"နှစ်ဆ တစ်ဆပေးတယ်..."
ဘေကျင်းပြန်ရောက်ပြီး ကျောင်းပြန်တက်တာနှင့် ဝမ်ရိပေါ်၏ ဗီဇက ပြန်ပေါ်လာသည်။
ဝမ်ရိပေါ်သူနဲ့ မေဂျာတူ အတန်းတူထဲက ရစ်ကီဆိုတဲ့ တစ်ယောက်နှင့် အလောင်းအစားတစ်ခုကို လုပ်ဖို့သဘောတူလိုက်သည်။ ဝမ်ရိပေါ်နဲ့ ရစ်ကီက ကျောင်းစစတက်ချင်းတစ်ပတ်အတွင်းလောက်မှာပင် မျက်နှာကြောမတည့်ကြဘဲ ရန်ညိချင်နေသလိုလို ဖြစ်နေတာပင်။
ပထမ တစ်ခေါက် ဘတ်စကတ်ဘောပြိုင်ဆော့တုန်းကလည်း ရစ်ကီ ဘက်က ရှုံးသည်။ ဒုတိယတစ်ခေါက်ပြိုင်ကားမောင်းပြိုင်တော့လည်း ရစ်ကီဘက်ကရှုံး၏။
ဒီအတောအတွင်းပြိုင်ခဲ့သမျှ ရစ်ကီ ဘက်က ရှုံးတာပဲဖြစ်သည်။ ဒါ့ကြောင့် ဝမ်ရိပေါ်ဘက်က ဒီတစ်ခေါက်ပြိုင်ပွဲမှာ နှစ်ဆတစ်ဆ လောင်းကြေးထပ်လိုက်တာဖြစ်သည်။ သို့သော် ရစ်ကီက မကျေနပ်ဘဲ...
"နှစ်ဆတစ်ဆ ပေးစရာမလိုဘူး...ဆတူချင်းပဲပြိုင်မယ်..."
"ပြီးတာပဲ..."
ရစ်ကီကဆက်ပြီး...
"ဒီနေ့ကစလို့ ရက်သုံးဆယ် တိတိမှာ အရှုံးအနိုင်ကိုဆုံးဖြတ်မယ်...လောင်းကြေးက ပြိုင်ကားနှစ်စီးကြေး..."
"အခုကတည်းက ငါ့အိမ်က ကားဂိုထောင်ထဲမှာ လာထည့်ထားလိုက်..."
ပွဲမစခင်လောင်းကြေးသတ်မှတ်သည့် အချိန်မှာပင် ဝမ်ရိပေါ် စကားဖြင့်အနိုင်ပိုင်းကာ လက်ကနာရီကိုတစ်ချက်ကြည့်ပြီးထိုနေရာကထွက်လာသည်။ဝမ်ရိပေါ်၏ အနောက်မှာ မကြာသေးခင်ကမှ သူငယ်ချင်းဖြစ်သွားကြသည့် ရှန် နဲ့ ဇန်ဆိုသည့် အမွှာနှစ်ယောက်က လိုက်လာကာ ဝမ်ရိပေါ်၏ ပုခုံးကို ပုတ်လိုက်ပြီး...
"အပြောမစောနဲ့ ဝမ်ရိပေါ်...အဲ့ဒိ ကွန်ပျူတာ မေဂျာကွင်းကလိုက်ဖို့ အရမ်းခက်တာနော် ဟေ့ကောင်..."
ဝမ်ရိပေါ်က မထိတရိပြုံး၍...
"လွယ်နေရင် ပျင်းဖို့ကောင်းမှာပေါ့...ဟက်..."
"အေးပါ မင်းပိုင်ရင်ပြီးတာပဲ ဒါနဲ့ မင်းအခုဘယ်သွားမလို့လဲ..."
