Part 32

Background color
Font
Font size
Line height

ဝင်သက်၊ ထွက်သက်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ရှိုက်လို့ သူ့ စိတ်ကို ပြင်ဆင်လိုက်သည်။

"မေမေ.."

မေမေသည် ဆက်ပြောမည့် အကြောင်းအရာအတွက် တွန့်ဆုတ်နေပုံရသည်။ ဘယ်အချိန်ထိ မေမေ့ မျက်လုံးထဲမှာ မေပိုးကို ကလေးလိုပဲ မြင်နေမှာလဲလေ။

ဆတ်ကနဲလှည့်ကြည့်လာသည့် သမီးကြောင့် သူ့ မျက်ဝန်းအိမ်ထဲက မျက်ရည်တွေကို သိမ်းဆည်းရန် ဒေါ်ငြိမ်းမေ အချိန်မရလိုက်။ လျင်လျင်မြန်မြန် ခေါင်းငုံပစ်လိုက်သော်လည်း သမီးသည် သူရှိရာ နေရာသို့ ခြေလှမ်းကျဲများဖြင့် လာနေသည်။ သူ့ လက်အား အုပ်ကိုင်လို့

"အခုပဲ ထွက်ပြေးကြရအောင် မေမေ"

သူ မော့ကြည့်မိတော့... သမီးလည်း ငိုနေတာလားလေ။

"မဟုတ်မှ လွဲ.."

အံ့အားသင့်လွန်းလို့ သူ့ နှုတ်ခမ်းသူ ဖွဖွ ပြန်အုပ်မိသည်အထိပင်။

"သမီးက ဘယ်လိုလုပ်..."

သူ ဘာပြောမယ်ဆိုတာကို သမီးက သိနှင့်နေတာလား။ ဘယ်လိုလုပ်ပြီးတော့လဲ။ သူမှ ဖွင့်မပြောရင် ဘယ်တော့မှ သိစရာအကြောင်းမရှိတဲ့ သမီးက ဘယ်လိုလုပ်ပြီးတော့လဲ။

အမှတ်အသား တစ်ခုခုကနေ တွေ့သွားမှာစိုးလို့ သူ့ဒိုင်ယာရီတွေအားလုံးတောင် မီးရှို့ပစ်ခဲ့ရတာ.. အမှတ်တရတွေ အကုန်လုံး အနက်ရှိုင်းဆုံးမှာ သိမ်းပြီး ဖျက်ဆီးပစ်ခဲ့ရတာကို။

"နောက်မှ ရှင်းပြမယ် အရင်ဆုံး ဒီကနေ သွားကြရအောင်"

သူ့ လက်ကောက်ဝတ်ကနေ ဆွဲလျက် ရှေ့ကနေ ဦးဆောင်က တိုက်ခန်းအပြင်ဖက်သို့ ခြေလှမ်းတည်နေသော မေပိုးဥ။ လှမ်းနေသည့် ခြေလှမ်းတို့ ရပ်တန့်သွား၏။

"ဟာသပဲ သွားရအောင် ဘယ်ကို သွားမှာလဲ"

မျက်နှာကို Mask တပ်ကာ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားသော ကောင်လေး နှစ်ယောက်။ သူတို့ ဖိနပ်တွေကို မချွတ်ပဲ တစ်လှမ်းချင်း အိမ်ထဲသို့ ဝင်လာနေ၏။

"ဘယ်သူလဲနင်တို့"

မေပိုးဥ မေးသည်ကို မဖြေပဲ သေနတ်နှင့် သူတို့သားအမိအား ချိန်လိုက်၏။ တိတိကျကျ ချိန်ထားသည်ကတော့ မေပိုးဥ၏ နဖူးတည့်တည့်သို့ ဖြစ်သည်။အလိုလို လက်သီးကလေး ကျစ်နေအောင် ဆုပ်လိုက်မိသော်လည်း ခြေထောက်တွေက လှုပ်မရတော့။ ထို့ပြင် စကားသံပင် ထွက်မလာတော့။

ပါလာသော ဘူးအား အဖုံးဖွင့်ကာ ကြမ်းပြင်ပေါ် လောင်းချလိုက်သည့် လူစိမ်းအမျိုးသား။

"ဘာတွေလဲ ဒါ... ဓာတ်ဆီတွေ မဟုတ်လား"

