Part 8

Background color
Font
Font size
Line height

"မိ.. .သွား.ပြီ. .ပဲ."

စာသင်ခုံပေါ်မေးထောက်လျက် သူ့ကို ပြုံးပြုံးလေး စိုက်ကြည့်နေသည့် ခင်ချမ်းမြေ့။

ဒီလို အခြေအနေမျိုးကို တစ်ခါမှ အိပ်မက်ထဲတောင် ထည့်မမက်ဖူး။မက်ဖူးရင်လည်းကောင်းသား အနည်းဆုံးတော့ ဘယ်လိုတုံ့ပြန်ရ မယ်ဆိုတာ မေပိုးဥ ကြိုစဥ်းစားဖူးလောက်မည်။

"အဲ့တော့ roll call တွေ ဒီလိုပဲ အလွတ်ခံပစ်လိုက်တာလား"

ဒီအခြေနေကနေ လွတ်မြောက်အောင် ဘယ်လိုရုန်းထွက်ရမလဲ စဥ်းစားနေခိုက် မမက သူ့ ဦးနှောက်ကို run စေမည့် ဒုတိယ မေးခွန်း ထပ်မေးသည်။

ဘာလို့ roll call ခိုးထူးပေးတယ်လို့ ပြောရမလဲ။

ငါ့ roll call တွေ ဒီလိုပဲ အလွတ်ခံပစ်လိုက်တယ်ဆိုတာ ဘယ်လိုသတ္တိနဲ့ ဝန်ခံရမလဲ။

သေချာပေါက် မိသွားလို့ မဖြစ်တာကို...မိသွားလက်စနဲ့ တစ်ခါတည်း ဖွင့်ပြောလိုက်ရမလား။

မဟုတ်သေးဘူး မေပိုးဥ အသိကပ်စမ်း။

လုံးဝဖွင့်ပြောလို့ မဖြစ်ဘူးဆိုတာ တခြားသူ ထက် သေချာပိုသိရဲ့နဲ့။ လက်ခံလို့လည်းရပြီး ကျိုးကြောင်းဆီလျော်တဲ့ အဖြေကို မြန်မြန်စဥ်းစားစမ်း။

ဘယ်လိုပင် အလုပ်ပေးနေပါသော်လည်း ဦးနှောက်သည် အလုပ်မလုပ်ပါချေ။ သေချာပေါက် ကြိုက်နေလို့ လုပ်ပေးတယ်ဆိုတာ အသိအသာကြီးကို။

ဒီတိုင်း စာအုပ်သိမ်းပြီး အိမ်ပဲ ပြန်ပြေးရမလား။

Tutorial တစ်ချိန်စာ လက်လွှတ်ပြီးတော့လေ။

ပြာယာခတ်နေသော မျက်လုံးလေး၏ အကြည့်သည် စာအုပ်တွေထံ ရောက်သွားလျက်က စာအုပ်ကို တစ်လှည့် တံခါးပေါက်ကိုတစ်လှည့် ကြည့်နေသည်။

ဘာကြံစည်နေလဲ ခင်ချမ်းမြေ့ အတပ်သိလိုက်၏။

ပြေးချင်တယ်ပေါ့...လွယ်မယ်ထင်လား။

"အကယ်၍များဆိုပြီး အကြံပေးတာပါ tuto တစ်ချိန်က အမလည်း အပျက်ခံနိုင်တယ်ဆိုတာလေ"

ဘာလဲ ဒီစကားက...ငါ ဘယ်လိုပြေးပြေး မလွတ်ဘူးလို့ပြောချင်တာလား။မဖြေမချင်း အဲ့လို ထိုင်ကြည့်နေမှာလား။

ချမ်းသည် မေးထောက်ထားလျက်၊ ပြုံးနေလျက်၊ သူ့ကို စိုက်ကြည့်နေလျက် ရှိသေးသည်။

"ဆောရီး တီချယ်က သေချာရှင်းနေလို့..."

ရုတ်တရက်ဝင်လာသော မိသင်းသည် သူ နောက်ကျရသည့် အကြောင်းအရင်းကို ရှင်းရင်း ထမင်းချိုင့်ကို စာသင်ခုံပေါ်တင်ရန် မြှောက်လိုက်ပြီးကာမှ ရှင်းနေသည့် စကားရော ထမင်းချိုင့်ပါ လေထဲမှာပင် ရပ်တန့်သွား၏။

ခဏလေး အခုအခြေနေမှာ third wheel က ငါ့လို့ ခံစားလိုက်ရသလိုပဲ။

"အခုမှ သတိရတယ် ငါ ချိန်းထားတာရှိလို့ သွားတော့မယ်"

"မဟုတ်.."

