အပိုင်း(၁၂) Unicode

Background color
Font
Font size
Line height

"ကျန့်ကျန့်လေး ဒါကို တီတီ့အစား ရိပေါ်အခန်းထဲယူသွားပေးလိုက်ပါဦးနော်..."

"အင်းအင်း ကျန့်ကျန့်ယူသွားပေးမယ်..."

ဟုန်လိ​၏လက်ထဲက မုန့်ပန်းကန်လေးနဲ့ အအေးခွက်လေးကို ကျန့်ကျန့်ပြောင်းယူ၍ အပေါ်ထပ်ရှိ ဝမ်ရိပေါ်​၏အခန်းဆီသို့လျှောက်လာသည်။ ဝမ်ရိပေါ်​၏အခန်းတံခါးကအပြည့်ပိတ်ထားတာမဟုတ်ဘဲ အနည်းငယ်ဟနေတာဖြစ်၍ ထိုဟထားသော တံခါးမှထွက်ပေါ်လာသည့် စကားသံကြောင့် ကျန့်ကျန့်​၏ခြေလှမ်းလေးများတုံ့ဆိုင်းသွားရသည်။

"ကိုယ်က ရေချယ်လ်ကို သိပ်ချစ်တာလေ...ရေချယ်လ် ဘက်က ကိုယ့်ကိုပြန်ချစ်ဖို့ပဲလိုတော့တာ..."

"....."

"မယုံလို့လား...ကိုယ်ဘာလုပ်ပြရမလဲ ကိုယ့်ဘဝမှာ ဘယ်သူ့ကိုမှ ချစ်ဖူးသေးတာ မဟုတ်ဘူးနော် ရေချယ်လ်ကသာ ကိုယ့်ရဲ့ ဦးဆုံးလေး..."

"....."

"ဟားဟား လိမ်နေတာ မဟုတ်ရပါဘူး...ချစ်တယ် ချစ်တယ် အရမ်းချစ်တယ်..."

"....."

"အချိန်မဆွဲနဲ့...ကိုယ်ကတော့ ဒီလမကုန်ခင် အဖြေပြန်လိုချင်တာ..."

ဝမ်ရိပေါ် ဖုန်းပြောနေတာကြောင့် ကျန့်ကျန့် အထဲကိုဆက်မဝင်တော့ဘဲ အခန်းတံခါးရှေ့ ကြမ်းပြင်လေးမှာပဲ သူယူလာတဲ့ မုန့်နဲ့ အအေးလေးကို ချပြီးထွက်သွားတော့သည်။

*ရိပေါ်က ကျန့်ကျန့်ကို မချစ်ဘူး...ရိပေါ်က ရေချယ်လ်လို့ခေါ်တဲ့ သူကိုချစ်တယ်*

ကျန့်ကျန့်သူအခန်းထဲကိုပြန်ဝင်လာပြီး လက်ဆွဲအိတ်လေးထဲကို သူ့ရဲ့အသုံးအဆောင်ပစ္စည်းတွေ အဝတ်အစားလေးတွေ နောက်ဆုံးအနေနဲ့ သူ့ရဲ့စုဘူးလေးကိုပါ ထည့်လိုက်သည်။ထို့နောက် အထုပ်ကိုမနိုင့်တနိုင်ဆွဲပြီး ကျန်လက်တစ်ဖက်ကနေလည်း ခေါင်းအုံးလေးပိုက်လို့ အိမ်အောက်ထပ်ကိုဆင်းလာသည်။ ဒါကို ချင်လိတွေ့တော့...

"ကျန့်ကျန့်လေး ဒီအချိန်ကြီးဘာလုပ်မလို့လဲ..."

"မမချင်လိ ကျန့်ကျန့်ကို အိမ်ရှေ့တံခါးလေးနဲ့ ခြံတံခါးလေးဖွင့်ပေးပါ..."

"ဘယ်သွားမလို့တုန်း လက်ထဲမှာလည်း အထုတ်အပိုးတွေ ခေါင်းအုံးတွေနဲ့..."

"ကျန့်ကျန့် အိမ်ပေါ်ကဆင်းမလို့..."

"အလိုလေးတော့ ဘာဖြစ်ရတာတုန်း...ဘယ်သူဘာလုပ်လို့လဲ ဟိုကောင် အနိုင်ကျင့်ပြန်ပြီလား...မာမားနဲ့ ပါပါးရေ အိမ်ရှေ့ခဏထွက်ခဲ့ကြပါဦး..."

