အပိုင်း (၁၃) Zawgyi

Background color
Font
Font size
Line height

"အဆင်သင့် ဖြစ်ပြီလား..."

"အင်းအင်း ကျန့်ကျန့် အဆင်သင့်ဖြစ်ပြီ..."

"အဲ့တာဆို ငါ့ကားပေါ် သွားစောင့်နေ..."

ဝမ်ရိပေါ် ပြောလိုက်​တော့ ကျန့်ကျန့်တစ်ယောက် အမိုးပွင့် ပြိုင်ကားတံခါးကို ဖွင့်လိုက်ကာ ငြိမ်ငြိမ်လေးဝင်ထိုင်လိုက်​၏။ မရှေးမနှောင်းမှာပင် ဝမ်ရိပေါ် တက်လာပြီး...

"ခါးပတ်ပတ်ထား..."

ကျန့်ကျန့်က ခါးပတ်ပတ်ဖို့ ခါးပတ်လိုက်ရှာနေရင်း အချိန်အတော်ကြာလာတာကြောင့် ဝမ်ရိပေါ်ကိုယ်တိုင်ယူပြီး ပတ်ပေးလိုက်ရတော့သည်။ မဟုတ်ရင် ကုန်တိုက်တောင် ပိတ်သွားလိမ့်မယ် ဘေးကတစ်ယောက်က ခါးပတ်ပတ်ပြီးတော့မှာမဟုတ်။ မဟုတ်တာလုပ်ထားတော့ သူနဲ့ မျက်လုံးချင်းကို မဆိုင်ရဲ။မျက်လွှာကိုချထားတာ ခေါင်းကမြေကြီးထဲဝင်တော့မယ်။

"ကားသွားနေရင် လက်ကို အပြင်မထုတ်နဲ့...ဘေးက ဖြတ်မောင်းသွားတဲ့ ကားတွေတိုက်ပြီး လက်ပြတ်သွားလိမ့်မယ်...ကြားလား..."

"ကြားတယ်..."

"ဖုန်းကိုဘာအရောင်ယူချင်လဲဆိုတာ တွေးထား..."

"အင်းအင်း..."

တကယ်မထုံတက်သေးနဲ့ ကိုင်ဆောင့်ချင်စရာ။ ကျန့်ကျန့်...ကျန့်ကျန့်။ သူလည်းနေ့လည်တုန်းက စိတ်ဆိုးဆိုးနဲ့ဖုန်းကို လွှတ်ပစ်မိတာ။ပုံစံလေးနဲ့ မလိုက်အောင်ကို စိတ်ဒုက္ခတွေပေးတာ။အခုထက်ထိ သိပ်တော့ စိတ်ဆိုးပြေချင်သေးတာမဟုတ်။

နေ့လည်နှစ်နာရီတုန်းက...

"ရိပေါ်...ရိပေါ်..."

အိမ်ပေါ်ထပ်ကနေ ဖုန်းကို ကိုင်လာပြီး ခုန်ပေါက်လာတဲ့ ကျန့်ကျန့်ကို ဧည့်ခန်းဆိုဖာမှာ ရုပ်ရှင်ကြည့်နေတဲ့ ဝမ်ရိပေါ်က လှည့်ကြည့်လိုက်သည်။

"ဘာလဲ..."

"ရိပေါ်ကို ကျန့်ကျန့်ပြောစရာရှိတယ်..."

"ပြော..."

"ဘယ်သူမှ ပြန်မပြောနဲ့နော်...ရိပေါ်ကိုပဲ ကျန့်ကျန့်ပြောပြတာ..."

