Part 34

Background color
Font
Font size
Line height

တစ်ကြိုးဝင် တစ်ကြိုးထွက်ဖြင့် အချင်းချင်း အမိအရ ယှက်နွယ်ကာ သိုးမွှေးကြိုးကလေးများသည် အလုပ်များနေကြသည်။ လက်ထိပ်ကလေးများ နီရဲနေသော်လည်း လက်ချောင်းသွယ်များသည် လှုပ်ရှားနေကြဆဲ။

ပေါင်ပေါ်တွင် အဖြူတစ်လိုင်း၊အပြာနုရောင်တစ်လိုင်းဖြင့် သေချာပုံမပေါ်သေးသော သိုးမွှေးထည်ကလေးနှင့် သိုးမွှေးထိုးသူ၏ ညတာသည် ရှည်လျားနေသည်။

ခုတင်ပေါ်မှာ ငြိမ်ငြိမ်သက်သက် လှဲလျောင်းနေသည့် ကိုယ်ခန္ဓာလေးသည် သေးငယ်လွန်းသဖြင့် အဖြူရောင် အရိပ်လေးနှင့်ပင် တူနေသည်။သိုးမွှေးတစ်ချက်၊နှစ်ချက်ထိုးလိုက် ခုတင်ပေါ်မှ အရိပ်ငယ်လေးကိုကြည့်လိုက်နှင့် သူ့ခမျာ မအားလပ်ရှာ။

နီစွေးနေသော နှာဖျားကလေးကြောင့် အဖျားများ ပြန်တက်နေသလားဟု သံသယဝင်လာရပြန်သည်။ ရှည်သွယ်သွယ် လက်ချောင်းများသည် နဖူးပေါ် အလျားလိုက် နေရာယူလာသည်ကို အရိပ်လေးကတော့ မသိလောက်။

ထိုးလက်စ သိုးမွှေးကို ချက်ချင်းပစ်ချကာ ရေဇလား တစ်ခုထဲ ရေအမြန်ဖြည့်လျက် ပုဝါတစ်ထည်နှစ်ကာ နဖူးပေါ်သို့ အုပ်ပေးရတော့သည်။ ရေဖတ်ဝတ် နဖူးပေါ်ရောက်တော့မှ ခပ်တန်းတန်း မျက်ခုံးလေးနှစ်ခုသည် တွန့်ချိုးလာကာ တစ်ခုနှင့်တစ်ခု ထိလုမတတ် ကျုံ့လာသည်။

‘ဘယ်နေရာများ နေရခက်နေလို့လဲ’

သူ့ စိုးရိမ်နေသည့် အတွေးတို့ မဆုံးခင်မှာပင် မျက်လုံးထောင့်စွန်းမှနေ အလျားလိုက် ဖြတ်သန်းစီးဆင်းသွားသော မျက်ရည်မြစ်တစ်စင်း။ လက်မလေးဖြင့် အသာဖိကပ်လို့ မျက်နှာ နုနုပေါ်တွင် အရိပ်ထင်နေသည့် မျက်ရည်စီးကြောင်းလေးအား ဖယ်ရှားရန်ကြိုးစားကြည့်သည်။ တသွင်သွင်လိမ့်ဆင်းနေသည့် မျက်ရည်ပေါက်တွေကို တားဆီးရန် သူ မတတ်နိုင်။

‘ဘာအိပ်မက်ဆိုးတွေများ မက်နေလို့လဲလေ..နှိုးလိုက်ရမလား’

ဆေးသောက်ပြီး ပြန်အိပ်ပျော်သွားတာ သိပ်မကြာသေးဘူးမို့ နှိုးလိုက်ဖို့လည်း မလုပ်ချင်။

မနှိုးပြန်ရင်လည်း အိပ်မက်ဆိုးထဲမှာပဲ ဆက်ရှိနေဦးမည်ထင်..။

ပခုံးအား ခပ်ဖွဖွ ကိုင်လှုပ်လို့

“ညီမလေး..ညီမလေး..မေပိုး”