ချင်လိ​၏ အော်ခေါ်သံစူးစူးကြောင့် အိမ်အောက်ထပ် အိပ်ခန်းထဲက ဝမ်ဖေးရန်နှင့်ဟုန်လိတို့ထွက်လာကြကာ ကျန့်ကျန့်ကိုမြင်တော့...

"ဒါကဘာဖြစ်တာတုန်း ကျန့်ကျန့်လေး..."

"မာမားရေ ကျန့်ကျန့်လေးက အိမ်ပေါ်ကဆင်းမလို့တဲ့..."

ဝမ်ဖေးရန်က မျက်မှောင်ကြီးကျုံ့၍...

"ချင်လိသွားစမ်း ဟိုကောင့်ကို သွားခေါ်လာခဲ့..."

"ဟုတ်ကဲ့ပါပါး..."

ချင်လိတို့က ဒါမျိုးဆို လှစ်ကနဲ။ သူ့မောင်အဆူခံရမယ်ဆိုရင် မဆိုင်းမတွ ကူညီ​၏။ ချင်လိက ဝမ်ရိပေါ်​၏ အခန်းတံခါးကို ဝုန်းကနဲဆွဲဖွင့်ကာ ခုနကကျန့်ကျန့်ချထားသည့် မုန့်ပန်းကန်လေးနဲ့အအေးခွက်လေးကိုပါတိုက်ချသွားသည်။ အခန်းထဲရောက်တော့ ဖုန်းပြောမပျက်သေးတဲ့ ဝမ်ရိပေါ်ကိုတွေ့တော့...

"ရိပေါ် နင့်ကိုပါပါးခေါ်နေတယ်..."

ဝမ်ရိပေါ်က ဖုန်းကို လက်နဲ့ခဏအုပ်ထားလိုက်ပြီး...

"ဒီမှာဖုန်းပြောနေတယ်...မအားသေးဘူးလို့..."

"ကျန့်ကျန့်အိမ်ပေါ်ကဆင်းမယ်ဆိုတာ နင့်လက်ချက်မဟုတ်လား..."

"ဟိုတစ်ယောက်က ဘာဖြစ်တယ်..."

ဝမ်ရိပေါ် လက်ထဲက ဖုန်းကို တိကနဲချလိုက်ပြီး ကုတင်ပေါ်ကနေ ချက်ချင်းထလာသည်။ မျက်မှောင်ကို မှုန်ကုပ်နေအောင် တွန့်ချိုးထားပြီး အောက်ထပ်ကိုခြေသံပြင်းပြင်းတွေနဲ့ ဆင်းလာပုံက ဆူပြောမည့် ဝမ်ဖေးရန်တောင် တွန့်သွားရသည်။

ဝမ်ရိပေါ်က ကျန့်ကျန့်ဆီကို တန်းတန်းမတ်မတ်လျှောက်သွားကာ လက်ထဲက အထုတ်ကိုဆွဲယူလိုက်သည်။

"ဒါကဘယ်လဲ..."

"အိမ်ပေါ်ကဆင်းမလို့..."

"အဲ့တာကရော ဘယ်ကတတ်လာတာလဲ..."

"ကျန့်ကျန့်ရဲ့ အိတ်ပြန်ပေး..."

"ကျန့်ကျန့် မဟုတ်တဲ့ အတတ်ကောင်းတွေ မတတ်လာနဲ့ အိမ်ပေါ်ပြန်တက်..."

"တက်ဘူး..."

"ကျန့်ကျန့်...! "

မျက်နှာထားတည်ကြီးဖြင့် အော်လိုက်သည့် ဝမ်ရိပေါ်ကြောင့် ကျန့်ကျန့်တို့ ထငိုတော့သည်။ ထိုအခါ ဝမ်ဖေးရန်က ဝမ်ရိပေါ်​၏ လက်ထဲက အထုတ်ကိုပြန်ယူပြီး...

"ဟိုကောင်...ကျန့်ကျန့်ကို အဲ့လိုလေသံနဲ့မင်းပြောစရာမလိုဘူး...ဘာဖြစ်လို့လဲဆိုတာ ချော့မေးရမှာ မင်းကိုခြောက်ခိုင်းနေတာမဟုတ်ဘူး..."