ဓာတ်ဆီတွေပေါ်မှ ဖြတ်နင်းလျက် လူစိမ်းသည် မေပိုးဥ ရှိရာဆီလာနေသည်။ လက်တစ်ဖက်ထဲဖြင့် မေပိုးဥအား မေးရိုးကနေ ဆွဲဖျစ်လို့

"ဟုတ်ပါ့မလားလို့ စိုးရိမ်နေတာ တကယ်ကို ဒီမျက်နှာနဲ့ ပက်သက်ရင် ဘယ်နေရာမှ အဖြစ်မရှိဘူးပဲ"

သူ ပြောသည့် စကားကို မေပိုးဥ နားမလည်။ အိမ်အနှံ့ဓာတ်ဆီလောင်းနေရင်းမှ စကားပြန် ဝင်လုပ်ပေးနေသော လူစိမ်းကြောင့် ဒီလူတွေသည် မေပိုးဥ၏ အမွှာနှင့် ပက်သက်နေမှန်းသူတို့ သားအမိ သဘောပေါက်လိုက်သည်။

ဖျစ်ထားသည့် မေးရိုးအား စောင့်လျက် လွှတ်ချလိုက်ပြီးမှ မေပိုးဥ နဖူးအား သေနတ်ဖြင့် တည့်တည့် ချိန်ထားလျက်

"အကြိမ်ကြိမ် အခွင့်အရေးပေးခဲ့ပေမယ့် ငါ့ရဲ့ ချစ်လှစွာသော အစ်မက ဒီမျက်နှာကို မလွန်ဆန်နိုင်ဘူးထင်တယ် အဲ့တာကြောင့်ငါကပဲ ကိုယ်စား"

သူ့ စကားကို ရပ်လိုက်ကာ သေနတ်မောင်းကို တင်လိုက်၏။

ယိုင်လဲကျမတတ် ခြေထောက်တွေ တုန်နေပေမယ့် သူ ရပ်နေနိုင်သေးသည်။ နည်းနည်းလေး လှုပ်ဖို့တောင် မပြောနဲ့ အသက်ရှုဖို့ပင် သတ္တိမရှိတော့။

သေမင်းတံခါးဝရောက်နေတဲ့ အဲ့ဒီလို အချိန်မှာ နားလည်လိုက်တယ်။ အဲ့ညက အေးရိပ် အမေ့ကို ဘာလို့ ဒေါသထွက်နေရတာလဲဆိုတာ။

နှင်းပိုးအိမ်... ငါမသိတဲ့ ငါ့ရဲ့ အမွှာက အခု ငါ ကြုံတွေနေရတဲ့ အခိုက်အတန့်လိုမျိုး သေနတ်ပြောင်းဝမှာ တစ်ကြိမ်မက ရပ်ဖူးလောက်တာကြောင့်.. သူ တန်ဖိုး ထားရတဲ့ တစ်စုံတစ်ယောက်အတွက် သူ မမျှတဘူးလို့ ခံစားရတာဖြစ်မယ်။

ရယ်စရာပဲ..အခုက သူများကို နားလည်ပေးနေရမယ့် အချိန် မဟုတ်တာကို။အဲ့လို နားလည်ပေးနေရမယ့် အချိန် မဟုတ်ပေမယ့်... ငါ အရမ်းပြောချင်နေတဲ့ ဒီစကားကို မမဆီ မပြောပြရသေးဘူး။ ဒီမှာတင် ရပ်လိုက်ရတော့မှာ နှမြောစရာပဲ။

"မလုပ်ပါနဲ့ ဘာမှ မသိတဲ့ ကလေးပါ.. ကျေးဇူးပြုပြီး လွှတ်ပေးပါ"

မေမေက အခု အဲ့လူခြေထောက်ကို ဖက်လိုက်တာလား။ မြင်နေပေမယ့်.. ဘာလို့ ငါဘာမှ မတုန့်ပြန်နိုင် ဖြစ်နေရတာလဲ။

အားပြင်းပြင်းနဲ့ စောင့်ကန်လိုက်တာမလို့ မေမေဟာလွင့်ကနဲပဲ။ မေမေ လို့ အော်လိုက်ပေမယ့် ငါ့ ပါးစပ်ကနေ အသံထွက်မလာဘူး။ အပြေးသွားပွေ့ရမှာပေမယ့် ဘယ်လိုလုပ်မလဲ ငါ့ခြေထောက်တွေက မလှုပ်ရှားကြတော့ဘူး။