ဖျတ်ခနဲ ပွင့်လာသည့် မျက်လုံးနက်နက်လေးနောက်က မောဟိုက်သည့် အသက်ရှုသံသည် အလျင်မှီအောင် လိုက်လာခဲ့သည်။

“အိပ်မက်ဆိုးတွေ မက်နေတာလား”

သူ မေးသည်ကို ပြန်မဖြေပဲ သူ့အား ခပ်စိမ်းစိမ်းကလေးစိုက်ကြည့်နေသည်။

“ရေအရင်သောက်လိုက်နော်”

ပြောလည်း‌ပြောကာ မတ်တပ်ရပ်လို့ ဖန်ကရား တင်ထားသည့် ပြတင်းပေါက်နားမှ စားပွဲဝိုင်းလေးဆီသို့ သူ သွားလိုက်သည်။ ပြတင်းတံခါးသည် ပိတ်မထား။ လရောင်ရစ်ပတ်ထားသဖြင့် ဖန်ကရား ကြည်ကြည်လေးကို ကိုင်ကာ ဖန်ခွက်ထဲ ပြောင်းထည့်နေသည့် သူ့ အရိပ်သည် ကြမ်းပြင်တွင် ထင်ဟပ်လျက် ရှိနေသည်။

လေပြေတစ်ချက်တွန်းလိုက်သည်နှင့် လိုက်ကာဖြူလေးသည် စားပွဲဝိုင်း အနားစပ်ထိ လွင့်လာသဖြင့် ဖန်ကရား၏ အရိပ်လေးပေါ် ထပ်လျက် ကွယ်သွားရသည်။

လေပြေနှင့် လိုက်ကာဖြူလေး ပြန်ဆုတ်သည်နှင့် ကြမ်းပြင်တွင် ထင်နေသော အရိပ်လေးသည် နှစ်ခုထပ်လျက်..

လက်ဖောင်းဖောင်းလေးများသည် သူ့ခါးအား အနောက်မှနေ အသေအချာ ဖက်တွယ်ကာ

“မမ..တကယ်ပဲ မမလား”

“မမ ဟုတ်တယ်မလား..မမ ရှိနေသေးတယ်မလား”

ရှိုက်သံရောနေသော မေးခွန်းလေးများသည် ချမ်း နောက်ကျောဆီမှ တရစပ် ထွက်ပေါ်နေသည်။

“အိပ်မက်ဆိုးတွေ မက်နေတာလား”

“တကယ်ပဲ အဲ့တာ အိပ်မက်လား”

ချမ်းမေးသည်ကို မဖြေပဲ ချမ်းအား ပြန်မေးခွန်းထုတ်နေပါသော..။

“အိပ်မက်ထဲမှာ သေသွားတာလား”

“အင်း…”

ဖန်ကရားနှင့် ခွက်အား စားပွဲဝိုင်းပေါ် ပြန်တင်လိုက်ကာ လက်ဖောင်းဖောင်းလေး အပေါ်ကနေ အုပ်ကိုင်လို့

“တကယ်ပါပဲ ဒီညီမလေးကတော့”

မေပိုးဥ လက်အား အုပ်ကိုင်လိုက်သည့် လက်ချောင်းသွယ်များသည် အေးစက်လို့နေသည်။

“မမ သေသွားတာလား မမ လက်တွေက အရမ်းအေး..”

ချက်ချင်းဆိုသလို သူ့ဖက်သို့ လှည့်လာကာ သူ့အားရင်ခွင်ထဲ ထည့်ထားလိုက်သည့် မမ။

“ဒီလိုမျိုး လူအကောင်လိုက်ကြီး ဖက်ထားလို့ရနေတာတောင် အခုထိ မယုံသေးဘူးလား”

ခါးနားမှ အင်္ကျီစလေးအား လက်ဖောင်းဖောင်းလေးဖြင့် ကျစ်နေအောင် ဆုပ်ထားကာ

“ကြောက်တယ်..မမက..မမက ..မရှိတော့မှာ”

ပခုံးလေးအား ဖွဖွ ကိုင်ကာ ရင်ခွင်ထဲမှ ခွာလိုက်ပြီး လက်ချောင်းသွယ်တွေဖြင့် မေပိုးဥ၏ ပါးအား အုပ်ကိုင်လိုက်ကာ

“မမက ဒီမှာ ရှိနေတယ်လေ..အခု ညီမလေး ရှေ့မှာ”

ချမ်း ချော့လိုက်ခါမှ အိကနဲ မျက်ရည်တွေ ဆည်ကျိုးသလို ကျလာတော့သည်။

“ဒါပေမယ့် မမလက်တွေက အရမ်းအေး..”

