစ်နေမှန်းသိရသည်။ သူမေးရင်လည်း ပြောမှာ မဟုတ်တာကြောင့် ဒီနေ့မနက်စောစောစီးစီးပဲ ဟို ဝတုတ်ကို အကြပ်ကိုင်ပြီးသွားမေးလာတာ။

ဟို ဝတုတ်ကလည်း မပြောချင်ပြောချင်နဲ့ ရိုက်မှာနော် ဆိုမှ ပြောပြမယ် ချက်ချင်းဖြစ်လာတာ။ဝတုတ်ပြောပြတဲ့ ကျန့်ကျန့်ရဲ့ စုဘူးကို ယူသွားတဲ့ လူရဲ့ပုံပန်းသွင်ပြင်ကို ဆက်စပ်ပြီးတွေးကြည့်လိုက်တော့ ရစ်ကီဆိုတာ သိလိုက်ရ​၏။ သူ့ဒုက္ခကလည်း မသေး။ မျက်နှာချင်းမဆိုင်ချင်တဲ့ ကောင်ရဲ့ မျက်နှာကို မနက်စောစောစီးစီး သွားတွေ့ပြီး ပြန်တောင်းလာရတာ။

အရှေ့ကတစ်ယောက်များ ချစ်မွှေးပါချက်။ သူပြန်မတောင်းရင်တောင် ရစ်ကီဆိုတဲ့ကောင်က ပြန်ပေးမလို့ဆိုပဲ။ အဲ့ဒိအစား ငှက်ပေါက်ရဲ့ပါးလေးကို တစ်ချက်လောက်နမ်းခွင့်ပေးပါလို့ စကားနဲ့လာဆွတော့ လက်သီးတစ်ချက်နဲ့မိတ်ဆက်ပေးခဲ့ရသေးတယ်။

"ကျန့်ကျန့်..."

"ဟင်..."

"ဒီနေ့ ထုပ်ထုပ်ရဲ့မွေးနေ့မသွားဘူးလား...ဟိုမှာပြီးတောင်ပြီးတော့မယ်..."

"ဟင်...ထုပ်ထုပ်က ဘာလို့ ကျန့်ကျန့်ကို မဖိတ်တာလဲ..."

သူလည်း အလားတူ မေးခွန်းမျိုး ဟိုဝတုတ်ကိုမေးခဲ့သည်။ အဲ့ ဝတုတ်က ပြန်ပြောတာ ကျန့်ကျန့်က မနေ့ကသူ့ကို ရောင်းစားဖို့လုပ်ခဲ့တာကို စိတ်နာလို့ဆိုပဲ။

"ရပါတယ်...နောက်လကျမှပဲ ကျန့်ကျန့်သွားတော့မယ်..."

"အင်း..."

ထုပ်ထုပ်ရဲ့ မွေးနေ့ကို ပြီးခဲ့တဲ့ လကမှ သူတို့သွားထားကြတာ။ တစ်ဦးတည်းသော သားဖြစ်တော့အမေဖြစ်သူကလည်း စိတ်ကြိုက်ကို လုပ်ပေးနေတော့တာ။ ထုပ်ထုပ်က ၁၆ နှစ်ရောက်ဖို့ အဝေးကြီးလိုသေး။ ဒါပေမယ့် ၁၆ နှစ်ပြည့်မွေးနေ့ဆိုပြီး လုပ်နေတာ ဒီလနဲ့ဆို ငါးခေါက်ရှိပြီ။
___________ ____________

"ကလေးတွေ အဆင်သင့်ဖြစ်ရင် ကားပေါ်တက်မယ်...ရွှီ...ရွှီ..."

စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်ရက်ရောက်လာသည့်အခါ ဝမ်ရိပေါ်နှင့် ကျန့်ကျန့်တို့ တက်နေသည့်ကျောင်းက မေဂျာပေါင်းစုံ အပျော်ခရီးကိုစီစဉ်ပေး​၏။ တခြားသောမေဂျာကကျောင်းသားတွေက သက်ဆိုင်ရာ ဌာန​၏ခရီးသွားကားတွေအပေါ် ချောချောမွေ့မွေ့တက်သွားကြပေမယ့် ကာတွန်းရေးဆွဲ ဌာနဘက်မှာတော့ ကမ္ဘာပျက်နေသည်။

"ဆရာမ သမီးတို့ သန့်စင်ခန်းသွားချင်လို့..."