ထူပူသွားတဲ့ ခံစားမှုက ငါ့ခေါင်းကနေ လာတာလား။ ဆွေ့ကနဲ ကောက်မကာ ပခုံးပေါ် တင်လိုက်တာမို့ လူဟာ မြောက်ကနဲ။ သေချာ မသဲကွဲတော့ပေမယ့် အဲ့လူ လက်ထဲမှာ ကိုင်ထားတာ မီးခြစ်လား။ မဖြစ်ဘူး မလုပ်ပါနဲ့။ မေမေ အဲ့မှာ ရှိနေသေးတယ်။

ငါ့ကို ချပေးပါ..ငါသွား..ရ...။

မျက်ခွံတွေ ပိတ်ကျမသွားခင် လဲကျနေတဲ့ မေမေ့ပုံရိပ်ကို သူ သေချာတွေ့လိုက်သည်။

မဖြစ်ဘူး.. မီးက.. အရမ်း..။

"မီးသတ်ကားတွေ မဟုတ်ဘူးလား"

"ဟုတ်ပါ့ရဲ့ ဘယ်မှာ မီးလောင်.."

မီးသတ်ကား ချိုးဝင်သွားတာသည် သူတို့ လမ်း ဖြစ်နေသဖြင့် အေးရိပ်သည် စကားတောင် ဆုံးအောင် ဆက်မပြောတော့။

မိသင်းအား အထုပ်ပေးကာ ရှေ့က ပြေးနှင့်သဖြင့် ဘီယာဘူးတွေ ထည့်ထားသည့် အိတ်အလေးကြီးအား နိုင်အောင် မ,ကာ မိသင်းလည်းနောက်က အမှီပြေးလိုက်ရ၏။

သို့သော် အေးရိပ်၏ ခြေလှမ်းကျဲကြီးများကို သူ မမှီပါ။ မိသင်း လမ်းထိပ်ရောက်သည့်အချိန်တွင် ကျားလိုက်သလို ပြေးနေသည့် သူသည် အေးရိပ် တစ်ယောက်ထဲ မဟုတ်။ ချမ်းပါ,ပါနေသည်ကို တွေ့လိုက်ရသည်။

"ဟုတ်ချင်မှ ဟုတ်မှာကို သူတို့ အခု အရမ်းအကဲပို.."

ထွက်လာသော မီးညွန့်များသည် မေပိုးဥတို့ တိုက်ခန်းငယ်လေးဆီမှာ ဖြစ်နေသည်။ လက်ထဲမှ ဘီယာဘူး ထည့်ထားသည့် အိတ်ကြီးအား ပစ်ချကာ

"မဖြစ်ဘူး မေပိုး!!"

ခြေတံရှည်ကြီး နှစ်ယောက်ကို ကျောတက်ကာ အရှေ့မှနေ မှုန့်နေအောင် ပြေးသွားသည့် မိသင်း။ မိသင်းကို မှီရန် သူတို့လည်း အရှိန်ထပ်တင်ရ၏။

"မရဘူး အန္တရာယ်များတယ် မီးသတ်တပ်ဖွဲ့တွေ"

"အန္တရာယ်!!!"

မိသင်း အော်ချလိုက်သဖြင့် သူတို့ကို တားနေသည့် ဦးလေးကြီး ကြောင်သွား၏။

"အခု အန္တရာယ်က အရေးကြီးလား အဲ့အထဲမှာ ကျွန်မ သူငယ်ချင်း ရှိနေတယ်လို့"

ဆူညံနေသည့် လူအုပ်ပါ ငြိမ်ကျသွား၏။ မီးတောက်သည် အတော်များသည်မို့ မိသင်း စိတ်ပူနေတာလည်း ဖြစ်သင့်သည်။ မီးသတ်ဦးလေးဆီ အာရုံရောက်နေတုန်း ဘေးက နှစ်ယောက်ကို ကြည့်မိမှ မရှိကြတော့။ ဘယ်က ဘယ်လို တိုက်လှေကားအောက် ရောက်သွားကြသည်မသိ။

မေပိုးမေမေအား အရင်သယ်ထုတ်လာတာမြင်မှ သက်ပြင်းချနိုင်တော့၏။

"လူကုန်ပါပြီ ဆရာ"