ပြောပြီးပြီးချင်း မျက်စိရှေ့က ပျောက်သွားသော မိသင်းကို မေပိုးဥ တားချိန်တောင် မရလိုက်ပါချေ။

အလိုက်မသိရကောင်းလားဟု မေပိုးဥ အပြစ်တင်နေချိန် အရိပ်အကဲဖမ်း တော်လွန်းသည်ဟု ချမ်းကတော့ ချီးကျူးလျက်ရှိသည်။

"ကဲ ထမင်းစားကြမလား"

မေပိုးဥ ထမင်းချိုင့်အိတ်ထဲမှ ထမင်းချိုင့်ကို ထုတ်၍ ချမ်းက တစ်ဆင့်ချင်း ဖွင့်၏။

မမ ကန်တင်းမသွားဘူးလား ဟု မေးချင်သည့် စိတ်ကို မနည်း ပြန်မြိုသိပ်ထားလိုက်ရ၏။

အစားကို အာရုံစိုက်နေရင် roll call ကိစ္စတော့ မေ့သွားနိုင်သည် မဟုတ်လား။ သေချာတာတော့ စားနေတုန်း ခဏပေါ့။

မှိုအစပ်ကြော်က တစ်ခွက်၊မုန်ညှင်းကြော်က တစ်ခွက်ဖြစ်ပြီး ချိုင့်ထဲတွင် ပါသော ဟင်းအကုန်ဖြစ်သည်။

အသီးအရွက်ပဲ စားတာလား။ အသား မစားဘူးလား။

"မမ ထမင်းချိုင့်ရော"

"ဒီမှာလေ"

မှိုအစပ်ကြော်တစ်လုတ် ပါးစပ်ထဲထည့်ရင်းက ဖြေလိုက်၏။ ခွင့်မတောင်းပဲ ယူစားလို့ ဖြစ်သွားမည့် စူပုပ်ပုပ် မျက်နှာလေးကို မြင်ချင်၍ ဤသို့ပြုမူလိုက်သော်လည်း ထိုသို့ မဟုတ်ခဲ့ပါချေ။

ချမ်း ချထားသော ဇွန်းဖြင့် မုန်ညှင်းနည်းနည်းကို ထမင်းဖြူပေါ်တင်လျက် တစ်လုတ်ခပ်စားသည်။

ဒီလိုပဲ သူစိမ်းတစ်ယောက်နှင့်လည်း ပေါ့ပေါ့ပါးပါး ထမင်းတစ်ပန်းကန်ကို တူတူစားနိုင်တာပဲလား။

အသားတစ်မျိုးမျိုး ပါမှ ထမင်းစားဝင်တတ်သော်လည်း အရွက်ကြော် နှစ်မျိုးနှင့် ထမင်း တစ်ပန်းကန် နှစ်ယောက်ခွဲစားရတာတောငွ် ဗိုက်ပြည့်နေတာတော့ အံ့ဩစရာပင်။

ထမင်းတစ်ချိုင့်မကုန်ခင် သင့်တော်လောက်မည့် ဆင်ခြေကို မေပိုးဥ စဥ်းစားပြီးသွားပြီ ဖြစ်သည်။

"လက်ရာကောင်းတာပဲ"

ချိုင့်ကို ထုပ်ပိုးနေသည့် လက်ဖောင်းဖောင်းလေး ရပ်တန့်သွား၏။

"ဘယ်သူ့ကိုပြောတာလဲ"

"အခု ဘယ်သူနဲ့ပြောနေလဲ"

"ပုံမှန်ဆို အမေတွေကပဲ ထမင်းချိုင့် ပြင်ပေးတာလေ အန်တီက ဟင်းချင်ကောင်းတယ် အဲ့လိုပြောမှာမဟုတ်ဘူးလား"

ဟုတ်သားပဲ...အူရွှင်နေတော့ ရုတ်တရက် မေ့သွားတာ။ မရည်ရွယ်ပဲ ပိုင်ရှင်မသိအောင် ဖုန်း ယူမွှေမိသည့် အဖြစ်ကို သတိရသွားသည်။ Privacy ချိုးဖောက်တတ်တယ် ထင်သွားမှဖြင့်။

