လူနှစ်ယောက်သာ ဝင်ဆံ့သည့် ဈေးလမ်းကလေးကို လျှောက်ဖို့ မနက် ခုနှစ်နာရီသည် အသင့်တော်ဆုံး ဖြစ်သည်။ကုန်စိမ်းကားပေါ်က ချ,စ ဟင်းသီးဟင်းရွက်များသည် နေရောင်နုနုအောက်တွင် အစိမ်းစိုဆုံးဖြစ် ၍ အလတ်ဆတ်ဆုံးကိုလည်း အေးဆေးရွေးယူနိုင်သည်။ ထို့ပြင် စျေးဦးပေါက်မို့ ဈေးချိုချိုနှင့်လည်း ရသည်။
“အသဲရေ ဟင်းရွက်တွေလတ်ချက်ပဲ ယူပါအုံးလား”
ဟုတ်ပါရဲ့ လတ်လွန်းတော့ ရွေးရပိုခက်တယ်။ ပန်းဂေါ်ဖီပဲ ဝယ်ရမလား၊ ခရမ်းသီး ဝယ်ရမလား။ပန်းဂေါ်ဖီနဲ့ ကြက်ဥကြော် ဒါမှမဟုတ် ခရမ်းသီးမီးကင်သုပ်။အင်း....မေမေက ခရမ်းသီးပိုကြိုက်တယ်။
“ရုံးပတီသီးတွေ နုရွပြီး ချိုနေတာပဲနော် ထည့်လိုက်မယ်”
ရပ်ကြည့်ရုံလေးနှင့် မဝယ်ရပါပဲ ရုံးပတီသီးသည် အိတ်ထဲရောက်သွားပြီဖြစ်သည်။သူများ ဈေးဦးပေါက်မို့ မယူဘူးပြောရမှာလည်း အားနာသည်။ စဥ်းစားကြည့်ရင် မေမေ့ကို အတို့အမြှုပ် မလုပ်ပေးရတာလည်း ကြာပြီလေ။
“ဟုတ် ခရမ်းသီးလေးပါ ထည့်ပေးရှင့်”
“အားးးး”
မြေပြင်တွင် လဲနေသော ကောင်လေးတစ်ယောက်...။ အကျနာသွားသည်ထင် ချက်ချင်းပြန်မထနိုင်။
ထိုကောင်လေးအား အပေါ်ကနေ ခပ်ထေ့ထေ့ ကြည့်နေသော နောက်ထပ် ကောင်လေးတစ်ယောက် ။တကယ်တမ်း ခပ်ထေ့ထေ့ ဆိုတာသည် ထိုကောင်လေး မျက်လုံးကို ကြည့်၍ မေပိုးဥ ခန့်မှန်းလိုက် ခြင်းသာ။
မျက်နှာကို mask အုပ်ထားသည့်အပြင် ဦးထုပ်လည်း စောင်းထားသေးသည်မို့ မျက်နှာထားကို လုံးလုံးလျားလျား မြင်ရတာမျိုးတော့မဟုတ်။
ကောင်လေး၏ အသံက ကျယ်သည်မို့ လူတွေ သူတို့နှစ်ယောက်နား ဝိုင်းအုံလျက်ရှိသည်။ ကောင်လေးသည် လဲကျနေသည့် ကောင်လေး လက်ထဲမှ ဖုန်းကို ဆတ်ကနဲ ဆွဲယူသည်။ ဟိုကမပေး မြဲမြဲမြံမြံ ဆုပ်ကိုင်ထားသည်။ ရင်ညွန့်ပေါ်သို့ ဒူးဖြင့်ထောက်လိုက်၍
“သေချင်လား မလွှတ်သေးဘူးလား”