သတင်းပို့သည့် မီးသတ်သမားအား ပခုံးမှ‌နေ ဆွဲလှည့်ကာ

"မကုန်သေးဘူး ကျွန်မတို့ သူငယ်ချင်း ကျန်သေးတယ်"

စိတ်ပူသည့် အရှိန်နှင့် ကယ်ဆယ်ရေးသမားတွေအပေါ်ပါ အေးရိပ် သတိမထားမိပဲ ရိုင်းပြလိုက်မိ၏။

"ရေချိုးခန်းက အစ အကုန်ဝင်ရှာခဲ့"

မီးသတ်ဦးလေး ရှင်းပြနေတုန်းမှာပင် တိုက်ပေါ်သို့ ပြေးတက်သွားသော ချမ်း။ ပြန်ဆင်းလာသည့် မီးသတ်သမားများသာ မတားလျှင် မီးဟုန်းဟုန်းတောက်နေသည့် တိုက်ခန်းထဲသို့ သူ ဝင်သွားလောက်သည်။

"အထဲမှာ ဘယ်သူမှ မကျန်တော့ပါဘူး ဆရာ"

"သားအမိ နှစ်ယောက်နေတာလို့ သေချာပေါက် တစ်ယောက်ကျန်"

"ထ လို့မရသေးပါဘူး အန်တီ"

အောက်ဆီဂျင်ပိုက်အား ဖြုတ်ချကာ သူတို့ရှိရာဆီ လျှောက်လာနေသည့် မေပိုးဥ မေမေ။

အေးရိပ်၏ အင်္ကျီလက် အနားစအား ဆွဲကာ နှုတ်ခမ်းလှုပ်ရုံသာ ပြောပြီး ခွေကနဲ လဲကျသွား၏။ အသံ မထွက်လာသော်လည်း ထို လှုပ်ရှားသွားသည့် နှုတ်ခမ်းမှ စကားလုံးကို အေးရိပ်ရော ချမ်းပါ သိလိုက်သည်။

'ကယ်...ပေး..ပါ..'

"အန်တီကို အပ်ခဲ့မယ်နော် ညီမလေး"

မိသင်း ပခုံးအား ကိုင်ကာ ပြောပြီးနောက် လူအုပ်ထဲမှ ပျောက်ကွယ်သွားသော အေးရိပ်နောက်သို့ အလျင် အမြန်လိုက်သွားသော ချမ်း။

ကားတံခါးဖွင့်လျက် အမြန်ဝင်ထိုင်ကာ ခါးပတ် ပတ်နေသော ချမ်း

"ငါ့ကိုပါ ခေါ်သွားပေးပါ"

ဘာမှ ပြန်မဖြေပဲ ချမ်း နားထင်သို့ သေနတ်ဖြင့် ချိန်လိုက်သည့် အေးရိပ်။

"ဘယ်ကစပြီး ကြားလိုက်တာလဲ..အဲ့ဒီညက"

သူ့ လက်နှစ်ဖက်အား မြှောက်ကာ အသက်ကို ခပ်မှန်မှန်လေးရှုလျက်

"အခု ငါ ဘယ်အထိ သိလဲဆိုတာက အရေးကြီးလို့လား မေပိုးကို ဘယ်ခေါ်သွားလဲဆိုတာက ပိုအရေးကြီးတာ မဟုတ်ဘူးလား"

အေးရိပ်သည် မတုန့်ပြန်။ ချမ်းအား သေနတ်ဖြင့် ချိန်ထားဆဲဖြစ်သည်။

"သတ်ဖို့ စိတ်ကူးရှိရင် အစောကြီးကတည်းက သတ်ပြီးနေလောက်ပြီ သေချာ အကွက်ကျကျ ချဉ်းကပ်နေပုံကိုကြည့်ရင် မေပိုးက တစ်နေရာရာမှာ အသုံးလိုနေတယ်ဆိုတာ သေချာတယ်"

အေးရိပ်သည် နှုတ်ခမ်းစွန်းတစ်ဖက် ကော့တက်ရုံသာ ခနဲ့တည့်တည့်ပြုံးလျက်

"တက္ကသိုလ် ကျောင်းသူလေးက အတွေးကောင်းသားပဲ အဲ့လောက်ကောင်းနေတဲ့ Brain လေးနဲ့ ဒါကိုရော မစဉ်းစားမိဘူးလား"

အေးရိပ်သည် စကားစကို ရပ်လိုက်ကာ ချမ်းအား စိုက်ကြည့်လျက်

"မလိုအပ်ပဲ သိတာတွေ များနေရင်.."

