"ကျွီ..."
ဝမ်ရိပေါ် လမ်းတစ်ဝက်ရောက်နေပြီဖြစ်တဲ့ သူ့ကားကို ပြန်ကွေ့လိုက်သည်။ သူ့ဖုန်းကို တဂွမ်ဂွမ် တစ်လှည့်စီခေါ်နေတဲ့ ရှန်နဲ့ ဇန်ကြောင့် ကားမောင်းရင်းပင်ဖုန်းကို ကောက်ကိုင်လိုက်၏။
"ဟေ့ရောင် ရိပေါ်...မင်းဘယ်မှာလဲ ငါတို့ဒီမှာစောင့်နေတာ ရေချယ်လ်ရောက်နေတာလဲ ကြာပြီ မင်းကို ဒေါပွနေပြီ..."
"သူ့ကိုပြောလိုက် ဒီကိစ္စတွေက မရှိခဲ့ဘူးလို့ သဘောထားလိုက်ပါလို့..."
"ဟေ့ကောင်...အလောင်းအစားကရော...တစ်ဝက်တစ်ပျက်မှာရပ်လိုက်ရင်လည်း အရှုံးပေးတာနဲ့ တူတူပဲနော်..."
"အဲ့တာဆိုလည်း ရှုံးတယ်လို့ပဲထားလိုက်..."
"ရိပေါ် ပြိုင်ကား နှစ်စီးတောင်နော်..."
"မနက်ဖြန်မနက် ရစ်ကီကို အိမ်မှာ ကားသော့လာယူခိုင်းလိုက် ဒါပဲ ကားမောင်းနေတယ်..."
"ဟေ့ရောင်..ဟေ့ရောင်..."
ဝမ်ရိပေါ် စကားကို တိုတိုပြတ်ပြတ်ပြောကာ ဖုန်းကို တိကနဲချလိုက်ပြီး ကားကို တရှိန်ထိုးမောင်းလာတော့သည်။ မနက်ဖြန်ဆို သူအခုလက်ရှိစီးနေတဲ့ ပြိုင်ကားက သူ့ဟာ ဟုတ်တော့မှာ မဟုတ်ဘူး။ ပြိုင်ကားနှစ်စီးက သူ့နှလုံးသားနဲ့ လဲပစ်လိုက်ဖို့အထိတော့ လုံးဝမတန်ဘူးမလား။
ကိုးနှစ်သားအရွယ်တုန်းကပေါ့...
သူ့အခန်းရှေ့မှာ မျက်ရည်လည်ရွှဲနဲ့ အာခေါင်ခြစ်လာငိုနေတဲ့ တစ်ယောက်က...
"ရိပေါ်...ရိပေါ် လိမ်ပျံကြီးစီးပြီးကျန့်ကျန့်နဲ့ အဝေးကြီးကို သွားမလို့ဆို..."