ဖုန်းထက် အသက်ရှုဖို့ အရေး လုံးပမ်းနေရသဖြင့် ဆုပ်ကိုင်ထားသည့် လက်ချောင်းတို့ အားဖျော့လာသည်။
ထိုအခါမှ ဖုန်းကို ယူကာ ထိုကောင်လေး လက်မဖြင့် screen ကို ဖိကပ် လိုက်သည်။
ဟိုဒီ နှစ်ချက်၊သုံးချက် ပွတ်ဆွဲ အပြီး
“တကယ်ပါပဲ ဒီနွားတော့လား”
စိတ်မရှည်သည့် လေသံနှင့်အတူ သူ့ ဦးထုပ်ကို ချွတ်လိုက်တော့ အညိုရောင်ဆံနွယ်ရှည်တွေက ဝေ့ကနဲ။ ဦးထုပ်သာ မချွတ်ရင် ယောင်္ကျားလေးလို့ပဲ ထင်နေမိမှာ။
“မင်းအမေက ဒီလိုပဲ သင်ပေးထားတာလား လူကြည့်တော့ ၂ လက်မလောက်နဲ့”
ဖုန်းကိုင်ထားသည့် လက်အားမြှောက်လိုက်ကာ
“မိန်းကလေးရဲ့ အတွင်းခံ ပုံတွေ လိုက်ရိုက်ထားတာပါ”
လဲကျနေသည့် ကောင်လေးအား ဂုတ်ကနေ ဆွဲလျက် မေပိုးဥထံ တန်းတန်းမတ်မတ် လျှောက်လာကာ ဖုန်းကို မေပိုးဥဆီ ကမ်းပေးသည်။
မေပိုးဥ မျက်နှာကို ရေနွေးပူနှင့် ပက်ခံလိုက်ရသလို ခံစားချက်မျိုး ခံစားလိုက်ရသည်။ ဖုန်းထဲက ကောင်မလေး၏ innerwear သည် မေပိုးဥ ဝတ်ထားသည့် အရောင်နှင့်တူလွန်းလှသည်။
“မြန်မြန်မတောင်းပန်ဘူးလား”
ရုတ်တရက် စောင့်အော်ချလိုက်တာမို့ မေပိုးဥ ကိုယ်လေးတောင် ဆတ်ကနဲ။
“တောင်း....တောင်းပန်...ပါတယ်”
“ကောင်မလေးတွေ အတွင်းခံပုံ လိုက်ရိုက်နေတာလား”
“ဒီခေတ်မှာ ဒီလိုကောင်မျိုးရှိသေးတာလား”
“ငါ့အသီးအရွက်တန်းမှာ ပုပ်နေတဲ့ ဟင်းရွက်တွေ မထားဘူး”
စွန်တောင်ဆွဲနေသည့် ထဘီကို ပြင်ဝတ်ကာ ထလာသည့် အန်တီကြီးတစ်ယောက်သည် ထိုကောင်လေးအား နားရွက်ဆွဲကာ ခေါ်သွား၏။သေချာပေါက် ရပ်ကွက်လူကြီးရုံးသို့ ပင့်သွားတာပင်။
အထက်တန်း ကျောင်းသား အရွယ်လေးမို့ နေခြည် သက်ညှာလိုက်၏။ဒီနေရာမှာ နှစ်ဆယ်ကျော်သာဆို နေခြည်နှင်းထက် ကျွေးမွေးမှုဖြင့် နံရိုးလောက်တော့ ကျိုးနိုင်သည်။
“ဟေ့ ရရဲ့လား”