တောက်ကနဲ နဖူးလေးအား ခပ်ဖွဖွ တောက်လိုက်ကာ

“အေးနေတာ မဟုတ်ဘူး ညီမလေးက အဖျားတက်နေလို့ အပူလွန်နေတာ”

မျက်နှာလေး မဲ့ကာ မဲ့ကာဖြင့် ချမ်းအား ကြည့်ကာ မျက်ရည်ဥတွေသည် ကျကွဲနေဆဲ။

“တကယ်ပါပဲ ဒီညီမလေးကတော့ ရော့ ရေလေးအရင်သောက်လိုက်နော်”

ခုတင်ဘေးက ကုလားထိုင်နှင့် ကုလားထိုင်ပေါ်မှ ထိုးလက်စ သိုးမွှေးထည်လေးကို ကြည့်ပြီး

“မမ..အခုချိန်ထိ မအိပ်ရသေးတာလား”

ခပ်ပြုံးပြုံးလေး သူ့အား စိုက်ကြည့်လို့

“ညီမလေး ညဖက် ကိုယ်အပူချိန်ပြန်တက်နေမှာစိုးတာနဲ့”

“မမကလည်းလေ ကြာရင်..”

ဆူမည့် နှုတ်ခမ်းလေးအား ဖျတ်ကနဲ နမ်းလိုက်သဖြင့် ဖွဖွ တွန်းထုတ်တာ ခံလိုက်ရသည့် ချမ်း။

“ဘာလုပ်တာလဲ အဖျားတွေကူးကုန်တော့မယ်”

“ကူးပါစေပေါ့ရှင်.. ဒီလိုနည်းနဲ့ အဖျားကူးရတာ တန်တယ် မဟုတ်ဘူးလား”

ကိုယ်အပူရှိန်ကြောင့်ပဲလား.. နှလုံးခုန်နှုန်းရဲ့ အရှိန်ကြောင့်ပဲလား မျက်နှာသေးသေးလေးသည် ပိုလို့ နီရဲ့ လာနေသည်။

လရောင်နုနုဖြတ်ပြေးခြင်းခံရတာတောင် မြတ်နိုးရိပ်ကလေးသည် နီထွေးနေဆဲ..
နူးညံ့နှစ်သက်သည့် မျက်ဝန်းနက်ကလေးသည်လည်း ကပ်ငြိနေဆဲ..။

ခုတင်ပေါ် ကိုယ်တစ်ဝက်တင်လို့ မှောက်လျက် ငြိမ်ငြိမ်ကလေး အိပ်ပျော်နေသော မမ။ ရေစက်တွေ၊ ဖူးစာ ဆိုတာမျိုးတွေ မစဉ်းစားပဲ ဒီအတိုင်းလေး မမကို ငါ့ဘဝတစ်လျှောက်စာ ဆွဲခေါ်သွားချင်တယ်။ မသေချာပေမယ့် ငါ့အနာဂတ်ကို ဒီလက်ချောင်းသွယ်တွေထဲပဲ ထည့်ပေးလိုက်ချင်တယ်။

မနက်တိုင်း သူ့ထက် အရင်ထပြီး သူ့အတွက် မနက်စာပြင်ပေးနိုင်တဲ့ သူ့ဘေးက နေရာမှာ ငါရှိချင်တယ်။ အဲ့နေရာမှာ ငါရှိနိုင်မလား မသေချာပေမယ့်..ဒီတစ်နေ့အတွက် မနက်စာကိုတော့ ပြင်ပေးလို့ ရတယ်မလား။