ရှန် နဲ့ ဇန် နှစ်ယောက် သူတို့ကြည့်နေတာ ဝမ်ရိပေါ်တစ်ယောက် နေ့လည်စာစားချိန်ဆိုပျောက်ပျောက်သွားတတ်တာဖြစ်သည်။ အရင်ကသိပ်မရင်းနှီးသေးတော့ မမေးဖြစ်။ ဝမ်ရိပေါ် နေ့လည်စာစားချိန်တွေ ဘယ်သွားစားလဲသိချင်တာကြောင့် ဇန်ကစပြီး...
"ဝမ်ရိပေါ် ငါတို့လည်း အတူတူလိုက်စားလို့ရလား..."
ဝမ်ရိပေါ်က အမွှာနှစ်ယောက်ဘက်လှည့်ပြီး "လိုက်ချင်လိုက်ပေါ့" ဆိုတဲ့ သဘောဖြင့် ပုခုံးတွန့်ပြလိုက်သည်။ ခွင့်ပြုချက်ရတာနဲ့ ရှန် နဲ့ဇန် ကလည်း ကောက်ကောက်ပါအောင်လိုက်တော့သည်။ လိုက်ရင်းနှင့် ကလေးထိန်းကျောင်းဘက်ရောက်လာသည့် အခါ အမွှာနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကာ အဖြေရှာလို့နေသည်။
ကလေးထိန်းကျောင်းဆိုတာ ကျန့်ကျန့်တို့တက်နေတဲ့ ကာတွန်းရေးဆွဲ မေဂျာကို တက္ကသိုလ်မှာရှိတဲ့ တခြားသော မေဂျာတွေက နာမည်ပြောင်ပေးထားခြင်းဖြစ်သည်။ အဆက်ဆက်က ခေါ်လာကြတော့ အသစ်ရောက်လာတဲ့ ကျောင်းသားတွေလည်း နှုတ်ကျိုးနေတာဖြစ်တော့သည်။
ရှန် ကမနေနိုင်တော့ဘဲ...
"ဝမ်ရိပေါ် မင်းလို လင်းယုန်က ကလေးထိန်းကျောင်းလာပြီး စာကလေးလာဖမ်းနေတာတော့ မဟုတ်ဘူးမလား..."
"ဒီကျောင်းဆောင်က ကန်တင်းမှာစောင့်နေ ငါတအောင့်နေလာခဲ့မယ်..."
ဝမ်ရိပေါ် အမွှာနှစ်ယောက်ကို ပြောပြီးတာနဲ့ ကျန့်ကျန့် အတန်းဘက်သို့ လျှောက်လာခဲ့သည်။ ကျန့်ကျန့်တို့က အတန်းမပြီးသေးတာကြောင့် ဝမ်ရိပေါ် အပြင်ဘက်မှာပဲ နံရံကို မှီကာ ကျန့်ကျန့်ရှိရာဘက်ကို မျက်နှာမူပြီး စောင့်လို့နေသည်။
ဝမ်ရိပေါ် ရောက်လာတဲ့ အရိပ်အယောင်ကို ကျန့်ကျန့် အတန်းထဲက မိန်းကလေးတွေတွေ့သည့် အခါ ခေါင်းတွေက ခုံထဲကို ဝင်လုမတတ် ငုံ့လို့သွားသည်။ဘာလို့ဆို သူတို့ ဝမ်ရိပေါ်ကို အရမ်းကြောက်သည်လေ။ သူတို့ကိုဟိုးတလောက ကျန့်ကျန့်ကို မနှောင့်ယှက်ဖို့၊ ကျန့်ကျန့်ရဲ့ပါးတွေကို လက်ညိုးနဲ့တောင် မတို့ဖို့၊ ကျန့်ကျန့်ကို မုန့်တွေ အရုပ်တွေ မထည့်ပေးဖို့ လာကျိမ်းသွားတာ။