"မမက ဘယ်လိုသိတာလဲ ညီမချက်တယ်ဆိုတာ"

"တကယ်လို့ ဖြေရခက်နေရင် ...ကျော်သွားပေးလိုက်ရမလား"

ညစ်ကျယ်ကျယ် အပြုံးလေးသည် ထိုအမျိုးသမီးလေးမျက်နှာထက်တွင် အထင်းသားဖြစ်နေသည်မို့ မည်သို့သော အရာနှင့် အလဲအလှယ်လုပ်ချင်နေသည်ဆိုတာ ချမ်း ရိပ်မိသည်။

"ဘာခက်စရာရှိလို့လဲ ဒီတိုင်း ခန့်မှန်းကြည့်တဲ့ မှန်းခြေသက်သက်ပဲဟာ"

ခပ်အေးအေးလေး ပြုံးလျက်ပေးလိုက်သော ဆင်ခြေနောက် ထိုအမျိုးသမီးလေးလည်း လိုက်ပြုံး၏။

မိနစ် သုံးဆယ်ဆိုသော အချိန်သည် ထိုအမျိုးသမီးလေးနှင့် ရှိနေလျှင် မျက်စိတစ်မှိတ်စာမျှသာ ကြာတတ်သလား ဟု မေးစရာရှိသည်။

"ပြောတော့ tutorial ဖြေတဲ့အချိန်မှ လာမှာဆို"

ကျောပိုးအိတ်ကို စာသင်ခုံပေါ် ဘုန်းကနဲ ပစ်ချခြင်းနှင့်အတူ ပုံ့ပုံ့၏ မျက်စောင်းသည် နောက်ဆုံးတန်း၏ ရှေ့တစ်တန်းတွင် ထိုင်နေသော ချမ်းထံသို့ တန်းတန်းမတ်မတ် ရောက်လာ၏။

ပုံ့ပုံ့၏ မျက်စောင်းထက် ပြုံးတုံ့တုံ့လုပ်နေသော နန္ဒာ့ မျက်နှာဘေးက ပိုခံရခက်စေသည်။

"အစကတော့ အဲ့လို လုပ်မလို့ပဲ ဒါပေမယ့် roll call..."

ချမ်း နှုတ်က roll call ဟု ထွက်သွားသဖြင့် မေပိုးဥ ထိတ်ကနဲ ဖြစ်သွားကာ ချမ်း အားကြည့်လိုက်၏။

စိုးထိတ်နေသည့် မျက်ဝန်းလေးသည် ချမ်း၏ ကျေနပ််မှု ဖြစ်သည်။

ခပ်ပြုံးပြုံးလေးဖြင့် နန္ဒာ့အား ကြည့်လျက်

"roll call ရအောင် တက်လိုက်တာ စောရောက်နေတာနဲ့"

"မင်္ဂလာပါ ဆရာမ"

ဆရာမ နောက်မှ EC သည် tutorial စာအုပ်များသယ်လျက် အတူပါလာသည်။

အချိန်ကိုက် ဝင်လာသော ဆရာမကိုတောင် ထိုင်ရှိခိုးချင်မိသည်။ မဟုတ်လျှင် စကားစ,ဖြတ်ရမည် မဟုတ်။

"မမ အရှေ့မသွားဘူးလား"

"မသွားပါဘူး"

"ဖြေမယ့်စာ မမ ရလား"

"ရော အထင်သေးရန်ကော"

"အဲ့လို မဟုတ်ဘူး ညီမလည်း မရဘူး အဲ့တာကြောင့် ညီမဆီက ကူးလို့ရမှာမဟုတ်ဘူး အရှေ့က မမက စာရတယ်မလား"

အော်ဖြစ်ရမယ်...သည်လို ထပ်တူညီနေမှတော့ ဒါဖူးစာပဲ။

"အဲ မရီပါနဲ့ မမလည်း မရတာချင်းတူတူကို"

စိတ်ထဲမှ အပျော်သည် မျက်နှာမှာ ပုံရိပ်ထင်သွားမယ်မှန်း ချမ်း မသိလိုက်။

"စိတ်မပူနဲ့ နန္ဒာပြီးရင် စာအုပ်ပေးလိမ့်မယ်"

