Final (Unicode)

Background color
Font
Font size
Line height

ဝမ်ရိပေါ် ကျန့်ကျန့်ကို မျက်နှာချင်းဆိုင်ထားပြီး ကျန့်ကျန့်လည်ပင်းမှာဝတ်ထားတဲ့ ဖဲပြားလေးကို သေသေချာချာ ချည်နှောင်ပေးလို့နေ​၏။

စောင်းသွားရင်လည်း ပြန်တည့်လိုက်။ နည်းနည်းလေးပုံပျက်သွားရင်လည်း ပြန်ပြင်လိုက်ဖြင့်။ပါးစပ်ကလည်းတတွတ်တွတ်ဖြင့် ဘာတွေမှာနေမှန်းမသိ။ ကျန့်ကျန့်ကလည်း ခေါင်းလေးတညိတ်ညိတ်ဖြင့်။

ကျန့်ကျန့်ကို ဝမ်ရိပေါ် စိတ်ကြိုက်ပြင်ပေးလို့ပြီးတော့ နဖူးလေးကို နမ်းလိုက်​၏။ ထိုအခါ ကျန့်ကျန့်ကလည်း တိရစ္ဆာန်ရုံတွေမှာ ငါးတောင်းနေတဲ့ ဖျံလေးကဲ့သို့ဝမ်ရိပေါ်​၏ ရင်ခွင်ထဲသို့ခေါင်းလေးတိုးဝှေ့ဝင်ကာ နှုတ်သီးလေးများလှုပ်စိစိဖြင့်...

"ရိပေါ်..."

"ပြောလေ..."

"ကျန့်ကျန့် က ဘယ်သူလေးလဲ..."

ရင်ခွင်ထဲက ဖျံကလေးက နောက်ထပ်စကားလေးတွေတတ်လာပြီဖြစ်​၏။ ဒီလိုအချိန်မှာသူပြန်ဖြေရမှာ တစ်ခုတည်းရှိ​သည်။

"ကျန့်ကျန့်က ရိပေါ်ရဲ့ အချစ်ဆုံးလေးပေါ့..."

ကျန့်ကျန့်တို့ ပြုံးဖြီးလို့သွားသည်။ရှေ့သွားလေးနှစ်ချောင်းကလည်းထင်းလို့။

"ကျန့်ကျန့်..."

"ဟင်..."

"တအောင့်နေ အောက်ဆင်းရင် သူများတွေထိတာတွေကိုင်တာတွေ မခံနဲ့ ဟုတ်ပြီလား...ငါ့ဘေးနားမှာပဲကပ်နေ...ကျန့်ကျန့်ကိုထိဖို့ လက်လှမ်းလာတာတွေ့ရင် ကိုက်ပစ် ကြားလား..."

"အင်းအင်း ကျန့်ကျန့်ကြားတယ်...

ဝမ်ဖေးရန်အရှေ့က သူ့သားကိုတော်တော်မျက်စိနောက်နေတာကြောင့် မဲ့ရွဲ့ပြီး...

"ဟိုကောင် ထားစရာမရှိရင် မျိုချထားလိုက်..."

ဖအေဖြစ်သူကိုတောင် ရွဲ့ပြီးပြန်ဖြေသွားသေး။ အဲ့လိုလုပ်လို့ရကြေးဆိုမျိုချထားတာ ကြာပြီဆိုပဲ။ဒီကောင် အခုနောက်ပိုင်းတော်တော်ဆိုးလာတာ။ ကျန့်ကျန့်လေးကို ဘယ်သူထိထိ အထိတောင်မခံတော့တာ။

အဲ့တော့ သူတို့ဘက်ကလည်း ဘယ်ရမလဲ။ ကျန့်ကျန့်လေးကို အပေါ်ထပ်မှာ ဒီကောင်နဲ့ နှစ်ယောက်တည်းမထားတော့ဘူး။ အောက်ထပ်ကအခန်းမှာပြောင်းနေခိုင်းလိုက်သည်။