အဲ့ဒိနေ့ကတည်းက ထိုမိန်းကလေးတွေ ဝမ်ရိပေါ်ကို မြင်တာနဲ့ ခေါင်းကအလိုလိုငိုက်ဆင်းသွားတတ်တာပင်။အသက်တူပေမယ့်လည်း သူ့တို့လို ကလေးသာသာ စရိုက်လေးတွေနဲ့ ယှဉ်ရင် ဝမ်ရိပေါ်က အရမ်းကြီးကို ခက်ထန်နေတာကြောင့် ထိုမိန်းကလေးတွေ အကုန်လုံး ငိုမဲ့မဲ့လေးနဲ့ ကောက်ချက်ချခဲ့ကြသည်။
*အဲ့ဒိ အစ်ကိုကြီးက သိပ်ကြောက်ဖို့ကောင်းတာပဲ*
ရှန် နဲ့ ဇန် သူတို့ရောက်နေတဲ့ ကန်တင်းမှာ အစားအသောက်တွေမှာယူဖို့ခက်နေ၏။အဘယ့်ကြောင့်ဆိုသော် သူတို့ပေးထားတဲ့ ကလေးထိန်းကျောင်းဆိုတဲ့ နာမည်အတိုင်း ဒီဌာနမှာ ရှိတဲ့ ကန်တင်းတွေကလည်း ဆယ်နှစ်အောက်ကလေးတွေ ကြိုက်လောက်တဲ့ အစားအသောက်များသာရောင်းချခြင်းဖြစ်သည်။ ကာတွန်းဌာနမလို့လား ဆိုင်တိုင်းမှာလည်း ကာတွန်းရုပ်တွေနဲ့အလှဆင်ထားတာပင်။ စားသုံးသူအများစု၏ အကြိုက်နဲ့လိုက်အောင် ရောင်းချရတာဆိုတော့လည်း။
အမွှာနှစ်ယောက် ကန်တင်းမှာရှိတဲ့ အစားအသောက်တွေထဲမှ လူကြီးအဆန်ဆုံးအစားအသောက်တွေကိုရွေးလိုက်၍ဝမ်ရိပေါ်အလာကိုထိုင်စောင့်နေလိုက်သည်။ သူတို့စားတာ တစ်ဝက်လောက်ကျိုးသွားသည့်အချိန်တွင် သူတို့ရှိရာကို လျှောက်လာသည့် ဝမ်ရိပေါ်ကို လှမ်းတွေ့နေရ၏။ တစ်ယောက်တည်းတော့မဟုတ်။
ဝမ်ရိပေါ်က တကယ်ကို စာကလေးတစ်ကောင် သွားခေါ်လာတာပဲ။ ဝမ်ရိပေါ်ရဲ့လက်ကိုဆွဲပြီး အနောက်ကနေ ကပ်ပါလာတဲ့ဟာလေးကို စာကလေးနဲ့နှိုင်းရင်သူတို့လွန်ရာမကျ။ စာကလေးတောင်မှ အခုမှ အမွှေးနုလေးတွေ ထွက်ပြီး အတောင်အမွှေးမစုံသေးတဲ့ပုံလေး။ဒါမျိုးလေးကို ဘယ်ကများရှာတွေ့လာရတာလဲ။
"ဒီမှာထိုင်..."
ဝမ်ရိပေါ် ကျန့်ကျန့်ကို သူတို့ထိုင်မယ့် စားပွဲမှာ အသေအချာနေရာချလိုက်သည်။
"ဘာစားမှာလဲ..."
"မနေ့ကဟာလေး ကျန့်ကျန့်စားချင်တယ်..."
"မရဘူး အဲ့တာပဲစားနေတာ သုံးရက်ရှိပြီ...မျှမျှတတ တခြားဟာပြောင်းစား...ဘာစားမှာလဲ..."
ကျန့်ကျန့်က တုတ်တုတ်မလှုပ်ဘဲ အကြာကြီးစဉ်းစားနေတာပဲလား ပြန်ပဲမဖြေချင်တာလား မသိတာကြောင့် ဝမ်ရိပေါ် စိတ်လျော့ကာ...