"ချော့မေးရအောင် အဲ့တစ်ယောက်က ကလေးလား..."

"ကျန့်ကျန့် အိမ်ပြန်တော့မယ်..."

"ကျန့်ကျန့်...! "

ကျန့်ကျန့်က ဝမ်ဖေးရန်လက်ထဲက လက်ဆွဲအိတ်လေးကို ယူပြီး ခေါင်းအုံးလေးကိုပါ အရသယ်လို့ ခြံဝဘက်သို့ တတောက်တောက်နဲ့ဆင်းသွားတော့သည်။ ခြံတံခါးဆီသို့ မရောက်မီ ဝမ်ရိပေါ်က လက်ကနေဆောင့်ဆွဲ၍ ကျန့်ကျန့်လက်ထဲက ခေါင်းအုံးကို ပန်းချုံကြားထဲ လွှတ်ပစ်လိုက်ပြီး အိတ်ကိုလည်း အဝေးကြီးသို့ပစ်လိုက်​၏။

"ကျန့်ကျန့် ခေါင်းအုံးလေး~~ ကျန့်ကျန့် အကြိုက်ဆုံး ဖားပုံစံခေါင်းအုံးလေး~~ကျန့်ကျန့်အိတ်ထဲကစုဘူးလေး~~"

ကျန့်ကျန့်က ပိုတိုးလို့ငိုနေတာကြောင့် ဝမ်ဖေးရန်ရော ဟုန်လိရော ချင်လိပါမကျန် ဝမ်ရိပေါ် လွှတ်ပစ်လိုက်သောအရာတွေကို ပြန်ကောက်လာကာ ကျန့်ကျန့်​၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်​၏။ ကျန့်ကျန့်က ဝမ်ရိပေါ်ကိုင်ထားသည့် သူ့လက်ကို တွန့်လိမ်နေအောင် ရုန်းထွက်နေသည်က နဖူးပေါ်မှာ ချွေးစလေးတွေတောင်ကပ်ညိလာရသည်။

"လွတ်...! ကျန့်ကျန့်ကို လွှတ်...! "

ဝမ်ဖေးရန်က မနေနိုင်စွာကြားထဲကနေ လက်နှစ်ခုကို အတင်းခွာ၍...

"ရိပေါ် လွှတ်လိုက်တော့...သူ့အိမ်သူပြန်အိပ်တာပဲ ဘာဖြစ်လဲ...ကဲ ကျန့်ကျန့်လေးလဲ အငိုတိတ်တော့ မမချင်လိလိုက်ပို့ပေးလိမ့်မယ် ဟုတ်ပြီလား..."

ဝမ်ဖေးရန်က လက်အတင်းဆွဲဖြုတ်တာတောင် ဝမ်ရိပေါ်က အလွှတ်မပေးသေးတာကြောင့်...

"ရိပေါ် လွှတ်လိုက်လို့ ငါပြောနေတယ်နော်..."

"တောက်...! "

ဝမ်ရိပေါ် ကျန့်ကျန့်​၏လက်ကို ဖြုတ်ပြီး အနီးနားက ပန်းအိုးတစ်လုံးကို ခြေထောက်နဲ့ အားကုန်ကန်လိုက်၍ အိမ်ပေါ်သို့ပြန်တက်သွားသည်။

ဝမ်ဖေးရန်ကတော့ အထုတ်အပိုးလေးနဲ့ ခေါင်းအုံးလေးမပြီး ဘေးအိမ်ကို ဆင်းသွားသည့် ကျန့်ကျန့်ကို ကရုဏာသက်စွာကြည့်လိုက်၊ ဘေးအိမ်လေးဆင်းသွားတာ တောင်ဖြစ်ပျက်နေတဲ့ သူ့သားကို ကြည့်လိုက်ဖြင့်သာ။ ဟိုဘက်အိမ်လေးပြန်အိပ်တာကို အဲ့ဒိ ကောင်က ဘာဖြစ်နေတာလဲ။ ပြောပြန်ရင်လည်း ဆတ်ဆတ်ခါအောင် နာပြနေဦးမှာ။

"ကျစ်..."

