အပိုင်း(၁) Unicode

Background color
Font
Font size
Line height

သူဌေးရပ်ကွက်တစ်ခုရှိတိုက်အိမ်ခြံဝန်းအတွင်းမှ ခြံစောင့်ကြီးတစ်ဦးသည် တိုက်ရှေ့ဖြတ်သွားသည့် ပုပုလုံးလုံး လေးနှစ်အရွယ်ကောင်လေးနှစ်ယောက်ကိုကြည့်ပြီးပြုံးလို့နေသည်။

ဒါဟာ ထိုခြံစောင့်ကြီးအဖို့တော့ ညနေသုံးနာရီအချိန်ဆိုရင် အမြဲမြင်တွေ့နေရတဲ့ မြင်ကွင်းတစ်ခု။ပြီးရင် မပီကလာ ပီကလာစကားလေးတွေကိုကြားရတော့မည်။

ဟော...ပြောရင်းနဲ့တောင်။

"ရိပေါ်...ကျန့်ကျန့်ကို ခဏစောင့်ဦး..."

"မြန်မြန်လျှောက် နှေးစိနှေးစိနဲ့..."

"ကျန့်ကျန့်လေးတယ်..."

"လွယ်အိတ်လေးနှစ်ခုထဲကိုဘာဖြစ်နေတာလဲ နေ့တိုင်းလွယ်နေကျကို အမြဲတမ်းနှေးစိ နှေးစိလုပ်နေတယ်..."

"ကျန့်ကျန့်နှေးတာဟုတ်ဘူး...လွယ်အိတ်လေးတာ..."

"နားညီးတယ် မြန်မြန်လာ မမီရင်မစောင့်ဘူးနော်..."

"အင်း...ကျန့်ကျန့်ပြေးလာပြီ..."

"ဝေါ...ဒရော..."

​လေးနှစ်အရွယ်ကျန့်ကျန့်ဟာ ကျောပေါ်တွင်လွယ်အိတ်တစ်လုံးကိုလွယ်ထားပြီး ကျန်လွယ်အိတ်တစ်လုံးကိုတော့ လက်မှကိုင်၍မြေကြီးတွင်တရွတ်တိုက်ဆွဲလို့လာခဲ့သည်။

ကျောထက်ရှိကျောပိုးအိတ်လေးမှာ ရိပေါ်​၏ လွယ်အိတ်ဖြစ်ပြီး တရွတ်တိုက်ဆွဲလာတာက သူ့ကိုယ်ပိုင်အိတ်လေးဖြစ်သည်။ လေးနှစ်အရွယ်လေးဖြစ်၍ခန္ဓာကိုယ်ကနှစ်လုံးပြိုင်ပြီးမလွယ်နိုင်တာကြောင့် တစ်လုံးကိုတရွတ်တိုက်ဆွဲလာရခြင်းဖြစ်သည်။

ရိပေါ်ကတော့ ဘောင်းဘီအိတ်ကပ်ထဲလက်ထိုးထည့်၍ ခြေတံတိုတိုလေးတွေဖြင့် အရှေ့ကနေကြော့ကြော့မော့မော့လေးလျှောက်လို့နေသည်။မူကြိုကပြန်လာတဲ့အချိန်တိုင်းသူ့လွယ်အိတ်ကို သူ့အိမ်နီးချင်လေးကိုသယ်ခိုင်းနေကျဖြစ်​၏။

လေးနှစ်သားလေးရိပေါ် နှုတ်ခမ်းလေးချွန်စု၍ လူကြီးလေးတစ်ယောက်လို လေချွန်နေသည့်ဟန်ဖြင့်လမ်းလျှောက်နေရင်း အနောက်ကမပါလာတော့သည့် လွယ်အိတ်တရွတ်တိုက်ဆွဲသံနှင့် ခြေသံလေးတွေကြောင့် အနောက်ကိုလှည့်ကြည့်လိုက်သည်။ မြင်လိုက်ရတော့ သူနဲ့အလှမ်းဝေးဝေးလေး လမ်းပေါ်တွင်ငုတ်တုတ်လေးထိုင်နေသည့် ကျန့်ကျန့်ကိုတွေ့​၏။

​ငုတ်တုတ်ထိုင်နေပြီး တစ်စုံတစ်ရာကို စိတ်ဝင်တစားကြည့်နေသည့် ကျန့်ကျန့်ရှိရာသို့ရိပေါ်လျှောက်သွားလိုက်ကာ...