အတတ်နိုင်ဆုံး ကိုယ်လေးအား ဖော့ကာ ခုတင်ပေါ်မှ ဆင်းလိုက်သည်။ စောင်ပါးပါးလေး အား မမအပေါ် အသာလွှားလို့ အခန်းပြင်သို့ သူထွက်လာလိုက်သည်။
မမ ဘာကြိုက်တတ်သလဲ သူမသိ။ ရေခဲသေတ္တာထဲမှာလည်း ကြက်ဥနှင့် ပေါင်မုန့်မှ လွဲ၍ ဘာမှ ရှိမနေ။

ကြက်ဥပေါင်မုန့်ကြော် မမ စားပါ့မလား။ ဘေးသား ကြွပ်တာမျိုးလား ဒါမှမဟုတ် ဘေးသားက နဂို ပျော့ပျော့လေးအတိုင်း ရှိနေတာကို ကြိုက်တာလား။

ချမ်း ပန်းကန်ထဲမှ ပေါင်မုန့်ကြက်ဥကြော်လေးများသည် ကြွပ်ကြွပ်ရွရွလေးက တစ်မျိုး နဂို ပေါင်မုန့် အသားအတိုင်း ခပ်ပျော့ပျော့ကလေး ကြော်ထားသည်က တစ်မျိုး။ ခပ်ပြုံးပြုံးကလေး မေးထောက်လျက် ချမ်းအား စိုက်ကြည့်နေရင်းက

“မမ ဘယ်တစ်မျိုး ကြိုက်လဲ သေချာမသိတာနဲ့”

ခရင်းသုံးလျက် အရာပေးထားသည့် အတိုင်း ပေါင်မုန့်ကြော်လေးအား ဖဲ့လိုက်ကာ ဝါးရင်း

“ညီမလေး လက်ရာသာဆို အကုန်ကြိုက်လောက်မယ်ထင်တယ်”

အရင်ကလို ရှက်သွေးဖြာနေသည့် မျက်နှာရဲရဲလေးဖြင့် ခေါင်းငုံ့မသွားတော့။ နူးနူးညံ့ညံ့ ငေးစိုက်လျက် ပြန်လည် ပြုံးပြနေသည့် မေပိုးဥကလေး ဖြစ်လို့နေပြီ။

“အကုန်လား မမ”

“အင်း အကုန်”

လက်ချောင်းသွယ်တွေနှင့် ထိရုံဖြင့် နွားနို့၏ ခပ်နွေးနွေးဓာတ်ကလေးသည် ဖန်ခွက်တွင် ရစ်ဝဲလျက် ကျန်နေသေးမှန်း ခံစားမိနေသည်။

“လက်ရာပဲလား လူရော မပါဘူးလား မမ”

“အဟွတ်..အဟွတ်..”

နွားနို့သောက်ရင်း သီးသွားရသူက ချမ်းပင်။ သူ့ကလေး ဘယ်တုန်းက ဒီလောက်အထိ ပြောရဲ ဆိုရဲသွားတာလဲ။ ချမ်း အဖြစ်ကို ကြည့်လျက် ရှေ့သွားကြီးကြီးလေးနှစ်ချောင်းပေါ်သည်အထိ အားပါးတရ ပြုံးရယ်နေသော အဖြူရိပ်ကလေးသည် ချမ်းအတွက်တော့ ဘောင်ထဲထည့်ကာ သိမ်းထားချင်သည့် မနက်ခင်း၏ ပန်းချီတစ်ချပ်ဖြစ်သည်။

ဒီမိန်းကလေး ဘေးမှာ ရှိတဲ့အချိန်တိုင်းက အသက်ဓာတ်ရုန်းကြွနေသည့် ပန်းချီတစ်ချပ်ဖြစ်နိုင်သည်။

အမြဲ တမြတ်တနိုး ရပ်ကြည့်နေချင်သည့် သက်ရှိပန်းချီလေးကို မျက်စိရှေ့၌သာ အချိန်တိုင်းထားချင်တော့သည်။