"ဟဲ့ ဒီဒီနဲ့ ဒါဒါ ခုနကမှ သွားထားတာမဟုတ်လား...ကားပေါ် တက်ကြပါတော့..."

"ထပ်သွားချင်လို့ဆရာမ..."

"သွားဟေ့ သွား မြန်မြန်ပြန်လာကြ..."

ဒီဒီ နဲ့ ဒါဒါ သန့်စင်ခန်းသွားတော့ ပြာပြာနဲ့ဝါဝါကလည်း ထပ်ကြပ်မကွာ။

"ဟဲ့ ဟိုကလေး ကားအောက်ထဲဝင်ပြီးဘာလုပ်မလို့လဲ...တက်ကြိတ်မိရင်ဘယ်လိုလုပ်မတုန်း..."

"သားရဲ့ ဘောလုံးလေး ကားအောက်ထဲဝင်သွားလို့..."

ဆရာမ သူ့နားထင်ကို လက်နှစ်ဖက်နဲ့ ထိန်းကိုင်ရင်း

အသက်ကို ဝဝရှူသွင်းနေရသည်။ ဒီကလေးတွေနဲ့ သူနဲ့ ခရီးစဉ်တစ်လျှောက်လုံးဘယ်လို နှစ်ပါးသွားကြမလဲ။ တစ်တန်းလုံးမှာ ကားပေါ်က ငြိမ်ငြိမ်လေးစောင့်နေတဲ့ ကျန့်ကျန့်ကလွဲလို့ ကျန်တဲ့ဟာတွေက အကုန်ယွပိုးထိုးတွေ။ဆူပြန်ရင်လည်း မထုံတက်သေးရုပ်တွေနဲ့။

အခုဆို တခြားမေဂျာက ကားတွေထွက်ဖို့အဆင်သင့်ဖြစ်နေပြီ။ သူတို့ဌာနတစ်ခုပဲ ကားပေါ်ရောက်နေတဲ့လူ ဆယ်ယောက်မပြည့်သေးတာ။ကားတွေ အားလုံးက တပြိုင်နက်တည်း ထွက်ရမှာဆိုတော့ အားလုံးက သူတို့ကိုပဲ စောင့်နေကြတာ။ ဌာနတွေကြားမှာ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပါပြီ။

"ဟိုဟာတွေ တစ်ယောက်မကျန် အားလုံး ကားပေါ်တက်တော့...! "

ဆရာမ သူတစ်ယောက်တည်း ဗျာများနေစဉ် ဘေးနားသို့အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်နဲ့ တခြားဌာနကကျောင်းသားတစ်ယောက်ရောက်လာပြီး သူ့ဌာနကကလေးတွေကို ပိတ်ဟောက်လိုက်တာကြောင့် သူတောင်လန့်သွားရသည်။ ဒီကောင်လေးကို သူမျက်မှန်းတန်းဖူးပြီးသား။ သူ့ဌာနမှာ ကျန့်ကျန့်လေးကို အမြဲလာစောင့်နေကျ။

မိမိထိန်းတုန်းက ကြွက်ကြွက်ညံနေတဲ့ ကလေးတစ်သိုက် ထိုကောင်လေးရောက်လာတော့ အကုန်မီးသေကုန်​၏။ တရားကျဖို့တော့ ကောင်းသား။ အခုကျတော့ အထုပ်လေးတွေပိုက်၊ မုန့်လေးတွေကိုက်ပြီး ကားပေါ် ကုပ်ကုပ် ကုပ်ကုပ်နဲ့တက်သွားကြတာ။ ပြောလိုက်သေးတယ်။ ဒီအကိုကြီးကို သိပ်ကြောက်တာပဲတဲ့။