ဒီလောက်တောင် စကားဦးသန်းနေတော့ ဝမ်ရိပေါ်စိတ်ဝင်စားသွားရသည်။ကျန့်ကျန့်က ဝမ်ရိပေါ်ဘေးကို ကပ်လာကာ နားရွက်နား ကပ်၍ လက်ကလေးအုပ်ပြီး တိုးတိုးလေးပြောလို့နေ​၏။ နားရွက်တစ်လျှောက် ပင့်ကူဖြတ်လျှောက်သွားသလို ယွစိယွစိဝင်လာတဲ့ လေသံတိုးတိုးလေးက ဝမ်ရိပေါ်​၏ နားစည်ထဲမှာ ဗုံးတစ်လုံးပေါက်သွားသလိုပင်။

"ဘာ...! "

ဝမ်ရိပေါ် ရုတ်တရက် အော်လိုက်တာကြောင့် ကျန့်ကျန့် လန့်ပြီး အနောက်လန်သွားကာ ကြမ်းပြင်ပေါ်တောင်ကျသွားရသည်။ ဝမ်ရိပေါ်က ခပ်ကြမ်းကြမ်းပြန်ထူကာ ဖုန်တွေဘာတွေခါပေးလိုက်ပြီး...

"ပြန်ပြောစမ်း ကျန့်ကျန့်..."

"အင်းအင်း ပြန်ပြောမယ်...ကျန့်ကျန့်မှာ ချစ်သူရှိသွားပြီ..."

ဒုတိယတစ်ခေါက်ပီပီပြင်ပြင်ကြီးကြားလိုက်ရတော့ နားကြားမလွဲမှန်းသိသွားရသည်။ဝမ်ရိပေါ် ရုတ်တရက် ခေါင်းထဲလည်း မိုက်ကနဲ။ အရှေ့ကတစ်ယောက်က ဘာမဟုတ်တာတွေလာပြောနေတာလဲ။ ဝမ်ရိပေါ် ခါးထောက်လိုက်ပြီး အကြည့်စိမ်းစိမ်းတွေဖြင့်...

"ပြောစမ်းပါဦး ဘယ်ကဟာနဲ့လဲ..."

"ဟင်..."

"တဟင်ဟင် လုပ်မနေနဲ့...ချစ်သူဆိုတာ ဘယ်ကကောင်လဲလို့..."

"ရစ်ကီနဲ့..."

"ဘာ..."

ဝမ်ရိပေါ် သူ့ခေါင်းကိုခပ်သွက်သွက်အလုပ်ပေးလို့နေသည်။ အရှေ့ကတစ်ယောက်ရဲ့ပါးစပ်ပေါက်သေးသေးကနေ ဟိုကောင်ရဲ့ နာမည်ဘာကြောင့် ထွက်လာရတာလဲဆိုတာ။

"ကျန့်ကျန့်...လက်ထဲက ဖုန်းကို ဒီပေးစမ်း..."

ကျန့်ကျန့်က တုန်တုန်ချိချိလုပ်နေတာကြောင့် ဝမ်ရိပေါ် စိတ်မရှည်ဘဲ ဆွဲလုလိုက်သည်။ထို့နောက် စာပို့ထားတဲ့ အချိန်းအချက်တွေများရှိမလား သွားစစ်ကြည့်တော့ မြင်ရတဲ့ဟာတွေက သွေးတက်ချင်စရာ...

အပြန်အလှန်စာနဲ့ပြောထားတဲ့ဟာတွေက...

"ဟေ့...ငှက်ပေါက်ဘာတွေလုပ်..."

"ကျန့်ကျန့် မုန့်စားနေတာ..."

"စားကောင်းလား..."

"ကောင်းတယ်...ကျန့်ကျန့်မုန့်လေးတွေကိုချစ်တယ်..."

"ဝမ်ရိပေါ်ဆိုတဲ့ကောင်ရော အိမ်မှာရှိလား..."

"ရှိတယ် အိမ်အောက်မှာ..."

"အဲ့ကောင်ဘာလုပ်နေတာလဲ..."

"ကျန့်ကျန့်သိဘူး..."

"ဒါနဲ့ ငှက်ပေါက် ဟိုနေ့ကမေးထားတာ သတိရသေးလား..."

"ဟင်...ကျန့်ကျန့်မသိတော့ဘူး..."

"ဟားဟား...ငှက်ပေါက်ကို ကိုယ်ချစ်တယ်လို့ပြောထားတာလေ ငှက်ပေါက်ရော ကိုယ့်ကို ချစ်လား..."

"ချစ်တယ် ကျန့်ကျန့် ရစ်ကီကို ချစ်တယ်..."

"တကယ်ပြောတာလား အဲ့တာဆို ကိုယ်တို့ချစ်သူဖြစ်သွားပြီပေါ့..."