ခရမ်းချဥ်သီးလို နီရဲနေသည့် မျက်နှာလေးတွင် မျက်ရည်ဥတွေကပါ ရစ်ဝိုင်းနေသေးသည်။ အတော် shock ရသွားပုံပင်။ နေခြည်နှင်းထက် မေးတာတောင် ပြန်မဖြေနိုင်။ ခါးမှာ ဝတ်ထားသည်က ပေါင်လည်ထိ မရောက်သော်လည်း ဒူးအထက်သာရှိသည့် စကပ်လေး။
“အရမ်းလန့်သွားလား”
ထိုသို့ မေးလိုက်တော့မှ တစ်ချက် တစ်ချက် ရှိုက်လာရင်းက မျက်ရည်ဥတွေ တစ်လုံးပြီး တစ်လုံး လိမ့်ဆင်းလာသည်။
အပေါ်ထပ် ရှပ်လက်ရှည်ကို ချွတ်၍ ခါးတွင် စည်းနှောင်ပေးလျက်
“ဘာမှ မဖြစ်တော့ဘူးနော် အခု လုံခြုံသွားပြီ”
စိတ်သက်သာရာ ရစေရန် လုပ်ပေးလိုက်တော့မှ ပြဲလန်နေအောင် အော်ငိုတော့သည်။
အဲ .. ဒုက္ခပဲ. .ငါ မလုပ်ပေးတတ်ဘူး။ မငိုအောင် ငါ မချော့တတ်ဘူး။ တခြားလူ မျက်ရည် မမြင်နိုင်သည့် ရောဂါရှိသည့်အလား သူများ ကိုယ့်ရှေ့မှာ ငိုမှာကို နေခြည် သိပ်ကြောက်၏။
ကြံရာမရသည့်အဆုံး ခေါင်းက ဦးထုပ်ကို ခပ်ငိုက်ငိုက်ကလေး စောင်းပေးလိုက်၏။ လက်က ဈေးဆွဲခြင်းကို ယူလျက်
“ညီမလေး ဘယ်မှာနေလဲ အမ လိုက်ပို့ပေးမယ်”
ရှေ့သို့ ဦးတည်နေသော နေခြည့် ခြေလှမ်းတွေ တုန့်ကနဲ ဖြစ်သွားတာသည် တစ်စုံတစ်ယောက်က အင်္ကျီလက်အစကို ဆွဲထားသည့် အတွက်ဖြစ်သည်။
“ဆေ...ဘဲဥ...နဲ့ ပဲ. .နီလေး...ဝယ်. ..ရအုံးမယ်”
တစ်စုံတစ်ယောက် မျက်ရည်ကျတာကို ရယ်စရာအဖြစ် မြင်မိတာသည် ဒါ ပထမဆုံး အကြိမ်ဖြစ်သည်။ ဒီလို အခြေအနေမှာတောင် ဈေးဝယ်ဖို့ သတိရသေးတယ်လား ဘယ်လိုကလေးပါလိမ့်။
သူလိုချင်သည့် ဆေးဘဲဥနှင့် ပဲနီလေး ဝယ်ပြီးချိန်တွင် အငိုတိတ်သွားပြီဖြစ်သည်။
ဈေးထဲက ပြန်ထွက်လျက် ရပ်ကွက် လမ်းသွယ်ထဲ ချိုးဝင်ပြီးကာမှ နေခြည့်ထံက သူ့ ဆွဲခြင်းကို ယူရန် သတိရ၏။
“ဒါနဲ့ အစ်မက ဘယ်မှာနေတာလဲ”
“စိတ်ဆိုးနေတဲ့ ရည်းစားကို ချော့ဖို့လာတာ ပေမယ့် အစ်မဖုန်းကို မကိုင်လို့လေ ဖုန်းဆက်လိုက်ရင် သူ လာခေါ်မှာပဲဆိုပြီး တိုက်နံပါတ်ပဲ မှတ်လာမိတော့ ရှာမတွေ့တာနဲ့......”