အေးရိပ်စကား မဆုံးခင်မှာပင် သူ့မျက်လုံးကို စုံမှိတ်ချလိုက်ကာ

"ငါ့ကို ဘယ်လိုလုပ်လုပ် စိတ်မဝင်စားတာမလို့ အခု မေပိုးကို ရအောင်ကယ်ပေးပါ"

နားထင်မှာ ထောက်ထားသည့် သေနတ်အား ထိုအခါမှ ဖယ်တော့သည်။

"ခါးပတ်သေချာပတ်"

ရှေ့မှ ကားများအား အချက်ပြ မီး မသုံးပဲ ဝှီးကနဲ ဝှီးကနဲ ကျော်တက်နေသည့် အေးရိပ်ကြောင့် မမနဲ့ တုန်းက ပုံရိပ်တွေ ပြန်မြင်ယောင်လာကာ ချမ်း ချွေးစေးများပင် ပျံလာသည်။

သွေးအိုင်ထဲ လဲကျနေတဲ့ မမ ပုံရိပ်.. ထပ်ပြီး မေပိုးကိုရော ပုံစံတူ မြင်ကွင်းနဲ့ တွေ့ရဦးမှာလား။ ဟင့်အင်း ထပ် မတွေ့ချင်တော့ဘူး အဲ့ဒီလိုမျိုး ထိခိုက်ဒဏ်ရာရနေတဲ့ မြင်ကွင်းတွေ။ အချိန်မှီချင်တယ်..ဒီတစ်ခါတော့ မှီချင်တယ်။

မဖြစ်ဘူး အခု ဒီနေရာမှာ မေ့လဲသွားလို့ မဖြစ်ဘူး။

စိတ်ကို တင်းနေပေမယ့် မျက်လုံးတွေ ပြာလာသလို။

ဝင်သက်ကို အတတ်နိုင်ဆုံး ကြိုးစားရှိုက်နေပေမယ့် ဘယ်လိုမှ အသက်ရှုလို့ မရတော့သလိုပဲ။

ကားတွေ အရှေ့မှာ ဖြတ်ပြေးနေကြပေမယ့် ထိုကားတွေကို ချမ်း မမြင်တော့။ သွေးအိုင်ထဲ လဲကျနေသည့် မမပုံရိပ်ကလွဲ ချမ်း တခြား ဘယ်ဟာကိုမှ မမြင်တော့ပါ။

အဲ့တာကြောင့် အဝေးမှာ နေဖို့ ကြိုးစားခဲ့တာကို ထပ်ပြီး ငါ့ကြောင့်နဲ့ ထိခိုက်မှာ စိုးရိမ်ခဲ့တာကို.. ငါကိုယ်က ကံဆိုးစေတဲ့ အဆောင် ပစ္စည်းလို ဖြစ်နေတာ။

ငါနဲ့ မတွေ့ခင်ကထိ ကလေး က... ကလေး လို့စဉ်းစား မိလိုက်သည်နှင့် နားထဲ တိုးဝင်လာသည့် ရင်းနှီးကျွမ်းဝင်ပြီးသား ခေါ်သံလေး။

'မမ' လို့ သူ့ကို ခေါ်နေကြ မေပိုးဥရဲ့ ပုံရိပ်လေးက မှတ်ဉာဏ်ထဲက ရုန်းကြွလာတော့မှ ချမ်း အသက်ရှုလို့ ရတော့သည်။

ဟုတ်တယ်..အခု သူ့ ဘဝထက်ပိုအရေးကြီးတဲ့ တစ်စုံတစ်ယောက်က သူ့ကို စောင့်နေတယ်။ အသိစိတ် သေချာကပ်ထား ခင်ချမ်းမြေ့။

"ရောက်တော့မယ်"