ဝမ်ရိပေါ် သူတို့ကားပေါ်ကနေ ကြည့်နေတာကြာပြီ။ အဆင်သင့်မဖြစ်သေးတဲ့ ဟိုတစ်ယောက်ဌာနက ဟာလေးတွေကို တော်တော်ကြည့်မရတော့တာ။ ဟိုတစ်ယောက်ကို ကြည့်လိုက်တော့လည်း ကားပေါ်မှာငိုက်တောင်ငိုက်နေပြီ။

ကားက အခုနေမှမထွက်တော့ရင် ကျန့်ကျန့်တို့က အိပ်ပျော်သွားမှာ။ လမ်းကအလှအပတွေ ဘာတွေလည်း ခံစားလိုက်ရမှာမဟုတ်ဘူး။ အဲ့တာကြောင့် သူဆင်းလာပြီး အကုန်လုံးကို သိမ်းကျုံးဟောက်လိုက်တာ။ အဲ့ဌာနက စာကလေးတစ်သိုက်သူ့ကို ကြောက်ကြတာ သူအတပ်သိသည်မဟုတ်လား။

"ကျေးဇူးတင်ပါတယ် သားရယ်...ဒီက သားနာမည်က ဘယ်လိုခေါ်လဲ..."

ကာတွန်းရေးဆွဲဌာနက ဆရာမ ဝမ်ရိပေါ်​၏ နာမည်ကို အမိအရမေးလိုက်သည်။ သူ့ဌာနက ကလေးတွေကို ငြိမ်အောင် တစ်လမ်းလုံးထိန်းလာတဲ့ နိုင်ကွက်က "နင်တို့ငြိမ်ငြိမ်မနေရင် ငါ ဝမ်ရိပေါ်ကို ခေါ်လိုက်မှာနော် " တဲ့။
___________ ____________

ဌာနစုံရာက ကားတွေ တည်းခိုရမည့် ဟိုတယ်ဆီသို့ရောက်လာသည့်အခါ ကျောင်းသူကျောင်းသားတွေကိုယ့်အထုတ်ကိုယ်ဆွဲပြီး သူတို့နေမည့်အခန်းများတွင် ကိုယ့်စိတ်ကြိုက်သူငယ်ချင်းများဖြင့် အသီးသီးနေရာယူကြသည် ။

ကျောင်းတစ်ခုတည်းဖြစ်တာကြောင့် အတူတူတွဲနေရမည့် သူများမှာ ဌာနတူမှလူများဖြစ်စရာမလို။ ကိုယ်နှစ်သက်ရာလူဖြင့် တစ်ခန်းကို အနည်းဆုံး နှစ်ယောက်ကနေ အများဆုံးလေးယောက်အထိ တွဲနေလို့ရတာဖြစ်​၏။ဒါ့ကြောင့် ဝမ်ရိပေါ်က ကျန့်ကျန့်နှင့်နေသည်။ သူတို့​၏ ဘေးချင်းကပ်အခန်းမှာ ရှန်၊ ဇန် အမွှာညီအစ်ကို နှစ်ဦးနှင့် ရစ်ကီတို့နေသည်။ အခုတလော ရစ်ကီက ဝမ်ရိပေါ်တို့ အဖွဲ့နှင့်လာပေါင်းချင်သလိုဖြစ်နေ​၏။

ကျောင်းသားအားလုံးအခန်းအသီးသီးယူပြီးကြသည့်အခါ ဝမ်ရိပေါ်က ကျန့်ကျန့်​၏ လက်ကိုဆွဲ၍ အမွှာနှစ်ယောက်နှင့်အတူ ကမ်းခြေဘက်သို့ထွက်လာသည်။ သူတို့အနောက်တွင် ရစ်ကီကလည်း ကပ်ပါလာတာကြောင့် ဝမ်ရိပေါ် အမွှာနှစ်ယောက်ကို ကြည့်ပြီး...

"ဟိုကောင်က ဘာလို့ အနောက်က တကောက်ကောက်ဖြစ်နေရတာလဲ..."

တိုးတိုးပြောတာမဟုတ်တဲ့ ဝမ်ရိပေါ်​၏ စကားကို ရစ်ကီ ကြားတာကြောင့်...