"မနေ့ကစားတဲ့ဟာပဲ ပြန်ယူလာခဲ့ပေးမယ်...နောက်နေ့ကျရင်တော့ တခြားဟာပြောင်းစား..."
"အင်းအင်း..."
သူကြိုက်တာယူခဲ့ပေးမယ်ဆိုမှ ခေါင်းတဆတ်ဆတ်ပြန်ညိတ်ပြတဲ့သူကြောင့် ဝမ်ရိပေါ် နေ့လည်စာသွားယူဖို့ထွက်သွားတော့သည်။မနေ့ကလည်း ဒီတိုင်းပဲပြောခဲ့တာပင်။ တစ်ပတ်လုံးဒါတစ်မျိုးပဲစားတော့မှာလားလည်း သူမသိ။
ဝမ်ရိပေါ် သူစားဖို့ တခြားထွေထွေထူးထူးတွေ လိုက်ကြည့်မနေတော့ဘဲ ကျန့်ကျန့်စားတဲ့ဟာနဲ့ပုံစံတူကိုသာ ပို၍ယူလာတော့သည်။ ဒါနဲ့ဆို သူလည်းကျန့်ကျန့်နဲ့အတူဒါပဲလိုက်စားနေတာ လေးရက်မြောက်ရှိပြီ။
"ချောက်ကောင်..."
စားပွဲဝိုင်းကို ရောက်တော့မည့် ဝမ်ရိပေါ်၏ခြေလှမ်းများတုံ့သွားပြီး မျက်လုံးအိမ်တွေကျယ်သွားရသည်။
ဘာကောင်။ ဘယ်သူ့ဆီကထွက်လာတဲ့အသံလည်းဆိုတော့ ကျန့်ကျန့်ဆီက။ ဒီစကားဘယ်ကနေတတ်လာရတာလဲ။ ပိစိလေးဆဲတတ်ချင်နေတဲ့ ကျန့်ကျန့်က "သောက်" ဆိုတဲ့စကားလုံးကို ထင်ထင်ရှားရှားကြီးပြောလိုက်တာလဲမဟုတ်။
ကျန့်ကျန့် ချောက်ကောင်လို့တောင် ပြောရတဲ့ အကြောင်းအရင်းကို ကြည့်လိုက်တော့ ဟိုအမွှာနှစ်ကောင်က လက်ငြိမ်ငြိမ်မနေဘဲ သူ့ဟာသူနေ နေတဲ့ကျန့်ကျန့်ကို မထိတထိသွားလုပ်နေတာဖြစ်သည်။သူတို့ရဲ့လက်ညိုးကိုရေစွတ်ပြီး ကျန့်ကျန့်ရဲ့ လက်တွေကိုလိုက်တို့လိုက် နားရွက်ဖျားလေးတွေကို လိုက်ဆွတ်လိုက်ဖြင့်။ တော်ရုံတန်ရုံဘာလုပ်လုပ်ငြိမ်ခံတတ်တဲ့ ဟိုတစ်ယောက်တောင် မခံနိုင်တော့ဘူးထင် အခုတော့ ပြန်တောင်ပြောတတ်နေပြီ။
ဝမ်ရိပေါ် လက်ထဲက အစားအသောက်ဗန်းတွေကိုချလိုက်ပြီးနောက် ကျန့်ကျန့်၏ဆံပင်ကိုလက်နဲ့အသာသပ်ပေးလိုက်ပြီး ဘေးတွင်ဝင်ထိုင်လိုက်၍...
"တော်တယ်...မကြိုက်ရင်မကြိုက်ကြောင်းပြောတတ်ရမယ်...ဒါပေမယ့် နောက်တစ်ခေါက်တော့ ထပ်မပြောနဲ့တော့ အဲ့စကားက ရိုင်းတယ် ဟုတ်ပြီလား..."
"အင်းအင်း...ကျန့်ကျန့်ကို အဲ့ချောက်ကောင်တွေက လိုက်လုပ်နေတာ..."