အေးရိပ်၏ သတိပေးမှုကြောင့် သူ့ လက်ချောင်းလေးများကို ကျစ်နေအောင် ဆုပ်လိုက်မိသည်။

အေးရိပ်ချိုးဝင်လိုက်သော လမ်းသည် ဆောက်လုပ်ရေးလုပ်နေဆဲဖြစ်သည့် ဝင်းထဲဖြစ်သည်။ ဒီလိုနေရာမှာ ရှိနိုင်တာ သေချာရဲ့လား မသိပေမယ့် ရပ်ထားသည့် ကား တစ်စီးတော့ ရှိသည်။ သူတို့ နှစ်ယောက် ကားတံခါးဖွင့်နေတုန်းမှာပင် ဒိုင်းကနဲ ဖောက်ထွက်သွားသော သေနတ်သံကြောင့် သူတို့ လှုပ်ရှားမှုတွေ ရပ်တန့်ကုန်သည်။

ချက်ချင်းဆိုသလို သတိဝင်လာသည့်သူက ချမ်းပင်။ ကားပေါ်မှ အလျင်အမြန်ဆင်းကာ တဝုန်းဝုန်း တိုက်ပေါ်သို့ ပြေးတက်သွားသည်မို့ အေးရိပ်မှာ ချက်ချင်းနောက်က လိုက်ရသည်။

လက်ကောက်ဝတ်ကနေ ဆောင့်ဆွဲခံလိုက်ရသဖြင့် ချမ်း၏ ခြေလှမ်းတို့ တုံ့သွားရသည်။

"မသေမျိုးများ ထင်နေတာလား ငါ့ကို နှစ်ယောက်ကယ်ရအောင် မလုပ်နဲ့"

သေနတ်သံကြားကြားခြင်း စိုးရိမ်စိတ်တစ်ခုထဲဖြင့် ပြေးတက်လာခဲ့မိတာ.. အေးရိပ် သတိပေးမှ ချမ်း သတိရသည်။ ချမ်းမှာ ခုခံစရာလက်နက်မှ မပါပဲ။

အပေါ်ပိုင်းသို့ ရောက်လာလေ အေးရိပ်၏ ခြေသံသည် လုံလေဖြစ်သည်။ စနစ်ကျကျ ချဉ်းကပ်သည့် ပုံစံကို ကြည့်ရုံနှင့် ဒီအလုပ်မှာ ဘယ်လောက်တောင် ကျွမ်းကျင်နေပြီလဲဆိုတာ သိနိုင်သည် ။

"အဲ့လို အရှိန်နဲ့သာ လာရင် သေနေလောက်ပြီ"

မေပိုးဥကို တွေ့လိုက်ရတော့မှ အေးရိပ် စိတ်အေးသွားသည်။ ဟင်း ကနဲ အေးရိပ် သက်ပြင်းချနေတုန်း ရှိသေးသည် အရှိန်နှင့် ပြေးတက်သွားသော ချမ်း။

"ဘယ်နား ထိခိုက်"

ချမ်းသည် သူ့ စကားစကို ရပ်လိုက်သဖြင့် အေးရိပ်ပါ မော့ကြည့်လိုက်မိသည်။

နေပါဦး ဒါက မေပိုးဥမှ မဟုတ်တာ..။

တစ်ပုံစံထဲ ပုံနှိပ်ထားသလို တူနေပေမယ့် နှင်းပိုးအိမ်သည် မေပိုးဥထက် အရပ်၆လက်မ ပိုရှည်သည်။ အရပ်ထက် နှင်းပိုးအိမ်ဆိုတာ သက်သေပြနေသည့် ဘယ်သူ့မှ မျက်လုံးထဲ မထည့်တတ်သည့် ပင်ကိုယ်စရိုက်သည် သူ့မျက်နှာမှာ ပေါ်လွင်နေဆဲ။

နှင်းပိုးအိမ်ကို မြင်သည်နှင့် အေးရိပ်မျက်နှာသည် ချက်ချင်းဝင်းကနဲ ဖြစ်သွား၏။ သူ့ တုန့်ပြန်မှုကို မြင်သော်လည်း နှင်းပိုးအိမ်သည် သူ့ အကျင့်အတိုင်းပဲ အေးရိပ်ကို အထူးတလည် ပြန်ပြီး မတုန့်ပြန်ပါချေ။

နှင်းပိုးအိမ်သည် သူ့ ပခုံးပေါ်မှာ ထမ်းထားသည့် မေပိုးဥအား ချမ်းဆီသို့ လွှဲပေးလိုက်ပြီး အေးရိပ် ရပ်နေသော လှေကားထစ်ဆီသို့ ဆင်းလာသည်။