"ငှက်ပေါက်ရှိလို့ လိုက်လာတာ ဘာဖြစ်လဲ..."

ထိုင်ချင်သည့် နေရာရောက်သောအခါ ရှန်က သူကိုင်လာသည့် ပျော်ပွဲစားဖျာလေးကို ခင်းလိုက်သည်။ အားလုံးခင်းကျင်းပြီးနောက်ဝမ်ရိပေါ်က ကျန့်ကျန့်ကို အမွှာနှစ်ယောက်နှင့်သေချာအပ်ထားပြီး သူကတော့ ကျန့်ကျန့်အတွက် အုန်းရည်သွားဝယ်လို့နေ​၏။

ရစ်ကီဆိုသည်မှာလည်းသူတစ်ပါးကို မထိတထိစ ရရင်အလွန်ကိုပျော်တတ်ပါသည်။ ကျန့်ကျန့်အတွက် အုန်းရည်သွားဝယ်တဲ့ ဝမ်ရိပေါ် ပြန်လာတာလည်းတွေ့ရော ကျန့်ကျန့် ပါးကို တမင်တကာ ဖျစ်ညစ်ပြီး ထွက်ပြေးပါတော့သည်။ ဝမ်ရိပေါ် လက်ထဲက အုန်းသီးနဲ့ အသေကောက်ပေါက်လိုက်ချင်ပေမယ့် ထူးထူးခြားခြားစိတ်ဆိုးဒေါသတော့မဖြစ်မိ။ ဘာသဘောမှမပါဘဲ ဒီတိုင်းပဲဆွသွားတာဆိုတာ သူသိတာကြောင့်ပင်။

ဝမ်ရိပေါ် ၊ ကျန့်ကျန့် ၊ ရှန် နဲ့ ဇန် အုန်းရည်သောက်ကာ ထိုင်နေသည့်နေရာသို့ ရေကူးဝတ်စုံရောင်စုံများဝတ်ဆင်ထားသည့် ကွန်ပျူတာ မေဂျာမှ ကောင်မလေးတစ်သိုက် ရောက်လာသည်။ ထိုထဲမှ ဦးဆောင်လာသူ ရေချယ်လ်က ဝမ်ရိပေါ်ကို အရင်ဆုံးစကားဦးသန်းလိုက်​၏။

"ရိပေါ် ပြီးခဲ့တဲ့ စာမေးပွဲဖြေနိုင်ရဲ့လား...ကြားထဲမှာ မတွေ့ဖြစ်တာတောင် ကြာနေပြီ..."

ဝမ်ရိပေါ်ကလည်း လူမှုရေးမကျဲတဲ့သူဖြစ်တာကြောင့်အလိုက်အထိုက်သဘောဖြင့်...

"အင်း မဆိုးပါဘူး..."

ရေချယ်လ်က ရှန်နဲ့ဇန်ကို ဝေ့ကြည့်လိုက်ပြီးမှ ကျန့်ကျန့်ဘက်သို့လှည့်ကာ...

"ရှန် နဲ့ ဇန် အမွှာကိုတော့ ရေချယ်လ် သိတယ်ဆိုတော့ ဟိုဘက်က တစ်ယောက်ကရော ဘယ်သူလဲ ရိပေါ်တို့ရဲ့ သူငယ်ချင်းအသစ်လား တစ်ခါမှ မတွေ့ဖူးဘူး..."

ရေချယ်လ် မေးတာကို ဝမ်ရိပေါ်ပြန်မဖြေခင် ကြားထဲက ဇန်က ဖြတ်ပြီး...

"အဲ့တာ ရိပေါ်ရဲ့ အထိမခံလေး...ဟား...ဟား..."

ဇန်​၏ စကားကြောင့် ရေချယ်လ်မသိမသာမျက်နှာကွပ်ကနဲ ဖြစ်သွားရသည်။ သို့သော် အပြုံးတုတစ်ခုဖြင့် ကျန့်ကျန့်ဘက်သို့ လက်တစ်ဖက်ထိုးပေးလိုက်ကာ...