ပြီးတော့ ရယ်လည်းရယ်ရပါတယ်။ ဘာလို့လဲမသိ ကျန့်ကျန့်လေးက မင်္ဂလာအရမ်းဆောင်ချင်တာ။ သူတို့ဘက်ကလည်း တရားဝင်မင်္ဂလာပွဲမလုပ်ပေးချင်သေး။

မင်္ဂလာမဆောင်ပေးတာ အခြားတော့မဟုတ်။ကျန့်ကျန့်လေးက ဘာမှနားမလည်ပေမယ့် ဟိုကောင်ရိပေါ် ကို စိတ်မချတာ။ လွန်လွန်ကျူးကျူးတွေဖြစ်ဖို့ တော်တော်လေးငယ်သေးတာမဟုတ်လား။ ကျောင်းပြီးဖို့နေနေသာ ဒုတိယနှစ်အစပဲရှိသေးတာပင်။

ဒါ့ကြောင့် မင်္ဂလာဆောင်ချင်လွန်းတဲ့ ကျန့်ကျန့်လေးအတွက် သောကြာနေ့ညနေတိုင်း...
__________ ____________

"ဒန် တန့် တန်...ဒန် တန့် တန်..."

ကျန့်ကျန့်​၏ လက်လေးကို ဝမ်ရိပေါ် ဆွဲပြီး ခြံထဲဆင်းလာသည်နှင့် တီးလုံးလေးတစ်ခုက ပေါ်ထွက်လို့လာသည်။ ထိုတီးလုံးလေးမှာ တခြားတော့မဟုတ်။ ထုပ်ထုပ်​၏ ပါးစပ်မှ ထွက်လာသော ပါးစပ်တီးလုံးသာဖြစ်သည်။

အဖြူရောင် မင်္ဂလာဝတ်စုံလေးများ ဝတ်ဆင်ထားသည့် ကျန့်ကျန့်နှင့် ဝမ်ရိပေါ်တို့ ခြံထဲရောက်သည့်အခါအားလုံးက လက်ခုပ်တီးပြီးကြိုဆိုကြ​၏။

ထုပ်ထုပ်ကတော့ လက်ထဲက ပန်းခြင်းတောင်းကြီးမလာပြီး သူ့ရဲ့ထုံးစံအတိုင်း ပန်းတွေကို အဆုပ်လိုက် အဆုပ်လိုက်ကြဲချ​သည်။ ပါးမို့မို့ကြီးတွေကလည်း မို့တက်ဖောင်းကစ်နေပြီး ပါးစပ်ကလည်း မုန့်တွေစားထားတာကြောင့် အဆီတဝင်းဝင်း။ အရှေ့ဆုံးကနေပြီးပန်းတွေကြဲလို့ တဟီးဟီးနဲ့။

အခုတစ်ခေါက်နဲ့ဆို ကျန့်ကျန့် မင်္ဂလာအစမ်းဆောင်တာ ရှစ်ခေါက်မြောက်...။

ဝမ်မိသားစုက တရားဝင်မင်္ဂလာပွဲမလုပ်ပေးသေးပေမယ့် ကျန့်ကျန့်လေးစိတ်ချမ်းသာအောင် တစ်ပတ်တစ်ခါသောကြာနေ့ညနေတိုင်း မင်္ဂလာပွဲပုံစံငယ်လေးလုပ်ပေးခြင်းဖြစ်သည်။

ထုပ်ထုပ်တို့လမ်းထဲကလူတွေက တစ်လတစ်ခါလုပ်တဲ့ ထုပ်ထုပ်ရဲ့မွေးနေ့ကြောင့်လက်ဆောင်ဖိုးနဲ့မွဲတယ်ဆိုရင် ကျန့်ကျန့်တို့လမ်းထဲက လူတွေက လက်ဖွဲ့ဖိုးနဲ့မွဲသည်။