"ဟင်..."

"ဟုတ်တယ်လေ ကိုယ်ပြောဖူးတာ မမှတ်မိဘူးလား နှစ်ယောက်စလုံးကချစ်ရင် ချစ်သူတွေဆိုတာ..."

"အင်းအင်း မှတ်မိတယ် အဲ့တာဆို ကျန့်ကျန့်နဲ့ ရစ်ကီက ချစ်သူတွေပေါ့..."

"သိပ်ဟုတ်တာပေါ့...ဒါနဲ့ ချစ်သူတွေဖြစ်သွားရင် ဘယ်သူ့ကိုမှ မပြောပြရဘူး တိတ်တိတ်လေးနေရမယ် ဟုတ်ပြီလား ငှက်ပေါက်..."

"အင်းအင်း ကျန့်ကျန့် တိတ်တိတ်လေးနေမယ်..."

"တာ့တာ ငှက်ပေါက်..."

"တာ့တာ..."

ဒါက ခုနတုန်းက ပြောထားတဲ့ဟာတွေ​။ပြီးခဲ့တဲ့နေ့တွေတုန်းကဟာတွေကိုတော့ စိတ်တိုလွန်းလို့ ဆက်မဖတ်နိုင်တော့။ ဒီနှစ်ယောက် ဘယ်တုန်းက သိသွားကြတာလဲ။ ကျန့်ကျန့်သူတို့ဌာနဘက်ကို ခြေများကျွံလာခဲ့မိလို့လား။ ဘယ်လိုတွေးတွေး ယုတ္တိကိုမရှိ။

ဘာတဲ့ ဟိုကောင်ကလည်း အလာကြီး။ ချစ်သူတွေဖြစ်သွားတော့ ဘယ်သူ့ကိုမှ မပြောရဘူးဆိုပဲ။ သနားဖို့တောင်ကောင်းသေးတယ် သူ့ငှက်ပေါက်က စကားနားထောင်တာ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး သူ့နားထဲပဲ ဆတ်ဆတ်ကြားအောင်လာပြောပြတာ။

"ခွမ်း..."

"ကျန့်ကျန့်ရဲ့ဖုန်းလေး..."

"ပြောစမ်းပါဦး ဘယ်ကတည်းက အဲ့ကောင်နဲ့သိသွားရတာလဲ..."

"ကျန့်ကျန့်ရဲ့ဖုန်းလေး ကွဲသွားပြီ..."

ကျန့်ကျန့်က ဝမ်ရိပေါ် မေးနေတာကို ဂရုမစိုက်ဘဲ ကွဲသွားတဲ့ဖုန်းလေးကို ပြန်ကောက်ဖို့ပြင်နေတာကြောင့် ဝမ်ရိပေါ် စိတ်တွေပိုတိုလာရသည်။

"ကျန့်ကျန့်...! "

လောလောဆယ် အိမ်မှာ ဘယ်သူမှမရှိတာကြောင့် ဝမ်ရိပေါ်​၏ အသံကကျယ်ချင်တိုင်းကျယ်လို့နေ​၏။ ဝမ်ဖေးရန်နဲ့ ဟုန်လိက အလုပ်ကိစ္စတစ်ခုကြောင့် အိမ်မှာ ဒီတစ်ညတော့ရှိမည်မဟုတ်။ ချင်လိကလည်း မနက်ကတည်းက စင်ဒီ့ဆီထွက်သွားတာ မပြန်လာသေး။ ဒါကြောင့် အခု ဝမ်ရိပေါ်နဲ့ ကျန့်ကျန့်သာ အိမ်မှာ နှစ်ယောက်တည်း။

ကျန့်ကျန့်က သူ့ဖုန်းအကွဲလေးကို ဝမ်ရိပေါ်အရှေ့သို့ထိုးပြကာ...

"ကျန့်ကျန့် ဖုန်းလေးကွဲသွားပြီ ရိပေါ်...ရိပေါ်လုပ်လိုက်တာ..."

"ကျန့်ကျန့် ငါမေးနေတာရော မင်းခေါင်းထဲမှာ ရှိရဲ့လား..."

"ဟင်...ဘာမေးတာလဲ..."