“တစ်သက်လုံး မနက်စာကို ပေါင်မုန့်ကြက်ဥကြော်ပဲ စားရမယ်ဆိုရင်တောင် မငြီးငွေ့ပဲ စားနိုင်လောက် မယ် ထင်တယ်”

“မမက ပေါင်မုန့် ကြက်ဥကြော် အဲ့လောက်တောင် ကြိုက်တာလား”

လက်ထဲက ကိုင်ထားသည့် ခရင်းကို ချမ်း ပြန်ချလိုက်သည်။မေပိုးဥ၏ မျက်ဝန်းသေးသေးလေးအား စိုက်ကြည့်လျက်

“ဟင့်အင်း ပေါင်မုန့်ကြက်ဥကြော်ကို မဟုတ်ပဲ မေပိုးဥရဲ့ လက်ရာကို ကြိုက်တာ”

ချမ်းကို စိုက်ကြည့်ရင်းက ပါးနုနုလေးနှစ်ဖက်သည် တဖြေးဖြေး ပန်းရောင်သို့ပြောင်းလဲလာနေသည်။

“တစ်သက်လုံး စားနိုင်တဲ့ ထိတောင် ညီမ လက်ရာကို ကြိုက်တာလား”

“အင်း အဲ့လောက်ထိကို သဘောကျနေတာ..မဟုတ်ဘူး မြတ်နိုးတာမလို့”

“မမ အခု တွဲကြရအောင်လို့ပြောနေတာလား”

ချမ်းခေါင်းခါလိုက်သည်။

“နည်းနည်း ပိုပြီး ဝေးဝေး တွေးဦး”

“ဘေးမှာ နေပေးဖို့ ပြောတာလား”

မေပိုးဥ အမေးကို ခပ်ပြုံးပြုံးကလေး စိုက်ကြည့်လျက် တုန့်ပြန်နေသော မမ။

“ဒီထပ် နည်းနည်း‌ဝေးဝေးကို ပိုတွေးဦး”

“လက်ထပ်ခွင့် တောင်းနေတာလား မဟုတ်ဘူးမလား”

ဒီတစ်ခါတော့ ချမ်းသည် သူ့အပြောကို မငြင်းတော့ပဲ ငြိမ်ငြိမ်ကလေးသာ ပြုံးလျက် စိုက်ကြည့်နေသည်။

“တကယ်လား!!!”

မမသည် တိတ်နေဆဲ နောက်ပြီး ပြုံးနေဆဲပင်။

“ဘယ်သူက ပေါင်မုန့်ကြက်ဥကြော်စားနေရင်း လက်ထပ်ခွင့်တောင်းလို့လဲ တွဲတောင် မတွဲရသေးပဲနဲ့ အနည်းဆုံး ရည်းစားစကားလေးတောင် အပြောမခံရပဲနဲ့”

ချမ်း အအော်ခံရသင့်သည် မဟုတ်လား။ ချမ်းကလည်း ချမ်းပါပဲ။ ဘာလို့များ သေချာမပြင်ဆင်မိပါလိမ့်။ လက်ထပ်ခွင့်တောင်းတဲ့ အချိန်က အရေးကြီးဆုံးပဲဟာ။ အရမ်းစိတ်လောမိသွားတာပဲ။

“အဲ့တာဆို သေချာပြင်ဆင်ပြီးမှ..”

မျက်လုံးလေး မှေးစွေလျက် ခပ်ညစ်ညစ်ကလေး ကြည့်နေသောကြောင့် ချမ်းခမျာ စကားပင် ဆုံးအောင် မပြောနိုင်ရှာ။

“အပြင်အဆင်က အရေးကြီးလား ဒါမှမဟုတ် မမအတွက် အဖြေက အရေးကြီးလား”

“သေချာပေါက် အဖြေပေါ့”

နှစ်ခါ မစဉ်းစားပဲ ချက်ချင်း အဖြေပြန်ပေးလာသော ချမ်းကြောင့် မေပိုးဥမှာ မပြုံးပဲ မနေနိုင်။

ဒီလောက်နဲ့ပဲ လုံလောက်ပါတယ်။ ဒီအခိုက်အတန့်ကို တစ်ဘဝစာ အနေနဲ့ နောက်ဆုံး ထွက်သက်အထိ သေချာသိမ်းဆည်းသွားမှာမလို့။

သိလား ညီမကလေ.. မမနဲ့ပက်သက်ရင် ဘယ်တော့မှ အငြင်းမရှိခဲ့ဖူးဘူးဆိုတာ..။


“ဒါဆို ငြင်းပါတယ်”

“ဟင်..”