ဝမ်ရိပေါ် တစ်ယောက် သူ့အခန်းထဲမှာ ကျစ်သပ်ကာ ဆံပင်တွေကို အကြိမ်ကြိမ်ထိုးဖွလို့နေသည်။ဟိုတစ်ယောက်က ဘာဖြစ်ရတာလဲ။ ကျိန်းသေတာကတော့ သူနဲ့ပတ်သက်နေတဲ့ပုံ။

ခုနကလက်သွားဆွဲတုန်းကခါးခါးသီးသီးကိုဖြစ်နေတာ။သူဘာများလုပ်မိလိုက်လဲ။ ဒီကြားထဲ နေ့လည်စာစားချိန်တွေ သွားမတွေ့မိတော့လို့များလား။ဒါမှမဟုတ် ကျောင်းအတူတူမသွားလို့များလား။ ဟိုတစ်ယောက်က ဒီလောက်ကိစ္စနဲ့တော့ ဒါမျိုးဖြစ်မှာ မဟုတ်ဘူး။

သူ့အဖေကလည်း အဲ့တစ်ယောက် ထွက်သွားမယ်ဆိုတာကို ကြည်ကြည်ဖြူဖြူပဲပေးဆင်းလိုက်ရလား။အကျင့်ဖြစ်သွားရင်ဘယ်လိုလုပ်မှာလဲ။လှမ်းမြင်နေရတဲ့ ဟိုဘက်အိမ်လေးကိုပဲဆင်းသွားတာကို ဒီလောက်ဖြစ်နေရလားဆိုရင်တော့ ဒီ့ထက်တောင်ပိုဖြစ်တယ်။

ဝမ်ရိပေါ် စိတ်ရှုပ်စွာဖြင့် သူ့အခန်းပြတင်းပေါက်ကိုဖွင့်ကာ လိုက်ကာတွေကိုလည်း ဆွဲဖယ်ပစ်လိုက်သည်။ သူ့အခန်းက ဟိုတစ်ယောက်အခန်းနဲ့ တန်းနေတာ။

ဪ...သူ့တံခါးဖွင့်လာတာမြင်မှ တံခါးဆွဲပိတ်ပြီး လိုက်ကာအနောက်ပုန်းနေတဲ့ ဟိုတစ်ယောက်က တော်တော်လုံတာဆိုတော့။ မတွေ့ရပါဘူး...မီးဖွင့်ထားပြီး လိုက်ကာအနောက်မှာ ကွယ်နေတဲ့ ဟိုတစ်ယောက်ရဲ့ အရိပ်ကို သူမမြင်ရပါဘူး။

"ဟေး...ဘေးအိမ်ကတစ်ယောက်..."

သူအော်ပြောလိုက်မှ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဘယ်ပြေးပုန်းရမလဲ မသိဖြစ်နေတဲ့တစ်ယောက်က ငှက်ပေါက်တွေ အသိုက်ပျောက်နေသည့်ပုံ။

"ဘေးအိမ်ကတစ်ယောက် ငါ့အိမ်ပေါ်ကဆင်းသွားပြီးတော့ အခုထက်ထိ မအိပ်သေးဘူးလား...လာပြန်ခေါ်မယ်လို့တော့ မထင်နဲ့နော်...ကိုယ့်ဟာကိုယ် အာခေါင်ခြစ်အော်ငို ဆင်းသွားပြီးတော့..."

"....."

"ဆင်းချင်တဲ့ အချိန်ဆင်းသွားပြီး တက်ချင်တဲ့အချိန်ပြန်တက်လာရအောင် ငါ့အိမ်က ရပ်ကွက်ထဲကအလှုအိမ်မဟုတ်ဘူးနော်...အလှူအိမ်တောင် ဖိတ်မှ သွားရတာ..."

"....."

"နောက်နေ့မှ ပြန်တက်မလာနဲ့ ခြံဝရောက်တာနဲ့ ရိုက်ထုတ်မှာ..."

ဟက်...ဘာလဲ ဒါကစိတ်ဆိုးတယ်ပေါ့။လိုက်ကာနောက်ကချက်ချင်းပျောက်သွားပြီး မီးပိတ်သွားတာဆိုတော့။

ဝမ်ရိပေါ် သူ့အခန်းထဲကချက်ချင်းထွက်လာပြီးအောက်ထပ်ကိုဆင်း ခြံတံခါးဆွဲဖွင့်လို့ ဘေးအိမ်သို့ခြေဆန့်လာခဲ့တော့သည်။

"ဒေါ်လေးရင် တံခါးခဏဖွင့်ပေး..."