လေယာဉ်ပျံကိုတောင် ဖြောင့်ဖြောင့်မပြောတတ်သေးတဲ့ ကျန့်ကျန့်ထက်စာရင် သူက အများကြီးရင့်ကျက်ခဲ့တယ်။ မျှော်လင့်ချက်အမှားတစ်ခုကို ပေးခဲ့တာတော့ မဟုတ်ဘူး။
သူ့နောက်လိုက်ချင်ရင် ပိုက်ဆံစုထားပါလို့ပြောခဲ့လိုက်တာက တကယ်တော့သူကျန့်ကျန့်ရဲ့အကျင့်လေးကို သိလို့။ တကယ်လို့ ဒီလို မျှော်လင့်ချက်လေးသာ မပေးခဲ့ရင် ကျန့်ကျန့်က သူမထွက်သွားခင် တစ်နှစ်လုံး ဝမ်းနည်းနေမှာ။
အချိန်တန်ရင်တော့ သူတို့နှစ်ယောက်ခွဲရလို့ ကျန့်ကျန့်ဝမ်းနည်းရမှာပဲ။ဒါပေမယ့် အဲ့တစ်နှစ်လုံးမှာ ကျန့်ကျန့်က လေယာဉ်ပျံလက်မှတ်ဖိုးစုပြီး သူ့နောက်လိုက်ခဲ့မယ်ဆိုတဲ့ အတွေးနဲ့ပဲပျော်နေခဲ့တယ်။
သူများထက်ကျန့်ကျန့်အကြောင်းကိုသူ ပိုများသိနေတာလား။ သူထွက်သွားပြီး မကြာခင်မှာပဲ ကျန့်ကျန့်က သူထွက်သွားတဲ့ ကိစ္စကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားလိမ့်မယ်ဆိုတာသူအတပ်သိနေတာ။
တကယ်ထွက်သွားတဲ့နေ့မှာ ကျန့်ကျန့်ကို သူမျက်ရည်လည်ရွှဲနဲ့ မမြင်ချင်လို့ တခြားနေရာမှာ စောင့်နေခိုင်းခဲ့တယ်။သူသိတာပေါ့ အဲ့ဒိနေ့တုန်းကလည်း ဒီနေ့လိုပဲ နှင်းတွေအရမ်းကျနေတာ။ အဲ့ဟာလေးက သူမလာမချင်းကိုစောင့်နေခဲ့မှာပဲ။ ဒါဆိုအခုကရော...
ငယ်ငယ်လေးတုန်းကအတိုင်းမပြောင်းလဲတဲ့ ကျန့်ကျန့်က အခုလည်းသူချန်ထားတဲ့ နေရာမှာပဲ ငြိမ်ငြိမ်လေးစောင့်နေဦးမှာပဲ။
"ကျစ်..."
နှင်းမိုးတွေရွာနေတာဖြစ်၍ လမ်းမှာကားလမ်းတွေ ကားတိုးမပေါက်အောင် ပိတ်လို့နေတာဖြစ်တာကြောင့် ဝမ်ရိပေါ် သူ့အမိုးပွင့် ပြိုင်ကားပေါ်ကနေ ကျစ်သပ်လိုက်၏။ တစ်စထက်တစ်စသည်းလာတာကြောင့် ဝမ်ရိပေါ် သူ့ခန္ဓာကိုယ်ပေါ်ကျလာတဲ့ နှင်းစက်နှင်းပေါက်တွေရဲ့ ဒဏ်မခံနိုင်တော့ဘဲ အမိုးဖွင့်ထားသော ပြိုင်ကားကို ပြန်ပိတ်လိုက်ကာ အနွေးစက်ပါဖွင့်လိုက်သည်။
"ပွမ်...!!!! "
ကားပေါ်မှာ ထိုင်စောင့်နေတဲ့ ဝမ်ရိပေါ် စိတ်မရှည်တော့တာကြောင့် ဟွန်းသံရှည်ကြီးကို ထတီးလိုက်တဲ့အခါ ပတ်ဝန်းကျင်က ကားသမားတွေက ထဆဲ၏။ဝမ်ရိပေါ် နာရီကို ကြည့်လိုက်တော့ ညဆယ်နာရီ ထိုးပြီဖြစ်သည်။ ဒီတိုင်းဆို ဟိုကုန်တိုက်လဲ ပိတ်လောက်ပြီဖြစ်တာကြောင့် ဝမ်ရိပေါ် အရမ်းကို အလျင်လိုမိသွား၏။
ကားပေါ်က ဆင်းပြီးပဲ ပြေးသွားမယ်ဆိုရင်လည်း တစ်နာရီလောက်ကြာမှ ရောက်မှာဖြစ်တာကြောင့် ကားနှင့်သွားလျှင် မိနစ်နှစ်ဆယ်လောက်သာ ကျန်တော့သည့် ခရီးကို စိတ်ရှည်စွာစောင့်လို့နေသည်။
"တီ...တီ...တီ..."