"ရစ်ကီဆိုတဲ့ကောင်နဲ့ ဘယ်တုန်းကသိသွားတာလဲ..."

"ရိပေါ်ကိုလာရှာတုန်းက..."

"ဘယ်တုန်းက ငါ့ကျောင်းဆောင်ဘက်ကိုရောက်လာသေးတာလဲ..."

"ထုပ်ထုပ်သွားချင်တယ်ဆိုလို့..."

"ထုပ်ထုပ်က ဘယ်ကပါလာရတာလဲ..."

"ထုပ်ထုပ်က ကျန့်ကျန့်နောက်လိုက်လာပြီး ရိပေါ်နဲ့တွေ့ချင်တယ်ဆိုလို့ ကျန့်ကျန့်လိုက်ပို့တာ..."

ကြည့်...ကြည့်။ အကြည့်တွေဟိုလွှဲဒီလွှဲ စကားလေးတွေ အ ထစ်ထစ်ဖြစ်နေပုံက ဒီနေရာမှာ မရှိတဲ့ ထုပ်ထုပ်ကိုတောင် အပြစ်လွှဲချနေသေးတာ။

"အင်း ဟုတ်တယ်ပဲထားတော့...ဖုန်းနံပါတ်ကရော ဘယ်လိုလုပ်ရသွားတာလဲ..."

"အဲ့တာ ထုပ်ထုပ်က..."

"ကျန့်ကျန့် ငါ့ကို လာမပတ်နဲ့..."

"ဟို...အဲ့တာ ရစ်ကီက ရိပေါ် ကိုတွေ့ရင် ဖုန်းခေါ်လိုက်မယ်ဆိုပြီး ပြောလို့..."

"အဲ့တာနဲ့ ဖုန်းနံပါတ်ပေးခဲ့တာပေါ့..."

"အင်းအင်း ဟုတ်တယ်...ရိပေါ်ဘယ်မှာရှိလဲဆိုတာကျန့်ကျန့်သိချင်လို့ပေးခဲ့တာ..."

ဪ...ဪ။ ဇာတ်လမ်းကို အနှစ်ချုပ်လိုက်တော့ တရားခံက သူပေါ့။

"ရိပေါ်..."

"ဘာတုန်း...! "

ဝမ်ရိပေါ်ဒေါသကြောင့် မရည်ရွယ်ဘဲသူ့လက်ကို လာကိုင်သည့် ကျန့်ကျန့်ကိုတွန်းထုတ်လိုက်​၏။ ကျန့်ကျန့်က ခပ်ဝေးဝေးလေး လွင့်သွားသော်လည်း အနားသို့ပြန်ကပ်လာကာ...

"ကျန့်ကျန့်ဖုန်းလေး ကွဲသွားပြီ..."

"အဲ့တော့..."

"ကျန့်ကျန့်ကို ပြန်လျော်ပေး..."

"အကြောင်းရှိလို့လား...မင်းရဲ့ ဟိုချစ်သူဆိုတဲ့ကောင်ကို သွားဝယ်ခိုင်းပေါ့...အဲ့ကောင်လည်း ချမ်းသာတာပဲ...ဘာလို့ငါ့ဆီမှာပြန်တောင်းနေတာလဲ..."

ကျန့်ကျန့်​၏ ခေါင်းမှာ ကြမ်းပြင်ထဲဝင်လုမတတ် ငိုက်စိုက်သွားရသည်။ ချွန်တက်လာတဲ့ နှုတ်ခမ်းက အရှေ့က ဝမ်ရိပေါ်ကိုတောင် သွားထိုးတော့မည့်ပုံနှယ်။ ဘာမှပြန်မပြောဘဲ အတောင့်လိုက်ရပ်နေသူကို ဝမ်ရိပေါ် လည်းကြည့်ကောင်းကောင်းနဲ့ ကြည့်နေပေးလိုက်ပြီး ဆယ်မိနစ်လောက်ကြာမှ...

"ဘာအရောင်ယူမှာလဲ..."

ဝမ်ရိပေါ် ဆီမှ စကားသံထွက်လာတာကြောင့် ကျန့်ကျန့် ခေါင်းမော့လာပြီး မျက်တောင်တွေတဖျတ်ဖျတ်ခတ်ကာ...