အခု ငါနားကြားမှားသွားတာ ဟုတ်တယ်မလား။ ညီမလေးက ငြင်းတယ်လို့ ပြောမှာ မဟုတ်ဘူး။

“အခု ဘာပြောလိုက်တာ..”

“နှစ်ခါမပြောချင်ပါဘူးဆို..”

ပြောရင်းက အသံတိမ်ဝင်သွားသည့် မေပိုးဥ။ သူ အကောင်းဆုံး ကြိုးစားပေမယ့်..အဆုံးမှာတော့ သူ့ မျက်ရည်တွေကို သူ ရှုံးသွားပုံရသည်။ အသက်ကို တဆုံးရှုသွင်းလျက်

“သေချာနားထောင်နော်..မမရဲ့ လက်ထပ်ခွင့်ကို ငြင်းတယ်”

“ဘာဖြစ်လို့.. ဘာမှ မပြင်ဆင်ပဲ မနက်စာ စားရင်း ပြောမိလို့…ညီမလေးကို တန်ဖိုးမထားတာ..”

လက်ဖောင်းဖောင်းလေးများဖြင့်ကာက ချမ်း ရှင်းပြနေသည်ကို တားလိုက်သဖြင့် ချမ်း ပြောပြချင်သည့် စကားလုံးတို့မှာ လမ်း တစ်ဝက်မှာတင် ရပ်တန့်ကုန်ရသည်။

အခု အငြင်းခံရသည့်သူက ချမ်းလေ..တကယ်ဆို ဒီမျက်ရည်တွေက ချမ်း မျက်လုံးထဲက လာသင့်သည် မဟုတ်လား။ ဘာဖြစ်လို့ ကလေးက ငိုနေရတာလဲ။

“မမ ထင်နေသလိုမျိုး မဟုတ်ပါဘူး”

လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်းဖိပွတ်လိုက်သဖြင့် ပါးလေးတောင် ရဲသွားရသည်။

“သေချာစဉ်းစားကြည့်တော့ မမကို ဒီတိုင်း သဘောကျရုံပဲ.. တစ်ဘဝလုံး လက်တွဲသွားရလောက်တဲ့ထိ သဘောကျတာမျိုးတော့ မဟုတ်ဘူး”

ချက်ချင်းဆိုသလိုကြီး ပြောင်းလဲသွားသည့် အခြေအနေကို ချမ်းမှာ နားမလည်နိုင်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူတို့ အခြေအနေက အရမ်းကောင်းနေခဲ့တာ မဟုတ်ဘူးလား။

“ည ကတည်းက ဖုန်းဆက်ထားတာမလို့ နောက် နှစ်နာရီလောက်အတွင်း မမ အကို ရောက်လောက်ပြီ”

“အခု ပြန်ခိုင်းနေတာ မဟုတ်..နှင်ထုတ်နေတာလား”

လက်ဖောင်းဖောင်းလေးများဖြင့် စကပ်စလေးကို ကျစ်နေအောင် ဆုပ်လိုက်မိသည်။ သာမန်မေးခွန်းလေးပေမယ့်..ရင်ထဲ ဘာလို့ အဲ့လောက်နာသွားရတာလဲ။

“ပြန်ခိုင်းနေတယ်လို့ စဉ်းစားရင်လည်းရပြီး နှင်ထုတ်တယ်လို့ မှတ်ထားချင်တယ်ဆိုလည်း အဆင်ပြေတယ်.. မမ စိတ်ထဲ အဆင်ပြေသလို..”