လမ်းစည်ပင်တွေက နှင်းပုံနှင်းခဲတွေကို ရှင်းပြီးသွားသည့်အခါ ကားလမ်းက ပြန်ပွင့်သွားတာကြောင့် ဝမ်ရိပေါ် တုံ့ဆိုင်းမနေဘဲ ကားကို မိုင်ကုန်မောင်းလာ၏။ မြင်မြင်သမျှကို မတိုက်မိရုံတမယ် မောင်းလာတာတောင် သူရောက်လိုသည့် ကုန်တိုက်ရှေ့သို့ရောက်သည့်အခါ ည ၁၁ နာရီခွဲပြီဖြစ်သည်။
မှောင်မည်းနေသော ကုန်တိုက်ဘေးနားမှာ ဝမ်ရိပေါ် မျက်လုံးများကို ဝေ့ဝိုက်ရှာကြည့်တော့ လုံခြုံရေးတစ်ယောက်ကလွဲလို့ တခြားလူရိပ်နဲ့ တူတာလည်း တစ်ခုမှ မရှိ။ ထို့ကြောင့် ထိုလုံခြုံရေးဆီကိုပဲသွားပြီး ကျန့်ကျန့်၏ ပုံပန်းသွင်ပြင်ကိုပြောပြကာ မေးလိုက်သည်။ ထိုအခါ လုံခြုံရေးက...
"ကျွန်တော် ၁၀ နာရီခွဲ ဂျူတီချိန်းဖို့ဝင်လာတော့ ဒီက အစ်ကိုလေးပြောတဲ့ တစ်ယောက်ကို မြင်မိပါသေးတယ်...ဟိုအပင်လေးအောက်မှာ နှင်းရုပ်လေးနဲ့ကစားနေတာလား မသိဘူး...ကျွန်တော်လည်း ကြားထဲမှာ အပေါ့အပါးသွားပြီး ပြန်လာတော့ မတွေ့မိတော့ဘူး...ကျွန်တော့်စိတ်ထဲမှာတောင် သူ့အိမ်က လာပြန်ခေါ်သွားပြီထင်တာ..."
ဝမ်ရိပေါ် သူ၏ မျက်နှာကို လက်ဖြင့် ရဲတွတ်နေအောင်ပွတ်လိုက်ပြီး မဆိုင်းမတွ လုံခြုံရေး ညွှန်ပြလိုက်သည့် အပင်ဘက်ကို ပြေးသွားလိုက်၏။ သွားကြည့်တော့ နှင်းလူသားရုပ်လေးက လွဲလို့ဘာမှမရှိ။နှင်းမိုးတွေ ကျနေသည့်ကြားက ဝမ်ရိပေါ်တစ်ယောက်ချွေးတွေပြန်လာသယောင်။ လက်တွေတုန်နေတာ အအေးဒဏ်ကြောင့်လို့တော့ မထင်။
ဝမ်ရိပေါ် ဖုန်းကိုထုတ်လိုက်ပြီး အရင်ဆုံးသူ့အိမ်ဖုန်းကိုခေါ်လိုက်သည်။ အတန်ကြာသည့်တိုင် ဖြေကြားမှုမရှိတာကြောင့် အိမ်မှာ ဘယ်သူမှမရှိမှန်းသိလိုက်ရ၏။ သူ့အမ ချင်လိကို ဖုန်းဆက်တော့လည်း မကိုင်။ နောက်ဆုံးအနေနဲ့ သူ ဒေါ်လေးရင်ကို ဖုန်းခေါ်လိုက်သည်။ ဒေါ်လေးရင်ကပြန်ကိုင်ပေမယ့် သူမမေးခင်...
"ရိပေါ်...လူလေးတို့ တစ်အိမ်လုံး ဒီနေ့ဘယ်ရောက်နေကြတာလဲ အိမ်ကြီးလဲ မှောင်မည်းလို့..."