"ကျန့်ကျန့်...အဲ့စကားလုံးကို မပြောနဲ့တော့လို့ ပြောထားတယ်လေ..."
"အင်းအင်း ကျန့်ကျန့် မပြောတော့ဘူး...ရိပေါ် ကျန့်ကျန့် ဗိုက်ဆာတယ်..."
"ရော့..."

ဝမ်ရိပေါ်သူယူလာသည့် နေ့လည်စာကို ကျန့်ကျန့်ရှေ့သို့ထိုးပေးလိုက်သည်။ ကျန်ကျန့်သူ့အရှေ့ကိုသူစားချင်တဲ့အစားရောက်လာတော့ ဟိုအမွှာနှစ်ယောက်ကို မေ့လို့သွားသည်။
ပါးစပ်ထဲကို ကြက်ဥနဲ့လုပ်ထားသည့် မုန့်လေးတစ်ခုကို ထည့်လိုက်ကာ အကြာကြီးဝါးနေပြီး ကန်တင်းထဲမှာ ဖြတ်လျှောက်သွားသမျှလူတွေကို လိုက်ကြည့်လို့ နေသည်။ ကြည့်စရာမရှိရင် ပျံသွားတဲ့ ငှက်ကလေးတွေကို လိုက်ကြည့်ချင်ကြည့် မကြည့်ချင်တော့ရင် ဝမ်ရိပေါ်ကို ထိုင်ကြည့်လို့နေသည်။
ကျန့်ကျန့်နှုတ်ခမ်းထောင့်မှာပေနေတဲ့ မုန့်အစအနလေးတွေကို ဝမ်ရိပေါ် လက်ဖြင့် အသာအယာယူဖယ်ကာ တစ်သျှူးလေးဖြင့် သုတ်ပေးလိုက်၏။သူကတော့ အခုထက်ထိ မစားရသေးဘဲ ကျန့်ကျန့်စားနေတာကိုသာ အရိပ်တကြည့်ကြည့်လုပ်လို့နေသည်။ ရှန် နဲ့ ဇန်ကတော့ စားလက်စကိုပါရပ်ပြီး အရှေ့ကမြင်ကွင်းကို မျက်လုံးဒေါက်ထောက်ပြီးသာ ထိုင်ကြည့်နေတော့၏။
အတန်းဖော်အတန်းသားတွေကိုသာ စကား လုံးစေ့ပတ်စေ့မပြောတာ သူတို့အရှေ့ကဟာလေးကိုပြုစုပေးနေပုံက သူ့ကလေးအစားမစားမှာ စိုးသည့် သားသည်မိခင်တစ်ယောက်နှယ်။
"ကျန့်ကျန့်..."
"ဟင်..."
သူခေါ်တော့ ပြန်မော့ကြည့်လိုက်တဲ့ မျက်လုံးနက်နက်လေးတွေကို ဝမ်ရိပေါ် စိုက်ကြည့်လိုက်ရင်း...
"ဒီအတောအတွင်း ငါဒီဘက်ကို မလာဖြစ်လောက်ဘူး...အဲ့တော့ ကိုယ့်ဟာကိုယ်နေ့လည်စာကို ကောင်းကောင်းစား ကြားလား..."
"အင်းအင်း...ကျန့်ကျန့် ကောင်းကောင်းစားမယ်..."
ဘာလို့မလာဖြစ်မှာလဲ ပြန်မမေးဘဲ ခေါင်းတဆတ်ဆတ်ညိတ်ပြနေတဲ့ဟာလေးကို ဝမ်ရိပေါ်ငေးကြည့်နေမိသည်။ မုန့်ကို ပါးစပ်အပြည့်ထည့်ပြီး ငုံထားတာကြောင့် ပါးလေးကဖောင်းနေပြီး သွေးကြောမျှင်လေးတွေတောင် ထင်းနေတာဖြစ်သည်။ တစ်ခါတစ်လေကျရင် လောကကြီး အကြောင်းစိတ်မဝင်စားတတ်တဲ့ ကျန့်ကျန့်ရဲ့ ဦးနှောက်ထဲမှာ ဘာလေးတွေ တွေးနေတတ်လဲဆိုတာ သူသိချင်မိတယ်။
"ရိပေါ် ကျန့်ကျန့် ဒီမုန့်လေးတွေကို ချစ်တယ်...လုံးလုံးလေးမို့ ချစ်တာ...ဒီမုန့်လေးတွေကိုလည်း ချစ်တယ် ရိပေါ်ကိုလည်း ချစ်တယ်..."