"Ellen"

"မပူပါနဲ့ မသတ်ပါဘူး"

အင်း ဒီလို အေးစက်စက်တုန့်ပြန်မှုတွေကိုပဲ သူ လွမ်းနေခဲ့ရသည် မဟုတ်လား။

မသတ်ပါဘူးဆိုသည့် စကားသည် စိတ်မပူလည်း ရသည့် အနေအထားတွင် ရှိသည်ဟု ဆိုလိုတာပင်။ အောက်ဆင်းမယ်လေ ဟု ချမ်းအား မျက်လုံးဖြင့် အချက်ပြကာ နှင်းပိုးအိမ်နောက်သို့ အေးရိပ် အမှီလိုက်လာခဲ့သည်။

"အေးရိပ်.."

ချမ်းမျက်နှာသည် ဇီးရွက်လောက်သာ ကျန်တော့သည်။ ပြောဆိုသည့် ပုံစံဖြင့် အေးရိပ် မျက်ခုံးပင့်ပြလိုက်တော့

"မေပိုး မလှုပ်တော့ဘူး"

"အိပ်နေတာပါဟ"

ဟု နှင်းပိုးအိမ်က အောက်ထပ်ကနေ လှမ်းအော်သည်။ ထိုအခါမှ ချမ်း ရယ်နိုင်တော့သည်။


"ပြန်တော့မယ်!!"

အကျယ်ကြီး အော်ချလိုက်သဖြင့် နှင်းပိုးအိမ်သည် သူ့ နားထဲသို့ လက်ညှိုးဖြင့် နှစ်ချက်သုံးချက် လှည့်လိုက်ကာ

"တောင်ခြားနေလို့လား!!"

တစ်ယောက်တစ်ခွန်း အပြိုင်အော်နေကြသော်လည်း မေပိုးဥကတော့ ကားနောက်ခန်းတွင် အိပ်မောကျနေဆဲ။

'ဘယ်သူ့ ရင်ခွင်ထင်လို့ ဒီလောက်တောင် စိတ်ချလက်ချ အိပ်နေနိုင်ရတာလဲ'

နိုးနေသော ချမ်းသည်လည်း တစ်ယောက်တစ်ခွန်းအော်ဟစ်နေသည့် သူတို့ နှစ်ယောက်အား ဂရုမစိုက်အားပါ။

"နင် အခုမှ ရောက်တာကို ချက်ချင်း ပြန်တော့မလို့လား"

"Why not"

ပခုံးတွန့်ပြီး ပြန်ပြောသည့် နှင်းပိုးအိမ်၏ ပုံစံကို အေးရိပ် မကြိုက်ဆုံးဖြစ်သည်။

"နင့်ညီမကိုတောင် မနှုတ်ဆက်ပဲနဲ့လေ"

"ငါက ဘာလို့ သူ့ကို နှုတ်ဆက်နေရမှာလဲ မွေးကတည်းကတောင် မတွေ့ဖူးတဲ့လူကို"

ဘရိတ်ကို ဆောင့်အုပ်ကာ အေးရိပ် ကားကို ရပ်ပစ်လိုက်သည်။

"ရူးနေလား!!"

"သူနဲ့ စကားတောင် ပြောဖို့ စိတ်ကူးမရှိပဲ နင် ဘာလို့ ငါ့ကို ဒီအထိ လွှတ်နေလဲ"

"ငါတို့ ဒီည လေယာဉ်နဲ့ ပြန်ဖို့လိုတယ် အေးရိပ်"

စကားသံသည် တိတ်ဆိတ်သွား၏။ အေးရိပ်သည် ထပ် အထွန့်မတက်တော့။ ကား စက်ပြန်နှိုးလျက် ထွက်လာပြီးမှ

"ဟုတ်သားပဲ အိမ်က မီးလောင်သွားတော့ အခုဘယ်ကို"

နှင်းပိုးအိမ်သည် အေးရိပ်ကို မျက်စောင်း တစ်ချက်ထိုးလိုက်သဖြင့်

"မကြည့်နဲ့လေ ရုတ်တရက်ကြီး ဖြစ်သွားတာမလို့"