အစကတော့ ဝမ်ဖေးရန်ရဲ့ မျက်နှာကြောင့် ရပ်ကွက်ထဲကလူတွေ လာကြပေမယ့် နောက်တော့ အိမ်ရှင် ဝမ်မိသားစုရယ်၊ဒေါ်လေးရင်ရယ်၊ ထုပ်ထုပ်ရယ်၊ ရှန် ဇန် အမွှာနှစ်ယောက်ရယ်၊ ရစ်ကီ နဲ့ စင်ဒီကလွဲလို့ မလာကြတော့။

ထုပ်ထုပ်ကမုန့်တွေစားပြီး ပန်းကြဲချင်လို့။

ရှန် ၊ ဇန် အမွှာနှစ်ယောက်က ရွေးချယ်စရာမရှိလို့။

ရစ်ကီကလည်း ဝမ်ရိပေါ်ရဲ့အမ အပျိုကြီးချင်လိကို ကြောင်ချင်လို့လာတာ။

စင်ဒီနဲ့ချင်လိကတော့ ကျန့်ကျန့်ကို ချစ်လွန်းအသည်းယားလွန်းလို့ကို အမြဲတမ်းရှေ့ဆုံးတန်းမှာထိုင်ပြီးအားပေးတာ။သူတို့ဘေးမှာက ဒေါ်လေးရင်။

"ဖယ်ပေးကြ...ဖယ်ပေးကြ..."

ရှန် နဲ့ ဇန် လူနှစ်ယောက်သယ်ရတဲ့ ဝက်ရုပ်ကြွေစုဘူးကြီးကို ဝမ်အိမ်ထဲကသယ်လာကြပြီး လက်ဖွဲ့ထည့်ရတဲ့ ခုံပေါ်မှာ တင်လိုက်​၏။

ထိုစုဘူးကြီးက ဝမ်ဖေးရန် ကျန့်ကျန့်အတွက် သီးသန့် အော်ဒါမှာပေးထားခြင်းဖြစ်သည်။ မင်္ဂလာပွဲလာတဲ့ လူတိုင်းအဖို့ လက်ဖွဲ့ချင်ရင် ထိုထဲကို ထည့်ထည့်သွားရတာဖြစ်သည်။အစကတော့ လူတွေက အရွက်ကြီးတွေ ထည့်သွားကြပေမယ့် အပတ်တိုင်းမင်္ဂလာဆောင်နေတော့ အကြွေစေ့လေးတွေသာပစ်ထည့်သွားကြတာဖြစ်​၏။ ဒါကိုလည်း ကျန့်ကျန့်တို့က ပျော်နေတော့တာ။

"မင်္ဂလာ သတို့သားတွေ အရှေ့သို့လျှောက်လာပေးပါခင်ဗျာ..."

ရှန်က မိုက်ခ်လေးနဲ့ ကြေညာလိုက်တဲ့ အခါ ဝမ်ရိပေါ် ကျန့်ကျန့်​၏ လက်လေးကို ဖွဖွလေးကိုင်၍ လျှောက်လမ်းတိုတိုလေးကို လျှောက်သွားလိုက်​၏။ ကျန့်ကျန့်ကတော့ အရှေ့ကို ကြည့်မလျှောက်ဘဲ ဝမ်ရိပေါ်​၏ မျက်နှာကိုသာကြည့်ပြီး လျှောက်လို့လာသည်။ ကျန့်ကျန့်အတွက်တော့ ဝမ်ရိပေါ် မျက်နှာ တစ်ကမ္ဘာပါပဲ။

ချင်လိ ၊စင်ဒီ နဲ့ ဒေါ်လေးရင်တို့က လက်ခုပ်တွေတီးလို့ လက်ကိုင်ပုဝါလေးတွေကိုယ်စီထုတ် မျက်ရည်လေးတွေသုတ်လို့ပင်။ ဒီမြင်ကွင်းလေးကို သူတို့မြင်တာ ဒါနဲ့ဆို ရှစ်ခေါက်မြောက်ရှိပြီဖြစ်ပေမယ့် အခေါက်တိုင်းသူတို့ မျက်ရည်ကျရတာ။ ဒါတောင် တကယ်အတည်ကြီး မင်္ဂလာဆောင်နေခြင်းမဟုတ်။ ဒါကိုပဲသူတို့မှာ ဝမ်းသာ ဝမ်းနည်းလေးဖြစ်နေရတာပင်။ ကျန့်ကျန့်လေး အရွယ်ရောက်ပြီ မဟုတ်လား။

"မ , မငိုပါနဲ့...ကျွန်တော် က မ မျက်ရည်တွေကို တစ်သက်စာ သုတ်ပေးမယ့်သူဖြစ်ပေးပါ့မယ်..."