"ဟင်..."

"ဖုန်းကို ဘာအရောင်ယူမှာလဲလို့ ညနေကျရင် ပြန်ဝယ်ပေးမယ်..."

"ရစ်ကီက ကျန့်ကျန့်ရဲ့ ချစ်သူဟုတ်တော့ဘူး...ရိပေါ်က ကျန့်ကျန့်ရဲ့ချစ်သူ..."

စကားတောင်ကောင်းကောင်း မဆုံးသေး ရင်ခွင်ထဲပစ်ဝင်လာသည့် ဟာလေးကြောင့် သူ့ရင်ဘတ်တောင်အောင့်သွားရသည်။အပြောင်းအလဲ မြန်လွန်းတဲ့ဒီတစ်ယောက်ကြောင့် ဝမ်ရိပေါ် ခပ်ချဉ်ချဉ်ဖြင့်...

"ဘယ်သူပြောလဲ မင်းနဲ့ငါနဲ့ ချစ်သူတွေလို့...ငါမင်းကို အဖြေပြန်ပေးရသေးတာ မဟုတ်ဘူးနော်..."

"အင်းအင်း သိတယ် သိတယ်...နောက်ကျရင် ဖြစ်လာမှာ..."

မြတ်စွာဘုရား။ ဖုန်းတစ်လုံးကြောင့် အနာဂတ်တွေတောင် အစီအစဉ်ဆွဲပစ်လိုက်တဲ့သူကြောင့် သူဘာထပ်ပြောရဦးမှာလဲ။ ဒါတောင် ကျန့်ကျန့်သူ့ကို ချွဲရသေးတာမဟုတ်။ ရင်ခွင်ထဲက ပက်ကျိလေးချွဲသာချွဲလာတတ်ကြည့် သူ့ရဲ့စည်းစိမ်တွေလည်း အကုန်ပြောင်မှာ။

ဝမ်ရိပေါ် ရင်ခွင်ထဲက တစ်ယောက်ကို ဆွဲခွာပြီး မျက်နှာချင်းဆိုင်လိုက်ကာ စိတ်မထိန်းနိုင်စွာ နှုတ်သီးနီနီလေးကို ထိတွေ့ဖို့လုပ်လိုက်ပေမယ့် မအူမလည်ပြူးကျယ်ထားသော မျက်လုံးလေးတွေကြောင့် တပ်ပြန်ခေါက်ခဲ့ရသည်။မျက်လုံးတွေပြူးထားမှတော့ ဘယ်လိုနမ်းမလဲ။ တကယ်ကို ဖီးလ်ငုတ်တယ်။

__________ __________

"ကျန့်ကျန့် ဒီဆိုင်အရှေ့မှာ စောင့်နေနော်...ငါတစ်နာရီအတွင်း ချက်ချင်းပြန်လာခဲ့မယ်..."

"အင်းအင်း..."

"ငါမရှိတဲ့ အချိန်ဘယ်မှ လျှောက်မသွားနဲ့နော်...ဘယ် သူစိမ်းတွေနဲ့မှလည်း စကားမပြောနဲ့ ဘယ်သူ့နောက်မှလည်း လိုက်မသွားနဲ့...ဒီနေရာလေးမှာပဲ ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးနေ ဟုတ်ပြီလား..."

ဝမ်ရိပေါ် ကျန့်ကျန့်ကို မှာစရာရှိတာ မှာပြီး စိတ်မချစွာအနောက်ကို လှည့်ကြည့် လှည့်ကြည့်ဖြင့် ကုန်တိုက်အပြင်သို့ပြန်ထွက်လာခဲ့သည်။ သူတို့ကုန်တိုက်ကိုရောက်တော့ ည ရှစ်နာရီထိုးလို့နေပြီဖြစ်သည်။