သူလိုချင်တဲ့ အဖြေမဟုတ်သည့်အခါ ဝမ်ရိပေါ် ဖုန်းကို ချက်ချင်းပြန်ချလိုက်ကာ ကုန်တိုက်ဘက်သို့ပြန်ပြေးသွားပြီး ခုနက လုံခြုံရေးဆီသွား၍...
"စီစီတီဗီ တွေရှိလား... ဒီနားမှာ တပ်ထားတဲ့ စီစီတီဗီတွေရှိလား..."
"မရှိဘူး ခင်ဗျ...ဒီနားတစ်ဝိုက်က ကုန်တိုက်တွေက လုံခြုံရေးတွေ ငှားကြတော့ စီစီတီဗီတွေ မတပ်ကြဘူး..."
ဝမ်ရိပေါ် ဒီနားမှာပဲ အချိန်ဆက်မဖြုန်းတော့ဘဲ ကားပေါ်ချက်ချင်းတက်၍ ဖြည်းဖြည်းမောင်းကာ လိုက်လို့ရှာနေ၏။ လက်တွေတဆတ်ဆတ်တုန်ကာ လက်ဆစ်ကို တတိတိကိုက်နေသည်က စိုးရိမ်မှုတွေ အထင်းသား။
မြို့ထဲမှာ တစ်လမ်းဝင်တစ်လမ်းထွက်နှင့်သွားလာနေသည့် ပြိုင်ကားလေးက မနက်မိုးစင်စင်လင်းသည်အထိ ရွေ့လျားလို့နေဆဲသာ။
"ခွပ်..."
မနက်ကိုးနာရီရောက်လို့ ဝမ်ရိပေါ် သူ့အိမ်အရှေ့ခန်းသို့ခြေချလိုက်သည်နှင့် လက်သီးတစ်လုံးက မျက်နှာပေါ်သို့ အရှိန်ဖြင့်ကျရောက်လာ၏။
ဝမ်ဖေးရန် သူ့လက်သီးကြောင့် နှုတ်ခမ်းထောင့်သွေးစို့သွားတဲ့ သူ့သားကို ကြည့်ပြီး...
"ဟေ့ကောင် အရှေ့ပြန်တိုးလာခဲ့..."
"ခွပ်..."
နောက်လက်သီးပြင်းတစ်ချက်က ဝမ်ရိပေါ်၏ မျက်နှာပေါ် ထပ်ပြီးကျရောက်သွားသည့်အခါ အမေဖြစ်သူ ဟုန်လိ မနေနိုင်တော့...
"ရှင်တော်တော့ လက်လွန်မယ်...ရိပေါ် သားလည်း အပေါ်တက်တော့..."
"မင်းမပါနဲ့ ဟုန်လိ...ဟိုကောင်လည်း ဒီကနေ တစ်လှမ်းတောင်မရွေ့နဲ့...အဲ့ဒိအလောင်းအစားကိစ္စတွေကို ရပ်ဖို့ ငါဟိုမှာကတည်းက ပြောထားတယ်...မင်းနားမထောင်ဘဲ ငါ့ကို အကဲလာစမ်းတယ်..."
"....."
"အေး အဲ့ဒိပြိုင်ကားနှစ်စီးဝယ်တုန်းက မင်းလုပ်စာ ဘယ်နှစ်ပြားပါလဲ...မိဘလုပ်စာကို အခန့်သင့်လေးထိုင်စားပြီး အလောင်းအစားကလည်း လုပ်လိုက်သေး..."
"....."
"အေး အဲ့တာတွေထက် မင်းဘာဖြစ်လို့ ညတုန်းက ကျန့်ကျန့်လေးကို တစ်ယောက်တည်း ချန်ထားခဲ့ရတာလဲ...တော်သေးလို့ စင်ဒီနဲ့ မင်းအမ အပြင်သွားရင်း မတော်တဆ မတွေ့မိလိုက်ရင် မင်းဘယ်အချိန်ထိ ပစ်ထားခဲ့ဖို့တောင် စဉ်းစားနေတာလဲ...ငါကွာ...တောက် ! "
"မလုပ်ပါနဲ့တော့ဆို ရှင်ကလည်း..."