"တို့နာမည်က ရေချယ်လ် လို့ခေါ်တယ်...ဒီဘက်ကရော ဘယ်လိုခေါ်လဲ..."

"ကျန့်ကျန့် နာမည်က ကျန့်ကျန့်လို့ခေါ်တယ်..."

ကျန့်ကျန့်က နာမည်မိတ်ဆက်ပြီးတာနဲ့ အုန်းရည်ပဲ ပြန်ငုံ့သောက်နေတာကြောင့် ရေချယ်လ် တန်းလန်းဖြစ်နေတဲ့ သူ့လက်တစ်ဖက်ကို အောင့်သက်သက်ဖြင့် ပြန်ရုတ်သိမ်းလိုက်သည်။ ဘာမှလည်းဆက်ပြောစရာ စကားစ မရှိတော့တာဖြစ်၍ ဝတ္တရားအရ နှုတ်ဆက်ပြီးတော့ ထိုနေရာမှ ထွက်သွားတော့သည်။

ရင်ထဲမှာတော့ မကျေနပ်သလိုလို အစိုင်အခဲလေးတစ်ခုက ဖြစ်ပေါ်လို့သွား​၏။ ဟိုတုန်းက သူ့အတန်းရှေ့ကို ခဏခဏလာပြီး အသည်းအသန်လိုက်ကြွေပြနေတဲ့ ဝမ်ရိပေါ်က အခုတော့ အဖက်မလုပ်ချင်တဲ့ ပုံစံမျိုးဖြစ်နေတာကြောင့်ပင်။ အဖြေလိုချင်တုန်းကတော့ အသည်းအသန် ၊ အဖြေပြန်ပေးမယ့် နေ့ကျတော့ မျက်နှာလွှဲခဲပစ်ဖြင့် ပေါ်တောင်မပေါ်လာတော့သည့် ကိစ္စတွေလည်း ရှိခဲ့ဖူးသေးတာမဟုတ်လား။

ရေချယ်လ်တို့ မိန်းကလေးအုပ်စုနေရာကခွာသွားသည့်အခါ ယောကျာ်းလေးသဘာဝအတိုင်း ရှန်နဲ့ဇန်​၏ မျက်လုံးတွေက အနောက်ကနေကပ်ပါလို့သွားပြီး နှုတ်ကလည်း...

"လှရက်လိုက်ကြတာ...ရုပ်ရည်လေးတွေရော ကောက်ကြောင်းလေးတွေရောဟေ့..."

ရှန်နဲ့ဇန်ရဲ့ စကားလည်းဆုံးရော ကျန့်ကျန့်သူ့လက်ထဲက အုန်းသီးလေးကို ပစ်ချလိုက်ပြီး ဝမ်ရိပေါ်နှင့် မျက်နှာချင်းဆိုင်လိုက်​၏ ။ ထို့နောက် ဝမ်ရိပေါ်​၏ မျက်နှာကို လက်လေးနှစ်ဖက်ဖြင့် အသာဆွဲယူပြီး သူနဲ့ မျက်လုံးချင်ဆိုင်စေကာ...

"ရိပေါ်..."

"ဘာလဲ..."

"ကျန့်ကျန့်လှလား..."

"မလှပါဘူး..."

"ဘာလို့လဲ..."

"ဒီလောက်ရုပ်ဆိုးတာကို..."

"မမစင်ဒီနဲ့ မမချင်လိပြောတာ ကျန့်ကျန့်က လှတယ်တဲ့..."

"ဟုတ်လို့လား...မျက်လုံးပြူးပြူး နှာခေါင်းသေးသေး နှုတ်သီးချွန်ချွန်နဲ့ ရုပ်ဆိုးပန်းဆိုးကိုများ..."

"အဲ့တာဆို ကျန့်ကျန့်ကရုပ်ဆိုးတာကို မမချင်လိတို့က လှတယ်လို့ လိမ်ပြောတာလား..."

"ဟုတ်တယ်..."

"အဲ့တာဆို ရေချယ်လ် ကရော လှလား..."