"ဘာလုပ်နေတာလဲ..."

ကျန့်ကျန့်က ဘာမှပြန်မဖြေဘဲ သူ့ခြေထောက်နားက အကောင်လေးတစ်ကောင်ကိုကြည့်လို့သာနေသည်။ လွယ်အိတ်လေးနှစ်လုံးကလည်း မြေကြီးပေါ်မှာ ဒီတိုင်းလေးအပုံလိုက်။

"ငါ့လွယ်အိတ်ကိုဘာလို့မြေကြီးပေါ်ချထားတာလဲ..."

ရိပေါ်က ရှူးရှူးရှားရှားနဲ့ သူ့လွယ်အိတ်ကိုကောက်ပြီးဖုန်လေးတွေခါလိုက်ကာ ကျန့်ကျန့်​၏ကျောပေါ်မှာပြန်တင်ပေးလိုက်သည်။ ကျန့်ကျန့်ကလည်းရိပေါ်လုပ်သမျှဘာမှမပြောဘဲ သူစိတ်ဝင်စားနေတဲ့ အကောင်လေးကိုသွားထိမယ်လုပ်လိုက်လျှင် ရိပေါ်က ကျန့်ကျန့်​၏လက်ဖမိုးလေးကို သူ့လက်ဝါးသေးသေးလေးတွေဖြင့်ရိုက်ချလိုက်သည်။

"ဘာလို့ တွေ့ကရာ အကောင်တွေလိုက်ကိုင်နေတာလဲ...ဘာကောင်ကြီးလဲမသိဘူး ရုပ်ကလည်းဆိုးသေးတယ် ကျောကုန်းပေါ်မှာလည်း အဆူးတွေနဲ့ ရွံစရာကြီး...ဝေါ့..."

ရိပေါ်က သူ့ရင်ဘတ်ကိုလက်နဲ့ဖိလိုက်ကာ ပျို့အန်တဲ့ပုံလေးလုပ်ပြနေပြီး ကျန့်ကျန့်ကတော့ နာသွားသည့် သူ့လက်လေးကိုပွတ်သပ်ရင်း...

"ရွံစရာကောင်းပါဘူး...အကောင်လေးက မျက်လုံးပြူးပြူးလေးနဲ့ ဝဝတုတ်တုတ်လေး လက်လေးတွေကလည်း သေးသေးလေး...ကျန့်ကျန့် ချစ်တယ်..."

ကျန့်ကျန့်ကပြောလည်းပြော သူချစ်တဲ့အကောင်လေးကို ကောက်ကိုင်လိုက်ပြီဖြစ်​၏။ ဒါကို ရိပေါ်တွေ့တော့ ကျန့်ကျန့်လက်ကလေးကို ထပ်ရိုက်လိုက်ကာ...

"ဘာလို့လျှောက်ကိုင်တာလဲ လွှတ်လိုက်စမ်း..."

"မလွှတ်ချင်ပါဘူး...ဒီအကောင်လေးကို ကျန့်ကျန့်ချစ်တယ်..."

"လွှတ်ချလိုက်နော်..."