ကျန့်ကျန့်အတွက် ဖုန်းဝယ်ပေးမယ့် ဆိုင်သို့မရောက်ခင် ဝမ်ရိပေါ်ထံသို့ စာတစ်စောင်ဝင်လာသည်။ ကြည့်လိုက်တော့ သူလိုက်နေသည့် ရေချယ်လ့် ထံမှ။စာထဲမှာ ပြောထားတာက အဖြေပြန်ပေးမလို့ဆို၍။တကယ်ဆို အလောင်းအစား ရက်ပြည့်မှာက မနက်ဖြန်မှ ဆိုပေမယ့် ရေချယ်လ်က အခုချိန်းလိုက်တော့ သူနိုင်မည်ဆိုသည့်သဘော။

ဝမ်ရိပေါ် သူ့သူငယ်ချင်း အမွှာနှစ်ကောင်ဖြစ်တဲ့ ရှန်နဲ့ ဇန်ကို ပါ ရေချယ်လ်ချိန်းလိုက်သည့်နေရာကို ခေါ်လိုက်​၏။ ရေချယ်လ် အဖြေပြန်ပေးရင် သက်သေတွေအဖြစ်မှတ်တမ်းတင်ခိုင်းထားဖို့ဖြစ်သည်။

"လူလေး သန့်စင်ခန်းက ဘယ်လိုသွားရတာလဲ..."

ဆိုင်လေးတစ်ခုရှေ့မှာ ရပ်စောင့်နေသည့် ကျန့်ကျန့်ကို အသက်ကြီးကြီး အဘိုးအိုတစ်ယောက်ကလာ၍ သန့်စင်ခန်းတည်နေရာကိုမေး​၏။ ကျန့်ကျန့်ဘယ်လိုသွားရမလဲဆိုတာ သိပေမယ့် ခေါင်းသာခါပြလိုက်သည်။ရိပေါ်က မှာထားတယ်။ ဒီတစ်နာရီအတွင်းမှာ ဘယ်သူ့ကိုမှ စကားမပြောရဘူးတဲ့။

"လူလေးရယ် ပြောပြပါ အဘိုး အလျင်လိုနေလို့ပါ..."

အဘိုးအိုမှာ တကယ်အလျင်လိုနေတာကြောင့် ချွေးစီးတွေတောင်ပြန်လာရသည်။ ကျန့်ကျန့်ကတော့ စကားပြောမိမှာစိုးလို့ မျက်လုံးကို ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ဖြင့် အဘိုးအိုကိုလည်းမကြည့်။ အဘိုးအိုကလည်း လက်မလျော့ မေးမြဲမေးနေတာကြောင့် ကျန့်ကျန့် လက်ကလေးထောင်ပြကာ အဘိုးအိုကို တိတ်တိတ်နေဖို့လက်ဟန်ခြေဟန်ပြလိုက်​၏။


ဤသည်တွင် အဘိုးအိုထင်သွားတာက...

"ဪ လူလေးက စကားမပြောတတ်ဘူးပဲ...အဘိုးတောင်းပန်ပါတယ်...အဘိုးတခြားတစ်ယောက်ကိုပဲမေးလိုက်တော့မယ်နော်..."

သန့်စင်ခန်းသွားဖို့ အလျင်လိုနေတဲ့ အဘိုးအို ခပ်လှမ်းလှမ်းလဲရောက်ရော ကျန့်ကျန့် က အသံစူးစူးလေးဖြင့်အော်ပြောလိုက်သည်။

"ဘိုးဘိုးကြီး...ကျန့်ကျန့် စကားပြောတတ်တယ်..."

အချိန်က ည ကိုးနာရီခွဲဖြစ်လာတာကြောင့် ကုန်တိုက်ထဲက ဆိုင်တွေလည်း တစ်ဆိုင်ပြီးတစ်ဆိုင်ပိတ်လို့သွားပြီဖြစ်​၏။ ရုပ်ရှင်ရုံမရှိတဲ့ ကုန်တိုက်ဖြစ်တာမလို့ညပွဲတွေကြည့်မည့် သူတွေလည်းမရှိ။

ဆယ်နာရီထိုးခါနီးကျတော့ ကုန်တိုက်တစ်ခုလုံးကို ပိတ်တော့မည် ဖြစ်တာကြောင့် လုံခြုံရေး ဝန်ထမ်းတွေ ကုန်တိုက်ထဲမှာ လူကျန်မကျန်စစ်ရင်း ဆိုင်တစ်ဆိုင်ရှေ့မှာ အတောင့်လိုက် မလှုပ်မယှက်ရပ်နေသည့် ကျန့်ကျန့်ကိုတွေ့သည်။

"ကလေး...ဒီက ကုန်တိုက်ပိတ်တော့မယ်ကွဲ့...အိမ်ပြန်တော့..."