ငိုနေတဲ့ ချင်လိဘက်သို့ ရစ်ကီတိုးသွားကာ စကားတစ်ခွန်းနှစ်ခွန်းချကျွေး​၏။ ချင်လိကတော့ သူ့ဘေးကကောင်လေးကို ကြည့်ပြီး ငိုရမလိုလို ရယ်ရမလိိုလို။ အမှန်တိုင်းဆိုရရင်တော့ ရင်ထဲမှာ နည်းနည်းတော့ကလိကလိနဲ့။

"ကျန့်ကျန့် တော်ပြီလေ..."

"ဟင့်အင်း တော်သေးဘူး ကျန့်ကျန့် လျှောက်ချင်သေးတယ်..."

ဝမ်ရိပေါ် တော်တော်ခေါင်းမူးနေပြီဖြစ်​၏။ သို့သော် လက်ကို ကိုင်ထားတဲ့ဟာလေးက မမောနိုင်မပန်းနိုင် မင်္ဂလာလျှောက်လမ်းတိုတိုလေးကို ပတ်လျှောက်နေတာ အခေါက်နှစ်ဆယ်မကတော့။ ခေါက်တုံ့ခေါက်ပြန်ဖြစ်နေတာကြောင့် ဝမ်ရိပေါ် ခေါင်းထဲရီဝေဝေဖြစ်လာရသည်။

ကျန့်ကျန့်က သူကိုယ်တိုင်မလျှောက်နိုင်တော့မှ...

"ရိပေါ် ကျန့်ကျန့် တော်ပြီ...မလျှောက်ချင်တော့ဘူး..."

"ကျေနပ်လား ကျန့်ကျန့်..."

"အင်းအင်း ကျန့်ကျန့် ကျေနပ်တယ်...ရိပေါ်ရော..."

"အင်း ကျေနပ်တာပေါ့..."

မကျေနပ်လည်း ကျေနပ်တယ်လို့ ပြန်ဖြေရန် အရှေ့က အပြုံးလေးတွေက တွန်းအားပေးလို့နေသည်။

ဝမ်ရိပေါ် ကျန့်ကျန့်ကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်​၏။ သိကြရဲ့လား။ရင်ခွင်ထဲကဟာလေးက မင်္ဂလာတာ ခဏခဏဆောင်ချင်တာ မင်္ဂလာဦးတာကို ဘာလုပ်တဲ့ဟာမှန်းမသိ။

ဟိုတစ်နေ့တုန်းက နှစ်ယောက်တည်းရှိနေတဲ့အချိန် ပါးပြင်နုနုလေးတွေကို နမ်းနေရင်း မထိန်းချုပ်နိုင်လို့ နောက်တစ်ဆင့်တက်ဖို့ နားရွက်လေးကို တတိတိလေးသွားကိုက်နေရင်း ရုတ်တရက်ကြီးကျန့်ကျန့်ထငိုလိုက်တာ သူ့နားစည်တွေကွဲပြီလို့တောင်ထင်တာ။

ဘယ်လိုပြန်ချော့ချော့ မတိတ်တော့သလို တစ်ညလုံးလဲ မအိပ်တော့ဘဲ နားရွက်နှစ်ဖက်ကို လက်လေးနဲ့ဖုံးထားပြီး ငုတ်တုတ်ထိုင်နေတော့တာပင်။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ရိပေါ် ကျန့်ကျန့်ကို မကိုက်စားပါနဲ့တဲ့။