ရိပေါ်က ကျန့်ကျန့် လက်ထဲက အကောင်လေးကို ဆွဲလုပြီး လွှတ်ပစ်လိုက်ချင်ပေမယ့် ကိုင်လဲမကိုင်ရဲဖြစ်တာကြောင့် ကျန့်ကျန့်လက်ကလေးကိုသာ တဖျတ်ဖျတ်ရိုက်ရင်း လွှတ်ချခိုင်းနေဖြင်းဖြစ်သည်။

ရိပေါ်က ရိုက်လေ ကျန့်ကျန့်က သူ့လက်ထဲက အကောင်လေးကို ပိုတင်းကြပ်စွာဆုပ်ကိုင်ထားလေဖြစ်တာကြောင့် အကိုင်ခံထားရသောထိုအကောင်လေးမှာ မျက်လုံးအနည်းငယ်ပင်ပြူးထွက်လာပြီး လျှာပါထွက်လာတော့မည်ဖြစ်သည်။

အတန်ကြာတော့ ထိုအကောင်လေးမခံနိုင်တော့တာကြောင့် သူ့ကိုဆုပ်ကိုင်ထားတဲ့ လက်သေးသေးလေးတွေကြားကရုန်းထွက်လိုက်ရင်း အဝေးသို့ခုန်ပေါက်သွားပြီဖြစ်​၏။

"ဘယ်သွားမလို့လဲ...ကျန့်ကျန့်..."

ကျန့်ကျန့် သူ့လက်ထဲက ခုန်ဆင်းသွားတဲ့ အကောင်လေးကို လက်ညိုးထိုးပြလိုက်ရင်း...

"အဲ့အကောင်လေးနောက် ကျန့်ကျန့်လိုက်သွားမလို့..."

"အဲ့ဒိရုပ်ဆိုးကောင်ကြီးနောက် လိုက်သွားပြီး ဘာလုပ်မှာလဲ..."

"သူက ရုပ်ဆိုးဘူးရိပေါ်...အဲ့အကောင်လေးကို ကျန့်ကျန့်ချစ်တယ်..."

ကျန့်ကျန့်မှာ အကျင့်လေးတစ်ခုရှိ​၏။ သူချစ်တဲ့ အရာလေး​တွေနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတတ်တဲ့အကျင့်လေး။

ဒါကြောင့်မလို့ အခုတောင် သူချစ်တဲ့အကောင်လေးနောက်ကို ခြေတုတ်တိုလေးတွေဖြင့်လိုက်သွားလို့နေပြီဖြစ်သည်။ ရိပေါ်​၏ လွယ်အိတ်ကိုလွယ်ထားဆဲဖြစ်သော်လည်း မြေကြီးပေါ်ချထားသည့် သူ့လွယ်အိတ်လေးကိုတော့ သတိမရတော့။

တော်သေး၍ထွက်ပြေးသွားတဲ့ အကောင်လေးကနှေးနှေးလေးသာ ပြေးနိုင်တာမလို့ကျန့်ကျန့်က ခပ်ဝေးဝေးမရောက်သေးတာပင်။

ရိပေါ်ကတော့ မြေကြီးပေါ်က ကျန့်ကျန့်​၏ လွယ်အိတ်ကိုကောက်ယူလိုက်ပြီး သူမနှစ်မြို့တဲ့အကောင်ကြီးနောက် လိုက်သွားသည့် သူ့အိမ်နီးချင်းလေးဆီသို့အမြန်ပြေးလိုက်သွားကာအတင်းပြန်ဆွဲလာခဲ့သည်။

"ကျန့်ကျန့်ကို ဘာလို့လာဆွဲတာလဲ...ကျန့်ကျန့်ချစ်တဲ့အကောင်လေးနောက်လိုက်သွားမလို့..."

"အဲ့အကောင်ကြီးက ဘာမှချစ်ဖို့မကောင်းဘူး..."

"ချစ်ဖို့ကောင်းတယ်..."

"ငါ့ကိုရောမချစ်ဘူးလား..."

"အင်း ချစ်တယ် ကျန့်ကျန့်ရိပေါ်ကိုချစ်တယ်..."

"ငါ့ကိုချစ်ရင် ငါ့နောက်ပြန်လိုက်ခဲ့..."

ကျန့်ကျန့် ကလေးအတွေးဖြင့် မျက်လုံးလေး ထောင့်ကပ်ကာစဉ်းစားနေပြီးမှ...