နေခြည်နှင်းထက် စကားစကို ရပ်ကာ ဘေးက ကောင်မလေးကို ကြည့်လိုက်၏။
“ဒီရပ်ကွက်ထဲလား အစ်မ သွားချင်တဲ့ လိပ်စာက ရပ်ကွက်ထဲပဲဆို လိုက်ပို့ပေးမယ်လေ”
ဟုတ်ပြီလေ...နေခြည်နှင်းထက်လိုချင်တာ ဒီလို လမ်းညွှန်မျိုး။ လိပ်စာ မှတ်ထားသည့် စာရွက်အပိုင်းလေး ပြလိုက်သည်။
“အော် နောက်ဆုံးလမ်းမှာရှိလောက်မယ် ဒီမှာက ပထမလမ်းကနေစပြီး နံပါတ်တွေကို အစဥ်လိုက်စီတာလေ”
ပျော့စင်းနေသော ဆံသားနက်နက်လေးသည် ခြေလှမ်း အကြွတိုင်း ထိုကောင်မလေး၏ ခါးကို ရိုက်ခတ်နေသည်။ ဆေးထိ၍ ဖွာနေသော မိမိ၏ အညိုရောင်ဆံစတို့နှင့် ကွာခြားလွန်းသည်။
အမြင်နှင့်တင် ထိုဆံနွယ်နက်တို့ ပျော့ပြောင်းမှန်းသိနိုင်သည်။
နှစ်သက်မြတ်နိုးသည့် ဆံနွယ်တွေ အရောင်ပြောင်းသွားရုံနဲ့တော့ စောင့်မျှော်နေသူရဲ့ နှလုံးသားက ပြောင်းလဲမသွားလောက်ဘူးမဟုတ်လား။
“ရောက်ပြီ ဒီတိုက်ပဲ ဒုတိယထပ်လောက်ဖြစ်လောက်မယ်”
စိတ်ကူးနှင့် ထုတ်နေသည့် မေးခွန်းကို ကိုယ်တိုင်မေးဖို့ လက်တွေ့ဘဝထဲ ပြန်ဆွဲခေါ်ခြင်း ခံလိုက်ရ၏။
“လိုက်ပို့ပေးတာ ကျေးဇူးပါပဲ”
“မဟုတ်တာ ဘာမှ လုပ်မပေးလိုက်ရပါဘူး အစ်မနဲ့သာ မတွေ့ရင် အခုလောက်ဆို ပုံတွေ”
ပြောရင်း နှာဖျားလေးက ပြန်ရဲလာသည်။
“ဒီတိုင်း နေ့ဖက်မက်တဲ့ အိပ်မက်ဆိုးလို့ တွေးလိုက်”
လက်မောင်းလေးကို ခပ်ဖွဖွပုပ်လျက် အတတ်နိုင်ဆုံး နှစ်သိမ့်လိုက်၏။
“အော်...ဟုတ်သား အင်္ကျီ”
ခါးက အင်္ကျီကို ဖြည်ဖို့လုပ်တော့ မေပိုးဥ လက်ပေါ် လာအုပ်ကိုင်သည့် လက်ချောင်းရှည်ရှည်တွေ။ မိန်းကလေးလက်ပေမယ့် နူးညံ့မှုတို့ ရှိမနေ။
အသားမာတက်နေသော လက်ထိပ်လေးများကြောင့် ဂစ်တာတီးလေ့ ရှိမည်ဟု မေပိုးဥ ခန့်မှန်းမိလိုက်သည်။
“ဝတ်သွားပါ စိတ်လုံခြုံအောင်”
“တင်းတောင်... တင်းတောင်...”
လူခေါ်ဘဲလ် သည် အဆက်မပြတ်မည်နေ၏။
“လာပြီ...”
Sim Card ပြောင်းထားသော်လည်း သီးသန့် ring tone ထားထားဆဲဖြစ်သည့် contact တစ်ခု မနေ့ညက ဝင်လာ၏။
One missed call နှင့်ပင် ချမ်း၏ရင်ကို လှုပ်ခတ်အောင် လုပ်နိုင်စွမ်းရှိခဲ့သည်။ တစ်ညလုံး ဖုန်း screen ပဲ ထိုင်ကြည့်နေခဲ့တာ ဘယ်ချိန်က အိပ်ပျော်သွားမှန်းမသိလိုက်။
“ဘယ်သူလဲ...”
“ငါပါ..ချမ်း. ..”