အဲ့တော့ ကျေနပ်လားဆိုတော့ ကျေနပ်ပါသည်ပေါ့။

"ရိပေါ်နဲ့ ရိပေါ်ရဲ့အချစ်ဆုံးလေး ရေ အဲ့မှာ နှစ်ယောက်တည်းဖက်မနေဘဲ ဓာတ်ပုံရိုက်ဖို့ ဒီဘက်ကို ကြွလာပေးပါဦး ဗျို့...!!! "

ဇန် နဲ့ ရစ်ကီက သံပြိုင်အော်၍ခေါ်လိုက်တော့ ကျန့်ကျန့်က ဝမ်ရိပေါ်​၏ ရင်ခွင်ထဲကနေ ထွက်လာပြီး...

"လာပြီ...လာပြီ...ရိပေါ်ရဲ့ အချစ်ဆုံးလေး လာပြီ..."

"ဟား...ဟား...ဟား..."

ပါးစပ်ကတတွတ်တွတ်ပြောပြီး တတောက်တောက်နဲ့ ပြေးလာသည့် ကျန့်ကျန့်ကို ကြည့်ပြီး ပွဲရှိလူတိုင်းက တဝါးဝါး တဟားဟားနဲ့ သဘောကျလို့နေကြသည်။သူတို့တွေ ကျန့်ကျန့်ကို တစ်ရက်မှ မတွေ့ရရင် မနေနိုက်လောက်ကြဘူး ထင်ရဲ့။

"ကျန့်ကျန့်...ထုပ်ထုပ်အလယ်မှာနေချင်တယ်..."

"အင်းအင်း ကျန့်ကျန့်ဘေးလာခဲ့..."

အားလုံးစုဖွဲ့ ဓာတ်ပုံရိုက်ကြမည်လုပ်တော့ ထုပ်ထုပ်က အလယ်မှာနေဖို့တောင်းဆိုသည့်အခါ ကျန့်ကျန့်က သူ့ဘေးနားကို ဆွဲခေါ်လိုက်ပေမယ့် ဝမ်ရိပေါ်က...

"ဟိုကောင် အလယ်မှာ ဘာလာရှုပ်တာလဲ...ဟိုဘက်သွားစမ်း..."

အလယ်မှာ နေချင်တဲ့ ထုပ်ထုပ်က အခုတော့ အစွန်ဆုံးသို့ရောက်သွား​​၏။ လူကဝတုတ်လုံးနေတော့ ကင်မရာမဆန့်ဘဲ ဓာတ်ပုံထဲမှာလည်း ခန္ဓာကိုယ်တစ်ခြမ်းပဲပါလာခဲ့တော့သည်။

"ရိပေါ်...ရိပေါ်..."

မင်္ဂလာပွဲပြီးသွားတော့ လက်ဖွဲ့ငွေတွေထည့်တဲ့ ဝက်စုဘူးကြီးရှေ့တွင် ကျန့်ကျန့်မတ်တပ်သွားရပ်လို့နေကာ စုဘူးကြီးကို မနိုင်တနိုင်ဖြင့် သွားလှုပ်လို့နေ​၏။ ဝမ်ရိပေါ် အနားသို့ရောက်လာသည့်အခါ ကျန့်ကျန့်က ဝမ်းသာအားရဖြင့်...

"ရိပေါ် ကျန့်ကျန့်တို့ အများကြီးရတယ်...လာကြည့်ကြည့်..."

ဝမ်ရိပေါ် ကျန့်ကျန့်ကို အနောက်ကနေသိုင်းဖက်လိုက်ပြီး စုဘူးပေါ်က ကျန့်ကျန့်​၏ လက်လေးတွေပေါ်သို့ ထပ်ကိုင်လိုက်ကာ စုဘူးကြီးကို လှုပ်ကြည့်လိုက်သည်။

ဟုတ်တာပဲ။ ဧရာမ ဝက်စုဘူးကြီးကို လှုပ်ကြည့်လိုက်တော့ အကြွေစေ့သံတွေ တချွင်ချွင်နဲ့။

ပြီးပါပြီ။
11/1/2022


You are reading the story above: TeenFic.Net

#random