"ကျန့်ကျန့်က ဟိုအကောင်လေးကိုလည်း ချစ်တယ် ရိပေါ်ကိုလည်းချစ်တယ်...ရိပေါ်ကိုပိုချစ်လို့ ကျန့်ကျန့် ရိပေါ်နောက်ပဲလိုက်မယ်..."

"အင်း...ရော့ ငါ့နောက်လိုက်မယ်ဆို လွယ်အိတ်ပြန်သယ်..."

ခုနကလိုပင် မနိုင့်တနိုင်ဖြင့် ကျန့်ကျန့်ဟာ လွယ်အိတ်နှစ်လုံးကိုပြန်သယ်လာပြီးတော့ ရိပေါ်ကတော့ ကြော့ကြော့လေးလမ်းပြန်လျှောက်သည်။

သူတို့​အိမ်တွေဆီသို့ရောက်တော့မည့်အချိန်တွင် အသက် ၁၄ နှစ်အရွယ် ကောင်မလေးတစ်ဦးပြေးလာကာ ရိပေါ်​၏ နားရွက်ကိုလိမ်ဆွဲ​လိုက်တာကြောင့်...

"အား...မမ ဘာလို့ နားရွက်လာဆွဲတာလဲ..."

"နင်ဘာလို့ ကျန့်ကျန့်လေးကို လွယ်အိတ်သယ်ခိုင်းတာလဲ...ငါ့ ကလေးလေးကိုများ...ကျန့်ကျန့်လေး သူ့ကိုလွယ်အိတ်ပြန်ပေးလိုက်..."

ကျန့်ကျန့် သူတို့ထက်ဆယ်နှစ်ပိုကြီးတဲ့ ရိပေါ်ရဲ့မမ ချင်လိ ကိုကြည့်လိုက် သူ့ကိုမျက်မှောင်ကျုံ့ကြည့်နေသည့် ရိပေါ်ကိုကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။

ရိပေါ်ကသူ့အမအား...

"အဲ့တာ ကျန့်ကျန့်သူ့ဟာသူသယ်တာ...ဟုတ်တယ်မလား ကျန့်ကျန့်..."

ကျန့်ကျန့်က ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလိုက်ပြီး....

"ဟုတ်တယ် မမ ချင်လိ ကျန့်ကျန့်ဘာသာ ကျန့်ကျန့်သယ်တာ...ရိပေါ် သယ်ခိုင်းတာဟုတ်ဘူး..."

ချင်လိ သူ့ရှေ့က ကလေးနှစ်ယောက်ကိုကြည့်ပြီးဘာမှထပ်မပြောချင်တော့။ သူ့ရဲ့မောင်ဖြစ်သူက ကျန့်ကျန့်လေးကိုအရမ်းအနိုင်ကျင့်တာ။ သူတော်တော်အမြင်ကပ်တာ သူ့မောင်ကို။ ကျန့်ကျန့်လေးကလည်း ထုံထုံလေးဟယ်။ရိပေါ်ဆိုတဲ့ကောင်စုတ်လေးပြောသမျှအကုန်လိုက်လုပ်။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေကြတာ။

ကျန့်ကျန့်လေးကို သူက ရိပေါ်ထက်တောင်ပိုချစ်တာ။ ပြီးခဲ့တဲ့နှစ်ကမှ ဒီရပ်ကွက်ထဲကို သူတို့မိသားစုပြောင်းလာပြီး ကျန့်ကျန့်လေးတို့အိမ်ဘေးကပ်လျက်ဖြစ်နေတာပင်။ သူ့မောင်လေးနဲ့ အသက်တူတဲ့ကလေးလေးကိုသူတွေ့လိုက်ကတည်းက မောင်လေးအရင်းထက်ကိုပိုချစ်မိတာဖြစ်သည်။ ကျန့်ကျန့်လေးက အရမ်းချစ်ဖို့ကောင်းတာ။လိမ္မာနေတာပဲ။ ရိပေါ်ကတော့ လူကလက်တောက်လောက်လေးနဲ့ အချိုးကမပြေ။

"ရိပေါ် အိမ်ထဲဝင်တော့ ကျန့်ကျန့်လေးကို နောက်တစ်ခါ လွယ်အိတ်သယ်ခိုင်းကြည့် ငါနင့်ခေါင်းကို အာလူးဘူးသီးထွက်သွားအောင် ခေါက်ပစ်မှာ..."