“ဘာဖြစ်လို့ ညီမလေး သဘောအတိုင်း လုပ်ပေးရမှာလဲ”

“ညီမလေး သဘောအတိုင်း မလုပ်ချင်လည်း မမ အကိုနဲ့ အမေရဲ့ သဘောအတိုင်းတော့ လုပ်ရမယ်ထင်တယ်”

“ဘာကိုပြောတာလဲ”

“သူတို့က မမကို ဒီမှာဆက်နေဖို့ ခွင့်ပြုမယ် မထင်ဘူး..ပြောပြလိုက်တယ်လေ နှင်းပိုးအိမ်ရဲ့ အကြောင်းကို”

“မေပိုးဥ!!”

ဒါပထမဆုံးအကြိမ် မမဆီက ဒေါသနှင့် အော်သံကို သူကြားဖူးခြင်းပင်။

ပြန်ပြောဖို့ စကားပြင်ပြီးခါမှ မမနောက်တွင် ရပ်နေသည့် မေမေ့ကို မြင်လိုက်သဖြင့် ထို စားပွဲဝိုင်းကနေ သူ ထ,ထွက်လာခဲ့လိုက်သည်။ မမ နှင့် မေမေ နှစ်ယောက်ထဲသာ စားပွဲတွင် ကျန်ခဲ့ကြသည်။

တကယ်တော့ မမကို ပြန်လာခေါ်ခိုင်းဖို့ သူ အများကြီး စဉ်းစားလိုက်ရသည်။ အစောကတည်းက ပြန်ခိုင်းမလို့ပေမယ့်..တွေဝေနေခဲ့တာ မဟုတ်သေးဘူး လောဘကြီးမိတယ်ပဲ ပြောရမလား။ ဘေးမှာ ထပ်ပြီး ရှိနေစေချင်တာ အချိန်တိုင်း မျက်လုံးရှေ့မှာပဲ ထားချင်ခဲ့တာ။

အဲ့အိပ်မက် မမက်ခင်အထိ.. ဒီလောဘကို မရပ်တန့်နိုင်ခဲ့ဘူး။ ဘယ်အချိန် ဖောက်ဝင်လာမလဲ မသိနိုင်တဲ့ ကျည်ဆန်က ငါ့ခေါင်းကို ဦးတည်နေတာထက်..သူ့ခန္ဓာကိုယ်ထဲ နစ်ဝင်သွားမှာကို ပိုကြောက်တယ်။

ကားစက်သတ်သည့် အသံ ကြားလိုက်ရသဖြင့် အခန်းပြင်သို့ ပြန်ထွက်ရန် သူ့ကိုယ်လေးကို လှည့်လိုက်သေးသည်။

“ဒေါက်..ဒေါက်..ဒေါက်..”

“တံခါးလေး ဖွင့်ပါဦး မေပိုး..ခဏလေး ပြောတဲ့စကားလေးတော့ နားထောင်ပေးပါဦး”

မမ အသံကို ကြားသည်နှင့် လူက အလိုလို တံခါးနားသို့ ရောက်ပြီးသား။

တံခါးလက်ကိုင်ကို ကိုင်ပြီးခါမှ သူ့လက်ထဲတွင် ငြိမ်သက်လျက် မလှုပ်တော့သည့် မမ၏ ခန္ဓာကိုယ်ကို ပြန်မြင်လာကာ ခြေလှမ်းတွေသည် အနောက်သို့ ယိုင်လျက်။
ဟင့်အင်း မဖြစ်ဘူး.. အခုနေ မျက်နှာမြင်လိုက်ရရင် စိတ်ပျော့သွားလိမ့်မယ်။

တံခါးကို တဒုန်းဒုန်းထုလျက် မမသည် သူ့ အသံတုန့်ပြန်မှုကို စောင့်နေသည်။

“မေပိုး နားထောင်နေတယ် မဟုတ်လား”