ယိုင်လဲကျတော့မည့် ကိုယ်ကို ထိန်းရန် နံရံကို အားပြုလိုက်ရ၏။
တံခါးအပြင်ဖက်မှ ထိုအသံသည် အခန်းထောင့်က ဂစ်တာလေး ဖုန်တက်နေရသည့် အကြောင်းအရင်းလည်း ဖြစ်၏။ အကြောင်းပြချက်မရှိပါပဲ တစ်နှစ်တစ်ခါ ပြောင်းနေရသော ဖုန်းနံပါတ်များ၏ တရားခံလည်း ဖြစ်၏။
စီးဆင်းနေသော အချိန်တွေ ရပ်တန့်ကာ စောင့်ဆိုင်းစေခဲ့သူသည် ယခု တံခါးတစ်ဖက်၌ ရှိနေ၏။
နေကြာပန်း၏ စောင့်ဆိုင်းခြင်းသည် တံခါးကို ဖွင့်လိုက်လျှင် အဆုံးသတ်ပြီ ဖြစ်သည်။
သို့သော် တံခါးဖွင့်ဖို့ မပြောနှင့် ခြေထောက်တွေ ရပ်ဖို့ကိုတောင်မှ မနည်း။
မပြင်ဆင်ရသေးဘူးလေ ...အခု တွေ့ဖို့ အဆင်သင့် မဖြစ်သေးဘူး။
“ချမ်း တံခါးဖွင့်ပေးပါ...ငါတို့ စကားပြောရအောင်”
အမြဲတမ်း မကြာခဏ ဒီလို အိပ်မက်မျိုး မက်ဖူးတယ်။ ပြောပြချင်တဲ့စကားတွေ သိချင်မိတဲ့ မေးခွန်းတွေ ရှိခဲ့ပေမယ့် ဘယ်တော့မှ မမေးဖြစ်ခဲ့ဘူး။ရင်ထဲမှာပဲ တင်းကျပ်နေသည့် ဝေါဟာရတွေကို စကားလုံး အဖြစ်မစီနိုင်ခဲ့။ နိုးထလာတိုင်း မွန်းကျပ်သည့် ခံစားချက်သည် ရင်တစ်ခုလုံး လေးပင်စေခဲ့သည်။
“နိုးပါ နိုးစမ်းပါ ကျေးဇူးပြုပြီး အိပ်မက်ဖြစ်လိုက်စမ်းပါ”
အဆက်မပြတ်ခေါက်နေသော တံခါးသံက အိပ်မက်မဟုတ်ကြောင်း သူ့အား အသိပေးနေသည်။ ကြိမ်ဖန်များစွာ မက်ခဲ့သည့် အိပ်မက်တွင်လည်း တံခါးကို သူ မဖွင့်နိုင်ခဲ့။ လက်တွေ့ဘဝတွင်လည်း ခြေတစ်လှမ်းတောင်မှ သူမကြွနိုင်ခဲ့။
မျက်လုံးထဲ အစီအရီပြန်ပေါ်လာသည့် မြင်ကွင်းတွေသည် သူ့အား အသက်ရှုကျပ်စေသည်။
ငါ့ကြောင့်ဆိုသည့် အတွေးထဲ နက်နက်နဲနဲ နစ်ဝင်ရတာကို သူ မုန်းသည်။ အိပ်မက်ဆိုရင်တောင် နိုးထခွင့်ရှိအုံးမည်..လက်တွေ့မှာတော့ သူ့ကို လှုပ်နိုးနိုင်မည့်သူရယ်လို့ သူကိုယ်တိုင်တောင်မရှိ။
အရာအားလုံးက
ပွင့်သွားတဲ့ အဲ့ဒီတံခါးကနေ စခဲ့တာ....
“Happy Khin Chan Day”
တံခါးဖွင့်ဖွင့်ချင်း ထိုအသံနှင့်အတူ မျက်လုံးထဲ စုပြုံဝင်လာသည့် အဖြူနှင့် အဝါရောင် ဘောလုံးတွေက အခန်းပြည့်။
သူ သဘောကျသည့် နေကြာပန်းစည်းလေးတောင် ညှိုးငယ်သွားသည်အထိ လှနေခဲ့တဲ့ မမသည် ချမ်း အရှေ့တွင် ရှိနေသည်။
“Birrthday girl လေးအတွက်”
မမလက်ထဲက နေကြာပန်းစည်းလေးသည် ချမ်း လက်ထဲရောက်လာသည်။
ဂစ်တာအဖြူလေးကို ပေါင်ပေါ်တင်လျက် မွေးနေ့သီချင်းသံစဥ်ကို မမ စတင် တီးခတ်ချိန်တွင် နန္ဒာသည် အခန်းထဲမှ birthday cake နှင့်အတူ ထွက်လာ၏။
“stop...stop...”