"မင်းသားကို မင်းအဲ့လို ကာဆီးကာဆီးလုပ်နေလို့ အဲ့ကောင် သူများသားသမီးကို တန်ဖိုးမထားတတ်တာ..."
ဝမ်ဖေးရန် သူ့သား၏ အင်္ကျီကော်လံစကို ဆွဲ၍ အံကြိတ်ကာ...
"ညတုန်းက ကျန့်ကျန့်လေးကို ဆေးရုံတင်လိုက်ရတာရော သိလား...ဆရာဝန်ပြောတာ နှင်းကိုက်(frostbite ) တာတဲ့...မင်းထားခဲ့တဲ့နေရာမှာ စောင့်နေတဲ့ ကလေးက အေးလွန်းလို့ လက်ထိပ်ခြေထိပ်လေးတွေ ရဲတွက်နေပြီး ဒီမနက်ငါတို့ ပြန်လာတဲ့အထိ ထုံကျင်ပြီး စူးကိုက်နေတာ...နည်းနည်းကြာကြာသာ ထပ်နေရင် လက်တွေခြေတွေ သွေးတောင်မလျှောက်နိုင်တော့တဲ့အထိဖြစ်သွားမှာတဲ့...အဲ့တာတွေရော မင်းသိရဲ့လား...ဟာကွာ..."
"ခွပ်..."
ဝမ်ဖေးရန် သူ့သားကို နောက်တစ်ခေါက်ထပ်ထိုးလိုက်သည်။ချင်လိလည်း ဒေါသအရမ်းထွက်နေတဲ့ သူ့အဖေကြောင့် ဝင်မဆွဲရဲ။ သူ့မောင်ရိပေါ်ကိုကြည့်လိုက်တော့လည်း ခါတိုင်းလို တစ်ခွန်းမကျန် ပြန်မပြောဘဲ နှုတ်ခမ်းတင်းတင်းစေ့လို့ သူ့အဖေလုပ်သမျှကို ခံနေသည်။ သူ့အပြစ်သူသိသည့်သဘော။
နှုတ်ခမ်းထောင့်သွေးတွေ မြင်မကောင်းအောင် ထွက်နေသည့် ရိပေါ်ကို ကြည့်ပြီး သူစိတ်မကောင်း။ရိပေါ်နဲ့ ဘယ်လောက်အကြောတည့်တည့် မတည့်တည့် သူ့ရဲ့ တစ်ဦးတည်းသောမောင်ပဲ မဟုတ်လား။
အောက်ထပ်မှာ ဝမ်ဖေးရန် သူ့သားကို စိတ်တိုင်းကျ ဆုံးမနေရင်း လှေကားထစ်တွေဆီကနေ ပြေးဆင်းလာတဲ့ အရိပ်လေးကို တွေ့လိုက်တော့ ထိုအရိပ်လေး အောက်ထပ်မရောက်လာခင်ကြိုပြီး အသံမာမာဖြင့်...
"ကြားထဲက ဒီကောင့်ကို မထိုးဖို့ လာတားမယ် ကြံနေတဲ့သူတွေကိုလည်း ဟိုမှာထောင်ထားတဲ့ တုတ်အကြီးကြီးနဲ့ ချမှာနော်...ကြည့်ကြပ်နေ...ချန်ထားတဲ့ ကောင်ကိုလည်း ရိုက်မယ်...ဘယ်ခေါ်သွားသွား လိုက်သွားပြီး ဘယ်မှာချန်ထားထားနေခဲ့တဲ့ သူတွေကို ပါ အကုန်ဆော်မှာ..."