သူ ပြန်မဖြေမိဘူး။ တံခါးလည်း မဖွင့်မိဘူး။ တံခါးကို မှီလျက် ကိုယ်မှာ ရှိသမျှအားနှင့် တွန်းထားမိသည်။

“အခု ပြောသမျှကို ကြားရတယ်မလား”

အသံသည် တိုးလျ၍ သွား၏။ တဒုန်းဒုန်း ထုနေသည့် လက်သီးဆုပ်လေးဟန် မောသွားဟန်ရသည်။ ခပ်ပြင်းပြင်း ထုသံပါ တိတ်ဆိတ်သွား၏။

“အခု ညီမလေး ဖြစ်စေချင်သလို ပြန်လိုက်သွားမှာမလို့.. တစ်ခွန်းပဲ ပြောပေး”

နားထောင်နေမယ်ဆိုတာ သိပေမယ့်..ဘာတုန့်ပြန်မှုမှ ရမှာမဟုတ်ဘူးဆိုတာလည်း သိနေသည်မို့.. အားမရှိတော့သလို ခံစားရသည်။

“…”

အခန်းထဲမှ အသံသည် တိတ်ဆိတ်နေသည်။

“Yes လို့..တစ်ခွန်းလောက်ပဲ ပြောပေး”

ငါးမိနစ်..ဆယ်မိနစ်..ဆယ့်ငါးမိနစ်..ဘာအသံမှ ထွက်မလာ။ အခန်းသည် တိတ်ဆိတ်နေဆဲ။

“တစ်ခွန်းလောက်လေးပဲ ပြောပေးပါကွာ တောင်းဆိုပါတယ်”

အက်ကွဲနေသော တောင်းပန်လေးသည် မေပိုးဥနှင့် တံခါးတစ်ချပ်သာ ခြားသည်။ ဖြစ်နိုင်လျှင် တံခါးကို ဆွဲဖွင့်ပြီး အဲ့ရင်ခွင်လေးထဲ ပြေးဝင်လိုက်ချင်သည်။ လက်ဖောင်းဖောင်းလေးတွေနှင့် ခပ်သေးသေး ကျောပြင်လေးကို ထွေးဖက်လိုက်ချင်သည်။ ဒါပေမယ့် အဲ့လိုဖက်နေရင်းကပဲ ကျည်ဆန်က ငါ့ရှေ့မှာ ရှိနေတဲ့ မမကိုယ်ထဲ ဝင်သွားရတာ..ကြောက်တယ်..အိပ်မက်တွေ လက်တွေ့ဖြစ်လာမှာကို ကြောက်မိတယ်။

“မမ..”

ခေါ်သံတိုးတိုးလေးကြောင့် ချမ်းမှာ မျက်နှာတစ်ခြမ်း နစ်ဝင်မတတ် တံခါးဖက် ကပ်ကာ

“အင်း..မမ ရှိတယ်..ဒီမှာ ရှိနေတယ်”

“တောင်းဆိုပါတယ်..ထွက်သွားပါတော့”

အသံတွေ အားလုံးတိတ်ဆိတ်သွား၏။ ရှိုက်သံသဲ့သဲ့လေးမှ လွဲ၍ မည်သည့် အသံမှ မကြားရတော့။

ကားစက်နှိုးသည့် အသံကြားနေသော်လည်း ဒူးကလေးကို ပိုက်လို့ ငိုရုံသာ သူတတ်နိုင်သည်။ ရူးနေတယ်ဆိုရင်တောင် ဒါအခုချိန်မှာ မမကို ငါကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ။ ငါ့ကို အေးရိပ်ရှာတွေ့တာတောင် တကယ်လို့များ ငါမသေခဲ့ရင် လက်ထပ်ခွင့်ကို ငါက အရင်တောင်းမယ်။

မတော်တဆများ သေသွားခဲ့မယ်ဆိုရင်..ဒီမနက်ရဲ့ မှတ်ဉာဏ်ကို နောက်ဆုံးထွက်သက်အထိ သေချာ သိမ်းဆည်းသွားမယ်။ငါ့ရဲ့နောက်ဆုံးအချိန်ထိ။


You are reading the story above: TeenFic.Net