ထအော်လိုက်တဲ့ ရွှေရည်ပုံ့ကြောင့် မမတောင် သံစဥ်ကြောင်သွားရ၏။ Birthday song ဆိုဖို့ အားခဲထားသည့် သန္တာက ပိုစိတ်တိုပုံရသည်။
“ဘာဖြစ်တာတုန်းဟ”
“နင့်အမကို နင်ကြည့်လေ မွေးနေ့ကိတ်တော့ သယ်လာပြီး ဖယောင်းတိုင်ကျ ထွန်းမလာဘူး”
ထိုအခါမှ နန္ဒာ့လက်ထဲက ကိတ်တွင် ဖယောင်းတိုင် မပါမှန်းသိကြသည်။
အင်း ပြီးပြည့်စုံတဲ့ romantic ကို ဖျက်စီးကြတဲ့ ငမိုက်သားတွေ...မမဖိတ်လို့ပေါ့ ငါ့ငါဆို ဒင်းတို့ကို မဖိတ်ဘူး။
“ရပြီ ပြန်စမယ်”
စည်းချက်ကျကျ ထွက်ပေါ်နေသော ဂစ်တာသံအဆုံး ဖယောင်းတိုင်မီးလေးလည်း ငြိမ်သွားပြီဖြစ်သည်။
“မွေးနေ့ကိတ်ကို ကိုယ် တစ်ဖက်သတ် ချစ်နေတဲ့သူကို အရင်ကျွေးရင် ကိုယ့်ကို ပြန်ချစ်တယ်တဲ့ ချမ်း ဘယ်သူ့ကိုကျွေးမှာလဲ”
သန္တာက အလှော်ကောင်းရုံတင်မဟုတ် ပို့မယ့်ပို့တော့လည်း ကူးတို့ထိ ရောက်အောင်ပို့၏။ ချစ်ဖို့ကောင်းလိုက်သည့် ဖြစ်ခြင်း။
လှီးထားသော ကိတ်မုန့်လေးကို တစ်ဇွန်းဖဲ့၍ မမထံသို့ ချမ်းဦးတည်လိုက်၏။ မမရှေ့မှ လာရပ်ကာ ချမ်း လက်ထဲမှ ကိတ်ကလေးအား ခပ်တည်တည် ငုံ့စားလိုက်ပြီး
“ချစ်တယ်နော် အချမ်းလေး”
ဇွန်းပေါ်က ကိတ်အပိုင်းအစလေးကတော့ နန္ဒာ့ ပါးစပ်ဖျားတွင် လမ်းဆုံးသွား၏။
“နန္ဒာာာာာာ”
ကိတ်ကို နောက်တစ်ဇွန်း ယူ၍ မမကို ခွံ့ရန်ပင် ချမ်း သတိမရ။ နန္ဒာ့ကို အမိဖမ်း၍ အမှုန့်ထောင်းပစ်ချင်သည့် စိတ်သာရှိတော့သည်။
“ငါ့ရဲ့ sweetest moment တွေ ဘယ်လို ဖျက်ဆီးရမလဲ နင် ကောင်းကောင်းနားလည်တယ်”
“နင် တမင် လုပ်တာမလား”
လက်မောင်းကို သုံးလျက် လည်ပင်းကို ဆွဲညှစ်ထားတာမို့ နန္ဒာ့ခမျာ ဘေးကလူကို ယက်ကန်ယက်ကန်ဖြင့် စစ်ကူခေါ်နေရ၏။
~အဖြူထည် စကားလုံးလေးတွေ
မင်း နှုတ်ဖျားက ခြွေတိုင်း
ရင်ခုန်သံ စည်းချက်လေးတွေ
ထိန်းချုပ်မရတာ ငါပဲ...~
ခပ်အေးအေး အသံလေးသည် ငြိမ်ပြီး ချိုသည် မှန်သော်လည်း ချမ်းတို့ရန်ပွဲအား မီးကို ရေနှင့် ငြိမ်းသကဲ့သို့ ဟုတ်ကနဲ ငြိမ်းစေ၏။
~မင်းအနားမှာ... အမြဲတမ်း ငါ...
ရှိနေချင်တာ ဘာကြောင့်လဲ....