ဝမ်ဖေးရန်လည်း အသံမာမာနဲ့ပြောလိုက်ရော လှေကားက အရိပ်လေးက လှေကားထစ်တစ်ခုမှာ ချက်ချင်းဝပ်သွားသည်မှာ ဖားပျံလေးအလား။ဒါကို ဝမ်ဖေးရန်ကြည့်ပြီး ရယ်တောင်ရယ်ချင်မိသွားသည်။ ကျန့်ကျန့်လေးက သူအဆော်ခံရမှာတော့ ကြောက်သား။ဒီပုံလေးမြင်ပြီး သူ့ဒေါသတွေတောင် နည်းနည်းလျော့သွားသယောင်။
သူ ရိပေါ်ကို ပြိုင်ကားလေးနှစ်စီးကြောင့် ဒေါသထွက်နေတာမဟုတ်။သူရှာသမျှက ဒီသားဒီသမီးအတွက်ပဲ။ အင်းအခုတော့ ကျန့်ကျန့်လေးအတွက်ပါပေါ့။ ပြိုင်ကားလေးနှစ်စီးလောက်ကတော့ ဘာမှမပြောပလောက်။ အဲ့တာတွေထက် ဒီမကောင်းတဲ့ အကျင့်ကို ရိပေါ် စွဲသွားပြီး ဒုက္ခကြုံမှာစိုး၍သာ။ဘာမှ မကြည့်နဲ့ မနေ့ညက ကိစ္စတစ်ခုပဲကြည့်။
သူတို့ အလုပ်ကိစ္စကြောင့် မနက်မှအိမ်ပြန်ရောက်ရောက်ချင်း သူ့သားနဲ့ အရွယ်တူ ကောင်လေးတစ်ယောက်က ခြံရှေ့လာပြီး ပြိုင်ကားနှစ်စီးကိုလာတောင်းတာပင်။ ဒီကိစ္စမှာ သူဒီလောက် ဒေါသမထွက်သေး။ ကလေးအချင်းချင်းအလောင်းအစားကိစ္စကို ဝင်မစွက်ဖက်ချင်တာကြောင့် သူအသာတကြည်သာပေးလိုက်သည်။
သူ့ဒေါသမီးပုံပေါ်ကို ယမ်းကျသွားတဲ့ကိစ္စက စင်ဒီနဲ့ချင်လိ နှုတ်ခမ်းလေးတွေဖြူစုတ်နေတဲ့ ကျန့်ကျန့်လေးကို တွဲပြီး ဝင်လာတဲ့မြင်ကွင်း။ အကျိုးအကြောင်းသိလိုက်ရတဲ့အခါမှာ ဟိုကောင် ပြန်လာမှာကို သူအိမ်ရှေ့ကနေထိုင်စောင့်နေခြင်းဖြစ်သည်။ဘယ့်နှယ် သူများသားသမီးကို တကယ် တကယ်။
ဝမ်ဖေးရန် သူဆွဲထားသည့် ကော်လံစကို လွှတ်ပေးလိုက်ကာ...
"သွားတော့ မင်းမျက်နှာ ငါမမြင်ချင်သေးဘူး...နောက်တစ်ခါ ဒီလိုမျိုးထပ်ဖြစ်လို့ကတော့ အိမ်ပေါ်ပြန်မတက်လာနဲ့...သွားစမ်း...သွား..."