"ငါတို့လည်း ကျန့်ကျန့်ကို ချစ်တယ်လေနော် ငါတို့ကို ချောက်ကောင်တွေလို့မခေါ်ပါနဲ့ ငါတို့ နာမည်က ရှန်နဲ့ဇန်..."
အမွှာနှစ်ယောက်မှာ ပိုပျော်ပျော်နေတတ်တဲ့ ဇန်က ကျန့်ကျန့်ကို အသည်းယားလို့ဝင်ပြောလိုက်လျှင်ပဲ သူ့အစ်ကိုဖြစ်သူ ရှန်က စားပွဲခုံအောက်ကနေ ခြေထောက်ကိုကန်၍သတိပေးလိုက်သည်။ အရှေ့ကဟာလေးကိုသာကြည့်ပြီးပြောနေတာ အဲ့ဟာလေးဘေးကတစ်ယောက်ရဲ့ မျက်နှာအမူအရာကိုရော သတိမထားမိတာလား။
ဘယ်အရာမဆို မေ့မေ့ပျောက်ပျောက်ရှိတတ်တဲ့ ကျန့်ကျန့်က ရှန်နဲ့ဇန်ကို ကြည့်ပြီး...
"ကျန့်ကျန့်လည်း ရှန်နဲ့ဇန်ကို ချစ်တယ်..."
"ရှန် နဲ့ ဇန် မင်းတို့နှစ်ယောက်ပြန်တော့..."
ဝမ်ရိပေါ် သက်ပြင်းခပ်ပြတ်ပြတ်ချပြီး အမွှာနှစ်ယောက်ကို အရင်ပြန်ခိုင်းလိုက်၏။
ဘယ်လောက်ပြောပြောမမှတ်တဲ့တစ်ယောက်ကို သူဘယ်လိုလုပ်ရမှာလဲ။ တစ်ခုခုဆို ချစ်တယ် ချစ်တယ်ပဲလိုက်ပြောနေတဲ့ အကျင့်လေးကို ဖျောက်ကိုဖျောက်ပစ်ပေးရမည်။ ချစ်တာရယ် ကြိုက်တာရယ် ခင်တာရယ် ဆိုတာမတူကြောင်းပေါ့။
"ကျန့်ကျန့် စားပြီးပြီ မလား...ငါ့နောက်လိုက်ခဲ့ ရေခဲမုန့်သွားဝယ်မယ်..."
"ဟင် တကယ်လား ကျန့်ကျန့် ရေခဲမုန့်လေးတွေကို ချစ်တယ်..."
ဝမ်ရိပေါ် ကျန့်ကျန့်ကို ရေခဲမုန့်တစ်ခုဝယ်ပေးပြီးနောက် လူရှင်းတဲ့ ကျောင်းဝန်းတစ်နေရာက ပန်းခြံခုံလေးတွေဆီသို့ခေါ်သွား၏။ ကျန့်ကျန့်က ဝမ်ရိပေါ်ခေါ်သွားသည့်နေရာတွင်ထိုင်ကာ ရေခဲမုန့်ကိုသာ အာရုံကျနေစဉ်...
"ကျန့်ကျန့်..."
"ဟင်..."
"အဲ့ဒိရေခဲမုန့်ကကောင်းလား..."
"ကောင်းတယ်..."
"အဲ့ရေခဲမုန့်ကို ကြိုက်လား..."