မအိပ်သေးဘဲ အိမ်ရှေ့မှာ ဝေယျာဝစ္စလုပ်နေသေးတဲ့ ဒေါ်လေးရင်က ဝမ်ရိပေါ်​၏ခေါ်သံကိုမသိချင်ယောင်ဆောင်လို့နေ​၏။ ဒီကောင်လေးနဲ့ သူနဲ့ဟိုးကတည်းက အကြောမတည့်။အခုလည်း ကျန့်ကျန့်လေးကို ဘာလုပ်လိုက်လဲမသိ။ ကလေးက မျက်

ည်မျက်ခွက်နဲ့။

"ဒေါ်လေးရင်..."

ဝမ်ရိပေါ်က ဒေါ်လေးရင် တံခါးလာမဖွင့်မချင်း အော်ခေါ်နေတာကြောင့် လူကြီးဖြစ်သူ ဒေါ်လေးရင် နားမခံနိုင်တော့ဘဲ ခြံတံခါးဆီသို့လျှောက်လာကာ...

"ဘာလုပ်မလို့လဲ...ကျန့်ကျန့်လေး အိပ်ပြီ..."

"ဖွင့်မှာသာဖွင့်စမ်းပါ..."

ဖြစ်နိုင်ရင် ဒီကောင်လေးကို နားရင်းလေး ခပ်ဆတ်ဆတ်အုပ်ပစ်လိုက်ချင်သည်။ တံခါးဖွင့်ခိုင်းနေတာ သူ့အိမ်သူ့ယာ အတိုင်းပဲ။ နောက်ဆုံးတော့လည်း သူကပဲ သဘောထားကြီးကြီးထားပြီးပဲဖွင့်ပေးလိုက်ပါတော့သည်။

"ကျန့်ကျန့်လေးကို ထပ်ငိုအောင်လုပ်ခဲ့ကြည့် ဝမ်လူကြီးမင်းနဲ့ ပြန်တိုင်မှာ..."

ဝမ်ရိပေါ် ဒေါ်လေးရင်ကို ရှူတည်တည်ပြန်ကြည့်ပေးလိုက်သည်။ သူဘာများလုပ်ရသေးလို့လဲ။ သူတို့ဟာလေးဘာဖြစ်နေမှန်း သူတောင် မသိရသေးတာ။ အားလုံးအမြင်မှာ သူက လူဆိုးကြီးလိုပဲ။ ပြောရရင်သူလည်း ဟိုတစ်ယောက်နဲ့အသက်တူတူပါပဲ။

ကျန့်ကျန့်ရှိရာ အိမ်အပေါ်ထပ်သို့ ဝမ်ရိပေါ် တက်လာသည်။ ထို့နောက်အိပ်ခန်းတံခါးလေးကို အသာအယာတွန်းဖွင့်လိုက်​၏။ တော်သေး၍ သော့မခတ်ထားတာ။ဝမ်ရိပေါ် ကျန့်ကျန့်လှဲအိပ်နေသည့် ကုတင်ဘေးသို့ ခြေဖွ၍ လျှောက်သွားလိုက်​၏။

အသက်ရှူသံညင်းညင်းလေးထွက်နေတာက တကယ်အိပ်ပျော်နေတာပေါ့။ ဂျစ်တိုက်အော်ငိုလိုက်ရတာ မောသွားတယ်ထင်သည်။ ကွေးကွေးလေးအိပ်နေပုံက ပုစွန်ထုပ်အတိုင်း။ ချက်စားလိုက်ရရင်တော့ အနှစ်ပဲနေမှာ အသားကနုတော့ တော်တော်လည်း ချိုမှာ။

ဝမ်ရိပေါ် ကုတင်ပေါ်သို့တက်၍ ကျန့်ကျန့်ဘေးမှာ အသာဝင်လှဲလိုက်သည်။ ထို့နောက် ကျန့်ကျန့်ခေါင်းလေးကို သူ့လက်မောင်းပေါ်အသာတင်ပြီး အနောက်ကနေ ပုစွန်ထုပ်ကွေးခန္ဓာကိုယ်လေးကို ရင်ခွင်ထဲသွင်းလိုက်​၏။ တွန့်ကွေးနေတဲ့ ခန္ဓာကိုယ်က မသိမသာပြန်ရုန်းနေတာကို ခံစားမိတာကြောင့် ဝမ်ရိပေါ် ကြိတ်ရယ်လိုက်မိသည်။ ဒီတစ်ယောက်က အိပ်ချင်ယောင်ဆောင်နေတာ။

ဝမ်ရိပေါ်က လေသံတိုးတိုးဖြင့်...