ဝမ်ရိပေါ် သူ့အဖေလက်ထဲက ထွက်လာပြီးနောက် အပေါ်ထပ်လှေကားတွေဆီသို့ တစ်လှမ်းချင်းတက်လာသည်။ လှေကားတစ်ဝက်အရောက်မှာ ဝပ်နေတဲ့ ကိုယ်လေးကို တွေ့တော့ ပင့်သက်တစ်ချက်ရှိုက်ပြီး အသာအယာလေးကောက်ပွေ့လိုက်သည်။ နွေးတေးတေး ဖြစ်နေတဲ့ ကိုယ်လေးက အဖျားငွေ့ရှိသေးသည့်ပုံ။

နှင်းကိုက်နာ (Frostbite) ပထမအဆင့်
ဝမ်ရိပေါ် ကျန့်ကျန့်ကို ပွေ့ပြီး ကျန့်ကျန့်၏ အခန်းထဲသို့ဝင်လာကာ ကုတင်ပေါ်မှာ ထိုင်စေလိုက်၏။ ထို့နောက်စကားတစ်ခွန်းမှ မပြောဘဲ ကုတင်အောက်မှာထိုင်ချလိုက်၍ ကျန့်ကျန့်၏ လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အသေအချာ ကြည့်လိုက်သည်။ လက်ထိပ်လေးတွေက အကိုင်မခံနိုင်တဲ့ပုံလေး နီရဲတွတ်နေပြီး သူသွားထိမိတော့...
"အ...ကျန့်ကျန့် နာတယ်..."
ကျန့်ကျန့် နှုတ်က နာကျင်သံပိစိလေးထွက်လာသည့်အခါ ဝမ်ရိပေါ် ခေါင်းကို ငိုက်စိုက်လိုက်သည်။ခန္ဓာကိုယ်ကလည်း ရှိုက်သံကြောင့် တစ်ချက်တစ်ချက်လှုပ်လို့သွား၏။ ဒါကို ကျန့်ကျန့်သိတော့...
"ရိပေါ်...ဘာလို့ ငိုနေတာလဲ...ဦးဦးဖေးရန် လုပ်လို့လား..."
ဝမ်ရိပေါ် အသက်ဝဝရှိုက်သွင်းလိုက်ကာ မျက်ရည်တွေသုတ်လိုက်ပြီး ကျန့်ကျန့်ကို ကြည့်လိုက်၏။ ထို့နောက်နှာခေါင်းထိပ်လေးကို မနာအောင်ဆွဲလိုက်ပြီး...
"အင်း ဟုတ်တယ်...ငါ့ ပါပါး ငါ့ကိုထိုးလိုက်လို့..."
"ရိပေါ် ကားတွေ သူများယူသွားလို့လား..."
သူ့အတွေးနဲ့သူပြောနေတဲ့ ကျန့်ကျန့်ကြောင့် ဝမ်ရိပေါ် ရယ်မိသွားသည်။
"အင်း ဟုတ်တယ် ငါ့ကားတွေ သူများယူသွားတာ..."
"ဘယ်သူယူသွားတာလဲ..."
"မင်းပြောပြောနေတဲ့ ရစ်ကီဆိုတဲ့ကောင်ယူသွားတာ..."
ကျန့်ကျန့်က မျက်မှောင်လေးကျုံ့ပြီး...
"ရစ်ကီက လူဆိုးကြီး ရိပေါ်ရဲ့ ကားတွေ ယူသွားတယ်...ကျန့်ကျန့်ပြန်ဝယ်ပေးမယ်..."
"ဆိုပါဦး ဘယ်လိုပြန်ဝယ်ပေးမှာလဲ..."
ကျန့်ကျန့်က ဝမ်ရိပေါ် မျက်နှာအနီးသို့ တိုးကပ်သွားကာ အသံတိုးတိုးလေးဖြင့်...
"ကျန့်ကျန့် စုဘူးထဲမှာ ပိုက်ဆံတွေ အများကြီးရှိနေပြီ...ရိပေါ်ကို ကားတွေပြန်ဝယ်ပေးမယ် အဲ့တာကြောင့် ငိုနဲ့တော့နော်...ရိပေါ်ငိုရင် ကျန့်ကျန့်လည်း ငိုချင်တယ်..."