"အင်း...ကျန့်ကျန့် ဒီရေခဲမုန့်လေးကို ချစ်တယ်..."
"မဟုတ်သေးဘူး ကျန့်ကျန့် ကြိုက်လားလို့မေးရင် မေးခွန်းနဲ့ကိုက်ညီအောင် ကြိုက်တယ်လို့ပြန်ဖြေရတယ်...နောက်တစ်ခေါက်ထပ်မေးမယ် ရေခဲမုန့်ကို ကြိုက်လား..."
"အင်းအင်း ကျန့်ကျန့်ရေခဲမုန့်လေးတွေကိုကြိုက်တယ် ရိပေါ်ကိုလည်း ကြိုက်တယ်..."
ထိုအခါ ဝမ်ရိပေါ်က...
"နေဦးနေဦး ငါ့ကိုကျတော့ ကြိုက်တယ်လို့ မသုံးနှုန်းရဘူး ချစ်တယ်လို့ သုံးနှုန်းရတယ်..."
"ဟင် ဘာလို့လဲ..."
"ရေခဲမုန့်နဲ့ ငါနဲ့တူလား..."
"မတူဘူး..."
"အင်းဟုတ်ပြီ ဘယ်လို မတူတာလဲ..."
"ရေခဲမုန့်က စားလို့ရတယ် ရိပေါ်က စားလို့မရဘူး..."
မှတ်သားလောက်ပါပေတယ်။မေးမိတဲ့သူကပဲမှားတာပါ။
ဝမ်ရိပေါ် ဘာမှဆက်မပြောလိုတော့ဘဲ အရှေ့ကသစ်ပင်ကိုသာစိုက်ကြည့်လို့နေမိသည်။ သင်ပေးနေရင်လည်း တိုင်ပတ်နေဦးမှာပဲ။ ဒီတိုင်းလေးပဲရှိပါစေတော့။
"ရိပေါ်..."
"ဘာလဲ..."
"ကျန့်ကျန့်က ရိပေါ်ကိုချစ်သလို ရိပေါ်က ကျန့်ကျန့်ကိုချစ်လား..."
ဝမ်ရိပေါ် အကြာကြီးကို တိတ်ဆိတ်နေပြီးမှ မေးခွန်းမေးလာသူဘက်ကို စောင်းငဲ့ကြည့်လိုက်ကာ...
"မချစ်ဘူး..."
သူကျန့်ကျန့်ကို မချစ်ဘူး။
ကျန့်ကျန့်သူ့ကို ချစ်တဲ့အချစ်မျိုးနဲ့မချစ်ဘူး။
ကျန့်ကျန့်လိုမျိုး ချစ်တယ်ဆိုတဲ့စကားကိုတောင် နေရာမှန်အောင်မသုံးတတ်သေးတဲ့အချစ်မျိုးနဲ့မချစ်ဘူး။ ရေခဲမုန့်တွေ အကောင်လေးတွေနဲ့ တစ်ဂိုဏ်းတည်းထားတဲ့ အချစ်မျိုးနဲ့လည်း မချစ်ဘူး။
အချစ်ဆိုတာဘာမှန်းမသိသေးတဲ့ ကျန့်ကျန့်ကို အချစ်ဆိုတာသေသေချာချာသိနေပြီဖြစ်တဲ့သူက ဘယ်သူနဲ့မှ တစ်ဂိုဏ်းတည်းထားနှိုင်းယှဉ်ပြီး မချစ်နိုင်ဘူး။အနှိုင်းမဲ့လို့တော့ မဆိုလိုပေမယ့် နှိုင်းပြရမယ့်သူမရှိသေးဘူး...ရှိမယ်လို့လည်းမထင်ဘူး။
"မာမားကလည်း ကျန့်ကျန့်ကို မချစ်ဘူး...ရိပေါ်ကလည်း ကျန့်ကျန့်ကို မချစ်ဘူး..."
You are reading the story above: TeenFic.Net