"ရင်ခွင်ထဲကတစ်ယောက်...မအိပ်သေးဘူးမလား..."

"ကျန့်ကျန့် အိပ်ပျော်သွားပြီ..."

"ဟက်...အဲ့တာဆို စကားပြောနေတာ ဘယ်သူလဲ..."

"ခေါ...ခလော..."

"အိပ်ချင်ယောင်မဆောင်နေနဲ့နော်...ကောက်ပွေ့ပြီးတော့ ပြတင်းပေါက်ကနေပစ်ချလိုက်မှာ အောက်ရောက်ရင်အကောင်တွေလာကိုက်စားသွားလိမ့်မယ် နုနုလေးဆိုတော့ ကြွက်တွေအဖို့ အိုကေပဲ အရိုးကို တဂျွတ်ဂျွတ်နဲ့..."

ကျန့်ကျန့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်လာတာကြောင့် ဝမ်ရိပေါ် နောက်နေတာကို ရပ်တန့်လိုက်သည်။

"ကျန့်ကျန့်...ဘာဖြစ်လို့ အိမ်ပေါ်ကဆင်းရတာလဲ..."

"....."

"ဟင်...ပြောလေ ကျန့်ကျန့်..."

"....."

"ကျန့်ကျန့် ငါတကယ် ပြတင်းပေါက်ကပစ်ချလိုက်ရမှာလား..."

"ကျန့်ကျန့်ကို မပစ်ချနဲ့..."

"အဲ့တာဆိုပြော...ဘာဖြစ်သွားတာလဲဆိုတာ ပြောပြ...ပြောပြမှသိမှာပေါ့..."

"ရိပေါ်က ကျန့်ကျန့်ကို မချစ်ဘူး...ရေချယ်လ်ကိုပဲချစ်တယ်..."

"ရေချယ်လ်...ဘယ်ကရေချယ်လ်လဲ...အာ..."

ဝမ်ရိပေါ်သူအလောင်းအစားနဲ့လိုက်နေတဲ့ ကွန်ပျူတာ မေဂျာကွင်းရဲ့ နာမည်ကိုတောင် ရုတ်တရက်မေ့လို့သွားပြီးမှ ပြန်သတိရလာသည်။တကယ်ပဲအဲ့ဒိကိစ္စကြောင့်လား။

ဒီတစ်ခါတော့သူမျက်ခုံးနှစ်ဖက်လုံးပင့်သွားပြီး ရင်ထဲတောင် တဒိန်းဒိန်းဖြစ်သွားရသည်။ဟား...နေပါဦး။ ရင်ခွင်ထဲက ပုစွန်ထုပ်ကွေးက သဝန်တိုတတ်တယ်။ ဒီဟာလေးကအိမ်ပေါ်ကနေဆင်းတဲ့အထိတောင် အူတိုတတ်တာပေါ့။ သူ မထင်ထားမိတာမဟုတ်ဘူး။ လုံးဝကို မထင်တာ။ ဒီတိုင်းဆိုသူဆင်ခြင်ရတော့မှာပေါ့။

ကျန့်ကျန့်ကို ဝမ်ရိပေါ်က ပိုတိုးလို့ဖက်ထားပြီး ခေါင်းလေးကို မေးစေ့ဖြင့်ခပ်နာနာကြိတ်လိုက်တာကြောင့်...

"အ ကျန့်ကျန့် နာတယ်..."

"နာအောင်လုပ်တာ..."

"ရိပေါ် က ကျန့်ကျန့်ကို မချစ်လို့နာအောင်လုပ်တာလား..."

"ဟုတ်တယ်..."

ကျန့်ကျန့်က ဘာမှပြန်မပြောဘဲ ငြိမ်ကျသွားတာကြောင့်...

"ငါမင်းကို ပြန်ချစ်စေချင်လား..."

"အင်းအင်း ရိပေါ် ကျန့်ကျန့်ကို ပြန်ချစ်စေချင်တယ်..."

"အဲ့တာဆို ငါပြောတာနားထောင်..."

"အင်းအင်း ကျန့်ကျန့် နားထောင်မယ်..."

"ဒါနဲ့တော့ မရဘူး...ပိုက်ဆံစုထားပြီး တင်တောင်း..."