ဝမ်ရိပေါ် သူ့အောက်နှုတ်ခမ်းကို ကိုက်ထားတာ ပြတ်ထွက်လုနီးနီးတောင်ဖြစ်လို့နေပြီ။ သူ့အရှေ့ကတစ်ယောက် က ဘာဖြစ်စေချင်နေတာလဲ။ သူ့ကို စိတ်ဆိုးဒေါသထွက်ပြီး ထုရိုက်လိုက်တာမှ ခံသာဦးမယ်။ ဒီလိုလေးတွေ လာပြောနေတော့ သူဘာလုပ်ရမှာလဲ။
"ကျန့်ကျန့်..."
"ဟင်..."
"ဆေးသောက်ထားတယ် မလား ပြန်အိပ်တော့..."
"ခုမှ နိုးလာတာ ကျန့်ကျန့် အိပ်ချင်ဘူး..."
"မအိပ်ချင်လည်း ပြန်အိပ်..."
"အင်းအင်း ကျန့်ကျန့် ပြန်အိပ်မယ်..."
ဝမ်ရိပေါ် သူပြောလိုက်လို့ အိပ်ရာပေါ်လှဲလိုက်ပြီးမျက်လုံးတွေ ချက်ချင်းမှိတ်လိုက်သည့် ကျန့်ကျန့်ကို စောင်ထူထူလေးခြုံပေးလိုက်ကာ ဗီဒိုထဲက ဖားအရုပ်နဲ့ အနွေးဦးထုပ်လေးယူ၍ဝတ်ပေးလိုက်သည်။
ထို့နောက် မအိပ်ချင်ဘဲ ကြိတ်ပြီး မှိတ်ထားသည့်မျက်ခွံလေးတွေပေါ် သူခပ်ဖွဖွလေးနမ်းလိုက်မိသည်။ သူ့ကိုနမ်းလို့ နမ်းလိုက်မှန်းတောင် မသိတဲ့ တစ်ယောက်ကတော့ မျက်လုံးလေးတွေ ဆက်မှိတ်ထားရင်း အတန်ကြာတော့ အိပ်ပျော်သွားတော့သည်။
ကျန့်ကျန့်၏ အခန်းတံခါးလေးပွင့်နေလို့ ပိတ်ပေးဖို့ လျှောက်လာသည့် ဟုန်လိက ဟနေသော တံခါးလေးကနေတစ်ဆင့် သူ့သားကိုကြည့်လို့နေ၏။ အိပ်ပျော်နေတဲ့ ကျန့်ကျန့်လေးရဲ့ ခြေချောင်းလေးတွေကို ဆုပ်နယ်ပေးလိုက် လက်ချောင်းလေးတွေကို အာငွေ့ပေးနေလိုက်ဖြင့် တယုတယလုပ်နေသည့် သူ့သားက ညတုန်းက တော်တော်ထိတ်လန့်ခဲ့မှာပင်။
အိမ်ပြန်ပြန်လာချင်း သူ့သားရဲ့ နီရဲတွတ်နေတဲ့ မျက်ဝန်းတစ်စုံက စိုးရိမ်တုန်လှုပ်အားကြီးလို့ ငိုခဲ့တာဖြစ်မည်သာ။ ဘာမှမကြည့်နဲ့ ခေါင်းမှာ ကပ်ညိလာတဲ့ နှင်းမှုန်တွေနဲ့ ကွဲအက်နေတဲ့ နှုတ်ခမ်းတွေက ကျန့်ကျန့်လေးကို တစ်ညလုံး ရှာခဲ့တာဆိုတဲ့ သက်သေ။ သူ့အဖေထိုးကြိတ်တာကို အရင်ကလို ပြန်ခံမပြောဘဲ ငြိမ်ခံနေတာက ကျန့်ကျန့်လေးကိစ္စက သူ့အပြစ်တွေလို့ခံယူထားလို့သာပင်။
ဒါတွေကို ဘယ်သူမှ မသိရင်တောင် ဝမ်းနဲ့လွယ်မွေးထားတဲ့ မိခင်ဖြစ်သူ သူကတော့ မြင်သည်လေ...။
You are reading the story above: TeenFic.Net