နေခြည်လို နွေးထွေးလွန်းတဲ့
မင်းရဲ့ အပြုံးမှာကျဆုံး
ရင်ခုန်သံ စကားလေးတွေ ကြားပါရစေ
တစ်သက်လုံး...
ငါ့ အချစ်တွေ မင်းအတွက်သာ.. .ဖြစ်ခွင့်ရချင်တာ
ဘယ်တော့မှ မင်းနဲ့မဝေးချင်ဘူး
ငါဟာ မင်းအတွက် အသက်ရှင်မယ့်သူ ...
ငါ ရူးမိပါသည် ငါချစ်ခဲ့ပါသည် မင်းကို...~
ချမ်းမျက်ဝန်းထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေသည့် မမ၏ မျက်ဝန်းညိုတွေ...ဘာလဲ ဒါက အခု မမက ချစ်ခွင့်ပန်နေတာလား။
mp-3 နှင့်နားထောင်နေကျ သီချင်းသည် မမ အသံနှင့်မှ ရင်ခုန်စရာကောင်းနေတာသည် ချမ်း အတွက်တော့ ထူးပြီးဆန်းသည့် ကိစ္စမဟုတ်တော့။
“မမ အသံက အရမ်းကောင်းတာ အဆိုတော်လုပ်ပါလား”
“တကယ်လုပ်ရမလား”
“အင်း မမ ဆိုတဲ့ သီချင်းနားထောင်ချင်တယ်”
ချမ်းပြောသည့် ထိုစကားနှင့်ပင် နေခြည်နှင်းထက်ဆိုသည့် မိန်းကလေးသည် သံစဥ်တွေနှင့် ကျွမ်းဝင်ခဲ့သည်။စတိတ်စင်ပေါ်သို့ တက်ခဲ့သည်။
ရက်ဆက်နေသည့် ရှိုးပွဲတွေကြား ဒီိနှစ်မွေးနေ့တော့ ပြန်မလာနိုင်ဘူး ထင်ခဲ့ပေမယ့် အခုလို ရှေ့မှာ ဂစ်တာတစ်လက်နဲ့ ထိုင်နေမယ်လို့ ဘယ်သူသိမှာလဲ။
အေးပြီးချိုတဲ့ အသံလေးကို နားထောင်နေရပေမယ့် နှလုံးသား တစ်ခုလုံး အရည်ပျော်လာရပါသည်။ ဒီနှစ်တွေအတွင်း ငါကပဲ တစ်ဖက်သတ်ကြိုက်တယ် ထင်ခဲ့တာ မမကလည်း ငါ့အပေါ်ခံစားချက်ရှိနေတာတဲ့လား။
“အဲ အချစ်များစွာယူ လို့ပေးမိတာကို မငိုရဘူးလေ”
ဂစ်တာဖြူလေးကို ဘေးနားချကာ မမသည် ချမ်း အနား ချက်ချင်းရောက်လာ၏။
မမသည် သူ့ရှေ့မှာ သူများငိုလျှင် ပျာယာခတ်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်သူ ဖြစ်သည်။
“မငိုနဲ့နော် ချမ်း မလိုချင် မမ မပေးတော့..”
ချော့မည့် စကားလေးသည်ပင် ထိကပ်လာသည် နှုတ်ခမ်း တစ်စုံကြောင့် ဆုံးအောင် မပြောလိုက်ရ။
ဘယ်သူက မယူဘူးပြောလို့လဲ...ဝမ်းသာလွန်းလို့ မျက်ရည်ကျမိတာကို မပေးပဲ နေစရာလား။
ပြူးကျယ်နေသည့် ရွှေရည်ပုံ့မျက်လုံးလေးအား အုပ်ကာ သန္တာကိုပါ ဆွဲခေါ်၍ အခန်းထဲမှ နန္ဒာတို့ သုံးယောက် တိတ်တဆိတ် ထွက်ခဲ့ကြသည်။
ချမ်း၏ ၁၈ နှစ်ပြည့်မွေးနေ့သည် တစ်သက်တာတွင် အလှဆုံး အမှတ်တရ အဖြစ် ကျန်နေတော့မှာ သေချာသည်။
You are reading the story above: TeenFic.Net