"ဟင်...ကျန့်ကျန့်မှာ အခုပိုက်ဆံတွေ အများကြီးရှိတယ် စုဘူးနဲ့အပြည့်ပဲ..."

"မရသေးဘူး အဲ့တာထက်ပိုများအောင်စုထား...ငါကဈေးကြီးတယ်..."

"....."

"ကြားလား..."

"အင်းအင်း ကျန့်ကျန့်ကြားတယ်..."

"ပိုက်ဆံဘယ်လောက်စုထားပြီးပြီလဲဆိုတာ ငါကြည့်ပြီး တစ်ရက်မှာ အဖြေပြန်ပေးမယ် ကြားလား..."

"ကြားတယ်..."

"ကြားတယ်ဆို အိပ်တော့ မနက်ဖြန်မနက်ကျရင် ဟိုဘက်အိမ်ပြန်မယ်..."

"အင်းအင်း ကျန့်ကျန့် အိပ်ပြီ..."

ကျန့်ကျန့် တအင်းအင်းနဲ့ လုပ်ပြီး စိတ်ချလက်ချအိပ်ပျော်သွားမှ ဝမ်ရိပေါ်လည်း မျက်လုံးတွေမှိတ်လိုက်သည်။ ကျန့်ကျန့်ခေါင်းအုံးထားတဲ့ လက်တစ်ဖက် ကျဉ်တက်နေတာကတော့ ထားလိုက်ပါတော့။
__________ ____________

"ညတုန်းက သူခိုးဝင်တာလား...ဒီတိရစ္ဆာန်ကောင်တွေနဲ့တော့..."

ဝမ်ဖေးရန် မနက်စောစောစီးစီးခြံထဲဆင်းလာတော့ ပွင့်နေတဲ့ ခြံတံခါးကြောင့် သူခိုးဝင်သည်ဟုယူဆကာ မေတ္တာပို့နေ​၏။ တဗြစ်တောက်တောက်နဲ့ပြောနေတာကြောင့် မိန်းမဖြစ်သူရော သမီးဖြစ်သူပါထွက်လာကြတော့သည်။

"ရှင်ရယ် မနက်စောစောစီးစီးဘာဖြစ်နေတာလဲ..."

"ကြည့်ဦး သေချာ ခတ်ထားတဲ့သော့က ပွင့်နေတာလေ...ဘယ်တိရစ္ဆာန်လေးတွေ ဖောက်ထွင်းဝင်လာတာလဲ အိပ်ခန်းတွေထဲလည်း သွားစစ်ပါဦး ဘာတွေများပါသွားလဲလို့..."

"သမီးချင်လိရေ သွားကြည့်လိုက်ပါဦး...ရှင်ကလည်းစိတ်လျော့...ဒီရပ်ကွက် က သူခိုးမှမရှိတာ..."

"ရှိရှိမရှိရှိ တွေ့ရင်တော့လား ဒီတိရစ္ဆာန်တွေကို..."

ဝမ်ဖေးရန် ဆက်ပြောမည့်ဟာကို ချက်ချင်းရပ်တန့်ပစ်လိုက်သည်။ဆက်ပြောနေရင် သူကိုယ်တိုင်ပဲ တိရစ္ဆာန်ဖြစ်တော့မှာ။ စောစောစီးစီးလက်ဆွဲအိတ်ကို တစ်ဖက် ကျန့်ကျန့်လေးကို တစ်ဖက် လက်ကဆွဲပြီး လျှောက်လာတဲ့ သူ့သားက သူကျိန်ဆဲနေမိတဲ့ တိရစ္ဆာန်ပေါ့။ဒီတိုင်းဆို ညကတည်းကထွက်သွားပြီး သွားခေါ်တဲ့ပုံပဲ။

အံမယ် ကျန့်ကျန့်လေး ကြည့်လိုက်တော့လည်း သွားလေးကို စိပြီးဖြီးနေတာ။ ကိုယ်တွေသားအမိသားအဖသုံးယောက်ပဲ ညတုန်းက လူကြမ်းကြီးတွေ ဖြစ်သွားကြတာပေါ့။ စောစောစီးစီး ဘုရားမကြိုက်လည်း မတတ်နိုင်။ ငရဲကျခံပြီးထပ်ဆဲလိုက်တော့မယ်...ဒီသောက်ကလေးတွေကတော့။


You are reading the story above: TeenFic.Net

#random