ကျန့်ကျန့်က လုံခြုံရေးကြီးကိုကြည့်ကာ...

"ရိပေါ်ရော...ရိပေါ်က ဒီမှာစောင့်နေခိုင်းတာ..."

"ဘယ်က ရိပေါ်လဲ ဦးကြီးတို့ မသိဘူးကွဲ့ ဖုန်းခေါ်ကြည့်ပါလား..."

"ကျန့်ကျန့်မှာ ဖုန်းမရှိဘူး...ရိပေါ် မဝယ်ပေးရသေးဘူး..."

"ဒါမှမဟုတ် အဲ့ရိပေါ် ဆိုတာရဲ့ ဖုန်းနံပါတ်ကိုသိလား...ဦးကြီးခေါ်ပေးမယ်လေ..."

"ကျန့်ကျန့်သိဘူး..."

"အဲ့တာဆို အိမ်လိပ်စာရောသိလား အငှားကားပေါ်တင်ပေးလိုက်မယ်လေ..."

"ဟင့်အင်း ကျန့်ကျန့်ပြန်သေးဘူး ရိပေါ်ကို စောင့်ဦးမှာ..."

"အဲ့တာဆို ကလေး ဒီမှာဆက်စောင့်နေလို့တော့ မရတော့ဘူး ကုန်တိုက်အပြင်မှာထွက်စောင့်နေမှရမှာ ဦးကြီးတို့ သော့ပိတ်တော့မှာ..."

"အင်းအင်း ကျန့်ကျန့် အပြင်မှာပဲ ရိပေါ်ကို စောင့်နေလိုက်မယ်..."

သံပတ်ရုပ်လေးလို တတောက်တောက်နဲ့ လျှောက်သွားတဲ့ ကျန့်ကျန့်နောက်ကို လုံခြုံရေးဝန်ထမ်းပြေးလိုက်သွားပြီး....

"ရော့ ကလေး ထီးလေးယူသွားဦး အပြင်မှာ နှင်းမိုးတွေကျနေတယ်ကွဲ့..."

"ကျေးဇူးတင်ပါတယ် ဦးဦး..."

လက်ထဲမှာ ထီးလေးကိုကိုင်ပြီး ကုန်တိုက်အပြင်ဘက်ထွက်လာသည့် ကျန့်ကျန့်က ဘယ်မှာစောင့်လို့စောင့်ရမှန်းမသိဖြစ်နေစဉ် သူ့အရှေ့ကဖြတ်သွားသည့် ကြောင်လေးအနောက်ကို လိုက်သွားကာ ကုန်တိုက်နှင့် ခပ်လှမ်းလှမ်းက သစ်ပင်လေးအောက်မှာ ငုတ်တုတ်လေးထိုင်လိုက်​၏။

နှင်းမိုးတွေက အသည်းအသန်ရွာလို့နေတာကြောင့် လက်ထဲက ထီးလေးကို ဖွင့်ကာ ကြောင်လေးကို ပွတ်သပ်ပေးနေသည်။

ကြောင်ကလေးလည်း ထွက်သွားပြီး အတန်ကြာလာတော့ တစ်ယောက်တည်းဖြစ်သွားတဲ့ ကျန့်ကျန့်က လက်လေးတွေထုံကျင်နေတဲ့ကြားက နှင်းလူသား အရုပ်လေးကို ထုလုပ်ကာ သူနဲ့အတူတူ ဝမ်ရိပေါ် အလာကို စောင့်နေစေတော့သည်။

လမ်းဘေးမီးတိုင်အလင်းတွေကလွဲလို့ မှောင်မည်းနေတဲ့ပတ်ဝန်းကျင်မှာ နှင်းလူသားလေးဟာ ကျန့်ကျန့်ရဲ့ တစ်ခုတည်းသောအဖော်ပဲပေါ့။


You are reading the story above: TeenFic.Net

#random