ဝမ်ရိပေါ် သဘောပေါက်လိုက်ပါ​၏။ ဒီမေးခွန်းတွေရဲ့ မူလအစက ဘယ်ကနေမြစ်ဖျားခံလာရလဲဆိုတာ။သူတောင် ခေါင်းထဲမရှိတော့တဲ့ နာမည်တစ်ခုကို ဒီတစ်ယောက်ကစွဲစွဲမြဲမြဲမှတ်ထားတာပဲ။ ဒါ့ကြောင့် ခုနကတည်းက ရေချယ်လ်သူတို့ကို လာနှုတ်ဆက်တုန်းက ဒီတစ်ယောက် အုန်းရည်ချည်းပဲ ငုံ့သောက်နေတာ။ အုန်းရည်သောက်တဲ့ ပိုက်ကိုလည်း ကိုက်ထားလိုက်တာ မွစာတွေကြဲလို့။

"ရိပေါ် ရေချယ်လ်ကလှလား..."

"သူ့ဟာနဲ့သူတော့လှမှာပေါ့..."

"ကျန့်ကျန့်က ရုပ်ဆိုးလို့ ရိပေါ်က ကျန့်ကျန့်ကို မချစ်တာလား..."

ကျန့်ကျန့်​၏ အသံလေးတိုးဝင်သွားရ​၏။ဒါကို ဝမ်ရိပေါ်ကြည့်ရင်း ရုပ်တည်ကြီးဖြင့်...

"ဟုတ်တာပေါ့..."

"ရိပေါ် ဘယ်သူ့ကိုမှ လိုက်မကြည့်နဲ့ နော်...ကျန့်ကျန့်ရုပ်ဆိုးလည်း ကျန့်ကျန့်ကိုပဲကြည့်..."

"ငါ့မျက်လုံးနဲ့ ငါကြည့်ချင်တဲ့သူကို ကြည့်မှာပေါ့..."

"....."

"ဒါကဘယ်လဲ...ကျန့်ကျန့်..."

သူ့မျက်နှာကို ကိုင်ထားတဲ့ လက်နှစ်ဖက်ကိုအသာလေးပြန်ဖယ်လိုက်၍နေရာမှထသွားသည့်တစ်ယောက်က သူ့မေးခွန်းကိုတောင် အဖက်မလုပ်။ အောက်နှုတ်ခမ်းလေးချွန်ထွက်လာပြီး သူ့ကိုမသိမသာစွေကြည့်လိုက်သေး။

"ဟိုတစ်ယောက် ဘယ်သွားမလို့...ဟိတ်..ဟိတ်...အဲ့တာဘာလုပ်တာလဲ..."

အရှေ့ကိုဆက်လျှောက်သွားပြီး ဘာမဆိုင်ညာမဆိုင် ကိုယ်ပေါ်က ရှပ်အင်္ကျီအဖြူလေးကိုကောက်ချွတ်နေသည့် ကျန့်ကျန့်ကြောင့် ဝမ်ရိပေါ် ပြာပြာသလဲထလာသည်။ ရှန်နဲ့ဇန်ကတော့ သူတို့ရှေ့က နှစ်ယောက်ကို ပွဲကြည့်နေသည့်အတိုင်း။

"ကျန့်ကျန့် အင်္ကျီတွေဆွဲချွတ်ပြီးဘာလုပ်နေတာလဲ ပြန်ဝတ်စမ်း..."

"ကျန့်ကျန့် ရေကူးမလို့..."

"ဘာလို့ ရေကူးမှာလဲ..."

"ကျန့်ကျန့် စိတ်ညစ်တယ်..."

ဟ...။ဒါကရော ဘယ်ကတတ်လာပြန်တာလဲ။

"ရိပေါ်နဲ့တော့ ကျန့်ကျန့်သိပ်စိတ်ညစ်တာပဲ..."

"ငါ ဘာလုပ်နေလို့လဲ..."

"ဘာမှ လုပ်ပါဘူး...ကျန့်ကျန့် ဘာသာ ကျန့်ကျန့်စိတ်ညစ်တာ..."