ဘာမှ မပြောတော့ပဲ အေးရိပ်ကို စိုက်ကြည့်နေပြီမို့ အေးရိပ် သူ့စကားကို ရပ်ပစ်လိုက်သည်။ နှင်းပိုးအိမ်သည် ဆင်ခြေတွေကို အမုန်းဆုံး မဟုတ်လား။

ဘယ်လိုစီစဉ်ပေးရမလဲ ကြံရာမရဖြစ်နေတုန်း ဒုတိယအကြိမ်မြောက် အဆူခံလိုက်ရပြန်၏။

"နေဖို့အိမ် ချက်ချင်း ဖန်ဆင်းပေးရအောင် ငါတို့က နတ်ဘုရားလား"

နှင်းပိုးအိမ် အော်လည်း အော်ချင်စရာပင်။ ဒါတွေအားလုံး အေးရိပ် တာဝန်ယူရမည် မဟုတ်လား။ မေပိုးဥ အိမ်ကို ပြာချလိုက်သူသည် အေးရိပ်၏ မောင် မဟုတ်လား။

"အိမ်က လောလောဆယ်.."

အသံသေးသေးလေးသည် ကား အနောက်ခန်းဆီမှ ထွက်လာခြင်းဖြစ်သည်။

နှင်းပိုးအိမ်သည် ဘက်မှန်ကနေ ချမ်းကို ခပ်စူးစူးစိုက်ကြည့်နေသဖြင့် ချမ်း ဆက်ပြောဖို့ မရဲ ဖြစ်သွားသည်။

"ဟုတ်သားပဲ ချမ်း ခဏခေါ်ထားပေးလို့ရတာပဲ"

အေးရိပ်သည် ချမ်းဆိုလိုချင်သည့် သဘောကို ချက်ချင်းသိ၏။ သို့သော်

"ဘဏ်ကဒ် ထားခဲ့လိုက်"

"ငါ့ကဒ်လား"

"ဘယ်သူ့ကဒ်ရှိသေးလို့လဲ"

နှင်းပိုးအိမ်စကားကြောင့် အေးရိပ်မျက်နှာ ရှုံ့မဲ့သွား၏။ သူ့မှာ ရွေးချယ်စရာ မရှိဘူး မဟုတ်လား။

"ဒါဆိုလည်း အိမ်တန်ဖိုးပဲ"

"အသက်အာမခံကြေးတွေ ထည့်တွက်ရင်တောင် ဘဏ်ကဒ်တစ်ကဒ်ထဲနဲ့ မလောက်ဘူး"

"အခေါက်တိုင်း ငါပြန်ကယ်"

ခပ်စူးစူး စိုက်ကြည့်လာပြီမို့ သူ့စကားကို အေးရိပ် ထပ်ပြီး ရပ်ပစ်လိုက်ရသည်။ နှင်းပိုးအိမ်ပြောတာလည်း မှန်နေသည်မဟုတ်လား။ ဒီအခြေအနေမှာ ဒီနည်းလမ်းကလွဲပြီး အေးရိပ်တွင် ရွေးချယ်စရာမရှိပါ။

အနောက်ခန်းသို့ လှည့်လျက်
"နင်"
ချမ်းက သူ့ကို ခေါ်လိုက်မှန်းသိသဖြင့် မော့ကြည့်၏။

နှင်းပိုးအိမ်သည် မေပိုးဥဖက်ကို မေးငေါ့ပြလိုက်ကာ

"ကြိုက်နေတာလား အဲ့ဒီကလေးကို"

အေးရိပ်၏ ကားစီရာတိုင်ပါ ဟိုဘက်လမ်းသို့ တိမ်းသွား၏။ မိနစ်ပိုင်းလေးအတွင်းကို သူ ဘယ်လိုတောင် အကဲခတ်ပစ်လိုက်တာလဲ။

ချမ်း ပြန်ဖြေသည့် အဖြေကို မစောင့်ပဲ ရှေ့သို့ပြန်လှည့်သွားသဖြင့် ချမ်း ဖြေစရာမလိုတော့ဟု သဘောပေါက်လိုက်သည်။

သို့သော် လက်ဖောင်းဖောင်းလေးအား သေချာယှက်နွယ်လျက် ဆုပ်ကိုင်လိုက်သည်ကိုတော့ အိပ်ချင်ယောင်ဆောင်နေသော ကောင်မလေးမှလွဲ၍ မည်သူမှ မသိလိုက်ပါ။


You are reading the story above: TeenFic.Net