ချင်လိက သူ့မောင်ကိုဆူကြိမ်းလိုက်ပေမယ့် ​ကျန့်ကျန့်ရှေ့ရောက်တော့ ပြုံးလိုက်ကာ...

"ကျန့်ကျန့်လေးလည်း အိမ်ပြန်တော့နော် ညကျမှ မမတို့အားလုံးအတူတူဆော့ကြမယ်..."

"အင်းအင်း...မမချင်လိ တာ့တာ..."

ကျန့်ကျန့် ကသူတရွတ်တိုက်ဆွဲလာတဲ့သူ့လွယ်အိတ်လေးကို ပြန်လွယ်ပြီး သူ့အိမ်ဘက်ပြေးသွားမည်အလုပ် ရိပေါ်က အာပြဲကြီးဖြင့်...

"ငါ့ကိုရော တာ့တာ မလုပ်ဘူးလား..."

"အင်း ကျန့်ကျန့်ရိပေါ်ကိုတာ့တာလုပ်တယ်...ရိပေါ် တာ့တာ..."

ကျန့်ကျန့်လေးတာ့တာ လုပ်ပြမှပဲ အိမ်ထဲကိုအဝင်ဖြောင့်သွားတဲ့ ရိပေါ်ကို ချင်လိကြည့်ကာ မနိုင်ဘူးဆိုသည့်သဘောဖြင့်ခေါင်းခါလိုက်​သည်။ဒီကလေးတွေကတော့ဘာလေးတွေမှန်းမသိဘူး။

ဒီလိုနဲ့ ရိပေါ်နဲ့ ကျန့်ကျန့်တို့ နေ့တိုင်းမူကြိုက အမြဲအတူတူပြန်တယ်။ ကျန့်ကျန့်ကတော့ထုံးစံအတိုင်း လွယ်အိတ်လေးနှစ်လုံးကို မနိုင်မနင်းသယ်ရင်း ရိပေါ်နောက်ပြေးလိုက်ရတုန်း။

သို့သော် ခါတိုင်း ဘောင်းဘီထဲလက်ထည့်ပြီး အမြဲတမ်း ကြော့ကြော့လေးလျှောက်နေကျရိပေါ်ကတော့ အခုနောက်ပိုင်း ခေါင်းငုံ့ရင်းလမ်းပေါ်မှာ အမြဲတစ်ခုခုကို လိုက်ရှာနေသလို လျှောက်တတ်​သည်။

အဘယ့်ကြောင့်ဆိုသော် ဟိုတစ်ခါလို သူမနှစ်မြို့သည့် အကောင်ကြီးတွေကို တွေ့ရင် ကျန့်ကျန့်မတွေ့ခင် အရင်ဆုံးဖိနပ်နှင့်သွားတက်နင်းပစ်လိုက်တာဖြစ်သည်။

တကယ်ဆို ကျန့်ကျန့်ချစ်တဲ့ အရာလေးတွေကို ရိပေါ်မနှစ်သက်တာဖြစ်ကောင်းဖြစ်လိမ့်မည်။


ရိပေါ်

ကျန့်ကျန့်

ကျန့်ကျန့်ချစ်သည့် အကောင်လေး
(သို့မဟုတ်)
ရိပေါ်မနှစ်မြို့သည့်ရုပ်ဆိုးကောင်ကြီး

_____________ _________

AN:ရိုးရိုးလေးပါပဲ။ဒီတိုင်းပဲချစ်လို့ရေးတာပါ။


You are reading the story above: TeenFic.Net

#random