"အေး အဲ့တာဆိုလည်း အင်္ကျီလေးတော့ပြန်ဝတ်..."

"ဝတ်ပါဘူး ကျန့်ကျန့် ရေကူးချင်တာ...ရင်ဘတ်ထဲပူလို့..."

"ရင်ဘတ်ထဲက ဘာကြောင့်ပူတာလဲ ပြောပါဦး..."

"ကျန့်ကျန့် သိဘူး...ကျန့်ကျန့်ရေပဲစိမ်ချင်တယ်..."

"အေး ရေစိမ်ချင်ရင်လည်း အင်္ကျီလေးတော့ ပြန်ဝတ်..."

"ဟိုမှာလေ သူများတွေလည်း အင်္ကျီဝတ်ပါဘူး ရေထဲဆင်းကြတယ်လေ..."

"ကျန့်ကျန့်..."

"ဟင်..."

"အပိုတွေသိပ်မပြောဘူးနော် အင်္ကျီဝတ်...အင်္ကျီပြန်ဝတ်မှ ရေထဲဆင်းရမယ်..."

"အင်းအင်း ကျန့်ကျန့်ဝတ်မယ်...ရိပေါ်နဲ့တော့ ကျန့်ကျန့်သိပ်စိတ်ညစ်တယ်..."

ရုပ်လေးနဲ့ မလိုက်အောင် သက်ပြင်းတွေချရင်း လှုပ်စိလှုပ်စိနဲ့ အင်္ကျီပြန်ဝတ်နေတဲ့သူကို ဝမ်ရိပေါ်ကြည့်ကာ ကြိတ်ရယ်နေမိသည်။ အဲ့နှုတ်သီးလေးကလည်း စိတ်ညစ်တယ်ဆိုတာ ချည်းပဲ။

"ရော့...နောက်တစ်ထပ် ထပ်ဝတ်..."

နဂိုအင်္ကျီလေးပြန်ဝတ်ပြီးတဲ့ ကျန့်ကျန့်ကို ဝမ်ရိပေါ် သူ့ရဲ့အပေါ်ရုံ ရှပ်အင်္ကျီကိုပါထပ်ဝတ်ပေးလိုက်ပြီး လည်ပင်းတစ်ဆုံးကြယ်သီးတွေတပ်ပေးလိုက်သည်။ ထို့နောက် ကျန့်ကျန့်လက်ကိုဆွဲပြီး သူပါရေထဲဆင်းသွားတော့​၏။

ပင်လယ်ကမ်းခြေတွင် မိန်းကလေးများကလည်းရေကူးဝတ်စုံရောင်စုံများ ၊ ယောကျာ်းလေးများကလည်း ဘောင်းဘီတိုပွပွများ ဖြင့် အသီးသီးလွတ်လွတ်လပ်လပ်ရေကူးနေကြသည်။

အားလုံးထဲမှာအထူးခြားဆုံးက ကျန့်ကျန့်။ အင်္ကျီနှစ်ထပ်ဖြင့် ရေကစားနေရသည့်အပြင်လက်တစ်ဖက်ကိုလည်း ဝမ်ရိပေါ်က အလွတ်မပေးဘဲ ဆွဲထားသေး​၏။

ထိုမြင်ကွင်းလေးကို ကိုယ့်အာရုံနဲ့ ကိုယ်ဆော့ကစားနေကြသူများအဖို့ သတိထားမိချင်မှ ထားမိမှာဖြစ်ပေမယ့် ကမ်းစပ်နဲ့ခပ်ဝေးဝေးမှာ နေပူစာလှုံနေတဲ့ ရေချယ်လ်ကတော့ လက်ထဲက နေကာမျက်မှန်ကို ချိုးလိုက်မိသည်အထိတောင် ဖြစ်လို့သွားရ​၏။

"တောက်...! "

သူ့ရဲ့မျက်လုံးထဲမှာ ဟိုတစ်ယောက်ကို ဝမ်ရိပေါ် သည်းသည်းလှုပ်ပြနေတာ ကြက်ခြေခတ်တွေဖြစ်နေတယ်။


You are reading the story above: TeenFic.Net

#random