ချမ်းပြောသည့်အတိုင်းပင်..နန္ဒာပေးသည့် စာအုပ်အားယူ၍ ကူးရုံပင်။

တစ်နေကုန် ရွာနေသည့် မိုးဖွဲလေးများသည် ယခုအချိန်ထိ ရပ်တန့်ခြင်း မရှိသေးပေ။

နန္ဒာ့ ကောင်မလေးကို surprise တိုက်ရန် ရှိသေးသည်မို့ ကျောင်းဆင်းသည့်အချိန်ထိ ချမ်း ရှိမှာမဟုတ်။

"မမ ပြီးပြီလား ထပ်လိုက်တော့မယ်"

ကူးရေးသည့် စာအုပ်ရော ချမ်းစာအုပ်ပါ ယူ၍ မေပိုးဥ ထသွား၏။

နန္ဒာက ချမ်းအား သွားရန် မျက်ရိပ်ပြကာ အတန်းထဲမှ ထွက်နှင့်သည်။

"အရင်ပြန်နှင့်မယ်နော်"

ဆံသားနုနုတို့အား ထိုးဖွလျက် အတန်းထဲမှ ထွက်သွား၏။

သူ ထင်သလိုမျိုး 'ဘာလို့လဲ' ဆိုသည့် မေးခွန်းအား မမသည် သူ့အား မေးမသွားပါချေ။

နားလည်ပြီးသားမို့ အဖြေမလိုတော့တာလည်း ဖြစ်နိုင်သည် သို့မဟုတ် မသိချင်၍ မမေးတာလည်း ဖြစ်နိုင်သည်။

မမဆီမှာ မိသွားတုန်းကတော့ မေးမှာ ကြောက်ခဲ့သည် ။ မေးလာလျှင် ဘယ်လိုအဖြေမျိုးက ကျိုးကြောင်းဆီလျော်မလဲ အသည်းအသန် စဥ်းစားခဲ့ရသည်။

ယခုလို ဘာမှမပြောပြန်တော့လည်း မေးစေချင်ပြန်သည်။ ဘာလို့လဲ...ဘာလို့များ မမေးရတာလဲ။

အမြဲ ငေးကြည့်နေကျ ကျောပြင်ပေမယ့် ဒီနေ့မှာ မေးခွန်းတွေ ပိုများလိုက်တာ။ တကယ်တမ်း အဖြေကို လက်လှမ်းမမှီခဲ့တာတော့ မဟုတ်။

ဘာကြောင့် ဘာမေးခွန်းမှ မထုတ်သလဲ သိပါသည်။

မျှော်လင့်သူကိုသာ တမြတ်တနိုး စောင့်ဆိုင်းသူ နေကြာပန်းအဖို့...
တိမ်စိုင်တစ်ခုရဲ့ ချည်နှောင်ခြင်းကို မခံလိုတာ
သူ့ရဲ့ သစ္စာပဲ မဟုတ်လား..။

စာသင်ချိန် နှစ်ချိန်လုံး မေပိုးဥ စိတ်မပါခဲ့။ ရုံးစောစောဆင်းမယ် ဟု ပို့လာသည့် မေမေ့စာကို မြင်သည့်တိုင် စာပြန်ဖို့ အသိကမလာ။ အတန်းချိန်ပြီးသွားတောင် မိသင်းကို မစောင့်မိ။

အလျင်စလို လှမ်းလိုက်သည့် ခြေလှမ်းများကြောင့် မိုးစက်တို့နှင့် ထိတွေ့တော့မှ အသိဝင်လာ၏။အမိုးအောက် အမြန်ပြန်ဝင်ကာ အိတ်ကို ဖွင့်ရသည်။

"အော် မေ့တတ်လိုက်တာ ငါမှ ထီးအသစ် မဝယ်ရ..."

အိတ်ထဲတွင်ရှိနေသော သူ၏ အပြာနုရောင် ခေါက်ထီးကလေး။ထီးတွင် ကပ်ထားသည့် အဝါရောင် sticky note လေးတွင်

'နောက်ထပ် မိုးမစိုစေနဲ့တော့နော်'

ဟု ရေးထားသော ခပ်စောင်းစောင်း လက်ရေးကလေး။

ဘာလဲ...ဒါက...ငါ့ ဦးနှောက်ထဲ နောက်ထပ် question mark တွေ ထည့်ပေးသွားပြန်ပြီ။

မမကို နာမည်ပြောင်းပေးရမယ်။

'My Sunflower' မဟုတ်ပဲ
'Question Queen' လို့။

You are reading the story above: TeenFic.Net